❝ ကံစမ်းမဲ ❞
( ကိုမောင်ခင်ရွှေ )
“ဟယ်တော့.. ကားမဲ ပေါက်သွားပြီ အစ်ကိုရေ...”
ဝမ်းသာအားရ တီဗွီရှေ့မှ မိလုံးတင်၏ အော်သံကြောင့် သတင်း ဖတ်နေသော ကိုထွန်းသာ တစ်ယောက် မျက်မှန်ကို ချွတ်၍ လှမ်းကြည့်လိုက်သည်။
“ညည်း .. ပေါက်လို့လား...”
မိန်းမကို ဘုကြည့် ကြည့်ပြီး အသံ ခပ်ထန်ထန်ဖြင့် မေးလိုက်သည်။
“ဟုတ်ဘူး... အစ်ကိုရေ၊ တီဗွီထဲက ကားမဲ ပေါက်တာကို ပြောတာ အစ်ကိုရဲ့”
“ဟင်း...”
ကိုထွန်းသာ မကျေမချမ်းနှင့် မိန်းမကို ကြည့်ပြီး သတင်းစာ ဆက်ဖတ်သည်။ ကြော်ငြာကဏ္ဍ ရောက်တော့ -
“မိုးရာသီကံစမ်းမဲ အထူးပွဲတော်”
ကြော်ငြာကို တွေ့ပြန်သည်။ ရွှေဆိုင်များမှလည်း ကံစမ်းမဲ၊ ဆပ်ပြာမှုန့်လည်း ကံစမ်းမဲ၊ ကော်ဖီထုပ်တွေမှာလည်း ကံစမ်းမဲ၊ အချိုရည်၊ အရက်မှာလည်း ကံစမ်းမဲ... ရောင်းကုန်ပစ္စည်း မှန်သမျှ ကံစမ်းမဲနှင့် လွတ်သည်က နည်း၏။ ထုတ်လုပ်သူများ အနေနှင့် မက်လုံးအမျိုးမျိုး ပေး၍ ကံစမ်းမဲ အမျိုးမျိုး ထည့်ကြသည်။ ကံထူးသူများ အနေနှင့် ပေါက်ကြသူများလည်း ရှိပါ၏။ မက်လောက်စရာပင်။ ကံစမ်းမဲများနှင့် ပတ်သက်ပြီး ကိုထွန်းသာ စိတ်ထဲ ရုတ်ချည်းအတွေး တစ်ခု ဝင်လာသည်။ ပြီးခဲ့သောလက သမီးကြီး စုမွန်ကို ရပ်ဆွေရပ်မျိုး တစ်ဦး၏ သားနှင့် အိမ်ထောင်ချပေးလိုက်သည်။ အလုပ်အကိုင် အနေအထိုင် အကျင့်စာရိတ္တ ပြောစရာ မရှိသူ တစ်ဦးမို့ အတွင်းသိ အစင်းသိထဲက ဖြစ်၏။ သို့သော်လည်း ကံကြမ္မာ ဆိုသည်မှာ အမြဲတမ်း တစ်သမတ်တည်း ရှိနေမည် မဟုတ်။ အကောင်းအဆိုး ဒွန်တွဲလျက် ရှိသည်မို့ သမီးကြီးစုမွန်ကို အိမ်ထောင်ချပေးလိုက်တာလည်း ကံစမ်းမဲ ဖောက်သလိုများ ဖြစ်နေလေမလား ...။
▢ ကိုမောင်ခင်ရွှေ
📖 မဟေသီ မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၂၀၁၆
No comments:
Post a Comment