❝ မန်ကျီးသီးစိမ်း ပတ်လည်ရိုက် ❞
( ဇင်မာနွယ် - မန္တလေး )
ငါမပါရင် မပြီး၊ ငါမသိတာ မရှိ ဆိုသလို အထင်တကြီးနဲ့ သူ့ကိုယ်သူ ဘာမဆို တတ်ပြီးသား၊ သိပြီးသား အကွက်ဖြစ်သတဲ့။ ဟုတ်မှာပါ။ တခြား လူတွေအတွက်၊ မိသားစုအတွက် ကတော့ သူ့ဟာကွက်ကို သိပြီးသား။ ဘယ်လောက် တော်တဲ့ တတ်တဲ့သူ ဖြစ်နေပါစေ၊ ဟာကွက်လေးတော့ ရှိမှာပါ။ သူဆိုတာ တခြားလူ ဟုတ်ရိုးလား။ မိစုယောက်ျားလေ။
သူ့ကိုယ်သူတော့ အများရှေ့မှာ လူလည်လို့ မကြွေးကြော် ပေမယ့် ဘာမဆို ငါသိ ငါတတ်တဲ့ ပုံစံဆိုတာ လူတိုင်းအသိ။ သိဆို သူ့ အပြောတွေ ကြောင့်လေ။ သူက မိစုကို ပြောရင် ထမင်းစား ရေသောက်သလို ပြောတာက ...
“နင်က ဘာလုပ်လုပ် ဦးနှောက် မရှိဘူး” တဲ့။ သူ့နားထင်ကို လက်ညှိုးနဲ့ ထောက်ပြီး...
“ငါတို့က ဘာလုပ်လုပ် ဒါရှိတယ်။ နင်က ဒါမရှိဘူး” ဆိုပြီး ပြောတာ။
ပြောပေါင်း များလို့ ဘယ်နှစ်ကြိမ်လဲလို့တောင် မိစု မမှတ်မိတော့ပါဘူး။ သူ ပြောတာကြီးက မခံချင်စရာ ကောင်းပေမယ့် မိစု အတွက်တော့ ရိုးနေပါပြီ။ သူ့ကိုယ်သူတော့ ဟုတ်မှာပေါ့လေ။ တကယ်တော့ မိစု ဦးနှောက်ကို မမီတာ သူ မသိဘူး။ မသိတာဘဲ ကောင်းပါတယ်လေ။ လူတိုင်း လူတိုင်း တစ်နေရာမှာတော့ ဉာဏ်ရှိကြတာ သူ မသိဘူး။
ဈေးဖိုးပေးတာ တစ်နေ့ သုံးထောင်ကို သုံးသောင်း ပေးတယ်များ ထင်နေလား မသိဘူး။ လုပ်တာက ကျောက်အပွင့် ကောက်တယ်။ ပြန်ရောင်းတယ်။ မလောက်လို့ ငါးရာလောက် ထပ်တောင်းပါတယ်။ ပြောပုံက အပေါ်စီး လေသံနဲ့။
“နင်က နှစ်လုံး ထိုးနေလို့ မလောက်တာ မဟုတ်လား”
ဘာဆိုင်လဲနော်။ ကုန်ဈေးနှုန်း တက်တာကို သူ မသိတာတော့ မဟုတ်နိုင်ဘူး။ သူ နေ့တိုင်း စားသောက်နေတဲ့ ကွမ်းယာနဲ့ လက်ဖက်ရည်ဖိုးတောင် ဈေးနှုန်း မမြဲဘဲ ပြောင်းလဲ နေသေးတာ။ ကလေး တစ်ယောက်နဲ့ သုံးယောက်တည်း ရှိပေမယ့် နေ့စဉ်ကွက်တိ ဖြစ်နေတာ။ ကလေးမုန့်ဖိုးကလည်း ကုန်သေးတယ်။ ဒါတောင် မိစု ချွေတာတတ်လို့ လောက်တာ။
မိစု နှစ်လုံးထိုးတာ ဘာအရေးလဲ။ ဈေးဖိုး ၂ဝဝ၊ ၃ဝဝ ပိုမှ ထိုးလို့ရတာ။ စီးပွား ပျက်အောင် လုပ်တာလည်း မဟုတ်ဘူး။ နှစ်လုံးသုံးလုံး ထိုးလို့ မချမ်းသာတာလည်း မိစု သိပါ့။ ထိုးလည်း ၁၀၀၊ ၂၀၀ ဖိုးပါပဲ။ မိစု သုံးချင်တာလေး သုံးရအောင်ပါ။ သူကသာ ဘောလုံးပွဲလည်း လောင်းချင်တာပဲ။ မိစု မသိဘူးများ မှတ်နေလား။ မိစု ထိုးတဲ့ နှစ်လုံး ဂဏန်းဖိုးရဲ့ အဆ ထောင်သောင်းမက ကုန်နေတာ။ သူ ရှာတဲ့ငွေ သူ မနှမြောရင် ဘာတတ်နိုင်မှာလဲ ဆိုပြီး မပြောတာ။
ကိုယ် မရှာနိုင်တော့လည်း ငြိမ်နေရတာလည်း ပါတာပေါ့။ လောင်းကစားလေး နည်းနည်းပါးပါး လုပ်တာက လွဲရင် မိန်းမကိစ္စတော့ မရှုပ်ဘူး။ သူ့စည်းကမ်းနဲ့ သူ နေတာကိုပဲ ကျေးဇူးတင်မိတာ။ အစကတော့ ပိုက်ဆံ မကိုင်ရလို့ ဝမ်းနည်းမိသေးတယ်။ မိန်းမဆိုတာ ကိုယ့်ယောက်ျား ရှာတဲ့ ငွေ ကိုယ်ကိုင်ချင်တာပေါ့။ ဒါပေမဲ့ ဘယ်တတ်နိုင်မှာလဲနော်။ ပိုက်ဆံ မကိုင်ရပေမယ့် ရိုးရိုးသားသား ရှာဖွေ ကျွေးတာကိုပဲ ကျေနပ်မိပါတယ်။ ခက်တာက သူ့ကိုယ်သူ အထင်ကြီးတတ်တဲ့ စိတ်ကြီးကို မပြင်တာက ဆိုးတာ။
ရာသီစာ ဆိုတာ အသား၊ ငါးဈေးထက်တောင် ဈေးကြီးသေးတယ်။ မရမ်းသီးတို့၊ မန်ကျည်းသီးတို့ ပေါ်ချိန်ဆို တစ်ဆယ်သား ၁၅ဝဝ၊ ၂ဝဝဝ ပေးဝယ်ကြတယ်။ ငါးကျပ်သားကို တစ်ဝက် ခွဲပြီး ထုပ်ထားတဲ့ အထုပ်ကလေးတောင် ၄ဝဝ၊ ၅ဝဝ ပေးရတယ်။ ဒါလည်း ရှိတဲ့သူရော၊ မရှိတဲ့သူရော ဝယ်စားကြတာပါပဲ။ အများ ပြောကြတဲ့စကား ...
“တို့တယ် ဆိုရုံ စားရလည်း သူကမှ ထမင်းမြိန်တာ” တဲ့။
ဒါလည်း ဟုတ်တာပဲ။ မိစုတို့ကတော့ နည်းနည်း ဈေးကျမှ ဝယ်စားတယ်။ ငါးကျပ် သားဝယ်၊ နှစ်ရက်လောက် စားရတယ်။ သူက မန်းကျည်းသီးစိမ်းကို ပိုကြိုက်တယ်။ အိမ်က လူလည်က မန်ကျည်းသီးစိမ်း ပေါ်ချိန် ဆို အသားဟင်း မစားဘူး။ သူ မန်ကျည်းသီးစိမ်း ကြိုက်တာက လွန်ရော။ မန်ကျည်းသီးစိမ်းထောင်းတာလေး စားချင်ရတာနဲ့၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်နဲ့ ခပ်စပ်စပ်လေး ချက်တာ စားချင်ရတာက တစ်မျိုး၊ မန်ကျည်းသီးစိမ်းကြော်ကို ပဲဟင်းချိုလေးနဲ့ စားချင်တာက တစ်မျိုး ဆိုတော့ အဲဒီအချိန်ဆို အသားဟင်း ခိုလို့ရတယ်။ ထမင်းစားရင် အားရပါးရ နယ်ပြီး စားတော့တာ။ ဇွန်းကို လက်က မချတော့ဘူး။
သူ အချဉ် ကြိုက်တာလည်း ကျေးဇူးတင်ရမယ်။ သူ့အလိုကျ သူ ကြိုက်တဲ့ မန်ကျည်းသီးစိမ်း ပေါ်ချိန်ဆိုရင် တစ်ဆယ်သားလောက် ဝယ်လိုက်တယ်။ ဈေးအနောက်ဘက်က ပိုပို သာသာ ပေးတဲ့ အစ်မကြီးဆီမှာ ဝယ်တာလေ။ တစ်ခါတည်း တစ်ဆယ်သား မချိန် ခိုင်းဘူး။ ငါးကျပ်သား နှစ်ထုပ် ဝယ်တော့ ပိုရတာပေါ့။ မန်ကျည်းသီး တစ်ဆယ်သားကို အားလုံး ထောင်းထားပြီး အဲဒီထဲက နည်းနည်း ယူပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း မီးအုံး ထောင်းလိုက်တယ်။ ပဲဟင်းချိုချက်ပြီး ပြည်ပန်းညိုရွက်လေး ခတ်လိုက်တော့ ဟင်းချိုက သောက်လို့ ကောင်းတာပေါ့။ ငါးကြင်းခြစ် တစ်ထောင်ဖိုး ဝယ်ကြော်ပေမယ့် သူက မန်ကျည်းသီးစိမ်းထောင်းနဲ့ ဟင်းချိုကိုပဲ ခံတွင်း တွေ့နေတာ။ မနက်ရော၊ ညရော စားကောင်းလို့တဲ့။ ဝမ်းသာပါ့တော်။ ပြီးတော့ ပြောသေးတယ်။
“ငါတို့ ငယ်ငယ်က အမေ ချက်ပေးတဲ့ မန်ကျည်းသီးစိမ်းချက်နဲ့ မျှစ်ကြော်ဆိုရင် ထမင်း ပိုကုန်တယ်။ တစ်အိမ်လုံး ကြိုက်ကြတာ။ များများချက်ရတာ။ မနက်ဖြန်ကျ ငရုတ်သီးစိမ်းနဲ့ ခပ်စပ်စပ်လေး ချက်ကွာ။ အတို့အမြှုပ်လေးနဲ့” တဲ့။
နောက်နေ့ကျ ထောင်းထားတဲ့ မန်ကျည်းသီးစိမ်းတွေကို ရေခဲသေတ္တာထဲက ထုတ်ပြီး ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ငါးပိလေးနဲ့ ချက်တယ်။ ရုံးပတီသီးလေး၊ ပြည်ပန်းညိုရွက်လေးဝယ်ပြီး ပြုတ်၊ ဟန်ကို ကျလို့။ ကြက်ဥငါးရာဖိုး ဝယ်ပြီး ခရမ်းချဉ်သီးနဲ့ ချက်လိုက်တော့ ဟင်းရည် မပါလည်း ဘာမှ မဖြစ်ဘူး။ ချက်ပြီးသား မန်ကျည်းသီးစိမ်းချက်ကို မနက်ဖြန်ဖို့ တစ်ဝက် ခွဲထားလိုက်တယ်။ ဒီနေ့လည်း ထမင်း စားကောင်းသတဲ့။ ခါတိုင်းဆို ဟိုဟင်း ကြေးများ၊ ဒီဟင်း ကြေးများနဲ့။ မန်ကျည်းသီးစိမ်း ပေါ်တာကိုပဲ ကျေးဇူးတင်ရမယ်။
ဒီနေ့တော့ မနေ့က ချန်ထားတဲ့ မန်ကျည်းသီးစိမ်းချက်ကို ဆီနည်းနည်း ထပ်ထည့်ပြီး ခြောက်အောင် ကြော်လိုက်တော့ သူကြိုက်တဲ့ မန်ကျည်းသီးစိမ်းကြော် တစ်ခွက် ရပြီ။ ဝက်သား တစ်ထောင်ဖိုး ဝယ်ပြီး ပြုတ်ကြော် လုပ်ပေးလိုက်တယ်။ သူကတော့ မန်ကျည်းသီးစိမ်းကြော်ကိုပဲ ဖိစားမှာပါ။ အရွက်စုံလေး တစ်ရာဖိုး ဝယ်ပြီး သူ့တစ် ယောက်စာ ချက်ပေး လိုက်တော့ ထမင်းစားရင်း ...
“မန်ကျည်းသီးစိမ်းကြော် ခံတွင်းတွေ့ လိုက်တာကွာ။ မန်ကျည်းသီးစိမ်းက ဘယ်လို စားစား မမုန်းဘူး”
သူက မမုန်းသေးတာကိုပဲ ဝမ်းသာရ မလိုလို။ မိစုတော့ သုံးရက်ဆက်ကြီး မစားချင်တော့ဘူး။ ညနေကျ သူက အိမ်မှာ ထမင်းမစားဘူး။ သူငယ်ချင်းက ကျွေးမှာ ဆိုပေမယ့် သူ့အိတ်ထဲကပဲ နေမှာပါ။ ဒီဟင်းက မနက်ဖြန်တောင် မကုန်နိုင်ဘူး။
မန်ကျည်းသီးစိမ်း ပေါ်ချိန် ဈေးကြီးတယ် ဆိုပြီး ဈေးဖိုး ပိုတောင်းရင် တစ်ထောင်တန် တစ်ရွက်လောက်က ရှောရှောရှူရှူ ပေးတယ်။ မိစု ကိုလည်း ဘာညာ မပြောဘူး။ သူ ကြိုက်တာကိုး။
“ဈေးကြီးလည်း နေ့တိုင်းချက်ကွာ။ တစ်နေ့ တစ်ဆယ်သားလောက်တော့ ဝယ်ချက်ကွာ” တဲ့။
သူ ပြောတာကြောင့် မိစု ရယ်မိတော့ မလို့။ သူ သိတာ သူ ပြောတာလေ။ သူ မသိတာက လင်မယားနှစ်ယောက်နဲ့ ကလေး တစ်ယောက်တည်း ရှိတဲ့အိမ် တစ်နေ့ မန်ကျည်းသီးစိမ်း တစ်ဆယ်သား ကုန်မလား တော်။ သူ့ကိုယ်သူ ဘာမဆို သိတယ်၊ တတ်တယ် ပြောပြီး ဒါလေးတောင် မသိဘူး။ အံ့ရော။
သူ အရောင်းအဝယ် လုပ်ရင် ပြောနေကျ စကား။ ဘာတဲ့ “အခွင့်အရေးဆိုတာ နှစ်ခါ မလာဘူး၊ လက်မနှေးနဲ့” ဆိုလားပဲ။ ဒီစကားကိုတော့ မိစု ကြိုက်တယ်။ ကြိုက်လို့လည်း လက်တွေ့ အသုံးချပါတယ်။ သူ ပြောတဲ့ အတိုင်းပါပဲ။ တစ်နှစ်မှာ တစ်ခါသာရတဲ့ မိစုရဲ့ အခွင့်အရေးလေ။ ဘယ်လက်နှေးလိမ့်မလဲ။ ဒါက ဘာမှတော့ မပြောပလောက်ပါဘူး။ ဒါပေမဲ့ အဲဒီ အခွင့်အရေး ပါးပါးလေး ရတဲ့ အချိန် မိစု ပျော်တယ်။
မန်ကျည်းသီးစိမ်း တစ်ဆယ်သား ဝယ်ပြီး သုံးရက်စားရအောင် သုံးဘဝ ပြောင်းပြီး ပြုပြင်ထားတဲ့ မိစု အတွက် ဒီသုံးရက်တော့ နှစ်လုံး ဂွတ်ရှယ် ထိုးလိုက်ရတာ သူ မသိဘူး။ ပေါက်တာ မပေါက်တာ မတတ်နိုင်ဘူး။ ကံပဲပေါ့။ သူ့ အကြိုက် ချက်ကျွေးရင်း ရလာတဲ့ အခွင့်အရေးဆိုလည်း မမှားပါဘူး။ ဒါက လျှပ်တစ်ပြက် အသုံးချလိုက်တဲ့ မိစုရဲ့ ဦးနှောက်လေ။ သူမှ မသိတာ။ သူ့ကိုတော့ သူ့အိုက်တင်နဲ့ နားထင်ကို လက်ညှိုးနဲ့ ထောက်ပြီး မိစုမှာ “ဒါရှိတယ်” လို့ ပြောချင်သား။ ပြောမဖြစ်လို့သာ။ တော်ကြာ မိစု ပညာ သူ သိသွားလို့ ဈေးဖိုး လျှော့ပေးနေရင် မခက်ပါလား။ စိတ်ချ မိစုတို့က နှုတ်လုံတယ်။ လုံရမှာပေါ့။ မိစု ဦးနှောက်ရှိတာ သူ သိသွားရင် ဒေါသတွေ ဖြစ်လာမှာလေ။
မနက်ဖြန်ကျရင် မကုန်သေးတဲ့ မန်ကျည်းသီးစိမ်းကြော် လက်ကျန်နည်းနည်းကို ငါးသေးသေးလေး တစ်ထောင်ဖိုး ဝယ်ကြော်ပြီးတော့ ရောလိုက်ဦးမယ်။ သူ့ တစ်ယောက်စာတော့ ရမှာပါ။ မချဉ်ရင် သံပရာသီး တစ်စိတ်လောက် ညှစ်ထည့်လိုက်မယ်။ ရေနွေးလေး ရောတော့ ဆီလယ်ရေလယ်လေး ဖြစ်ပြီး ပင်စိမ်းလေး ခတ်လိုက်တော့ ပင်စိမ်းနံ့ သင်းသင်းလေးနဲ့ ငါးမန်ကျည်းသီးစိမ်းချက် တစ်ခွက် ရပြီပေါ့။ ပြီးတော့ မျှစ်နုနုလေး ဝယ်ပြီး ကြော်ပေးလိုက်မယ်။ ဈေးဖိုးက မနက်ဖြန်လည်း ပိုဦးမှာပါပဲ။
မတတ်နိုင်ဘူး။ သူ စားကောင်းဖို့ပဲ အရေးကြီးတာလေ။ မန်ကျည်းသီးစိမ်း အထောင်းကနေ အရည်ဖြစ်။ အရည်ကနေ အခြောက်ဖြစ်ရ။ အခြောက်ကနေ အရည်ပြန်ဖြစ်နဲ့။ ဟင်းခွက် ကြည့်ပြီး...
“မန်ကျည်းသီးစိမ်း ချက်တာ တော်ပါတော့ကွာ” လို့ပဲ ပြောမလား။
“ငါ့မိန်းမ မန်ကျည်းသီးစိမ်းကို အမျိုးမျိုး ချက်တတ်တာ ဂွတ်ရှယ်” လို့ပဲ ပြောမလား။
မိစု သိပါတယ်။ သူ ကြိုက်မှာကိုလေ။ ဘာမဆို “ကြံတတ်၊ ဖန်တတ်” မှလို့ ပြောတတ်တဲ့ သူ့ကို ပြောချင်လိုက်တာ။ မီးဖိုချောင်ထဲက မိန်းမတွေကို လျှော့မတွက်နဲ့လို့။ ဘာမဆို ကြံဖန်ပြီး ချက်တတ်၊ ပြုတ်တတ်တယ် ဆိုတာကို။ အဲဒီမိန်းတွေထဲမှာ ရှင့်မယား မိစုလည်း ပါတယ်တော့။ ။
▢ ဇင်မာနွယ် (မန္တလေး)
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
စက်တင်ဘာ ၊ ၂၀၁၈
No comments:
Post a Comment