Tuesday, August 4, 2026

ညညတေးဆို အိုအေးအို


❝ ညညတေးဆို အိုအေးအို ❞
      ( နော်နန်းငြိမ်းငြိမ်း )

ယောက်ျား တစ်ယောက်ကို ဆွဲဆောင်နိုင်ဖို့ သိပ်နောက်ကျသွားသော အချိန်မှာမှ အိမ်ထောင်ရေးကို စတင် စိတ်ဝင်စားလာတဲ့ မိန်းမတစ်ယောက်ဟု ည , ကို လူတွေက ထင်ကောင်းထင် မည်။ တကယ်တော့ ည , စိတ်ဝင်စားလာတာက အိမ်ထောင်ရေးမဟုတ်၊ ည , လိုချင်တာက ယောက်ျားတစ်ယောက် မဟုတ်၊ ကလေး တစ်ယောက်သာ ဖြစ်သည်။ ည၏ အသွေးအသားဖြင့် ဖြစ်တည် ရှင်သန်လာမည့် လူသားကလေး တစ်ယောက်သာဖြစ်သည်။ “မိန်းမတစ်ယောက်၏ မိခင်စိတ်” ဟူသည်ကို ဘယ်တုန်းကမှ အလေးအနက် မစဉ်းစားခဲ့ဖူးပေမဲ့ အခုတလော တွေးဖြစ်လာသည်။ လူသားတစ်ယောက် ဖြစ်သော ည , သည် လူသားတစ်ယောက်ကို ဆက်လက်ဖြစ်တည်ပေးခွင့် ရချင်လာသည်။ ညကြောင့် လူသားတစ်ယောက် ရှင်သန်ခွင့် ရစေချင်လာသည်။ ည , ၏ ပြုစုပျိုးထောင်ပေးမှ ဖြင့် ကလေးတစ်ယောက် လူလားမြောက်လာမှာကို မြင်ချင်လာမိသည်။ ည ရင်ခွင်ထဲမှာ ကလေး တစ်ယောက်ကို ထွေးပွေ့ချင်လာသည်။ စကားစ,ပြောတတ်စ အချိန်တွင် မေမေဟု ညကို ခေါ်လိုက်မည့် ကလေးလေး၏ အသံကို ကြားချင်လာသည်။ ည စာသင်ပေးရမည့် ဉာဏ်ထက်မြက်သော ကလေးတစ်ယောက် ရချင်လာသည်။ ထိုကလေး၏ အောင်မြင်မှုအတွက် လက်ခုပ်တီးပြီး ပီတိဖြစ်ချင်လာသည်။ တိတ်ဆိတ်ပြီး အထီးကျန်နေခဲ့သော ည၏ အခန်းလေးကို ကလေးတစ်ယောက်၏ အသံများဖြင့် ဝေဆာစေချင်လာသည်။ ည ကလေး တစ်ယောက် အသည်းအသန် လိုချင်လာမိ၏။

အဲဒီအကြောင်းကို သူငယ်ချင်းတွေကို ပြောပြမိတော့ ဟားတိုက် ရယ်မောကြသည်။ ဝေဖန်ကြသည်။

“ပြောပါတယ်၊ ပြောပါတယ်။ စောစောကတည်းက သတိပေးပါတယ် အပျိုကြီး ရယ်...ဟားဟား”

“ဘာလဲ ငါ့ရဲ့ ချစ်စရာ ကောင်းလှတဲ့ သားကလေးကို တွေ့ပြီး နင် ကလေးတစ် ယောက် လိုချင်လာတာ မဟုတ်လား”

“မဟုတ်ပါဘူး။ ငါ့ရဲ့ ချစ်စရာကောင်းတဲ့ ဟောဒီ ဗိုက်လုံးလုံးကလေးကို တွေ့ပြီးမှ ဒီမိန်းမ ကလေးလိုချင် လာတာ”

“ကဲ … ဘယ်လိုလုပ်ကြ မလဲ၊ အပျိုကြီးက ကလေး လိုချင်လို့တဲ့”

“သူငယ်ချင်း၊ အဆင့်တွေတော့ ကျော်လို့ မရဘူးနော်။ ကလေးလိုချင်ရင် ယောက်ျားအရင် ယူရတယ် ညမိုးဖြူရဲ့”

“ငါသိပြီ။ ဒီမိန်းမ ယောက်ျားလို ချင်တာကို ပြောရမှာ ရှက်လို့ ကလေးလိုချင်တယ်လို့ သွယ်ဝိုက်ပြောတာ ဖြစ်ရမယ်”

“တကယ်တော့ ဒါဟာ မိန်းမတစ်ယောက်ရဲ့ စိတ်ပဲဟ။ မိန်းမဆိုတာ မိခင်စိတ် ရှိတာပဲဟာ။ ငုပ်လျှိုးနေတဲ့ နင့်ရဲ့ အဲဒီ မိခင်စိတ်က အခု နင် အိမ်ထောင်ရေးကို စိတ်ဝင်စားလာအောင် တောင်းဆိုနေတာပဲ”

“ဘာပဲဖြစ်ဖြစ် နင် တကယ်ပဲ ကလေးတစ်ယောက် လိုချင်နေပြီဆိုရင်တော့ အိမ်ထောင်ပြုသင့်ပြီ ည။ ဘာဖြစ်လို့လဲဆိုတော့ နောက် ကျန်နေသေးတဲ့ ခရီးရှည်ကြီးမှာ အရင်က နင် စီစဉ်ထားသလို တစ်ကိုယ်တည်း ခပ်အေးအေးနေဖို့ထက် မိသားစုတစ်ခုကို လိုချင်မိတယ်ဆိုရင် အဲဒါကို ဖန်တီးဖို့ အချိန် သိပ်နောက်မကျခင် နင် ဖန်တီးသင့်တာပေါ့။ ဘာပဲ ဖြစ်ဖြစ် ငါတို့က ပုထုဇဉ် လူသားတွေဆိုတော့ လောကီသားတွေရဲ့ အစဉ်အလာတွေ အတိုင်းပဲ သွားနေရဦးမှာပဲလေ”

“ငါ့ရဲ့ တစ်ယောက်တည်းနေချင်စိတ်နဲ့ ယောက်ျား တစ်ယောက်အပေါ်အချိန် မပေးချင် စိတ်တွေက အိမ်ထောင်ရေးမှာ အနှောင့်အယှက်ဖြစ်မှာကို ငါ တွေး ကြောက်နေတာ”

“ဘာမှ အစိုးမရတဲ့ လောကမှာ တွေးကြောက်တတ်ခြင်းကသာ အနှောင့်အယှက်လေဟာ။ သူငယ်ချင်း ရဲရင့်စမ်းပါ”

တစ်ချိန်တုန်းက ည သည် ကိုယ်ပိုင်တိုက်ခန်းတစ်ခု အသည်းအသန် လိုချင်ခဲ့ဖူးသည်။ ပြီးတော့ ဟန်းဖုန်း တစ်လုံး။ ပြီးတော့...စသည့် လိုချင်မှုများအတွက် အချိန်တွေ အများကြီးပေးကာ ကြိုးစားခဲ့ရသည်။ ခန္ဓာကိုယ် မချုပ်ငြိမ်းနိုင်သရွေ့ လိုချင်မှုတွေ မချုပ်ငြိမ်းနိုင်တာကို စိတ်ပါလက်ပါ သုံးသပ်မိချိန်ကျတော့ ကိုယ်လိုချင်တာ သက်မဲ့ပစ္စည်း မဟုတ်တော့ဘဲ သက်ရှိတစ်ယောက် ဖြစ်လာသည်။

လက်ထပ်ခြင်းကို အယုံအကြည်မရှိသူ အချို့သည် တစ်ချိန်ချိန်တွင် အကြီးအကျယ် မင်္ဂလာပွဲ ကျင်းပလေ့ရှိကြသည်တဲ့။

အစိုးမရခြင်းများထဲတွင် အမြဲတမ်း နံပါတ်တစ် နေရာမှာ ရှိနေသောအရာမှာ စိတ် ဖြစ်သည်ဟု ည မေ့လျော့နေခဲ့သည်။ ၁၈ နှစ် အရွယ်က စိတ်အခြေအနေဖြင့် ချမှတ် ထားသော ည , ၏ ဆုံးဖြတ်ချက်တွေဟာ ၂၅ နှစ်အရွယ်တွင် အခြေယိုင်ရုံသာ ရှိနိုင်သော်လည်း ၃၅ နှစ်အရွယ်တွင် လုံးဝပြောင်းလဲ သွားနိုင်မည်ဟု ည ကြိုမတွေးမိခဲ့။ ကွန်ပျူတာမှာ Sofeware တွေကို Update လုပ်ဖို့ မမေ့ခဲ့သော ညသည် ကိုယ့်စိတ်အခြေအနေကိုတော့ Update လုပ်ဖို့ မေ့လျော့နေခဲ့သည်။ မွေးချင်း မောင်နှမ မရှိသော ညသည် လောကမှာ တစ်ယောက်တည်း နေရခြင်းကို အသားကျပြီး တွယ်တာနှောင်ဖွဲ့ခြင်းများကို အနှောင့်အယှက်ဟု သတ်မှတ်ထားခဲ့သည်။ အပူမီးတွေ လောင်မြိုက်မည့် အိမ်ထောင်ရေး မီးကို မွှေးဖို့ စိတ်ကူးမရှိခဲ့သော ည , သည် ထင်းတွေ ရေစိုနေချိန်ကျမှ မီးမွှေးချင်သူ တစ်ယောက် ဖြစ်လာသည်။

အိမ်ထောင်ရေးကို ည စဉ်းစားမိချိန်မှာ ရုတ်တရက် တော့ ကိုယ့်ဘေးနားက လူတွေကိုပဲ လှည့်ကြည့်မိသည်။ ညတွင် လက်ချိုးရေတွက်ဖို့ မလိုသော အရေအတွက်သာ ရှိပါသည်။ သူငယ်ချင်းထဲက တစ်ဦးဖြစ်သော သက်ခိုင် နှင့် လုပ်ဖော်ကိုင်ဖက် တစ်ဦး ဖြစ်သော ကိုလသာသာ။ သက်ခိုင် ကိုတော့ ညသည် သူငယ်ချင်း အဖြစ်နှင့် ပင် ကိုယ်မကြိုက်သော ကိုယ်ရည်ကိုယ်သွေးများ ရှိနေသဖြင့် ကလေးတစ်ယောက် လိုချင်စိတ် သက်သက်ဖြင့်တော့ ကြိတ်မှိတ်ပြီး အိမ်ထောင်ဖက် အဖြစ် အဖတ်တင်ခံဖို့ ယောင်လို့မှ စဉ်းစားမရခဲ့။ ပြီးတော့ ကိုယ့်ကလေး၏ ဖခင်သည် ကလေးအတွက် စံပြ မဟုတ်တောင် လေးစားလောက်သော ကိုယ်ရည်ကိုယ်သွေးများ ရှိရမည်ဟု ည , က ခံယူမိသေးသည်။ ကိုလသာသာ ကတော့ လသာသာ ဆိုသော သူ့အမည်နှင့် ညမိုးဖြူဆိုသော ည အမည်ကြောင့် ရုံးမှာ လူတွေက “ညအခါ လသာသာ” ဟု တွဲဖက် နောက်ပြောင်ကြခြင်းမှ အစပြု၍ သူက ညအား အမှန်တကယ် ချစ်ရေးဆိုလာ ခဲ့သော ကာလမှာ ကြာတောင့် ကြာရှည်ရှိခဲ့ပြီ။ သူနှင့် ည , အကြားက ခင်မင်မှုမှာလည်း သူငယ်ချင်းအရင်း အချာတွေလို အကွာအဝေးမှာ။ မိန်းမတွေကို သူငယ်ချင်းအဖြစ်နှင့် ဆို အဆင်ပြေပြေ ပေါင်းနိုင်ပြီး ချစ်သူတစ်ယောက်အဖြစ် စဉ်းစားပြီဆိုလျှင်တော့ အိုးနင်းခွက်နင်း ဖြစ်တတ်သည့် သူ့အကျင့်တွေကို ည သိပြီးသလို ယောက်ျားများနှင့် ပတ်သက်လျှင် ရှက်ရွံ့ကြောက်လန့်မှုကင်းစွာ စိတ်ကြည်ကြည် လင်လင်ထားနိုင်သည့် ည၏ အပျိုကြီး စရိုက်တွေကိုလည်း သူက ခြွင်းချက်မဲ့ သိပြီးသား။ ဒီအတွက် သူ့ကို ညက ပွင့်လင်းသင့်သည်ဟု ထင်မြင်မိသဖြင့် ညစိတ်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟမိသည်။

“ရှင်သိရဲ့လား ကိုလသာသာ။ ရှင့်ကို ကျွန်မ လက်ထပ်ဖြစ်မယ့်အကြောင်း ကိစ္စက တစ်ခုတည်းရယ်”

“ဘာများလဲ ညရဲ့။ ကိုယ့်ကို သိပ်ချစ်လာလို့များလား”

“သေလိုက်၊ ရှင့်ဗိုက်နဲ့ နဖူးကို ထိအောင်တိုက်ပြီး သေလိုက်”

မိန်းမတစ်ယောက် အပျိုကြီးဖြစ်ခြင်းဟာ နားလည်ပေးနိုင်စရာ ကိစ္စ တစ်ခုဖြစ်ပေမဲ့ ယောက်ျားတစ်ယောက် လူပျိုကြီးဖြစ်နေခြင်း ကိစ္စအတွက်တော့ သူတို့ ယောက်ျားစကားဝိုင်းတွေမှာ အတော် လူနောက်စရာကိစ္စ ဖြစ်သတဲ့။ အပျိုကြီး၊ လူပျိုကြီးများကို နောက်ပြောင်သော ကိစ္စများတွင် လသာသာနှင့် ညသည် တစ်သင်းတည်း ဖြစ်ခဲ့သည်။

“လူတွေဟာ ဘာဖြစ်လို့များ သူများရဲ့ အခွင့်အရေးကို နောက်ပြောင်ချင်ကြသလဲ မသိဘူးနော် ည”

"ကိုယ်ကိုယ်တိုင် အဲဒီလို လူတွေထဲမှာ မပါအောင်လည်း ကြိုးစားဦးလေ ကိုလသာသာ”

“ကဲ ပြောပါဦး။ ညက ကိုယ့်ကို လက်ထပ်ဖို့ ဆုံးဖြတ်တဲ့ အကြောင်းတရားက ဘာတဲ့လဲ”

“ညက ဒီလို ပြောရတာဟာ ရှင့်ကို မထိခိုက်စေချင်လို့ပါ။ ညက အချစ်ကို စောင့်စားပြီး အိမ်ထောင်မပြုဘဲ နေခဲ့သူလည်း မဟုတ်ဘူး။ အိုဇာတာကို ကြောက်ပြီး အိမ်ထောင်ပြုဖို့ စဉ်းစားလာမိတာလည်း မဟုတ်ဘူး။ ညက...”

သူက မျှော်လင့်စွာ စိတ်ဝင်တစား ညမျက်နှာကို စောင့်ကြည့်နေသည်။

“ညက ကလေးတစ်ယောက် လိုချင်လာခဲ့တာ”

“ဘယ်လို...”

“ည ကလေး လိုချင်လို့ လက်ထပ်ချင်တာ။ ည မိခင် တစ်ယောက် ဖြစ်ချင်တယ်”

“ဒါဖြင့် ကိုယ့်ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ချင်တာထက် ကလေး အဖေအဖြစ် ရွေးချယ်ခြင်း သက်သက်ပဲပေါ့”

“ဟုတ်ပါတယ်။ ရှင့်ကို ချစ်လို့ဆိုတဲ့ အကြောင်းပြချက်ကြောင့် ရွေးခဲ့တာမဟုတ်ပေမဲ့ ည ပတ်ဝန်းကျင်က ယောက်ျားတွေထဲမှာတော့ ရှင့်ကို ည သံယောဇဉ်အရှိဆုံး ပါ။ ညရဲ့ ဒီရွေးချယ်မှုကို သဘောမကျရင် ညရဲ့ တုံ့ပြန် မှုကို ပြန်ရုပ်သိမ်းပေးမှာပါ။ အဲဒီအတွက် ဘာမှ စိတ် အနှောင့်အယှက် မဖြစ်ပါနဲ့”

“ညရယ်...”

ခေါင်းငိုက်စိုက်ကျပြီး သူ အတန်ကြာ တိတ်ဆိတ်နေခဲ့သည်။ ညက ဒီအကြောင်းပြချက်ဖြင့် ရွေးချယ်ခြင်း အပေါ် သူ ဒီလောက်ထိ ခံစားရမည်ဟု ထင်မထားခဲ့။ အချစ်ကို ခေါင်းစဉ်တပ်ပြီး ရွေးချယ်ရလောက်အောင် သူ့ နှလုံးသားရော ည နှလုံးသားရော မနုပျိုတော့ဘူးဟု ညက ခံစားထားခဲ့သည်။ “ညရဲ့ သံယောဇဉ်အရှိဆုံး” ဆိုသော စကားလုံးက သူ့အတွက် မလုံလောက်လေသလား။

“ကိုလသာသာ”

“.........”

“ည မှားသွားပြီ ထင်တယ်”

“မဟုတ်ဘူး ည၊ ကိုယ် ဝမ်းသာနေတာပါ”

တိတ်ဆိတ်ခြင်းအပေါ် ည အထင်ကို သူက ကမန်းကတန်း ဖြေရှင်းသည်။

“ညက ကိုယ့်ကို ဘယ်လိုအကြောင်းပြချက်နဲ့ပဲ ရွေးရွေး ကိုယ် ဝမ်းသာတာပါ။ ညကို ကျွန်တော်က သိပ်ချစ် တာလေ ညရယ်။ ဘာ အကြောင်းနဲ့ဖြစ်ဖြစ် ညရဲ့လ ဖြစ်ချင်ခဲ့တာပါ”

သူပြောလာသည့် နူးညံ့သော အသုံးအနှုန်းများကို ညက ရှောင်ဖယ်လိုစိတ်ဖြင့် ကော်ဖီခွက်ကို လှမ်းယူလိုက်သောအခိုက်တွင် သူ့လက်က ည၏ လက်ကို အုပ်မိုးလာသည်။ သူ့လက်၏ အေးစက်သော အထိအတွေ့သည် ည နှင့် စိမ်းသက်နေ၏။

••••• ••••• •••••

သူ့အချစ်ကို ညဘက်က တုံ့ပြန်အဖြေပေးပြီးနောက် ပိုင်းတွင် သူသည် ကြီးမှ ဝက်သက်ပေါက်သူတို့၏ ထုံးစံအတိုင်း ညကို ဂရုတစိုက် ရှိလှသည်မှာ ရုံးမှ ယခင်က ညတို့၏ တစ်ဖက် အသင်းသားများကို မျက်စိ နောက်စေခဲ့သည်။

“လူပျိုကြီးတွေ ရည်းစားရတော့ လူပျိုလေးတွေ ဒုက္ခ”

“ကိုလသာသာက စကားပြောရင် ညက အကြောင်းတွေ သိပ်ပြောတာဗျ။ ညက ကျွန်တော် ဘာဖြစ်တယ်၊ ညက ကျွန်တော် ညာဖြစ်တယ်နဲ့ ပါးစပ်က ည ဆိုတဲ့ စကားလုံး မပါရင် မပြောတတ်တော့ဘူး။ တကယ် ညတွေကို တမ်းကျတော့ လက်တွေ့ အသုံးမချရသေးဘဲနဲ့ ဟားဟား”

ဒါပေမဲ့ လူပြောစရာ ဖြစ်လောက်အောင် ချစ်ပြခြင်းမှ လွဲ၍ သူက လက်ထပ်ဖို့စကား ဆိုမလာခဲ့သေး။ ညက မနေနိုင်စွာ မေးမိသည်။

“ကိုလသာ ညကို ဘာဖြစ်လို့ လက်ထပ်ခွင့် မတောင်းသေးတာလဲ”

“ကိုယ်တို့ ချစ်သူဘဝရဲ့ အရသာလေးတွေကို မခံစား တော့ဘူးလား ည”

“ညက အဲဒါကို အရသာလို့ မထင်ပါဘူး”

ညက ချစ်သူတွေလို လျှောက်လည်ရတာလည်း မကြိုက်ဘူး။ သူနှင့် ချစ်သူ ဖြစ်ပြီးကတည်းက သူ့အတွက် ည၏ အချိန်တွေ ဖဲ့ပေးနေရတာကို ည စိတ်ပျက်လှသည်။ ညသည် ကလေး တစ်ယောက် လိုချင်တာလွဲပြီး အပျိုကြီးစိတ် အပြည့်အဝ ရှိနေဆဲ။

“ညရယ် ည နှလုံးသားနဲ့ မရွေးမှန်း ကိုယ်သိပါတယ်။ အဲဒီအကြောင်း သိသာအောင် ခဏခဏ ထုတ်မပြပါနဲ့”

“ညတို့အသက်တွေ မငယ်ကြတော့ဘူး ကိုလသာ”

“ကိုယ်ကတော့ ဖြစ်နိုင်ရင် ညကို မြန်နိုင်သမျှ မြန်မြန် လက်ထပ်ချင်ပါတယ်”

“ဒါဖြင့်လည်း ညတို့ လက်ထပ်ကြပါစို့ ကိုလသာ”

သူသည် တစ်ခါတစ်ရံ ညကို ကြည့်ပြီး ကြည်နူးနေတတ်ကာ၊ တစ်ခါတစ်ရံ ညကို ကြည့်ရင်း ငေးငိုင်နေတတ်သည်။ သူ့အမျိုးသား၏ ခြေလှမ်းများကြောင့် ယောက်ျားများ၏ အချစ်ကို သံသယဝင်တတ်သော ည၏ အဒေါ်သည် ကိုလသာသာကို အနီးကပ်လေ့လာပြီးမှ ညကို ခေါင်းညိတ်ပြခဲ့သည်။ ည အတွက်ကတော့ ကိုယ်ပိုင်တိုက်ခန်းမှာ တစ်ယောက်တည်း နေပြီး ကိစ္စရှိမှ တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည့် အဒေါ်ကို တိုင်ပင်လိုက်ရုံနှင့် ကိစ္စပြီးသည်။ ကိုလသာသာမှာတော့ မိဘအသိုင်းအဝိုင်း ကြီးသည်။

လက်ထပ်ဖို့ ရက်နီးလာလေ သူ့မျက်နှာပေါ်မှာ တွေဝေမှုတွေ မြင်ရလေဟု ညက အကဲခတ်မိပြီး စနိုးစနောင့် ဖြစ်လာခိုက် သူကိုယ်တိုင်က ဝန်ခံလာခဲ့သည်။

“ကိုယ့်ကို ခွင့်လွှတ်ပါ ည။ ညကို ကိုယ်မညာချင်ဘူး၊ မညာရက်ဘူး။ ညကို ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ ညရဲ့ မျှော်လင့်ချက်တွေကို မဖျက်ဆီးရက်တော့လို့ပါ”

“ရှင် ဘာတွေပြောနေတာလဲ ကိုလသာ”

“လွန်ခဲ့တဲ့ နှစ်နှစ်က ကိုယ် ကားအက်စီးဒင့်တစ်ခု ဖြစ်ခဲ့ဖူးတယ်။ ရလဒ်ကတော့ ကိုယ် ကလေး မရနိုင်တော့ဘူးတဲ့”

“ဘုရားရေ... တကယ်ပဲ”

“မင်းကို လိမ်ညာပြီး ကိုယ်လက်ထပ်လို့ ရပါတယ်။ ဒါပေမဲ့ ညရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးပြီးမှ ရလာမယ့် ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ကိုယ် မယူရက်တော့လို့ပါ။ ညကသာ အဲဒီ ပြစ်ချက်အတွက် ကိုယ့်ကို နားလည်ပေးနိုင်မယ်ဆိုရင်”

“ဟင့်အင်း ...”

ညက သူ့မျက်နှာကို ဝမ်းနည်းစွာကြည့်ရင်း ခေါင်းကို သွက်သွက်ခါနေမိသည်။ ကံကြမ္မာက ညအပေါ် တော်တော် ရက်စက်ပါသည်။ အခုဆို ညတို့ လက်ထပ်တော့မည့်အကြောင်း တစ်ရုံးလုံးက သိပြီးပြီ။ နှစ်ဖက် အသိုင်းအဝိုင်းကလည်း သိပြီးပြီ။ ည၏ တည်ငြိမ်နေသည့်ဘဝကို အပြောင်းအလဲလုပ်ဖို့ ကြိုးစားကြည့်မိခြင်းကို ဘယ်သူက ဒီလို ကျီစားရက်သည်လဲ။ ည၏ မျက်ဝန်းအိမ်မှ မျက်ရည် စီးကြောင်းတို့က ထင်ထင်ရှားရှား အလျဉ်မပြတ် စီးဆင်း လာ၏။ အဲဒီမျက်ရည်က ည၏ မျှော်လင့်ချက်ပျက်သုဉ်းမှု အတွက်လား။ ည၏ သိက္ခာ အတွက်လား။ ည၏ နှလုံးသားကရော...

ကို လသာသာသည် ညကို စိတ်ထိခိုက်စွာ လှမ်းကြည့်နေရာမှ ည၏ ခေါင်းကို အသာဖွဖွတို့ထိရင်း ...

“ရပါတယ် ညကလေးရယ်၊ ကိုယ် နားလည်ပါတယ်၊ မင်း သဘောကျသလို ဆုံးဖြတ်ပါ”

ည၏ သူငယ်ချင်းများက ည တည်ဆောက်ချင်သည့် ဘဝကို နားလည်ထားသဖြင့် ညကို သနားသူက သနား၊ နားလည်သူက နားလည်၊ ရက်စက်သူအဖြစ် အပြစ်ဆိုချင်သူက ဆိုကြပေမဲ့ ရုံးက လူတွေကတော့ ညတို့က ပွင့်လင်းစွာ ပြောမပြဖြင့်သဖြင့် သို့လော သို့လော အတွေးများဖြင့် ညတို့၏ ပြီးဆုံးသွားသော ဇာတ်လမ်းကို စိတ်ပျက်လက်ပျက် ဖြစ်နေကြတော့သည်။ ည၏ ဆုံးဖြတ်ချက်သည် ကိုလသာ အပေါ်တွင် ရက်စက်သည်ဟု သူ့မိသားစုက ထင်ကောင်း ထင်မည်။ ဒါပေမဲ့ ညက သူ့ကို လက်ခံကတည်းက ဘာကြောင့် လက်ခံဖြစ်သည်ကို ပြောထားပြီးသားမို့ ဖြေရှင်းချက် မထုတ်ချင်တော့ပါ။

ည၏ ကလေးတစ်ယောက် အသည်းအသန် လိုချင်သော ရောဂါသည်လည်း ငြိမ်ကျသွားရသည်။

••••• ••••• •••••

“ဒီလို လုပ်ပါလား။ နိုင်ငံခြားတွေမှာလိုလေ သူများကို အငှားကိုယ်ဝန် ဆောင်ခိုင်းလိုက်ပါလား”

“ငါက ငါ့သွေး ငါ့သားကို ငါကိုယ်တိုင် မွေးချင်တာ”

“ဒါဖြင့်လည်း အမျိုးသားတစ်ယောက်ရဲ့ စပမ်းကို အလှူခံလိုက်ပါလား”

“ဘုရားရေ၊ ရှင်က ကျုပ်ကို အဖေမရှိဘဲ ကလေးတစ်ယောက်ကို မွေးခိုင်းနေတာလား။ မွေးလာတဲ့ ကလေးက အမေကို နေ့တိုင်း အပြစ်တင်နေအောင် လုပ်ခိုင်းနေတာလား”

“မသိဘူးလေ။ နင်က ကလေးသိပ်လိုချင်နေတာကိုး”

“တော်ပါပြီဟာ၊ ငါ မကြိုးစားတော့ပါဘူး။ ငါ့ကံမှာ ကလေးတစ်ယောက်ရဖို့ ပါလာရင် တစ်ချိန်ချိန်မှာ ရလာမှာပေါ့”

နိုင်ငံခြားမှာလို အိမ်ထောင်ဖက် ရှာဖွေရေး အေဂျင်စီတွေကတစ်ဆင့် အိမ်ထောင်ဖက်ကို ရှာဖို့တော့ ည ဘယ်တုန်းကမှ မစဉ်းစားမိ။ ပြီးတော့ ဘယ်ယောက်ျား ကရော ဖခင်တစ်ယောက်ဖြစ်နိုင် မဖြစ်နိုင် သေချာမှာမို့တဲ့ လဲ။ ကိုလသာလို ကျွန်တော် အဖေ မဖြစ်နိုင်ပါဘူးလို့ ည အား ညှာတာစိတ်ဖြင့် အမှန်ကို ဝန်ခံမည့် ယောက်ျားကို ည ဘယ်လို ရွေးနိုင်မှာမို့လဲ။

နောက်တစ်ခု ရှိသေးတယ်။

ည ကိုယ်တိုင်ကရော ကလေး ရနိုင်ရဲ့လား။

••••• ••••• •••••

နောက်ပိုင်းတွင် သူငယ်ချင်းများ၏ မိတ်ဆက်ပေးမှုဖြင့် ညကို စိတ်ဝင်စားစွာ ချဉ်းကပ်လာသော ယောက်ျား အချို့ ရှိခဲ့သော်လည်း ညသည် ကိုယ့်ခင်ပွန်းအဖြစ် စိတ်ကူးဖြင့် နေရာပေးကြည့်၍ မရသဖြင့် မျက်နှာလွှဲနေခဲ့သည်။ သူငယ်ချင်းများက ညအား နင်တော့ အပျိုကြီး ဖြစ်မှာပါပဲဟု လက်လျှော့ထားလိုက်ချိန်ကျမှ ညသည် သူနှင့် စတင်ဆုံစည်းခဲ့သည်။

သူနှင့် တွေ့ချိန်တွင် ညသည် ဒါဟာ အချစ်လားဟု ရိုးတိုးရိပ်တိပ် တွေးမိလာသည်။

သူ့နာမည်က မိုးမြင့်တဲ့။ သို့သော် သူသည် အရပ် သိပ်မမြင့်ပါ။ စိတ်ထားကတော့ ဖြူစင်မြင့်မြတ်လှသည်။ ည သည် သူ့ကို စိတ်ထဲတွင် အမှတ်ပေးမိခြင်းမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များနှင့် မသက်ဆိုင်လှဘဲ သူ၏ စိတ်သက်သက်ကိုသာ ဖြစ်မည်။ ညတွင် တစ်ကိုယ်တော် အတ္တများကို ရှေ့တန်း တင်တတ်သောအကျင့် ရှိသည်။ သူကတော့ သူ့ အတွက်ဆိုတာ ဘယ်တော့မှ ထည့်မစဉ်းစားတတ်သည့် လူတစ်ယောက် ဖြစ်နေသည်။ သူသည် ညတို့ တိုက်ခန်း၏ မျက်စောင်းထိုးတွင် ဆေးခန်းဖွင့်လာသော ဆရာဝန်တစ်ယောက်ဖြစ်သည်။ ညတို့ ရပ်ကွက်ကလေးသည် ကျဉ်းမြောင်းသည့်အပြင် လူတွေက တစ်ယောက်နှင့် တစ်ယောက် စည်းလုံးလှသဖြင့် တသီးတသန့် နေချင်လှသော ညပင် တစ်ခါတစ်ရံ လက်လျှော့ထားသော လူမှုအဖွဲ့အစည်း ဖြစ်သည်။

“ညရေ အသစ်ရောက်လာတဲ့ ဆရာဝန်လေးက အရမ်း သဘောကောင်းတာ။ မနေ့က အဘွား နေမကောင်းလို့ သွားပြတော့...”

“ညမိုးဖြူရေ ငါတော့ မနေ့က ခေါင်းကိုက်နေလို့ ဒေါက်တာ မိုးမြင့်ဆီ သွားလိုက်ရတယ်။ သူက ဟယ်...”

“ည နင် နေမကောင်း ဘူးလား။ ငါ ဒေါက်တာ မိုးမြင့် ဆေးခန်း လိုက်ပို့ပေးမယ်လေ၊ သူက...”

စသဖြင့် အနီးအနားက စကားများဖြင့် ညသည် ထို ဆရာဝန်၏ ဖြူစင်သောစိတ်နှင့် ရိုးသားသော အကျင့်စရိုက်တို့ကို ရင်းနှီးလာခဲ့သည်။ ည၏ စိတ်ကူးတွင် သူရဲကောင်းတစ်ယောက်အနေဖြင့် သူ့ကို နေရာတစ်ခုပေးချင်လာသည်။ ထိုဆရာဝန်၏ ဆေးခန်းသည် ညတို့ တိုက်၏ မျက်နှာချင်းဆိုင် တိုက်ခန်း မျက်စောင်းထိုး မြေညီထပ်တွင်ရှိသဖြင့် ည၏ ဒုတိယထပ် ဝရန်တာမှ လှမ်းကြည့်လျှင် သူ၏ ဆေးခန်းကို ကောင်းကောင်း လှမ်းမြင်နေရသည်။ လူနာများကို ဆက်ဆံသော သူ၏ အပြုအမူများကို ညသည် တချို့သော ညနေများတွင် မရည်ရွယ်စွာ မြင်နေရသည်။ တချို့သော ညနေများတွင် ရည်ရွယ်စွာ ကြည့်ဖြစ်၏။ ထိုမှတစ်ဆင့် ည၏ နှလုံးသားက သူ့အား ရင်းနှီးလာခဲ့သည်။

အခန်းလေးကို သန့်ရှင်းရေး၊ အလုပ်အတွက် လိုအပ်သောကိစ္စများ လုပ်ရေး၊ ဘာသာစကားလေ့လာရေး၊ စာအုပ်ဖတ်ရေး စသော ည၏ တစ်ကိုယ်တော် အရေးကိစ္စ များဖြင့် သူများကို အချိန်နဲ့ ပေးရမှာ ဝန်လေးသူ ည သည် သူ့ကို မြင်ရဖို့ ညနေဘက်များတွင် ဝရန်တာ၌ အချိန်တစ်နာရီခန့် ထိုင်ရင်း လမ်းသွားလမ်းလာများကို ငေးမော၍ အချိန်ဖြုန်းတတ်သူ တစ်ဦး ဖြစ်လာခဲ့သည်။

အဲဒီနောက် တကယ့် မည်သည့် ပရိယာယ်မှ မပါဘဲ ညတစ်ယောက် အကြီးအကျယ် နေမကောင်းဖြစ်သဖြင့် ဒေါက်တာမိုးမြင့်၏ ဆေးခန်းသို့ ရောက်ခဲ့ရသည်။ တကယ်တော့ ည နေမကောင်းခြင်းကို ထိုဆရာဝန်က စတင် သတိထားမိခြင်း ဖြစ်သည်တဲ့။ ညသည် နေမကောင်းလျှင် အလွန်ငြိမ်တတ်သဖြင့် နေမကောင်းသော နှစ်ရက်လုံးလုံး အိမ်တွင်းအောင်း နေ၍ ညနေတိုင်း ဝရန်တာတွင် ရှိနေတတ်သည့် ညကို မမြင်ရသောကြောင့် ထို ဆရာဝန်က ညတို့တိုက် မြေညီထပ်မှ အန်တီကြီးကို မေးရာမှ အန်တီကြီးက ည အခန်းကို လာခေါက်ခဲ့ခြင်း ဖြစ်သည်။ ထိုအန်တီအား တံခါးဖွင့်ပေးပြီးနောက် ည သည် ပျော့ခွေလဲကျသွားခဲ့သည်။

“မညမိုးဖြူ နေမကောင်းရင် လာကြည့်ပေးမယ့် ဆွေမျိုးတစ်ယောက်ယောက် မရှိဘူးလား”

လူနာ၏ နောက်ပိုင်းကိစ္စကိုပါ စိတ်ပူတတ်သော ထိုဆရာဝန်အား ညသည် ပြုံးရုံသာ ပြုံးပြဖြစ်သည်။ ညသည် ထနိုင်လျှင် ဆေးခန်းလာမည်။ မထ,နိုင်လျှင် အိမ်ထဲမှာပဲ အသေခံနေမည့် ခေါင်းမာမာ လူနာမျိုးမှန်း သူ ရိပ်မိဟန်တူသည်။ သူ့အတွက် ညသည် လူနာတွေထဲက လူနာတစ်ယောက်သာ ဖြစ်မည်မို့ ကိုယ့်နှလုံးသားကို ဖျောင်းဖျရင်း နေမကောင်းနေခိုက် အဒေါ်နှင့် သွားနေတာ ကောင်းမည်ဟု ယူဆကာ အဒေါ်အိမ်မှာ တစ်ပတ်ခန့် သွားနေဖြစ်သည်။ ည ပြန်ရောက်လာတော့ ဆရာဝန်၏ သံယောဇဉ်မျက်ဝန်းများနှင့် ကြောင့်ကြမှုများအကြောင်း အခန်းပါးချင်းတို့က စ,နောက် အသိပေးသည်။

အချစ် ဆိုတာကို လက်ဆောင်ရဖို့ နောက်ကျလွန်းနေချိန်ဟု သတ်မှတ်ချက်ဖြင့် မျှော်လင့်ချက်မထားချင်သောကြောင့် ကလေးဆန်သော အပြုအမူဟု ယူဆမိသော ဆရာဝန်၏ ဆေးခန်းအား ငေးမောကြည့်မိခြင်းများကို ညက ရုပ်သိမ်းခဲ့သည်။ အချိန် ရှားပါးခြင်းနှင့် အရိပ်အကဲကို သတိထားတတ်ဟန်တူသော ဆရာဝန်သည်လည်း လူနပ်တစ်ယောက်ဖြစ်ဟန်တူသည်။

ဇာတ်လမ်းတွဲ ဆိုလျှင် အချိန်ပေးရမှာ နှမြောစိတ်ဖြင့် ဘယ်တော့မှ မကြည့်တတ်သော ညသည် ကိုယ်ပိုင်အချိန် တစ်ဝက်ကို ဘာသာရေးဘက်မှာ မြှုပ်နှံဖို့ ကြိုးစားမိချိန်တွင် ည ဘဝသို့ ထူးဆန်းသော လူသားတစ်ယောက် ရောက်လာခဲ့သည်။

“မေမေ”

သေချာတာကတော့ ည ဘဝမှာ အသက်ရလာလို့ အန်တီတွေ၊ အဒေါ်တွေသာ အခေါ်ခံရဖူးသည်။ ဘယ်သူကမှတော့ အမေလို့ မခေါ်ခဲ့ဖူးတာပဲ။ အလွန် အင်မတန် စိမ်းသက်သည့် အခေါ်အဝေါ်။ ထိုအခေါ်အဝေါ်ဖြင့် ချစ်စဖွယ် ကလေးတစ်ယောက်က ည လုံချည်ကို လာဆွဲခဲ့သည်။

“ဒါ ဘယ်က ကလေးလေးလဲ”

စူပါမားကတ် တစ်ခုတွင် ဈေးဝယ်နေစဉ် နှစ်နှစ်အရွယ် ကလေးတစ်ယောက်သည် ညကို မေမေဟု ခေါ်ရင်း လုံချည်စကို လာဆွဲခဲ့သည်။ ပါးစုန့်ဖောင်းဖောင်းကလေးများက ပြုံးချိုရင်း ဖြူစင်ကျယ်ဝန်းသော မျက်ဝန်းဝိုင်းစက်စက်တို့ဖြင့် ညကို မော့ကြည့်နေသော ထိုကလေးကို ည မြင်မြင်ချင်း ချစ်သည်။ ကလေးနားမှာ ဒူးညွှတ် ထိုင်ရင်း နုနယ်သေးကွေးသော လက်ကလေးများကို ဆုပ်ကိုင်ကြည့်ချိန်မှာ ညကို နှစ်လိုစွာ ပြုံးပြနေသည့် ကောင်မလေး၏ ပါးကို နမ်းရှိုက်မိ၏။

“သမီးလေးရဲ့ မေမေရော”

လက်ညိုးသေးသေးလေး၏ ညွှန်ရာကို ကြည့်မိတော့ ည မျက်ဝန်းတွေ ဝိုင်းစက်ရ၏။ ဈေးဝယ်တွန်းလှည်းကို ကိုင်ရင်းရပ်နေသော ဒေါက်တာမိုးမြင့်။ သူက ဆေးခန်းမှာ လူနာတွေကို ပြုံးပြသလို ပြုံးနေသည်။ ည၏ ကလေးတစ်ယောက်လို ချင်နေသော ရောဂါကို သူ လှောင်ပြောင်ချင်သလားဟု မလုံမလဲ တွေးမိသည်။ ဒါ သူ့ကလေးလေးလား။ “ည ကျွန်တော်တို့ ကော်ဖီဆိုင် ခဏထိုင်ကြရအောင်နော်” ဟု သူကဆိုသည်။ ညက ခေါင်းခါလိုက်မိချိန်တွင် ကလေး၏ လက်သေးသေးလေးသည် ည လက်ကို လာရောက် ဆုပ်ကိုင်ထား၏။ ညသည် လက်သေးသေးလေးကို ဖြုတ်ချပစ်ရန် အားမရှိ။

ဆိုင်မှာ ထိုင်ထိုင်ချင်း “မီးမီး ကိတ်ချိုချို စားမယ်နော်” ဟု သမီးလေးက ညကို တစ်လှည့် သူ့အဖေကို တစ်လှည့် ပြောသည်။

“သမီးလေး နာမည်က မီးမီးမိုးတဲ့ ည။ သူ့အမေကတော့ ဆုံးသွားတာ သူ တစ်နှစ်သမီးလောက်ကတည်းကပဲ။ သူကတော့ မြင်တဲ့ အမျိုးသမီးတိုင်းကို မေမေ လိုက်ခေါ်နေတာပဲ”

“မေမေရော ကိတ်ချို စားမှာလားဟင်”

အမိမဲ့ သမီးတစ်ယောက် ဘဝကို စာနာမိတော့ ကလေးကို သိပ်သနားသွားမိသည်။ ညလည်း မေမေ့ကို သိပ်ချစ်ခဲ့ သည်။ ရင်ခွင်ပျောက်ချိန်မှာ အကြာကြီး နာကျင်ကြေကွဲခဲ့ ရသည်။

“ဒီမေမေက အရမ်းလှတယ်နော် ဦးဦးမိုး”

ဦးဦးမိုး တဲ့။ ည၏ မေးခွန်းမျက်ဝန်းတွေကြာင့် သူက...

“ကျွန်တော့် တူမလေးလေ ညရဲ့။ ကျွန်တော့်အစ်ကိုတို့ ဇနီးမောင်နှံ ဆုံးသွားကတည်းက သမီးလေးက ကျွန်တော့်သမီး ဖြစ်သွားတာပဲ။ သမီးလေး မပါဘဲ ကျွန်တော့် ဘဝခရီးကို မဆက်နိုင်ဘူး။ ဒါကြောင့်လည်း ခုချိန်ထိ လူပျိုကြီးဖြစ်နေတာ ဟဲဟဲ”

သူ့ဘာသာ ကြော်ငြာပြီး ရှက်ကိုးရှက်ကန်းဖြစ်နေသော ဆရာဝန်အား ည အားမနာစွာ ရယ်မိသည်။ ဘာပဲဖြစ်ဖြစ် သူ့ကို မုဆိုးဖိုတစ်ယောက်တော့ မဖြစ်စေချင်ဘူးပေါ့။ အဲဒီနောက် ဘယ်တုန်းကမှ ဆေးခန်းကို ကလေး ခေါ်မလာဖူးသော ဆရာဝန်သည် ကလေးကို ဆေးခန်းသို့ ခေါ်လာပြီး ည အခန်းမှာ လာအပ်ထားပြန်သည်။ သူ့ အကြောင်းပြချက်က “ကလေးထိန်းက ခွင့်ယူထားလို့ ခေါ်လာရတယ်။ ဆေးခန်းမှာကျတော့လည်း ရောဂါသည် ပေါင်းစုံနဲ့ဆိုတော့ ကလေးကို မထားချင်လို့ ညဆီ ခဏ လာထားမယ်နော်”

ဒီပတ်ဝန်းကျင်မှာ ကလေးကို ထိန်းပေးနိုင်မည့် အခြား အိမ်ရှင်မတွေ အများကြီးရှိလျက်နှင် အပျိုကြီး ည ကိုမှ ထိန်းပေးစေချင်ခြင်း အပေါ် အခန်းနီးပါးတို့က ဆရာဝန်အား သိသိသာသာ စ,နောက်တော့ သူက “သမီးလေးက မေမေညကို သိပ်ချစ်တာကြောင့်ပါ” တဲ့လေ။

ညက သမီးလေး မီးမီးမိုးအား အကြောင်းပြချက် မလိုဘဲ ချစ်သည်။ သီချင်း ညည်းခဲလှသော ညသည် မီးမီးကို အိုအေးအို ဟု သားချော့တေးဖြင့် သိပ်ရတာကို ပျော်ရွှင်မိသည်။ ည ဘဝတွင် ကလေးတစ်ယောက်သာ ရခွင့်ရှိမည် ဆိုလျှင် မီးမီးလို သိတတ်လိမ္မာသော သမီးလေး တစ်ယောက် ရချင်သည်။ သမီးလေးသည် ညကို ဘယ် တော့မှ စိတ်အနှောင့်အယှက် မဖြစ်စေခဲ့။ ည စာဖတ်နေလျှင် သူကလည်း တိတ်တိတ်ကလေး အရုပ်ဆွဲနေမည်။ ည အလုပ်လုပ်လျှင် သူ တတ်တာလေးတွေ ကူလုပ်ပေးတတ်သည်။ ည ပုံပြင် ပြောပြလျှင်တော့ ပျော်ရွှင်စွာ တအံ့တသြ နားထောင်တတ်သည် ။ နားငြီးရတာ တစ်ခုကတော့ သူ့ဦးဦး အကြောင်းကို ပြောပြတတ်လွန်းခြင်းပင်။

“ဦးဦးမိုးက အိပ်ခါနီး ဘုရား မရှိခိုးရင် မကြိုက်ဘူး မေမေည”၊ “ဦးဦးက ငရုတ်သီး မစားရဘူးတဲ့”၊ “ဦးဦးက မီးမီးကို ငိုရင် မချစ်ဘူး တဲ့”၊ “ဦးဦးက မေမေညက လွဲပြီး တခြားမိန်းမတွေကို မေမေလို့ မခေါ်ရဘူးတဲ့”

ဟင် အဲဒါကတော့ ဘာဆိုင်လဲ။

“ညကို ကျွန်တော် သိပ်ချစ်နေမိပြီ ညရယ်”

ဆိုင်သော စကားကို ပြောချိန်ကျတော့ ဆရာဝန်သည် လူငယ်လေးတစ်ယောက် ဖြစ်နေပြန်သည်။ ကလေးတစ်ယောက် လိုချင်နေသော ည၏ အားနည်းချက်ကို သမီးလေးဖြင့် ဆွဲဆောင်ထားပြီးမှ ချဉ်းကပ်ခဲ့သော ဆရာဝန်၏ လူရည်နပ်မှုကို ည ကြောက်သည်။

“ည ကလေးချစ်တတ်မှန်း သိရုံပါ။ ကလေးကိစ္စကြောင့် ည အရင်ဇာတ်လမ်း ပြတ်တာလည်း ည ပြောပြမှ ကျွန်တော် သိတာပါ။ ညကို ချစ်တာရယ်၊ သမီးလေးကို မစဉ်းစားဘဲ ကျွန်တော့်အိမ်ထောင်ရေးကို တည်ဆောက်လို့ မရတာရယ် ဒါလေးပါပဲ ညရယ်” 

တကယ်တော့ ည၏ နှလုံးသားမှာ ဆရာဝန်၏ ပုံရိပ်က ရှိခဲ့ပြီးဖြစ်သည်။ အချစ်အတွက် ည သူ့ကို လက်ထပ်ဖြစ်လိမ့်မည်။ ည စိုးရိမ်သော ကိုယ့်မျိုးဆက် အဖြစ် ကိုယ်ပိုင်ရင်သွေးလေး ရခြင်း မရခြင်းကတော့ ည၏ ကံကြမ္မာနှင့်သာ ဆိုင်တော့မည်။

တကယ်လို့ မရခဲ့လျှင်လည်း ညတို့မှာ သိပ်ချစ်စရာ ကောင်းသော သမီးလေး တစ်ယောက် ရှိပြီးဖြစ်သည်လေ။

▢  နော်နန်းငြိမ်းငြိမ်း
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
       ဇူလိုင်၊ ၂၁၁၇

No comments:

Post a Comment