❝ ကြိုး၏ အဓိပ္ပာယ် ❞
( ဌေးအောင်စိန် - အင်းမ )
ကြိုး၏ အဓိပ္ပာယ်ကို ကျွန်တော် ဖွင့်ဆိုရလျှင် လူများမှ ချည်နှောင်ရန် ပြုလုပ်ထားသော အရာဝတ္ထုဟု ဆိုချင်ပါသည်။
••••• ••••• •••••
“ဗျို့ ကိုအောင်စိန် ခွေးနှစ်ကောင်နဲ့ ဘာလုပ်နေတာလဲ”
“ခွေးကျောင်းနေတာဗျ”
“ဘာခွေးတွေမို့လို့လဲ၊ ကြိုးတွေ ဘာတွေနဲ့ ချည်လို့”
“ရိုးရိုးခွေးတွေပါဗျာ၊ အိမ်မှာ ခွေးလေခွေးလွင့် ခွေးမက လာပေါက်လို့၊ သူများတွေက လာတောင်းကြပါတယ်။ ဝယ်တဲ့သူလည်း ရှိတယ်။ ဒီလောက်ထိ မွေးခဲ့ပြီးမှတော့ မပေး၊ မရောင်းတော့ပါဘူး”
“ညကျတော့ရော”
“ကြိုးချည်ပြီး အိမ်ထဲမှာ ထည့်ထားတယ်။ သူများ ခိုးမှာစိုးလို့”
“အညစ်အကြေးစွန့်တဲ့အခါ”
“ကျွန်တော်ပဲ ကျုံးရတာပေါ့ဗျာ”
“ဒီလောက် အသန့်ကြိုက်၊ ဒီလောက် အအိပ်မက်တဲ့ သူက ဘယ်လို ဖြစ်ရတာလဲ။ ကြိုးတွေကို ဖြေထားပါဗျ မခိုးပါဘူး။ တန်ဖိုးရှိတဲ့ ခွေးတွေလည်း မဟုတ်ဘဲနဲ့”
“ဒီကြိုးတွေကို စိတ်မချလို့၊ သံကြိုး ဝယ်ပြီးတောင် ချည်ထားရဦးမယ်ဗျို့”
“ဒါနဲ့ ကိုအောင်စိန် ကျွန်တော်တို့ကို မိတ်ဆွေတွေက လှမ်း ဖိတ်ပြန်ပြီ။ ရွာကို မနက်ဖြန် ကြွခဲ့ကြပါဦးတဲ့။ ခါတိုင်းလိုပဲ ဆိုကြ၊ တီးကြ၊ စားကြ၊ သောက်ကြ၊ ပျော်ကြရအောင်တဲ့”
“မလိုက်တော့ပါဘူးဗျာ”
“ဘယ်လိုဖြစ်တာလဲ၊ ဟိုတုန်းကဆို ပွဲကိုပဲ လိုက်ရှာနေတဲ့သူ၊ ခရီးပေါက် ရှာနေတဲ့သူ၊ အပျော်အပါး ဒီလောက် မက်တဲ့ သူက..”
••••• ••••• •••••
ကြိုး၏ အဓိပ္ပာယ်ကို ဖွင့်ဆိုပါလျှင် “အနှောင်အဖွဲ့” ဟူ၍ ဖြစ်သည်။ ခွေးလေးများက အောင်စိန်ကို ချည်နှောင်ထားလေပြီ။
▢ ဌေးအောင်စိန် (အင်းမ)
📖 မဟေသီ မဂ္ဂဇင်း
အောက်တိုဘာ ၊ ၂၀၁၆
No comments:
Post a Comment