❝ ရေသောက်ချင်လိုက်တာ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁
ရီးဆေးရိုး အိပ်ရာမှ နိုးချိန်တွင် နေရောင်သည် ညောင်မုတ်ဆိတ်ပင်ကြီးအောက်သို့ အလုံးအရင်းဖြင့် ကျရောက်နေပြီ။ မျက်နှာကို နေရောင် ထိုးသောကြောင့် နိုးခြင်းလား၊ ပုရွက်ဆိတ် ကိုက်သောကြောင့် နိုးလာခြင်းလား မခွဲခြားမိငြား ရီးဆေးရိုး ရွှင်လန်းတက်ကြွနေသည်ကား အမှန်ပင်။ တမန်းပုပ်နံ့ သင်းပျံ့ပျံ့ကို အားရပါးရရှူရှိုက်ရင်း နံရိုးတွေ တစ်ချောင်းစီ ပေါ်လာအောင် လက်ဆန့်ကားလျက် သမ်းဝေလိုက်ရသည်မှာ ထူးကဲသော အရသာပါတကား။ မှန်မှန် ကူချွဲနေသော ချိုးကူသံကို ဖောက်ထွင်းလျက် ကြက် တူရွေးအော်သံများ လွင့်ပျံလာ၏။ မြောင်းမြောက်ဘက် လယ်ပွဲမှဖြစ်မည်။ ထိုလယ်ပွဲတွင် နှမ်းနှင့် ရောသော ပြောင်းဖူးပင်များရှိသည်။ ပြောင်းဖူးနုများကို ဝင်ရောက် ဆိတ်မြဲစားသောက်ရင်း ကြက်တူရွေးတွေ ရန်ဖြစ်နေဟန် တူသည်။ ပြောင်းဖူးပင်သည် အာရုံထဲသို့ ဝင်ရောက်လာသောအခါ သမီးနှင့် သားတို့ အတွက် ကြောင့်ကြစိတ် စူးခနဲဝင်လာ၏။ သူ့ခမျာများ ကလေးတွေ များရသည့် အထဲတွင် လုပ်ရသော လယ်က ရေမှန်သော ‘မုန်းသောက်’ ချည်း မဟုတ်။ ရေမလာသော ‘လင်းဇင်းသောက်’ လည်း ပါသည်။ လင်းဇင်းသောက်လယ်များတွင် ငရုတ်၊ နှံစားပြောင်း နှင့် ဖက်ပြောင်းများ ချခဲ့ရာက ယခုမူ ဖက်ပြောင်း၊ နေကြာနှင့် နှံစားပြောင်းသို့ ပြောင်းလွှဲကာ ချနေကြပြန်ပြီ။
ဖက်ပြောင်းသည် ပြောင်းဖူးဖက်ဆေးလိပ်လိပ် သောက်ရာတွင် အရေးတကြီး လိုအပ်သော ဖက်ဖြစ်ငြား ဖူးစားပြောင်းပင်ဖြစ်သည်။ ပြောင်းပင်တွင် အဖူး ပါပြီ ဆိုကတည်းက ခွေးကို ကြောက်ရပြီ။ ကြက်တူရွေးကလည်း နှိပ်စက်ပြီ။ သည်အကြောင်းများကို တွေးမိသဖြင့် ရီးဆေးရိုး ပူပန်ရသည်။ ‘အင်း သူများအတွက် ပူနေလို့ မပြီးသေးဘူး။ ကိုယ့်ဖို့လည်း ပူဦးမှ’ တွေးကာ ဖင်တရွတ်ဖြင့် ရွှေ့သည်။ ညောင်ခေါင်းထဲက မီးခြစ်နှင့် ဆေးလိပ်တိုကို ယူကာ မီးညှိသည်။ ဆေးလိပ်ကို ခဲထားရင်းဖြင့် ရေနွေးကြမ်းအိုးဆီ လက် ရောက်သွားပြန်၏။ မည်သည့် နေရာသည် အပေါ်၊ မည်သည့် နေရာသည် အောက်ဟု မသိနိုင်တော့သော မြေကရား။ လုံးဝ မည်းမှောင်နေသည်။ တဟူးဟူး တိုက်နေသော လေကြောင့် အေးစက်နေသည်။ ထို အေးစက်နေသည့် ရေနွေးကြမ်းနှင့် ဆေးလိပ်မီးခိုးကို ဝမ်းထဲသို့ ရောနှော မျိုချလိုက်ရသော စည်းစိမ်မှာလည်း ခမ်းနားလှပါဘိ။ ဗိုက်ကားအောင် သောက်ပြီးနောက် ရီးဆေးရိုး ကုန်းထသည်။ ပိုးကင်းမျိုးသန့် ရေမှန်၍ မြေဩဇာဝသော ပျိုးခင်းသည် လေယူရာ သွေးရင်း စိုက်ရက်ကို မေးနေ၏။ ပျိုးခင်းဘေး ပတ်ပတ်လည်တွင်ကား စိုက်ခင်းလယ်ကွက်များသည် တလက်လက် တောက်ပနေကြ၏။ အချို့ လယ်ကွက်သည် တမန်း မပြန်ရသေး။ အချို့ ပြန်ပြီးပြီ။ တမန်း မပြန်ရသေးသော လယ်ကွက်များတွင် အမှိုက်များ၊ သစ်ကိုင်းအစအနများ ဖောင်ဖွဲ့ကာ မြောက်ဘက် ကန်သင်းထောင့်တစ်နေရာတွင် စုရုံးနေကြ၏။ ရေပြင်ထဲတွင်ကား မကျွတ်သေးသော ရိုးပြတ်အချို့ လက်မ ထောင်နေကြသည်။ ကန်သင်းမှာလည်း မြက်အထွေးထွေး၊ အနားဗရပွာဖြင့်။
လေး တမန်း ပြန်ပြီးသွားသည့် လယ်ကွက်များမူ ဣန္ဒြေ ကြီးလှ၊ ရင့်ကျက်လှသည်။ အနားညှိပြီး ကန်သင်း ဆွဲပြီး ကြမ်းပေါင်ဖြင့် မျက်နှာပြင်ညှိပြီး မဟုတ်လား။ တမန်းပြင်ရန် သုံးကွက် ကျန်သေးသည်။ သုံးယောက်စိုက် နှစ်ကွက်နှင့် လေးယောက်စိုက် တစ်ကွက်၊ လေးယောက်စိုက်လယ်ကွက်မှာ တမန်းပြန်ဆဲ။ အညိုရောင် ထွန်ချေးစာများသည် လှိုင်းအောက်တွင် ငုပ်ချည် ပေါ်ချည် မြူးထူးနေကြသည်။ ရီးဆေးရိုးသည် လေးယောက်စိုက်လယ်ကွက်၏ ကန်သင်းပေါင်ပေါ်သို့ တက်ရပ်၏။ ထွန်ရေးညက်ပြီးသား၊ တမန်းရ ပြီးသားပေမဲ့ နောက်ထပ် နှစ်စပ် ကျန်သေးသည်။ သည်နှစ် စပါးစိုက်ပုံကို ယခင်နှစ်တွေ နှစ်တွေထက် ပိုပြီး ဂရုစိုက်လာသည်။ သို့ကြောင့် အထွန်အယက် ပေါ့၍ မဖြစ်။ တမန်း ထွန်ရေးနှံ့မှ ထွန်စိပ်ဆွဲ၊ ကြမ်းပေါင်ရိုက်။ ရီးဆေးရိုး ဆက်ပြီး စိတ်မကူးသာ။ ကန်သင်းပေါ်မှ ချက်ချင်း နောက်ဆုတ် ဆင်းရသည်။ ရေနွေးအိုးပေါ် တက်ရမိသည်သို့ အပူငွေ့ကြီး ဟပ်သောကြောင့်ဖြစ်၏။
“အင်း ထင်းကုန်ခံပြီး ရေနွေးအိုး တည်နေမယ့် အစား သည်ရေကိုပဲ လက်ဖက်ခြောက်ခတ်ပြီး သောက်ဖို့ ကောင်းပါတော့တယ်ကွာ”
ပြောင်လှောင်မြူးထူးနေခြင်း မဟုတ်၊ မျက်နှာ အတည်ကြီးဖြင့် ပြောနေခြင်းဖြစ်၏။ သည်ရေသည် နောက်တစ်နာရီနှင့်မှ အေးပါမည်လား တွက်ကြည့်သည်။ နေကို မျှော်ကြည့်သည်။ နေစွယ် မကျိုးသေး၊ ပူ၍ ကောင်းဆဲ။ မအေးနိုင်။ နောက်တစ်နာရီဖြင့် မအေးနိုင်။ ယခု ဆင်းပြီး ထွန်လျှင် နေဝင်ချိန်၌ နှစ်စပ်ရမည်။ နွားနှစ်ကောင်ကလည်း သူ ဆင်းလျှင် လိုက်ပါ ထွန်ယက်ရမည်သာဖြစ်ငြား သည်ရေထဲ မဆင်းစေချင်။ စိုက်ခါနီးကာလကြီးတွင် နာဖျားမကျန်း မဖြစ်စေချင်။ ခိုင်းနွားတစ်ကောင်ဈေးက သေးသေးမှတ်သလား၊ ထောင်နားကပ်နေသည်။ ထိုမှတစ်ပါး မိမိလည်း ‘ဆီးအကိုင်’ မခံနိုင်။ နွားနှစ်ကောင်ကား ရီးဆေးရိုး၏ စိတ်ကူးကို မသိ။ မြက်ထုံးများ ဘေးတွင် ဝပ်လျက် မျက်လုံး တမှေးမှေးဖြင့် စားမြုံ့ပြန်နေကြသည်။ နံနက် (၆) နာရီလောက်မှ နေ့လယ် (၁) နာရီအထိ ထွန်ရငြား ဝဖီးနေကြသည်။ ဝလိုက်ပုံမှာလည်း ဆီဆွတ်ထားသည့်နှယ် ပြောင်နေ၏။
ဝပေမည်။ အစိုထွန်တွင် အမှန်ပင်ပန်းသည်က နွား မဟုတ်၊ လူ။ နွားက နောက်ခြေဖြင့် ယက်မိသော ရေသည် ရင်ဘတ်ကို စိုသဖြင့် အမောပြေ၏။ တအိအိ ရုန်းရသဖြင့် မောလှသည် မရှိ။ လူမှာသာ မှတ်တိုင် နုတ်ဦးဟ။ စိုက်ဦးဟ။ မြက်တွေကန်ချ။ ထွန်ချေးစာတွေ နင်းချ။ နွားမတက်နိုင်သော ကန်သင်းအမြင့် ဘေးသို့ ထွန်တုံးရောက်စေရန် မ ပေးရ။ အကွေ့တွင် ပစ်သွင်းရနှင့် ဖတ်သီလန်နေ၏။ သို့ဖြင့် နားကြစို့ ဆိုသောအခါ လူက ဆေးလိပ်သော်မျှ မဖွာနိုင်သေး၊ နွားက စားမြုံ့ပြန်နေပြီ။ ထို့ကြောင့် အလှည့်ကောင် နက်ကျော်နှင့် အတိုင်နွားအိုကြီး ရွှေနီတို့မှာ စားကောင်း၊ အိပ်ကောင်း ရှိနေကြခြင်းဖြစ်၏။ ရီးဆေးရိုးသည် ကန်သင်းအသစ် ဆွဲမည့် နေရာမှ မြက်များကို ပြောင်စင်အောင် ရိတ်ထား၏။ နွားနှစ်ကောင်လည်း ကုန်အောင် မစားနိုင်တော့။ ဟိုအထုံးက ဆွဲစား၊ သည်အထုံးက ဆွဲစားဖြင့် မြက်မွေ့ရာ ဖြစ်နေ၏။ သည်မြက်များကို ရီးဆေးရိုး ပြန်လည် ထုံးကျစ်သည်။ သူ ရွက်နိုင်ရုံ အထုံးကို ချန်ထားပြီး ကျန်အထုံးများကို ညောင်ပင်ပေါ် တင်ထားခဲ့ပြီးနောက် လယ်ကွက်ထဲ ဆင်းသည်။ ရေပူနှင့် ထိတွေ့သော ခြေသလုံးမှာ ရေထဲချသော သံခဲတွေ ရှဲခနဲ မြည်သည့်နှယ် မြည်သည်ထင်၏။ သို့သော် မတတ်နိုင်။ ဆက်ပြီး လျှောက်ရ၏။ ကျွံနစ်သွားသော တမန်းပြင်ကမူ အေးမြ၏။ နေ့လယ်က ချွတ်ထားခဲ့သော ထွန်တုံးမှ ထွန်ကိုင်းကို ထွန်သွားတိုဖြင့် ရိုက်ဖြုတ်ကာ ရေထဲ ပစ်ချ၏။ တမန်းပြင်ထဲ နစ်အောင် တက်နင်း၏။ ထွန်တုံးနှင့် ထွန်ကိုလည်း အလားတူ လုပ်ရ၏။
နက်ဖြန်နံနက်တွင် ထွန်ကိုင်းကို ဆေးကြောရ၊ ပြန်တပ်ရနှင့် အလုပ် ဖင့်နွှဲဦးမည်။ ဖင့်နွှဲပေစေတော့။ ထွန်တုံးတစ်တုံးကို တစ်ရာနှင့် မရ။ သူခိုး ကလည်း ညောင်ပင်ပေါ် တင်ထားသော ‘နွားပခြုပ်’ ပင် မရှောင်။ ထမ်းပိုးတုံးကို ထမ်း၊ မြက်ထုံးကို ခေါင်းပေါ် ရွက်၊ နွားနှစ်ကောင်ကို ရှေ့နောက် ထားလျက် ရီးဆေးရိုး ပြန်လာချိန်တွင် လယ်ပြင်တောကြီးမှာ တိတ်ဆိတ်လျက် ကျန်ခဲ့လေပြီ။
••••• ••••• •••••
၂
မုန်းမြောင်းသောက် လယ်မြေများတွင် ပျိုးပင်နွဲ့နှင့် တမန်းပြင်တို့ဖြင့် တင့်တယ်နေငြား မုန်းမြောင်း၏ သည်ဘက် လင်းဇင်းသောက်လယ်များမှာမူ ပျိုးနှင့် တူသော အရာမရှိ။ ရေနှင့်တူသော အရာမှာလည်း ဘူးထဲတွင်သာ ရှိသည်။ သို့သော် မျက်နှာဝါကြီးတွေ ဟိုလှည့်သည်လှည့် မြူးရွှင်နေသော နေကြာခင်းတွေက တူနိုင်ရိုးလား စိန်ခေါ်ဘိသို့ ရှိသည်။
အနှံ တထောင်ထောင် ပင်စည် တနွဲ့နွဲ့ နှံစားပြောင်းများက ရေမရလည်း မပူပေါင်၊ ပြောင်လှောင်နေသည့်ဟန်။ ပင်ကြိုပင်ကြား၌ ကဆစ်သီးများနှင့် ပြိုင်စရာမရှိ ပြိုင်နေသောအရာမှာ သခွား။ ဖက်ပြောင်း များကား အနှံပန်းခိုင်ကလေးတွေ ပန်ထားသော သတို့သမီးပမာ လှလည်း လှ၊ ယဉ်လည်း ယဉ်၏။ အပင်တွေ၊ အဖူးတွေကို ‘ခါးထစ်ခွင်’ ချီထားပြန်သောအခါ သား၊ မြေး ခြွေရံနှင့် သိုက်မြိုက်သော မိခင် ဖြစ်ရပြန်၏။ အဖူးများမှာ ဆံမြိတ်ဖွားတွေ လေဝယ် လွင့်မြူးနေပုံမှာကား ပြောင်းဖူးခင်းမှာသာ တွေ့နိုင်သော အရွှင်အမြူး ဖြစ်ချေ၏။ သို့ရာတွင် လူရိပ်မြင်လျှင် ကစ်ခနဲ အသံတစ်သံ ထွက်လာပြီးနောက် ကြက်တူရွေးအုပ်ကြီး ဝုန်းခနဲ ထပျံသွားသံမှာကား ရင်မောဖွယ် ကောင်းလှပါဘိ။ ရှေ့က လယ်သည် သမီးကြီး မချောစိန်တို့၏ လယ်။ ပြောင်းဖူးပင်တွေ ကောင်းပါ၏။ ။ နေကြာတွေလည်း ကောင်းပါ့။ ငရုတ်လည်း ပွင့်ဖူးနေပြီ။ မြင်စတွင် ရီးဆေးရိုး ဝမ်းသာငြား စင်ကြယ်နေသော ကောင်းကင်ပြင်ကို မြင်ရသောအခါ ရင်တွင်း လေးလံနေသည်။ ပြောင်းဖူးကလည်း ကြက်တူရွေး အကြိုက်၊ နေကြာလည်း ကြက်တူရွေး အကြိုက်ချည်း မဟုတ်လား။ သို့ပါလျက်နှင့် လူရိပ် လူယောင် မမြင်ရခြင်းမှာ ပေါ့ဆလွန်းသည်ဟု ရီးဆေးရိုး ထင်၏။ သို့ဖြစ်ငြား မီးခိုးလေလား မြူလေလား၊ ပြာနှမ်းနှမ်းကား မြင်ရသည်။ မဟုတ်သေးပါဘူး၊ လူ ဟာ အမြဲကို ရှိရမှာပါ။ ရီးဆေးရိုးသည် လမ်းရိုးကို စွန့်လိုက်သည်။ သမီး၏ လယ်ထဲဝင်ရန် ခြေလှမ်းသည်။ သည်တွင် နွားအိုကြီးက ပြောင်းရွက်တစ်ရွက်ကို လျှာဖြင့် လိန်းယူကာ တစ်ပင်လုံး ဖြောင်းခနဲ ချိုးချလိုက်၏။
“ရီးဆေးရိုး၊ ဘာပြုလို့ သူများ ပြောင်းခင်းထဲ နွားတွေ မောင်းချရတာလဲဗျ”
မတော်တဆဖြစ်မှန်း သိသောကြောင့် နောက်ပြောင်ခြင်းဖြစ်၏။
“ဘွာတေးကွာ ဘွာတေး၊ လူမရှိဘူး ထင်လို့ဟ”
ရီးဆေးရိုးသည် မြက်ထုံးကို ပစ်ချ၊ ထမ်းပိုးကို မှီထောင်ပြီးနောက် ကန်ကြိုးကို နွားချိုတွင် ရစ်ပတ်လိုက်သည်။ စိမ်းစိမ်းစိုစိုများနှင့်လွတ်သည်အထိ နွားများကို လိုက်လံမောင်းနှင်ပြီးမှ မြက်ထုံးနှင့် ထမ်းပိုး ရှိရာသို့ ပြန်လာခဲ့၏။
••••• ••••• •••••
၃
“မေရေ၊ ဘ လာတယ်တော့်”
အငယ်ဆုံးမ လှအုံးမယ်သည် စိမ်းစိမ်းမှောင်မှောင်များကြားမှ ခုန်ဆွခုန်ဆွ အော်၏။ သည်အသံမှာ ရီးဆေးရိုး အတွက် အမောပြေရသော တူရိယာသံဖြစ်သည်။ ရင်ထဲက လေးလံနေသော ကြောင့်ကြ ထုပ်ကြီးကို ဖြုတ်ချသော ‘မောင်း’ လည်း ဖြစ်ပေသည်။ လူ ရှိမှ ရှိကြရဲ့လား၊ နေကြာခင်းနှင့် ပြောင်းခင်းကို လူမစောင့်နိုင်ရင်ဖြင့်ဟူသော ကြောင့်ကြမှု အစိုင်အခဲကြီး ပေါ့ပါးသွားချိန်တွင် ထမ်းပိုးတုံးနှင့် မြက်ထုံး ကို ကန်သင်းဆုံတွင်ချပြီး ဖြစ်သွား၏။
သမီးကြီး မချောစိန်သည် ပြောင်းပင်ကြားထဲမှ ဖတ်သီဖတ်သီနှင့် ထွက်လာ၏။ သူ့လက်ထဲတွင် ကန်စွန်းရွက် တစ်ပွေ့နှင့် ကဆစ်သီး လေးငါးလုံး။ “အဖေပြန်တာ စောလှချည်လား” မေးရင်း ခေါင်းပေါင်းဖြုတ်ပြီး ချွေးသုတ်၏။
“အေးဟာ နေက ပူတော့ မဆင်းဝံ့တာနဲ့”
“ကောင်းပါတယ် အဖေရာ၊ ညနေ ထွန်မယ့် အစား မနက်စောစော ထထွန်မှာပေါ့” ပြောရာက “အငယ်ရေ၊ ဘဖို့ ဆေးလိပ်ယူခဲ့ပါဟဲ့” လည်ဆန့်ကာ အော်သည်။
“နေပါစေဟ၊ ပါတယ်”
ပြောပြောဆိုဆို ခါးပိုက်ထောင့်ထဲမှ ဆေးလိပ်တိုနှင့် မီးခြစ်ကို ထုတ်ရင်းမေးသည်။
“အကုန်လုံး ဒီမှာပဲလားဟ”
“ဒီမှာပဲပေါ့ အဖေရာ၊ စာကျက်ပါစေတော့ ဆိုပြီး အိမ်မှာ ထားခဲ့လည်း စာကျက်တာထက် အပြင်ထွက်နေတာ များတော့”
ကလေးတွေလည်း တစ်နှစ်ထက် တစ်နှစ် ကြီးလာသည်နှင့်အမျှ ပတ်ဝန်းကျင် အန္တရာယ်ကြီးမားလာကြောင်း ရီးဆေးရိုး သဘောပေါက်သဖြင့် ခေါင်းညိတ်သည်။
“ဒီမှာတော့ ကဆစ်သီး စားလိုက်၊ စာကျက်လိုက်၊ ပြောင်းဖူးချိုးစားလိုက်၊ စာကျက်လိုက်ပေါ့ အဖေရာ၊ ပြောင်းဖူးနုနု ဖုတ်ပေးမယ်လေ၊ အဖေ စားနိုင်မလား”
“ဟယ် နေစမ်းပါစေ” လက်ရောခေါင်းပါ ယမ်းလိုက်ပြီးမှ “ငါက မီးဖိုထားခဲ့ပြီး လူမစောင့်ဘူး ထင်နေတာ” ဆက်ပြော၏။
“ဘယ်ရမလဲ အဖေရာ၊ ကျေး (ကြက်တူရွေး) က ရာဘာတုံးကို မီးရှို့ထားလို့ ရပေမယ့် စာက မရဘူး အဖေရဲ့။ မြေကြီးခဲသေးသေးကလေးတွေ၊ ကျောက်ခဲသေးသေးကလေးတွေနဲ့ လျှောက်ပက်နေရတာ”
“ငါက အသံလည်း မကြားရဘဲကိုး မိန်းကလေးရဲ့”
“ကြာတော့ မအော်နိုင်တော့ဘူး အဖေ၊ လူသာ မစောင့်လို့ကတော့ နေကြာခင်းလည်း အခွံပဲ ကျန်မယ်။ ပြောင်းခင်းလည်း အပင်ပဲ ကျန်တော့မယ်။ အဖေ့နှယ် ပြောင်းဖူးစားတဲ့ ခွေးက ညမှ မဟုတ်ဘူး။ နေ့လည်း လာတာပဲ။ ဒီထဲမှာ လူကလည်း တစ်မှောင့်၊ တစ်ဖူးတလေ စားဖို့ ချိုးတာ မဟုတ်ဘူး။ စီးပွားဖြစ် တစ်နင့်တစ်ပိုး ချိုးတာ”
ရီးဆေးရိုးမှာ ‘အင်း’ ရှည်ကြီး မြည်တမ်းရာက မီးခိုးထွက်နေရာဘက်သို့ မျှော်ကြည့်လိုက်ရာ ညိုညစ်သော သွားဖုံးကြီးတွေ ပေါ်လာသည်အထိ ပြုံးမိလေ၏။ ပြုံးရခြင်းမှာ လုံးနေအောင် ပြေးလာသော လှအုံးမယ်၊ မောင်ထွေးနှင့် မိမိထွေးတို့ကို မြင်ရသောကြောင့်ပေတည်း။
“ဘ၊ စားစား စား”
လှအုံးမယ်သည် ကိုက်လက်စ ပြောင်းဖူးဖုတ် တစ်ချိုး (တစ်ပိုင်း) ကို ရီးဆေးရိုးမျက်နှာနား ထိုးပေး၏။ ရီးဆေးရိုးသည် မြေးမအား ခြေဆုံး ခေါင်းဆုံး ကြည့်၏။ မြေမှုန့်နှင့် ချွေးနှင့် လိမ်းလူးနေသော ကိုယ်၊ အိုးမည်းပေနေသော လက်များနှင့် မျက်နှာ။ နှပ်က တရှုံ့ရှုံ့။ ထိုအခါ မိမိထွေးက သူ့ပြောင်းဖူးကို ပေးသည်။ လက်ဖြင့် တစ်စေ့ချင်း ခြွေထားသောကြောင့် သပ်ရပ်စီညီနေသော ပြောင်းဖူး၊ အရိုးဖြူဖြူတွင် တူးခြစ်နေသော အစေ့များ စီထားသည့် ပြောင်းဖူး။
“သူ့ဟာ ရွံရင် သမီးဟာစား ဘ”
“စားစေချင်ရင် ညည်းတို့ပဲ ဝါးခွံ့ကြ၊ ဘမှာ သွားမှ မရှိတာ”
သူ့ဘာသာသူ ပြော၊ သူ့ဘာသာသူ ရယ်မောလိုက်စဉ် နောက်တစ်သုတ် ပြောင်းခင်းထဲမှ ထွက်လာပြန်၏။ မြေးမကြီး ခင်ခင်ကြီး၊ မြေးထီးကြီး မောင်ကိုကြီးနှင့် သမက် ကိုထွန်းရ။
“ဟော့တော်၊ ဘ ရောက်နေတယ်၊ ရော့ ဘ”
ခင်ခင်ကြီး ပြေးလာပြီး ထိုးပေးသော စားစရာမှာ ‘ကဆစ်သီး’။ အနံ့ကလေးက သင်းသည်။ ပါလေကာ အမွေးနုများအောက်မှ ရွှေတစ်စင်း မြတစ်စင်း စားချင် စဖွယ်။
“စား၊ စား ညည်းတို့ပဲ ဝအောင်စား”
မောင်ကိုကြီးကမူ တစ်စုံတစ်ရာ မပေး။ ဘိုးအေ၏ ပေါင်ပေါ် လက်ထောက်ထိုင်သဖြင့်
“အရိုးမရှိတဲ့ ပက်ကျိ လာပါပြီတော်”
မချောစိန်က မျက်စောင်းထိုး၏။ မောင်ကိုကြီးမှာ သည်ပုံ အပြောအဆို ခံရသည်မှာ ရိုးနေထုံနေပြီ။ သို့အတွက် သူ့ဘကို မော့ကြည့်လျက် လယ်ပွဲအစွန်ရှိ မြောင်းပေါင်ကွေ့ ကွေ့ကောက်ကောက် မို့မောက်မောက်ကို လက်ညှိုးညွှန်၏။
“သား သိသလောက်တော့ တစ်ခါမှလည်း ရေလာတာ မတွေ့ဘဲနဲ့ ဘာပြုလို့ မြောင်းတူးထားတာလဲဟင်”
“မေးပါပြီတော်၊ ကတ်သီးကတ်သတ်တွေ”
မချောစိန် ဝင်ပြီး ထောမနာသဖြင့် “မေးပါစေဟာ၊ တို့မှ မဖြေတတ်တာ” ဟု ကိုထွန်းရက ဝင်ပြောသည်။ ရီးဆေးရိုး ခေါင်းညိတ်၏။ လင်းဇင်းမြောင်း ဆုတ်ယုတ်ချိန်တာသည် သည်ကလေး၏ အသက်တမျှပင် ကြာညောင်းပါပကော။
“တစ်ချိန်တုန်းက သည်လယ်ပွဲတွေမှာ ရေတွေ ပေါင်းလန်ပြီး ကောက်စိုက်မတွေ တေးချင်း တကြော်ကြော်နဲ့ပေါ့ လူလေးရယ်။ ကနေ့တော့ မင်း မြင်တဲ့ အတိုင်းပဲ၊ မြောင်းပေါင်တွေ မရှိရင် စိုက်စရာနေရာတောင် တိုးလာမလို ဖြစ်နေပြီ။ အင်း လင်းဇင်းမြောင်း ကောင်းစားတုန်းကတော့ မုန်းမြောင်းကို ကျော်ပြီးတောင် ရေပေးတာကလား”
“ဟုတ်တယ် အဖေ၊ သမီး မှတ်မိတယ်၊ သံပေါင် နှစ်ခုနဲ့ ညှပ်ပြီး သံပိုက်လုံးကြီး မုန်းမြောင်းကို ကျော်ထားတာ။ ရေလာချိန်ဆိုရင် မုန်းမြောင်းထဲကို တဖျောဖျောနဲ့ လျှံကျနေပြီ”
မချောစိန် စကားရပ်၍ အငယ်နှစ်ကောင်ကို စာခြောက်သွားရန် လှည့်ပြောစဉ် ကိုထွန်းရ ကလည်း
“ဟုတ်တာပေါ့။ သီးကုန်းနားက နေပြီး တောင်ဘက်ကို ကိုးခုလား၊ ဆယ့်တစ်ခုလား ရှိသတဲ့” ဝင်ပြော၏။
“အခု အဲဒါတွေ ဘယ်ရောက်ကုန်လဲ ဘ”
မောင်ကိုကြီး၏ အမေး။
“လူခိုးမှာ စိုးလို့ ဖြုတ်ပြီး သိမ်းထားတာပေါ့ကွာ”
ရယ်မောသံဖြင့် ဗလုံးဗထွေး အဖြေ။ သည်ဖြေပုံကို မောင်ကိုကြီး မသင်္ကာ။ သံပြွန်တွေ ဖြုတ်အခိုးခံ ရသည် ပြောလိုခြင်းပေလော တွေးကြည့်သည်။ ရီးဆေးရိုး ကမူ ဆက်ပြောနေသည်။
“မုန်းမြောင်းမှာလည်း မြစ်ကမ်းဖဲ့လို့ အတွင်းဝင် ဝင်လာတဲ့ ရွာတွေကြောင့် လယ်ဧက လျော့လာပေမယ့် မြောင်းရေက တခြားကို မရောက်တော့ဘူးကွ။ ဧရာဝတီမြစ်ထဲကို ဂျောင်းဂျောင်းပြေးတဲ့မြောင်း”
“အဲဒါ ဘာပြုလို့လဲ ဘ”
“ကိုယ် အားထားရတဲ့ မြောင်းကို မရိုသေကြလို့ပေါ့ကွာ၊ ရှင်းနေတာပဲ”
“ကျွန်တော်တို့ လင်းဇင်း ကျတော့ကော ဘရာ”
“ထိုနည်းလည်းကောင်းပေါ့ လူလေးရာ၊ လင်းဇင်းသောက်လယ်တွေက ရေတွေ ဘယ်လောက် ပေါသလဲဆိုရင် မုန်းမြောင်းအောက်က ငုပ်ထွက်ပြီး ‘လဝါ’ တွေ တူးထုတ်ရတယ်။ ဟော ကနေ့တော့ ‘လင်းဇင်းရေ’ ဟာ ရမ်းဘိုကုန်း ဝေးလို့ သရက်ချင်တောင် မရောက်တော့ဘူး။ ဘယ်ရောက်မလဲ၊ မြောင်းကိုမှ မရိုသေကြဘဲကိုးကွ”
မောင်ကိုကြီးမှာ မအီမသာ မော့ကြည့်မိသည်။
“ဘကလဲ၊ ဘယ်လို မရိုမသေသလဲ ဆိုတာတော့ မပြောဘဲနဲ့” ဟု ငြူစူသံဖြင့်လည်း ဆိုသည်။
“မြောင်းတာလေကွာ၊ မြောင်းအောက်မြေနဲ့ နံရံအစပ်က ‘သွားဖုံး’ ကလေးတွေ၊ နုံးတင်တာပေါ့လေကွာ။ ဘသားချောတို့က ‘မြောင်းတာ’ တူးတဲ့ အခါမှာ ကုန်အောင် မထိုးဘူးလေ။ ဘေးကို စတိပဲ အရာပေးတယ်။ အောက်ကိုလည်း ဟန်ပြပဲ တူးတယ်။ ကြာတဲ့အခါမှာ မြောင်းဟာ ကျဉ်းပြီး တိမ်လာတာပေါ့ လူလေးရာ။ အဲသည်တော့ ဘာဖြစ်လဲ၊ ရေများများ လာရင် လျှံတယ်။ ကျိုးတယ်။ ပေါက်တယ်။ မကျိုးပေါက်အောင် လျှော့လွှတ်ရော။ ဟော ... အောက်ကို ရေ မရောက်တော့ဘူး၊ တခြားဟာ မကြည့်နဲ့၊ ကျီးသိုက် ရွာနားမှာ ရေတွေ ပေါင်းလန် နေပါလျက်နဲ့ သရက်ချင် နား ရောက်မလာတာ ကြည့်”
ကိုထွန်းရသည် သက်ပြင်းတစ်ချက် ချလိုက်ရာက “ကျုပ်ဖြင့်ဗျာ၊ ရေလာမယ် ထင်ပြီး နှစ်တိုင်း မြောင်းတာ တူးရတာ မောလို့” ညည်းသံဖြင့် ဆို၏။
“အများမညီဘဲ မင်း တစ်ယောက်တည်း တော်တည့် မှန်ကန်နေလို့ မဖြစ်သေးဘူးလေ။ အားလုံးက တညီတညာတည်း လုပ်ကြမှဟ”
“အင်း သည်စိုက်နည်း စနစ်သစ်နဲ့သာ စိုက်လိုက်ရရင် အရီးရာ၊ ကျုပ် လယ်တွေက တစ်ဧကကို ကိုးဆယ် တစ်ရာ ပြေးမလွတ်ဘူးဗျာ၊ စပါးစိုက်ချင်လိုက်တာ”
ခံတွင်းလိုက်မည့် ဟင်းတစ်ခွက်၏ အမည်ကို ထုတ်ဖော်ကာ နာလန်ထ လူမမာ ညည်းတွား တောင်းခံသံဖြင့် ကိုထွန်းရ ညည်းတွားလိုက်သံအဆုံးတွင် ရီးဆေးရိုးသည် ထရပ်ကာ ပုဆိုး ပြင်ဝတ်၏။
“အေးကွာ၊ စိုက်ပုံ ပျိုးပုံ မျိုးယူပုံကအစ တိုးတက်ပြီး စပါးထွက်ကလည်း အံ့သြစရာ ကောင်းပေမယ့် တို့တစ်တွေဘက်က မတိုးတက်ပုံက အံ့သြစရာ ကောင်းလောက်အောင် ညံ့နေတော့ ခက်သကွာ”
ငေးငေးကြီး ပြောလိုက်ရာက မောင်ကိုကြီးသို့ လည်း “လူလေးရေ၊ ထမ်းပိုးတုံး ထမ်းပြီး ဘကို လိုက်ပို့ဦးလေကွာ” ပြောရာက မြက်ထုံးကြီးကို ခေါင်းပေါ်သို့ ပင့်တင်လိုက်တော့သည်။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment