❝ မျက်ဝန်းစကား ❞
▢ နှင်းဝေဝေ ( ပွင့်ဖြူ )
၁။
မျက်စိ မဖွင့်သေးပေမဲ့ မိုးလင်းပြီ ဆိုတာကို ကျွန်တော့်ရဲ့အာရုံက ခံစားသိနေပါတယ်။ ကျွန်တော်အိပ်တဲ့ နေရာရဲ့ ခေါင်းရင်းပြတင်း ပေါက်အပေါ်က အိမ်တံစက်မြိတ် အစွန်းမှာ သိုက်အုံဖွဲ့နေတဲ့ ဗွတ်ချွဲငှက်ပေါက်လေးတွေကလည်း ကျလိလိနဲ့ အသံတွေ ကြားနေရတယ်။ ဒါပေမဲ့ ကျွန်တော် ပျင်းပျင်းနဲ့ မထ,ဘဲ အိပ်ရာထဲမှာ ဆက်နှပ်နေတုန်း-
“လူကလေး အောင်အောင်ထ,တော့လေ။ မနက်မိုးလင်းပြီကွဲ့၊ နေထွက်တဲ့ထိ မအိပ်ရဘူး အပျင်းစွဲသွားတတ်တယ်။ ထ ထ၊ မျက်နှာသစ်ချေ”
ဘုရားခန်းရှေ့မှာ အိပ်တဲ့ အဘက ကျွန်တော့်ကို အိပ်ရာထဖို့ နှိုးတဲ့အခါ အိမ်အောက် မီးဖိုချောင်ထဲက အမေကလည်း-
“ထဟေ့ ထဟေ့၊ လူကလေး နွားချေးတွေ ကျုံးရမှာနဲ့၊ နွားကျောင်းသွားရမှာနဲ့ နောက်ကျနေမယ်။ ကျောင်းပိတ်ရက်လေး ကူရတာ ထ,တော့”
ကျွန်တော့်ရဲ့ ကမ္ဘာလေးမှာ အမြဲပဲ ဒီအသံတွေနဲ့ပဲ နိုးထ,ခဲ့ရတာ။
အဘ ဆိုတာက ကျွန်တော့်အမေရဲ့ အဖေလေ။ ကျွန်တော်တို့ ဒေသမှာ အဘိုးကို “အဘ” လို့ပဲ ခေါ်လေ့ရှိကြတယ်။ သွားမှာ ကွမ်းချိုးတွေနဲ့ မည်းချိတ်နေတဲ့ အဘ၊ သျှောင်တစောင်း အမြဲ ထုံးထားတတ်တဲ့ အဘ၊ ပေါင်မှာ ထိုးကွင်း မင်ကြောင်တွေနဲ့ အဘ၊ ပင်နီတိုက်ပုံကို မချွတ်တမ်း ဝတ်တတ်တဲ့ အဘ၊ ရိုးသားလှတဲ့ ကျေးလက်အညာသားကြီး အဘ၊ အဲဒီ ကျွန်တော့်အဘဟာ မွေးစာရင်းမှာတော့ ကျွန်တော့်အဖေ နေရာကို ဖြည့်စွက်ပေးသူလည်း ဖြစ်ပြန်တယ်။ ကျောင်းနေပြန်တော့လည်း အဖအမည်နေရာမှာ ဦးဘငြိမ်း ဆိုတဲ့ ကျွန်တော့် အဘရဲ့ နာမည်က မဝံ့မရဲ ရှိလှပါတယ်။
အဖေ...။ ကျွန်တော့် နှုတ်ဖျားက တစ်ခါမှ မထွက်ဖူးတဲ့ စကားလုံး။ အဲဒီ ဝေါဟာရက ကျွန်တော့် ရင်ကို ဆူဝေစေတယ်။ ကျွန်တော့်ရဲ့ အလုပ်တွေကို မြန်မြန် ပြီးစေတဲ့သူလို့ ပြောရင်လည်းရမယ်။ ဒီအကြောင်း ရင်ထဲ ရောက်လာတာနဲ့ လုပ်လက်စ အလုပ်ကို မဲပြီး ဖိလုပ်တတ်တဲ့ ကျွန်တော့်ရဲ့ အကျင့်ကြောင့်ပါ။
ခိုင်းနွားနှစ်ကောင်၊ နွားသိုးတစ်ကောင်နဲ့ နွားမသားအမိတို့ တစ်ညလုံး ပါထားတဲ့ နွားချေးတွေကို နွားချေးကျုံးတဲ့ ထန်းပလပ်ချပ်နဲ့ ကု,လားခြင်းတောင်းထဲ ကျုံးကျုံး ထည့်လိုက်၊ အိမ်နောက်ဖေး နွားချေးကုန်းမှာ သွားပုံလိုက်နဲ့ မြန်မြန်ဆန်ဆန်ပဲ ပြီးသွားတော့တယ်။
နွားကျောင်းသွားဖို့ နွားတွေကို ကြိုးဖြေ လွှတ်လိုက်ရင်း အိမ်တံစက်မြိတ် အစွန်းက ဗွတ်ချွဲငှက်သိုက်ဆီ အကြည့် ရောက်ပြန်တော့ အမေ ငှက်မကြီးက ငှက်ပေါက်လေးတွေကို အစာခွံ့ကျွေးနေတာ မြင်ရတယ်။ မလှမ်းမကမ်းမှာတော့ ငှက်ပေါက်လေးတွေရဲ့ အဖေထင်ပါရဲ့။ ရန်သူ့ အခြေအနေကို အကဲခတ်လို့ ငှက် သားအမိတွေကို ဘာတွေ လှမ်းပြောနေတယ် မသိဘူး၊ တကျိကျိနဲ့ ဆူလို့။ တိရစ္ဆာန် တွေတောင် ဖအေဖြစ်သူက သူ့ ရင်သွေးကို ဂရုစိုက်တတ်ကြတာ။ ကျွန်တော်က ငှက် လောက်တောင် ကံမကောင်းတဲ့သူ။ ကျွန်တော်က လူ့ လောကထဲ ရောက်လာဖို့ကို အားလုံး ငြင်းဆန်မှုကို ခံခဲ့ရတဲ့ သူ။ အားလုံးရဲ့ ဟင့်အင်း ကောင်။
ညီအစ်ကို နှစ်ယောက် ရှိတာမှာ အစ်ကိုဖြစ်သူက တစ် ဖအေ၊ ညီဖြစ်တဲ့ ကျွန်တော်က တစ်ဖအေ။ ဒီလိုဖြစ်လို့ ကျွန်တော် အမေ့ကို စိတ်ဆိုးရ မလိုလိုပေမဲ့ တကယ်တော့ အမေက သနားစရာပါ။
တကယ့် တရားခံအစစ်က ဟို လူကြီး။ ကျွန်တော့်အစ်ကိုရဲ့ အဖေ ဖြစ်တဲ့ အမေ့ယောက်ျား ဆုံးပြီးစမှာ အမေ့ကို ကူညီသလိုနဲ့ ကျောရုံကြံခဲ့တဲ့ ဟိုလူကြီး။ ကိုယ့်တာဝန် ကိုယ် မယူဘဲ မျက်နှာလွှဲခဲပစ် လုပ်တဲ့ လူကြီး။ ကျွန်တော်နဲ့ ရုပ်ချင်း အလွန်တူတဲ့ လူကြီး။ အဲဒီ လူကြီးကို ကျွန်တော် အရမ်း မုန်းတယ်။
••••• ••••• •••••
၂။
ညနေ နွားသွင်းချိန် ရောက်ပြီမို့ နွားတွေကို ရွာရဲ့ အရှေ့ယွန်းယွန်း ဆီက ရေစားရိုးမှာ ရေတိုက်ရတယ်။ နွေဦးရာသီမို့ ဒီရိုးထဲမှာ ရေက နည်းသွားပေမဲ့ မပြတ်ဘူး။ မိုးတွင်းဆိုရင် ကမ်းလုံးပြည့် ရေတွေနဲ့ ရေစီး အလွန်သန်ပါတယ်။ ရိုးရဲ့တစ်ဖက်ကမ်းကိုတောင် ရေလှိုက်စားထားလို့ မြေပဲစိုက်တဲ့ ကိုင်းကွက်တချို့ ကမ်းပါးပြိုခံရတယ်။ မိုးတွင်းအချိန် ဆိုရင် ရေလှိုက်စားတဲ့ နေရာက ရေဝဲကတော့ကြီး တစ်ခု ဖြစ်လာပြီး သူ့ထဲ ကျလာသမျှ အရာတွေကို ရေအောက်ကနေ ဧရာဝတီမြစ်ထဲထိ စုပ်ယူသွားတတ်တယ်။
နွားတွေ ရေသောက်နေတုန်း ရိုးထဲကနေ အထက် ကမ်းပါးယံကို မော်ကြည့် လိုက်မိတယ်။ ကမ်းပါးပေါ် က လမ်းကလေးတောင်မှ ကမ်းပါးနား အတော်ကပ်နေပြီပဲ။ ကျွန်တော်က တစ်ခါ တလေ သူငယ်ချင်းတွေနဲ့ သွားနေကျ လမ်းကနေ ခွဲထွက်ပြီး အဲဒီ လမ်းကလေးကနေ ကျောင်းသွားလေ့ရှိတယ်။ ကျွန်တော်တို့ ကျောင်းက ဟိုး နှစ်မိုင်လောက် ဝေးတဲ့ တစ်ဖက်ရွာက အလယ်တန်းကျောင်းလေးပါ။ နွေရာသီ ဆိုတော့ ဝဲကတော့ကြီးလည်း ဘယ်ချောင်ခိုနေတယ် မသိ။ ဘယ်သောအခါကမှ သူ မရှိခဲ့ဖူး သလိုလိုနဲ့။ ကမ်းပါးပေါ် က လူနှစ်ယောက် ဖြတ်သွားတာ မြင်လိုက်ရတယ်။ ဟို လူကြီး။ ကျွန်တော့်လို မျက်နှာနဲ့ ဟိုလူကြီး ဦးသိန်းသန်းကျော်။
“ဟဲ့နွား...တယ် ဒီနွားတွေ အငြိမ်ကို မနေရပါလား၊ တစ်နေကုန် လိုက်ထိန်းနေရတယ်”
သူ့သဘာဝနဲ့သူ အငြိမ်မနေကြတဲ့ နွားသိုးနဲ့ နွားမကို လှမ်းငေါက်ရင်း ကျွန်တော် မောတောင် မောချင်သလိုပါပဲ။ အိပ်၊ စား၊ ကာမ ဒီသုံးခုသာ သိလို့ တိရစ္ဆာန်လို့ ခေါ် သတဲ့။ ဒါဆိုရင် လူတွေမှာရော...။ အဲဒီ သုံးခုလောက်ပဲ အဓိကထားနေတဲ့ သူတွေကို ကျတော့ လူ့တိရစ္ဆာန်တွေ ခေါ်ရမလား၊ တိရစ္ဆာန်လူတွေလို့ပဲ ခေါ်ရမလား မသိတော့ဘူး။ အဲလို လူတွေကိုလည်း ကျွန်တော် အရမ်း မုန်းပါတယ်။
••••• ••••• •••••
၃။
“အဋ္ဌမတန်း (A) မှ အဖ ဦးသိန်းသန်းကျော်ရဲ့သမီး မရွှေပုံ့ပုံ့ ဆုယူရန် နေရာယူ ပေးပါ”
ပြုံးလိုက်မိသလား၊ မဲ့လိုက်မိသလား မသိပါဘူး။ ကျွန်တော့်နှုတ်ခမ်းထောင့်စွန်း တစ်ဖက် လှုပ်သွားတာတော့ ဘာသာ သတိထားလိုက်မိ တယ်။ ကျွန်တော်တို့ အတန်းပိုင်ဆရာမက ကျွန်တော့်ကို စာနာ နားလည်သလိုလေး ကြည့်နေတယ်။ အားလုံးက ရွှေဘုတ်လို့ ခေါ်ကြပေမဲ့ ကျွန်တော်ကတော့ အမြင်ကတ်ကတ်နဲ့ ဘုတ်အီးမလို့ ခေါ်တဲ့ ရွှေပုံ့ပုံ့ က ကျွန်တော့်ထက် အသက် ၅ လ ကြီးပါတယ်။ သူက အမေ့သမီး မဟုတ်တဲ့ ဟိုလူကြီးနဲ့ ဒေါ်ခင်မိမိတို့ရဲ့ သမီးပေါ့။ ဘုတ်အီးမက ခေါင်းမော့ ရင်ကော့လို့ ကျောင်းသားအားလုံးရဲ့ရှေ့ကို ထွက်လာတယ်။ ကျွန်တော်တို့ ကျောင်းက လစဉ် စာမေးပွဲတွေက ရတဲ့ ဆုတွေကို တစ်လချင်း ကျောင်းသားတွေ စုရုံးရာ ကွင်းပြင်မှာ ပေးနေကျပါ။ ဒီနေရာကို ကျွန်တော် မလိုချင်လို့ ဒီဘုတ်အီးမ ရတယ်ဆိုတာ ဆရာမသာ အသိဆုံး။ ကျွန်တော် အတန်းငယ်စဉ် ဆုရချိန်တုန်းက ဆိုရင် -
“အဖ ဦးဘငြိမ်းရဲ့သား မောင်အောင်အောင် ဆုယူ ရန်..” လို့ အားနာသလို ခပ်တုံ့တုံ့လေး ဖြစ်သွားတဲ့ အခမ်းအနားမှူး ဆရာမရဲ့ အသံကို ပြန်ပြန်ကြားယောင်မိလို့ စာမေးပွဲခန်းက ထွက်ခါနီးတိုင်း ဖြေဆိုခဲ့သမျှ စာတွေကို အောင်မှတ်သာသာ ချန်ပြီး ကြက်ခြေခတ်ခဲ့တာပဲလေ။ ဟုတ်တယ်ဗျာ။ စာဖြေစာရွက်ထဲက ပုစ္ဆာတွေဟာ အမှန် ဖြေထားတယ် ဆိုတာ သိနေပေမဲ့ ကြက်ခြေ ခတ် တစ်ခုကြောင့် အဲဒီ အမှန်တရားက ဘောင်မဝင်ခဲ့သလိုပဲ ဘောင်မဝင်ခဲ့တဲ့ အမှန်တရားတွေလည်း ဒီလောကမှာ ရှိနေပြန်ရော။ အဖြေစာရွက်မှာ ကြက်ခြေခတ်ခဲ့တဲ့ ကျွန်တော်က အပြင်လောကမှာ အဲဒီ ဘောင်ကြီးကို အရွဲ့တိုက် ရိုက်ချိုးကြည့်ဖို့ ကြိုး စားမိခဲ့ပါသေးတယ်။
••••• ••••• •••••
၄။
“ဘုတ်အီးမ”
ကျွန်တော့်အသံ ကြားတာနဲ့ မတူမတန်သလို ခြေဆောင့်ပြီး တစ်ဖက်လှည့်သွားတဲ့ ဘုတ်အီးမရဲ့ရှေ့က ကျွန်တော် ပိတ်ရပ်လိုက်ပါ တယ်။
“နင်... ငါ့ရှေ့က ဖယ်နော်...”
“ရော့...”
“ဒါ... ဘာလဲ”
“ရည်းစားစာ.. ငါက နင့်ကို ပေးတာ..”
“ဘာ...နင်... နင်က... ငါ့ကို ပေးစရာလား”
“ဟားဟားဟား...ချစ်လို့ ပေးတယ်ဟာ၊ နင်လည်း အပျိုဖြစ်ပြီ၊ ငါလည်း လူပျိုဖြစ်ပြီ။ လူပျိုက အပျိုကို ချစ်လို့ ပေးတာပဲဟာ..ဟားဟားဟားဟား....ဟားဟားဟားဟား”
ကျွန်တော်ရဲ့ လှောင်ရယ်သံ အဆုံးမသတ်ခင်မှာဘဲ ဒေါသတကြီး နီမြန်းနေတဲ့ မျက်နှာနဲ့-
"နင်... နင်... ငါ ငါ့အဖေနဲ့ တိုင်ပြောမယ်”
“ဟား... တိုင်လိုက်ပါ၊ တိုင်ဖြစ်အောင်သာ တိုင်လိုက်စမ်းပါဟာ ဟားဟားဟား...။ ဟော ဟိုမှာ ပြောရင်းဆိုရင်း နင့်ရဲ့မယ်တော်ကြီးနဲ့ နင်ရဲ့ မဟာအဖေ လာနေပြီ၊ တိုင်လိုက် သိလား”
ကျွန်တော်တို့ရဲ့ တင်းမာတဲ့ အခြေအနေကို ကြည့်ပြီး ဘုတ်အီးမရဲ့အမေဖြစ်သူ၊ ဟိုလူကြီးရဲ့ တရားဝင်ဇနီး ဒေါ်ခင်မိမိက သူ့သမီး အနား အပြေးအလွှား ရောက်လာပါရော။
“သမီး.. သမီး ဘာဖြစ်တာလဲ၊ ဟဲ့ကောင်... နင် ငါ့သမီးကို ဘာလုပ်တာလဲ ဟင်”
“မေမေ ဖေဖေ...သူ သမီးကို ရည်းစားစာပေးတယ်”
“ဘာ…နင်က ငါ့သမီးကို...၊ ကိုသိန်းသန်း ကောင်းကြသေးရဲ့လား၊ ဒါ.. ဘာ သဘောလဲ၊ တော် ရှင်းပါ အခု ရှင်း”
“ဟိတ်ကောင် မင်း ... မင်း တယ်... ငါ ထိုးမိပါတော့မယ်၊ သွား ငါ့ရှေ့က အခုထွက်သွား”
ကျွန်တော်လည်း ဒေါ်ခင်မိမိနဲ့ ဟိုလူကြီးရဲ့ မျက်နှာတွေ ကြည့်ပြီး အားရလိုက်တာ။ နှစ်ယောက်စလုံးရဲ့မျက်နှာတွေက ဘောင်ကျဉ်းကျဉ်းထဲက အမှန်တရားကို ကြက်ခြေခတ်ခံထားရတဲ့ ရုပ်ကြီးတွေနဲ့။ မအီမလည်နဲ့။
“အဟက်...”
ကျွန်တော် လှည့်အထွက်မှာ ရယ်သံတစ်ချက် လွတ် ထွက်သွားတော့ -
“ခွေးကောင်လေး ... မခန့်လေးစားနဲ့။ ရုပ်ကိုက မထီတရီ ပေကတ်ကတ်နဲ့ လာသမီး၊ ကိုသိန်းသန်း လာသွားမယ်”
“တောက်...”
ဟိုလူကြီးရဲ့ တောက်ခေါက်သံက လေထဲမှာ ပျံ့လွင့်လိုက်ပါလာလို့ ကျွန်တော် သိပ်ကျေနပ်မိတာပါပဲ။
••••• ••••• •••••
၅။
ဒီနေ့ မြို့မှာ ကျောင်းတက်သွားနေတဲ့ ကျွန်တော့်ရဲ့ အစ်ကို ပြန်လာလို့ ကျွန်တော် အရမ်းပျော်နေမိပါတယ်။ အစ်ကိုနဲ့ အတူ စက်ဘီးလည်း ပြန်ပါလာတာကိုး။
“အစ်ကို ညီလေး ကျောင်းကို စက်ဘီးစီး သွားချင်တယ်”
“ရေတွေတက်နေပြီ ညီလေးရ၊ ရိုးထဲမှာတောင် ပြည့်နေပြီ။ နောက်ပြီး စက်ဘီးစီး သွားတယ်ဆိုရင် အဖော်တွေ နဲ့ကွဲပြီး ညီတစ်ယောက်တည်း သွားနေရမှာပေါ့”
“ဟင်... အစ်ကိုကလည်း ရေက ရိုးလုံးချောင်းလုံးပြည့်ရုံပဲ ရှိသေးတာပါ၊ မလျှံသေးပါဘူး။ ၄,၅ ရက်တော့ စီးလို့ ရပါသေးတယ်။ ညီ ကောင်းကောင်း စီးတတ်ပါတယ်၊ ယူသွားမယ်နော်... နော် အစ်ကို”
ကျွန်တော့်ကို ချစ်တဲ့ အစ်ကိုက ပူဆာတာနဲ့ ခွင့်ပြုပေးလိုက်ပါတယ်။ ကျွန် တော့်ပုံစံက အစ်ကိုရဲ့ ဘား တန်းစက်ဘီးကြီးကို စီးလို့ နားထင်သွေးရောက် မြောက်တောက် မြောက်တောက် ဖြစ်နေမယ် ထင်ပါတယ်။ ဒီ အချိန်က စက်ဘီး စီးနိုင်ရင် အကောင်ပဲ။ ရွာထဲမှာ စက် ဘီးစီးနိုင်သူက လက်ချိုး ရေရင်တောင်မှ လက်တစ်ဖက် မပြည့်ချင်ဘူး။ ကောလိပ် ကျောင်းသား အစ်ကို့ အတွက် မဖြစ်မနေ လိုအပ်လို့ အမေနဲ့ အဘက နွားမတစ်ကောင်ကို ရောင်းပြီး မဖြစ်မနေ ဝယ်ပေးထားရတာ။
ကျွန်တော်တို့ ရွာကနေ ရိုးချောင်း တစ်ဖက် ရွာက အလယ်တန်းကျောင်းကို သွား တက်ကြရတဲ့ ကျောင်းသား အားလုံး ခြေလျင်ပဲ သွားကြပါတယ်။ ရွာဘက်က ကမ်းခြေအတိုင်း ၂ မိုင်လောက် လမ်းလျှောက်ပြီးမှ ကျောင်း ရှိတဲ့ တစ်ဖက်ကမ်းကို လှေနဲ့ ကူးရတာပါ။ ကျွန်တော်ကတော့ ဒီနေ့ စက်ဘီးကို လှေပေါ် မတင်ဘဲနဲ့ ကျောင်းထိ စီးချင်တာမို့ ရွာအနောက်ဘက်မှာ ရှိတဲ့ တစ်ဖက်ကမ်း ကူးတဲ့ ပေါင်းကူးတံတားကနေ ကွေ့ပတ်လို့ တစ်ကွေ့တစ်ပတ်ကြီး စီးလာခဲ့ပါတယ်။
ရွာက ကျောင်းသားတွေက ရှေ့က သွားနှင့်ကြပြီမို့ ခုချိန်ဆို တစ်ဖက်ကမ်း ကူးဖို့ ကူးတို့လှေဆိပ်နား ရောက်လုရောပေါ့။ ကိစ္စမရှိဘူး။ ကျွန်တော်က စက်ဘီးနဲ့ပဲ။ သူတို့ အရင်တောင် ရောက်နှင့်မှာပါ။ ကျွန်တော် စက်ဘီးကို ခပ်သွက်သွက် နင်းလာရင်း ရေလှိုက်စားရာ ကမ်းပါးပြိုတဲ့ ရေစုပ်ဝဲကတော့ကြီးနား နီးလာတော့ ရှေ့တူရူက လာနေတဲ့ စက်ဘီးတစ်စီးကို မြင်လိုက်တယ်။ ကြည့်လိုက်တော့ ဟိုလူကြီး၊ ဦးသိန်းသန်းကျော်။
ကျွန်တော့်ကို သူ မြင်တော့ ခပ်လှမ်းလှမ်းဆီကတည်းက ကမ်းပါးဘက်ဆီ ကပ်လို့ ပန်းရှောင်တယ်။ ဒီအခါ ကျွန်တော့်ရဲ့ အရွဲ့တိုက်ချင်စိတ်လေးက ဟုန်းခနဲ ထ,လာပြီး စက်ဘီးချင်းပွတ်ဆွဲ ကပ်ရှောင်ဖို့ သူ ရှောင်တဲ့ဘက်ကို လိုက်ပြီး နင်းလိုက်တဲ့အခါ အရှိန်လွန်ပြီး -
“ဒုန်း...ဖြောင်း... ဝုန်း...”
“ဟာ”
ဟာခနဲ ဖြစ်သွားပြီး စက်ဘီးနှစ်စီးနဲ့ အတူ ကျွန်တော် ကမ်းပါးပြတ်ထဲကို ပြုတ်ကျသွားတော့တယ်။ ပြန်ကြည့်လိုက်တဲ့ အခါမှာတော့ကျွန်တော့်စက်ဘီးက လုံးလုံး ရေထဲ မြုပ်ပါသွားတာ မြင်လိုက်ရတယ်။ ကျွန်တော်ကတော့ ကမ်းပါးစွန်းက ကင်ပွန်းခါးပင်ငုတ်တိုမှာ ပုဆိုးကွင်းစွပ်မိပြီး အသည်းယားစရာ ငြိပါနေပြီး ရေဝဲကတော့ဆီ ဦးတည်နေတဲ့ ဟိုလူကြီးရဲ့ စက်ဘီး စပုတ်တံတွေထဲမှာ ကျွန်တော့် ခြေထောက်တစ်ဖက်က ညပ်လို့ နေပြန်တယ်။ ဟိုလူကြီးရော။ သတိရလို့ လိုက်ကြည့်တော့ စိုးရိမ်တကြီး မျက်ဝန်းတွေနဲ့ ပြိုလုပြိုခင် ကမ်းပါးပေါ်ကနေ ကျွန်တော့်ကို ဆွဲတင်ဖို့ ကြိုးစားနေတာ တွေ့လိုက်ရတယ်။ သူ သူ့စက်ဘီးကို လိုချင်လို့၊ ဆုံးရှုံးမှာစိုးလို့ ကျွန်တော့်ကို ဆွဲတာနေမှာပါ။ ကျွန်တော် တွေးနေတုန်းမှာပဲ -
“စက်ဘီးကို ကန်ထုတ်လိုက်၊ ငြိနေတဲ့ မင်း ခြေထောက်ကို ရအောင် ဆွဲထုတ်၊ မြန်မြန်”
ကျွန်တော် တအံ့တသြ ဖြစ်နေရင်းနဲ့ပဲ သူ ခိုင်းသလို လိုက်လုပ်နေမိပါတယ်။ သစ်ငုတ်နဲ့ ငြိနေတဲ့ ကျွန်တော့် ပုဆိုးလည်း စုတ်ပြတ်မျောပါသွားပြီ။ ဟိုလူကြီးသာ ဆွဲမထားရင် ကျွန်တော်လည်း မျောပါသွားလောက်ပြီ။ လွတ်နေတဲ့ ခြေထောက်နဲ့ စပုတ်တံကြားထဲက ခြေထောက်ကို ရုန်းကန် အထုတ်မှာ ကျွန်တော့်ရဲ့ လှုပ်ရှားမှုကြောင့်ရော၊ ကမ်းပါးစွန်းက ကျွန်တော့်ကို လှမ်းဆွဲထားတဲ့ ဟိုလူကြီးရဲ့ ကိုယ် အလေးချိန်ကြောင့်ရော ကမ်းပါးက တအိအိနဲ့ ဖြစ်လာပါတယ်။ ရေစုပ်ဝဲက စက်ဘီးကို မမီတမီဆွဲ၊ ဟိုလူကြီးက ကျွန်တော့်ကို ဆွဲနဲ့ ရှိနေတဲ့အခိုက် ကျွန်တော့် ခြေထောက်က စပုတ်တံကြားထဲက လွတ်မြောက်တာနဲ့ တစ်ပြိုင်နက် ဟိုလူကြီးရဲ့ သန်မာတဲ့ လက်မှာ ကျွန်တော် စွေ့ခနဲ ပါလာတယ်။ ကမ်းပါးပေါ် အရောက်မှာ ကျွန်တော့်ကို ပွေ့ဖက်ရင်း သူက ဘေးကို လှိမ့်ထွက်လိုက်တာနဲ့ မရှေးမနှောင်းမှာပဲ ကျွန်တော်တို့ ရှိနေခဲ့တဲ့ ခုနက ကမ်းပါးစွန်းဟာ -
"ဝုန်း...”
ဝုန်းခနဲ ပြိုကျသွားပါတော့တယ်။
အဖြစ်အပျက်ကို ကျွန်တော် တုန်လှုပ်စွာနဲ့ ကြည့်ပြီး ဟိုလူကြီးကို ပြန်ကြည့်လိုက်တော့ ကျွန်တော့်ကို ပြန် ကြည့်နေတဲ့ စိုးရိမ်နေတဲ့ သူ့ မျက်ဝန်းတွေကို တွေ့လိုက်ရတယ်။ အကြည့်လွှဲ မသွားဘဲ ကျွန်တော်တို့ မျက်လုံးချင်း အကြာကြီး ဆုံမိကြတဲ့အခါ ကျွန်တော့် ကိုယ်ထဲက သွေးတွေဟာ ပြောင်းပြန် စီးဆင်းသွားသလိုပါပဲ။ ကျွန်တော့်အတွက် နာကျင်ဝမ်းနည်း ကြေကွဲမှုတွေ၊ ဝမ်းသာပီတိနဲ့ ကျေနပ်မှုတွေ၊ မျှော်လင့်ခြင်းနဲ့ ကြည်နူးခြင်းတွေ သူ့ ရင်ထဲက အမှန်တရားတွေကို တစ်ခုစီ၊ တစ်ခုစီ ပြောပြနေတဲ့ လူကြီးမျက်ဝန်းထဲက စကားတွေကို မလွတ်တမ်း ကျွန်တော် လိုက်ဖတ်နေခဲ့တယ်။ ကျွန်တော့်ကို ဆုံးမချင်တဲ့ စကားတွေ၊ “သား” လို့ အကြိမ်ပေါင်းများစွာ ခေါ်နေတဲ့ အဖေ့ရဲ့ အသံတွေကို အဖေ့ရဲ့ မျက်ဝန်းတွေက တစ်ဆင့် ကျွန်တော့်ရဲ့ နှလုံးသားက ကြားလိုက်ရတယ်။ ကျွန်တော့် ရင်ထဲက စကားသံတွေနဲ့ “အဖေ” လို့ မွတ်မွတ်သိပ်သိပ် တမ်းတ ခေါ်မိတဲ့ အသံတွေကိုလည်း ကျွန်တော့် မျက်ဝန်းက တစ်ဆင့် အဖေရင်ဘတ်နဲ့ ကြားပုံ ပေါ်ပါတယ်။ အဖေ့မျက်နှာက ကျွန်တော့်ကို နှစ်သိမ့်ပေးတဲ့ အပြုံးနဲ့။
ကျွန်တော့် ရင်ထဲမှာ ဘဝကြီးကို စိန်ခေါ်နိုင်မယ့် အားအင်အသစ်တွေ ရောက်လာသလိုပဲ။ ကျွန်တော် ကျေနပ်တယ်။ ကျွန်တော့်ဘဝ ရှေ့ဆက်ဖို့ ခွန်အားတွေ အများကြီး ရလိုက်ပါပြီ။ ကျွန်တော့် ရင်ထဲက အမှန်တရားကို အဖေ့မေတ္တာနဲ့ အသိအမှတ် ပြုပေးသလို အဖေ့ဘဝမှာ မှားခဲ့ဖူးခဲ့တဲ့၊ အဖေ့ရင်ထဲမှာ သိုဝှက်ထားတဲ့ နောင်တ အမှား တစ်ခုကို သား သင်ပုန်းချေလိုက်ပါပြီ။ အဖေ့ရင်ထဲမှာ ဂုဏ်ယူလောက်တဲ့ သားကောင်း ဖြစ်အောင် သား ကြိုးစားမယ် အဖေ။
ကျေနပ်ပျော်ရွှင်သွားတဲ့ အဖေ့မျက်ဝန်းတွေကို ကြည့်ရင်း ကျွန်တော့် ရင်ထဲက ဆုံးဖြတ်ချက်တွေ၊ ရည်မှန်းချက်တွေက ကျေနပ်ပျော်ရွှင်ခြင်းတွေနဲ့အတူ တိုးလို့ တိုးလို့သာပါပဲ။
▢ နှင်းဝေဝေ ( ပွင့်ဖြူ )
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၂၀
No comments:
Post a Comment