❝ ကလောင်ချစ်သူ❞
( တိမ်တမာန် - ရွှေပြည်သာ )
ငယ်ငယ်က သောကြာနေ့သည် ကျွန်တော်တို့ တစ်ပတ်လုံး မျှော်လင့်စောင့်စားခဲ့ရသော နေ့တစ်နေ့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စနေ၊ တနင်္ဂနွေ ကျောင်းနှစ်ရက် ဆက်တိုက် ပိတ်တာမို့ ကျောင်းဆင်းသည်နှင့် လွယ်အိတ်ပစ်ချပြီး စာအုပ်ဆိုင်သို့ အလုအယက် ပြေးကြသည်။ ကျွန်တော်က သမိန်ပေါသွပ် ကြိုက်သလို ကျွန်တော့်ညီမက ချစ်စမ်းမောင် ကြိုက်သည်။ ညီအကြီးက တင်အောင်နီ ကြိုက်သလို ညီငယ်က တွတ်ပီ ကြိုက်သည်။
အမေက တစ်ယောက် တစ်အုပ်သာ ငှားခွင့်ပေးပေမယ့် မောင်နှမ လေးယောက် လေးအုပ် ဖတ်ရသည်။ တစ်ပတ်မှာ တစ်ရက်သာ ဖတ်ခွင့်ရသော စာအုပ်။ ကျန်တဲ့ တစ်ရက်သည် ကျောင်းမှ ပေးသော အိမ်စာ လုပ်ရသည်။
ခု အသက်အရွယ် ရလာတော့ သောကြာနေ့သည် ကျွန်တော် စာမူလေးများ ပါလိုပါငြား လေအန်ကုန်းသို့ ဇနီးသည် ထည့်ပေးလိုက်သော ငွေထောင့်ငါးရာနှင့် လွယ်အိတ် တစ်လုံး။
ကျွန်တော့်သားသမီး သုံးယောက်လည်း အိမ်မှ စာအုပ် မပြောနှင့်၊ လမ်းမှ ဆိုင်းဘုတ်ပင် မဖတ်။ စာအုပ်တွေလည်း ရှားကုန်ပြီလေ။ ပတ်ဝန်းကျင် ဗဟုသုတလည်း မရှိ။ ဘယ်ရှိမတုန်း၊ အချိန်ပြည့် မျက်စိက ဖုန်းမှာ...။ ဖုန်းတွေ ပေါ်လာ ကတည်းက စာအုပ်တွေ မျက်နှာငယ်လာကြရသည်။ စာသားများသည်လည်း Face book မှာသာ အရေး များလာကြသည်။ ကျွန်တော်နှင့် သိကျွမ်းသော လိုင်းပေါ်မှ အလွန်တော်သော ကလေးမလေး တစ်ယောက်အား လိုင်းပေါ်မှ ဆွဲချပြီး ပုံနှိပ်စာအုပ်ပေါ် တင်ပေးလိုက်သည်။ စာလုံးမည်းလေးနှင့် စာမျက်နှာပေါ်မှ ပီတိသည် မည်သည့် ခံစားမှုနှင့်မျှ မတူ။ ကြည်နူးလိုက်ပါဘိ။
ကျွန်တော်၏ ဇနီးသည်လည်း တော်ရုံ ပါရမီဖြည့်သူ မဟုတ်။ အာမခံချက် မရှိသော အသပြာကို ဝမ်းစာ မလုပ်သော စာရေးဆရာ ကျွန်တော့်ကို သူ့စရိတ် သူ ရှာစားရုံမက ကျွန်တော်နှင့်တကွ ကလေးသုံးယောက် တာဝန်သည် သူ့ ခေါင်းပေါ်သာ.. ။ ကျွန်တော့်အား ဤကဲ့သို့ ပါရမီဖြည့်သူလေးသည် စာတစ်လုံးမျှ မတတ်။ သို့သော် လောကမှ သင်ပေးသော သင်ခန်းစာများ အပြည့်ရှိသည်။
သူ ပေးလိုက်သော ထောင့်ငါးရာသည် အမှန်ဆို မလောက်။ ကျွန်တော်လည်း လမ်းထိပ်မှ ၆၅ စီး၊ နှစ်ရာကျပ်၊ မဟာမြိုင်ဆင်း၊ ၃၇ ပြောင်းစီး၊ ဆူးလေသို့ သုံးရာကျပ်။ အသွားအပြန် တစ်ထောင်။ လေအန်ကုန်း ရောက်တော့ ယောင်တောင် ပေါင်တောင် ဟိုနား ကပ်ထိုင်၊ သည်ဝိုင်း ကပ်ထိုင်။ တပည့်လေးတွေ လာမှ-
“ဟာ.. ဆရာ၊ ဘာစားမလဲ၊ ဘာသောက်မလဲ။ တစ်ခုခု သောက်ပါ”
“ဟာ .. နေပါစေကွာ”
ဟန်ဆောင်ပန်ဆောင် ငြင်း။
“ဟာ...ဆရာကလည်း၊ မဟုတ်တာ။ လုပ်ပါ။ ဟေ့...ကလေးတွေ ဒီကိုလာပါဦးဟ”
သူတို့က အတင်းမှ တကယ့် အတင်း ဆိုတော့ ဟိုလိုလို သည်လိုလိုနှင့် ပြီးတာ များနေသည်။ စာမူခ ထုတ်ရက်ဆို စာအုပ်ဝယ်၊ စာအိတ်ဝယ်၊ ဘောလ်ပင်ဝယ်နှင့် (ကလေးတွေဖို့ အပါ) ကုန်လာသည်က ခပ်များများ။
ကျွန်တော့်ဇနီးသည်သည် ကျွန်တော့်ဆီမှ တန်ဖိုးရှိသော စည်းစိမ်ဥစ္စာများထက် ကျွန်တော့်၏ ကလောင်ကိုသာ ဂုဏ်ယူမြတ်နိုး တန်ဖိုးထားပါသည်တဲ့ဗျာ။
▢ တိမ်တမာန် (ရွှေပြည်သာ)
📖 မဟေသီ မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၂၀၁၉
No comments:
Post a Comment