Monday, August 24, 2026

ကြိုးအသစ်


❝ ကြိုးအသစ် ❞
( ရွက်လှ - ရန်ကင်း )

“ဘယ်မှာ ဆိုင်ဖွင့်ထားလဲ ကိုပွား”

“ဦးမွန်းတို့ အိမ်ဘေးမှာပါ”

“ကောင်းတာပေါ့။ ကိုယ်တို့နဲ့ နီးသွားတယ်။ ဒါနဲ့ ကိုပွား အဆင်ပြေတယ်မို့လား”

“ဟုတ်ကဲ့၊ အဆင်ပြေပါတယ် ခင်ဗျ”

“ကြားရတာဝမ်းသာပါတယ်ဗျာ”

“ဟုတ်ကဲ့။ အာစရိလည်း လျှပ်စစ်နဲ့ ပတ်သက်လို့ တစ်ခုခု လိုအပ်တာရှိရင် ကျွန်တော့်ဆီ ဖုန်းတစ်ချက် ဆက်လိုက်ပါ။ ချက်ချင်းလာခဲ့ပါမယ်”

“ကောင်းပါပြီဗျာ”

••••• ••••• •••••

တစ်လကြာသော်-

နံနက် ၈ နာရီအချိန်တွင် ကိုပွားထံ ဖုန်းဆက်လိုက်သည်။ ကိုပွားက ချွတ်ယွင်း (ပျက်) သည့် ပစ္စည်းအကြောင်းကို မေးသည်။ မီးဖိုကွိုင်ကြိုး ပြတ်၍ ကြိုးအသစ် လဲလိုကြောင်း ပြောပြလိုက်သည်။

“ဟုတ်ကဲ့ သိပါပြီ။ ခုလာခဲ့ပါမယ်” ဟု ပြောကာ ဖုန်းချသွားလေသည်။

••••• ••••• •••••

နေ့လယ်ပိုင်း၌ နောက်တစ်ကြိမ် ဖုန်းဆက်ကြည့်လိုက်သည်။ ကိုပွားအမျိုးသမီး ဖုန်းကိုင်သည်။

“ကိုပွား ရှိလားခင်ဗျ”

“သူ မရှိဘူးရှင့်”

“ဘယ်သွားနေလဲဗျ။ မနက်တည်းက ဖုန်းဆက်ထားတာ မီးဖိုကွိုင် ကြိုးအသစ် လဲဖို့လေ။ ခုထိ မလာသေးလို့။ ဟင်းအိုး တန်းလန်းနဲ့ မို့ပါ”

“ဟုတ်ကဲ့ရှင့်။ သူ ပြန်လာရင် ပြောပြလိုက်ပါမယ်”

“ဘယ်သွားနေလို့လဲဗျ”

“အိမ်တစ်အိမ်ကို သွားနေပါတယ်”

“အဲဒီအိမ်က မီးကြိုး အဟောင်းတွေ အားလုံးကို ဖြုတ်ပြီး မီးကြိုးအသစ်တွေနဲ့ လဲမှာဖြစ်လို့ ကြာမယ်ရှင့်”

“ဪ... ဟုတ်ကဲ့။ ကိုပွား လာရင်သာ ဆက်ဆက် ပြောပေးပါဗျာ”

ကိုနန်း ဖုန်းကိုပိတ်ရင်း ပြုံးလိုက်ပါသည်။

▢  ရွက်လှ (ရန်ကင်း)
📖 မဟေသီ မဂ္ဂဇင်း
      ဇူလိုင် ၊ ၂၀၁၉

No comments:

Post a Comment