Monday, August 3, 2026

ကံကောင်း


❝ ကံကောင်း ❞ 
( ခင်လပြည့်ဝန်း )

သူနဲ့ ကိုမောင်လွင်တို့ စုလျားရစ်ပတ် လက်ထပ်မင်္ဂလာ ပြုကြတော့မယ်ဆိုတဲ့ သတင်းကြားတော့ တားသူက တားကြ၊ ကဲ့ရဲ့သူက ကဲ့ရဲ့ကြနဲ့၊ အားပေးတဲ့သူက နည်းပါတယ်။

“မိစံရယ် အံ့ပါအေ။ ညည်းနှယ် ဒီအရွယ်ထိ အပျိုကြီးဘဝနဲ့ နေလာခဲ့ပြီးမှ အေ။ ကိုယ့်လယ်၊ ကိုယ့်ယာ၊ ကိုယ့်စီးပွားရေးနဲ့ ရပ်တည်လာနိုင်ပြီးမှ” 

“ကျုပ်ဖြင့် အံ့သြလွန်းလို့ပါ မိစံ။ အသက်သုံးဆယ့်ရှစ်နှစ်မှ ယောက်ျားယူရတယ်လို့။ ယူမယ့်ယူ အသက်အစိတ်လောက် ကတည်းက ယူတာမဟုတ်ဘူး”  

“တော်သေးတာပေါ့။ ကိုမောင်လွင်လည်း ညည်းနဲ့ သက်တူရွယ်တူ လူပျိုကြီးမို့။ မဟုတ်ရင် ရွာက လူတွေ ကဲ့ရဲ့လိုက်မှာများ” 

“အိုအေ ... လူပျိုအပျို ယူတာ ဘာဖြစ်လဲ။ နှစ်ဖက်မိဘတွေမှ မရှိတော့တာ။ ကိုမောင်လွင်ကလည်း ဒီရွာသားပါပဲ။ ပြီးတော့ ပညာလည်း တက္ကသိုလ်ပထမနှစ်ထိ သင်ခဲ့ဖူးတာပါ။ ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက် ဆိုတာ သိတယ် မဟုတ်လား။ ဂရုစိုက်မနေနဲ့။ ဘယ်သူ့မှ ထိခိုက်တာလည်း မဟုတ်ဘဲနဲ့” 

နောက်ဆုံးတော့ ကိုမောင်လွင်နဲ့ မိစံတို့ ရွာဦးဘုန်းကြီးကျောင်းမှာ မင်္ဂလာဦး ဆွမ်းကျွေးပြီး လက်ထပ်ကြတော့ ရွာလုံးကျွတ် ဒီပွဲကို လာတာပါပဲ။ ကွယ်ရာမှာရော၊ ရှေ့မှာပါ သူတို့နှစ်ယောက် မင်္ဂလာဆောင်မယ် ဆိုတော့ ကဲ့ရဲ့ကြတဲ့သူတွေဟာ သူတို့ မဟုတ်သလိုဘဲ။ နှစ်ယောက်စလုံး ရှေ့သွားနောက်လိုက် ညီပါတယ်တို့၊ နေနဲ့လလိုပဲလို့ ပြောတာတွေနဲ့ မွှမ်းနေတာပါပဲ။ မစံက တစ်ချိန်က ရွာမှာ အချောအလှစာရင်း ဝင်ဖူးပါတယ်။ အသက်အရွယ် ရလာတော့ နည်းနည်းဝလာတာက လွဲရင် ချောလှတုန်းပါပဲ။ ကိုမောင်လွင် ကတော့ အစကတည်းက အသားညိုညို၊ ခပ်ပိန်ပိန်ဆိုတော့ ထူးပြီး မချောတဲ့သဘောတော့ ရှိတာပေါ့။ 

သူတို့နှစ်ယောက် လက်ထပ်ပြီး နှစ်နှစ်အထိ ကလေး မရကြတော့ မိစံက ကိုမောင်လွင်ကို ဒီလို ပြောလာတယ်။ 

“ကိုမောင်လွင်၊ မိစံတော့ ဒီတစ်သက် ကလေး မရတော့ဘူးဆိုတော့ ကလေးတစ်ယောက်လောက် မွေးစားရင် ကောင်းမလား။ ကိုမောင်လွင်ရော ဘယ်လို သဘောရလဲ”

မစံ စကား ကြားတော့ ကိုမောင်လွင်က ဘဝင်မကျဘူးလေ။

“ကိုယ်တို့ နှစ်ယောက်တည်းနဲ့တင် ဘဝပြည့်စုံနေပါပြီ မိစံရယ်။ ဘာဖြစ်လို့ အပူရှာမှာလဲ။ ကိုယ်မွေးစားတဲ့ ကလေးက ဗီဇဆိုး၊ မျိုးရိုးညံ့တဲ့သူ ဖြစ်နေရင် ကိုယ့်သွေး သား မဟုတ်ဘဲ အပူတွေရှုပ်နေဦးမယ်”

အစကတော့ ကိုမောင်လွင်က ခါးခါးသီးသီး ငြင်းတော့တာပဲ။ ဒါပေမဲ့ သူကိုယ်တိုင်လည်း လင်နဲ့မယား နှစ်ယောက်တည်း နေတဲ့ အိမ်ကြီးထဲမှာ တစ်ခုခု လိုသလို ခံစားလာရတယ်။

••••• ••••• •••••

“သနားပါတယ်ဟယ်။ အေးမာလေးက လင်ကံကို မကောင်းတာပါအေ။ သူ့ခမျာ”

တစ်နေ့ မိစံတို့ ရွာမှာ စိတ်မကောင်းစရာ သတင်း ကြားလိုက်ရပါတယ်။ ရွာနောက်ပိုင်းမှာ နေတဲ့ ဖိုးအေးရဲ့မိန်းမ အေးမာ လယ်ထဲအသွား ပိုးထိပြီး သေသွားတယ်။ အဖော်လည်း မပါ၊ တစ်ယောက်တည်း ပိုးထိနေတဲ့ အေးမာကို ရွာထဲက မသန်း တွေ့တော့ အချိန်လွန်နေပြီ။ ဖိုးအေးဆိုတာက လွန်ခဲ့တဲ့ ခြောက်လလောက်က မိစံတို့ ရွာသစ်ရွာနဲ့ ကပ်ရပ် ထန်းတောဆိုတဲ့ ရွာမှာ အရက်မူး စကားများပြီး လူတစ်ယောက်ကို ဓားနဲ့ခုတ်မိလို့ ထောင်ကျသွားတာ။ ဖိုးအေးလည်း ထောင်ကျပြီး မကြာဘူး ထောင်ထဲမှာ နေမကောင်းလို့ သေပါရော။ အေးမာရဲ့ ဗိုက်ထဲမှာ ကလေးသုံးလနဲ့ ကျန်ခဲ့တာ။ ဖိုးအေး သေပြီး လပိုင်းလောက် အေးမာ မျက်နှာမြင်တယ်။

ယောက်ျားလေး ဆိုတော့ အေးမာဘဝ အားကိုးဖော် ရပြီဆိုပြီး ရွာထဲက လူတွေက ပြောကြဆိုကြတယ်။ ဝမ်းရေးအတွက်မို့ သွေးနုသားနုပေမယ့် လယ်ထဲဆင်းမယ် ဆိုပြီး အေးမာက ပြောတော့ အခင်းရှင်တွေက လက်မခံခဲ့ဘူး။ အေးမာမှာ အဒေါ်ရင်းတွေ ရှိပေမယ့် သူတို့မှာလည်း မိသားစုတွေနဲ့ လည်ပတ်နေရတော့ အေးမာကို ငွေကြေး မကူညီနိုင်ကြဘူးလေ။ ကလေးကလည်း လသားလေးမို့ ငယ်သေးတယ်။ လယ်အလုပ် လုပ်ဖို့ မလွယ်တာတော့ အမှန်။ ရွာအရှေ့ပိုင်းမှာ နေတဲ့ အရီးကျော့ဆီ အကူအညီ တောင်းမယ်ဆို ပြောပြီး မတူးကို ကလေးငယ် ခဏအပ်ခဲ့တယ်။ အရီးကျော့က လယ်ထဲမှာ ဆိုတော့ အရီးကျော့ရှိတဲ့နေရာကို အေးမာ သွားတာဖြစ်မယ် ထင်တယ်။ မသန်းက အရီးကျော့ လယ်ထဲက ပြန်အလာ အေးမာ ပိုးထိပြီး လဲနေတာတွေ့တာပဲ။ ဒါပေမဲ့ အချိန်မမီဘူးလေ။

ရွာထဲမှာ ဒီတစ်ရက်၊ နှစ်ရက်အတွင်း အေးမာအကြောင်း ပြောလို့ မဆုံးပေါင် တောသုံးတောင် ဆိုတာလိုပဲ စုတ်တသပ်သပ်နဲ့ပေါ့။

“သနားလိုက်တာအေ”

“ဖြစ်ရလေ အေးမာရယ်။ သူ့ကလေး ဘယ်လိုလုပ်ရပါ့”

“ဒီကလေးလေး ကုသိုလ်ကံကိုက ဆိုးတာ။ အဖေလည်း မမြင်လိုက်ရ၊ အမေနဲ့လည်း အကြာကြီး မနေလိုက်ရရှာဘူး”

“အေးလေ။ ဒီကလေးရဲ့ ကုသိုလ်ကံပဲ။ ခုဆို ဒီကလေးကို ရွာထဲက အိမ်တွေ တစ်လှည့်စီ ကျွေးမွေးပြုစုနေလို့သာရယ် မဟုတ်ရင် မလွယ်ဘူး”

••••• ••••• •••••

“တခြားနေရာတွေမှာ အလိုလိုက် အကြိုက်ဆောင်ပေးမယ် မစံ ဒီနေရာတော့ ကိုမောင်လွင် အလိုမလိုက်နိုင်ဘူး။ ဘယ့်နှယ် ကိုယ့်သွေးသားလည်း မဟုတ်ဘူး။ သူများ ကလေးကို ကိုယ့်ကလေးလို သဘောထား မွေးဖို့ဆိုတာ အများကြီးစဉ်းစားဖို့လိုတယ်။ လွယ်လွယ်ကူကူနဲ့တော့ မဆုံးဖြတ်နိုင်ဘူး”

အိမ်ထောင်သက် လေးငါးနှစ်မှာ တစ်ခါမှ စကားမများဖူးတဲ့ ကိုမောင်လွင်နဲ့ မိစံတို့ အကြီးအကျယ် စကားများကြတော့တယ်။ ကံဆိုးမ အေးမာရဲ့ ကလေးကို မိစံက မွေးချင်တယ်။ ကိုမောင်လွင်က သဘော မတူ။ အကြိတ်အနယ် စကားများကြတယ်။ နောက်ဆုံးမှာ ကိုမောင်လွင်နဲ့ မိစံ စကား များ၊ ရန်ပွဲလေးဖြစ်ရာက မိစံ ခေါင်းမူးပြီး ပစ်လဲကျသွားတဲ့အထိပဲ။ ထုံးစံအတိုင်း မိန်းမကို စိတ်မဆင်းရဲစေချင်တာကြောင့် ကိုမောင်လွင် မိစံရဲ့ဆန္ဒ လိုက်လျောလိုက် ရတယ်။

ပြောရရင် အေးမာသားလေး တကယ် ကံကောင်းသွားတာပေါ့။ အေးမာသားလေး ဘဝပြောင်း ကံကောင်းပြီး ဦးမောင်လွင်နဲ့ ဒေါ်မိစံတို့သား မောင်ကံကောင်းလေး ဖြစ် သွားခဲ့ရပြီ။ ရွှေပင်နားတော့ ရွှေကျေး ဖြစ်သွားတဲ့ မောင်ကံကောင်းလေးဟာ တစ်သွေးတစ်မွေး ချစ်စရာကောင်းလာတယ်။ ကိုမောင်လွင်ကတော့ အစကတည်းက သဘောတူပြီး မွေးစားတာ မဟုတ်လေတော့ မှန်တန်းပါပဲ။

“ဟော... ဖေကြီးရေ၊ သားကိုခေါ်ပါဦး”

အဲဒီလိုမျိုး မိစံက ပြောလာရင် .. 

“မင်းကလေး မင်းဘာသာထိန်း။ ငါ မအားဘူး”

“ကိုမောင်လွင် ... အဲလို မပြောပါနဲ့။ ဒီသားလေး မွေးတဲ့ အချိန်ကစပြီး စပါးတွေ၊ ပဲတွေ အဆင်ပြေပြီး ဈေးကောင်းရလာတာလေ။ ကံကောင်းလေးက မိစံတို့ကို အကျိုးပေးပါတယ် ကိုမောင်လွင်ရဲ့”

“မဆိုင်ပါဘူး မိစံရာ။ အကျိုးပေးချိန် ကျရင် အကျိုးပေးတာပါပဲ။ ဒါကလည်း တိုက်ဆိုင်မှု တစ်ခုပါပဲ”

ကိုမောင်လွင်က ခပ်မှန်မှန်ပဲ စကားကို ပြောနေတော့ မိစံက အားမရ။

“ကိုမောင်လွင်ရယ် သားလေးကံကောင်းကို ကိုယ့်သားအရင်းလို ရှင် သဘောထားပြီး ဆက်ဆံလိုက်ရင် ရှင့်စိတ် ထဲမှာ အေးချမ်းသွားမှာပါ။ ကံကောင်းလေးကို မိစံရဲ့ သားအရင်းလို့ ကိုမောင်လွင် အောက်မေ့ပြီး ချစ်ကြည့်ပါလား”

“မိစံရဲ့သားလို့ သဘောထားရင် မိစံ ဘာသာ မိစံ ချစ်။ ကိုမောင်လွင် ကတော့ ကိုယ့်သွေး မဟုတ်လို့ ကိုယ့်သွေးလို့ သဘောမထားနိုင်ဘူး။ ဒါပဲ”

ကိုမောင်လွင်က စကားပြောတော့ ပြတ်တယ်။

မဟုတ်ဘူး။ ဒီကလေး ကံကောင်းလေးနဲ့ ပတ်သက်လာရင် အဲဒီလိုကို အပြတ်ပြောတာ။ ကံကောင်းလေးကို မွေးစားခွင့်ပြုတာပဲ တော်လှပြီလို့ အောက်မေ့ပြီး မိစံလည်း ကံကောင်းလေးကို ပြုစုယုယဖို့၊ ချီပိုးဖို့ ဆက် အတွန့်မတက်တော့ပါဘူး။

••••• ••••• •••••

ကံကောင်းလေးက ရုပ်ရည်လည်းသန့်ပါရဲ့။ အသက်ကလေး တစ်နှစ်၊ နှစ်နှစ် အရွယ်ရောက်တော့ ဝဝကစ်ကစ်နဲ့ ချစ်စရာလည်း ကောင်းလာပါရဲ့။ စကားတတ်ခါစ အရွယ်မှာ စကားပြောတော့ နည်းနည်းထစ်တယ်။

“ဒါ ... သူ့အဖေရင်းနဲ့ တူတာ။ ဟို လူဆိုးကောင်ဖိုးအေးက စကားပြောရင် ထစ်တယ်လေ။ လူကသာ မိုက်တာ ဘယ် တော့မှ စကားကို ချောအောင်မပြောနိုင်ဘူး။ မိန်းမချောချောလည်း ရအောင်ယူတတ်ပါ့။ မိုက်တဲ့ကောင်လေ။ အေးမာကိုတော့ သနားပါရဲ့” 

အစကတည်းက “ကံကောင်း” လေးကို သိပ်ကြည်တာမဟုတ်တဲ့ ကိုမောင်လွင်လေ။

မိတ်ဆွေတွေက တစ်ယောက်တစ်ပေါက်နဲ့ ကံကောင်းလေး စကားထစ်တာကို အပြစ် တစ်ခုလို ချဲ့ပြီး ပြောကြတော့ ဒီကလေးကို မွေးစားတဲ့ မိစံ အပေါ် ဒေါသ ပိုပေါက်ကွဲသွားတာပေါ့။

“ကလေးကို ချစ်တာလည်း ကြည့်ချစ်။ မျိုးရိုး မသန့်တဲ့ကလေးနော် သေချာဂရုစိုက် ပြီးနေ။ နောက်မှ ကိုမောင်လွင့်အဆိုး မဆိုနဲ့နော်။ သိလား"

“ရှင်ကလည်း ရှင်။ ဘေးလူတွေ ပြောတဲ့ စကားကြောင့် ကလေးကို ဒီလိုမပြောပါနဲ့။ ခု ကံကောင်းလေးက ကျွန်မသား ဖြစ်နေပြီပဲဟာ”

“သွေးက စကားပြောတယ်ကွ။ ခု ကလေးက ငယ်ငယ်လေး ရှိသေးတယ်။ သူ့ အဖေနဲ့ ရုပ်လုံး တဖြည်းဖြည်း တူလာနေပြီ”

“တော်ပါတော့ ကိုမောင်လွင်။ တစ်ချိန်မှာ ရှင်ဟာ ကံကောင်းလေးကို တန်ဖိုးထား ချစ်တတ်လာမှာပါတော်” 

“မထင်ပါနဲ့။ ဖြစ်လာမှာ မဟုတ်ပါဘူးဟ။ ခုတောင် ကြည့်ပါလား။ သူ့အဖေပုံစံ အတိုင်း အေ .. မေ၊ အေ ... မေနဲ့

“အမေလို့ ခေါ်တာပါတော်” 

“သေချာနားထောင်ကြည့်။ ဖိုးအေးက သူ့မိန်းမ အေးမာ ... အေးမာနဲ့ ခေါ်သံလို ငါ့နားထဲကြားနေတာ သိလား မိစံ” 

ကြံကြံဖန်ဖန်တော်။ ရှင်က ကလေး ဘာလုပ်လုပ် အပြစ်မြင်နေတော့တာကိုး။ ဒုက္ခပါပဲ။ မဟုတ်မဟတ်တွေ တွေးမနေနဲ့တော့” 

ကံကောင်းလေး ကျောင်းနေရမယ့် အရွယ်ရောက်တော့ ကိုမောင်လွင်ရဲ့ ဆန္ဒအတိုင်း ရွာဦးဘုန်းကြီးကျောင်း (ဘ.က) ကျောင်း ပို့လိုက်ပါတယ်။ တစ်ရွာလုံးကလည်း ကံကောင်းလေးရဲ့ ရာဇဝင်သိနေတော့ သနားတဲ့လူလည်း ပါတယ်၊ ဣသာ ဖြစ်ကြတဲ့သူတွေလည်း ပါတယ်၊ နှိမ်ချင် ပြုချင်တဲ့သူတွေလည်း ပါတယ်ပေါ့။ ကံကောင်းကို အနိုင်ကျင့်ချင်တဲ့သူတွေ ပါပေမယ့် ဘဘုန်းရဲ့ ကြိမ်လုံး ကြောက်တာကြောင့် ကျောင်းဝိုင်းထဲမှာ အနိုင်မကျင့်ရဲကြဘူး။

ကျောင်းဝိုင်းအပြင် ရွာထဲရောက်မှ တချို့ကျောင်းသား မိုက်ခဲတွေက အနိုင်ကျင့်ကြတယ်။

တစ်ရက်ကဆို အောင်ကြီး ဆိုတဲ့ ကျောင်းသား ကံကောင်းရဲ့ လွယ်အိတ်နဲ့ သူ့ လွယ်အိတ် လဲပြီး ပေးလိုက်တယ်။

“အေး .. မင်းက မွေးစားသားဆိုတော့ လွယ်အိတ်အဟောင်းနဲ့ပဲ ကျောင်း တက်ပေါ့” 

ဆိုပြီး ပခုံးလွယ်အိတ်အစုတ်နဲ့ ကံကောင်းစာအုပ်တွေ လဲထည့်ပေးလိုက်တယ်။

“မင်းရဲ့ မွေးစားအမေကို ငါ ယူပြီး လဲပေးလိုက်တယ်ဆိုတာ ပြောလိုက်ရင် ဒီမှာ တွေ့လား လက်သီး။ မြင်တယ်နော်၊ ဒီလက်သီးနဲ့ မင်းသွားတွေ ကျွတ်ပြီး ကျိုးအောင် ငါထိုးမှာ။ သိလား”

နဂိုက လူတွေကို ကြောက်တတ်တဲ့ ကံကောင်း ကျောင်းသားလူမိုက် အောင်ကြီးကို ဘာမှ ပြန်မပြောရှာနိုင်ဘူးလေ။

“ဟဲ့ ... သား ကံကောင်း၊ မင်း လွယ်အိတ်ရော။ ဒါ မင်းလွယ်အိတ်မှ မဟုတ်ဘဲ။ ဘယ်သူ့လွယ်အိတ်လဲ။ ပြီးတော့ အဟောင်းကြီး။ အမေက မင်းကို လွယ်အိတ် အသစ်ဝယ်ပေးထားတာ ဘာကြာသေး တာမှတ်လို့” 

မိစံက မေးတော့ ကံကောင်း ပါးစပ်ပိတ်ပြီး ဘာစကားမှ မပြောဘဲ ငြိမ်နေလိုက်တာ။

“တွေ့လား မိစံ။ နင့်သား အကျင့်ကောင်းတတ်နေပြီး ဘာဖြစ်လို့ မိစံဝယ် ပေးတဲ့ လွယ်အိတ်အသစ် သူ့မှာ မရှိတာလဲ၊ ဘာလုပ်ပစ်လဲ မေးလေ။ ဒီလွယ်အိတ်အစုတ်ကို ဘယ်လိုလုပ်ရလာတာလဲ မေးစမ်း။ တယ်...သူ့အဖေအကျင့်အတိုင်း မဟုတ်တာ လုပ်တတ်ရင်တော့ ငါ အိမ်မှာ မထားဘူး မိစံရေ” 

ယောက်ျားဖြစ်တဲ့သူက ဆူပူကြိမ်းမောင်းတော့ မိစံလည်း ဒေါသထွက်လာတယ်။ မရိုက်စဖူးနဲ့ ကံကောင်းရဲ့တင်ပါးကို ဝါးခြမ်းပြားနဲ့ ဆော်ထည့်လိုက်တာ။ တစ်ခါမှ အရိုက်မခံရဖူးတဲ့ ကံကောင်းလည်း ကြောက်လန့်ပြီး အောင်ကြီး ဗိုလ်ကျတဲ့ အကြောင်း ငိုကာယိုကာနဲ့ ပြောပြတော့တာပေါ့။

မိစံလည်း ထဘီတိုတို ဝတ်ပြီး ရွာအရှေ့ဘက်က အောင်ကြီးတို့အိမ် ထွက်လာခဲ့တယ်။ အောင်ကြီးအမေ မဗျိုင်း ကိုလည်း စိတ်တိုတိုနဲ့ ပြောပစ်လိုက်တယ်။

“အောင်မယ်လေးတော် မွေးစားသားမို့သာပဲ။ သူ့ဗိုက်ကထွက်လာတဲ့ သားအရင်းဆို ခေါင်းပေါ်တင်ထားမလား မသိဘူး”

အောင်ကြီးအမေ မဗျိုင်းကလည်း ခေသူ မဟုတ်လေ။ မိစံရဲ့ အားနည်းချက်ကို ဖိနင်းပြလိုက်တာပေါ့။

“မွေးစားသားဖြစ်တော့ ဘာဖြစ်လဲ။ ကျုပ်က မွေးစားတော့ ကျုပ်သားပေါ့”

“အေးပါ။ မျိုးရိုးကောင်းကို မွေးစားထားတာကိုး။ နောက်တော့မှ ဘာသံညာသံ ကြားရမလဲ ဆိုတာ စောင့်ကြည့်လိုက်” 

“တော်တို့ဘာသာ စောင့်ကြည့်ချင် ကြည့်၊ မကြည့်ချင်နေ။ ဘယ့်နှယ်တော် အားနည်းတဲ့သူကို အနိုင်ကျင့်ချင်ကြတယ်။ ကိုယ့်တစ်ရွာတည်းသားကို စောင့်ရှောက်မယ် စိတ်မကူးဘူး။ အနိုင်ကျင့်ဖို့ပဲ စိတ်ကူးနေကြတာ”

မိစံ မကျေမနပ်နဲ့ ပြန်လာခဲ့ရတယ်။ ရွာဦးက ဘ.က ကျောင်းမှာ သူ့သားကို မထားဘူးဆိုပြီး တစ်ဖက်ရွာက မူလတန်းလွန်ကျောင်းမှာ သွားထားတယ်။

ရွာနဲ့ နည်းနည်းလှမ်းတော့ အကြိုအပို့ နေ့တိုင်းမလုပ်နိုင်ဘူး။ စက်ဘီးနဲ့ သွားလာတတ်တဲ့ မိစံက သူ့ယောက်ျား ကိုမောင်လွင်ကို တောင်းပန်ပြီး ကျောင်းကြိုပို့လုပ်ခိုင်း တယ်။ မဟုတ်ရင်လည်း သူ့မိန်းမ နေ့တိုင်း ကျောင်းကြိုပို့လုပ်နေရင် ပင်ပန်းမှာ စိုးတာနဲ့ သူပဲ လိုက်ကြိုပို့တာ လုပ်လိုက်တာ။

“ငါ အလုပ်များတဲ့နေ့တော့ မပို့နိုင်ဘူးနော် မိစံ”

“အေးပါ ကိုမောင်လွင်ရယ်။ ကိုယ့်သားသမီး ပို့တာပဲ”

“လာပြန်ပြီ ဒီစကား။ ငါက မင်းကို သနားလို့”

တကယ်ဆိုလည်း ကံကောင်းလေးက မိစံ သင်ထားတဲ့အတိုင်း “ဖေကြီး ဖေကြီး” နဲ့ ခေါ်ပြောတတ်တာကို ခင်တွယ်နေပြီလေ။ တစ်ခါတလေတော့လည်း ဒီကလေး အရင် ဘဝက ငါ့သားလေး ဖြစ်ဖူးတယ် ထင်ရဲ့လို့တောင် တွေးတတ်လာပြီဆိုတော့ ကံကောင်းလေးကို အရင်ကလို သူစိမ်းလို မဆက်ဆံတော့ပါဘူး။ ဒါကိုပဲ မိစံ ကျေနပ်နေမိတယ်။

••••• ••••• •••••

ကံကောင်းလေးက ဉာဏ်တော့ မကောင်းရှာဘူး။ ငါးတန်းပညာမှာပဲ ဆက် မသင်နိုင်တော့ဘဲ ပညာရေး ရပ်တန့်သွားခဲ့တယ်။

“ဖေကြီးအလုပ်ပဲ ကူပေးမယ်။ ဖေကြီးနဲ့ အဖော်လိုက်မယ်”

ကိုမောင်လွင် ကိုယ်တိုင်လည်း အသက် အရွယ်ရလာတော့ စပါးခင်းထဲ၊ ပဲခင်းထဲ ဈေးလိုက်စပ်ဖို့ မလွယ်။ ပင်ပန်းနေပြီ။ ပွဲရုံ ထိလည်း သွားလာရတာ ရှိသေးတယ်လေ။

မဆိုးပါဘူး၊ ကံကောင်းလေးက သူ့အတွက်တော့ အဖော်ရသား။ အသက် တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက် လူပျို ဖားဖားကြီး ဖြစ်လာတော့ ကိုမောင်လွင့် အင်္ကျီနဲ့ တန်းတူအရွယ်အစား ဝယ်ပေးလာရပြီ။ ရွာထဲက မိန်းမပျိုလေးတွေ တွေ့ရင် ပြုံးစစမျက်နှာပေးနဲ့ ကြည့်တတ်လာပြီ။

“မိစံရေ မင်းရဲ့သားက ကောင်မလေးတွေကို စိတ်ဝင်စားတတ်လာပြီ သိလား။ လူပျိုပေါက်ဆိုတော့ သူ့အသက်၊ သူ့အရွယ် ဖြစ်လာတော့လည်း သဘာဝတရား ဘယ်လွန်ဆန်နိုင်မှာလဲကွာ။ သူလည်း သွေးသားနဲ့ တည်ဆောက်ထားတာလေ”

“အေးပါ ကိုမောင်လွင်ရယ်။ တစ်နေ့ သူကြိုက်တဲ့မိန်းကလေး တွေ့ရင် ကျုပ်တို့ တောင်းရမ်းပေးစားကြတာပေါ့။ ကျုပ်တို့မှာ လယ်နဲ့ယာနဲ့ ရှိပါတယ်တော့။ မဟုတ်ဘူးလား”

မိစံစကား ကြားတော့ ကိုမောင်လွင်က သဘောကျပြီး ရယ်နေတယ်။ မိစံက မတော်ရသေးတဲ့ ချွေးမကို လှမ်းမှန်းဆနေသေး။

အသက်အရွယ် ရလာတော့ ရေချိုးမှားတာလည်း မရတော့ ညနေစောင်း ရေချိုးမိလို့ မိစံ ဖျားပါရော။ ဒီနေ့မှ အရှေ့ရွာ သာယာကုန်းက ပွဲစား ကိုဘဆောင်နဲ့ အရောင်းအဝယ်ကိစ္စ ပြောဆိုဖို့ သာယာကုန်းရွာ လာမယ်လို့ ချိန်းထားပြီးသား။

“အရောင်းအဝယ်ကိစ္စ ဟန်းဖုန်းလိုဟာနဲ့ ပြောလို့ အဆင်မပြေဘူးရယ်။ တေ့တေ့ဆိုင်ဆိုင် လူချင်းတွေ့ ပြောဆိုမှ အဆင်ပြေမှာပါ မိစံရာ။ အရေးထဲ မင်းက ဖျားနေတော့”

ကိုမောင်လွင်ရဲ့ ညည်းညူသံကြောင့် မျက်လုံးမဖွင့်ချင်အောင် ဖျားနေတဲ့ မိစံက-

“အလုပ်ကိစ္စ ပျက်လို့မှ မဖြစ်တာ။ ကျုပ်လည်း ဘယ်မှမသွားနိုင်ပါဘူး။ အိပ်နေမှာပါ။ ဘယ်လောက်ကြာမှတ်လို့။ ညနေ မစောင်းခင် ကိုမောင်လွင် ပြန်လာရင် ပြီးတာပဲလေ။ ကံကောင်းကို ရှင် ခေါ်သွားလိုက်”

“ဟာ မင်းဖျားနေတာဆိုတော့ ကံကောင်းကို မခေါ်သွားတော့ပါဘူး”

“ခေါ်သွားပါဆို ရှင်ကလည်း။ ဟိုမှာ တွေ့လား ဟိုနေ့က ရှင်တို့တွေ ဟိုဘက် ရွာသွားတုန်း ဒေါ်ဂျမ်းအိမ်ကခွေး အိမ် အောက်က ကြက်မကို လာဆွဲလို့ ကျုပ် ရိုက်ဖို့ အိမ်ထဲယူထားတဲ့ ဝါးရင်းတုတ်။ ဒေါ်ဂျမ်းခွေးလည်း ကျုပ်ဝါးရင်းတုတ်တွေ့တော့ အိမ်ဝိုင်းထဲ မလာရဲတော့တာ”

“ခုဟာက မင်း အိပ်ရာထဲမှာလေ။ ဝါးရင်းတုတ်က ဟိုနံရံမှာ ထောင်ထားတာကို”

“ကျုပ် အိပ်ရာဘေးနား လာထားပါတော်။ အဲဒီ ဝါးရင်းတုတ် ကျုပ်နားရှိရင် ကျုပ် ဘာမှ မကြောက်ပါဘူး။ ဒါကြောင့် ကျုပ် အဲဒီတုတ်ကို အခန်းထဲ ယူထားတာ။ အိမ်အောက်က ကြက်တွေ ဒေါ်ဂျမ်းခွေး လာဆွဲဖို့ ချောင်းတာကို တီးမလို့”

စကားသာ ပြောနေတာ မိစံတစ်ယောက် အဖျားရှိန်ကြောင့် မျက်လုံးက သိပ်မဖွင့်ချင်။ အဖျားရှိန်ကြောင့် အသံကလည်း အက်တက်တက်။

“မိစံရာ မင်းကြည့်ရတာ သိပ်မဟန်။ ဆေးသောက်ပြီး ဆန်ပြုတ်ပါသောက်လိုက်ဦး။ ငါ ပြုတ်ထားခဲ့မယ်။ မဖြစ်သေးပါဘူး။ ကံကောင်းကို ခေါ်မသွားတော့ဘူး”

“ကံကောင်းရော မတွေ့ပါလား ကိုမောင်လွင်”

“အိမ်နောက်ဘက်မှာ ထင်းခွဲနေတယ်။ ငါ ပြောခဲ့ပါ့မယ်။ မင်းအမေကို ဆန်ပြုတ် နွေးပြီးမှ တိုက်လို့”

••••• ••••• •••••

ဒီနေ့ ကိုမောင်လွင် ပွဲစားကိုဘဆောင်နဲ့ ဈေးစကားပြောလို့ အဆင်ပြေခဲ့ပေမယ့် ကိုဘဆောင်က သူမပြန်ခင်လေး ပြော လိုက်တဲ့ စကားကြောင့် စိတ်ထဲ ရှုပ်နေမိတယ်။ ကိုဘဆောင်ရဲ့မိန်းမက သူ့အိမ်မှာ ဒီနေ့ကြက်ကြော်လို့ မိစံ ဆန်ပြုတ်နဲ့ သောက်ဖို့ ကြက်ကြော်နှစ်တုံး ပေးလိုက်သေးတယ်။

“မိစံတော့ ဆန်ပြုတ်နဲ့ စားဖို့ ကြက်ကြော်ရှိပြီး၊ ဆန်ပြုတ် သောက်မှ သောက်ပါ့မလား။ သူ့သား ကံကောင်းကတော့ သူ့မအေကို ဂရုစိုက်မှာပါ။ မိစံ ကိုတော့ အတော်ချစ်သား”

သူ့ အိမ်နဲ့ နီးလာလေလေ စက်ဘီးကို ခပ်မြန်မြန်နင်းလာလေ ဖြစ်နေတယ်။ သူ့စိတ်က မိစံ ဆန်ပြုတ်မသောက်၊ အစား မဝင်ဘဲ အဖျား ရှိနေမှာ ပူပန်နေတာလေ။

ခါတိုင်းဆို အိမ်ကို လှမ်းမြင်နေရတဲ့ အနေအထားလောက်မှာ ကံကောင်း အိမ်ရှေ့မှာ တံမြက်လှည်း၊ ရေဆွဲနေတာကို မြင်နေကျ။ အိမ်ဝမှာ ထိုင်နေတာလည်း မတွေ့ တော့ စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။

“မိစံ တော်တော် နေမကောင်းဖြစ်နေပြီလား”

စိတ်ထဲက တွေးထင်မိပြီး အိမ်ထဲ ဝင်လာမိတယ်။ အိမ်ရှေ့ခန်းထဲမှာလည်း မတွေ့ရလို့ မိစံ အိပ်နေတဲ့ သူတို့လင်မယား အခန်းထဲ လှမ်းဝင်လိုက်တယ်။

လှမ်းဝင်လိုက်တယ် ဆိုရင်ပဲ မြင်လိုက်တဲ့ အနေအထား မြင်ကွင်းကြောင့် သူ့မျက်လုံး ပြာဝေသွားတယ်။

“အေးဗျာ...ကိုမောင်လွင်ရေ။ ဟိုဘက်ရွာက မလှရင်လေ။ မုဆိုးမလေ ဗျာ။ သူ့မွေးစားသား ဆန်းမြင့်က အဓမ္မ ကျင့်လို့ဆိုပဲ။ မလှရင်ရဲ့ အမျိုးတွေက အမှု ဖွင့်ထားကြတယ်။ လူကြားလို့မှ မကောင်းတဲ့ အဖြစ်ဗျာ။ သူတို့ တစ်ရွာလုံးက ဆန်းမြင့်ကို သေဒဏ်ပေးပါ ဆိုပြီး ရပ်၊ ကျေးရုံးရှေ့ ဝိုင်းအော်ပြောကြတယ် ဆိုပဲ။ သတိဆိုတာ ပိုတယ် မရှိဘူးပေါ့ဗျာ”

နားထဲမှာ ကိုဘဆောင် သူ ရွာမပြန်လာခင်လေးမှာ အနားကပ်ပြီး သတိပေးသလို ပြောလိုက်တာ ချက်ချင်း ပြန်ကြားမိတယ်။

“ဟေ့ကောင် ...ကံကောင်း၊ မင်း သေပေတော့” 

ကိုမောင်လွင်က ဒေါသတကြီးနဲ့ သူတို့ အိပ်ခန်းဘေးနံရံမှာ ကပ်ချိတ်ထားတဲ့ ဓားနဲ့ ကံကောင်း နောက်ကျောပိုင်းကို ခုတ်လိုက်တယ်။

“အား ...” ဆိုတဲ့ အသံနဲ့အတူ မိစံရဲ့ အလန့်တကြား အော်သံကိုပါ ကိုမောင်လွင့်နားထဲ သံရည်ပူလောင်းသလို ကြားလိုက်မိတယ်။

••••• ••••• •••••

“မင်းအမေကို ဆန်ပြုတ်မွှေးပြီးမှ ကျွေးလိုက်” ဆိုတဲ့ အဖေကိုမောင်လွင်ရဲ့ မှာထားတဲ့ စကားကြောင့် ထင်းမီးသွေး မီးပူအရှိန် ရှိနေတဲ့အချိန် ကံကောင်းလည်း ဆန်ပြုတ်အိုးကို ပြန်နွေးလိုက်တယ်။

အမေမိစံ နိုးပြီလား။ အိပ်နေတုန်းလား၊ ဆန်ပြုတ်သောက်မလားဆိုတာ မေးဖို့ အမေတို့ အိပ်ခန်းထဲ ဝင်လာခဲ့တယ်။ အိပ်ရာထဲမှာ အမေ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတယ်။ ဖျားနေသေးလားလို့ အမေ့နဖူးကို သူ့လက်နဲ့ စမ်းမလို့ အလုပ်မှာ တရှူးရှူး ဆိုတဲ့ အသံကြားလို့ ကြည့်လိုက်တော့ အမေတို့အိပ်ရာ ခေါင်းရင်း ပြတင်းပေါက် ကနေ တရွေ့ရွေ့တိုးဝင်လာတဲ့ မြွေတစ်ကောင်ကို တွေ့လိုက်ရတယ်။

မြွေမှ မြွေပွေးအစစ်။ သူ တစ်ခဏချင်း စိတ်တွေလှုပ်ရှား။ မျက်စိတွေလည်း ပြာဝေသွားတယ်။

အမေ့ကို အသံပြုလို့ အမေနိုးသွားရင် အမေ့အလှုပ်အရှားအကြောင့် အမေနဲ့ အနီးဆုံးဖြစ်တဲ့ မြွေက အမေ့ကို အရင် အန္တရာယ်ပြုမှာ အမှန်။ ဒီတော့ သူ ဘာလုပ်ရမလဲ။ တစ်ခဏချင်း စဉ်းစားလိုက် တယ်။

တွေ့ပြီ။ အမေ့ဘေး ခုံပုလေးပေါ်မှာ ပါးရင်းတုတ်တစ်ချောင်း တင်ထားတာ။

ဒါနဲ့ သူ လျင်မြန်တဲ့ အရှိန်နဲ့ ဝါးရင်းတုတ်ကို ဆတ်ခနဲယူ၊ အမေ့ကို စိတ်ထဲက ကန်တော့လို့ ဆိုရင်း အဲဒီ မြွေပွေးချက်ကောင်း မှန်းပြီး ရိုက်တီးလိုက်မယ် အလုပ် ...

“ဟေ့ကောင် ... ကံကောင်း” ဆိုတဲ့ စကားသံ ကြားလိုက်ရပြီး သူ့နောက်ကျောကို စူးစူးရှရှ၊ ထက်ထက်နက်နက်၊ နာနာကျင်ကျင် ခံစားမိပြီး အသက်တောင် ရှူမရတော့ဘဲ မျက်လုံးထဲမှာ မှောင်မိုက်သွားတော့တာပါပဲ။ ။ 

 ▢ ခင်လပြည့်ဝန်း
📖 မဟေသီ မဂ္ဂဇင်း 
      ဖေဖော်ဝါရီ ၊ ၂၀၁၉

No comments:

Post a Comment