Sunday, August 23, 2026

ကျောင်းပြေး


❝ ကျောင်းပြေး ❞
  ( နေဘုန်းလတ် )

တုံ .. တုံ ... တုံ ... တုံ .. တုံ ... တုံ ... တုံ ... တုံ

အုန်းမောင်းခေါက်သံရဲ့ အဆုံးမှာ သူ အိပ်ရာထဲကနေ ကုန်းရုန်း ထလိုက်တယ်။ ညကတည်းက ရွာနေတဲ့ မိုးက မစဲသေးဘဲ အခုအချိန် အထိ တဖွဲဖွဲရွာတုန်း .. ။ မိုးအေးအေးနဲ့ ဆက်ကွေးနေချင်သေးတဲ့ စိတ်ကို အနိုင်နိုင်ဖျောက် ... သူ အိပ်ရာကို ကပျာကယာပဲ ခေါက်သိမ်းလိုက်တယ်။ ပြီးတော့ ..။ မူလတန်းကျောင်းသားဘဝတုန်းက သင်ခဲ့ရဖူးတဲ့ ကဗျာလေးလိုပေါ့။ စောစောထ ... သွားတိုက် ... မျက်နှာသစ်... အိပ်ရာသိမ်း .. မိဘကူ ... ရေချိုး .. ဆိုတဲ့ အလုပ်တွေကို အချိန် နှစ်နာရီလောက် အတွင်းမှာ ဇယ်ဆက်သလို ဆက်တိုက်လုပ်ပစ်လိုက်တယ်။ နံနက်ခင်းဟာလည်း တဖြည်းဖြည်းနဲ့ အသက်ဝင်လာခဲ့ပြီ။ အိမ်ရှေ့က လမ်းကလေးမှာလည်း အဖြူအစိမ်းဝတ် ကလေးငယ်တွေ ကျောင်းကြီးရှိရာကို ရွေ့လျားနေကြပြီ။ ၇ နာရီ ထိုးတော့ မှာပဲဆိုတဲ့ အလိုလို သိစိတ်နဲ့အတူ သူ အဝတ်တန်းမှာ လွှားထားတဲ့ မနေ့က ဝတ်စုံလေးကိုပဲ ကတိုက်ကရိုက် ဆွဲဝတ်လိုက်တယ်။ မနေ့က စိုထားတဲ့ မိုးရေတွေနဲ့ စိုထိုင်းထိုင်းဖြစ်နေသေးတဲ့ ဝတ်စုံလေးရဲ့ အထိအတွေ့က သူ့ကို ကြက်သီးဖြန်းဖြန်း ထသွားစေတယ်။ ကိစ္စ မရှိပါဘူး ဆိုတဲ့ စကားကို ကိုယ့်ကိုယ်ကိုယ် ကြားရုံလေး ပြောပြီးတော့ မနေ့က ချိတ်ထားတဲ့ နေရာမှာ အခန့်သား ရှိနေတဲ့ လွယ် အိတ်ကလေးကို လှမ်းဆွဲယူပြီး သူ ထွက်လာခဲ့လိုက်တယ်။ ကျောင်းတော်ကြီးဆီကို ...။

••••• ••••• •••••

“ဟဲ့ ... ဟဲ့ ... ထတော့လေ ... ငါးနာရီထိုးနေပြီ”

“ထပြီ ... ထပြီ ” လို့ ပါးစပ်က အော်လိုက်ပေမယ့် မျက်လုံးက မဖွင့်ချင်သေးဘူး။ အရင်နေ့တွေက ဒီအချိန် အမြဲထနေကျကို ဘာဖြစ်လို့ ဒီနေ့မှ အိပ်ရေးမဝ ဖြစ်နေရတာလဲလို့ သူ ပြန်တွေးမိတယ်။ အဲဒီတော့မှ မနေ့ညက အဖြစ်အပျက်လေးကို ပြန်သတိရလိုက်တယ်။

“မင်းက သင်္ချာကျွမ်းလှချည်လားကွ ... ဘယ်ဆိုးလို့လဲ”

ကိန်းဂဏန်းတွေကို သွက်သွက်လက်လက် ပေါင်းလိုက်၊ မြှောက်လိုက်၊ နုတ်လိုက် လုပ်နေတဲ့ သူ့ကို အစ်ကိုကြီး တစ်ယောက်က ချီးကျူးစကားပြောတော့ သူကလည်း ခွင်တည့်တာနဲ့ ငယ်ငယ်တုန်းက အကြောင်းကို အလွမ်းတစ်ဝက် အပျော်တစ်ဝက်နဲ့ ကြွားလိုက်တယ်။

“ငယ်ငယ်ကဆို ကျွန်တော်က သင်္ချာဖြေတိုင်း အမှတ်ပြည့် အမြဲ ရနေကျဗျ”

အဲဒီအဖြစ်အပျက်လေးကြောင့် သူ အတိတ်ဘဝကို ပြန်အမှတ်ရသွားပြီး သိမ်းထားခဲ့တဲ့ သင်္ချာစာအုပ်လေးတွေ ပြန်ထုတ်၊ မှတ်မိနေသေးတဲ့ ပုစ္ဆာလေးတွေကို ပြန်တွက်ကြည့်နေလိုက်တာနဲ့ မနေ့ညက သန်းခေါင်ကျော်မှ အိပ်ဖြစ်ခဲ့တာလေ...။ သူ .... စားပွဲခုံတွေကို အဝတ်စုတ်နဲ့ လိုက်သုတ် ... ဆိုင်ကို သန့်ရှင်းရေးလုပ်နေရင်း နာရီကို လှမ်းကြည့်လိုက်မိတယ်။ ၇ နာရီတောင် ကျော်သွားပြီပဲ။ သူ .. ဆိုင်ရှေ့ကို ခဏထွက်ပြီး ဆိုင်နဲ့ မျက်စောင်းထိုးက အထက်တန်းကျောင်းကြီးကို လှမ်းကြည့်လိုက်မိတယ်။ ကျောင်းတော်ကြီးက သူ့တံခါးကို ဖွင့်ထားပြီး သူ့ကို လက်ကမ်းကြိုနေသလိုလို .. ။

••••• ••••• •••••

“ဆွဲ ဆရာရေ ... ကျောင်းရှေ့အနီးဆုံး”

ကမ္ဘာစစ်လက်ကျန် အစိမ်းရောင် ဘတ်စ်ကားဟောင်းကြီးက အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေလို့ အမည်တပ်ခံရတဲ့ ကျောင်းသူကျောင်းသား ပျိုပျိုမျစ်မျစ်လေးတွေကို သယ်ဆောင်လာတယ်။ အဟောင်းနဲ့ အသစ် .. ဟောင်းနွမ်းဆွေးမြေ့ခြင်းနဲ့ သစ်လွင်လတ်ဆတ်ခြင်း ...။

“ဟဲ့ မျိုးဝင်း ... ဘာလို့ ငါ့နောက်မှာ လာပုန်းနေရတာလဲ ... ကားခ မပါလို့လား”

“ဒီနေ့ လပတ်စာမေးပွဲရှိတာ ...စာလည်းမရဘူးဟယ် .... ဘယ်လိုဖြေရမယ် မသိပါဘူး ....”

“တရားနဲ့ဖြေပေါ့ သာလိကာမရယ်”

“ဒီဘက် စွတ်မတိုးနဲ့ဟ .. ဒီမှာ ပန်းညပ်နေပြီ”

“ဘာလဲဟ ... ဘာလဲဟ”

“ဆရာမအတွက် ခူးလာတဲ့ နှင်းဆီပန်းကို ပြောတာကွ”

မိုးဖွဲဖွဲကြောင့် စိုနေတဲ့ ခြေတင်ခုံပေါ်မှာ ရပ် ... လက်ကိုင်တန်းကို မြဲမြံအောင် လက်တစ်ဖက်နဲ့ သိုင်းဖက်ထားရင်း ကားထဲကနေ လွင့်ပျံ့လာတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ စကားသံကို သူ နားစွင့်နေမိတယ်။ သူ ... ရှစ်တန်းကျောင်းသားဘဝတုန်းက ဘတ်စ်ကားပေါ်မှာဖြစ်တဲ့ ပြဿနာလေးအကြောင်းကို ပြန်တွေးမိပြီး သူ ပြုံးလိုက်မိတယ်။ သူက ကျောင်းဆင်းချိန်တိုင်း ဓာတ်မြေဩဇာ ဂိုဒေါင်မှာ ကျောင်းစရိတ်လေးရအောင် မြေဩဇာအိတ်တွေ သွားသွား ထမ်းလေ့ရှိတယ်။ တစ်နေ့ အဝတ်မလျှော်အားတာနဲ့ မနေ့က ဓာတ်မြေသြဇာထမ်းခဲ့တဲ့ ဝတ်စုံကိုပဲ ဟိုခါဒီခါ လုပ်ပြီး ကျောင်းကို ပြန်ဝတ်အလာ ... ကားပေါ်မှာ အတန်းထဲက ကျောင်းသူတစ်အုပ်နဲ့ တိုးပါလေရော ...။ ကောင်မလေးတွေကလည်း နှာခေါင်းတရှုံ့ရှုံ့နဲ့ သူနဲ့ ဝေးရာကို ပြေးကြပြီး တစ်ယောက်ကို တစ်ယောက် လက်တို့ ပြောကြတယ်။ အဲဒီနေ့မှာပဲ သူ့ကို နာမည်အသစ်တစ်ခု ပေးလိုက်ကြတယ်။ သက်ထွေး ... တဲ့။ နာမည်လေးက လှသားပဲ ဆိုပြီး သူ ကျေနပ်နေတုန်း သူ့သူငယ်ချင်းက သူ့ကိုပြောတယ်။

“မင်းအင်္ကျီကလည်း နံလိုက်တာကွာ ....ကလေးအဖေကျနေတာပဲ”

အဲဒီတော့မှ သူ သတိရသွားတယ်။ ဓာတ်မြေသြဇာတွေက သေးစော်နံတယ်လေ..။

သူ့အတွေး ဆုံးသွားလို့ သူ့စိတ်တွေ လက်တွေ့ ဘဝထဲ ပြန် ရောက်အလာမှာ ဘတ်စ်ကားကြီးက ကျောင်းရှေ့မှတ်တိုင်နားကို ချဉ်းကပ်လာနေပြီ။

“ကျောင်းရှေ့ပါတယ် ဆရာရေ။ ဖောခြင်းသောခြင်း ဆင်းမယ် ... စက်သာ သတ်ထားလိုက်ဗျို့”

ကားပေါ်ကနေ တအိအိ ပြိုဆင်းလာနေတဲ့ ကျောင်းသူကျောင်းသားတွေကို စောင့်နေရင်း ကားမှတ်တိုင်က အုတ်ခုံလေးပေါ်ကို သူ ခဏသွားထိုင်လိုက်တယ်။ ကျောင်းတော်ကြီးက သူ့ရှေ့တည့်တည့်မှာ ထီးထီးကြီး .... ဟီးလို့..။

••••• ••••• ••••

ကောင်းကင်ဟာ သူ့ရဲ့ မိုးစက်မိုးပေါက်တွေနဲ့ ကျောင်းတော်ကြီးရဲ့ တစ်ခွင်တစ်ပြင်ကို ပစ်ပေါက်အေးမြစေလိုက်တယ်။ ကောင်းကင်က ညိုညို၊ ဝန်းကျင်က စိုစိုနဲ့ ကျောင်းတော်ကြီးဟာ လတ်ဆတ်နုပျိုတဲ့ သူ့ရဲ့ ရင်သွေးတွေကို လိုလိုလားလား စောင့်ကြိုနေရဲ့။ သန့်စင်တဲ့ အဖြူ ... အေးမြတဲ့ အစိမ်း ... ပြီးတော့ သူတို့အားလုံးရဲ့ မျက်နှာတွေက နူးညံ့မှုတစ်ခုနဲ့ ပြေငြိမ်းလို့...။ အဲဒီလိုနဲ့ ကျောင်းတက်ချိန် မြင်ကွင်းလေးဟာ အရောင်အသွေးစုံတဲ့ ရှုခင်းတစ်ခု အဖြစ်နဲ့ နေ့စွဲတစ်ခုတည်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်တည်နေတယ်။ ကျောင်းသူကျောင်းသားတွေဟာ မိုးကာအင်္ကျီလေးတွေနဲ့ တစ်မျိုး၊ ရောင်စုံထီးလေးတွေနဲ့ တစ်သွယ် မိုးစက်မိုးပေါက်လေးတွေကို ကာကွယ်ကြတယ်။ ကျောင်းစာအုပ်တွေနဲ့ ပြည့်နေတဲ့ လွယ်အိတ်လေးတွေကလည်း အမျိုးမျိုး အဖုံဖုံ ... ။ တချို့က ကျောမှာပိုး .. တချို့က ပခုံးမှာလွယ်။ နေ့လယ်စာ စားကြဖို့အတွက် ကော်ထမင်းဘူးလေးတွေကို လက်သုတ်ပဝါနဲ့ ထုပ်သူက ထုပ်၊ တချို့ကျတော့လည်း စတီးချိုင့်ပြောင်ပြောင်လက် လက်တွေကို တယမ်းယမ်းလုပ်၊ တချို့ကောင်မလေးတွေရဲ့ လက်ထဲမှာက ပလတ်စတစ်ခြင်းလှလှလေးတွေ။ ကျောင်းတော်ကြီးနဲ့ သူ့ သားသမီးတွေက အရောင်အသွေးစုံတဲ့ သက်ရှိ ပန်းချီကားတစ်ချပ်လို။

“ကလင် ... ကလင် ... ကလင် ... ကလင် ... ကလင်”

ကျောင်းတက်ခေါင်းလောင်းသံဟာ ကျောင်းဝင်းအပြင်ဘက်ထိအောင်ကို လျှံထွက်ကျလာတယ်။ ကျောင်းတော်ကြီးက ပြန့်ကျဲပြေးလွှားနေတဲ့ သူ့ရင်သွေးတွေ အားလုံးကို ခေါင်းလောင်းသံ တစ်ချက်နဲ့ ကောက်သိမ်းလိုက်တယ်။ ကျောင်းတက်ခေါင်းလောင်းသံ အဆုံးမှာ ကျောင်းတော်တစ်ခွင်လုံး ငြိမ် .... ပြီးတော့ သိပ်မကြာခင် အချိန်မှာပဲ...။

“ကမ္ဘာမကြေ ... မြန်မာပြည်
တို့ဘိုးဘွား အမွေအနှစ်မို့ ... ချစ်မြတ်နိုးပေ
ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ
ဒါတို့ပြည် ဒါတို့မြေ ... တို့ပိုင်တဲ့မြေ”

ကျောင်းတော်ကြီးထဲက စာသင်ခန်းတွေထဲမှာ နိုင်ငံတော်သီချင်းကို သံပြိုင်ဆိုနေရင်း စာသင်ချိန်တွေကို စတင်ကြတော့မယ့် အရွယ်စုံ ကျောင်းသူကျောင်းသားတွေ...။

ကျောင်းတော်ကြီးရဲ့ အပြင်ဘက် ကုက္ကိုပင်ကြီးရဲ့အောက်မှာ လွယ်အိတ်ထဲက အရုပ် တိုလီမုတ်စလေးတွေကို ဖြန့်ခင်းထားပြီး ရပ်နေတဲ့ အင်္ကျီစိုထိုင်းထိုင်းနဲ့ ဈေးသည်လေး တစ်ယောက် ...။

ကျောင်းတော်ကြီးရဲ့ မျက်စောင်းထိုးက လက်ဖက်ရည်ဆိုင်လေးရဲ့ စားပွဲခုံတွေကြားမှာ ပြေးလွှားလှုပ်ရှားနေရတဲ့ စားပွဲထိုးလေး တစ်ယောက် ..။

ကျောင်းရှေ့ မှတ်တိုင်ကနေ အခုလေးတင်ပဲ ထွက်ခွာသွားတဲ့ ဘတ်စ်ကားအိုကြီးရဲ့အပေါ်မှာ ယာဉ်စီးခတွေကို လိုက်ကောက်ခံနေတဲ့ လူငယ် စပယ်ရာလေး တစ်ယောက် ...။

ကျောင်းတော်ကြီးထဲက ကျောင်းသူကျောင်းသားလေးတွေ နိုင်ငံတော်သီချင်းကို အတူတကွ အော်မြည်သီဆိုနေကြသလို အဲဒီ လူငယ်လေး သုံးယောက်ကလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ အတွေး တစ်ခုကို အတူတူ တွေးနေကြတယ်။

“ကျောင်းတော်ကြီးဟာ ငါနဲ့ ဝေးရာကို ထွက်ပြေးနေတယ်”

▢  နေဘုန်းလတ်
📖 Eternal Light မဂ္ဂဇင်း
      ဇွန်လ ၊ ၂၀၁၅

No comments:

Post a Comment