Thursday, August 20, 2026

ကျေးဇူးဆပ်ချင်သူ


❝ ကျေးဇူးဆပ်ချင်သူ ❞ 
( ကိုအောင် - ပခုက္ကူ )

ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာကြီး ဦးသု ခရှိစဉ်က ပြာသိုလပြည့်နေ့ကို မြန်မာ့ဆောင်းရာသီကာလ၏ အချမ်းမြဆုံး၊ အအေးဆုံးနေ့ ဖြစ်သဖြင့် မိခင်မေတ္တာနှင့် နှိုင်းယှဉ်စံပြုပြီး အမေနေ့ အဖြစ် သတ်မှတ်ကာ နှစ်စဉ် အမြတ်တနိုး ကျင်းပခဲ့၏။ ဆရာဦးသုခ မရှိတော့သည့် နောက်ပိုင်းမှာလည်း စာရေးဆရာတွေ၊ ကဗျာဆရာတွေက အမေနှင့် သက်ဆိုင်သော အမှတ်တရ စကားတွေပြောကြ၊ ကဗျာတွေ သီဖွဲ့ရွတ်ဆိုကြဖြင့် အမေနေ့ အခမ်းအနားလေးတွေကို သင့်ရာ သင့်ရာ နေရာအသီးသီးတွင် နှစ်စဉ်မပျက် ဆက်လက်ကျင်းပလာခဲ့ ကြသည်။

ထိုသို့ အဓိပ္ပာယ် လေးနက်ကောင်းမွန်သော ပြာသိုလပြည့် မြန်မာအမေနေ့ကို လူငယ်အများက သိပ်စိတ်ဝင်စားပုံ မရကြပါ။ သို့သော် ယနေ့ခေတ် ရေပန်းစားနေသည့် နိုင်ငံခြားက အမေများနေ့မှာတော့ (Online) ပေါ်မှာ အမေ့ရင်ခွင်ထဲ ခေါင်းထိုးပြနေပုံတွေ၊ အမေ့ကို မွှေးမွှေးပေးပြနေပုံတွေ၊ အလှပဆုံး စာသားတွေဖြင့် စာတွေ၊ ကဗျာတွေ ရေးဖွဲ့ဖော်ကြူးထားတာတွေကို မြင်ရတော့ တစ်ချိန်က ကြုံတွေ့ခဲ့ရသော အဖြစ်ကလေးတစ်ခုကို ပြန်လည်သတိရနေမိပါသည်။

ကျောင်းဆရာ ဘဝတုန်းက တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် မြိုင်မြို့နယ် ညောင်ပင်ရွာမှာ ဘုရားပွဲ ရှိ၍ ထိုရွာနေ တပည့်ဟောင်းများက ညအိပ် လာခဲ့ဖို့ ဖိတ်ခေါ်သဖြင့် ရောက်ဖြစ်သွားခဲ့၏။ ထိုစဉ်က လွန်စွာ ဆင်းရဲချို့တဲ့သည့် ရွာကလေး ဖြစ်သောကြောင့် ဘုရားပွဲဟု ဆိုသော်လည်း အငြိမ့်တွေ၊ ဇာတ်တွေ မငှားနိုင်ပါ။ သီချင်းတစ်ပုဒ် ဆိုလျှင် ဘယ်လောက် ပေးရမည်ဟု သတ်မှတ်တောင်းခံပြီး သီချင်းဆိုသည့် လူငယ်တွေဆီက ရသည့် ပိုက်ဆံဖြင့် တီးဝိုင်းငှား၍ ပျော်ပွဲ ရွှင်ပွဲအဖြစ် ဖန်တီးကြရသည်။

ထိုနေ့က ဘုရားပွဲအကြိုနေ့ ဖြစ်ပြီး ညနေမိုးချုပ်ချုပ်အချိန်မှာ မိမိ တည်းခိုရောက်ရှိနေသည့် အိမ်နှင့် သုံးအိမ်ကျော်လောက်က ဆူညံဆူညံ အသံကြားတာနှင့် အနီးရှိလူငယ်လေး တစ်ယောက်အား အစုံစမ်းခိုင်းလိုက်ရာ ခဏအကြာမှာ ပြန်ရောက်လာသဖြင့် “ဘာဖြစ်ကြတာလဲ ဖိုးသားရဲ့” ဟု မေးကြည့်တော့ “စတိတ်ရှိုးမှာ သီချင်း ဆိုဖို့ ပိုက်ဆံတောင်းတာ မရလို့ဆိုပြီး သူ့အမေကို အော်ဟစ်ဆူပူနေတာတဲ့” ဟု ပြောပါသည်။ သို့နှင့် “နေပါဦးကွ သူက ဘာသီချင်းဆို မှာမို့လဲ” လို့ ထပ်ပြီး မေးလိုက်တော့ “မွေးမေ့ကျေးဇူး ဆပ်ဖူးချင်တယ် ဆိုတဲ့ သိချင်းတဲ့ ဆရာ” ဟု ထိုလူငယ်ကလေး၏ အဖြေစကားကြောင့် အံ့သြကုန်နိုင်ဖွယ်ပါတကား ဟူ၍ ကိုယ့်နဖူးကို လက်ဝါးဖြင့် ရိုက်မိပါတော့သည်။ ။

▢  ကိုအောင် (ပခုက္ကူ)
📖 မဟေသီ မဂ္ဂဇင်း
      ဩဂုတ်လ ၊ ၂၀၁၇

No comments:

Post a Comment