Monday, August 3, 2026

လက်သည်းကို ဆိတ်သောကြောင့်

❝ လက်သည်းကို ဆိတ်သောကြောင့် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

လယ်ပြင်ကြီး တစ်ခွင်တစ်ပြင်လုံး ဝေအုံ့နေသည်။ အမြင်အားညံ့သော ‘ကောင်းဆေးရိုး’ သည်ပင်လျှင် နှင်းမှုန်ကလေးတွေကို မြင်နေရ၏။ နှင်းမှုန် နှင်းဖွဲများသည် ဖုန်မှုန့်များသဖွယ် တသဲသဲ သွန်ကျနေသည်။

ကောင်းဆေးရိုးသည် ဘာဘူစောင်ကြီးကို ကိုယ်နှင့် ကပ်သည်ထက် ကပ်အောင် တင်းတင်းဆွဲထား၏။ ခါးကိုလည်း ကုန်းထားသေး၏။ သို့ပါလျက်နှင့် အချမ်းအအေးက လျော့မသွား။ သည်အခါတွင် အနွေးဓာတ် ဝင်လာစေရန် ခြေလှမ်းကို သွက်သွက် လှမ်းရသည်။

နေ့သစ်သည် ပီပြင်စွာ မွေးဖွားလာပြီ။ အရှေ့ မိုးကုပ်စက်ဝိုင်းတွင် ဝါးတားတား အနီပြားကြီး၏ အစွန်းအစ ထိုးထွက်လာပြီ။ သို့ဖြစ်ငြား အလင်း မထွက်၊ ရောင်ခြည် မဖြာနိုင်သော အနီပြားကြီးသာ ဖြစ်သည်။ တံပိုးမှုတ်သံ သဲ့သဲ့ကို တစ်ချက်တလေ ကြားနေရသေး၏။

‘သည်အချိန်ဟာ ကောက်ရိတ်သမားတွေ ငန်းထဲ ရောက်နေရမယ့် အချိန်ပါ။ အေးလေ၊ ငန်းထဲရောက်မှ မှုတ်ချင်တဲ့လူက ကောက်မှုတ်တာလည်း ဖြစ်နိုင်တာပဲ’

ထိုအတွေးနှင့်အတူ ကောင်းဆေးရိုး မျှော်ကြည့်သည်။ နှင်းမှုန်ကြားတွင် ယောက်ယက်ခတ်လျက် ခုန်ပေါက်နေသော မီးတောက်ကလေးကို မြင်ရသည်။ ကောက်ရိတ်သမားတွေပေလော၊ လယ်စောင့် တစ်ယောက်ယောက်၏ မီးပေလော။

ကောင်းဆေးရိုး၏ ခြေထောက်များသည် မြောင်းပေါင်ပေါ်မှ ဖဲ့ဆင်းလာပြီ။ ဝဲဘက်ရှိ နဘူးချုံတွင် ဆီးနှင်းပေါက်ကလေးတွေ ရွှေဥနေသည်။ သည်နဘူးချုံကို မထိမိအောင် သတိထားပြီး ရှောင်သည်။ သို့ရာတွင် ကန်သင်းပေါ်ရှိ လမ်းကလေးကို ခြံရံနေသော မြက်ပင်များကိုကား မရှောင်နိုင်။ နှင်းလူးထားသော မြက်ပင်နှင့် ခြေကျင်းဝတ် ထိလျှင်ထိချင်း ပူခနဲခံစားလိုက်ရ၏။ ပူလောင်သော ဝေဒနာသည် ချက်ချင်း အအေးသို့ ပြောင်းသွားသည်။

“အား မဖြစ်သေးပါဘူး၊ လယ်ပြင်လည်း ရောက်ရော တစ်ကိုယ်လုံး ရွှဲနေတော့မှာပဲ”

ကောင်းဆေးရိုးမှာ အနေအထား မပျက်ချင်ခါမှ ပုဆိုးပြင်ဝတ်ရသည်။ အနေအထားပျက်သောကြောင့် ခိုက်ခိုက်တုန်ချင်သယောင်ဖြစ်လာခါမှ မြောက်လေကလေးက မထိတထိကျီစယ်၏။ လယ်ကွက်ထဲရှိ စပါးပင်တွေ ရှဲခနဲမြည်အောင် ပီပီပြင်ပြင် တိုက်ခိုက်သည်မဟုတ်။ လှုပ်ရုံကလေး လှုပ်ခတ်လိုက်သော လေ။ ကောင်းဆေးရိုးမှာကား ပိုပြီး ခါးကုန်းသွားရ၏။ သည်အချိန်သည် မြစ်တွေအုံဝန်းလျက် မီးဖိုဘေးတွင် မီးခိုးတအူအူဖြင့် မီးလှုံနေရမည့်အချိန် ဖြစ်၏။ ဖြစ်သော်လည်း ကောင်းဆေးရိုး မနေနိုင်။ လယ်ပြင်သို့ မလာချင်ဘဲ လာရသည်။ ဝါးလှဲမည့်သူ ရောက် မရောက် ကြည့်ရန်ဖြစ်သည်။ ဝါးလှဲသူ မလာပါက ကိုယ့်ဘာသာကိုယ် လှဲရန် ဖြစ်သည်။ အဘိုးကြီး ဟူ၍ ပမာမခန့်လုပ်လျှင် ငုံ့မခံသောမာန်ကို ပြရန်ဖြစ်သည်။ သို့ဖြင့် ပုဆိုးကို ခြေသလုံးတစ်ပတ်ရစ်အထိ ပြင်ဝတ်သည်။ အချမ်းဒဏ်ကို အံကြိတ်လျက် မာန်ဖီ ရင်း သွက်သွက်လှမ်းသည်။ မကြာမီ ‘ထန်းသားရေကျော်’ သို့ ရောက်လာသည်။

တည့်တည့်သွား၍ မိမိလယ်သို့ မရောက်၊ ထန်းသားရေကျော်ကို ကျော်ရမည်။ အရှေ့ အနောက် တန်းနေသော ရေမြောင်းမှာ ရင်စို့ခန့်နက်သည်။ တောင်မြောက်တန်းနေသော မြောင်းမှာကား ကောလွန်း ပက်လွန်းသည်။ ရေလာ လှပါမှ ခြေမျက်စိမြုပ်ရုံသာ၊ သည်မြောင်းပက်ထဲမှ ရေသည် မြောင်းနက်၏ ဟိုဘက်ရှိ ပိန်သေး၏ လယ်ထဲသို့ သွားရမည်။ ထိုအခါ ထန်းပင် ပင်လုံးကို ထက်ခြမ်းခြမ်းထားသော ထန်းသား ရေတံလျှောက်ဖြင့် မြောင်းကို ကျော်ရသည်။ တစ်ကျိပ်စိုက် လယ်ပွဲကြီးကို သည်ထန်းသားရေ ကျော်မှ လာသော ရေဖြင့် မည်သို့လျှင် ရေဝအောင် ပေးနိုင်ပါမည်နည်း။ ထိုလယ်ပွဲမှာ ရေဝသည့် နှစ်ဟူ၍ မရှိ။ ဝှမ်းရာတွင်သာ စပါးစိုက်နိုင်သည်။ ကောရာ များတွင်မူ ဖူးစားပြောင်း တစ်လှည့်၊ နှံစားပြောင်း တစ် လှည့်။

ယခုမူ ဤလယ်ပွဲမှာ ပိန်သေး၏ လယ်ထဲတွင် မရှိပြီ။ လယ်ကောင်းလျှင် ကြေးမငြင်းသူများ၏ လက်ထဲသို့ ရောက်သွားပြီ။ လယ်ဈေးက တစ်ဧကကို ငါးသောင်းကျော်နေပြီ မဟုတ်သလော။ ထန်းသား ရေတံလျှောက်ထဲ၌ ရေမရှိ။ ထန်းသားမျှင်များက ကောင်းဆေးရိုးအား ခြိမ်းခြောက်နေကြသည်။ သို့အတွက် ကောင်းဆေးရိုးမှာ အသက်မရှူဘဲ ရေတံလျှောက်ထဲ ဆင်းရသည်။ ခြေကို အသာအယာ ကြွကာ လှမ်းရသည်။ မည်းနက်သော အမျှင်ကလေးတွေက ခြေသည်းကြားထဲ အသားထဲသို့ စိုက်ဝင်ရန် ဟန်ပြင်နေကြပေသည်ကိုး။

“သူတစ်ပါးရဲ့ပစ္စည်းကို မင်းတို့ သည်လိုပဲ ခိုးနေတာပဲ မဟုတ်လား”

“ခိုးတာ မဟုတ်ပါဘူးဗျာ၊ နည်းနည်းပါးပါး စားချင်လို့ပါ”

ပထမအသံရှင်ကို ကောင်းဆေးရိုး မသိ။ မှောင်အိနေသော ပြောင်းဖူးခင်းပိုင်ရှင် ဖြစ်ရမည်။ ဒုတိယ အသံကိုကား ခွေးချီသွားဦး၊ ကောင်းဆေးရိုး မှတ်မိသည်။ သူခိုး၊ ရွာထဲက သူခိုး၊ ဘာတစ်ခုမျှ ဟုတ်တိပတ်တိ မလုပ်။ ဟိုယောင်ယောင် သည်ယောင်ယောင်ဖြင့် မုန်လာခင်း၊ ခရမ်းခင်း၊ ငရုတ်ခင်း၊ ကွမ်းခြံ တကာ လည်ခိုးနေသော သူခိုးကျော်လှ။

ကျော်လှ ကိုသာ မဟုတ်၊ သူခိုး ဟူသရွေ့ကို ကောင်းဆေးရိုး မုန်းသည်။ ရွံသည်။ လုပ်သူက လျှာကြီး အလျားထွက်အောင် နွားနှင့် ဖက်ကာ ကုန်းရုန်း လုပ်ထားရသည်။ ထိုသို့လုပ်ချိန်ဝယ် မည်သည့် သူခိုး ကမျှ မြက်တစ်ပင် လာကောက်မပေး၊ မကူညီ။

သူတစ်ပါး လုပ်ကိုင်ထား၍ သီးပြီ ပွင့်ပြီ၊ ဟော သူခိုးက အခန့်သား ရောက်လာပြီ။ ခိုးပြီ၊ ခိုးသည်မှာ တစ်နပ်ချက်၊ တစ်ခါစား မဟုတ်၊ ၁၄-၅ ရက်စာ၊ တစ်လစာ။

ဘွားခနဲ အခင်းရှင် ရောက်လာပြီ။ ရောက်လာ သော်ငြား သူခိုးမှာ အရှက် မရှိ။ မျက်နှာ အပြောင်သားဖြင့်။ ထို့ပြင် ပြောလိုက်သေး နည်းနည်းပါးပါးပါ။ သူ့နည်းနည်းပါးပါးက စီးပွားဖြစ်။ အခင်းရှင် စီးပွားပျက်အောင် ခိုးခြင်းဖြစ်သည်။

ကောင်းဆေးရိုးမှာ အသံကြားရုံဖြင့် မေးရိုးကြီးတွေ ထောင်လာသည်။ ကျော်လှ၏ ကွမ်းတဖတ်ဖတ် ပါးစပ်၊ ပြူးကြောင်ကြောင်မျက်လုံး၊ ကျီးကန်းတောင်းမှောက် အမူအရာတွေကိုပါ တစ်ဆက်တည်း မြင်လာသည်။ သို့အတွက် “ပါးစပ်က ပြောမနေနဲ့၊ ရိုက်လွှတ်၊ ခုတ်လွှတ်၊ ပါးနား ရိုက်ပစ်” ဟု အသွားမပျက် အော်ပြောမည် စိတ်ကူးသည်။ ခြေလှမ်းသွက်သွက် လှမ်းသည်။ သို့သော်

“မင်းတို့ ရမ်းဘိုကုန်း ရွာသူရွာသားတွေဟာ သူခိုး ချည်းပဲ”

ကောင်းဆေးရိုး၏ နားထဲသို့ ကြေးနီရည်မြစ်ကြီး စီးဝင်၏။ မျက်နှာတစ်ပြင်လုံး၊ နားထင်နားရင်းတစ်ခုလုံး ထူခနဲ ပူခနဲ ဖြစ်လာသည်။ ဝင်ပြီး မြှောက်ထိုးပင့်ကော် အော်ဟစ်မည့်စကားတွေ ပျောက်ကုန်သည်။ သွားမည့် လမ်းမှ ဖဲလျက် ပြောင်းခင်းဘက်သို့ ကောင်းဆေးရိုး ရောက်လာသည်။

“မင်းတို့ ရမ်းဘိုကုန်းက လူတွေဟာ”

“ဟေ့ ဟေ့”

ကောင်းဆေးရိုး လှမ်းအော်သဖြင့် လယ်ရှင်၏ အသံ ပြတ်သွား၏။

“ရမ်းဘိုကုန်း ရွာသူ ရွာသားတွေဟာ သူခိုးချည်းပဲလို့ ပြောသံကြားလိုက်တယ်၊ ဟုတ်သလား”

ပြောင်းပင်များ အကွယ်မှ ဘွားခနဲပေါ်လာသော ကောင်းဆေးရိုးအား လယ်ရှင်သည် မျက်စိပျက် မျက်နှာပျက်ဖြင့် ကြည့်နေ၏။ စပို့စွပ်ကျယ်အစုတ်ကလေး ဝတ်လျက် ခိုက်ခိုက်တုန်နေသော သူခိုးကျော်လှကား အားတက်သွားဟန်ရှိ၏။ ကောင်းဆေးရိုးအား လှမ်းကြည့်၏။

“တစ်ဖူးတလေ ဝင်ချိုးမိတာဗျာ၊ ရွာကို ခိုက်သဗျာ့”

တစ်ဖူးတလေဟု ပါးစပ်ကပြောငြား ကျော်လှ၏ ရှေ့တွင်ချထားသည့် မြွေရေခွံအိတ်ထဲ၌ အဖူးသုံး လေးဆယ်မျှ ရှိသည်။ သို့အတွက် ကောင်းဆေးရိုးသည် သူခိုးကျော်လှအား လက်ပြန် ရိုက်ထည့်လိုက်ရန် လက်ကို တအားလွှဲ၏။ လွှဲလိုက်သော ခဏမှာပင် ကောင်းဆေးရိုးမှာ သတိဝင်၏။ သည်ရိုက်ချက်က ကျော်လှ၏ မျက်နှာ၊ လည်ပင်း စသည်တို့သို့ ထိအံ့၊ ကျော်လှ မည်သို့ဖြစ်မည်နည်း။ မည်သို့မျှမဖြစ်ပါ။ ရိုက်သော ကောင်းဆေးရိုးသာ မထိန်းနိုင်ဘဲ ပုံကျ မည်။

သူခိုးကား ဤသည်ကို မစဉ်းစားနိုင်ပါ။ သိမ်ငယ်သော သူခိုးစိတ်ဖြင့် မျက်စိမှိတ်လျက် လက်နှစ်ဖက်ဖြင့် ကာ၏။ ကောင်းဆေးရိုးကား လယ်ရှင်ကိုသာ အာရုံစိုက်လိုက်၏။ ကောင်းဆေးရိုး မြင်ဖူးသော မျက်နှာ မဟုတ်။ ဂင်တိုတိုပုကွကွ အသက်သုံးဆယ်ရွယ်။ သူသည် မထင်မှတ်ဘဲ ရောက်လာသော ကောင်းဆေးရိုးအား စိုက်ကြည့်နေ၏။

“မင်း ဘယ်ရွာကတုံး၊ ဘယ်မှာနေတုံး”

“သန်းကုန်းက၊ ဘာလုပ်မလို့တုံး”

သည်အရွယ်တွေ၏ အပြောအဆိုမှာ သည်နှယ်သာ ခပ်ရိုင်းရိုင်းချည်းမို့ ကောင်းဆေးရိုး ဥပေက္ခာပြုလိုက်ရင်း ပြောင်းခင်းကို ဝေ့ကြည့်၏။ ဆံမြိတ်ချလှပါပေ့ ဟူသော ရိုးရာမြန်မာစကားအတိုင်းပင် ဆံမြိတ် တဝေဝေနှင့် ပြောင်းဖူးတွေကို ခါးထစ်ခွင်ထားသော ပြောင်းခင်းစိမ်းရင့်မှောင်။

“အေး၊ မင့်ပြောင်းခင်းက ထွန်ရေးညံ့တာကို ကြည့်ပြီး မင်းတို့ သန်းကုန်းသားတွေဟာ ငပျင်းတွေပဲလို့ ရွာနဲ့ ချီပြီး ခိုင်းရင် မင်း ခံနိုင်မလား”

ကောင်းဆေးရိုးပြောလည်း ပြောစရာပါပေ။ ပြောင်းခင်းမှာ ထယ်ထိုးပြီးနောက် ထွန်ဖြင့် နှံ့အောင် မွှေဟန် မတူပါ။ သို့ရာတွင် သည်နှစ်မိုးက မထင်မှတ်ဘဲ ကောင်းခဲ့သည်။ တော်သလင်းတွင် မိုးကုန်မည် ကြားသောအခါ ဥယျာဉ်သမားတွေ၊ ယာသမားတွေ အားလျော့ကြ၏။ သွားပြီ။ သို့တစေ အခြားမိုးများသည် သီတင်းကျွတ်ကုန်ခါနီးအထိ တဖွဲဖွဲ ရွာခဲ့သည်။ ထို့ကြောင့် သည်ပြောင်းခင်း သည်မျှ ကောင်းနေခြင်း ဖြစ်၏။

“ကျုပ်တို့မှာ ကြက်တူးရွေးမောင်းရ၊ ခွေးမောင်းရနဲ့ အအိပ်ပျက်ခံပြီး စောင့်ရတာဗျ”

ဟုတ်သည်။ ကြက်တူရွေးက နို့ရည်ခဲအရွယ် ပြောင်းဖူးကို အခွံဖြဲပြီး စား၏။ သို့ဖြစ်သဖြင့် ထိုပြောင်းဖူးသည် အဖူးအဖြစ် ရောင်းချ၍ မရတော့ပါ။ ဆေးလိပ်ဖက်လှီးရန် ဆက်ထား၍လည်း မဖြစ်။ သို့ကြောင့် ကြက်တူရွေးကို တစ်နေ့လုံး မောင်းရသည်။

ကြက်တူရွေး အိပ်တန်းတက်ပြီဟု အေးနေ၍ မရသေးပါ။ မှောင်ရီပျိုးလာသည်နှင့် ခွေးရောက်လာသည်။ ခွေးက နို့ရည်ခဲအဖူးနုကလေးတွေ ရှိသော အပင်ကို ပတတ်ရပ်ပြီး ဖက်သည်။ သူ့ကိုယ်နှင့် ဖိသည်။ အပင်လဲကျသည်။ ကြိုက်ရာ အဖူးကို လက်ဖြင့်ဖိပြီး ပါးစပ်ဖြင့် ကိုက်ဖောက်စားတော့သည်။ သို့ကြောင့် ပြောင်းဖူးခင်းစောင့်မှာ ခွေးနှင့်တူသော သတ္တဝါမှန်သမျှကို ခွလောက်လေး တစ်ချောင်းဖြင့် စောင့်ကြပ်ပစ်ခတ်နေရသည်။ အိပ်ကောင်းခြင်းလည်း မအိပ်ရဆိုသော လယ်ရှင်၏ စကား မှန်ကန်ကြောင်း ကောင်းဆေးရိုး သိသည်။ လက်ခံသည်။

“ဖက်တစ်ထုပ်ကို ကိုးရာဗျ၊ ခင်ဗျားလူ ခိုးချိုးထားတာ ကြည့်ပါဦး၊ တစ်နပ်စာလည်း မဟုတ်၊ နှစ်နပ်စာလည်း မဟုတ် စီးပွားဖြစ်ဗျ။ အနည်းဆုံး ဖက်တစ်ထုပ်စာလောက်ရှိတယ်”

ကောင်းဆေးရိုး ခေါင်းညိတ်မိမည်ရှိပြီးမှ ခေါင်းကို မတ်လိုက်သည်။

“အေးပါ၊ မင့်ပစ္စည်းကို ခိုးတဲ့သူခိုး၊ လက်ပူးလက်ကြပ် မိနေပြီပဲ၊ ဓားနဲ့ ခုတ်ပါလား ရိုက်ပါလား”

လယ်ရှင်က စိတ်မဝင်စားဟန် ကြည့်နေသည်။ သည်အကြည့်ကိုလည်းကောင်းဆေးရိုး မကြိုက်။

“အခုတော့ မင်း သတ္တိမရှိလို့ ဓားနဲ့မခုတ်ဘဲ ဘာပြုလို့ ရမ်းဘိုကုန်းတစ်ရွာလုံးကို သိမ်းကျုံးစော်ကားရသတုံး”

“ရမ်းဘိုကုန်းကမို့ ရမ်းဘိုကုန်းသားလို့ ပြောတာပဲ”

“မင်းတို့ သန်းကုန်းတစ်ရွာလုံး သူခိုးချည်းပဲပြောရင် မင်း ခံနိုင်မလား”

“ပြောရဲ ပြောကြည့်ပါလား”

ငယ်စိတ်ကိုသာ လွှတ်ပေးလိုက်ရလျှင် ခက်တော့မည်။ အတော်ရိုင်းစိုင်းသည့် သတ္တဝါပါကလားဟု တွေးလျက် ကောင်းဆေးရိုးသည် ဒေါသဖြင့် စိုက်ကြည့်သည်။ ထိုသူကလည်း ပြန်ကြည့်နေသည်။

“ဗျို့ ကောင်းဆေးရိုး၊ ဒါ ဘာလုပ်နေတာတုံးဗျ။ သြ ကျော်လှပါကလား”

အသံကြားရုံဖြင့် ငသန်းဟု ကောင်းဆေးရိုး သိသည်။

လယ်ပြင်တွင် စပါးတွေကို ဝါးလှဲရန် ခေါ်ထားသူ။ ငသန်းသည် ကြိုးပတ်ထားသော ဝါးတစ်လုံးကို ထမ်းလျက် ပုဆိုးဟောင်းတစ်ထည်ကို ခြုံထားသည်။ သူသည် ကောင်းဆေးရိုး၏ ဘေးသို့ ရောက်လာသည်။ အခင်းအကျင်းကို မြင်ခါမျှဖြင့် သူခိုးကျော်လှ အား လက်ပူးလက်ကြပ်မိနေပါပြီရောဟု နားလည်လိုက်သည်။

“သူ့ဘာသာသူ သူခိုးဖမ်းတာ ကောင်းဆေးရိုးက ဝင်ပြီး တောင်းပန်နေရသလားဗျ”

“မဟုတ်ပါဘူးကွာ၊ မင်းတို့ ရမ်းဘိုကုန်း ရွာသူရွာသားတွေ အားလုံးဟာ သူခိုးချည်းပဲ ပြောလို့ကွ”

ကောင်းဆေးရိုး ပါးစပ်ပိတ်ရုံသာ ရှိသေးသည်။ “ဟင် ဟုတ်လား” ဆိုကာ ငသန်းသည် တစ်ဟုန်ထိုး ပြေးသွားသည်။ ကောင်းဆေးရိုးက ခြုံထည်ပုဆိုးကို လှမ်းဆွဲထားသည်။ ငသန်း လေးဖက်ထောက်လဲသည်။ “ကောင်းဆေးရိုး လွှတ်စမ်းပါဗျ” ဟု ထရပ်ရင်းက ယက်ကန်ယက်ကန်ဖြင့် ပြောသည်။

“ခင်ဗျား ဘယ်အရပ်မှာ လာပြီး လယ်လုပ်နေတယ်ဆိုတာ သတိထားမိရဲ့လား”

အဘိုးကြီးအိုအား မထီတရီလုပ်ခဲ့သော လယ်ရှင်။ မိုက်ကန်းကန်းကောင်နှင့်ဆုံရ၊ သူ့ထက်လည်း ခွန်အား ဗလကြီးသူနှင့် ကြုံရသည့်အခါ မျက်နှာထား ပြောင်းသွားသည်။

“ရှက်ပြီး နောက်နောင် မခိုးဝံ့အောင် ပြောမိတာပါ ညီလေးရာ၊ တမင် ပုတ်ခတ်တာ မဟုတ်ပါဘူး”

လေသံပျော့ဖြင့် တောင်းပန်လာသောအခါ ငသန်းသည် ကျော်လှအား ဆောင့်ကန်သည်။ “နင့်ကြောင့်၊ ကောင်းကောင်းမွန်မွန်နေသူတွေပါ အစော်ကားခံရတာ” ဟု ဆိုသည်၊ ဆဲရေးတိုင်းထွာသည်။ ထို့နောက် ဝါးလုံးကိုကောက်ကာ စိုက်စိုက်စိုက်စိုက် နှင့် ထွက်သွားလေတော့၏။ ကောင်းဆေးရိုးသည် ငသန်း နောက်သို့ ခပ်သုတ်သုတ် လိုက်ခဲ့သည်။ နေလုံးပေါ်ပြီ။ ပေါ်သော်ငြား အရောင်အဝါ မရှိ။ မီးဖုတ်ထားသော သံပြားဝိုင်းကြီးကို နှင်းမှုန်ကြား၌ ချိတ်ဆွဲထားဘိသို့ ရှိသည်။ ငသန်းသည် လယ်ပွဲထိပ်သို့ အလျင်ရောက်နှင့်ကာ ထန်းရွက်ခြောက်နှင့် ထန်းဖုံးဖတ်များဖြင့် မီးဖိုနှင့်သည်။

“သူခိုးအတွက်နဲ့ ဝင်ပြောရတာ ပါးစပ်သနသဗျာ”

“ငါလည်း ကိုယ့်လမ်းကိုယ် ဆက်သွားမလို့ပဲကွ။ မင်းတို့ ရမ်းဘိုကုန်းတစ်ရွာလုံးလို့ ပြောသံကြားတော့ မနေနိုင်ဘူး။ ပဲ့ပါတာ မှတ်လို့ဆိုပြီး ဥပေက္ခာ ပြုချင်ပေမဲ့ မခံချင်စိတ်က သူတို့ ဘေးကို ဆွဲခေါ်သွားတာ” 

“ထားပစ်ခဲ့ ပြီးရော”

“ဟဲ့ အဲဒါဟာ လက်သည်းဆိတ်လို့ လက်ထိပ် နာတာဟ ကောင်အိုလေးရ။ လက်သည်းကို ဆိတ်ပါလျက်နဲ့ မနာတဲ့လက်ထိပ်ဟာ နူနေတာ။ နူနေမှတော့ လူတော မတိုး၊ အသုံးမကျတော့ဘူး နားလည်လား။ နင်ဟာ အနူ မဟုတ်ဘူး၊ လူကောင်း သိလား”

ကောင်းဆေးရိုးမှာ မီးကို မြင်မှ ချမ်းရမှန်း သိသည်။ သို့အတွက် မီးဖိုဘေးတွင် ဝင်ထိုင်သည်။ မီးဖိုနှင့် နီးအောင် ရှေ့တိုးသည်။

မှတ်ချက်။ ။ ‘ကို’ နှင့် ‘ဦး’ အရွယ်ကြားက နာမည်ရှေ့တွင် ‘ကောင်း’ တပ်၍ ခေါ်လေ့ရှိသည် ။

▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment