❝ ရွှေဇယ် ငွေဇယ်ခွံ ကစားသည့်ပွဲ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁
လေပြည်ကလေး သွေးလာသည်။ မန်ကျည်းပင်များသည် ဣန္ဒြေရှင် မိန်းမမြတ်နှယ် ငြိမ်သက်နေရာက ဟီရိသြတ္တပ္ပ ကင်းမဲ့သူလို ဖြစ်လာ၏။ အရွက်များ ဖျိုးဖျိုးဖျပ်ဖျပ် မည်လာသည်။ အကိုင်းဖျားများ လှုပ်လာ ခါလာ ယမ်းလာသည်။
“အဖိုးတန်လိုက်တဲ့ လေကလေးဟဲ့၊ တိုက်စမ်းပါ လေရယ်”
ရီးကျီးဒန်မှာ ရင်ရှားထား၏။ ရင်ရှားထားငြား ပျော့ပျော့အိအိ တွဲတွဲလျားလျား အရေခွံ ညိုညစ်ညစ်များတွင် ချွေးဥချွေးပေါက်များ သီးနေ၏။ သူ့ရှေ့တွင် ဂုန်အိတ်စုတ်တစ်လုံးခင်းထားရာ လေကြွေ သရက်သီးစိမ်းများ ပြန့်ကြဲနေ၏။ လက်မအရွယ်က များသည်။ အချို့ အကောင်း၊ အချို့ ငှက်ဆိတ်ရာ၊ ရှဉ့် ကိုက်ရာများဖြင့်။ သရက်သီးပုံဘေးတွင်ကား ရေအင်တုံ တစ်လုံး။ ရီးကျီးဒန်သည် သရက်သီးတွေကို အင်တုံထဲ ထည့်ပြီး ရေဆေးသည်။ လက်တစ်ခုပ်စာ ပွတ်သပ်ဆေးလိုက် အနာအဆာများကို ဖဲ့ထုတ်လိုက်ပြီးနောက် စဉ့်အိုးထဲ ထည့်သည်။ ရီးကျီးဒန်၏ အလုပ်မှာ သည်မျှသာ ဖြစ်၏။ လက်နှစ်ဖက်သာ ညင်ညင်သာသာကလေး လှုပ်ရှားသည်။ သို့သော် ချွေးကမူ လည်ကုပ်မှ ခါးဆီသို့ အဆက်မပြတ် စီးကျနေ၏။ သို့စဉ်တွင် လေပြည်ကလေး သွေးလိုက်သောအခါ အင်အား ပြည့်တင်းလာဘိသို့ရှိ၏။ သို့ကြောင့် သည်လေပြည်ကလေးမျိုး ထပ်မံတိုက်ပါရန် မြည်တမ်းလိုက်သည့် ခဏဝယ် ရီးဆေးရိုးမှာ ရှုံ့မဲ့လျက် လူးလဲထမိလေ၏။
လေပြည်ကလေးသည် အမှန်ပင် နှစ်သက်စရာ ဖြစ်ပါ၏။ သို့ဖြစ်ငြား မြေကြီးပေါ်မှာ ဖျာစုတ် တစ်ချပ်ဖြင့် မှိန်းနေသော ရီးဆေးရိုး အဖို့မှာမူ ဖုန်တွေနှင့် ကျုံးပက်သည်သို့ ရှိတော့၏။ သို့ဖြင့် လူးလဲထရာက ပုဆိုးစုတ်ဖြင့် ခေါင်းကို ခါသည်။ ကျောကို ပုတ်သည်။
“အကျိုးနည်း ပူပါကလား”
“ငရဲပြည်ရောက်ရင် သည့်ထက်တောင် ပူလိမ့်ဦး”
ရီးဆေးရိုးစိတ်ထဲတွင် ဖျဉ်းခနဲဖြစ်၏။ အိပ်မပျော်၍ စိတ်မကြည်သည်တွင် ဖုန်တွေလာသဖြင့် စိတ်ညစ်နေ၏။ ထိုစဉ်ဝယ် မဆီမဆိုင်တွေ လာပြောပြန်ပြီ။
“ငရဲပြည် ရောက်ရအောင် ငါ ဘာတွေ မဟုတ်တာ လုပ်နေလို့လဲဟင်”
ရီးကျီးဒန်ကား စဉ့်အိုးထဲသို့သာ အာရုံစိုက်နေ၏။ သရက်သီး မည်မျှထည့်လျှင် ဆားရည် မည်မျှနှင့် သင့်မည်နည်း စိတ်တွက် တွက်နေ၏။
“မေးနေတာ ဖြေစမ်းပါ၊ ငါက မဟုတ်တာတွေ လုပ်နေလို့လား”
ရီးကျီးဒန် လှည့်ကြည့်၏။ ငေါ့လိုက်မည် စိတ်ကူးပြီး လင်တော်မောင့် မျက်နှာကို စူးစမ်းမိ၏။ မကျေမချမ်း ဖြစ်နေသော မျက်နှာ။ မြေးတွေ ဆူလို့ စိတ်ဆိုးနေတာ၊ ငါ့ဘက် မဲချင် တင်ချင်လို့ ထင်ပါရဲ့။
မြေးတွေသည် မနီးမဝေး၌ ရှိသည်ကား မှန်၏။ သူတို့ ဆူသည်ဟူ၍မူ မဆိုသာ။ သို့သော် တိုးတိုးတိတ်တိတ် ငြင်း၏။ သတိလက်လွတ်ကာ အုတ်အုတ်ကျက်ကျက် ဖြစ်၏။ “ဘ အိပ်နေတယ်” တစ်ယောက်ယောက်က သတိပေးလျှင် တိတ်သွားပြန်၏။ မည်သို့ဖြစ်စေ ရီးကျီးဒန်ကသော်ကား မြေးတွေကြောင့် ထင်ကာ မျက်စောင်းထိုးလိုက်ပြီးမှ “တော့ရယ်လို့ မဟုတ်ပါဘူးတော်” ဟု အချိုသာဆုံး ဆို၏။
“ငရဲမီးနဲ့ စာရင် သည်အပူဟာ မမှုလောက်ဘူး ပြောတာပါ။ တကတည်း အထအန ကောက်နေလိုက်တာ”
“အင်း ဟုတ်သားပဲ”
တွေးရင်း ရီးဆေးရိုး ရေနွေး ငှဲ့သောက်နေ၏။ နီရဲနေအောင် ‘ကျ’ ထားသော ရေနွေး ကြမ်း၏ အေးမြသော အရသာသည် ဒေါသကို နှိမ်ရာ၌ အထောက်အကူပြု၏။ ထို့ကြောင့် တစ်ခွက် ထပ်မံ ငှဲ့ရင်း ဆေးလိပ်တိုကို လက်လှမ်းလိုက်စဉ် မျက်လုံးက မြေးများဘက်သို့ ရောက်သွား၏။
••••• ••••• •••••
၂
ကျနေသည် အိမ်အောက်သို့ ကင်းထောက်ဝင်ရောက်ပြီ။ ကလေးများမှာ နေပူစပြုလာပြီကို သတိမထားနိုင်ကြ။ ဒေါသဖုံးနေသည်။ ပျော်ချင်၍ ကစားရာမှ ရန်ဖြစ်လို၍ ကစားခြင်းသို့ ရောက်နေပြီ။ လှအုံးမယ်၊ မိမိထွေး၊ ခင်ခင်ကြီးနှင့် မေကြည်တို့၏ နှုတ်ခမ်းများမှာ စူနေသည်။ နှုတ်ခမ်းစူနေသည့်နည်းတူ မျက်လုံး အသီးသီးမှာလည်း ဒေါသရောင် တောက်နေချေသည်။ ညီအစ်မတွေပါကလား ဟူသည့်အကြောင်းကို
‘သေပါစေ ရှုံးပါစေ’ မကောင်းစိတ် ကဲမိုးနေ၏။ သည်အခါ မျက်လုံးကလေးတွေ မလှပတော့ပါ။ မကြည်လင် မတောက်ပတော့ပါ။ ဒေါသတွင် စိတ် ယုတ်ပန်းကို ဆင်မြန်းရုံမက၊ ချွေးကို သုတ်စဉ် ပါးကို ပွတ်စဉ် ပေကျံနေသော ဖုန်ကြောင့် အကျည်းတန်နေကြပြီ။ အစင်းကြီးတွေ အကွက်ကြီးတွေနှင့် သရဲ၏ မျက်နှာတွင် ကျောက်ပေါက်ဘိသို့ ရှိတော့၏။ ရီးဆေးရိုး သက်ပြင်းရှိုက်၏။ ဒေါသကြီးခြင်း၊ မောက်မာခြင်းနှင့် အဘိဇ္ဈာကြီးခြင်းမှာ မြေးတို့ ကဲ့သို့သော သူငယ်နှပ်စားတို့၏ အလုပ်မဟုတ်လား။
ကြည့်စမ်း၊ ကစားဝိုင်းထဲတွင် မပါသော ကျော်သူရ။ မည်သည့်ဒေါသ၊ မည်သည့်ဣဿရိယ တရားမျှ မကပ်ငြိ။ ဖုန်ပေသောမျက်နှာဖြင့် နေပူထဲတွင် အိပ်ပျော်နေ၏။ ချွေးရောင် တပြောင်ပြောင်တလက်လက် တောက်ပနေငြား အကျည်းမတန်။ သနားစရာပင် ကောင်းပါသေးတကား။ ရီးဆေးရိုးသည် ကျော်သူရကို သူ့ဖျာပေါ်သို့ ရွှေ့ချထားပြီး ဆေးလိပ်ညှိ၏။ “မရဘူး၊ မရဘူး” မိမိထွေး အသံ ကျားဟိန်းသည့် အလား ပေါ်လာသည်။ လှအုံးမယ်က မန်ကျည်းစေ့တွေ ဆောင့်ချပေးလိုက်လေသည်။
“ငတက်ပြားနော်၊ ငတက်ပြား”
အမေကြီးက လှမ်းမကြည့်ဘဲ သတိပေးသည်။
“အကျိုးနည်းတော်၊ မန်ကျည်းစေ့များ ကောင်းကောင်းကန်းကန်းလုပ်လို့ ဒေါသနဲ့ လူနဲ့ မလိုက်ဘူး”
ထိုအခါ ရီးဆေးရိုး၏ သတိပေးစကားသည် တစ်ဆက်တည်းပေါ်လာ၏။
“ညည်းလည်း သူတို့အရွယ်တုန်းက ‘ကြွေရံစ’ ကို ကြွေဂံစမှန်း မသိ၊ ‘အိုးကင်းပဲ့’ ကို အိုးကင်းပဲ့မှန်း မသိ။ ထဘီခါးတောင်းကျိုက်ပြီး နပန်းလုံးခဲ့တာပဲ မဟုတ်လား”
ရီးကျီးဒန် မျက်စောင်းထိုးမိလျက် “သူက တစ်မှောင့်တော်” ပြောမိငြား အပြုံးရိပ်သည် နှုတ်ခမ်းဖျား၌ အလိုအလျောက် လာရောက် ခိုသီးလေ၏။ နှလုံးသား၏ အလှုပ်အရွ အရွှင်အပျကို မျက်နှာက အဘယ်မှာ တင်းခံနိုင်ပါမည်နည်း။
ဇယ်တောက်သည်။ ခေါ်သော အခါတွင်သာ ပေါ့ပေါ့ကလေး လွယ်လွယ်ကလေး။ လက်တွေ့ ကစားရာတွင် စည်းမျဉ်းတွေက များ၏။ နည်းလမ်းတွေကလည်း အများသား။ မြေကြီးတွင် တွင်းတူးမှ ဇယ်တောက်၍ ရသည်မဟုတ်။ ဖျာပေါ်တွင်လည်း အိုးမည်းခဲမီးသွေးဖြင့် ဒင်္ဂါးအရွယ် စက်ဝိုင်းကလေးရေးပြီး ‘တောက်’ လျှင် ဖြစ်၏။ သို့သော် စည်းကမ်းကား များ၏။ ကာတမ်းလား မကာတမ်းလား၊ ပြတမ်းလား မပြတမ်းလား၊ ထိခလုတ်လား မထိခလုတ်လား၊ နောက်က တောက်ကြေးလား ရှေ့ကတောက်ကြေးလား၊ စက်ကြေးလား မစက်ကြေးလား စသည်ဖြင့်။
ရီးကျီးဒန်မှာ လက်ကို စဉ့်အိုးထဲမှ ထုတ်ရန် သတိ မရတော့။ မြေးတို့၏ ဇယ်တောက်ဝိုင်းကို လည်ပင်း ရှည်၍ ကြည့်၏။ မြေးများ၏ ဇယ်ဝိုင်းမှာ တွင်းနှင့် ကစားသော ဝိုင်းဖြစ်သည်။ အင်း ငတက်ပြားမ တယ်လည်း ဖြစ်တာကိုး။
‘ဖြစ်’ သည် ဆိုခြင်းမှာ ကျွမ်းကျင်နိုင်နင်းခြင်းကို ဆိုလို၏။
“ဖြစ်ရမှာပေါ့လေ၊ အမေကြီးရဲ့ မြေးပဲ”
နှုတ်မှ မြည်တမ်းမိချေသလော၊ အသံမထွက် သလော ရီးကျီးဒန် သတိမထားမိပါ။ သူသည် စိတ်ဝင်စားမိသည်နှင့်တစ်ပြိုင်နက်တည်း ‘မြေးစွာ ငတက်ပြားမ’ မိမိထွေးကို အထင်ကြီး၏။ လက်မကာတမ်း ကစားရသည်မှာ အလွန်ခက်သည်။ သည်အခက်ကိုပင် မိမိထွေးသည် နောက်ဆုံး ဇယ်တွေမှ စတင်ပြီး တစ်စေ့ပြီး တစ်စေ့ ‘တောက်’ ခြင်းဖြင့် တွင်းထဲ ပို့ပေး၏။ ရီးကျီးဒန်သည် ကြည့်နေဆဲမှာပင် မိမိထွေးက ‘ခွင်လုံး’ သိမ်းဆည်းချွတ် သွားပြန်၏။ အရင်း ထည့်ရသော လက်တွေက ဆောင့်ဆောင့်အောင့်အောင့်။ မျက်နှာတွေက စူပုပ်ပုပ်။
“မပုတ်ကြေးဟေ့”
ခင်ခင်ကြီးထံမှ ထပ်ဆင့်လာသော စည်းကမ်းသစ်။ တွင်းထဲသို့ ၄၊ ၅ စေ့ တောက်ထည့်လိုက်၊ တွင်းကို လက်ဝါးဖြင့် ပုတ်လိုက် လုပ်ခြင်းကို ပိတ်ပင်သည်။ မိမိထွေးသည် ဖြန့်ကြဲအံ့ဆဲဆဲ လက်ကို တန့်လိုက်ရာက စူးစူးဝါးဝါး ကြည့်၏။
“ငတက်ပြားတို့ကတော့ဟေ့ ဖြစ်တာရော၊ စွာတာရော၊ ရန်ထောင်တဲ့ အကြည့်ကအစ ငါ့အတိုင်း ပါကလား”
တိတ်တခိုး မြွက်စကားဖြင့် ရီးကျီးဒန်၏ နှလုံးသား ညွှတ်နူး နုပျိုလာရချေသည်။
••••• ••••• •••••
၃
‘ပေါက်ကျော်မဟေ့’ ဆိုလိုက်လျှင် ရမ်းဘိုကုန်းရွာ တစ်ရွာလုံး သိသည်။ ပေါက်ကျော်မသည် အုန်းယဉ် မဟုတ်။ ငြိမ်းသာ မယ်သင် မဟုတ်။ မယ်ပြန့်နှင့် ဖွားအုံလည်းမဟုတ်ချေ။ ကိုကြွက်နီ၊ မရွှေအိမ်တို့၏ သမီး ‘ကျီးဒန်မ’ သာလျှင် ပေါက်ကျော်မ ပေတည်း။
“မရွှေအိမ်ရေ၊ တိုင်ရမှာတောင် ရှက်ပါသတော်။ တော့်သမီးရယ် ကျုပ်သားကို ရိုက်သွားတာ ခေါင်းပေါက်သွားလို့”
“ရွှေအိမ်ရေ၊ နင့်သမီး ပေါက်ကျော်မ ထန်းပင် တက်နေလို့ ငါ မနည်း ငေါက်ငမ်းပစ်ခဲ့ရသဟ”
အိမ်လာပြီး တိုင်သူတိုင်၊ အိမ်ရှေ့မှ ဖြတ်သွားရင်း သတင်းပေးသူက ပေးနှင့် ရယ်စရာကောင်းငြား မရွှေအိမ် မရယ်နိုင်။ “ရိုက်လွှတ်စမ်းပါ။ တုတ်ရှာမနေနဲ့၊ တွေ့ရာနဲ့ကောက်ထုကြစမ်းပါ၊ ကျုပ် စိတ်မဆိုးပါဘူး၊ အရပ်ကို အပ်ပါတယ်” ဟု ထိုင်ထိုင်ပြီး ပြောရသည်မှာ တစ်နေ့လျှင် ၃၊ ၄ ကြိမ်။ အတိုင်ခံရမည့်သာ ခံရသည်။ ထန်းပင်ကို ရင်းထောင် မပါဘဲ တက်မည့်သာ တက်သည်။ ကျီးဒန့်အသက်မှာ ၁၅ နှစ် ရှိနေပြီ။
“ဟဲ့ နင် မငယ်တော့ဘူး၊ ယောက်ျားလေးတွေနဲ့ မကစားနဲ့” ပြောတုန်းသာ “ဟုတ်ကဲ့ပါ အမေရယ်” ခေါင်းညိတ်ငြား ယောက်ျားကလေးတွေ၏ ဂျင်ဝိုင်းတွင် ဝင်ပြီး ဂျင်ပေါက်သည်။ ပေသီးဝိုင်းတွင် ပေသီး ထုသည်။
“ကျီးဒန် မဖမ်းနိုင်အောင် တစ်ပေါင်ကျော် ကစားမယ်ဟေ့”
‘တစ်ပေါင်ကျော်’ ဖမ်းနည်းမှာ လည်နေသော ဂျင်ကို ကြိုးဖြင့် ချိတ်ပြီး မြှောက်တင်ရ၏။ ဂျင် မြောက်တက်သွားစဉ် ကြိုးအဖျားကို ‘ကွင်းလျှော’ ဖြစ်အောင် အလျင်အမြန် ပြင်ဆင်ရ၏။ ဂျင် ပြန်ကျလာသောအခါ ထိုကွင်းဖြင့် ခံယူ ဖမ်းဆီးရသည်။ ဖမ်းရာ၌ သမင်လည်ပြန်သွားပြီး တစ်လက်ခုပ်၊ နှစ်လက်ခုပ် ဖမ်းနည်းဖြင့် မဖမ်းရ။ ပေါင်တစ်ဖက် မြှောက်ပြီး၊ အောက်မှ လက်ထုတ်ပြီး ဖမ်းရမည်။ ဤသည်ကား တစ်ပေါင်ကျော် ဖမ်းနည်းတည်း။
ကျီးဒန် စဉ်းစားသည်။ မျက်နှာ ရဲခနဲ ဖြစ်သွားရာက ထဘီကို တိုတိုဝတ်သည်။ ဖျတ်ခနဲ ငအိ အပါး ပြေးသွားသည်။ “နင်နော် နင်နော် နင့်အမေကို သွားတိုင်မှာဗျား” အော်နေဆဲတွင် ငအိ ခွေကျသွား၏။ ငအိ၏ တံခေါက်ခွက်ကို ဆောင့်ကန်သောကြောင့် ဖြစ်ပေ၏။ ။ ပက်လက်လန်သွားသော ငအိ လည်ပင်းပေါ်သို့ ကျီးဒန် တက်ခွသည်။ မျက်နှာကိုလည်း လက်သည်းဖြင့် ကုတ်သည်။ တံတွေးဖြင့်ထွေးသည်။ ထိုအချိန်က စပြီး ပေါက်ကျော်မ အမည်ရခဲ့သော ကျီးဒန်။ ရွယ်တူ ယောက်ျားတိုင်းကို ခဲဖြင့် ထုဖူး၊ ဖုန်ဖြင့် ပက်ဖူး၊ တုတ်ဖြင့် ရိုက်ဖူး၊ နပန်းလုံးဖူးသော ကျီးဒန်။
သို့သော် သူသည် မိန်းကလေးချင်းကိုမူ မလုပ်ပေ။ မိန်းကလေးချင်းကလည်း သူ့ကို ခပ်ရှိန်ရှိန်မို့ မကပ်ရဲ၊ မညစ်ရဲခြင်းလည်း တစ်ကြောင်း ပါဝင်ပေသည်။ သို့တစေ လောကတွင် ဒေါသစင်သောအခါတွင်မူ မညစ်ချင်ဘဲ ညစ်ကြ၊ မကတ်ချင်ဘဲလျက် ကတ်ကြသည်။
ဖွားအုံနှင့် ကျီးဒန်ကား အသင့်မြတ်ဆုံးပေတည်း။ ကျီးဒန် ဆဲလည်းခံ၊ ခြေဖြင့်ကန်လည်း ဖွားအုံ ခံသည်။ သည်သို့ သည်းခံသူအတွက် ပြောင်းဖူးစေ့လှော်ကလေးကအစ ကျီးဒန် ‘တဘက်’ စွန်းဖြင့် ထုပ်လာ၏။ သင့်မြတ်သူ နှစ်ဦး တေးချင်းတအေးအေးဖြင့် ဇယ်တောက်နေနေရသည်မှာ ပျော်စရာကောင်းလှသည်။ မန်ကျည်းရွက်တွေ သဲခနဲ သဲခနဲ ကြွေ၏၊ မသိ။ မဟူရာဥသြသည် မန်ကျည်းပင်ပေါ်မှ ရွှေနားတော် သွင်း၏၊ မကြား။
“ငါလည်း ပါမယ်ဟေ့”
မယ်ပြန့် သနပ်ခါးနံ့ မွှေးမွှေးအေးအေးဖြင့် ရောက်လာ၏။ ကျီးဒန် အလျင်အမြန် တောက်ပြီး လက်စသတ်လိုက်ရာက “ဘယ်လောက်တမ်းလဲ” မေး၏။
“ဆယ်စေ့ကြေးပေါ့အေ”
“များပါတယ်ဟာ” တွန့်ဆုတ်သူက ဖွားအုံ။
“ငါ့မှာ ပါပါတယ်အေ့၊ မများပါဘူး”
ကျီးဒန်က ထဘီကို အထုပ်သဖွယ် စုကိုင်ပြီး လှုပ်ပြ၏။ ကြွေပန်းကန်ကွဲချင်း ထိသံ၊ ပေသီးချင်း ဆောင့်မိသံ၊ မန်ကျည်းစေ့ချင်း ပွတ်ကြိတ်သံများ။ ပြောရုံဖြင့် မတန့်တော့ဘဲ မန်ကျည်းစေ့တစ်ဆုပ် ဖွားအုံ ရှေ့သို့ ရောက်သွား၏။
ဖွားအုံ အားတက်သွားပြီ။ သွက်လက်စွာ ဆယ်စေ့ထည့်ချိန်တွင် “နေကြပါဦး၊ နေကြပါဦး” ကတိုက်ကရိုက် အော်သံဖြင့် ပြေးလာသူက အုန်းယဉ်။
‘မန်းယောင်ကြီး’ အက်နေအောင် ထုံးထားသော အုန်းယဉ်သည် မျက်နှာမှာသာ ပါးကွက်ကြီး အကျအန ကွက်ထားငြား၊ ကစားစရာ မန်ကျည်းစေ့ကို ထန်းစေ့မှုတ်ဖြင့် မထည့်။ အုန်းမှုတ်ခွက်၊ သီးသီးခွံ၊ ဥသျှစ်ခွံဖြင့် မထည့်။ ထဘီဖြင့် ထည့်ကာ အောက် အနားစကို ဆွဲလှန်လိုက်သောအခါ ထုပ်ပိုးပြီးသား ဖြစ်သွားတော့သည်။
ကျီးဒန်လည်း သည်ပုံ ထည့်သိုကာ သယ်ဆောင်သည်။ တစ်နေရာမှ တစ်နေရာသို့ ရွှေ့သွားလျှင် အနည်းဆုံး မည်းညစ်တွန့်ချိပ်နေသည့် ဒူးခေါင်း မပေါ်၍ မဖြစ်။ အုန်းယဉ်သော်ကား ခြေသလုံးပေါ်မည် စိုးသဖြင့် ထဘီအနားကို နှိမ့်နိုင်သမျှ နှိမ့်သည်။ နှိမ့်၍ မလုံလောက်သောအခါ ခါးကုန်းသည်။ ယခု ခါးကြီးကို ကုန်းလျက် အပြေးရောက်လာခြင်း ဖြစ်၏။
“ဘယ်လောက်ကြေးတုံး”
“ဆယ်စေ့တည်းပါအေ”
“ကြွေဂံစနဲ့ ရောင်းမှာလား”
“ရောင်းမယ်”
မန်ကျည်းစေ့သူဌေး ကျီးဒန်ထံမှ အားတက်သရော ဖြေမှ အုန်းယဉ် ဆယ်စေ့ချသည်။ ချပြီးလျှင် ပြီးချင်း ကြွေပန်းကန်ကွဲအစ ငါးစလှမ်းပေး၏။ ကျီးဒန် သေချာစွာ ဖင်ပြန်ခေါင်းပြန် စစ်ဆေးကြည့်ပြီးမှ မန်ကျည်းစေ့ အစေ့ငါးဆယ် ထုတ်ပေး၏။ စစ်ဆေးရခြင်းမှာ ကျောက်ခဲအကွဲစ အဖြူရောင်နှင့် မှားတတ်သောကြောင့် ဖြစ်၏။ အချို့လည်း အရေအတွက် များပြားစေရန် သေးသေးကလေးတွေ ခွဲစိတ်ထားတတ်၍ ဖြစ်၏။
“သူဌေးမကြီးဟဲ့” မယ်ပြန့်က မေးထိုးပြီး ဆို၏။
“ဒါပေါ့”
ကျီးဒန်တို့ ခေတ်တုန်းက လူများသည် အလွန် စစ်စီကြ၏။ အလွယ်နှင့် ဝယ်၍ရသော စဉ့်အိုးငယ်များ ကိုပင် မသုံးကြ။ အိမ်မိုးရာမှ ပိုသော ဝါးကို ဖြတ်တောက်ပြီး ငါးပိကျည်တောက် ဆားကျည်တောက် ပြုလုပ်သုံးစွဲကြ၏။
ထမင်းအိုး၊ ဟင်းအိုးကို ကြည့်ပါဦး၊ အိမ်မှာ ဖြစ်သော မြေအိုး။ ထမင်းစားရာတွင် ဒေါင်းလန်းနှင့် ဗျပ်ခွက်၊ ဇွန်းက ယောက်သွား၊ ကြွေပန်းကန်နှင့် ကြေးဇွန်းသုံးသူများမှာ လူရည်တတ်။ ထမင်းစားပန်းကန်ကိုပင် ထမင်းစားပန်းကန် မခေါ်။ ‘တိုက်ပန်းကန်’ ဟူ၏။
သို့ကြောင့် ရွာတွင် ကြွေပန်းကန် ရှားသည်။ တစ်ချပ်တလေ ကွဲပဲ့၍ လွှင့်ပစ်လျှင် ကလေးတွေ အလုအယက် ကောက်၏။ ဘုန်းကြီးကျောင်းက အပြာရောင် နွယ်ခက်သော ကြာပန်းကန်ထက် ပန်းကန်ဖြူကို ပို၍ နှစ်သက်ကြ၏။ လူကြီးတွေအတွက်ပင် ထူးဆန်းရှားပါးသော ကြွေပန်းကန်အကွဲ အစအနသည် ကလေးတို့အတွက် ဧရာမအဖိုးတန်ကြီး ဖြစ်နေချေပြီ။ ကျီးဒန်သည် မျက်နှာမော့ပြီး ပြုံးလိုက်ရင်း မန်ကျည်းစေ့ အစေ့ လေးဆယ်ကို ကျုံးဆုပ်လျက် ဇယ်တွင်း ပတ်ပတ်လည် ဟူးခနဲ ကုန်းမှုတ်သည်။
“အစက ပြန်ကစားရအောင်အေ၊ ဗွေရွေးစို့”
မယ်ပြန့်၏ စကားအဆုံးတွင် ကျီးဒန်၏ မျက်လုံးတွေ လက်လာသည်။ စူးစူးရဲရဲကြည့်ပုံမှာ ငတက်ပြား နှင့် တစ်ထေရာတည်း။
“ညည်း မပါချင်နေပေါ့”
အုန်းယဉ် ထံမှ အကူအညီရလိုငြား မယ်ပြန့် လှမ်းကြည့်ငြား အုန်းယဉ်က ကျီးဒန် လက်ကိုသာ စိတ်စောနေ၏။ သည်အခါဝယ် “အေးပါ အင်းအင်း၊ လုပ်” အသံ မယ်ပြန့်ထံမှ ထွက်လာသည်။
သဘောတူပြီဖြစ်ငြား ကျီးဒန် ဇယ် မကြဲသေး။
“ကာကြေးလား၊ မကာကြေးလား”
“ကာကြေးပေါ့အေ”
“ထောက်ကြေးလား၊ မထောက်ကြေးလား”
“ထောက်ပေါ့၊ တို့အလှည့်ကျလည်း ထောက်ရမှာပဲဟာ”
“ပြကြေးလား၊ မပြကြေးလား”
“ဦးဆုံး တစ်စေ့တော့ ပြပေါ့အေ၊ နောက်အစေ့တွေကျတော့ အဝေးဆုံးက စတောက်ပေါ့”
“ထိကြေးလား၊ မထိကြေးလား”
“မထိကြေး”
“ထောက်ကြေးဆိုမှတော့ ထိမှာပေါ့ အေရဲ့”
အုန်းယဉ်က မေးထိုးကာ ရှင်းလျှင် မယ်ပြန့် ခေါင်းညိတ်သဖြင့် ပြောင်ရှင်းနေသော ဇယ်တလင်းတွင် ညိုမှောင်မှောင် မန်ကျည်းစေ့တွေ ဖုံးလွှမ်းသွားသည်။ နောက်ဆုံးက ‘စ တောက်’ တမ်းမို့ ကြဲကြဲ ဖြန့်သည်။ အထပ်အပူး မရှိ။
“ကဲ ပြောပြော၊ ဘယ်ဟာ တောက်ရမှာတုံး”
စတင် တောက်ရမည့် ဇယ်ကို ညွှန်ပြခွင့်ရှိသူ သုံးယောက်ရှိ၏။ သုံးယောက်မှာ သဘောမညီ။ သည်ဟာက ဝေးသည်။ ဟိုဟာက မဝေးပေမယ့် ခက်သည် စသည်ဖြင့် ငြင်းနေကြ၏။
“ကဲနော်၊ ကြိုက်ရာက တောက်ပစ်မယ်”
ရာဇသံပေးတော့မှ ဖွားအုံ ပြသော အစေ့ကို သဘောတူကြ လေ၏။ ကျီးဒန်သည် တွင်းတစ်ဖက်တွင် လက်ဝါး ကာထား၏။ တဖြည်းဖြည်း လက်ညှိုးဖြင့် တားလိုက်၊ ကာလိုက်ဖြင့် တောက်ရာခွင် ကျွတ်သွား၏။ ဒုတိယပွဲ စပြီ၊ ကြဲပြီ။
“မထောက်ကြေး၊ မကာကြေးဟေ့”
“မကစားဘူးဟေ့၊ ရှုံ့ချေနှပ်ချေနဲ့”
ပြောပြောဆိုဆိုနှင့် သူ့အရင်း ဆယ်စေ့ကို ကပျာကယာ ကောက်ယူကာ ကျီးဒန် ဆောင့်အောင့် ထရပ်သည်။
“အမယ်လေး ထိုးသတော့်”
နားထင်ကို လက်ဝါးဖြင့် အုပ်လျက် အုန်းယဉ် အော်၏။ ကျီးဒန် ပင်လျှင် အံ့အားသင့်သွားပြီးမှ ထဘီထဲမှ အထုပ်နှင့် ထိုးမိရာတွင် ကြွေပန်းကန်ကွဲ စူးခြင်း ဖြစ်ရမည်ဟု သဘောပေါက်သွားလေ၏။
••••• ••••• •••••
၄
ဖြောင်းခနဲ ဖြောင်းခနဲ အသံများနှင့် မရှေးမနှောင်းပင် “အမေကြီးရေ လုပ်ပါဦး၊ မိမိ ထွေးလုပ်နေပြီ” အော်သံ ပေါ်လာ၏။
ရီးကျီးဒန်မှာ အမှတ်မဲ့သော် အုန်းယဉ်၊ မယ်ပြန့် တို့နှင့် ရန်ဖြစ်နေသည် ထင်မိ၏။ အသေအချာ ကြည့်တော့မှ ခင်ခင်ကြီး ခေါင်းကို ငတက်ပြားမက ခေါက်နေပါကလား သတိပြုမိသည်။ ခင်ခင်ကြီးက ခေါင်းကို လက်ဝါးနှစ်ဖက်ဖြင့် အုပ်ထားသည်။ လည်ပင်းကို တိုထားသည်။ သူ့ရှေ့တွင် မန်ကျည်းစေ့နှင့် ကြွေပန်းကန်စေ့တွေ ဖွေးတချို့ ၊ နီတစ်စု၊ ပြာတစ်အုပ်၊ ဝါတစ်သန့်၊ ညိုတစ်ကန့် ပြားစီး နှံ့ကြဲနေ၏။ သည်အထဲတွင် ဥသျှစ်သီးခွံ အကွဲကြီးက အထင်းသား။
“ဪ လက်စသတ်တော့ တစ်အောက်ခြားတဲ့ ‘နှစ်နို့ညှာ’ က အကြီးဆုံးကို ခေါက်နေတာပါကလား”
သဘောပေါက်သည့် ခဏတွင် ရီးကျီးဒန် ရယ်လေ၏။ ဟက်ဟက်ပက်ပက် ရယ်၏။ ပက်လက်ကြီး လန်အောင် ရယ်၏။ ငတက်ပြားမသည် မျက်နှာသာ အပေးနည်းသော အမေကြီး၏ လေရိပ်မိုးရိပ်ကို သိ၏။ အမေကြီး မျက်နှာနုပျိုနေသည်။ ရွှန်းသစ်နေသည်ကို အခွင့်ကောင်းယူကာ အစ်မကြီးကို ထခေါက်၏။ မဆဲရုံ မမာန်ရုံသာမက အမေကြီး ရယ်မောနေသောအခါ ကန်းတက်ပြီ။ ခေါင်းကိုနှိပ်ပြီး ကျောကို အွတ်အွတ်သံ မြည်အောင် ထုလေပြီ။
“ဟဲ့ ကျီးဒန်၊ မဖျဉ်တဲ့ အပြင် ဟာ၊ ဟဲ့ အငယ် အငယ်”
ရီးဆေးရိုးသည် တအံ့တသြ လှမ်းကြည့် မြည်တမ်းရာက ငတက်ပြားမကို ပြေးဆွဲရသည်။ သို့တိုင်အောင် ရီးကျီးဒန်က ရယ်မော၍ အတောမသတ်သေး။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုးပေါင်းချုပ်
No comments:
Post a Comment