Tuesday, August 11, 2026

လက်ပံပင်ဝဲ တရားခံ

❝ လက်ပံပင်ဝဲ တရားခံ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

တစ်နေ့တလေ မိုးလင်းသည်အထိ အိပ်ကြည့်ဦးမည် စိတ်ကူးကာ ရီးကျီးဒန်သည် တစ်ဖက်သို့ စောင်းလှည့် လိုက်သည်။ ထိုစဉ်တွင် အိမ်ရှေ့လမ်းဆီကလိုလို အသံတစ်သံကြားရ၏။ ရီးကျီးဒန် မျက်စိပွင့်ရုံသာမက မျက်လုံးပါပြူးသွားရတော့သည်။ ဝမ်းခေါင်းသံကြီးဖြင့် ရယ်မောသံကြီး။ အားပါးတရ ရယ်မောနေသော အသံကြီးကို ဆက်လက် ကြားနေရသည်။

‘ငါ နားကြားလွဲရော့သလား၊ စိတ်ထင်လို့များလား’

လျှောကျနေသော ပုဆိုးစုတ်ကလေးကို ခေါင်းအုံးပေါ်သို့ လက်တစ်ဖက်ဖြင့် အသာဆွဲတင်ရင်း ရီးကျီးဒန် နားစွင့်နေလိုက်ပြန်သည်။ နားကြားလွဲခြင်းကား မဟုတ်။ စိတ်ထင်ရာကြားရသော အသံလည်း မဟုတ်။ ချောင်းအော်သံလည်း မဟုတ်။ အမှန်ပင် လူတစ်ယောက် ဖျစ်ညှစ်ရယ်မောနေသံ ဖြစ်၏။ ဝမ်းခေါင်းသံကြီးဖြင့် ဖျစ်ညှစ်ရယ်မောနေသောအသံသည် ရွာ့မြောက်ဖျားမှ ရွာလယ်ပိုင်းသို့ တရွေ့ရွေ့ နီးကပ်လာလေပြီ။ ရီးကျီးဒန် ထထိုင်ကာနားစွင့်သည်။ ရယ်မောသံကြီးသည် နီးသည်ထက် နီး၍နီး၍ လာ၏။ ရီးကျီးဒန်မှာ ရီးဆေးရိုးကို လှမ်းကြည့်မိသည်။ ရီးဆေးရိုးသည် အိမ်ရှေ့ဘက်သို့ ခေါင်းထိုးကာ အိမ်ခါးပန်းကို ခေါင်းအုံးလျက် ခွေခွေကလေး အိပ်ပျော်နေ၏။ စိတ်အေးလက်အေး အိပ်ရသောကြောင့် တဖူးဖူးမှုတ်၍ပင် နေသေးသည်။ ရယ်မောသံကြီးသည် နီး၍လာ၏။ “ဟေ့ ဆေးရိုး၊ ဟေ့ ဆေးရိုး” ခေါ်သံ အော်သံကိုပါ ကြားရပြန်၏။

“ရော် ဘယ်သူပါလိမ့်”

“ဟေ့ ဆေးရိုး၊ ထပါဦးကွ”

အိမ်ရှေ့မှ အော်ခေါ်သူသည် အော်ခေါ်အပြီး၌ အူလှိုက်သည်းလှိုက် ရယ်မောနေပြန်ချေ၏။ ရီးကျီးဒန်သည် ရီးဆေးရိုးဘေးမှ ကပ်ပြီး အပြင်သို့ ဆင်းရန် ဟန်ပြင်ပြီးမှ တစ်ဖက်တံခါးသို့ လျှောက်လာသည်။ တံခါးကို အသာဖွင့်ပြီး လှမ်းကြည့်သည်။ အလင်းရောင် ကောင်းစွာမရသေး။ သစ်ပင်များကလည်း အုပ်ဆိုင်းနေကြသည်။ ထို့ကြောင့် အမြင် မသဲကွဲ။ ရယ်မောသံကြီးပေါ်လာပြန်သည်။

“ဟေ့ကောင် ဆေးရိုး”

ခေါ်သံနှင့်အတူ ဝင်ပေါက်ဝကို ဆို့ပိတ်ထားသော ထန်းလက်ခြောက်များ တွန်းသံ ဖယ်သံ ကြားရ၏။

“ကိုသာဒွန်းအသံနဲ့ တူတယ်။ ကိုဆေးရိုး ကိုဆေးရိုး”

ရီးဆေးရိုး မလှုပ်ပေ။

“ဘယ်သူလဲ”

“ဟ ကျီးဒန်ရ ငါပါဟ၊ သာဒွန်းပါ”

ရီးသာဒွန်း ထန်းလက်ခြောက်များကို တိုးဝှေ့ကာ အိမ်ဝိုင်းထဲသို့ ဝင်လာခဲ့ပြီ။

“စောစောစီးစီး ဘာကိစ္စလဲ ကိုသာဒွန်း”

လက်ထဲတွင် တစ်စုံတစ်ရာ ကိုင်ထားလေသလား။ ဂရုစိုက်ကြည့်ရင်းမှ ရီးကျီးဒန် ဆီးမေးသည်။

“နှိုးလိုက်စမ်းပါဟ။ ဟေ့ကောင် ဆေးရိုး၊ ထစမ်းပါဦး”

အိမ်ရှေ့ကပြင်မှာ ခါးအထက် တစ်ထွာခန့်မြင့်သည်။ ထို့ကြောင့် နောက်ပြန်ခုန်တက်၍ကား မရ။ လက်လှမ်းမမီသည့်အတွက် ကြမ်းကို လက်ဝါးဖြင့် ပုတ်သည်။

“ဘာလဲ၊ ဘယ်သူလဲ”

ရီးဆေးရိုး ထထိုင်ကာ မေး၏။ ရီးသာဒွန်း ဝမ်းခေါင်းသံကြီးဖြင့် ရယ်လိုက်ကာ “ရယ်စရာ ကောင်းလွန်းလို့ပါကွ၊ အဲဒါ ပြချင်လို့လာတာ ထစမ်းပါဦးဟ” ပြောသည်။

“ဘာလဲ၊ ဘယ်မှာလဲ”

“မင့်အိမ် နောက်ဖေးတင်ပဲဟေ့”

သူတို့သည် ယမန်နေ့နံနက်ကပင် စကားပြော အဆင်မပြေ ဖြစ်ခဲ့ကြသေးသည်။ သို့ကြောင့်လည်း ရီးကျီးဒန်က ဦးသာဒွန်း လက်ထဲတွင် တစ်စုံတစ်ရာ ပါမပါ ဂရုစိုက်ကြည့်ခြင်းဖြစ်၏။ သို့ဖြစ်ငြား ရီးဆေးရိုးမူ ပေါ့ပေါ့ပင် အိပ်ရာမှ လူးလဲထကာ ခေါင်းအုံးနှင့် စောင်ကို ခန်းဆီးထရံဆီသို့ လုံးထွေးလွှင့်ပစ်ပြီးနောက် ကပြင်မှ လျှောဆင်းလာ၏။ သူတို့သည် အိမ်နောက်ဘက်တွင် ရှိသော ချောင်းကမ်းနဖူးသို့ လျှောက်လာကြ၏။ လျှောက်သာ လျှောက်လာရသော်လည်း ရီးသာဒွန်း ဆိုချင်သည့်အဓိပ္ပာယ်ကို ရီးဆေးရိုး မရိပ်မိ။ စိုးစဉ်းသော်မျှ မရိပ်မိ။

လေတစ်ချက် ဝှေ့လိုက်သဖြင့် ချောင်းအော်သံကို ကြားလိုက်ရ၏။ ထို့နောက် ပျောက်ကွယ်သွား၏။ ရီးသာဒွန်းသည် ဝမ်းခေါင်းသံကြီးဖြင့် အော်ရယ်လိုက်ရာက ရီးဆေးရိုးအား လှမ်းကြည့်သည်။

“ချောင်းထဲကို ကြည့်လိုက်စမ်းပါကွ၊ ကြည့်လိုက်စမ်း”

ရီးဆေးရိုး ‘ဟယ်’ ခနဲ အော်လိုက်သည့် ခဏတွင် ရီးသာဒွန်း၏ ရယ်မောသံကြီးသည် စောစောကထက် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။

••••• ••••• •••••

ယမန်နှစ် တော်သလင်းလလောက်က စလင်းချောင်း ရေအလျဉ်သည် ရမ်းဘိုကုန်းရွာ ကျောဘက်သို့ လက်ပံပင်ကြီး တစ်ပင်ကို သယ်ယူလာခဲ့၏။ တအိအိ တငြိမ့်ငြိမ့် မျောပါလာသော လက်ပံပင်သည် ကျောက်ခဲကုန်းတွင် မရပ်ခဲ့။ ညောင်ကုန်းတို့၊ ရှားတောတို့တွင်လည်း မတန့်ခဲ့ပါဘဲလျက် ရမ်းဘိုကုန်းရွာ နောက်ဖေးတွင်မှ ကျောက်ချကာ မိန့်မိန့်ကြီး ရပ်နားခဲ့ လေ၏။ ရမ်းဘိုကုန်းရွာ၏ ခါးလယ်ကို ခြိမ်းခြောက်နေခဲ့သော ရေကြောင်းသည် လက်ပံပင်ကြီး ရောက်လာချိန်မှစ၍ ပြောင်းလွဲသွားတော့သည်။ ရမ်းဘိုကုန်း အောက်ဘက်ရှိ ရွာသစ်ကြီးရွာ အောက်သို့ ဦးလှည့် သွားသည်။ မုန်လာခင်းတွေ၊ ကွမ်းခြံတွေ၊ စပျစ်ခြံတွေ အတွက် မျက်လုံးပြူးစရာ ဖြစ်တော့သည်။

ရေစီးကြောင်း ပြောင်းပြီးနောက် တံခွန်သဖွယ် သွယ်နွဲ့နွဲ့ သောင်ခုံကလေးလည်း ရွာဘေးတွင် ကပ်၍ ပေါ်လာခဲ့၏။ တပို့တွဲ၊ တပေါင်းတွင် လက်ပံပင်ဝဲက ကလေးတို့ ဒိုင်ဗင်ထိုးစရာ ရေအိုင်သာအဖြစ် အသုံးတော်ခံခဲ့သေး၏။ လက်ပံပင်၏ အကိုင်းအခက်များကို လွှဖြင့်တိုက် ဓားဖြင့်ဖြတ်ကာ မီးဖိုချောင်အတွက် အသုံးပြုသူက ပြု၊ ပင်စည်ကြီးကို ပေါက်ဆိန်ဖြင့် ပေါက်ကာ ထင်းပေါက်ရောင်းသူ ရောင်းဖြင့် လက်ပံပင်ကြီး အကျိုးဆောင်ခဲ့သေး၏။ သို့သော် သည်နှစ် ချောင်းရေကျလာသောအခါ လက်ပံပင်ကြီး အစွယ် ထွက်လာ၏။ ထွက်လာပုံမှာ ယမန်နှစ်က အရာမျှသာ ရှိသော သောင်ခုံအစပ်သို့ ဒိုက်တွေ၊ အမှိုက်တွေ တွန်းပို့ခြင်းပင်။

ရမ်းဘိုကုန်းရွာသူချောတို့သည် ဒိုက်ကြား၊ အမှိုက်ကြားမှ ထင်းများကို ရေလျော့သွားတိုင်း ဆင်း၍ ဆယ်ကြသည်မှာ ပွဲတော်တမျှပင်။ သီချင်း တအေးအေး၊ စကားပြောသံ တညံညံဖြင့်။ နောက်တစ်ကြိမ် ရေတိုးသောအခါ သောင်ခုံသည် နုံးတင်ပြီး တစ်တောင်လောက် မြင့်မောက်ကျန်ခဲ့သည်။ သည်နည်းဖြင့် ချောင်းရေလျော့သွားလိုက်၊ သောင်ခုံမြင့် လာလိုက်၊ ရေတိုးပြီး ပြန်ကျလိုက်။ သောင်ခုံ မောက် လာလိုက်ဖြင့် ဝါခေါင်လလယ်လောက် အရောက်တွင်ကား ရွာကမ်းပါးနှင့် လူတစ်ရပ်မျှသာ ကွာတော့သော ချောင်းတိမ်သောင်ကြီး ဖြစ်လာလေသည်။

ချောင်းတိမ်သောင်ခုံကြီးသည် ကိုက်တစ်ရာခန့် ကျယ်၍ ရွာ့တောင်ဖျားမှ မြောက်ဖျားကို လွန်၍ ရှည်လျားသည်။ ချောင်းတိမ်သောင်ကို ကြည့်ကာ ရွာသူရွာသားများ ဝမ်းသာကြရ၏။ ဆောင်းဦးပေါက်လောက်တွင် ခရမ်းစိုက်မည် ကြံသူ ကြံ၊ မုန်လာဥ ကြံမည် ပြောသူပြော၊ ခရမ်းချဉ်ချမည် ကြုံးဝါးသူ ကြုံးဝါးဖြင့် ပျော်နေကြသည်။ သူတို့ နီးနား တစ်ဝိုက်တွင် မြေဈေးက ကောင်းလှသည်။ သို့ကြောင့် သူ တစ်ပါး၏ ကွမ်းခြံ၊ စပျစ်ခြံနှင့် မုန်လာခြံများကို ငေးကာ သွားရည်ကျနေခဲ့ကြရသည်။

ရွာအရှေ့ဘက်က မြောင်းဟောင်းကြီးကို ဖို့ပြီး ခြံစိုက်သူရှိသည်။ သို့သော် မဖြစ်စလောက်နေရာလေးမို့ မကိုက်လှ။ ဟော.. ဆင်းရဲသော၊ ထန်းလက်တဲ ဘဝမှ မတက်နိုင်သော ရမ်းဘိုကုန်းသားတို့အတွက် စလင်းချောင်းသည် ရေကြောင်းပြောင်းကာ ချောင်းတိမ်ကြီးတစ်ခု ဖန်တီးပေးလိုက်ချေပြီ။ စည်သံ ဗြောသံ မညံဦးတော့၊ ထန်းလက်အစား သက်ငယ်မိုးအိမ်ကလေးများ အနည်းဆုံး မြင်ရပေတော့မည်။ သည်အတွက် ရီးဆေးရိုးပင် ဦးဘသောင်းနှင့် ပြောမိသေးသည်။

“ရွာလည်း ကမ်းပြိုမှာ မစိုးရတဲ့အပြင် ဥယျာဉ်တွေ၊ စိုက်ခင်းတွေနဲ့ စိုစိုပြည်ပြည်မြင်ရဦးမှာပဲဟေ့”

••••• ••••• •••••

ထွန်တုံးပိတ်သည်မှာ သုံးရက်သာရှိသေးသည်။ ထွန်တုံးပိတ်သွားပြီ ဆိုရငြား နွားနှင့် ထွန်တုံးထွန်သန်တို့ကိုသာ အမှန် ထွန်တုံးပိတ်သည်။ လူမူ ထွန်တုံး မပိတ်သေး။ ကန်သင်း ကြည့်ရသည်။ ရေဝင်ရေထွက် စစ်ဆေးရသည်။ ကန်သင်းပေါင်များတွင် ပဲကို စူးထိုး စိုက်ရသည်။

သို့ဖြင့် ရီးဆေးရိုးမှာ သူ့နွားနှင့် သူ့ထွန်ထယ်တို့ နောက် နှစ်ရက် နောက်ကျပြီးမှ ထွန်တုံး တကယ် ပိတ်နိုင်သည်။ နွားပိုက်ကလေး နက်ကျော် အပါအဝင် နွားသုံးကောင်ကို ချောင်းထဲချကာ ရေချိုးပေးသည်။ အမွေးထဲတွင် ဝင်နေမည့် ရွှံ့မှုန်နွံမှုန်များကို ဆေးကြောသည်။ နွားသုံးကောင်ကို သစ်ပင်ရိပ်တွင် ချည်နှောင် ထားပြီးနောက် ရီးဆေးရိုး ကပြင်တွင် အေးအေးလူလူ တင်ပျဉ်ခွေချိတ်လိုက်၏။ ရီးကျီးဒန် နှပ်ထားခဲ့ပြီး တစ်ကြိမ်မျှ ပြန်မကြည့်နိုင်သေးသော ပြောင်းဖူးဖက် ဆေးလိပ်ကို ကောက်ညှိသည်။ အားရပါးရ ဖွာ လိုက်သေးသည်။ ရင်ခေါင်းထဲက ဆေးလိပ်မီးခိုးတွေ အကုန်မထွက်မီ ရေနွေးကြမ်း အနေတော်ကို ကျိုက်ချလိုက်၏။ ရင်ထဲတွင် အေးသွား၏။ စိတ်ထဲတွင် ကြည်လင်သွား၏။ ဆေးလိပ်နှင့် ရေနွေးကြမ်း အရသာကို ခံစားရင်း မန်ကျည်းညီနောင်သုံးပင်ကို မော့ကြည့်မိ၏။ မန်ကျည်းရွက်များမှာ မိုးရာသီဆိုပေမယ့် ဖုန်မှုန့်ပင် ကောင်းစွာမစင်သေးချေ။

ရီးဆေးရိုးသည် ဖုန်မစင်သော မန်ကျည်းရွက်ကို မြင်လျှင် မိုးအရွာ နည်းပါးလှပါသေးကလားဟု သတိတရ ဖြစ်မိ၏။ တရှဲရှဲ မြည်သံပေးလျက် သစ်ပင်ပင်စည်ကို ပတ်ကာရစ်ကာ ပြေးတမ်းလိုက်တမ်း ကစားနေသော ပုတ်သင်ညို နှစ်ကောင်ကို မြင်သောအခါ မိုးအတွက် အားတက်ရပြန်သည်။ ပုတ်သင်ညို နှစ်ကောင်လုံးမှာ ပြာနှမ်းနေသောကြောင့်ပင်။ ဘွတ်ချွဲ တစ်ကောင်သည် ရီးဆေးရိုး၏ မြင်ကွင်းတွင် လာနားကာ ချွဲသံပါသော အသံဖြင့် လေးလေးကြီး မြည်နေ၏။ မြည်လိုက်တိုင်းလည်း အမြီးထောင်၍ထောင်၍ သွား၏။ ဘွတ်ချွဲကို ရီးဆေးရိုး ငေးကြည့်နေမိ၏ နာမည်ကသာ ဘွတ်ချွဲပေမယ့် အလှသားပါကလား တွေးကာ ဘွတ်ချွဲ လန့်ပျံသွားမည်စိုးသောကြောင့် လက်ထဲက ရေနွေးကြမ်းပန်းကန်ကို ကြမ်းပေါ်သို့ မချရဲ။ ထိုစဉ်တွင် စည်စည်ညံညံအသံများကို ကြားလိုက်ရသည်။ ရီးဆေးရိုး နားစွင့်ရုံသာ နားစွင့်သည်။ မလှုပ်သေး။ စည်စည်ညံညံအသံသည် ချောင်းတိမ် ဆီမှဖြစ်၏။ စူးစူးဝါးဝါးအသံအဖြစ်သို့ ပြောင်းလဲသွား၏။ တစ်ယောက်တည်းသံ မဟုတ်။ မိန်းမနှစ်ယောက် လုပြောသော အသံဖြစ်သည်။

“ဘာဖြစ်ကြတာလဲ”

ရီးဆေးရိုး ခေါင်းထောင်ဆဲဝယ် ယောက်ျားသံ ရောနှောလျက် ကြားရပြန်၏။ ဆေးလိပ်ကို ချထားခဲ့ကာ ရီးဆေးရိုး ချောင်းကမ်းပါးသို့ လျှောက်လာ၏။ မိန်းမနှစ်ယောက် လက်ကားရားဖြင့် စကားအော်ပြောနေကြသည်။ သူတို့ဘေးတွင် ယောက်ျားတစ်ယောက်။

“ဘယ်သူတွေလဲ”

ရီးဆေးရိုး မျက်လုံးရှုံ့ကြည့်နေစဉ်တွင် ကမ်းပါးစောက်မှ ယောက်ျားတစ်ယောက် ပြေးဆင်းသွားနေပြန်သည်။ ခြေရင်းအိမ်မှ ခွေးမလည်း ပြူးကလူး ပျာကလက် ရောက်လာ၏။

“ခွေးမ ဘယ်သူတွေလဲဟ”

“ရီးမယ်သနဲ့ မငြိမ်းသာလေတော်”

“အနားက ရပ်နေတာကကောဟ၊ မယ်သယောက်ျား အုန်းဘူးလား”

“ဟုတ်ပါ့တော်၊ ရွာပေါ်က ဆင်းသွားတာက မငြိမ်းသာ့ယောက်ျား ငဦးလေ”

အသံကို ကြားရုံသာ ကြားရသည်၊ မသဲကွဲ။ မသဲကွဲသော်ငြား တစ်စုံတစ်ရာ အငြင်းပွားနေဟန်တူသည်။ ခိုက်ရန်ဒေါသဖြစ်ရန် အစပျိုးနေပုံရသည်။ လက်ဟန်ခြေဟန်နှင့် လေယူလေသိမ်းကို ထောက်ချင့်ကာ ရီးဆေးရိုး ခန့်မှန်းသည်။

“အင်း ချောင်းတိမ်သောင် တကယ် ထွန်း မထွန်း၊ ချောင်းရေကြီးတဲ့ ရာသီမကုန်မချင်း မသေချာသေးတဲ့ မြေအတွက်များ ငြင်းကြခုန်ကြရော့သလား။ ဒါလည်း မဟုတ်ဘူး ထင်ပါရဲ့”

မျက်စိအောက်တွင် မြင်လာရသောအခါ ရီးဆေးရိုး ရှောင်မသွားနိုင်ပါ။ လှေကားထစ် အစောက်များ အတိုင်း ချောင်းတွင်း ဆင်းလာခဲ့ရ၏။

နေပြင်းပြင်း ရက်ဆက်ပူထားသဖြင့် နွံနှစ်များသည် အချပ်ဖြစ်ကာ ကော့ကြွနေ၏။ နွံထုပါးသော နေရာတွင် လက်ဝါးရွယ် အချပ်ကလေးများ ကွဲအက်နေပြီ။ သည်အပေါ်တွင် ခုံဖိနပ်ဖြင့် နင်းလျှောက်ရသည်တွင် အိုးခြမ်းကွဲများပေါ် လမ်းလျှောက်ရသလို တဖြောက်ဖြောက်နှင့် အရသာရှိပါဘိ။ ရီးဆေးရိုး၏ အာရုံသည် သဲကွဲစွာကြားရသော အသံများဆီသို့ ရောက်သွားရ၏။

“အို ချောင်းထဲက မြေကြီးကို ဘယ်သူမှ မပိုင်ဘူး၊ ကိုယ်ဦးလို့ ကိုယ်မှတ်တာ ဘာဖြစ်လဲ”

“ဒီလိုလုပ်လို့ ရတမ်းလားဟဲ့၊ ဒါဟာ ငါ့အိမ် နောက်ဖေး၊ နင့်လင်ငယ်ရဲ့ နောက်ဖေးမဟုတ်ဘူး”

“တော်တို့အမျိုးသာ လင်ငယ်နေတာ၊ ကျုပ်တို့ အမျိုး ဒါမျိုးမရှိဘူး”

“အောင်မယ်၊ နင့်အမေ နင့်အဖေနဲ့ မရခင်တုန်းက ဘာဖြစ်တယ်ဆိုတာ တစ်ရွာလုံးအသိဟဲ့”

“ဟေ့ တော်ကြစမ်း၊ တော်ကြစမ်း”

ရီးဆေးရိုး လှမ်းအော်ရတော့သည်။ အနားရောက်မှ အေးအေးဆေးဆေးမေးမည် ကြံစည်သော်ငြား သူတို့အနားသို့ ရီးဆေးရိုး မရောက်မီပင် သ,တ်ကြပုတ်ကြမည့်ကိန်း ဆိုက်လာပြီဖြစ်သောကြောင့် လှမ်းငေါက်လိုက်ရ၏။ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် ငယ်ကျိုးငယ်နာ ဖော်ကြပြီ မဟုတ်လား။

" ရီးမယ်သ ရီးမယ်သ၊ ကျုပ်အမေ ဘာဖြစ်တယ်တော့”

မငြိမ်းသာ၏ညီမ အေးပုံဖြစ်သည်။ စာစာစာစာ အသံကြားသောကြောင့် ပြေးလာရဟန်တူ၏။ ဆံပင် ပြေကျ၍ ထဘီကျွတ်နေ၏။ ပြုတ်ကျသော ဝါးဘီးကို ကုန်းကောက်ရင်း ထဘီကို လက်တစ်ဖက်ဖြင့် ကိုင်ထားရ၏။

“လင်ငယ်နေတဲ့အမျိုးဆိုတာ ဘယ်သူ့ပြောတာလဲဟေ့”

ရီးမယ်သ၏ တူမစောကြွယ်လည်း အေးပုံနောက် မလှမ်းမကမ်းမှာ ပါလာ၏။

“ဟေ့ သွားကြစမ်း သွားကြစမ်း။ ငယ်တဲ့အမှု ကြီးအောင်၊ ကြီးတဲ့အမှု အကျိုးနည်းအောင် မလုပ်ကြနဲ့ သွားသွား”

ရီးဆေးရိုး မောနေသည့်ကြားမှ အေးပုံနှင့် စောကြွယ်ကို ဆီး၍ဟန့်လိုက်ရာ “အို သွားနိုင်ပေါင်တော်” ခပ်ငေါ့ငေါ့အသံဖြင့် စောကြွယ် တုံ့ပြန်သည်။

“ဘာ သွားနိုင်ပေါင်လဲ၊ လူကြီးတွေကို ဒီလို မပြောနဲ့မစောကြွယ်”

ကမ်းပါးစောက်မှ ရေအိုးတစ်လုံး လိမ့်ကျသလို ပြေးဆင်းလာရင်း ပြောလိုက်သူမှာ ကျော်ဇင်ဦး ဖြစ်သည်။ ကျော်ဇင်ဦးနှင့် ရီးဆေးရိုး ရောက်လာသောကြောင့် မငြိမ်းသာယောက်ျား ငဦး လည်း နောက်တွန့် သွား၏။ လက်မောင်း ပင့်ကာ၊ ထဘီတိုတို ဝတ်ကာ မောင်းတင်လာသော အေးပုံနှင့် စောကြွယ်တို့လည်း ရှေ့တိုးရမလိုလို နောက်ဆုတ်ရမလိုလိုနှင့် ယီးတီးယားတား လုပ်နေကြရ၏။ ချောင်းထိပ် သောင်ခုံတွင် ခဏချင်း လူတွေ ဖွေးသွားသည်။ ထိုအခါကျမှ မြေနေရာ မှတ်ထားသော တိုင်များကို တွေ့ သူတွေ့ ၊ သူ့မှတ်တိုင်က ကိုယ့်ဘက်သို့ စွေနေသည်ကို မြင်သူမြင်နှင့် ပတူအုံကို တုတ်ဖြင့်ထိုးသည်သို့ ပွစိပွစိဖြစ်ကုန်ကြလေ၏။ လူကြီးများလည်း ချောင်းတိမ်ထဲသို့ ကမန်းကတန်း ပြေးဆင်းလာရ၏။

“ရေဆိုတာ ရေဆိုတဲ့အတိုင်း အရည်မရ အဖတ်မရဟ ကျော်ဇင်ဦးရ။ ပြာသို၊ တပို့တွဲ မရောက်မချင်း ဒီသောင်ကြီး ရှိနေပါ့မယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး”

“အာမ ခံနိုင် မခံနိုင်၊ ခုရှုပ်မှ နောင်ရှင်း တော်ရေ့၊ ပြောစရာရှိ ပြောရမှာပဲ”

ကျော်ဇင်ဦးနှင့် စကားပြောနေရာမှ ရီးဆေးရိုးမှာ အသံလာရာသို့ ပါးစပ်အဟောင်းသားဖြင့် သမင် လည်ပြန် လှည့်ကြည့်ရ၏။ စွာကျယ်စွာကျယ် လုပ်လိုက်သူမှာ ရီးကျီးဒန် ဖြစ်နေသောကြောင့်တည်း။

“ဒီမှာ ပြောနေတုန်းရှိသေး၊ နင်က ဘာဖြစ်ရပြန်တာလဲ”

ရီးဆေးရိုး ပြောပြောဆိုဆိုဖြင့် လှည့်ကြည့်လိုက်ချိန်တွင် အခြေအနေမှာ အတန်ပင် တင်းမာနေပေပြီ။ ရီးကျီးဒန်နှင့် တစ်ယောက်ကို တစ်ယောက် စားမလို ဝါးမလို စိုက်ကြည့်နေသူမှာ မယ်မှုန် ဖြစ်သည်။ မယ်မှုန်မှာ ခေါင်းရင်းအိမ်ဝိုင်းမှ ဖြစ်၏။ ကိုယ့် အိမ်နောက်ဖေးက မြေသည် ကိုယ့်မြေ။ သို့အတွက် သူပိုင်ကိုယ်ပိုင် နယ်နိမိတ် သတ်မှတ်ရာတွင် အိမ်ဝိုင်း နှစ်ခုကြားက ခရိုးနှင့် တည့်နေရမည် ဟူ၍ သဘောထားကြ၏။ ယခုလည်း ရီးကျီးဒန်သည် မည်သည့် အချိန်က ဆင်းပြီး နယ်သတ်သည်ဟု ရီးဆေးရိုး ပင် မသိလိုက်။ မယ်မှုန်နှင့် စကားများတော့မှ သိရ၏။

“ကိုယ့်ခရိုးနဲ့ကိုယ် တည့်တည့်မှတ်ရင် ကျုပ် မပြောပါဘူး အရီးရယ်။ အခုတော့ ကြည့်ပါဦး၊ ကျုပ်တို့ဘက် ဝင်ပြီး တစ်တောင်လောက်ကြီးများတောင်”

“ဟဲ့ နင် သေသေချာချာ ကြည့်ပြော”

ရီးကျီးဒန်မှာ ဒေါသဖက်နေ၏။ သည်အချက်ကို ဘေးလူဖြစ်သော ရီးဆေးရိုးက မြင်သည်။

“ဟိုတစ်ယောက်က ကောင်းကောင်း ပြောရင် ညည်းကလည်း ကောင်းကောင်း ပြောမှပေါ့ဟ”

“ပြောနိုင်ဘူးတော်ရေ၊ ပြောနိုင်ဘူး”

သူတစ်ပါးအား သွန်သင်ဆုံးမ သြဝါဒပေးသော ရီးဆေးရိုး၊ မိမိအိမ်သူနှင့် ကျမှ ကလန်ကဆန် အလုပ်ခံရသဖြင့် အတော်ရှက်သွား၏။

“တယ်လေ ငါ”

ဒေါသလည်း ပါလာသော်ငြား သည်ဒေါသကို ရီးဆေးရိုး အချိန်မီထိန်းကာ တောက်တစ်ချက်ခေါက်၍ အဆုံးသတ်ပြီး “ကဲ ကျော်ဇင်ဦးရေ၊ ကိုယ့်ရွာ ကိုယ့်လူကြီးနဲ့ မပြီးပြေချင်ကြဘူးဆိုရင်တော့ ကျေးရွာသာ တင်လိုက်ပေတော့ဟေ့” ဟု လှည့်ပြောလိုက်သည်။

“ဒါပဲရှိတော့တာပေါ့ အရီးရာ”

“ကဲ ကဲ အချင်းချင်း အေးအေးချမ်းချမ်း ညီညီညွတ်ညွတ်နဲ့ ဖြစ်နိုင်ရင် ဖြစ်ကြ။ မဖြစ်နိုင်ရင် နေမဝင်ခင် ကိုယ့်နယ်တွေ ကိုယ်ဖျက်ပေးကြ။ ဒါပဲ ရှိတော့တာပဲ ကျော်ဇင်ဦးရ”

ကိုသန်းအုန်းသည် အော်ပြောလိုက်ရာက လူကြီးတစ်ယောက်အနားတွင် လာရပ်၏။ ရီးဆေးရိုး ရီးကျီးဒန်ကို လှည့်မကြည့်တော့သော်ငြား မယ်မှုန်၏ ဘ ဦးသာဒွန်းနှင့်ပါ ဆက်ပြီး အချီအချ ပြောနေသံ ကြားရသောကြောင့် ခပ်ဝေးဝေးသို့ ရှောင်ထွက်သွားလေ၏။

“အလကားရတဲ့ဟာပဲဗျာ၊ ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင်နဲ့ မျှတပြီး ယူကြပေါ့။ အခုတော့ ကိုယ့်အိတ်ထဲက ဟာကို ထုတ်ပေးရတာကျနေတာပဲ။ ဒေါသတွေ မောဟတွေနဲ့။ ချောင်းရေကြီးဗျာ ဒီအတိုင်း ကြည့်မနေပါနဲ့၊ ဒီသောင်ခုံကြီးကို ဖြိုပစ်လိုက်စမ်းပါ”

ရီးဆေးရိုး တဖျစ်တောက်တောက် ရေရွတ်သွားရာ ရီးဘသောင်း လှမ်းအော်၏။

“မင့်မယားကို မနိုင်တာနဲ့ မတော်မတည့်တွေ ဆုမတောင်းနဲ့ကွာ”

နယ်သတ်သည့်တိုင်များကို နုတ်သိမ်းသွားသူ ရှိသလို ပေကတ်နေသူများလည်းရှိ၏။ သို့တစေ ညနေ နေဝင်ရီတရောတွင် ချောင်းရေ တစ်ဟုန်ထိုး ကျလာသောအခါတွင်ကား ချောင်းတိမ်သောင်ခုံကြီးမှာ ရေအောက်သို့ တစ်ပြေးညီ ရောက်ရှိသွားလေသတည်း။

••••• ••••• •••••

ရီးဆေးရိုး ‘ဟယ်’ ခနဲ အော်လိုက်သည့် တစ်ခဏတွင် ရီးသာဒွန်း၏ ရယ်မောသံကြီးသည် စောစောကထက် ကျယ်လောင်စွာ ထွက်ပေါ်လာလေ၏။ အကြောင်းမူ ယမန်နေ့ ဆွမ်းခံဝင်ချိန်လောက်က ဆွမ်းလောင်းရန် သတိမရ။ ဝတ်ခွက်ထည့်ရန် သတိမရအောင် လောဘမီး၊ ဒေါသမီးဖြင့် တစ်ရွာလုံးအား တို့ပင့်ရှို့မြိုက်ခဲ့သော ချောင်းတိမ်သောင်ခုံသည် ကွယ်ပျောက်သလောက် ဖြစ်နေသောကြောင့်ပေတည်း။

ချောင်းရေသည် ယမန်နေ့ညနေ နေဝင်ရီတရောက တစ်ရှိန်ထိုးကျလာကာ ချောင်းတိမ်ကို ဖုံးလွှမ်းသွားခဲ့၏။ သန်းခေါင်လောက်တွင် ရေပြန်ကျသော အခါတွင်မူ လက်ပံပင် ငုံးတိုကြီးသည် အခြေပေါ်ပြီး တရွေ့ရွေ့မျောတော့သည်။ လက်ပံပင် ငုံးတိုကြီး မျောပါသွားပြီး မကြာမီမှာပင် ရေကြောင်းသည် ရမ်းဘိုကုန်းရွာခြေသို့ ဦးတည်လာပြန်ကာ ချောင်းတိမ် သောင်ခုံကြီးကို ဖြိုချတော့၏။

ရီးဆေးရိုးနှင့် ရီးသာဒွန်းတို့ ရောက်ချိန်တွင် သွယ်နွဲ့ ရှည်လျားသော သောင်ခုံမှာ ကုန်တော့မည်။ ကိုက်တစ်ရာမျှ ကျယ်ခဲ့သော ချောင်းတိမ်သည် ရွာခြေကို ကပ်လျက် တစ်တောင်တစ်ထွာမျှသာ ကျန်တော့သည်။

“ကမ်းကလည်း သိပ်မမြင့်လို့ ကမ်းပြိုသံ မကြားရတာကိုးကွ”

“အခုလို ဖြစ်သွားတော့ ရန်စောင်သံတွေ၊ စောင်းသံ ချိတ်သံတွေ မကြားရတော့ဘူးပေါ့ကွာ”

ရီးသာဒွန်း ဖျစ်ညှစ်ရယ်မောပြန်သည်။ ရီးဆေးရိုးမူ ခေါင်းတညိတ်ညိတ်ဖြင့် ရေစုန်သို့ မျှော်ကြည့်သည်။

“ဟိုဟာကြီး ဘယ်ရောက်သွားပါလိမ့်”

“ဘယ်ဟာလဲ”

“လက်ပံပင်ကြီးလေ”

“ရွာသစ်ရေခပ်ဆိပ်ရဲ့ နောက်နားက မည်းမည်းကြီးဟာ တို့ လက်ပံငုံးတိုကြီး မဟုတ်လားကွ”

သူတို့ နှစ်ဦး ခါးညွှတ်၊ မျက်နှာရှုံ့ကာ လှမ်းကြည့်နေစဉ် ခြေထောက်အောက်မှ မြေကြီးလှုပ်လာသည်။ “ဟ နင့်ဖေကလွှား” အော်ကာ ခုန်ဆုတ်လိုက်ကြစဉ် မြေပြင်သည် နိမ့်သွား၏။ ခဏချင်းပင် ရီးဆေးရိုး အိမ်ဝိုင်းနောက်ဖေးဘက်တွင် ချောင်းကမ်းပါးနှင့် အနီးဆုံးဖြစ်သည့် တစ်ပင်တည်းသော သင်္ဘောမန်ကျည်းပင်ကြီးမှာ မြေစိုင်ခဲကြီးနှင့်အတူ ချောင်းထဲသို့ ဝေါခနဲ လျှောကျသွားလေ၏။

“ကံကောင်းလို့ဟေ့”

ရီးသာဒွန်း မျက်လုံးပြူး မျက်ဆန်ပြူးပြောလိုက်တော့မှ ရီးဆေးရိုး ရယ်မောနိုင်သည်။ သူ့ရယ်မောသံသည် နွားတင်းကုပ်ဆီသို့ပင် မရောက်။ တောင်ဘက် ထန်းတောတွင်းမှ ထန်းရွက်များ လေဝှေ့သံ လွင့်ပျံလာသည့်အောက်တွင် ပျောက်ကွယ်သွားလေ၏။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment