Sunday, August 9, 2026

ငယ်ခြေ

❝ ငယ်ခြေ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

သားသမီးမှာ အချစ်၊ မြေးမှာ အနှစ်ဆိုသော စကားသည် အမှန်သားပါကလား။ အခုကြည့်စမ်း၊ ခုနစ်နှစ်သား အရွယ်မျှသာရှိသေးသော မြေးကြီး မောင်ကိုကြီးသည် တုံးကြီးမခေါက်မီထ၍ လယ်ပြင်သို့ ဘနှင့် လိုက်လာရှာသည်။ သည်တစ်ချက်နှင့်ပင် ရီးဆေးရိုး ကျေနပ်လှပါပြီ။ သည်သမီးကို မွေးရကျိုး နပ်လေစွ။ သည်မြေးတွေကို ကျွေးရကျိုး နပ်လေစွဟု ရီးဆေးရိုး ရင်ထဲမှ ကျူးရင့်နေမိလေ၏။ မောင်ကိုကြီးကို မခေါ်၍ မဖြစ်။ မဖြစ်သည့် အကြောင်းက နဘိုက် (နွားပိုက်) ကလေးကြောင့် ဖြစ်သည်။

ရီးဆေးရိုး ယနေ့ စိုက်ခင်းစတင်ခွဲမည်။ တလောက သည်းသည်းကလေး ရွာလိုက်သောမိုးကြောင့် ‘ဝမ်းရောင်’ နေသော မြေကြီးမှာ မွမွကလေး။ ရွရွကလေး။ နဘိုက်ကလေး နက်ကျော်ကို သည်တစ်မိုးတွင် ထမ်းပိုးတင်ရန် နွေကတည်းက ကျင့်ထားခဲ့သည်။ သည်မြေကြီးမွမွကလေးနှင့်ဆိုလျှင် အံကိုက်နေသည် မဟုတ်လား။ သို့ဖြစ်ငြား ထမ်းပိုးတစ်ဖက်၊ ခိုင်းနွားကြီးနှစ်ကောင် တစ်ဖက်အပြင် ရေဘူးနှင့် ထမင်းထုပ်ကိုပါ သယ်ဆောင်ထားရသော ရီးဆေးရိုးမှာ ‘နှာနု’ လှစွာသော နွားကလေးကို လယ်ပြင်သို့ မည်သို့ ခေါ်ဆောင်မည်နည်း။ သို့ကြောင့် မြေးများထဲ မှ ဒုတိယအကြီးဆုံးအကောင်ကို ခေါ်ခဲ့ရခြင်းဖြစ်ပေသည်။ မောင်ကိုကြီးမှာ လူကြည့်တော့သာ မလောက်လေး မလောက်စား ခွေးပစ်သည့်တုတ်မျှ ရှိငြား တော်ရုံတန်ရုံနွားကို ကိုင်တတ်နေပြီ။ ယခုပင် ခိုင်းနွားကြီး နှစ်ကောင်ကို မောင်းသွားသည်မှာ ဖြောင့်နေ၏။ ဖြူးနေ၏။

“ဒီကောင်ကြီး သေချင်ပြီလားဟင်”

အလှည့်နွားကြီး နဘူးချုံ လှမ်းအဟပ်တွင် မောင်ကိုကြီး ငေါက်၏။ အလှည့်နွားကြီးမှာ ထုံပေပေမို့ သည်မျှလောက် ငေါက်ငမ်းရုံဖြင့် ခေါင်းမျှ မခဲထဲ ကပင်။ သို့ဖြစ်ငြား အတိုင်နွားကြီး လှုပ်ရှားသွားရသည်။ သူက နောက်ကြောင်း မလုံသောနွား။ သူ့နောက်မှ လိုက်ပါလာသော သူ့သခင် သူ့ကို ဘယ်ချက်တွင် ရိုက်လေမည်နည်းဟု အချိန်ရှိသရွေ့ စိုးရိမ် နေသူ။ ထို့ကြောင့် အတိုင်နွားကြီးသည် ဦးခေါင်းကို မည်သည့်အခါမျှ တည့်မတ်စွာ မထားချေ။ ညာသို့ ငဲ့လျှင်ငဲ့၊ ညာကို မငဲ့လျှင် ဘယ်ငဲ့သည်။ သို့မှသာ နောက်မှ လူကို မြင်နေရပေမည်။ နောက်မလုံသော ရောဂါကြောင့် အတိုင်နွားကြီးမှာ လမ်းဘေးဝဲယာ မဆွဲနိုင်၊ မဟပ်နိုင်ရှာပေ။

“ချပေးစမ်း စပ်စပ်ကလေး”

ရီးဆေးရိုးက လှမ်းပြော၏။ ပြောရုံဖြင့် မပြီးသေးဘဲ...

“ကဲ မင်းတို့ စားကြစမ်းဆိုပြီး နဘူးချုံမှာ သွားချည်ထားစမ်း။ ယောင်လို့တောင် မဟပ်ဘူးဗျား” ဆိုပြီး ဆက်လက် မြည်တွန်နေသည်။ မြေး၏ ငေါက်ငမ်းသံ၊ ဘိုးအေ၏ အော်ဟစ်သံကြောင့် အိပ်တန်းတက်နေသော ချိုးနီပုကလေးတွေ အိပ်ရေးမဝသေးဘဲ လန့်ပျံပြေးကြ၏။ မြောင်းပေါင်သည် နိမ့်လိုက်မြင့်လိုက်၊ ကွေ့လိုက်ကောက်လိုက်။ ချုံနွယ်ရှင်းချည် ရှုပ်ချည်ဖြင့် လယ်ပြင်သို့ ဦးတည်နေလေသည်။ မြေးအဘိုး နှစ်ယောက်၏ အသံ ပျောက်သွားလျှင် မြောင်းလက်တံတစ်လျှောက်တွင် တိတ်ဆိတ်သွားလေသည်။ တိတ်ဆိတ်သွားသော်ငြား နွားသုံးကောင်၏ ခွာ ၁၂ လုံး နှင့် မြေကြီး ရိုက်ခေါက်သံများကား မတိုးမကျယ် မှန်မှန်ကလေး ထွက်ပေါ်နေပေ၏။ သည်ခွာများ ကြားမှ တိုးတိတ်ညင်သာသော အသံကလေးများကား မြောင်းလက်တံမှ ရေစီးသံ။

ဖွင့်ထားသော ထန်းလုံးပြွန်မှ ဝင်လာသော ရေသည် ဝဲလှည့်ပြီး ပလွေကြီးသံကို ပေးနေသည်။ ကိုင်းပင်များကို တိုးဝှေ့နေသော ရေစီးသံက သံလွင်ကို ဖွဖွကလေး တီးသံနှယ်။ မြောင်းအကွေ့အကောက်ကို တိုးတိုက်ရသောအခါမူ နှဲသံအလား။ အရေတည် ပင်းတားကို ဖြတ်ကျော်သံကား လင်းကွင်းတီးနေဘိ သကဲ့သို့။ ဝိုးတိုးဝါးတားမျှသာ ထင်သော လမ်းကို မြင်နေရပေပြီ။

အရှေ့ကောင်းကင်တွင် ကြက်သွေးရောင် အစအနများ ရောက်လာကြသည်။ သည်အရောင်ကြောင့်ပင် အရှေ့မိုးကောင်းကင် အပြာရောင်သည် နက်ပြာရောင်လွင်နေပေ၏။

“လူကလေးရှေ့၊ မြောင်းကျော်ပြီးရင် သုတ်သုတ်ကလေးမောင်းပေးဟေ့။ လူကလေးလည်း ကျောင်းတက်ရဦးမှာ၊ ဘလည်း နေအေးတုန်းမှာ နဘိုက်ကလေးကို ကျင့်ချိန်ရအောင်”

သူတို့ လက်ယာဘက်မှ မြောင်းကို ဖြတ်ကျော်ရတော့မည်။ ဖြတ်တော့မည် ကျော်တော့မည် ဆိုသော်ငြား နေရာကောင်းကို ရွေးရသေးသည်။ အများဖြတ်ကျော်သောကြောင့် လမ်းဖြစ်နေသော နေရာကမှ မြောင်းပေါင်နိမ့်သည်။ လမ်းပြေသည်။ ခိုင်းနွားကြီး နှစ်ကောင်ကို ရှေ့ကတင်ကာ မြေးကလေးဖြတ်ကျော်သွားစဉ်က အချောသား။ နှစ်ပေါင်း ငါးဆယ်နီးပါး လယ်လုပ်ခဲ့သော အဘိုးကြီးနှင့် နွားပိုက်ကလေးတို့ ဖြတ်ကျော်တော့မှ ဆဲသံဆိုသံတွေ မိုးလုံးညံတော့သည်။ မြောင်းက တစ်လံမျှသာ ကျယ်သည်။ နွားတို့၏ သဘောမှာ ငယ်သော မြောင်း ဆိုလျှင် အသာက လေး နင်းကျော်သွား၏။ တစ်လံထက် နည်းနည်း ဖြစ်စေ၊ များများဖြစ်စေ ပိုကျယ်လျှင်လည်း မြောင်းထဲ ဆင်းပြီး ဖြတ်သန်းသည်။ တစ်လံ မရှိတရှိ၊ တစ်လံ အကျယ်အဝန်း မြောင်းကိုကား အားဖြင့် ခုန်ကူးတတ်၏။ နွားတို့၏ သည်သဘောကို ရီးဆေးရိုး သတိလစ်သွား၏။

အထူးပြုလုပ်ထားသော ထမ်းပိုးတုံးကို ထမ်းလျက် ထမင်းထုပ်တစ်ဖက်၊ ရေဘူးတစ်ဖက်ဖြင့် နက်ကျော်ကို ‘ကန်ကြိုး’ မှ ဆွဲကာ မြောင်းရေထဲသို့ ဆင်းသည်။ နွားကလေးက ရေထဲသို့ ဆင်းလိုက်မလာချေ။ နက်ကျော် ဆင်းမလိုက်လာသဖြင့် ကန်ကြိုး တင်းသွားချိန်တွင် ရီးဆေးရိုး တစ်ဖက်မြောင်းနှုတ်ခမ်းပေါ် ခြေတင်မိသည်။

“ဟာ သူ ဆင်းမလိုက်လာဘူး၊ ဆင်းလိုက်မလာရင်”

နက်ကျော်ကို ဖျတ်ခနဲလှည့်ကြည့်ကာ ဘေးသို့ တိမ်းရှောင်လိုက်သော်ငြား တန်တန်ကလေး နောက်ကျသွားပြီ။ ဝုန်းခနဲ နက်ကျော် ခုန်လိုက်သည်။

နောက်ခြေတစ်ချောင်း ရေထဲကျသွားသည်။ ရီးဆေးရိုး၏ ပခုံးပေါ်မှ ထမ်းပိုးတုံးကို ဝင်တိုက်မိ၏။ ထမ်းပိုး လည်ထွက်သွားကာ ရီးဆေးရိုး ခွေကျသွား၏။ ထမင်းထုပ်နှင့် ရေဘူးသည် ‘ ဆူးလေ ’ ပင်များထဲသို့ လွင့်စဉ်သွား၏။ ရီးဆေးရိုး တောက်တစ်ချက် ခေါက်ရင်း ကုန်းထသည်။ နင့်အမေနွား၊ ငါမနွား စသော ဆဲဆိုသံများသည် တောလုံးညံသွားချေတော့သည်။

“ကြည့်စမ်း၊ လက်မောင်းကိုသာ ဓားသွားနဲ့ ဆောင့်မိရင်”

ဓားမတိုကလေးတစ်ချောင်းသည် လယ်ပြင်ထွက်သော လယ်သမားများတွင် ပါစမြဲ။ သည်ဓားသည် သပ်ချောင်လျှင် ထုရိုက်စရာဖြစ်၏။ ထွန်သွားတွင် ‘သပ်’ ပြုတ်လျှင် သပ်ခုတ်ရန်ဖြစ်၏။ ထွန်သန် ပရစ်ပေါက်မှ စို့ ပြုတ်ကျလျှင် စို့အစား ခုတ်ထည့်ရန် လက်နက်ဖြစ်၏။ သည်ဓားကို ခါးတွင် ထိုးသည်က ထုံးစံ။ ဓားကို ခါးတွင် ထိုးရာတွင်လည်း အသွားကို လူ့ကျောပြင်ဘက်ရှိ ပုဆိုးစတွင် ထိုးချိတ်သူမှာ တစ်ရာလျှင် တစ်ယောက်သာရှိ၍ အင်မတန် သိတတ် ဆင် ခြင်တတ်သူ။ များသောအားဖြင့်ကား ကျောဘက်ရှိ ပုဆိုးစတွင် ဓားရိုးကိုချိတ်ကာ အသွားပက်လက် ထားလေ့ရှိကြသည်။ ယခု ရီးဆေးရိုး လက်ထောက် လဲရာမှ ကုန်းထချိန်တွင် ဓားသွားနှင့် လက်မောင်းနှင့် ထိကပ်နေ၏။သို့ဖြစ်ငြား မရှမပြဲ။ ရေပေါက်ကျသော မီးပုံထဲမှ ပြာမှုန်ပြာခိုးနှယ် ရီးဆေးရိုး၏ ဒေါသသည် ဟုန်းခနဲ တက်လာသည်။

“ငါမနွား၊ သေပေတော့”

ခါးမှ ဓားကိုဖြုတ်ပြီး နက်ကျော်၏ လည်ပင်းကို တအားခုတ်ရန် ချိန်ရွယ်လိုက်၏။ ချိန်ရွယ်သော်ငြား မခုတ်ဖြစ်။

“ခုတ်လိုက်လို့ သေသွားရင် နွားတစ်ကောင် ဆုံးရှုံးရမယ့်လူက ငါပါကလား၊ မသေဘဲ ဒဏ်ရာ အနာတရ ရသွားမယ့်နွားဟာလည်း ငါ့နွားပဲ မဟုတ်လား”

သည်အသိကြောင့် မခုတ်ဖြစ်။ မခုတ်ရသောကြောင့် ဒေါသမပြေ။ ဒေါသမပြေသေးသည့်အတွက် ဓားကို ပစ်ချကာ နံကြားကို ခြေဖြင့်ကန်ရန် နွားနားသို့ ချဉ်းကပ်သွား၏။ နွားနက်ကျော်က ကုန်းပေါ်က၊ သူက မြောင်းထဲကမို့ ကန်၍ မရ။

“အင်း မဖြစ်သေးပါဘူးလေ၊ ဒါလောက်ကြီးတဲ့ အကောင်ကြီးကို သွားကန်လည်း ငါပဲ ပက်လက်လဲမှာ၊ ငါပဲ အဆစ်အမြစ်တွေ နာမှာ၊ သူကတော့ ‘ကမျဉ်းနီ’ ကိုက်သလောက်တောင် နာမှာ မဟုတ်ဘူး”

သို့ရာတွင် ဒေါသကြီးထွားဆဲပင်ရှိသေးရာ နွားကို တစ်စုံတစ်ရာ မတုံ့ပြန်ရလေလေ ခံပြင်းစိတ်က ထလေလေ ဖြစ်နေရသည်။ သို့ကြောင့် နက်ကျော်ကို စေ့စေ့ကြည့်ကာ နင့်အမေ၊ နင့်နှမ၊ ငါ စသည်ဖြင့် သူကာလသားဘဝတုန်းက ထန်းရည်မူးပြီး ရွာတောင်ဖျားမှ မြောက်ဖျား၊ ရွာ့မြောက်ဖျားမှတောင်ဖျား ခေါက်တုံ့ခေါက်ပြန် ဆဲခဲ့စဉ်ကကဲ့သို့ ဆဲရေးတိုင်းထွာသံ ပဒေသာသည် ဝေဆာမြိုင်နေလေ၏။ နွားကလေးမှာကား သူ့ကို ဆဲ၍လည်း ဆဲနေမှန်း မသိ။ တစ်ဖက် လယ်အစပ်တွင် ပေါက်နေသော အားသစ်လူကာ ထွက်လာခါစ မြက်နုကလေးတွေကို တရှူးရှူးဖြင့် လိုက်ဟပ်နေပေ၏။ သို့သော် ရီးဆေးရိုး ကြာကြာ မဆဲနိုင်ပါ။ သတိသည် ဖျတ်ခနဲဝင်ရောက်ကာ စိုးမိုးလိုက်၏။

“ကြည့်စမ်း၊ ငါက မကြားဝံ့မနာသာတွေ ဆဲနေပေမဲ့ အဟိတ်တိရစ္ဆာန်က ဘာမျှမသိပါကလား၊ ဟာ ရယ်စရာကောင်းလိုက်တာ”

သည်သတိကြောင့် ရီးဆေးရိုး နှုတ်ဆိတ်သွားသည်။ နာသွားသော ခါးရိုးကို လက်ခွဖြင့် ဖိရင်း ထမင်းထုပ်နှင့် ရေဘူးကို ကောက်ယူသည်။ ဓားကို ခါးတွင် နောက်ပြန်ထိုးသည်။ အထူးပြုလုပ်ထားသော တစ်ဖက်တို တစ်ဖက်ရှည် ထမ်းပိုးတုံးကို ထမ်းသည်။ နက်ကျော် အနားသို့ ရီးဆေးရိုး ပြန်လာ၏။ ကန်ကြိုးကို ကောက်ယူပြီးသောအခါ ဆွဲမသွားသေး။ စေ့စေ့ ကြည့်မိသည်။ သူ့စိတ်ကို သတိတရားမြတ်က အနိုင်ရသွားပြီ။ ဆင်ခြင်တုံတရားအလင်းသည် ဝင်းပြက်ချေပြီ။

“ငါဆဲတာဟာ ရှက်စရာကောင်းနေပြီ။ ဘယ်သူ ကြားကြား မကြားကြား ရှက်စရာဟာ ရှက်စရာပဲပေါ့။ အင်း ဒီနွားဟာ ဒီလို ခုန်လိုက်ရင် ရှေ့က လူကို ထိခိုက်မယ်ဆိုတာ မသိပါကလား၊ ငါ့ကို ထိခိုက်နာကျင်ပါစေတော့ ဆိုပြီး လုပ်တာလည်း မဟုတ်ပါကလား”

ကြင်နာစွာ စုတ်သပ်သည်။ ကန်ကြိုးကိုင်သော လက်ဖြင့် ခေါင်းကို သုံးလေးခါသပ်ပြီးမှ ဆွဲခေါ်ခဲ့လေတော့သည်။

••••• ••••• •••••

နေသည် ထွက်လာသည်နှင့် ပူပြီ။ အထူးသဖြင့် မိုးကျပြီးမှ ပူသောနေက ပို၍ပူသည်။ ဤနေထက် တိမ်ကြားနေက ပိုလွန်၍ ပူသည်။ စက်နာရီအားဖြင့် ခုနစ် နာရီသာသာမျှ ရှိဦးမည်။ ကျင့်သားရှိပြီးသော ခိုင်းနွားကြီးနှစ်ကောင်ပင်လျှင် ထွန်ရပ်လိုက်ခါစတွင် ဖို ထိုးသည့်နှယ် ဟိုက်မောနေကြသည်။ ထမ်းပိုး ဟူသည် ဤသို့ပါကလားဟု ယနေ့မှ တွေ့ထိ သိရှိခွင့်ရသော နက်ကျော်အတွက်ကား ဆိုဖွယ်မရှိပြီ။ ပါးစောင်မှ အမြှုပ်တွေ ထွက်ကျလာသည်အထိ မောရှာ ပန်းရှာ၏။ နက်ကျော်မှာ အမြှုပ်ဖွားဖွားထွက်ရသော်ငြား ထွန်ဝန်ကို ဆွဲရရုန်းရသည့် ပင်ပန်းမှုထက် နေအပူကြောင့် ဖြစ်ဖို့က ပိုများသည်။ အဘယ်ကြောင့်ဟူမူ ထွန်ရုန်းသည့် တာဝန်ကို အလှည့်နွားကြီးက ထမ်းဆောင်နေရသောကြောင့်သာတည်း။

လယ်ထိပ် ညောင်မုတ်ဆိတ်ပင်ရိပ်တွင် ရီးဆေးရိုးတို့ မြေးအဘိုး ထမင်းကြမ်းစားနေကြပြီ။ ညက ကျန်သော ထမင်းကြမ်း၊ ညကကျန်သော ငရုတ်သီးထောင်းနှင့် ငါးပိဖုတ်တို့ဖြစ်သည်။ ကပျာကယာ ကောက်ထည့်လာသော ကြက်သွန်နှစ်ဥမှာ အခွံမနွှာရသေး။ မောင်ကိုကြီးက လက်တစ်ကမ်းတွင်ရှိသော ဓားမတိုကို လှမ်းမယူပါ ။ ကြက်သွန်မြစ်များ နေရာကို ပါးစပ်ဖြင့် ခပ်နက်နက်ကိုက်ကာ ထိပ်လှီးလိုက်သည်။ သည်နည်းဖြင့် အမြိတ်အခွံများကို ကိုက်လိုက်သောအခါ သုံးချက်ကိုက် အပြီး၌ အခွံခွာပြီး ဖြစ်သွားလေ၏။

“ဘ ယူဦးမလား”

ရီးဆေးရိုး ခေါင်းညိတ်ပြသဖြင့် မောင်ကိုကြီး နောက်တစ်ခု ဆက်ခွာရပြန်သည်။ ရီးဆေးရိုး ခေါင်းညိတ်ပြခြင်းမှာ မာကျောသော ထမင်းစေ့များကို ဝါးစရာ သွား မပြည့်စုံသည့်အတွက် မှိတ်မျိုနေရသောကြောင့်ဖြစ်၏။ ဒူးရင်းသီးကြီးတွေ သူ့လည်ချောင်းထဲ လှိမ့်ဆင်းသွားသည် ထင်ရပြီးသည့်အဆုံးတွင်မှ ရီးဆေးရိုး စကားပြောနိုင်၏။

“ကနေ့ ဥပုသ်နေ့ ဟုတ်ရဲ့လားကွာ”

“ဟုတ်ပါတယ် ဘရ၊ ဟုတ်လို့ ကျောင်းပိတ်တာပေါ့”

ကျောင်းမသွားလို၍ ဖြစ်စေ လယ်ပြင်တွင် ပျော်ပိုက်၍ ဖြစ်စေ တစ်ခုသောအကြောင်းကြောင့် မောင်ကိုကြီး လိမ်လည်လေသလားဟု သိရန် အလစ်ဖမ်းခြင်းဖြစ်၏။

“အေးပါဗျာ၊ ဟုတ်ရင်ပြီးတာပါပဲ။ နောင်တော့သာ ဘနဲ့လယ်ပြင်လိုက်ရလို့ ကျောင်းပျက်တယ် မဖြစ်ပါစေနဲ့”

“မဖြစ်ပါဘူး ဘရာ”

ပြောသော်ငြား ရီးဆေးရိုး မကြားတော့ချေ။ သူ့အာရုံက နက်ကျော်ထံ ရောက်နေပြီ။

နက်ကျော် မည်မျှ ပင်ပန်းနေသနည်း။ ပင်ပန်းမှု ဒဏ်ကို မည်မျှခံနိုင်သနည်း အကဲခတ်ခြင်းဖြစ်၏။ စင်စစ်အားဖြင့် နက်ကျော်မှာ ထွန်ရုန်းရသည် မမည်သေး။ ဂ-ငယ် ရေးရန်၊ ပ-စောက် ရေးရန်အတွက် ဝလုံး အရေးသင်ခါစ ရှိသေး၏။ နက်ကျော်သည် ထွန် ရုန်းသောအခါတွင် နင်းရမည့်မြေမျိုးကို စမ်းသပ် နင်း ကြည့်နေဆဲ။ ထွန်ရုန်းချိန်တွင် လျှောက်ပုံလှမ်းပုံကို လေ့ကျင့်စမ်းသပ်နေဆဲသာရှိပေ၏။ သူသည် တက်သစ် နွားမို့ ကျတော့မည့် အလှည့်နွားကြီး နေရာတွင် တာဝန်လွှဲပြောင်းယူရမည်။ သို့ကြောင့် အလှည့်နွားကြီး၏ ဘေးတွင် ကပ်ထားသည်။

ထိုသို့ အလှည့်နွားကြီးဘေးတွင် ကပ်မြှောင်ထားရန်အတွက် ထမ်းပိုးတုံးသည် တစ်ဖက်ရှည်၏။ အခြား တစ်ဖက်သော်ကား တို၏။ တိုသောဘက်တွင် ထမ်းပိုးကျစ်ပေါက်သည် ပုံမှန်နှစ်ပေါက်သာ။အလှည့် ဘက်တွင်ကား ထမ်းပိုးကျစ်ပေါက်သည် ပုံမှန်ထက် တစ်ပေါက်ပိုလျက် သုံးပေါက်။ ထွန်ယက်ဆဲ နှစ်ယောက်စိုက် လယ်ကွက်ထဲတွင် ရပ်ထားသော ထွန်တွင်းမှ နွားကြီးနှစ်ကောင်မှာ ပုံမှန်အနေအထားသို့ ရောက်နေကြပြီ။ မျက်လုံးမှေးကာ တငြိမ့်ငြိမ့် စားမြုံ့ ပြန်နေကြသည်။ နက်ကျော်သော်ကား စားမြုံ့ မပြန်နိုင်သေး။ သူသည် အလှည့်နွားကြီး၏ ဘေးတွင် ပူးကပ်ပြီး ရပ်နေရ၏။ ညောင်းညာသည်ဆိုကာ လှဲဝပ် ချင်၍လည်း မရ။ ထမ်းပိုးတုံးကို အလှည့်နွားကြီးက ထမ်းထားသည်။

ဝပ်ချင်၍မှ မဝပ်ရသော သည်ထမ်းပိုးထဲတွင် မနေလိုပါဟူ၍ ထွက်သွားလိုသော်ငြား မသွားနိုင်။ ထမ်းပိုးကြိုးက သူ့လည်ပင်းကို ပတ်ထားသေးသည်။ ထွန် စတင် ရွေ့ပြီဆိုကတည်းက နက်ကျော် မရုန်းတတ် မဆွဲတတ်။ ထို့ကြောင့် ဘေးချော်ကာ သဝေ ထိုးချင်ခဲ့သည်။ သို့ရာတွင် ဘေးမထွက်နိုင်ခဲ့။အလှည့် နွားကြီး ဆွဲခေါ်ရာသို့ မှေးလိုက်သွားရင်းဖြင့် ထမ်းပိုး ရုန်းရသည့် အရသာကို မြည်းစမ်းကြည့်ရလေ၏။

တစ်ချက်တစ်ချက် ပေါ်လာသော ငေါက်ငမ်းသံများ။ ပြတ်တောင်းပြတ်တောင်း တင်ပါးပေါ် ကျရောက်လာသော နှင်တံ။ ဤသို့ဖြင့် ဝမ်းယောင်မြေသည် နက်ကျော်၏ နောက်ပါးဝယ် ဖြောင့်တန်းသော ထွန်ကြောင်း ပေါ်လာ၏။ ကန်သင်းနားရောက်လာလျှင် တဟင်းဟင်း သတိပေးသံနှင့်အတူ ‘နကန်’ ကလည်း မထိတထိ ရောက်လာ ပြန်ရာ လက်ဝဲဘက်သို့ အလှည့်နွားကြီးနှင့်အတူ ရောယောင်ကွေ့လိုက်ရ၏။ ဪ သည်လိုဆိုလျှင် ကွေ့ရပါကလားဟု နက်ကျော် သိစပြုလာ၏။

နှစ်ယောက်စိုက် လယ်ကွက်ကလေးမှာ အလျား တစ်စပ်၊ ဝဲစောင်း တစ်စပ်သာ ရသေးသည်။ သို့ဖြစ်ငြား ရီးဆေးရိုးသည် နက်ကျော်ကို ငဲ့ညှာသောအားဖြင့် နှစ်ကြိမ်နားခဲ့သည်။ သည်အတွက် မောင်ကိုကြီး ကပင် အပြစ်တင်ခဲ့သေးသည်။

“ဘကလည်း တစ်စပ်ပဲရသေးတယ်၊ နားတာက အရင်”

“ဟ လူကလေးရ၊ နွားတွေက ထမ်းပိုး ‘စိမ်း’ နေတာကွ။ အင်တိုက်အားတိုက် ထွန်ရင် နွားတွေ ပခုံး ပေါက်ကုန်မှာကွ။ ပြီးတော့ နပိုက်ကလေးကလည်း အကျင့်ရှိသေးတာမဟုတ်ဘူး”

နှစ်စပ်အရတွင်ကား အတူလိုက်ပါလာသော ကလေး ဘာမျှ မစားခဲ့ရသေးသည်ကို သတိရကာ ထမင်းစားခြင်းဖြစ်၏။

“ဘ ဟိုမှာ ဟိုမှာ”

ဘီးစပ်ငှက်တစ်ကောင်ကို လက်ညှိုးထိုးပြ၏။ ထွန်သုံးလေးခေါက်ရ၍ မြေကြီးပွလာပြီ၊ ပြန့်ကျဲလာပြီ ဆိုသည်နှင့် ငှက်တွေ ရောက်လာကြသည်။ မြေကြီးထဲမှ ပိုးကောင်မွှားကောင်များ ကောက်စားရန်ဖြစ်၏။

ရောက်လာသော ငှက်များထဲတွင် ဆက်ရက်ညိုတွေက ရှေ့ဆုံးက။ အလွန်ဆူ၏။ အလွန်ရန်ဖြစ်၏။ အိမ်တွင်လည်း စားလုံးစားပေါက်ကောက်စားနေကျမို့ လူနှင့် ရင်းနှီးနေ ယဉ်ပါးနေရာ ထွန်နောက်ကလည်း တကောက်ကောက်လိုက်၏။ ထွန်ရှေ့ကလည်း ပွတ်ကာ သီကာမျှသာ ရှောင်ပေး၏။ ဆက်ရက်ညိုများ နောက်မှ ရောက်လာသောအဖွဲ့မှာ ဆက်ရက်ခေါင်း ဖြူများ ဖြစ်ကြသည်။ သူတို့လည်း ဆက်ရက်ညိုနှင့် အဖြူ အညို ကွဲသည်မှ လွဲ၍ စကားများရာ၊ ရန်ဖြစ်ရာတွင် အတူတူပင်။ တစ်ကောင့်အတောင်ကို တစ်ကောင်နင်းပြီး ထိုးဆိတ်နေလိုက်ကြပုံများ အပါးသို့ မောင်ကိုကြီး ရောက်လာသည်ကိုပင် မသိ။ လှမ်း အဖမ်း လက်တစ်ကမ်းကျမှ ထပြေးနိုင်ကြသည်။ ဆက်ရက် နှစ်သင်း နောက်မှ ရောက်လာသူများမှာ ခို ဖြစ်၏။ ခိုလည်း လူနှင့် အတန်အသင့် နီးစပ်သူပင်။ ဆက်ရက်နှယ် မရဲငြား၊ ချိုးနှယ်မူ မစိမ်း။ ချိုးကား လာပါ၏။ ဝေးနိုင်သမျှ ဝေးဝေးနေသည်။

ဘီးစပ်ငှက်မူ လူ့အလှုပ်အရှား မရှိမှ ရောက်လာသည်။ အမြင်ရနည်းသော ငှက်မို့ နှုတ်သီးရှည်ရှည် အမောက်ကားကားနှင့် မောင်ကိုကြီး သဘောကျကာ တအံ့တသြ အော်ရခြင်းဖြစ်ပေသည်။

“ဘ ကျုပ်လည်း မောင်းမယ်ဗျာ”

ထမင်းစားပြီးသွားလျှင် မောင်ကိုကြီး ပူဆာ၏။ ထွန်သွားတိုတိုနှင့် ထွန်သော အခြောက်ထွန်လည်းဖြစ်၊ နွားနှစ်ကောင်ကလည်း သဘောကောင်းသည့် အတွက် မဖြစ်စရာ မရှိ။ သို့ရာတွင် နက်ကျော် ပါနေသည်။ နက်ကျော်ကို အကိုင်မှား၍ မဖြစ်။ နှာပျက်မည် စိုးရသည့်နည်းတူ ကျင့်ပျက်မဖြစ်အောင်ပါ သတိထားရမည်။

“နေဦးကွာ၊ နပိုက်ကလေးနဲ့ နောက်ထပ်တစ်စပ် ထွန်လိုက်ဦးမယ်။ နပိုက်ကလေး ဖြုတ်ထားတော့မှ မောင်း”

လေ့ကျင့်ခါစ နွားကလေးမို့ ရီးဆေးရိုး အထူး သတိထားရသည်။ သတိကြီးစွာဖြင့် ညှာတာရသည်။ ထွန်တုံးရှေ့တွင် အမှိုက်နှင့် ပိတ်ကာ မြေမှုန့်မြေစိုင်တွေ ကျုံးပါနေလျှင် ချက်ချင်း ဆင်းပေးသည်။ ထွန်တစ်ဖက်ကို ထောင်ကာ ချက်ချင်း ချပစ်သည်။ ထွန်အစူး အနစ် များသွားလျှင်လည်း ထွန်ပေါ်မှ အလျင်အမြန် ဆင်းပေးသည်။ သို့မှသာ နက်ကျော်ကလေး ထွန် မကြောက်ဘဲ ရှိချေမည်။

••••• ••••• •••••

ထွန်မောင်းခွင့် မရသောကြောင့် မောင်ကိုကြီး ငှက်ဖမ်း ချင်စိတ် ပေါ်လာတော့သည်။ စောစောကမူ ငှက်တွေကို ကြည့်ကာ ပျော်ခဲ့သည်။ အတင်း ပြေးဖမ်းရသဖြင့် ရွှင်ပျခဲ့သည်။ ဆက်ရက်တွေက လက်တစ်ကမ်း ရောက်မှ ထ ထ ပျံသောအခါ မောင်ကိုကြီး စိတ်ထဲ မချင့်မရဲ ခံစားရသည်။

“ဒီကောင်တွေ ညွှတ်နဲ့ ထောင်ဖမ်းရရင်”

ညွှတ်ကို မောင်ကိုကြီး လုပ်ကိုင်ဖူးခြင်းမရှိ။ သူတစ်ပါး သုံးစွဲသည်ကို မြင်ဖူးသည်။ ချောင်းရေစပ်တွင် ဗျိုင်းထောင်သူများ၊ ရွာဘေး အညစ်အကြေးတောတွင် ပုတတ်ထောင်သူများ။ သို့နည်းတူ ညွှတ်လုပ်သည့် ပစ္စည်းကိုလည်း မောင်ကိုကြီး သိသည်။ မြင်းမြီးမရသော် နွားမြီး။ ထို့ကြောင့် အမြီးတယမ်းယမ်းဖြင့် ထွန် ရုန်းနေသော အတိုင်နွားကြီးဘေးသို့ ကပ်သွား၏။

“လူလေး ထွန်နဲ့တိုက်မိမယ်လေ၊ ဘာလုပ်မလို့တုံး”

ရီးဆေးရိုး ထွန်တုံးပေါ်မှ လှမ်းမေးသည်။

“ဆက်ရက်ထောင်ဖို့ ညွှတ်လုပ်မလို့ ဘရ။ နွားမြီး နွားမြီး”

“ဒီကောင်ကြီးက ကန်တတ်တယ် ဟိုဘက်ကို သွား”

အလှည့်နွားကား တင်ပါးတွင် အရှိုးအစင်းများ ထပ်နေလျက် အထုံအပျင်း သက်သေတည်နေ၏။ မောင်ကိုကြီး အလှည့်ဘက်သို့ သွားသည်။ အလှည့် နွား၏ အပြင်ဘက်တွင် နွားပိုက်လေးက ခံနေသည်။ တတိယ အစပ်ပြည့်ရန် သုံးလေးခေါက်စာသာ လိုတော့၏။

ထိုအချိန်တွင် နွားကလေးကို ချွတ်ထားကာ အစပ်ရအောင် ထွန်လိမ့်မည်။ ထိုအချိန်အထိ မောင်ကိုကြီး မစောင့်နိုင်။ ပင်ပန်းလွန်းသဖြင့် နွားနက်ကလေးအမြီး ငြိမ် ‘စင်း’ နေ၏။ အားရပါးရ လှမ်းဆွဲလိုက်ရာ အမြီးတစ်ပင် နှစ်ပင်မျှသာမဟုတ်၊ တစ်ပြုံ လုံးပါလာသည်။ တစ်ပြုံလုံးထဲမှ ကြိုက်မွေးကို နုတ်အံ့ဟု လက်ရွယ်ဆဲတွင် မောင်ကိုကြီး လွင့်ထွက်သွားလေ၏။

တစ်ခဏအတွင်း မောင်ကိုကြီး ငိုသံ ဆူညံသွားတော့သည်။ ကန်ချက် မပြင်း၊ ပခုံးကိုသာ ထိသည်။ ဤသည်ကို ရီးဆေးရိုး အသေအချာ မြင်လိုက်ရ၍ ထွန်ပေါ်မှ မဆင်း။ ထွန်စီးလျက် ပြုံးပြုံးကြီး ပါသွားလေ၏။ “နွားအကြောင်း ဒါလောက်မှ မသိဘူးလား ဟင်” မြည်တွန်လိုက်သေး၏။

မောင်ကိုကြီးကား ညောင်ပင်ရိပ်သို့ ရွှေ့သွားကာ တအိအိ ငိုနေသည်။

“ယောက်ျားပဲကွ ဒါလောက်ကလေးများ နာရသလား”

သုံးစပ်အရတွင် နက်ကျော်ကို ညောင်ရိပ်သို့ လာပို့သော ဘဆေးရိုးက အားပေး၏။

“ယောက်ျားပေမဲ့ နာတာကိုး ဘရ”

သုံးစပ်သည် နည်းသေးသော်ငြား ဝမ်းယောင်နေသော မြေများ ပြန်လည် မမာကျောမီ ‘အပေါ်ရေဆုပ်’ ထားမှ နွားပခုံး သက်သာ၏။ ထို့ကြောင့် နောက် တစ်ကွက်သို့ ပြောင်းထွန်သည်။ ထွန်သာထွန်နေရငြား မြေး၏ ငိုသံက နှောင့်ယှက်လှ၏။ ထွန်တစ်ခေါက်နှင့်လည်း အငို မရပ်။ သုံးခေါက်ရလည်း အငို မတိတ်။ တစ်စပ်သာ ရသွားရော မောင်ကိုကြီးကား ငိုမြဲ။

“ဟေ့ကောင် လှည်းစာငတ်တဲ့ လှည်းပုံတောင်းလို တအီအီမြည်မနေနဲ့ကွာ”

“နာတာကိုး ဘရဲ့”

သည်ကောင် သည်ပုံငိုနေလျှင် သူ့အမေကြီး ထမင်းလာပို့ချိန်အထိ ရပ်စဲမည့်ဟန် မရှိ။ သူ့မြေး ငိုနေသည်ကို တွေ့၍ နွားကန်ကြောင်းသိလျှင် ရီးကျီးဒန် သဲသဲလှုပ်မည်။ ရီးဆေးရိုးကို အပြစ်တင်မည်။

“ဘက ညွှတ်လုပ်ပေးမလို့ အကောင်းပြောတာ။ မင်းက အငိုမတိတ်ချင်လည်း နေပေါ့ကွာ”

မောင်ကိုကြီးတို့ အငိုတိတ်ပုံများ အံ့စရာ။

“ဘယ်မလဲ ညွှတ်”

“လွယ်ပါတယ်ကွာ၊ လာ... မင်းလိုက်ခဲ့”

မောင်ကိုကြီး သူ့ဘ နောက်သို့ ဖျတ်လတ်စွာ ထလိုက်သွား၏။ ရီးဆေးရိုးသည် နက်ကျော်ကို စုတ်သပ်အသံပေးကာ အမြီးကို ဘယ်ဖြင့် ကိုင်ပြီး ညာမှ ဆောင့်ဆွဲနုတ်ယူသည်။ လက်ထဲတွင် နွားမြီးသုံးပင်။ ရီးဆေးရိုး ညောင်ခေါင်းထဲမှ မြေကရားယူပြီး ရေနွေးအိုးတည်သည်။ တအောင့်တနား ဆေးလိပ်သောက်သည်။ ရေနွေးတည်ရန် မီးမွှေးချိန်နှင့် ဆေးလိပ်သောက်နေချိန်များတွင် မောင်ကိုကြီး ညွှတ်လုပ်သည်။ လုပ်နည်းသိသော်ငြား လုပ်မရ။ ‘ကွင်းလျှော’ ဖြစ်မလာ။

“ပေးစမ်းပါကွာ။ နမီး (နွားမြီး) နုတ်တော့လည်း ဘ ၊ ကွင်းလျှောလုပ်တော့လည်း ဘ”

ပြောပြောဆိုဆို နွားမြီးများ လှမ်းယူကာ ညွှတ် လုပ်ပေး၏။ တစ်လက်စတည်း လက်သန်းလုံးအရွယ် ညောင်ကိုင်းကလေးများတွင် အထစ်လုပ်ကာ ခိုင်ခိုင် ချည်ပေးရသေး၏။

“ထရေးအသစ် နောက်က ကပ်စိုက်နော်။ တိုင်မခိုင်ရင်လည်း ကြောက်အားလန့်အားနဲ့ ငှက်ပျံပြေးလို့ ညွှတ်ပါဆုံးနေမဗျား”

ရေနွေးအိုးကို တစ်ချက်မီးထိုးပေးပြီး ထွန်ဆဲ လယ်ကွက်တွင်း ဆင်းခဲ့ရသည်။ ညွှတ်ကို မောင်ကိုကြီး မည်သည့်နေရာတွင် ထောင်သည်ကို လှည့်မကြည့်တော့ပါ။ ထွန်ရေးရရန်သာ အာရုံစိုက်တော့သည်။ ဝါဆိုလပေမယ့် ချစ်ချစ်တောက်ပူသည်။ ပူသည့် အောက်မှာပင် လယ်ပွဲတိုင်း၌ တလှုပ်လှုပ် တရှား ရှား ထွန်နေကြ၏။ တဟဲ့ဟဲ့ တဟင်းဟင်း မောင်းနေကြ၏။ သိုးခနဲ သန့်ခနဲ တေးချင်းသံကြားရ၏။ ခေါင်းလောင်းပုံ ပွင့်ပြာကလေးတွေ အူဝေနေသော နှမ်းခင်းသည် မိုးကို မျှော်နေရှာကြ၏။ နှမ်းခင်းကြားမှ ပြောင်းဖူးပင် ပြောက်တိပြောက်ကျားတို့ကလည်း နီကြောင်သော ဆံမြိတ်ဖွားများလှုပ်လျက် မိုးကို လက်ယပ်ခေါ်နေကြ၏။ ငှက်တစ်ကောင်၏ စူးစူးဝါးဝါး အော်သံကြောင့် ရီးဆေးရိုး လှမ်းကြည့်သည်။ ထွန်ရေးများ ကြားမှ ထပျံလိုက် ပြန်ကျလိုက် ဖြစ်နေသော ချိုး တစ်ကောင်။

“မိပြီကွ၊ ဟေး မိပြီကွ”

ဝမ်းသာအားရအော်လျက် မောင်ကိုကြီး ညောင်ပင်အောက်မှ ပြေးလာပြီး ငှက်ကို ကိုင်ဖမ်းသည်။ ရုတ်တရက် ဖမ်း၍ မရ။ ရပြန်တော့လည်း လွှတ်ပစ်ရသည်။

“ဘရေ လာပါဦး၊ ဆိတ်တယ်ဗျ”

ရီးဆေးရိုး မနေသာ။ ထွန်ကို ရပ်ပစ်ခဲ့ရပြန်သည်။

ငှက်ဖရိုဖရဲ ရုန်းကန်ပျံသန်းမှု မပြုနိုင်အောင် အတောင်ပေါ်မှအုပ်ကိုင်ကာ ညွှတ်ရော ငုတ်ပါ ဖြုတ်သည်။ ညောင်ပင်အောက်သို့ ယူလာသည်။ မောင်ကိုကြီးလည်း ခုန်ဆွခုန်ဆွဖြင့်။ မြေးအဘိုးနှစ်ယောက် ညောင်ပင်အောက် ဝင်မိချိန်တွင် ညောင်ပင် ပင်စည်၏ တစ်ဖက်အကွယ်မှ ရီးကျီးဒန် ဘွားခနဲပေါ်လာ၏။ သူ့ ခေါင်းပေါ်တွင် ထမင်းဇလုံကို ရွက်လျက်။

“ဪ ဘိုးအေကလည်း မြေးနဲ့ ဖက်ပြီး သူငယ်ပြန်နေတာကိုး”

“ကဲ မင်းကြောင့် ငါတောင် အပြောခံရပြီ” ဆိုကာ ချိုးနှင့် ညွှတ်ကို မောင်ကိုကြီး လက်ထဲ လှမ်းပေးပြီး ရေနွေးအိုး တည်ထားသည့်ဘေးတွင် ဝင်ထိုင်လိုက်ရာက “ဒါ ဘာဟုတ်သေးလဲ ကျီးဒန်ရာ။ မနက်က မြောင်းကူးမှာ နက်ကျော် ငါ့အပေါ် ခုန်အုပ်တုန်းက ငါသူငယ်ပြန်တာများ ညည်းကြားရရင်” တစ်ပိုင်းတစ်စ ဆို၍ ထင်းစကို ထိုးသွင်းလိုက်၏။

“ကျုပ် ကြားတော့ ဘာဖြစ်လဲ”

“နားကြောက စိမ့်သွားမှာပေါ့အေ”

ညွှတ်ထဲမှ ငှက်ကလေးသည် ရီးဆေးရိုး ရယ်မောသံကြောင့် တအားထ၍ ပျံလေ၏။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment