❝ လူကလေး ငိုရှာရော့မည်❞
( ဆင်ဖြူကျွန်းအောင်သိန်း )
ရီးဆေးရိုးတွင် ရောဂါတစ်ခု စွဲကပ်လာ၏။ သည် ရောဂါ မည်သည့်အချိန်က စတင် ကပ်ငြိသည်ကို သူလည်း မသိ။ အခြားသူများလည်း သတိမထားမိ။ ထို ကပ်ငြိလာသော ရောဂါမှာ သူ့မြေး မောင်ကိုကြီးကို သူ ကြည့်၍ မရသော ရောဂါပေတည်း။
မောင်ကိုကြီးသည် အဋ္ဌမတန်း ရောက်နေပြီ။ လူကြီးတွေထဲ ဝင်ဝင်ပြော၏။ သူ့စကားတွေမှာ ကလေးစကားပေမယ့် မှတ်သားစရာပါ၏။ သတိပြုစရာပါ၏။ သို့ကြောင့် လူကြီးတွေထဲ ဝင်ရှုပ်သည်ကို ရီးဆေးရိုး ကြည်ဖြူမိရိုး အမှန်။ ဂုဏ်ယူရိုး အမှန်။ ဆံပင်ရှည်ကြီးကို မဖြီးမသင် ဆီမလိမ်းဘဲ လက်ဖြင့် သပ်သပ်နေ၏။ ဤသည်ကိုလည်း “ ငါတို့တုန်းကတောင် သူ့ဘာသာသူ ထုံးလို့ရတဲ့ ဆံပင်ကို ပန်းစည်းကြိုး ‘ပေါင်’ ပြီး ထုံးကြသေးတာပဲ” စာနာစိတ်ဖြင့် ခွင့်လွှတ်၏။ ပုဆိုးကို အရှည်ကြီး ခွေးချေးသိမ်း ဝတ်သည်။ ဤသည်ကိုလည်း ကိုယ်နှင့်နှိုင်း မရိုင်းစိတ် မွေးကာ ရီးဆေးရိုး စာနာခွင့်လွှတ်သည်။ သို့ဖြစ်ငြား ‘ဥပန်း’ ကြက်ကြီး တပိုက်ပိုက် လုပ်နေခြင်းကိုကား ခွင့်မလွှတ်ပေ။ ကြည့်ရင်း ကြည့်ရင်း မျက်မုန်းကျိုးလာသည်။ အမြင်ကတ်လာသည်။
“လူလေး၊ မင့်ကြက်ကြီး အိမ်ဝိုင်းထဲ ယူမလာနဲ့ကွာ”
ပထမဆုံးအကြိမ် ကြက်ပိုက်လာချိန်က ပြောခဲ့သောစကား။
“ဘာပြုလို့လဲ ဘရဲ့”
“ဖဲသမားတစ်ယောက်၊ ကြက်သမားတစ်ယောက် ဘယ်တော့မှ မကြီးပွားလို့ပဲ လူကလေး။ ပြီးတော့ စာကို အသေအလဲ ကြိုးစားရမယ့် ရှစ်တန်း မဟုတ်လား သားရဲ့”
“အလှမွေးတာပါ ဘရာ”
သည်ဆင်ခြေမျိုး လာလိမ့်မည် ကြိုတင် သိထားပြီးမို့ သွားမရှိသော သွားဖုံးကြီးတွေ ဖော်လျက် ရီးဆေးရိုး ပြုံး၏။
“အဲဒါကစပြီး ကြက်သမားစိတ် ဝင်လာလိမ့်မယ်ကွာ။ မီးဆိုတာ မလောင်ခင်က တားရသတဲ့။ သွားသွား တစ်ယောက်ယောက်ကို ရောင်းပစ်လိုက်”
မောင်ကိုကြီး ချာခနဲ နွဲ့ယိမ်းသွားလေ၏။ ဟင် ရောင်းနိုင်ပါဘူး ပြောသည့် သဘော။ ကလေးဆန်ဆန် ရှိသေးသော အမူအရာကို ရီးဆေးရိုး ငေးမောနေဆဲမှာပင် ကြက်ပိုက်ပြီး မောင်ကိုကြီး ပြေးထွက်သွားလေ၏။ ပြေးသွားသော်ငြား သူ့ဘ၏ မျက်ခြည် စက်ဝန်းမှ မောင်ကိုကြီး မလွတ်ပါ။ ဘတို့၊ အမေကြီးတို့ အိမ်ကို သူမလာဘဲ မနေနိုင်ပါ။ မနေနိုင်ရုံသာမက ကြက်ကိုပါ အိမ်မှာ လာထားပြီ။ သည်အခါတွင်မူ ရီးဆေးရိုး၏ အသံ မိုးချုန်းသံနှယ် ထန်သည်။ မျက်နှာထားလည်း ခက်ထန်နေသည်။
“ဟေ့ကောင်သွား ၊ ဒီကြက် တပိုက်ပိုက်နဲ့ဆိုရင် ငါ့အိမ်ဝိုင်းထဲ ဘယ်တော့မှ မလာနဲ့”
ချစ်ရ အားကိုးရသော ဘ ထံမှ ကျောက်တောင်ကြီး ပြိုကျလာသံ၊ ပညောင်ပင်ကြီး တော်လဲသံဖြင့် နှင်ထုတ်လိုက်သောအခါ မောင်ကိုကြီးမှာ အံ့အားသင့်လျက် ငေးကြောင်နေ၏။ ခိုလှုံစရာအားကိုးမဲ့သော မျက်နှာကလေးဖြင့် ကျီးကြည့်ကြောင်ကြည့် ကြည့်နေရှာ၏။ သည်ပုံကို မြင်ရသည့် ရီးဆေးရိုးမှာ သနားတော့ သနားမိသား။ စိတ်မကောင်းခြင်းကြီးစွာလည်း အဖြစ်မိသား။ သို့ရာတွင် စိတ်ကို တင်းလိုက်သည်။
“ပြောနေတာ မကြားဘူးလား”
“သားလေးလာ၊ သားလေးလာ၊ နောက်ဖေးကိုလာ”
ရီးကျီးဒန့် အသံပါ။ မောင်ကိုကြီးသည် ကွင်းခေါင်ခေါင်တွင် ခိုကိုးရာမဲ့နေရာမှ ဇရပ်တစ်ဆောင် မြင်လိုက်ရဘိသို့ အပြေးကလေး ထွက်သွားလေ၏။ ရီးဆေးရိုးသည် မောင်ကိုကြီးအား ပစ်ခတ်ဟန် ခြိမ်းခြောက်သည့်သဘောဖြင့် ကောက်ကိုင်သော ဓားမောက်ကို ဒိုင်းခနဲ ပစ်ချလိုက်သည်။ တစ်ယောက်က လက်ဖြင့် ရေးသည်ကို တစ်ယောက်က ခြေဖြင့် ဖျက်သလောဟု ရီးဆေးရိုး စိတ်ဆိုးသွားပြီကို ရီးကျီးဒန် သိ၏။ သိသည့်အလျောက် အနားသို့ ချက်ချင်း ရောက်လာ၏။ အသံနှိမ့်ပြီး ရှင်းပြ၏။
“ဒီကြက်ကို အိမ်မှာ မထားရဘူးဆိုပြီး ရိုက်လွှတ်လို့ ဒီကို ရောက်လာတာတော်ရဲ့”
“ကောင်းတယ်”
“ခမျာများမှာ မိဘက လွဲရင် အားကိုးစရာဆိုလို့ ဒီအမေကြီးနဲ့ ဒီအဘပဲ ရှိတဲ့ဥစ္စာတော်”
“အတန်ကြာရင် သူတို့သားကို ငါတို့ ဖျက်တယ် ဖြစ်မယ် ကျီးဒန်။ မျက်မွေးတစ်ဆုံး မကြည့်နဲ့၊ မျက်စိ တစ်ဆုံးကြည့်”
မောင်ကိုကြီးအမေ မချောစိန် ကလည်း ဖအေကိုသာ ကြောက်ငြား၊ မအေကိုကား အရိုအသေ ခပ်တန်တန်။ အငေါ်တူးသည်၊ ငေါ့သည်၊ ထေ့သည်။ ကုန်ကုန်ပြောရလျှင် မအေတစ်ခွန်း သူတစ်ခွန်း ရန်တွေ့လား တွေ့တတ်သူ။ ရီးဆေးရိုးက သည်အချက်ကို ရည်ညွှန်းငြား ရီးကျီးဒန် မလျှော့သေးပါ။
“ချော့ချော့မော့မော့ ကျုပ် ပြောပါ့မယ်တော်၊ တခြား သွားထားရင် မမြင်ကွယ်ရာမှာ ဖြစ်ချင်ရာတွေ ဖြစ်ကုန်မှာပေါ့”
သည်စကားမှာ ငြင်းစရာ မရှိအောင် မှန်လှသဖြင့် ရီးဆေးရိုး ငြိမ်သွားသည်။ ငြိမ်သွားငြား ကြက်မုန်း စိတ်မူ ပြယ်မသွား။ သည်မှ စတင်၍ ကြက်ပိုက်သော လူကို ရွံရှာရာက မြေးကိုပါ မုန်းတီးလာခြင်းဖြစ်ဟန် တူပေ၏။
••••• ••••• •••••
၂
“အဖေရေ၊ အဖေ့မြေး ကြက်တကိုင်ကိုင်နဲ့ ကြည့်ပြောပါဦး၊ ရှစ်တန်းဆိုတာ အစိုးရစစ်စာမေးပွဲတဲ့”
မိမိသားကို မိမိ မဆုံးမဘဲ ဘိုးအေကို လွှဲချရသလောဟု ရီးဆေးရိုး စိတ်တိုချင်၏။ သို့ဖြစ်ငြား သူ့ အသိတရားတွင် သတိထက်ကြပ်ကပ်နေသဖြင့် ပါးစပ်ထဲ ရောက်လာသော စကားသည် ချက်ချင်း ထွက်မလာ။ သို့လျှင် ထွက်မလာခြင်းသည် ကောင်း၏။ ထွက်မလာသည့်အတွက် ချင့်ချိန်ရန် အချိန်ရ၏။ ထိုအခါ ‘ဟုတ်သားပဲ၊ ကြက်ကို လာလာပိုက်တာက တို့အိမ်မှာ မဟုတ်လား၊ သူ့မိဘက ပြောတော့ကော သူလိမ်မှာပေါ့’ တွေးတောခွင့်ရသည်။ သို့ဖြင့် ဘာမျှ ပြန်မပြောဖြစ်တော့ချေ။
မှာထားသည့် အလားပင်၊ မောင်ကိုကြီးသည် ကျောင်းမှ ပြန်လာရာတွင် အိမ်သို့ ဖြောင့်ဖြောင့်တန်းတန်း မပြန်ဘဲနှင့် အမေကြီးအိမ်ကို ဝင်သည်။ လွယ်အိတ်သော်မျှ မချဘဲ ကြက်ကို ပိုက်နေသည်။ ကြက်ပိုက်နေသည်မှာ ရိုးရိုးမဟုတ်။ ကြက်ခြေထောက်ရှိ အတက်ရာ ပြောင်းဖူးစေ့ကလေးကို သံပြားဖြင့် ခြစ်နေသည်။
“လူလေး၊ ဘာလုပ်တာလဲကွ”
ရုတ်တရက်မို့ မောင်ကိုကြီး အ ခနဲ ဖြစ်သွား၏။ ရီးဆေးရိုးသည် ကောက်လှိုင်းလက်ကျန်များ စုပုံနေသောဘက်သို့ လျှောက်သွားရာက လည်ပြန်လှည့် ကြည့်ရင်း “ဟေကွ” ဟု ထပ်မေးသည်။
“ဟို ရွှံ့တွေပေနေလို့ ခြစ်ချနေတာ ဘရဲ့”
ကောက်လှိုင်းတွေကို ပုတ်သာပုတ်နေရ ရီးဆေးရိုး စိတ်ထင့်နေသည်။
တစ်ဆုပ်ပြီးတစ်ဆုပ် တစ်လှိုင်းပြီး တစ်လှိုင်းပုတ် နေရင်း မသိမသာ အကဲခတ်၏။ သူ့မြေးသည် ဥပန်း၏ အတောင်အောက်တွင် လက်ထားကာ လက်နှစ်ဖက်ဖြင့် ‘ထွာ’ နေသည်။
သို့ဖြင့် မြေးပြန်ချိန်တွင် ရီးကျီးဒန်ထံ စုံစမ်းရ၏။
“ညည့်မြေး မနက်မနက် ကြက်ကို လာကိုင်တာ မြင်သလား”
“မြင်သားပဲ”
“ရေကိုင်တာရော မမြင်ဘူးလား”
“ဘာလဲ ရေကိုင်တယ် ဆိုတာ”
“ကြက်ရဲ့ပေါင်ကို ရေဆွတ်ပြီး ဆုပ်ဆုပ်ပေးတာကို ပြောတာဟ”
“မြင်ပါ့တော်”
ရီးဆေးရိုးသည် ဟိုဟိုသည်သည် ကြည့်၏။ မမြင်သောကြောင့် “အဲဒီကြက် ဘယ်မှာလဲ” မေး၏။
ရီးကျီးဒန် မဖြေ။
“ဘာလုပ်ဖို့လဲ” သာ ပြန်မေးလေသည်။
“မဖြစ်ဘူး ကျီးဒန်၊ ညည့်မြေး ကြက်သမား ဖြစ်တော့မယ်။ စောစောက မရှိသေးတဲ့ အတက်ကို ချွန်နေတာ၊ ကိုယ်ကို အထွာတိုင်းတာမြင်လို့ မသင်္ကာတာနဲ့ မေးတာ။ မကြာခင်မှာ ယာခင်း တစ်ခုခုထဲ သွားပြီး အလောင်းအစားနဲ့ တိုက်တော့မှာ သေချာတယ်”
“အပျော်နေမှာပါတော်”
“အပျော် ဟုတ်လား၊ အပျော်ကနေ ‘အလျော်’ ကို ရောက်သွားတာလေ မှတ်မိသေးလားဟင်၊ ဒီမှာ”
အပြောဖြင့် မဟုတ်၊ ထန်းစေ့မှုတ်ရွယ် သျှောင်ထုံးဘေးက ဆံပင်ကို ဖြဲပြသည်။ နှစ်ပေါင်း ငါးဆယ်ကျော် ကြာညောင်းပါလျက် ဆံပင်မပေါက်သော ဒင်္ဂါးအရွယ် အမာရွတ်ကြီး။
••••• ••••• •••••
၃
ထိုနေ့က ကြက်ပွဲမှာ တကယ့် ပွဲကြီးပွဲကောင်း။ တာလမ်းမှ လှမ်းကြည့်လျှင် မြင်နေရသော နေရာ ဖြစ်ငြား သရက်ပင်များ အရိပ်ကောင်းလွန်းသည့်အတွက် ရုတ်တရက် မသိသာပေ။ အကယ်၍ ဖမ်းဆီးမည့်လူ လာစေဦးတော့၊ ပြေးစရာ ပုန်းစရာ ‘ဘုရားငါးဆူတော’ က အသင့်။ သည်ပွဲတွင် မိန်းမတွေလည်း ပါသည်။ ပါသည့် မိန်းမတွေထဲတွင် မကျီးဒန်လည်း တစ်ယောက် အပါအဝင်။
သည်အချိန်တုန်းက ညားခါစ လင်မယားမို့ အပူအပင် မရှိ။ ယောက္ခမအိမ်ခြေရင်းတွင် ‘အဖီ’ ချနေရသည်ကိုပင် ရွှေဘုံရွှေနန်း ထင်နေချိန်။ ကိုဆေးရိုး၏ ယောက္ခမသည် သူ့သမက် ကြက်ကိုင်နေသည်ကို မြင်၏။ ရိုးရိုးပဲ တွန်သံနားထောင်ချင်၍ မွေးသည် ထင်ပြီး မတားမြစ်ပေ။ ကိုဆေးရိုးကလည်း အမှန်ပင် တိုတိုတောင်းတောင်းတွန်သော ‘ပုဆိန်ပေါက်’ တွန်သံကို နားဆင်လိုသဖြင့် မွေးခဲ့သည်ပင်။ သို့သော် ကိုအောင်မြက စသည်။
“ဟေ့ အမြီး တံစဉ်ကောက်တဲ့ကွ၊ မင့်ကြက်မှာ ခြေရှိတယ်၊ ခွပ်လက် ပြကြည့်ရအောင်”
စကားဖြင့် တို့သည်။
ကိုပိတ်စကလည်း
“အသံကလည်း ပုဆိန်ပေါက်ကွ၊ ကြက်ကောင်း ပိုင်ရင် သူဌေးဖြစ်နိုင်တယ် မောင့်”
သွေးထိုးပေး၏။ ဤသို့ဖြင့် အိမ်တကာ့အိမ် လျှောက်သွားနေသော ကိုဆေးရိုး၏ မောက်လုံးကလေးသည် ပွဲတိုးဖူးသော မောက်ပြားကြီး တစ်ကောင်နှင့် ခွပ်လက်ပြမိလေ၏။ စင်စစ် ကိုအောင်မြနှင့် ကိုပိတ်စတို့က ကိုဆေးရိုးအား ဘူးသွင်းလိုက်ခြင်းသာ။
ထိုအချိန်မှ စ၍ ကိုဆေးရိုးသည် ကြက်ကို ကြိုးချည်တော့သည်။ အိုးလည်ပင်းပြတ်ပေါ် အဝတ်ဖုံးပြီး အဝတ်ထဲတွင် အစာထည့်ကာ ကြက်စာ ကျွေးသည်။ နံနက်တိုင်း ရေမှန်မှန် ကိုင်သည်။ ဤသည်ကို မကျီးဒန် တားမြစ်ရန် သတိမရ။ ကြက်နီနီကြီးကို ပွေ့ကာ ကျောပြောင်ကြီးဖြင့် သျှောင်ထုံးကြီး ကပိုကရိုဖြင့် ဆုပ်နယ်နေပုံ၊ သနေပုံကိုပင် မိုးကျနတ်သား ထင်နေခဲ့၏။
လယ်ပြင်သွားချိန်၊ ထွန်ဖြုတ်ပြန်ချိန် စော၏။ ရေယူမိုးယူထက် ကြက်ကို အာရုံကြီး၏။ နွားတွေ အတွက် နွားစာပင် လုံလောက်အောင် မစဉ်းငြား၊ ကြက်တာဝန်မူ မပျက်ချေ။ ကိုဆေးရိုးမှာ တဖြည်းဖြည်း ကြက်သမား ဖြစ်လာ၏။ လောင်းကစားသမားတို့ ထုံးစံမှာ နိုင်လျှင်လည်း နိုင်သောကြောင့် ပျော်ပျော်ပါးပါး သောက်စား၏။ ရှုံးသောအခါတွင်လည်း စိတ်ညစ်ပြေရန် သောက်ပြန်၏။ ထိုအခါ ‘ရှင်တော်ဟောသည့် အဆိပ်ရည်’ ကိုလည်း သောက်တတ်လာပြီ။ မကျီးဒန်မှာ အိတ်ထဲမှ တစ်ပြားမျှ မထွက်သည့်အပြင် မကြာခဏ ‘ရော့ ငါးကျပ်၊ ရော့ တစ်ဆယ်’ ရသည့်အတွက် ကျေနပ်နေခဲ့သူ ဖြစ်ရကား ပွဲကြီးပွဲကောင်းနေ့သို့ သူပါ လိုက်ပါလာသည်မှာ မထူးဆန်းချေ။
စည်းဝိုင်းထဲသို့ လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ကိုးဆေးရိုး၏ မောက်လုံးကြီးက တရကြမ်း ခွပ်တော့သည်။ ခွပ်သမျှမှာလည်း ချက်ကောင်းချည်း ထိရာ တစ်ဖက်ကြက် မောက်ပြားကြီးမှာ ‘ကရော့’ ခနဲ မကြာခဏ အော်ရှာ၏။ အော်ရာက ပြန် ခွပ်ငြား မထိ။ တစ်ချီသာ ရှိသေးသည်။ ကြွေတစ် လက် ကြက်တစ်ခုန်စကားရှိပါလျက်နှင့် မောက်လုံး ဘက်မှ ‘တစ်ဆယ် တစ်ကျပ်’ ခေါ်သည်ကို မောက်ပြားဘက်မှ တစ်ကျပ် လိုက်ရဲသူ မရှိ။ သုံးချီသုံးလားမှ ခံပါ့မလား တွက်သူချည်း။ သို့လျှင် တွက်ကြငြား မောက်ပြားကြီးမှာ ခံနိုင်ရည်ရှိ၏။ လေးချီလည်း မပြေး၊ ငါးချီလည်း မလဲ။ မလဲမည့်သာ မလဲသည်၊ မပြေးမည့်သာ မပြေးသည်၊ မောက်ပြားကြီးမှာ ငါးချီ မျှဖြင့်ပင် မျက်နှာကြီး ရောင်နေပြီ။ အမောက်ကြီးမှာလည်း သွေးတရွှဲရွှဲ။
“ဖေ့သားကြီးရ ပစ်လှဲလိုက်စမ်းပါဟ”
ကိုဆေးရိုး အော်သာ အော်ရငြား မောက်ပြားကြီးကို စိမ့်၍စိမ့်၍ ကြောက်လာသည်။ မောက်ပြားကြီး၏ ခွပ်ချက် တစ်ချက်တလေသည် မောက်လုံးကို ထိခဲ့သော် မောက်ပြားကြီးကဲ့သို့ ခံနိုင်ပါမည်လား။ ငါးချီ ကုပြီးပြီ။ ထိုအခါတွင်မှ မောက်ပြားကြီး၏ခြေကို ရိပ်မိတော့သည်။ မောက်ပြားကြီး၏ ခြေမှာ ခြေနှစ် ချောင်းတွင် မရှိ။ နှုတ်သီးတွင်ရှိသည်။ အခွပ်ထက် အဆိတ်သန်သော ကြက်ပါတကား။ ဘုရား ဘုရား မျက်လုံးကို ဆိတ်မိမှဖြင့်။ ဆဋ္ဌမအချီ ကုပြန်ပြီ။
ကန်ထိုင်ကွေ့သား ‘ ကြက်စွဲ’ သည် အလွန်တော် ၏။ ယိုင်နေသော မောက်ပြားကြီးကို ချွဲချပါးလျက် တစ်ကြိမ် လုပ်ရုံဖြင့် လန်းလာသည်။ သို့သော် မပြီးသေး၊ ခြေတွေ ဆွဲဆန့်ကာ နှိပ်နယ်ပေးသည်။ ထို့နောက် လည်ပင်းကို ဆွဲဆန့်ကာ အာငွေ့ ပေးနေစဉ် ‘ဟယ်’ ခနဲ အသံကြီး ပေါ်လာ၏။ ကိုဆေးရိုးတို့မှာ ကိုယ့်ကြက်ကို ဂရုစိုက်နေသဖြင့် ရုတ်တရက် နားမလည်။ သေချာစွာ ကြည့်တော့မှ မောက်ပြားကြီးမှာ ကြက်စွဲ၏ လက်ထဲတွင် လည်ပင်းပြတ်လျက်၊ သွေးတွေ အိုင်ထွန်းလျက် ဆန့်ငင်ဆန့်ငင် ဖြစ်နေချေသည်။
ဓားမြှောင်များ ဝင်းခနဲ လက်ခနဲပေါ်လာသည်။ ဇာဝီတုတ်များ၊ မောင်းချဓားများ ကြက်စွဲခေါင်းပေါ် မိုးလာသည်။ တောင်းပန်သူက တောင်းပန်၊ ဖျန်ဖြေသူက ဖျန်ဖြေငြား ကိုဆေးရိုး စိတ်မဝင်စားပါ။ သေသောကြောင့် မခွပ်နိုင်သည်ဖြစ်စေ၊ ရှုံးသောကြောင့် မခွပ်နိုင်သည်ဖြစ်စေ မခွပ်နိုင်လျှင် ရှုံးမည်ဖြစ်၏။ သို့ကြောင့် ဒိုင်၏ လက်ထဲမှ ငွေထုပ်ကို ဆတ်ခနဲ ဆွဲယူသည်။
“ဒီလို မလုပ်နဲ့လေ၊ မောက်ပြားက ရှုံးတာမှ မဟုတ်တာ”
“မရှုံးရင် စည်းဝိုင်းထဲ ချလေ”
သည်မျှသာ မှတ်မိတော့သည်။ ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် ကိုဆေးရိုး ဘာမျှ မသိတော့ပါ။
••••• ••••• •••••
၄
“ကြက်သမားလင်မယား ငါ့အိမ်ဝိုင်းထဲ မနေနဲ့ ဆိုပြီး ညည့်အဖေ နှင်ချတာ ခံရတာနဲ့ ချိုစောင်းက အနာရွတ်ပဲ အမြတ်ရတယ်လေ”
ရီးကျီးဒန် စကား မတုံ့ပြန်နိုင်ပါ။ မျက်ရည်ဝိုင်းဝိုင်း ရင်နင့်နင့်ဖြင့် ငေးမောနေမိသည်။ ကိုဆေးရိုး ‘ဇာဝီ’ စာ မိပြီး လဲကျသွားချိန်တွင် နှစ်လုံးပြူးကြီး တကားကား ကိုင်လျက် သူကြီးနှင့် ပုလိပ်များ တာလမ်းမှ ဆင်းလာကြသည် မဟုတ်လား။
“ပုလိပ်တွေ ပုလိပ်တွေ” ဆိုကာ အခြားသူတွေ ပြေးနိုင်ငြား သူ့မှာကား မေ့လဲနေသော လင်ကို ကြံရာမရ ပွေ့လျက် ကျန်ခဲ့သည် မဟုတ်လား။ ပုလိပ်နှစ်ယောက်နှင့် စာဇင်ကို စပါး ၁၅ တောင်းနှင့် သူကြီးကို ငါးတောင်း ပေးမှ အမှုတွဲထဲမှ ကျီးဒန် ဟူသော အမည်ကို ဖျက်ပေးခဲ့သည် မဟုတ်လား။ နောက်ဆက်တွဲ အဖြစ် ဝမ်းစာ မဖူလုံသောကြောင့် ဇီးနှင့် နွားမကြီး ရောင်းပစ်ရသည် မဟုတ်လား။
“စပါး ၁၅ တောင်း ပေးတာတောင် ဟိုပုလိပ် အစွေက ကျုပ်ကို ရိသဲ့သဲ့ လုပ်သေးသတော့်”
“အေးလေ၊ ပြီးခဲ့တာတွေ ပြီးခဲ့ပြီ ကျီးဒန်”
ရီးဆေးရိုး၏ အေးအေးလူလူ ပြောသံကို ကြားတော့မှ ရီးကျီးဒန်၏ နာကြည်းမှုအတွေးများ ရပ်တန့်သည်။ အမှတ်တမဲ့ ဆဲရေးမိသည်ကို ရှက်ရမှန်းသိသည်။
“အဲသည်တော့ ငါတို့ မြေးကလေး ငါတို့ ဖြစ်သလို မဖြစ်အောင် ကြိုတင်ကာကွယ်မှ ဖြစ်မယ်။ ပထမတော့ အလှမွေးတာပဲ၊ အပျင်းပြေ ခွပ်လက် ကြည့်တာပဲ။ အဲ အဲဒီဟာက ကြက်သမားဖြစ်ဖို့ အစပဲ”
ရီးဆေးရိုး ပြောပြောဆိုဆို ကုန်းထသဖြင့်
“အခု ဘာလုပ်မလို့လဲ”
ရီးကျီးဒန် မော့ကြည့်ပြီး မေးသည်။
“ဝယ်နိုင်တဲ့လူ ရှိရင် ရောင်းမှာပေါ့အေ၊ ဝယ်ချင်သူ မရှိတော့လည်း အလကား ပေးလိုက်ရုံပေါ့”
“ကျုပ်မြေးလေးကို နားဝင်အောင် ဖျောင်းဖျကြည့်ပါရစေဦး”
ညှာတာစိတ်၊ သနားစိတ်သည် ရီးကျီးဒန့် ရင်ကို ရိုက်ခတ်သည်။ အသံတုန်ယင်အက်ကွဲဟန် ရှိပြီ။
“ဖျောင်းဖျတော့မှ ‘ဟုတ်ကဲ့’ ဆိုပြီး တစ်နေရာမှာ သွားထားရင် ဘယ့်နှယ်လုပ်မလဲ၊ ကဲ”
ရီးကျီးဒန် မဖြေတတ်။ မဖြေတတ်ငြား သူ့မြေးကို သနားသည်။ သူ မြတ်နိုးသော အရာကို ခြေရာပျောက် ဖျောက်လိုက်သဖြင့် စိတ်ညစ်ပြီး မတော်တဆ စာမေးပွဲ ကျမှဖြင့်။
“စဉ်းစားပါဦးတော်၊ ကျုပ်မြေးက စာတတ်ပါတယ်”
“မစဉ်းစားပါရစေနဲ့ ကျီးဒန်ရာ။ စဉ်းစားနေရင် ငါ့မြေးကလေး ငိုချေရဲ့၊ စိတ်ဆင်းရဲချေရဲ့နဲ့ မလုပ်ဖြစ်ဘဲ နေလိမ့်မယ်”
“အလကားတော့ ပေးမပစ်ပါနဲ့တော်”
အိမ်ပေါ်မှ ဆင်းစပြုနေသော ရီးဆေးရိုးအား လှမ်းမှာနေသဖြင့်
“ပေးသင့်လည်း ပေးရမှာပဲ ကျီးဒန်၊ မီးဆိုတာ မလောင်ခင်က တားရသတဲ့။ လောင်ခါမှ သ,တ်ရင် နိုင်တယ်ပဲ ထား၊ ထိတ်ရလန့်ရ ပင်ပန်းရတာက တစ်မျိုး၊ လောင်မိလက်စဥစ္စာ ပျက်စီးတာတစ်မျိုးနဲ့ လောင်ဖော်ကို သံယောဇဉ်ထားမနေပါနဲ့ဟာ ပြောပြီး အိမ်အောက်သို့ ငုံ့ဝင်ခဲ့သည်။ အိမ်တိုင် လေးတိုင်တွင် ကပ်ကာပြီး ခြံလုပ်ထားသည်။ အမြင့်ကြီးမှ ခုန်ချလျှင် ကြက်ခြေနာမည် စိုး၍ နှစ်တောင် အမြင့်တွင်သာ အိပ်တန်းထိုးပေးထားသည်။ ရေခွက် ဘေးတွင် ချိတ်ထားသော ကြက်ချည်ကြိုးကို ကိုင်မိချိန်တွင်ကား ရီးဆေးရိုး ကျေနပ်သွားပြီ။ “ငါလုပ်တာ မှန်တယ်၊ အခုလုပ်မှ” ဟု စိတ်တွင်းမှ ဆိုမိသည်။
အကြောင်းသော်ကား ကြက်ခြေထောက်ကို ချည်သော ကြိုးကိုပင် ကြက်၏ ခြေထောက် မနာကျင်စေရန် ကွင်းကျယ်ကျယ်ဖြင့် ကျကျနန ဖွတ်မြီးထိုးထားသောကြောင့်ပင်တည်း။ သည်အပြုအမူမှာ ကြက်သမားရင့်မကြီးတို့၏ အပြုအမူပေတည်း။
ရီးဆေးရိုးသည် ဥပန်းကြီးကို အတောင်ပေါ်မှ အုပ်ကိုင်ကာ ရင်ခွင်တွင် ပိုက်လျက် ချောင်းထဲသို့ ဆင်းလာသည်။ ချောင်းပြင်တွင်း၌ လူရိပ် မည်းမည်းမျှသာ မြင်ရတော့ငြား ရှားတောဘက်ရှိ မိုးကုပ်စက်ဝိုင်းတွင် ပုစွန်ဆီများ စက်စက်ယိုနေသေးသည်။ သည်အလင်းရောင်ဖြင့် ချောင်းကို ဖြတ်နိုင်ရမည်။ ယနေ့ည ‘ရှားတော’ အရောက် သွားကာ သူ့မြေးနှင့် ဥပန်းကို သံယောဇဉ် ဖြတ်ရမည်။ သည်လမ်းနှင့် သည်ခရီးမှာ သွားနေကျမို့ လရောင် မလို၊ ကြယ်ရောင်မလိုပါ။ ရေစပ်တွင် ရီးဆေးရိုး တုံ့ခနဲ ရပ်မိ၏။ ‘မနက်လင်းလို့ သူ့ကြက်ကိုလည်း မတွေ့ ၊ ကြက်ခြံလည်း ဟင်းလင်းပွင့်နေတာတွေ့ရင် ငါ့မြေးလေး ငိုရှာလေမလား’ တွေးမိသောကြောင့်။
ရီးဆေးရိုး စိတ်ပိုင်းဖြတ်လိုက်သည်။ ငိုပါစေတော့၊ သည်းအူပြတ်အောင် ငိုပါတော့ လူကလေး။ သည်အတွေးဖြင့် ‘ခြေသလုံးတစ်ပတ်ရစ်’ ချောင်းရေထဲသို့ ဆင်းလိုက်လေသည်။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment