❝ ၅နဲ့ စားရမလား ၆နဲ့ စားရမလား ❞
( ချိုပါရာထက် )
သူမတို့ ဌာနမှူး ဆရာဝန်ကြီး ပင်စင်ယူခါနီး သူမတို့ ဌာနမှ ဆရာကြီးနှင့် ရင်းနှီးသော ငွေကြေးတတ်နိုင်သည့် ဝန်ထမ်းလေးငါးဦး စုကာ ဆရာကြီးကို စားသောက်ဆိုင်တစ်ဆိုင်၌ ကျွေးမွေးပြုစုလေသည်။
ထိုနေ့က ရုံးမှ စောစောဆင်းကာ ဆရာကြီး၏ ကားဖြင့် သောက်ဆိုင်သို့ သွားကြသည်။ စားသောက်ဆိုင်၌ အခန်းယူပြီး ဖွယ်ရာများကို မှာကြားလေသည်။ ဆရာကြီးကို ပြုစုသည့်ပွဲ ဖြစ်၍ မီနူးစာရင်း လာသောအခါ ဆရာကြီးကို ဦးစားပေး၍ မှာစေသည်။ ဆရာကြီးက “ဝက်စတူး” တစ်ပွဲ မှာပြီးလျှင် မီနူးကတ်ကို သူမထံ ကမ်းပေးသဖြင့် သူမကလည်း ဟင်းတစ်ပွဲ မှာသည်။ သူမ မှာပြီးလျှင် မီနူးကတ်ကို အခြားတစ်ယောက်သို့ လက်ဆင့်ကမ်း ပေးလိုက်ရာ အခြား တစ်ယောက်က ဟင်းတစ်ပွဲ မှာပြန်သည်။
သူမတို့ အုပ်စုထဲတွင် ဆရာကြီး ပြီးလျှင် သူမက ရာထူးအကြီးဆုံးဖြစ်၍ ဆရာကြီးက မီနူးကတ်ကို သူမထံ အရင်ဆုံး လက်ဆင့် ကမ်းပေးခြင်းဖြစ်သည်။ ထို့ပြင် ဤစားပွဲစီစဉ်၍ ဆရာကြီးကို ဦးဆောင် ဖိတ်ကြားသူမှာ သူမပင်ဖြစ်သည်။
သူမတို့ အုပ်စုတွင် ဆရာကြီးနှင့် တပည့်ဝန်ထမ်း ၅ ယောက် ပါရှိပြီး ဝန်ထမ်း ၅ ယောက်တွင် တစ်ယောက်သာလျှင် အမျိုးသား ဖြစ်ပြီး ကျန်လေးယောက်မှာ အမျိုးသမီးများဖြစ်သည်။ အမျိုးသမီးဝန်ထမ်းများမှာ စားသောက်ဆိုင်၌ စားဖူးကြသူများဖြစ်၍ ကိုယ် စားချင်သော ဟင်းရံ တစ်မျိုးကို လွယ်လွယ်ကူကူ မှာနိုင်ကြသည်။ တစ်ဦးတည်း သော အမျိုးသားဝန်ထမ်းမှာမူ ငွေကြေးအားဖြင့် မချို့တဲ့သော်လည်း စားသောက်ဆိုင်၌ မစားဖူး၍ ကျီးကြည့်ကြောင်ကြည့်နှင့် ပြူးတူးပြဲတဲ ကြောင်တောင်တောင် ဖြစ်နေသည်။ ဟင်းရံတစ်မျိုးကိုပင် မမှာတတ်၍ သူ့အနားမှ အမျိုးသမီးဝန်ထမ်းက ဝိုင်းကူမှာပေးရသည်။ အားလုံး ခြောက်ယောက်ဖြစ်၍ ဟင်းပွဲ ခြောက်ပွဲဖြစ်သည်။ ဟင်းပွဲများ စုံသောအခါ စားကြသောက်ကြသည်။
ဟင်းပွဲများ ကုန်ခါနီးအချိန်၌ သူမတို့အုပ်စုလည်း အီပြီး ဗိုက်တင်းလာပြီဖြစ်၍ စားခါစ အချိန်ကလို လက်မသွက်တော့ဘဲ လက်နှေးလာကြသည်။ ထို့ကြောင့် အစားထက် စကားဖက်လာကြသည်။ ထွေလာသောင်းပြောင်း ရယ်စရာ အကြောင်းများ ပြော၍ ရယ်မောနေကြသည်။
ဆရာကြီးသည် တပည့်ဝန်ထမ်းများကို သူ့မိသားစုဝင်များလို သဘောထား ဆက်ဆံသဖြင့် ဝန်ထမ်းများက ဆရာကြီးကို ချစ်ကြောက်ရိုသေကြသည်။ ထိုသို့ သောင်းပြောင်းထွေလာ ရယ်စရာများ ပြောနေစဉ် အမျိုးသားဝန်ထမ်းက ကြားဖြတ်၍ မေးခွန်းတစ်ခု မေးလိုက်သည်။
“ဆရာမရေ ကျွန်တော်တို့ ၅ နဲ့ စားရမှာလား၊ ၆ နဲ့ စားရမှာလား”
သူ့အမေးကြောင့် ဆရာကြီးက ကြောင်အမ်းအမ်းဖြစ်သွားပြီး သူမကို လှမ်းကြည့်သည်။ သူမမှာ မနေသာတော့ဘဲ ဆရာကြီးကို အကျိုးအကြောင်း ရှင်းပြရတော့သည်။ ဆရာကြီး နှုတ်ဆက်ပွဲ အဖြစ် ပြုစုကျွေးမွေးရာ၌ ကုန်ကျစရိတ်ကို ဤစားပွဲ၌ ပါဝင်သော ဝန်ထမ်းများ ညီတူမျှဝေခံကြရန် သဘောတူထားကြသဖြင့် ဤစားပွဲ ပြီး၍ ကျသင့်ငွေ ရှင်းသောအခါ တစ်ယောက်ကို ဘယ်လောက်ကျမလဲ သူ ပိုက်ဆံဘယ်လောက် ပေးရမလဲဟု ထိုအမျိုးသားဝန်ထမ်းက စိတ်ထဲတွင် တွက်နေရာမှ မအောင့်အည်းနိုင်ဘဲ နှုတ်မှ ဖွင့်မေးလိုက်ခြင်း ဖြစ်သည်။
သူမ ရှင်းပြ၍ သဘောပေါက်သွားသောအခါ ဆရာကြီးက သူ့ကို စကားတစ်ခွန်းလှမ်းပြောလိုက်သည်။ ဆရာကြီးပြောသော စကားကြောင့် သူမတို့ တစ်ဖွဲ့လုံး မပြုံးဘဲ ဝါးလုံးကွဲ ရယ်ကြလေတော့သည်။ ဆရာကြီး ပြောသော စကားမှာ-
“ငါ့ကိုတော့ ထည့်မစားပါနဲ့ မောင်ထင်အောင်ရယ်” တဲ့။
▢ ချိုပါရာထက်
📖 မဟေသီ မဂ္ဂဇင်း
ဇွန်လ ၊ ၂၀၁၆
No comments:
Post a Comment