❝ ဓလေ့ ❞
( အောင်ကြွေတင့် )
ဒရိုင်ဘာ ကိုချစ်စမ်းရဲ့ မိန်းမ မပုတုတော့ ဆုံးရှာပြီ။ မပုတုဆုံးတော့ အရပ်ထဲမှာ မပုတု အကြောင်း ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ မပုတု ကလေးဖျက်ချတယ်။ အရပ်လက်သည်နဲ့ ။ အဲဒီမှာ သားအိမ်ထဲက အကြွင်းအကျန်တွေ မကုန်လို့ အပုပ်ဆန်ပြီး ဆုံးတာ။
သူတို့ ပြောတဲ့ သားအိမ်ထဲက လမစေ့သေးတဲ့ ကလေးကို ဖျက်ချတယ် ဆိုတာ တကယ် ကြောက်စရာပဲ။ လက်သည်က ဘလိတ်ဓါးထက်ထက် တစ်ချောင်းကို ကိုင်ပြီး သားအိမ်ထဲ လက်ထိုး ခြစ်ချလိုက်တာ ဆိုပဲ။ အဲလိုသာ တကယ် ဆိုရင်တော့ ဘယ်သူမဆို အသက်အန္တရာယ်နဲ့ နီးမှာ အမှန်ပဲ။
ဒီလိုပဲ ပြောနေကြတယ်။ ငယ်ရွယ်သေးတဲ့ မိန်းကလေးတစ်ယောက် အနေနဲ့ မပုတု ဆုံးတာကို စုတ်တသပ်သပ်နဲ့ပေါ့။ ပြီး မပုတု ဆုံးတာ ကိုချစ်စမ်း ကြောင့်လို့ ပြောကြတယ်။ ကိုချစ်စမ်းက ဒရိုင်ဘာ ဆိုပေမဲ့ အမြဲ မောင်းနေရတဲ့ ကားတော့ မရှိဘူး။ အဆင်သင့်လို့ ဒရိုင်ဘာလိုလို့ ခေါ်ရင် လိုက်မောင်းတဲ့ ကားသမားမျိုးပါ။ ပြီး သူက မူးတတ်တယ်လေ။ ဒါကြောင့်လည်း ကားပိုင် မရှိတာပေါ့။ မိန်းမက ဈေးရောင်းတာကို ကူလုပ်ပေးဖို့ အချိန်မရှိရှာဘူး။ မပုတု ဖိုသီဖတ်သီနဲ့ ကလေးတစ်ဖက်နဲ့ အလုပ်ရှုပ်နေလည်း သူကတော့ အေးအေးပဲ။ ၂ နှစ်သားလေး တစ်ယောက်ရယ်။ ၄ တန်းကျောင်းသူ တစ်ယောက်ရယ်။ ကျောင်းသူမက ကူနေလို့သာ တော်တော့တယ်။
သည်ကြားထဲ ကလေး ထပ်ရှိလာတော့ မပုတု စဉ်းစားရပြီ။ ကိုချစ်စမ်းလို လူမျိုးနဲ့ နောက်တစ်ယောက် ထွက်လာရင် မလွယ်ဘူး။ မွေးစရိတ်ကလည်း ကြီးတယ်။ ကျွေးစရိတ်က နောက်မှ ထားဦး။ သည်တော့ သူ ကြံရဖန်ရပြီ။ ဒီလိုပဲ ခက်ခက်ခဲခဲသမားချင်း တွေ့တော့ ကောင်းနိုးရာရာ အကြံပေးလိုက်တယ်။ လက်သည် ဘယ်မှာ ရှိတယ်ပေါ့။ ခေါ်ပေးမယ်ပေါ့။ ခေါ်လိုက်ပုံ ရပါတယ်။ နောက်တော့ မပုတု ၊ ကောင်းကောင်း နေမကောင်းဘူး။ အသားအရေတွေလည်း မကောင်း၊ ရောင်တဲ့နေရာ ရောင်လို့။ နီးတဲ့သူတွေကတော့ ဆေးရုံသွားခိုင်းတာပါပဲ။ မပုတု ကတော့ ဘာမှ မဖြစ်ဘူးလို့ ပြောတာပဲ။ ဒါပေမဲ့ မပုတု ဆေးရုံရောက်သွားတယ်။ သားအိမ်ခြစ်ရတယ်လို့ ပြောတယ်။ အဲဒီ ဆေးရုံက ဆင်းတဲ့ ညမှာပဲ မပုတု ဆုံးတာ။ မဆုံးခင် အစောပိုင်းမှာ မပုတုတို့ လင်မယား အော်ကြီးဟစ်ကျယ် စကားများနေတာကိုလည်း ဘေးအိမ်တွေက ကြားကြတယ်။ ခပ်ကြမ်းကြမ်းဝေဖန်တဲ့သူတွေကတော့ ကိုချစ်စမ်းက အကြမ်းဖက်မလို့ လုပ်တယ်ဆိုပဲ။ အဲဒါကို မပုတုက လက်မခံတော့ ရိုက်ကြ နှက်ကြဆိုလား။ ဒီတော့ သားအိမ် မကောင်းရှာတဲ့ မပုတု ဒဏ်ဖြစ်ရှာပြီး သေတာလို့ အတင်းစကားတွေထဲမှာ ပါတာပဲ။ လူတွေက မပုတုကို ကရုဏာသက်ပြီး ပြောကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာတွေက ဒါဟာ ရာဇဝတ်မှု ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးတာမျိုးတွေ ဘာတွေ မရှိတော့ မပုတု သေတာ ရိုးရိုးသေတာလို့ ပြောလို့ ရတာပေါ့။ ပတ်ဝန်းကျင်က ပြောပုံနဲ့ဆို ကိုချစ်စမ်း တစ်ယောက် အမှု ဖြစ်လို့ အချုပ်ခန်းမြန်းနေရလောက်ပြီ။ လူတွေက သောက်တတ်စားတတ်တဲ့သူဆို အကောင်း ပြောချင်ကြတာ မဟုတ်ဘူး။ တစ်ခါတစ်ရံ စိတ်ကြမ်းလူကြမ်း ကိုချစ်စမ်း ကလည်း မပုတုကို ရိုက်နှက်တတ်တယ်လို့ ပြောတယ်။ ပြီး သည်နားမှာ မပုတုကို ခင်တဲ့ ချစ်တဲ့သူက တော်တော်များပုံ ရတယ်။ အရွယ်ကလည်း အရွယ်ကောင်း ဆိုတော့ ရှေးစကားရှိပေသားပဲ၊ အမှည့်တဝင်းဝင်း သီးကင်း တဖြုတ်ဖြုတ် ဆိုတာ။ ငယ်တဲ့သူလည်း အချိန်မရွေး သေနိုင်တာပဲ။ ‘အသေ မဦးခင် ဉာဏ်ဦးဖို့လိုတယ်’ ဆိုတဲ့ ဆရာတော်ဘုရားများရဲ့ မိန့်မှာချက်လည်း ရှိတယ် မဟုတ်လား။ သေခြင်းတရားဆိုတာ ‘ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ’ လို့လည်း ဆိုကြတယ်။ ခုပဲ စကားပြောနေလိုက်သေးတာ လှည့်ကြည့်လိုက်တော့ ခေါင်းစိုက်နေပြီ။ အသက်မရှိတော့ဘူးဆိုတာမျိုး ကြားဖူးကြမှာပါ။
ကျွန်တော်တို့ အရပ်ထဲက သူကြီးဟောင်းတစ်ယောက် ဆိုရင် ကျားထိုးရင်းတန်းလန်း ကွမ်းသီးလို့ ဆိုပြီး သေသွားတာ။ အဲဒီတော့ မပုတု သေတာ ဘာဆန်းသလဲ။ ဆန်းတာက အရပ်ထဲက လူတွေက လက်သည်နဲ့ ဆက်စပ်တာကိုတော့ သိလိုက်ကြပုံရတယ်။ ဘာလုပ်တယ်ဆိုတာ မပုတုနဲ့ အတွင်းလူတွေပဲ သိမှာပေါ့ ။ စကားတွေကလည်း လာချင်းလာ သူတို့ဆီကပဲ လာတာဖြစ်မှာပေါ့။ ဟုတ်ချင်လည်း ဟုတ်နေမှာပေါ့ ဆိုတဲ့ အပြောတွေလည်း ပြောကြပါတယ်။
လူသေရင် လုပ်ကြရတဲ့ အလုပ်တွေကလည်း အများသား။ အသုဘအိမ်က ဘုရားစင်က ဘုရားပန်းတွေကို စွန့်ပစ်ပြီး ပန်းအိုးတွေကို အောက်ချထားရတယ်။ မသာယာတဲ့ အိမ်။ သုဘ မဟုတ်တဲ့ အိမ်။ အသုဘအိမ်မှာ ဘုရားပန်းအိုး မထိုးရဘူး။ အသုဘပြီးလို့ ဆွမ်းသွတ်တွေ ဘာတွေပြီးမှ ချထားတဲ့ ပန်းအိုးတွေမှာ ပန်းတွေ ဝေနေအောင် လဲပြီး တင်တတ်ကြတယ်။ အယူအဆပဲ။
အသုဘအိမ်ရှေ့မှာ ဝါးတွေနဲ့ ထိုးကြရတယ်။ ခု ခေတ်မြို့လယ်ကောင်မှာတော့ ပိုက်လုံးတွေနဲ့ ဆင်ကြတယ်။ ကားမိုးကာလို မိုးကာမျိုးတွေကို မိုးကြတယ်။ အသုဘချလို့ နိဗ္ဗာန်ယဉ် ထွက်တာနဲ့ ကနားဖျင်းထောင့်က မိုးကာကို လှန်ပေးကြရတယ်။ သွားတဲ့လူ လွတ်လွတ်ကျွတ်ကျွတ် သွားရအောင်လို့ အတားအဆီး မရှိအောင်လို့။
ကျွန်တော်တို့ဘကြီး ဆုံးခါနီးတုန်းကတော့ အဒေါ် အိမ်ပြတင်းတံခါးတွေကို လိုက်ဖွင့်နေတာတွေ့တယ်။ ဘကြီး သွားချင်ရင် လွတ်လွတ်ကျွတ်ကျွတ် သွားရအောင်လို့ ပြောတယ်။ မျောနေတဲ့ ဘကြီး နားနားကပ်ပြီး ဘကြီးချစ်တဲ့ မြေးတွေအတွက် ပူမနေနဲ့၊ ကျွန်မ တာဝန် ယူတယ်ဆိုတာလည်း ပြောသေးတယ်။ အဲဒီ ညနေမှာပဲ တစ်ပတ်လောက် မျောနေတဲ့ ဘကြီးလည်း ဆုံးသွားတော့တာပဲ။ အသုဘယာဉ် ထွက်ခါနီးတော့ အိမ်က မြေရေအိုးဟောင်း တစ်လုံးထဲမှာ ရေထည့်ပြီး ရေအိုးကို ခွဲရတယ်။ သွားလေသူနဲ့ ဒီအိမ်နဲ့ ရေစက်ပြတ်ပြီ။ ဘာမှ မဆိုင်တော့ဘူး။ ဒီအိမ်၊ ဒီမြေ၊ ဒီလူတွေကို တွယ်တာ မနေနဲ့တော့လို့ တစ်ယောက်ယောက်က ပြောပြီး ခွဲလိုက်တာပဲ။ နောက်တစ်ခုက သွားလေသူမှာ ငယ်ရွယ်တဲ့ ကလေးတွေ ရှိရင် ကလေးတွေကိုပါ ခေါ်သွားမှာ စိုးလို့ သူ သံယောဇဉ်ဖြစ်နေတဲ့ ကလေးတွေကို အပ်ချည်ကြိုးနဲ့ အရပ် တိုင်းဖြတ်ပြီး အခေါင်းထဲ သေသူရဲ့ ဘေးမှာ ထည့်ပေးလိုက်ကြရတယ်။ နောက်တစ်ခု ရှိသေးတယ်။ သိပ်ငယ်တဲ့ ကလေး ရှိရင် ကလေးနဲ့ မိခင်ကို ဝိညာဉ် ခွာပေးကြ တယ်။ ဝိညာဉ်ခွာတာကိုတော့ တချို့က ချိန်ခွင်သေးသေးနဲ့ တစ်ဖက်စီမှာ အပ်ချည်ကြိုးရွယ်တူ ထည့်ပြီး ခွာကြတယ်။ ဒါက မိခင်၊ ဒါက ကလေး။ ကဲ ညည်း သားကို ချစ်တာလည်း ချစ်တာပေါ့၊ ဒါပေမဲ့ ခု ဘဝ ခြားသွားပြီ၊ ထားခဲ့တော့လို့ တစ်ယောက်က ချိန်ခွင်ကို ကိုင်ပြီး ရေရွတ်ပေးရတယ်။ မဟုတ်ဘူး၊ သူနဲ့ပဲ ခေါ်သွားမှာဆိုရင် ချိန်ခွင်က ကလေးကိုပဲ ဆွဲချသွားတတ်တယ်။ ဒီလိုနဲ့ တစ်ယောက်ယောက် တောင်းပန်ရင်း ချိန်ခွင် ညီသွားတဲ့ အချိန်မှာ ညီညီချင်းပဲ ကဲဒါဆို ညည်းကျေနပ်ပြီဆို သွားပေရော့ဆိုလို့ ပြောပြီး ဝိညာဉ် ခွာလိုက်ကြတယ်။ ဝိညာဉ် ခွာတဲ့နည်းက နှစ်နည်းရှိတယ်လို့ ပြောတယ်။ နောက်တစ်နည်းကတော့ ရေခွက်ထဲမှာ ဂွမ်းလုံးလေး နှစ်လုံး ထည့်တဲ့ နည်းပဲ။ မပုတု သင်္ဂြိုဟ်ခံနီးကျတော့ ထုံးစံအတိုင်း ဝိညာဉ် ခွါကြတာပေါ့။ ဒုတိယနည်း ဖြစ်တဲ့ ဂွမ်းလုံး အသေးလေး တစ်လုံး အကြီးတစ်လုံး မိခင်နဲ့ ကလေးကို ရည်စူးပြီး ငွေဖလားကြီးတစ်လုံးထဲ ထည့်လိုက်ကြတယ်။ အဲဒီအချိန်က ဖအေဖြစ်တဲ့ ကိုချစ်စမ်းကော၊ သမီးကြီးကော၊ နှစ်နှစ်သားလေးကော၊ မပုတု အစ်မနှစ်ယောက်နဲ့ အရင်းနှီးဆုံး အမျိုးသမီးကြီးတွေက အဓိက ဝိညာဉ်ခွာတဲ့ အလုပ်ကို လုပ်ပေးနေကြတာပေါ့။ ထူးထူးဆန်းဆန်းပဲ ဂွမ်းလုံးလေးနှစ်လုံးကို ရေထဲ ထည့်လိုက်တာနဲ့ တန်းခနဲ ဂွမ်းလုံးလေး နှစ်ခုက ပြေးကပ်သွားတယ်။ အစ်မ ဖြစ်တဲ့သူက စိုးရိမ်သွားပြီး “ဟဲ့ နင့်ကလေးကို ဘာမှမပူနေနဲ့ ငါ မွေးစားမှာ၊ နင့် ယောက်ျားဆီမှာ မထားဘူး၊ မပုတုရေ.. ခေါ်သွားချင် မနေနဲ့...” လို့ ပြောပြီး ဂွမ်းလုံး အသေးလေးကို ခွာလိုက် တယ်။ ဒါပေမဲ့ ဂွမ်းလုံးလေးက ချက်ချင်းပဲ ဂွမ်းလုံးကြီးဆီ ပြေးကပ်သွားတယ်။
“ဟဲ့ ပုတု... ဒီလို မလုပ်ကောင်းဘူး... ကလေးက ငယ်သေးတယ်.... လူ့ဘဝမှာ နေပါစေဦး.. ညည်းဘာသာ လွတ်လွတ်ကျွတ်ကျွတ်သွား ငါတို့နဲ့ စိတ်ချထားခဲ့” လို့ ကျန်တဲ့ အမျိုးသမီးကြီးတွေကလည်း တစ်ယောက် တစ်မျိုး ဝင်ပြောကြတယ်။ အဲ့ဒီအချိန်မှာပဲ နိဗ္ဗာန်ယာဉ်က ရောက်နေခဲ့ပြီ။ အရေးကလည်း ကြီးပြီ၊ ကြိုပို့ကားတွေလည်း တဝေါဝေါ စက်နှိုးကုန်ပြီ။ အသုဘပို့မယ့် ကားတွေပေါ် တက်နေကြပြီ။ ကြေးစည်သံတွေကလည်း တနောင်နောင်၊ ဝိညာဉ်ခွာနေတဲ့ အချိန်ကလည်း နာရီဝက်လောက် ရှိနေပြီ။ ထုံးစံအတိုင်း လုပ်တယ် ဆိုပေမဲ့ ဝါဂွမ်းစ နှစ်ခုက ပြေးပြေးကပ်နေတာနဲ့ ဘယ်သူမှ အပြီး မသတ်ရဲသေးဘူး။ မပုတု သံယောဇဉ်ကြီးနေတာလို့ ယူဆပြီးတော့လည်း ကြည့်နေတဲ့သူတွေပါ ဝမ်းနည်းပြီး ငိုလို့ မဆုံးဘူး။ တကယ်က သူ့ ယောက်ျား ကိုချစ်စမ်း အမူးသမားမို့ ကလေးကို စိတ်မချနိုင်တာတို့ အားလုံးက တွက်ကြတယ်။ ဒီအတိုင်း အချိန်မစောင့်တော့ဘဲ ကိုယ့် ဘာသာ ဂွမ်းနှစ်စ ခွာလိုက်ရင်လည်း မဖြစ်သေးဘူး။ မတော် ကလေး တစ်ခုခု ဖြစ်သွားမှဖြင့် ဆိုပြီး။ အဲဒီအချိန်မှာပဲ ကြိုက်ကလည်း ကြိုက်၊ မိန်းမဆုံးလို့ စိတ်ညစ်ညစ်နဲ့ အရက်တွေ လှိမ့်သောက်ထားတဲ့ ကိုချစ်စမ်း တစ်ယောက် စိတ်မရှည်တော့ဘူး၊ မျက်လုံးတွေကလည်း ရဲရဲ၊ လူကလည်း ပုပုတုတ်တုတ်၊ လူပုစိတ်တိုပုံ ပေါက်နေတဲ့ ကိုချစ်စမ်းက..
“ဟဲ့.. ပုတု နင် ငါ့အကြောင်း သိတယ်နော်... ကလေးကို ထားခဲ့စမ်း” လို့ အော်ဟစ်လိုက်တဲ့ အချိန် မှာတော့ အပြင်က တိုက်နေတဲ့ လေကြောင့်လားတော့ မသိဘူး ဂွမ်းဖတ် ကလေး နှစ်ဖတ်က ရုတ်တရက် ကွာသွားတာ မြင်လိုက်ကြရတယ်။
ဒီအချိန်မှာပဲ မပုတုရဲ့ အစ်မက ‘ရပြီ ရပြီ’ ဆိုပြီး ရေဖလားထဲက ဂွမ်းဖတ်နှစ်ခုကို ကောက်ယူလိုက်ပါတော့ တယ်။ ဝိုင်းကြည့်နေတဲ့သူတွေလည်း ‘ဟယ်ခနဲ’ ဖြစ်ပြီး အံ့ဩနေကြတယ်။
အရပ်ထည်းမှာတော့ အသုဘပြီးလို့ ဆွမ်းသွတ်ပြီးတဲ့ နောက်ပိုင်းရက်တွေအထိ မပုတု တစ်ယောက် ကိုချစ်စမ်းကို ကြောက်ပုံများ ဟိုဘက်ဘဝထိတောင် မနေရဲရှာဘူးလို့ ပြောနေကြတော့တယ်။
တစ်ဆက်တည်းမှာပဲ ကိုချစ်စမ်း နှိပ်စက်လို့ မပုတု ဆုံးတာဆိုတဲ့ အချက်ကို အတည်ပြု ပြောနေကြတော့တယ်။
▢ အောင်ကြွေတင့်
📖 Family မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၂၀၁၄
No comments:
Post a Comment