❝ သကြားနဲ့ တွေ့တယ် မှတ်ပါမောင် ❞
▢ မဟော်သဓာ ရွှေဝင်း
အလွန် အပြော ကောင်းသော ပျားရည်သယ် အဘိုးကြီး ယောက် ရှိ၏။ အဘိုးကြီးသည် အပြော ကောင်းလွန်းသည့်အတွက် တနေ့ လေးဂါလံမျှ ရောင်းရလေ့ရှိသည်။
၎င်းသည် မည်သည့်အခါမျှ တနေရာတည်း ရောင်းလေ့ မရှိ၊ တနေရာ-တမြို့-တရပ်ကွက် ရောင်းပြီးလျှင် နောက်ထပ် အနည်းဆုံး သုံးလကြာမှ ပြန်ရောင်းလေ့ရှိ၏။
တနေ့သော် လူရွယ် တယောက်သည် ပျားရည်စစ်ကို လိုက်ရှာနေရာ အဘိုးကြီးနှင့် တွေ့လေ၏။
ပျားရည် စစ်စစ်ရလျှင် မိမိအဖွါးအတွက် ဆေးဖေါ်ရန် ဖြစ်သည်။ ဆေးဖေါ်ပေးမည့် ဆရာက..
“ပျားရည်စစ်စစ် ရှားလှကြောင်း၊ လိမ်ရောင်းသူတွေ ပေါကြောင်း-ပျားရည်စစ်စစ် ရလျှင် လူနာရောဂါ ဧကန်ပျောက်နိုင်ကြောင်း” မှာကြားချက်အရ ပျားရည်စစ်သာ ရလျှင် မည်မျှ ပေးရ-ပေးရ လက်နှေးမည့်သူ မဟုတ်ပေ။
“ပျားရည်တွေ-ပျားရည်တွေ၊ တပုလင်းမှ ငါးကျပ်ထဲရယ်။ ကုန်တော့မယ်နော်၊ ကြုံတုံးကြုံဆဲ ဝယ်ထားလိုက်ကြ၊ နေ့တိုင်း ကြုံနေတာ မှုတ်ဘူး၊ သုံးလေးလ ကြာမှ တခါ ရနိုင်တာ …. နို့ပြီးတော့ ပျားရည်ဆိုတာ ဓနိရည်-ထန်းရည်လို အလွယ်တကူ ခံလို့ရတဲ့ အရည် မှုတ်ဘူး”
လူရွယ်သည် အနား ကပ်သွား၏။ လက်ထဲ ပုလင်းလွတ် တလုံး ပါသည်။ အစစ် ရှာနေသူ မဟုတ်ပါလော။
“သူငယ်က တဝက်လား-တပုလင်းလား”
“တခုတော့ မေးပါရစေ ဘကြီး”
“မေးပါ-မေးပါ”
“ကျွန်တော် အဖွားအတွက် ဆေးဖေါ်မလို့ပါ၊ အစစ် ဟုတ်ကဲ့လား ဘကြီး”
“ဘကြီး မုသား မသုံးပါဘူး…ဘကြီးနဲ့ တွေ့ရတာ သကြားနဲ့ တွေ့တယ် အောင်းမေ့ပါ”
လူငယ်အား သကြားမင်းကြီးလို အထင်ရောက်အောင် ပြောခြင်း ဖြစ်သည်။ စင်စစ်ကား သကြားကို ချက်ထားသော သကြားရေ ဖြစ်ပါလေသည်။
▢ မဟော်သဓာ ရွှေဝင်း
📖လူ့ဘုံခန်းဝါ အူတက်စရာ
No comments:
Post a Comment