❝ မိကိုလွမ်းလည်း သောက်တော်ရေချမ်း ဆွမ်းတော်ကွမ်းနှင့် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
အဖေတို့ခေတ်က ရခိုင်လုံချည် ဆိုလျှင် ရေလုံသော ဆီစိမ် ပုဆိုးများဖြစ်သည်။ အဖေတို့ ကြိုက်သော အဆင်မှာ အနီနှင့် အနက် တွဲသော ကွက်ကျဲကြီးများသာ။
လေပြည်ကလေး တစ်ချက် တိုးလာတိုင်း စပ်ကန့်လန့်ကာကြီးသည် လှုပ်ယိမ်းသွား၏။ ထရံကြားမှ ဝင်လာသော နေခြည်ပြောက်ကလေးများသည် စပ်ကန့်လန့်ကာကြီးပေါ်တွင် ပြေးလွှားသွားကြပြန်၏။ ဆွမ်းသွတ်တရားကို ဘာတွေ ဟောကြားနေသည်ဟု ရီးကျီးဒန် မသိ။ သို့လျှင် မသိသော်ငြား မျက်ရည်ဝဲနေသည်။ အဖေ့ပုဆိုး ရခိုင်လုံချည်ကွက်ကျဲကြီးပါသော စပ်ကန့်လန့်ကာကြီးကို ငေးကြည့်ကာ မျက်ရည်ဝဲနေမိသည်။
အနီ အနက် ကွက်ကျဲကြီးများမှာ တစ်စလျှင် အနံ တစ်တောင်မျှသာ ရှိသည်။ ယင်းအနီအနက် ကွက်ကျဲစများ ကြားတွင် ဝင်ညှပ်သောအစပ်မှာ အပြာ ကွက်စိပ်ကလေးတွေဖြစ်၏။
“အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူကြပါတော်”
ဆွမ်းသွတ်အလှူရှင်၏ အမျှဝေသံသည် မကြည်လင်လှ။ သာဓု ခေါ်သံများကလည်း ဆွေးဆွေးမြည့်မြည့်။
သို့သော် ရီးကျီးဒန်ကား သာဓုသော်မျှ မခေါ်မိ။ စပ်ကန့်လန့်ကာကြီးကိုသာ မော့ကြည့်နေမိ၏။
“ကွယ်လွန်သူ ဦးကြွက်နီ၊ ဒေါ်ရွှေအိမ် ကောင်းမှု”
စပ်ကန့်လန့်ကာကြီး၏ အထက်ပိုင်းတွင် အနီစကြီးဖြင့် အနားသတ်ထားသည်။ ထိုအနီသားပေါ်တွင် ပိတ်ဖြူသားကို စာလုံးကိုက်ညှပ်လျက် ကပ်ချုပ်ထားခြင်းဖြစ်သည်။ ရီးကျီးဒန်သည် ထပ်မံ၍ စာလုံးပေါင်း ဖတ်နေပြန်၏။
“ကွယ်လွန်သူ ဦးကြွက်နီ၊ ဒေါ်ရွှေအိမ် ကောင်းမှု”
တိုက်ဆိုင်စွာဖြင့်ပင် အဖေ့ပုဆိုးနှင့် အမေ့ထဘီကို စပ်ကန့်လန့်ကာ ချုပ်ထားသည်။ ထိုခဏဝယ် ပိုးရော ချည်ပါ လုံချည် အပြာကွက်စိပ်ကလေးနှင့် လှုပ်ရှားနေတတ်သော အမေ ဒေါ်ရွှေအိမ်ကို မြင်ယောင်လာရပြန်သည်။ ရီးကျီးဒန်တို့ ကျေးရွာဝန်းကျင်ဒေသတွင် လူတစ်ယောက် ကွယ်လွန်သွားပါက အဝတ်ကောင်းများကို မြေကြီးသြဇာ ဖြစ်အောင် မလုပ်ကြပေ။ သေသူကို ရည်မှန်းရှိခိုးရန် သေသူ၏ အရိုးပြာကို ဌာပနာ၍ ဆင်းတုရုပ်ပွား ထုလုပ် ကိုးကွယ်ကြသည်။ အဝတ်ကို သားရိုးကိုင်၍ ‘မံ’ ဘုရား ထုလုပ် ပူဇော်ကြသည်။ အချို့လည်း ဘုန်းကြီးရဟန်း တရား ဟောစင်တွင် ခင်းကျင်းပူဇော်ရန် ‘နေကထိုင်’ ချုပ်ကြ ပြန်သည်။ အချို့မူ ရီးကျီးဒန့် အဖေနှင့် အမေတို့လို စပ်ကန့်လန့်ကာ ချုပ်ကာ အများသုံးပစ္စည်းအဖြစ် လှူဒါန်းကြပေသည်။
အဖေ့ ဆီစိမ်ပုဆိုးနှင့် အမေ့ ပိုးရောလုံချည်ကို စပ်ကန့်လန့်ကာ လုပ်ထားသည်။ ရွာဦးကျောင်းတွင် လှူဒါန်းထားသည်။ ဤသို့ ရီးဆေးရိုး ပြောခဲ့ဖူးသော်ငြား ရီးကျီးဒန် မကြုံကြိုက်ခဲ့ပေ။ ယခုသော် တိုက်မှ တိုက်ဆိုင်လွန်း၏။ ရီးကျီးဒန်ကလည်း သက်ကြီးဖတ်စာအုပ် သင်ရိုးကျွတ်ခါစ။
သည်အချိန်တွင် ကြုံကြိုက်သော ဆွမ်းသွတ်တွင် အလှအပအတွက် ကာရံရန်၊ တစ်နည်း နေရောင်ကာ ကွယ်ရန် တစ်ဖုံ ချိတ်ဆွဲထားသော ကန့်လန့်ကာက ဦးကြွက်နီ ဒေါ်ရွှေအိမ်တို့ ကောင်းမှု ဖြစ်နေ၏။ သို့ကြောင့် ရက်လည်ဆွမ်းသွတ် ကောင်းမှုရှင်နှင့် တန်းတူ ရီးကျီးဒန်ပါ မျက်ရည်စို့နေခြင်း ဖြစ်ပေသည်။ ဆွမ်းသွတ်အိမ်မှ လူများ တဖွဲဖွဲ ပြန်လာကြသည်။ သေသူ့အကြောင်း ပြန်ပြောင်းပြောကြသူများက ပြောသလို လယ်အကြောင်း၊ ဥယျာဉ်အကြောင်း ပြောသူကလည်း ပြောကြ၏။ တုံဏှိဘာဝေဖြင့် မရဏာနု ဿတိကို ဆင်ခြင်လာသူများလည်း ဆင်ခြင်လာကြသည်။
ရီးကျီးဒန်မူ အဖေ့ကို မြင်ယောင်နေသည်။ သျှောင်ချောကြီးကို ဂျပန်ပဝါ အဝါနုရောင်ကလေးဖြင့် ပတ်ပေါင်းကာ ဆီစိမ်ပုဆိုးကြီး တလွှားလွှားဖြင့် သွားလာတတ်သော အဖေ။ ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၅ဝ ရှိပြီ။ သို့သော်ငြား အဖေ ဦးကြွက်နီ ရုပ်သွင်ကို ရီးကျီးဒန် မမေ့သေးချေ။ အမေ ဒေါ်ရွှေအိမ်မှာ အသွားအလာ နည်းသည်။ တစ်နှစ်လုံးနေ၍မှ မင်္ဂလာဆောင်တစ်ခု၊ အလှူပွဲတစ်ခု မသွားဖြစ်ချေ။ သွားဖြစ်လျှင်လည်း ပိုးရောချည်ပါ အပြာကွက်စိပ်လေးဖြင့်။ ခေါက်ရိုးရာ သေနေသော ‘ရာဇာအင်္ကျီ’ ကလေးနှင့်၊ ပိုးရောချည်ပါ အပြာကွက်စိပ် လုံချည်ကလေး နှင့် အမေ။ ထိုအခါမျိုးတွင် ယဉ်ရုံကလေးမျှ ကွမ်းဝါးတတ်သော အမေ။ သည်အမေ ဆုံးပါးခဲ့သည်မှာလည်း နှစ်ပေါင်း ၅ဝ နီးပါးပင် ကြာမြင့်ခဲ့သော်ငြား ရီးကျီးဒန် မြင်ယောင်နေသည်။ အမေ ဒေါ်ရွှေအိမ်၏ ပြောဟန်ဆိုဟန်၊ သွားဟန် လာဟန်များသည် ရီးကျီးဒန် မျက်စိထဲဝယ် မမှိန်ဝါးသေး။
အိမ်တွင် ရီးဆေးရိုး မရှိ။ တံခါးမျောက်လက်ကို သံချောင်းအကွေးဖြင့် ချိတ်ကာ စေ့ပိတ်ထား၏။ သို့သော် ရီးကျီးဒန် တံခါးမဖွင့်သေး။ အိမ်ကပြင်တွင် ခြေတွဲလွဲချကာ အိမ်ရှေ့ မန်ကျည်းပင်ကို ငေးကြည့်နေ၏။ မန်ကျည်းပင်အောက်တွင် သစ်တုံးကြီး တစ်တုံးရှိသည်။ သစ်တုံးကြီး၏ ပြာဖုံးနေသောဘက်မှ မီးခိုးငွေ့ကလေး ရေးရေး အူလွင့်နေပေသည်။ ဆောင်းတွင်း မီးဖိုဖြစ်သည်။ မီးဖိုဘေးတွင် ရေနွေးကြမ်းအိုး တည်သော ‘သံခနောက်’ တစ်လုံး။ ဖင်ခုထိုင်သော ထန်းလက်အရင်းပိုင်းအပြတ် သုံးလေးခုနှင့် ထန်းပင်မြစ်အခွံများ၊ အူတိုင်များ ပြန့်ကြဲနေ၏။
ဆွမ်းခံဝင်ချိန်နီးပြီ။ နေခြည်သည် မန်ကျည်းပင်များ ထိပ်ဖျားဆီသို့ ပြေးတက်လာနေသည်။ သို့သော်ငြား နှင်းငွေ့ က မပြယ်သေး။ မန်ကျည်းပင် အောက်တွင် မြူလိုလို မီးခိုးလိုလို အသွင်ဖြင့် ခိုနေသည်။ ရွာခရိုး ချုံနွယ်များ အောက်တွင် ရီဝေဝေကလေး ဆိုင်းဖွဲ့နေသည်။
“အမေကြီး၊ ထမင်းကြမ်း ကျန်သေးလား”
မြေးတို့၏ အသံများ ဖြစ်၏။ မြေး ဆိုသော်လည်း ကိုဘညိန်း၏ သားသမီးများ မဟုတ်ပေ။ မချောစိန်၏ ကလေးအုပ်ကြီး ဖြစ်သည်။ သားတို့၊ သမီးတို့သည် ဖအေအိုကြီးနှင့် မအေအိုကြီးကို မသနားကြ။ အားမနာကြ။ သင်းတို့ကို ဖဝါး လက်နှစ်လုံး၊ ပခုံး လက်နှစ်သစ်မှ စတင်ကျွေးမွေး၍ လူဖြစ်အောင် စောင့်ရှောက်ခဲ့ပြီ မဟုတ်လော။ ဤအရာကား မီးတည်း။ ဤအရာကား ရေတည်း။ ဤသို့နေ၊ ဤသို့ထိုင် စသည်ဖြင့်လည်း သင်ကြားပေးခဲ့ပြီးပြီ မဟုတ်လော။ သို့ပါလျက်နှင့် သင်းတို့ မွေးသော ကလေးတွေကို အမေ၊ အဖေ့အိမ်သို့ ထိုးထည့်ကြသည်။ ထမင်းကြမ်းမှ အစ သကာရည် အဆုံး ဘာမျှ မခံနိုင်။
ယခု သူတို့အဖေ လယ်ပြင်သို့ သွားရာတွင် ထမင်းကြမ်းတွေ ထည့်ယူသွားသလော၊ သို့မဟုတ် သူတို့ အမေပါ လယ်ပြင်သို့ ပါသွားသလော။ ကလေး လေးယောက်သည် ကပြင်သို့ တန်းစီးပြီး တက်လာကြသည်။
အငယ်ဆုံး မောင်ထွေးမှာ သုံးနှစ်သားဖြစ်သည်။ လှေကားကို လေးဖက်ထောက် တက်နေသဖြင့် ရီးကျီးဒန် ထဆွဲရသေးသည်။ အကြီးဆုံး ကိုကိုကြီးနှင့် ခင်ခင်ကြီးတို့မှာ ခြောက်နှစ်နှင့် ငါးနှစ် အရွယ်များဖြစ်ကြရာ ကျောင်းသွားနေကြပြီ။ ယနေ့ သူတို့ပါ ပါလာခြင်းမှာ ကျောင်းပိတ်သောကြောင့် ဖြစ်လိမ့်မည်။ ကျောင်းသားနှစ်ယောက်၏ အောက်တွင် နို့ညှာ မိမိထွေးနှင့် အငယ်ဆုံး မောင်ထွေးတို့ ရှိကြသည်။
သားတွင် အချစ်၊ မြေးတွင် အနှစ် ဖြစ်သောကြောင့် ကိုယ့်မှာ မည်မျှပင် ချို့ငဲ့နေစေကာမူ ရီးကျီးဒန် နှင်မပစ်ရက်။ ရှိသည်ကို ခွဲခြမ်းစိတ်ဖြာ၍ ကျွေးစမြဲ။ သို့သော် နို့ညှာမ မိမိထွေးကိုကား ရီးဆေးရိုးရော ရီးကျီးဒန်ပါ သတိထားရသည်။ သူလာလျှင် အလစ် မပေးဝံ့။ စောရနက္ခတ်ဖြင့်ပင် ယှဉ်မွေးလေသလား၊ သူခိုးဇာတာပင် ပါခဲ့လေသလား။ မိမိထွေးမှာ လက်ဆော့လှသည်။ အမေကြီးနှင့် ဘတို့ အိမ်မှ မိမိထွေး ပြန်လျှင် ဇွန်းကိုလည်း ဆွဲသွားတတ်၏။ ဓားကိုလည်း သုတ်သွားတတ်၏။ မည်သည်ကိုမျှ ယူခွင့် မသာလျှင် ကွမ်းအစ်ထဲမှ ကွမ်းရွက်တွေ နှိုက်သွား၏။ သို့ကြောင့် ဘနှင့် အမေကြီးက နို့ညှာမကို မိမိထွေး မခေါ်၊ ငတက်ပြားမဟု ခေါ်ကြသည်။
“ကျီးဒန်ရေ၊ ငတက်ပြား လာနေတယ်ဟေ့”
သည်သို့ဆိုလျှင် မြေးမလေး မိမိထွေး ဟူ၍ နားလည်ထားကြသည်။ သို့တစေ မိမိထွေးမှာ မချောစိန်၏ အသည်း ဖြစ်ချေသည်။ နာမည်ကိုပင် မခေါ်ရက်။ အငယ်ဟူ၍သာ။ မည်သို့ရှိစေ အိမ်ပေါ်သို့ နို့ညှာမ မိမိထွေး ရောက်လာလျှင် မျက်စိနှစ်လုံး ငယ်ထိပ်မှ ပေါက်ထွက်မတတ် ဂရုစိုက်မြဲဖြစ်သော ရီးကျီးဒန်သည် ယခုမူ မျက်လုံး မဝိုင်းပေ။ တံခါးဖွင့် ဝင်သွားသော ကလေးများကို တစ်ချက်သာ ငဲ့ကြည့်ပြီး ချောင်းပြင်ဘက်သို့ ငေးမျှော်ကြည့်နေပြန်သည်။
စလင်းချောင်း၏ အလယ်သောင်တွင် ဆင်နီတောကြီးသည် မြောက်ပြန်လေဖြင့် မြူးကြွနေ၏။ ရေကြောင်းနှင့် သောင်၏ ကြားတွင်မူ အာလူး၊ ကြက်သွန်စိုက်သူများ ပျားပန်းခတ်နေကြ၏။ ရီးကျီးဒန်မူ ဆင်နီတောကိုလည်း မမြင်၊ အာလူး ကြက်သွန်ခင်းမှ လူများကိုလည်း မမြင်။ အဖေနှင့် အမေကိုသာ မြင်ယောင်နေသည်။ ။
ကလေးများသည် မီးဖိုချောင်သို့ဝင်ကာ ထမင်းကြမ်းကို ခွဲဝေစားသောက်နေကြသည်။ ထမင်းအိုး လှန်သံ၊ ဆားအိုးဖွင့်သံ၊ ဆီအိုးထဲသို့ ဆီမှုတ်ကျသံများကို ရီးကျီးဒန် မကြား။ ကြားလျှင်မူ ‘ဆီတွေ အရမ်း မလုပ်ကြနဲ့’ အော်ကာ ထပြေးသွားမည် ဖြစ်သည်။ မိမိထွေးမှာ ခိုးတတ်ရုံသာမဟုတ်၊ အကောင်းလည်း ကြိုက်သည်။ ဆီတွေကို လက်ကြားယိုအောင် ဆမ်းရမှ ကျေနပ်သည်။
သို့ကြောင့် ဆီအိုးကို ရီးကျီးဒန် ကြပ်မတ် ထိန်းသိမ်းရလေ့ရှိသည်။ ယခု ရီးကျီးဒန် မကြား။ အဖေ ဦးကြွက်နီနှင့် အမေ ဒေါ်ရွှေအိမ်တို့ကို သတိရပြီး ပူဆွေးနေမိသည်။ သို့စဉ် ရီးဆေးရိုးအသံကို ကြားရ၏။
“ကျီးဒန်ရေ သောင်းဖေတို့ အိမ်မှာ ဝက်ပေါ်နေတာ ကြုံလို့ ‘အချာဆီ’ အစိတ်သား ဝယ်ခဲ့တယ်ဟ”
ရီးဆေးရိုးသည် အရိုးငေါနေသော ပခုံးပေါ်တွင် ပုဆိုးတစ်ထည် တင်ထားကာ ဝက်သားအဆီတွဲကို နှီးဖြင့် ဖောက်လျက် ဆွဲလာသည်။
“အချာဆီနဲ့ နဘတ်ချဉ်နဲ့ ချက်စားရအောင်ဟာ။ နဘတ်ချဉ် ထည့်စမ်းပါဟ”
အိမ်ထဲသို့ ဝင်သွားသော အခါတွင်ကား ရီးဆေးရိုး နှင့် မြေးတစ်သိုက် လုံးထွေးနေပေတော့သည်။
“ဘ ဝက်သား ဝယ်လာတယ်ဟေ့။ တို့ အိမ်မပြန်ဘဲ ဒီမှာ ထမင်းစားရအောင်ဟေ့”
စီးနင်းစီးပိုးသော စကားကို အရွယ်နှင့် မလိုက်အောင် ပြောတတ်သူမှာ ငတက်ပြားမပင် ဖြစ်ပါသည်။
“အသားမဟုတ်ပါဘူး မြေးတို့ရယ်၊ အချာဆီ တွေပါ။ ဘ ထမင်းစား မကောင်းလို့ နဘတ်ချဉ်ကလေးနဲ့များ ချက်စားရရင် ကောင်းမလားလို့”
နှမ်းဖတ်ချဉ်နှင့် ဝက်ဆီဖတ် ရောချက်ထားသော ဟင်းမှာ ဟင်းကောင်းတစ်ခွက်ဖြစ်သည်။ ဟင်းခတ် အဖြစ် အခြား စမ်ဟင်းလျာ ထည့်ရန် မလိုပေ။ ဆီလည်း မကုန်ပေ။ ငရုတ်သီးစိမ်းထည့်ချက်လျှင် စားချင့်စဖွယ် ဝင်းဝင်းအိအိနှင့် အနံ့လည်း မွှေးသည်။ ဟင်းပေါ်တွင် ဆီကလည်း တက်နေသည်။
တကယ် ချက်စားချိန်တွင် ကောင်းချင်မှ ကောင်းမည်။ လတ်တလောတွင်မူ ရီးကျီးဒန်လည်း အတွေးဖြင့် သွားရည်ကျလာသည်။ သို့ဖြင့် နှေးကွေးစွာ ထလိုက်သည်။
လူစားရန် နှမ်းဖတ်ချဉ် အတွက် ဝေးဝေးမသွား ရပါ။ မီးဖိုချောင်ထဲတွင် ထင်းရှူးပုံးဖြင့် ထည့်ထားသော နွားစာ နှမ်းဖတ်ခဲများ အသင့်ရှိနေသည်။ လက်တစ်ဝါးရွယ် နှမ်းဖတ်ခဲ ကြွေပန်းကန်နှင့် တစ်လုံးကို ယူပြီး အိမ်ကပြင်သို့ ပြန်ထွက်လာသည်။ အိမ်ကပြင် ဘေးတွင် ကပြင်နှင့်အညီ လေးတိုင်စင် ဆောက်ထားသော ရေအိုးစင် တစ်ခုရှိသည်။ ရမ်းဘိုကုန်းအိုး ခြောက်လုံးမှာ ရေအပြည့်ဖြင့် စီတန်းနေသည်။ အဖုံးမရှိသော အိုးထဲတွင် ရေမှုတ်ရိုးတစ်ခုက တန်းလန်း။ နှမ်းဖတ်ခဲကိုရော ပန်းကန်ကိုပါ ရေဖြင့် သုံးလေးထပ်ဆေးပြီးလျှင် နှမ်းဖတ်ခဲမြုပ်ရုံမျှ ရေထည့်လိုက်သည်။ ဤအတိုင်း ထားလိုက်ပါက နောက်တစ်နေ့ သည်အချိန် တွင် သုပ်စားလို စား၊ ချက်စားလို စား၊ စားချင်သလို စားနိုင်သော နှမ်းဖတ်ချဉ် အသင့် ဖြစ်နေလိမ့်မည်။
ရီးဆေးရိုးက ‘စဉ်းတီတုံး’ တစ်ဖက်၊ ဓားနှင့် ဝက်ဆီတွဲတစ်ဖက် ဆွဲကာ ကပြင်သို့ ထွက်လာပြန်သည်။
“ပဲနဘတ်က နှမ်းနဘတ်ထက် ဆိမ့်သတဲ့ဟ”
“ခိုးခိုးခါခါတော် ကျုပ်တို့ရွာမှာ ဘယ်တုန်းက ပဲနဘတ် ရှိလို့လဲ”
“ပိုဆိမ့်တာ ပြောတာပါဟာ”
“မုန်းနားကို သွားတုန်းက ပဲနဘတ်ချဉ် စားဖူးပါ့တော်၊ မကြိုက်ပါဘူး၊ စိမ်းစော်က နံနဲ့”
“စိမ်းစော်မနံအောင် ဆီနဲ့ ပထမကြော်ပြီးမှ ချက်ရသတဲ့”
ရီးဆေးရိုးက ဝက်ဆီတွဲကို သွက်လက်စွာ လှီးထစ်နေသည်။ သူက သွက်လက်နေသော်ငြား ရီးကျီးဒန်က စကားမတုံ့ပြန်ပေ။ နွားတင်းကုပ်ဘက်သို့ ငေးနေသည်။ စကားပြောနေရာက ကျီးဒန် ဘာဖြစ်သွားပါလိမ့်ဟု တွေးကာ ရီးကျီးဒန် မျက်နှာကို လှမ်းကြည့်သည်။
“ကျီးဒန် ဘာဖြစ်နေလဲဟ၊ နေကောကောင်းရဲ့လား။ သွားလည်း မရှိဘဲနဲ့ ထန်းပင်မြစ်တွေ ပင်ပင်ပန်းပန်း ထောင်းမစားနဲ့၊ ရင်ခံလိမ့်မယ်ဆိုတာ နားမထောင်ပဲကိုးဟ။ အခုတော့ ဘယ့်နှယ်ရှိစ မရွှေစာ”
လေရှည်ကြီး မြည်တွန်တောက်တီးလိုက်သည့် အတွက် ရီးကျီးဒန် အာရုံပြောင်းလိုက်ရသည်။ ရီးဆေးရိုးကို လှည့်ကြည့်သည်။
“တော့်မလဲ ဒီထန်းပင်မြစ်ပဲ ရန်လုပ်နေ၊ ထန်းပင်မြစ်က တော်နဲ့ မတည့်ပေမယ့် ကျုပ်နဲ့ တည့်သတော့။ လေကို မှန်နေတာပဲ”
မြေးများသည် ပါးစပ် မသုတ်ဘဲ မီးဖိုချောင်မှ ထွက်လာကြ၏။ သူတို့ နှုတ်ဖျားတွင် ဆီရွှဲနေ၏။ တံစက်မြိတ် အောက်တွင်ခိုကာ ထရံနှင့် ကပ်ထားသော သောက်ရေအိုးစင်မှ ရေကို လုယက်သောက်နေကြ၏။
“ဟဲ့ နောက်ဆုတ် သောက်ကြ”
“အိုးထဲကို ရေမှုတ်နဲ့ တအား မထိုးနဲ့၊ နင့်အဖေ ခေါင်းမဟုတ်ဘူး”
သည်နှယ် မာန်မဲနေကျ စကားကိုလည်း အဘိုးကြီး အမယ်ကြီး လင်မယားတို့ မသုံးစွဲအား။ ငတက်ပြားမ လက်ထဲတွင် တစ်စုံတစ်ရာပါ မပါကိုလည်း ဂရုမစိုက်နိုင်။ တစ်ယောက်ကို တစ်ယောက် ကြင်နာစွာ ကြည့်နေမိကြသည်။
“နင့်ကြည့်ရတာက ဟယ်”
အလျှိုလျှို ဆင်းသွားသော မြေးတန်းကြီးကို တစ်ချက် ငဲ့စောင်းကြည့် အပြီး၌ ရီးဆေးရိုးက စတင်ကာ စကားဆက်သည်။
“ရှင်ဖွားအုံ ရက်လည်ဆွမ်းသွတ်တာ ကျုပ် သွားလိုက်ရတယ်။ တော်က ဟိုနားခဏ ဆိုပြီး ထွက်သွားတာ ပြန်မလာပဲကိုး”
“ဖွားအုံနဲ့ နင်နဲ့ တည့်မှ မတည့်ကြတာ။ သူ့ဆွမ်းသွတ် သွားတာနဲ့ ညည့်ပါးမှာ မျက်ရည်စီးကြောင်းကြီး ထင်နေရသလား”
“ဟင်... ဟုတ်လား” ဆိုကာ ရီးကျီးဒန် ကိုယ့်ပါးကို ကိုယ် စမ်းသပ်ကြည့်သည်။
“ကျုပ်က မျက်ရည်လည်တယ်၊ မျက်ရည်မကျဘူးလို့ ထင်နေတာ”
“အေးလေ ဘာပဲဖြစ်ဖြစ်ပေါ့၊ ဖွားအုံရဲ့ ဆွမ်းသွတ်နဲ့ နင့်မျက်ရည်လည်တာနဲ့က သိပ်မဆိုင်ဘူး ထင်ပါတယ်ဟာ”
“အဖေနဲ့ အမေကို သတိရလို့ တော်ရေ့”
“အမယ်လေးဟာ နင့်ဟာကလဲ”
ရီးဆေးရိုး စကားမဆုံးသေး၊ အိမ်ထဲဝင်ပြီး ဟင်းချက်ရန် မြေအိုးတစ်လုံး ယူလာသည်။
“ရီးကြွက်နီ သေတာ အနှစ်ငါးဆယ်ကျော်ရှိပြီ။ ရီးရွှေအိမ် သေတာလည်း ငါးဆယ်လောက်ရှိပြီ။ အဲဒါများ...”
“မဟုတ်ဘူးတော့၊ ဘုန်းကြီးနောက်က ထရံမှာ ကာတဲ့ ကန့်လန့်ကာက အဖေ့ပုဆိုးနဲ့ အမေ့လုံချည် ဖြစ်နေတာကိုး”
“ဒါဆို ဝမ်းတောင် သာရဦးမှာဟ”
“သေတဲ့လူကို သတိရတာ ဝမ်းသာစရာလား”
“သေတဲ့လူရဲ့ ပစ္စည်းကို မြင်ရတော့ ငါ့အဖေနဲ့ အမေဟာ သေသည်ရဲ့ အခြားမဲ့ ဘဝကတောင် ကုသိုလ်ကောင်းမှုတွေ လုပ်တုန်းပါကလားလို့ တွေးပြီး ပီတိဖြစ်နေရမယ်၊ ဝမ်းသာနေရမယ်”
ရီးကျီးဒန်မှာ မှုန်ရီမှေးသော မျက်လုံးအစုံကို ပုတ်ခတ်ပုတ်ခတ် လုပ်နေမိသည်။
“ဘာကြောင့်လဲ ဆိုတော့ ကြည့်စမ်း၊ ညည်း အဖေနဲ့ အမေရဲ့ ကုသိုလ်ကောင်းမှု ကန့်လန့်ကာကြီးဟာ ဆွမ်းသွတ်အလှူရှင်ရဲ့ အိမ်ထရံက မလှမပတာတွေကို ဖုံးကွယ်ပြီးလှပအောင်၊ မျက်စိပသာဒဖြစ်အောင် လုပ်ပေးတယ်။ ကဲ ဘယ်လောက် ကောင်းတဲ့ ကောင်းမှုလဲ”
“သည်လိုတော့လည်း ဟုတ်သားပါကလား”
ဟု ရီးကျီးဒန် တွေးမိသည်။ တွေးမိသည်နှင့်အမျှ ညှိုးငယ်သော မျက်နှာသည် အားတက်သည့် ဘက်သို့ ရောက်လာ၏။
“နောက်တစ်ခုကလည်း ပရိတ်ရွတ်ဖို့၊ တရားချီးမြှင့်ဖို့ ကြွလာတဲ့ သံဃာတော်များကို နေရောင် မထိုးအောင် ဒီကန့်လန့်ကာက အကာအကွယ် ပေးပြန်တယ်။ သီလရှိတဲ့ ပုဂ္ဂိုလ်တွေ အတွက် ပြုရတဲ့ ကောင်းမှုဟာ သာမန်လူတွေ အပေါ်မှာ ပြုရတဲ့ ကောင်းမှုထက် ကြီးမြတ်တယ်။ အကျိုးထူးတယ်ဟ”
“ဟုတ်တာပေါ့တော် ဟုတ်တာပေါ့”
“အေးပေါ့ဟ၊ ဒီလို တွေးမှပေါ့၊ ခုတော့ သေတဲ့ လူကို တွေးပြီး ဆွေးရတယ်လို့။ သူကတော့ မသေတော့မယ့် အတိုင်းပဲ။ ဒီလိုဆိုရင် ညည့်အတွက်လည်း ကြိုကြိုတင်တင် ဆွေးထား”
“တော်သာ သေမှာ၊ ကျုပ် မသေဘူး”
သွားတစ်ချောင်းမျှ မရှိတော့သော ရီးကျီးဒန်၏ အပြုံးသည် တစ်မျိုး တင့်တယ်လှပေ၏။ နှမ်းဖတ်ပန်းကန်ကို ကိုင်ပြီး အိမ်ထဲ ဝင်သွားလေရာ ရီးဆေးရိုးမှာ တဟဲဟဲ ရယ်မောကာ ကျန်ရစ်ခဲ့လေသည်။ ရယ်မောရင်းမှ ဟင်းအိုးကို ငုံ့ကြည့်လိုက်သည်။ ဟင်းလျာများ မထည့်ရသေး။ ရေတော့ ထည့်ထားသည်။ အိုးဆေးရန် ထည့်ထားခြင်းဖြစ်သည်။ ပွတ်သပ်ဆေးကြောရန် လက်လှမ်းလိုက်ပြီးမှ ရီးဆေးရိုး၏ လက်များ တန့်တုံ့ သွားကြသည်။ ရေအိုးထဲမှ ရေနှင့်အတူ ရောနှောပါလာဟန်တူသောပိုးလောက်လန်းကလေးများသည် ဟင်းအိုးထဲ၌ ကျွမ်းထိုးနေကြ၏။ ရီးဆေးရိုးမှာ တစ်ချက် ငုံ့ကြည့်ပြီးနောက် ဟင်းအိုးထဲမှ ရေကို ကြမ်းပြင်ပေါ်သို့ သွန်လိုက်လေတော့သည်။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment