❝ ကလေကလွင့်ဖိုး တဲ့ ❞
( ဝဇီရာဒီဖိုး )
ရန်ကုန်မြို့နှင့် မိုင် ၅ဝ ခန့်ဝေးသော ရွာလေး တစ်ရွာတွင် ဒေါ်သိန်းခင်သည် နေထိုင်လျက်ရှိသည်။ သူမသည် စာမတတ်သော်လည်း ပိုက်ဆံငွေကြေးများ ရေတွက်ခြင်းကို နှုတ်တွက် အလွန် ကျွမ်းကျင်သည်။ ရောင်းဝယ်ဖောက်ကားခြင်းဟူသော အလုပ်ကိုလည်း သူမ ပိုင်ပိုင်နိုင်နိုင် ရှိလှသည်။ ထို့ကြောင့် အခုလို အသက်ကြီးချိန်တွင် အထိုက်အလျောက် မပူမပင် နေနိုင်ခြင်းဖြစ်သည်။
ဒေါ်သိန်းခင် တစ်ယောက် စာမတတ်ရခြင်းအကြောင်းတရားများမှာ တစ်ချိန်တုန်းက သူမ၏ မိဘများနှင့် ခေတ်မမီသေးသော ပတ်ဝန်းကျင် အတွေးအခေါ် တချို့ကြောင့် (ဘက) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိသော်လည်း စာမသင်ကြားခဲ့ရပေ။ သို့သော် ဉာဏ်နည်းသူ တစ်ယောက် မဟုတ်။ ဈေးသည်ပီပီ စကားပြောလျှင် ပျစ်ပျစ်နှစ်နှစ် တစ်လုံးတစ်ခဲ ပြောလေ့ရှိပြီး ရိုးသားပါ၏။
ဒေါ်သိန်းခင်တို့ ရွာတွင် ကိုယ်ထူကိုယ်ထ (ကိုယ့်အားကိုယ်ကိုး ကြိုက်သလို သုံးနိုင်သည်) လျှပ်စစ်မီး ယူ၍ မီးလင်းခဲ့ပါ၏။ ဒေါ်သိန်းခင်၏ နေအိမ်တွင် မီတာပုံး တပ်ဆင်၍ လျှပ်စစ်မီး ယူထားသည်မှာ တစ်ဦးလျှင် ရန်ပုံငွေ ၅ သိန်းကျပ် ကျခဲ့ပါသည်။ ဒေါ်သိန်းခင် တစ်ယောက် လျှပ်စစ်မီးနှင့် နေရ၍ ပျော်ရွှင်နေချိန်၊ လကုန်ပြီး သတ်မှတ်ရက်မှာ မီတာစာရေးက မီတာဖတ်ပြီး နောက်တစ်ရက်တွင် မီတာပြေစာ စာရွက် လာပေးပါသည်။
စာမတတ်ရှာသော ဒေါ်သိန်းခင်လည်း မီတာစာရေးလေးကို “အဘွားရဲ့ မီတာခ ဘယ်လောက် ကျသလဲ ဖတ်ပြစမ်းပါဦး” ဟု ပြော၍ မီတာစာရေးလေးက ဖတ်ပြရာ -
“အဘွား လျှပ်စစ်မီးသုံးစွဲခက ၂ဝဝဝ ကျပ် ကျပါတယ်။ မီတာပုံး ထိန်းသိမ်းခက ၅ဝဝ ကျပ် ကျပါတယ်။ အရင်တုန်းကဆိုရင် မီတာပုံးထိန်းသိမ်းခ ၁ဝဝဝ ကျပ်တောင်ကျတာ အဘွားရဲ့။ နောက်ပြီး ကိုယ်ထူကိုယ်ထ ဖြစ်တဲ့အတွက် လမ်းမှာ ပျောက်ဆုံးသွားတဲ့ လေလွင့် လျှပ်စစ်ဓာတ်အားခက ဂဝဝ ကျပ်၊ စုစုပေါင်း ၃၃ဝဝ ကျပ် ကျပါတယ် အဘွား ...” ဟု စိတ်ရှည်ရှည်ဖြင့် ဖတ်ပြလိုက်သည်ကို-
“အမယ်လေး အရပ်ကတို့ရေ ... ပိုက်ဆံ သိန်းနဲ့ချီပြီး အကုန်အကျခံ၊ ဓာတ်ကြိုး၊ ဓာတ်တိုင်တွေကို ကိုယ့်ဘာသာ သွယ်ရ၊ ဒီကြားထဲ ကိုယ့်အိမ်မှာ ထားထားတဲ့ မီတာပုံးကြီးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ခ ဆိုပြီး သူတို့ကို ပေးရသေး။ တကယ်ဆို ကိုယ့်အိမ်မှာ ထားထားတာ ကိုယ့်ကို သူတို့က ပြန်ပေးရမှာပေါ့။ ဒီကြားထဲ ကလေကလွင့်ဖိုးက ပါသေးတော်... မြို့က လူတွေကျတော့ မပေးရဘူးတဲ့။ တို့တောသားတွေကျမှ ကလေကလွင့်ဖိုး ပေးရ တယ်ဆိုတော့ မြို့နဲ့ တော ခွဲခြားတဲ့ သဘောလား၊ တန်းတူညီတူ လူ့အခွင့်အရေးဆို... ကွယ်တို့ရဲ့” ဟု သူမ သိသလို၊ သူမ ထင်သလို ဆွဲဆွဲငင်ငင်နှင့် ပြောနေပါတော့သည်။
▢ ဝဇီရာဇီဖိုး
📖 မဟေသီ မဂ္ဂဇင်း
စက်တင်ဘာလ ၊ ၂၀၁၆
No comments:
Post a Comment