Saturday, August 22, 2026

အိမ်နီးချင်းကောင်းမှ လင်ကောင်းရ

❝ အိမ်နီးချင်းကောင်းမှ လင်ကောင်းရ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ဝေါခနဲ ဝေါခနဲ အသံများကြောင့် ရီးဆေးရိုး လန့်နိုးသည်။ အိပ်မက်မက်ခြင်းပေလော၊ အမှန်လောဟု ကွဲပြားစေရန် ငြိမ်သက်စွာ နားစွင့်၏။ အိပ်မက် မဟုတ်၊ အမှန်ကြားနေရ၏။ သို့ဖြစ်လျှင် သည်အသံသည် ချောင်းရေအကျ၌ အော်ခြင်းပေလော။ ရေတိုး လာသဖြင့် အော်ခြင်းပေလော။ ချောင်းရေသည် များသောအားဖြင့် လျော့ကျသွားချိန်၌ နားမခံသာအောင် အော်တတ်၏။ အတက်တွင်ကား တအိအိ တငြိမ့်ငြိမ့် တိုး၍တိုး၍ တက်လာလေ့ရှိ၏။ သို့သော် ယခု ကြားနေရသော အသံသည် အနောက်ဘက်ကလော၊ အရှေ့ဘက်ကလောဟု အတွေးဆင့်လာသည့် ခဏတွင်ကား ရီးဆေးရိုး ထထိုင်မိတော့သည်။

နားသည် အသံလာရာ အရပ်ကို လှည့်စားတတ်သည်။ တဝေါဝေါအသံများသည် အမှန်ပင် ချောင်းထဲမှ လာပါက အကြောင်းမဟုတ်။ ရွာ့အစပ် မြောင်းဟောင်းထဲမှ လာခြင်းဖြစ်ပါက

ထို့ကြောင့် ရီးဆေးရိုး ထထိုင်ခြင်းဖြစ်၏။ ရေသည် တအိအိတက်လာရုံသာမက မြောင်းဟောင်းထဲသို့သာ ဝင်လာပြီဆိုလျှင် ဟိုတိုး သည်တိုက်၊ ဟိုကျော် သည်ကျော်ဖြင့် အသံပြုလာပြီ၊ မြည်ကြွေးလာပြီ။ စလင်းချောင်းသည် မြောင်းဟောင်းကို ပုရပိုက်တန်း အနီး၌ ဝါးမျိုသွားခဲ့သည်။ ထိုအချိန်မှ စပြီး ရေမလာတော့သော မြောင်း၊ ရမ်းဘိုကုန်း ရွာသားတို့ အမှိုက်ပစ်ရာ မြောင်းဖြစ်ခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်ကမူ ရမ်းဘိုကုန်းရွာသည် တောင်သို့ လားသော် ‘တာ’ လမ်းအထိ ရှည်ထွက်၏။ အရှေ့ဘက်သို့မူ ရွာခရိုးကို ဖြို၍ လှည်းလမ်းကို ကျော်သည်။ မြောင်းဟောင်းထဲ ဆင်းသည်။ လေးထပ်ကျောင်းပိုင် သံဃိကမြေအစပ်တွင် ‘ခရိုး’ တည်ခဲ့လေ၏။ ပို့၍ ပို့၍ လာသော၊ ကော၍ကော၍ လာသော မြောင်းဟောင်းသည် လူ့ခါးမျှသာ နက်တော့သည်။ ထိုနေရာ၌ ကနခိုပင်များ၊ ဝံသာနုချုံ၊ မိုးနှံချုံများ မင်းမူနေခဲ့ရာမှ ရက်ပိုင်းအတွင်း ရှင်းပြောင်သွားကာ အိမ်ငယ် တဲငယ်များ အလျှိုအလျှို ပေါ်ပေါက်လာခဲ့သည်။

ယခု ရီးဆေးရိုး ကြားနေရသောအသံသည် ထိုအိမ်များကို ရေနင်းသံဖြစ်ပါက ရီးဆေးရိုး ဆက်လက် မတွေးဝံ့။ သို့ဆိုလျှင် သည်ရေသည် ရွာမပေါ်သို့ ရောက်မနေနိုင်လော။ ထိုအခါ ရီးဆေးရိုး မျက်လုံးပြူးရပြီ။

“ထမှ၊ ထမှ”

ထမည်ကြံခါမှ ပုဆိုးအစကို ရုတ်တရက် ရှာမတွေ့သောကြောင့် ကြန့်ကြာသည်။ ဖြစ်သလို ဝတ်လိုက်ရငြား မီးခွက်နှင့် မီးခြစ်ကို စမ်း၍ မရပြန်ပေ။ အပြင်တွင် ကြယ်ရောင်ကလေးပင် ရှိဦးတော့၊ အိမ်ထဲတွင် ဝိုးတဝါးမြင်ရ၏။ ယခု ပိန်းပိန်းကြီးမှောင်နေပုံ ထောက်သော် အပြင်တွင် မိုးသားတိမ်လိပ် ထူထပ်စွာဖြင့် မိုးမှောင်ကြီးကျနေခြင်းဖြစ်ဖွယ်ရာ ရှိသည်။ ဖင်ရွှေ့ သွားလျက် ဟိုစမ်းသည်စမ်း စမ်း၏။ ထရံကို စမ်းမိမှ ထရံဘေးက လက်ခံတိုင်ကို စမ်းရသည်။ မီးခြစ်နှင့် မီးခွက်ကို သည်ဘေးတွင် တင်ထားသည်။ သို့ဖြစ်ငြား စမ်း၍ မရ။ ရေအိုးစင်တိုင်ကို တံတောင်နှင့် ဆောင့်မိကာ အသံထွက်လာမှ နေရာမှားကြောင်း သိရသည်။ ရီးဆေးရိုးသည် အလယ်လက်ခံတိုင်ကို ခြေရင်းထားကာ ခေါင်းရင်း လက်ခံတိုင်ကို ခေါင်းပြု ပြီး အိပ်ခဲ့သည်။ ထအထိုင်တွင် ခြေရင်းဘက်ကို မျက် နှာပြုလျက် မဖြစ်။ အိမ်ရှေ့ဘက်ကို မျက်နှာပြုမိလျက် သား ဖြစ်သွားသဖြင့် အမှန်းအဆ အစမ်းအရွှေ့ လွဲ ချော်သွားရခြင်းဖြစ်သည်။

ငယ်စဉ်ကမူ သည့်နှယ် တိမ်းစောင်းမှု ပေါ်ပေါက်ခဲ့လျှင် တက်ခေါက်ပြီးပြီ။ တုံးတိုက်တိုက် ကျားကိုက်ကိုက် ရှူးရှူးရှဲရှဲ ထရပ်ပြီးပြီ။ ယခုကား ထိုအရွယ် မဟုတ်၊ သည်အရွယ်ဖြစ်သည်။ ဟိုအရွယ်တုန်းက မှောင်ကြီးမည်းကြီးထဲတွင် အိမ်တိုင်ကို ဝင်တိုက်မိပါက ‘တိုက်ဦးကွာ’ ဟု အော်ကာ ထပ်တိုက်သည်။ ကျင့်သားရပြီးနေရာတွင် မှားယွင်းရမည်လား ကိုယ့် ကိုယ်ကိုယ် ဒဏ်ပေးခြင်းပင်။ ရောင်ကိုင်းလာသော နဖူးကို လက်ဝါးပူ သုံးကြိမ်ခန့်တိုက်လိုက်လျှင် ပြီးပြေသော အရွယ်ပေကိုး။ ယခုသော်ကား ‘ဆဆကလေး’ သွား၏။ တိုက်မိတိုးမိသည့် တိုင်အောင် မပြင်းထန်စေရန်၊ မနာကျင်စေရန် ဖြစ်၏။ သို့ပါလျက်နှင့် တိုးမိချေသော် နှစ်ရက် သုံးရက်နာ၍မပြီး။ ခေါင်းနှင့် တိုင် နှင့် ဆောင့်မိလျှင်လည်း ထပ်ဆောင့်ရန် စိတ်မကူးရဲ။ အမူးပြေအောင်ထိုင်နေရ၏။ သို့ကြောင့် ရီးဆေးရိုးသည် လက်ဝဲဘက်သို့ လှည့်ပြီး ဖင်တရွတ်ရွှေ့ခဲ့ရပြန်သည်။ အကယ်၍သာ တံခါးဖွင့်အိပ်မိလျှင် ထထိုင်မိလျှင် ထိုင်မိချင်း မှောင်လဟာကို စမ်းမိသည်။ သို့ဆိုပါက “ငါ အိမ်ရှေ့ကို မျက်နှာမူမိနေတာပါလား” ဟု ချက်ချင်းသိသည်။

ယခု တံခါးပိတ်ထားသဖြင့် တံခါးကို ထရံထင်မိသည်။ ယမန်ည၏ ယခင်ညတွေတုန်းက မိုးရာသီ၏ ဝါခေါင်လသည် အိုက်စပ်လှ၏။ အင်္ကျီချွတ်ထား၊ ‘ကပြင်’ တံခါးဖွင့်ထားပါလျက် ပူသေးသည်။ ပုဆိုးစုတ် တယပ်ယပ် တခတ်ခတ်ဖြင့် ဘယ်လူး ညာလှိမ့် အိပ်ရသည်။ ယမန်ညကသော် မိုးသားကလည်း ရှိ၊ လေပြည်ကလေးကလည်း စိမ့်သဖြင့် တံခါးပိတ် အိပ်လိုက်ရသည်။ တံခါးပိတ် အိပ်မိ၍ ယခု နှောင့်နှေး နေရသည်။ သို့သော် တရွေ့ရွေ့ဖြင့် ဖျာစပ်သို့ ရီးဆေးရိုး ရောက်လာသည်။ ဖျာအနားစ အပဲ့အနွဲ့တွေက ထိုးဆွ နှုတ်ဆက်သည့်အတွက် နောက်ပြန်ဆုတ်ရင်း လက်ကို ကြမ်းပြင်နှင့် ပူးတုံခွာတုံပြုလျက် ဝေ့ဝဲသည်။ မြေပန်းကန်ထဲတွင် ထည့်ထားသော မီးခွက်ကို တွေ့ပြီ။ မီးခွက်ဘေးမှာ မီးခြစ်။ အရေးထဲတွင် ယမ်းပါသော ဘက်ကို ရှာမတွေ့သဖြင့် သုံးလေးဆံ ချထားပြီးမှ စတုတ္ထအဆန်တွင် ယမ်းတွေ့သည်။

ရီးဆေးရိုး ဝမ်းသာအားရ ခြစ်သည်။ ရှဲခနဲ မမြည်။ မီးခြစ်ဘူး၏ ဘေးသားကို စမ်းကြည့်ရသေးသည်။ ယမ်းသုတ်ထားသော စက္ကူစုတ်နေသလား၊ ယမ်း ရှိသေးသလား စသည်ဖြင့်။ ယမ်းထူထူကို စမ်းသပ်မိမှ ခြစ်ရဲသည်။ ရှဲခနဲမြည်လျက် မီးတောက်ပေါ်အောင် မစောင့်နိုင်။ မီးခွက်ကို ပြေးတို့ရသည်။ မီးစာက တဖျစ်ဖျစ်မြည်ငြား မီးစွဲသည်။ ရုတ်တရက် လင်းမလာသေးဘဲ မငြိမ်းမည်သို့ ငြိမ်းမည်သို့၊ မတောက်မည်သို့ တောက်မည်သို့ ကျီစယ်နေသေး၏။ ရီးဆေးရိုး စိတ်မတိုဝံ့ပါ။ ချက်ဆီပဲလေ။ ဒါလောက် တောက်တာ တော်လှပြီ။ ဖြေသိမ့်သည်းခံ၏။ တဖျစ်ဖျစ်မြည်သံများ ရပ်စဲကာ လင်းလင်းချင်းချင်း ရှိလာမှ ထရပ်၏။

••••• ••••• •••••

တဝေါဝေါ အသံသည် ချောင်းထဲမှ လာခြင်းကား မှန်နေပေပြီ။ ရီးဆေးရိုးသည် တံခါးကိုဖွင့်ကာ နားစွင့်ပြီး နောက် အတည်ပြုလိုက်သည်။ မီးခွက်ကို လေကွယ်သို့ ရွှေ့ ကပ်ထားပြီး ‘ကပြင်’ သို့ ဆင်းသည်။ မည်သည့်အတွက် အော်မြည်နေသော အသံပေနည်း။ သိရန် ထပ်မံ နားစွင့်၏။ ရေအဆုတ်တွင် အော်သံမျိုး မဟုတ်။ ရေအတက်တွင် အော်သံမျိုးဖြစ်သည်။ ကမ်းလုံးပြည့်နေလျှင်လည်း သည်နှယ် အော်ဖွယ် မရှိ။ သို့အတွက် အိမ်အောက်သို့ ရီးဆေးရိုး ဆင်းသည်။ မှောင်ပိန်းနေပါလျက်က မသဲမကွဲမြင်ရ၏။ ချောင်းပြင်ဘက်တွင် ဖွေးနေ၏။ သို့ဖြင့် တရွေ့ရွေ့လှမ်းလာခဲ့ရာ ပြည်ပန်းညိုပင်နား အရောက်တွင်မူ ရှေ့မတိုးဝံ့တော့ပါ။ ကမ်းပါးစောက်ကြီး ရှိသည်။ မြင်မြင်ထင်ထင်မှာပင် မနည်း ဂရုစိုက်ဆင်းရသော ကမ်းပါးစောက်။

မျက်စိ ကျင့်သားရလာပြီ။ ရီးဆေးရိုး ပို၍ မြင်လာသည်။ ‘ဪ… အလယ်သောင်ကို တိုးတိုက်နေတဲ့ ရေတိုး သံပါကလား’ ဟု သိသည့် ခဏ၌ ရင်ထဲတွင် ကြည်နူးရ၏။

“ကောင်းတယ်၊ ကောင်းတယ်။ ချောင်းရေများမှ ငါတို့မြောင်းထဲမှာ ရေများမှာ။ အဲဒီတော့မှ ရေဖောဖောသီသီရကြမှာ။ အခုတော့ ရေက နည်းရတဲ့အထဲ သူက စိုက်ခင်းခွဲချင်၊ ငါက စိုက်ခင်းခွဲချင်၊ သူက ပျိုးခင်း ရေလိုသလို၊ ငါကလည်း ရေလိုနဲ့”

မှောင်ကြီးထဲက ရီးဆေးရိုး၏ တွန့်ရွနေသော မျက်နှာမှာ ရွှင်လန်းနေပေလိမ့်မည်။ ကြည်လင်ရုံသာမက နုပျို၍လည်း နေလိမ့်မည်။

“ဟယ် ဘယ်မှာ ဟုတ်လို့လဲ။ ဒီစလင်းချောင်းက လင်းဇင်းဆည်နဲ့ ဆိုင်တာပါကလား။ ဒါက မုန်းမြောင်း၊ မုန်းမြောင်းဆိုတော့ မုန်းချောင်း၊ မုန်းချောင်းက မဲဇလီဆည်ကပဲ”

အတွေး ချော်သွားပြီဆိုကာ ရီးဆေးရိုး ကျိတ်ပြီး ရယ်၏။ ရယ်ပြီးကာမှ သူ့အတွေးက တစ်မျိုးပြောင်းသွားပြန်၏။

‘ကိုယ့်မြောင်းနဲ့ မဆိုင်ပေမဲ့လည်း လင်းဇင်း မြောင်းမှာ ရေများများလာရင် လင်းဇင်းမြောင်းသောက် လယ်သမားတွေ ဟန်တာပေါ့။ အင်း လင်းဇင်းမြောင်းလည်း သရက်ချင်ကိုတောင် မရောက်ချင်တော့ပါကလား။ ရေပေါပေါ ရကြပါစေ၊ လင်းဇင်းသောက်လယ်တွေ ရေဝကြပါစေ’

သို့ရာတွင် ရီးဆေးရိုးမှာ အထိတ်တလန့်ဖြင့် တုံ့ခနဲ ဖြစ်သွား၏။

“အို.. မဟုတ်သေးဘူးလေ၊ စလင်းချောင်းမှာ ရေတိုးကြမ်းရင် နွယ်တမယ်မြောင်း စိုးရိမ်ရတယ်။ သူက သစ်ခက်ဆည်၊ မြောင်းဝကို သဲတွေ ပို့လို ပို့၊ ဆည်တိုင်တွေ ချောင်းရေထဲပါသွားလို ပါသွားနဲ့ ဆိုပါ ကလား”

ချောင်း၏ ဟိုမှာဘက်ကမ်းတွင် တည်ရှိသော နွယ်တမယ် မြောင်းသောက် ရွာတွေကို မျှော်ကြည့်၏။ ကြည့်သော်ငြား၊ မှောင်ကြီး အနားကွပ်ထားသော ရေပြင်ဖွေးကိုသာ ဝါးထွေးစွာ မြင်ရ၏။

“အင်း... ပျိုးမှ ထောင်ပြီးကြရဲ့လား၊ အင်းလေ ပျိုးထောင်ဖို့ ရေလောက်တော့ ရကြတန်ကောင်းပါရဲ့”

ထိုနေရာသို့ အရောက်တွင်ကား ရီးဆေးရိုး၏ ခေါင်းသည် ဆတ်ခနဲ ထောင်မတ်လာလေ၏။ ပါးစပ်မှ အသံလည်း ထွက်လာမိ၏။

“နေပါဦး၊ မနေ့ညနေတုန်းက ငါ လယ်ပြင်မှ သွားမိရဲ့လား”

ရီးဆေးရိုး ဝေဝါးနေသည်။ သွားမိသည် ထင်၏။ မသွားမိဟူ၍လည်း ထင်နေပြန်၏။ အိမ်ဘက်သို့ လှည့်လျှောက်လာရင်း အမေကြီးကို နှိုးမေးရကောင်းမလား တွေးမိ၏။ တစ်ဆက်တည်းပင် ‘ဒါလေးတောင် မမှတ်မိရအောင် သေခါနီးပြီလား’ မငေါက်ငမ်းဟု မပြောနိုင်။ ငေါက်ငမ်းပါက အချိန်မတော်ကြီးတွင် ရန်ဖြစ်ရမည်မှာ မကောင်း။

ဝေါဝေါသံများ အားယုတ်စပြုပြီ။ အလယ် သောင်ပေါ် ရေလွှမ်းသွားပြီး၍ အသံလျော့သွားခြင်း ဖြစ်တန်ရာ၏။ အတက်အဆင်းတံခါးကို ပိတ်ပြီး ဘေးတံခါးဖွင့်ကာ ပြန်လည် အိပ်စက်ငြား ရီးဆေးရိုး အိပ်မပျော်။ ပျိုးခင်းကို ရေမှ ထုတ်မိရဲ့လား။ မထုတ်မိဘူးလား။ မထုတ်မိရင် အပင်ပေါက်ကလေးတွေ ရေ နာကုန်ကြချေရဲ့ အတွေးဖြင့် ကြောင့်ကြသည်။ ကြက်တွန်သံလည်း မကြားရ။ ကြက်တွန်သံ မကြားရ၍ ကြယ်စင်ကြယ်စုကို မော့ကြည့်၍ ရလျှင်လည်း အချိန်ကို ခန့်မှန်း၍ ရ၏။ ယခုသော်ကား နားပင်း မျက်စိကန်း၊ အမှောင်မှ ပကတိအမှောင်။ ထိုစဉ်တွင် တုံးကြီး ခေါက်သံသဲ့သဲ့သည် လွင့်ပျံလာ၏။ အမှောင်၏ အမြိတ်အစွန်မှ အလင်းသင်္ကေတ။ ရေမိန်တောင်ကျောင်းမှ အရုဏ်တုံးပါကလား။

••••• ••••• •••••

“အဘိုးကြီး၊ အို… ဘာထလုပ်တာတုံး”

မျက်နှာသစ်နေစဉ်တွင် ကျောဘက်မှ မီးခြစ် ခြစ်သံ ပေါ်လာ၏။ ချိုမွှေးသော ပြောင်းဖူးဖက် ဆေးလိပ်နံ့နှင့် အတူ ရီးကျီးဒန်၏ အသံပေါ်လာခြင်း ဖြစ်ပေသည်။

“လယ်ပြင် သွားမလို့ပေါ့ဟာ”

“စောပါသေးတယ်တော်၊ သည်လောက် မှောင်ကြီး မည်းကြီးထဲမှာ တော့ခိုတွေ၊ ချိုးတွေက အတင့် မရဲပါဘူး။ ထမင်းကြမ်းစား၊ ရေနွေးလေးဘာလေး သောက်သွားပါဦး”

မှောင်ကြီးထဲမှာပင် သွားဖုံးကြီးတွေ မည်းခနဲပေါ်အောင် ရီးဆေးရိုး ပြုံးသည်။ အစရပြီ မဟုတ်လား။ ယမန်နေ့ညနေက လယ်ပြင်သို့ သွားကာ ပျိုးခင်း ရေထုတ်ခဲ့ပြီးသည်မှာ သေချာသွားပြီ။ ရေထုတ်ထားခဲ့သည့်အတွက် စပါးပင် ပေါက်စကလေးတွေလည်း တစ်ညလုံး လေနှင့်တွေ့ ရသည်။ သို့ရာတွင် အစေ့ မပျောက်သေး၊ အညှောက် သာသာမျှသာ ရှိသေးသဖြင့် ခိုနှင့် ချိုးများ၏ ရန်မှ မအေးသေး။ သူတို့ မရောက်လာမီ လူက ဦးအောင် ရောက်နေရန် လိုသည့်နည်းတွင် အညှောက်နုကလေးတွေပေါ်သို့ နေပူမကျမီ ရေရှင် ရေအေးဖြင့် ဖုံးပေးရန် လိုသည်။

မည်သို့ပင်ဖြစ်စေ ရီးဆေးရိုး၏ ရင်ထဲမှ မတင်မကျ အလုံးကြီးမူ ကျသွားချေပြီ။ ထို့ကြောင့် အေးစက်နေသော ထမင်းကြမ်းကလည်း အရသာရှိ၏။ ငါးပိဖုတ် လက်ကျန်ကလည်း အရသာထူးကဲ၏။ လက်ဖက်ခြောက် ခတ်ထားပါလျက် အနံ့ တစ်စုံတစ်ရာ မထွက်သော ရေနွေး (လက်ဖက်ရည်ကြမ်း) ကလည်း ကောင်းလှပါဘိ။

“ဖြည်းဖြည်း စားပါတော်၊ သွားမရှိရတဲ့အပေါ် လည်ပင်းနင်နေမှဖြင့်”

ရီးကျီးဒန် သတိပေးငြား ရီးဆေးရိုးသည် ထမင်းကို လင်းတမျို မျို၏။ လက်ကို ရေနွေးဖြင့်ဆေး၊ ပြီးစလွယ် ပိုင်စလွယ် သုတ်ပြီး ထ၏။ ခမောက်ကို ဆောင်း၊ ဓားမကို ခါးမှာထိုး၊ ငန်းပြားကို ပခုံးမှာ ထမ်း၊ ဆေးလိပ်နှင့် မီးခြစ်ကို ခါးပိုက်ထဲ ထည့်မိသည်နှင့် လယ်ပြင်ဘက်သို့ တရတွန်းနှင်ခဲ့တော့သည်။ နှံစား ပြောင်းများသည် မိုးကို မျှော်နေကြသည်။ ဖက်လှီးပြောင်းများလည်း လေပြည်တွင် ဆံမြိတ်တဝေဝေ လွင့်နေငြား မိုးလိုသေးသည်။ မိုးလိုက်မှ အဆန် ပြည့်မည်။ အဆန် ပြည့်မှသာ အစေ့ဖိုးရ၍ ပင်ပန်းရသည်နှင့် ကာမိပေမည်။

သည်ပြောင်းခင်း အားလုံးသည် ‘လင်းဇင်း’ သောက် ချည်းဖြစ်သည်။ သည်လယ်ကွက်များသည် သြဇာ ဓာတ်ထက်သန်သော အမိလင်းဇင်းရေကို မသောက်ဖူးသည်မှာ ကြာမြင့်ချေပြီ။ သို့ကြောင့် စလင်းချောင်းရေ တိုးသည်ကို ရီးဆေးရိုး ဝမ်းသာခြင်းဖြစ်ပေ၏။

သရက်တောရွာဘက်မှ ကြက်တွန်သံများ ရှားပင်ပေါင်း (တံတား) ထက်သို့ အလုအယက် ပြေးလာကြ၏။ ရီးဆေးရိုးသည် အရှေ့ဘက်သို့ မျှော်ကြည့်လိုက်၏။ မှန်ရောင် တပြောင်ပြောင်နှင့် ပျိုးခင်းများ၊ စိုက်ခင်းများ ကျောခိုင်း နှံစပ်နေကြသော လယ်ပြင်ကြီး။ တိမ်ထူထူကြားမှပင် အရှေ့မိုးကုပ်စက်ဝိုင်း အစပ်ဆီမှ အဝါနှင့် ခရမ်းရောင် ရောယှက်ထားသော အမျှင်ကြီး ပေါ်လာသည်။ သည်အမျှင်ကြီး၏ သည်မှာဘက်၌ မည်းမည်းရိပ်ရိပ်နှင့် နှမ်းခင်းများ၊ တလူးလူး တလွန့်လွန့်နှင့် ပျိုးခင်းများ။

“ဟာ ဒီနွား ဘယ်လိုလုပ်တာလဲဟ၊ သေချင်ပြီလား ဟင်”

ရီးဆေးရိုး အံ့သြသွားသည်။ လယ်ပြင်သို့ သူ တစ်ယောက်တည်း အစောဆုံး ရောက်လာသည် ထင်မှတ်နေဆဲတွင် သူ့ထက် စောသူ၏ အသံကို ကြားနေရသောကြောင့် ဖြစ်သည်။ ရီးဆေးရိုးတို့ လယ်ပွဲ၏ အထက်ဘက် ‘ဟင်းခုပ်ပင်’ လယ်ပွဲမှ ကိုသာလှိုင် ဖြစ်သည်။ ကိုသာလှိုင်သည် အာဂလူ ဖြစ်သည်။ ဟို နားသည်နားက လာပြီး လယ်လုပ်သူမဟုတ်။ ချောင်း ဟိုဘက် ရှားတောရွာမှ ဖြစ်သည်။ သို့အတွက် ရီးဆေးရိုး တအံ့တသြ မေး၏။

“ဟ သာလှိုင်၊ မင့်ဟာက မလွန်လွန်းဘူးလားကွ၊ ဒါလောက် ချောင်းရေများနေတဲ့ ကြားက ဒါလောက် စောစော ဘယ်လိုလုပ် ကူးလာသတုံး”

“ဟဲ ဟဲ လွယ်ပါတယ်ဗျာ၊ အိမ်မပြန်ဘဲ နေတာပေါ့။ ဟာ လုပ်ပြန်ပြီ နွားကြီးနော် နွားကြီး”

တင်ပါးပေါ်သို့ နှင်တံကျသံ ဖြန်းခနဲပေါ်လာ၏။

“နို့ ဘယ်မှာ ထမင်းစားလဲ၊ စားအိုး စားခွက်လည်း မမြင်ပါလား”

ရီးဆေးရိုးသည် မေးလည်းမေး၊ မျက်လုံးဖြင့်လည်း ကြည့်သည်။ ကန်သင်းတစ်ခုထိပ်ရှိ မြောင်းပေါင်ပေါ်တွင် မီးဖိုတစ်ဖိုကို မီးတရဲရဲဖြင့် မြင်ရသည်။ မီးစွဲနေသော သစ်တုံးကြီး၏ ဘေးတွင် ပြောင်းဖူးခွံများ၊ ပြောင်းပင်များကို မြင်ရ၏။ သည့်အထဲတွင် ထူးထူးခြားခြား မြေကရားတစ်လုံးနှင့် စဉ့်ရည်သုတ် အကြမ်းပန်းကန်နှစ်လုံး။

“ထမင်းလား၊ ဘာခက်လဲဗျာ၊ နွားတွေ ကျွေးဖို့ နှမ်းခင်းထဲက ပြောင်းပင်တွေ ရိတ်ရင်းနဲ့ ပါလာတဲ့ ပြောင်းဖူးတွေကို မဝမချင်း ဖုတ်စားတာပေါ့ဗျာ”

ကိုသာလှိုင်၏ ဖြေသံကိုပင် သူစိတ်မဝင်စားတော့ပါ။ “ဟုတ်ပါဘူး၊ သည်ကရားက ငါ့ကရားနဲ့ တူလိုက်တာ၊ နေပါဦး၊ သည်ပန်းကန်တွေကလည်း ငါ့ပန်းကန်တွေနဲ့ ဘာပြုလို့ တူနေပါလိမ့်” တတွေးတွေး တကြည့်ကြည့် လုပ်နေရသဖြင့်၊ ကိုသာလှိုင် ကိုပင် ထပ်ဆင့် စောကြောမနေနိုင်တော့ပေ။

“အင်း ဟုတ်ရင် တော်ရဲ့၊ မဟုတ်ရင် သူခိုးစွပ်စွဲတယ် ထင်နေမှဖြင့် မကောင်းပါဘူး”

မေးမည့်ပါးစပ်ကို ထိုအတွေးက ဟန့်သည်။ ‘ညောင်ခေါင်းထဲမှာ သွားကြည့်လိုက်၊ ဘာကြာတာ မှတ်လို့’ စိတ်ကူးပေါ်လာပြန်သောအခါ မီးဖိုဘေးမှ ခွာမိသည်တွင် ကိုသာလှိုင်က ရွှံ့ပုပ်နံ့ တသင်းသင်းဖြင့် ကန်သင်းပေါ် တက်လာ၏။

“နေပါဦးဗျ၊ ရေနွေးကလေး ဘာကလေး သောက်သွားပါဦး”

“အရေးကြီးသေးလို့ကွာ၊ ခဏကြာမှ လှည့်လာခဲ့မယ်”

“အံမာ၊ ခုမှ ဘာများ အရေးကြီးနေရပြန်တာလဲ ကိုဆေးရိုးရာ။ မနေ့တုန်းကတော့ ရေနွေးကရားကို သည်အတိုင်း ထားပစ်ခဲ့လို ပစ်ခဲ့၊ ပျိုးခင်း ရေထုတ်မယ်ပြောပြီး ဘာမှမလုပ်ဘဲ သွားလိုသွားနဲ့ ဖြစ်သွားပြီးတော့”

“ဟေ” ဟူသော အသံနှင့်အတူ ရီးဆေးရိုး၏ ခြေလှမ်းများ တန့်သွား၏။ မျက်လုံးအပြူးသား၊ ပါးစပ်အဖြဲသားဖြင့် သာလှိုင့်အား လှည့်ကြည့်၏။

“ကျီးတောင်မှ မနိုးသေးတာ၊ ခင်ဗျာ့ ချိုးတွေ၊ ခိုတွေ မလာသေးဘူးဗျ။ လာစမ်းပါဦး၊ ထိုင်ပါဦး”

ရီးဆေးရိုး စိတ်ရှုပ်၏။ ပျိုးခင်း ရေမထုတ်ဘဲ သွားသည်ပြောသူမှာ သူ၊ ချိုးတွေခိုတွေ မလာသေးပါ ပြောသူ မှာလည်း သူပင်။

“ဘာတွေ ပြောနေတာလဲ”

မီးဖိုဘေးတွင် ဝင်ထိုင်ရာက ရေနွေးတစ်ခွက် ငုံ့သောက်လိုက်စဉ်၊ ကိုသာလှိုင်က တဟဲဟဲ ရယ်ရင်း ပြောင်းဖူးတစ်ဖူး ပြာပူထဲမှ ဆွဲယူ၏။

“မနေ့ညနေတုန်းက ခင်ဗျားပဲ ပျိုးခင်း ရေထုတ် မလို့တဲ့ ပြောတယ်။ နောက်တော့ စောသေးတာနဲ့ ရေနွေးအိုးတည်နေတုန်းမှာ ဟိုဘက်လယ်နှစ်ပွဲကျော်မှာ ကောက်စိုက်နည်း သရုပ်ပြပွဲ ကြည့်ချေဦးမယ် ပြောပြီး ထွက်သွားလိုက်တာ ဘယ်မှာ ပေါ်လာတော့လို့တုံး”

“ဟာကြည့်စမ်း၊ အဲဒါကို ‘တက်တက်ကြီး’ မေ့နေတယ်ကွာ”

အော်သံနှင့်အတူ ကိုယ့်ပေါင်ကိုယ် လက်ဝါးဖြင့် ဖြန်းခနဲ ရိုက်၏။

“အဲသည်တော့ ကျုပ်လည်း ခင်ဗျား မီးတွေနဲ့ ရေနွေးကရားတွေ သည်ဘက်ရွှေ့၊ မီးဖိုပြီး ကပျာကယာ ပြောင်းဖူးတွေ အခွံမချွတ်ဘဲ ဖုတ်ထား၊ ခင်ဗျား ပျိုးခင်းကို ပြေးပြီး ရေထုတ်၊ ပြီးပြီးချင်း ပြောင်းရိုးရိတ်၊ နွားတွေ စဉ်းကျွေး၊ မြင်သာတုန်းမှာ ပျိုးခင်း ပြေးကြည့်တော့ အလယ်မှာ ရေဝပ်နေတာ မြင်လို့ ထန်းသီးတစ်လုံး ကြိုးတပ်ပြီး အဲသည်နေရာ ရောက်အောင်ပစ်၊ ကတွတ်ပေါက်ဘက် အသာကလေး ဆွဲယူလိုက်တာ ရေလည်း ပြောင်သွားပါပြီဗျာ”

ခေါင်းတညိတ်ညိတ်နှင့် ကျေနပ်ရွှင်လန်းမှုကို ခံစားနေရာက ကိုသာလှိုင်၏ စကားအဆုံးတွင်မူ ရီးဆေးရိုးသည် ကျေးဇူးတင်ပါတယ် မဆိုပါချေ။ သို့ရာတွင် ‘ မောင်မင်းကြီးသား ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေ၊ အန္တရာယ်ကင်းပါစေ၊ သာဓုဗျာ သာဓု သာဓု’ မှာကား ရင်ထဲ အသည်းထဲမှ လှိုက်လှဲစွာ ထွက်ပျံလာချေ၏တကား။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment