Sunday, August 2, 2026

ရိုင်း

❝ ရိုင်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

“နည်းနည်းတော့ မများလွန်းဘူးလား မောင်တို့ရယ်”

အသက်ငါးဆယ်ရွယ် မျက်နှာရှည်ရှည် မျက်လုံးမှေးမှေးနှင့် လူကြီးတစ်ယောက်က သူ့ရှေ့တွင် ထိုင်နေသည့် အသက်သုံးဆယ်ရွယ် လူသုံးယောက်ကို အသနားခံသော လေသံကလေးဖြင့် မေးမြန်းပြီးနောက် ပါးစောင်မှ စီးကျလာသော ကွမ်းရည်များကို လက်ဝါးဖြင့် သပ်ရင်း သူ့ဘေးရှိ လူများကိုလည်း လှည့်စောင်း ကြည့်ရှုလိုက်လေသည်။

ထိုလူကြီး၏ အမေးအမြန်းကို ခံရသော လူသုံးယောက်အနက် အိမ်ထရံကို လက်ဖြင့် နောက်ပြန်ကိုင်ထားသည့် အသက်သုံးဆယ်ရွယ် မျက်နှာတွင် ကျောက်ပေါက်မာသက်သက် နှာခေါင်းပြားပြားနှင့် လူက သူ၏ လက်ကို ထရံမှ ဖြုတ်ချလိုက်၏။ သူ့ဘေးရှိ လူနှစ်ယောက်၏ ဆန္ဒကို သိလိုသော သဘောဖြင့်လည်း တစ်လှည့်စီ လှည့်ကြည့်သည်။ ကျောက်ပေါက်မာနှင့် လူ၏ တစ်ဖက်တစ်ချက်ရှိ လူနှစ်ယောက်၏ မျက်နှာထားမှာ ပျော့ပျောင်းသွားခြင်း၊ အားနာလာခြင်း၏ လက္ခဏာများ ပေါ်ပေါက် မလာပေ။ မူလ ဆိုပြီးသော စကားကို ပြင်ဆင်လိုပုံ မရကြောင်း အထင်းသား ပေါ်လွင်နေ၏။

“ကျွန်တော်တို့လည်း ရွာထဲမှာ ရှိတဲ့ လူငယ်တွေရဲ့ သဘောကို မေးမြန်းပြီးမှ ပြောရတာပါ ဦးကြီး။ ကျွန်တော်တို့ တောင်းတဲ့ ငါးဆယ် ဆိုတာဟာလဲ ... ဦးကြီးတို့ရဲ့ အဆင့်အတန်းမှာတော့ မများပါဘူးခင်ဗျာ”

ကျောက်အိုးကွဲ၏ စကားအသုံးအနှုန်းများမှာ ပြေပြစ်ပေသည်။ သူ့ဘေးရှိ လူ ၂ ယောက်၏ မျက်နှာပေးက တင်းမာသလောက် သူကမူ အနူးညံ့နိုင်ဆုံးနှင့် အသိမ်မွေ့နိုင်ဆုံး အမူအရာကို ဆောင်ထား၏။

“ဒီလိုရှိပါတယ် မောင်ရယ်။ မင်္ဂလာကြေး ဆိုတာဟာ ... အထစ်အငေါ့ ဖြစ်ကောင်းတဲ့ ကိစ္စ မဟုတ်လို့ တတ်နိုင်ရင် ကျုပ်တို့က ရှောရှောရှုရှုပဲ ထုတ်ပေးလိုက်မှာပါပဲ။ အခုတော့ ... သတို့သား ခမျာမှာလည်း မောင်တို့ ထင်သလို အချမ်းသာကြီး မဟုတ်ရှာပါဘူး။ သူလိုငါလို လက်လုပ်လက်စားပါပဲ”

ပထမဒိုင်ခံပြီး လေပျော့ဖြင့် အသနားခံခဲ့သော အဘိုးကြီးကပင် ထပ်မံ၍ အနူးအညွှတ် ရှင်းပြသည်တွင် သူ၏ ဘေးရှိ ဆီစိမ်လုံချည်ကွက်တုံးနှင့် ပန်းရောင်ပဝါစကို ရှည်ရှည်ချထားသော ငါးဆယ်ရွယ် အဘိုးအိုကလည်း “ရမ်းဘိုကုန်းနဲ့ ညောင်ကုန်း ဆိုတာဟာလည်း ရေအိုးနဲ့ ရေမှုတ်လို နေတာပါ မောင်တို့ရယ်။ စည်းရိုး တစ်ခုတည်း မနေပေမယ့် တစ်စိတ်တည်း တစ်သဘောတည်းတွေ မဟုတ်လား။ သူသေ ငါပို့၊ ငါနာ သူမေးမို့ … ညီရင်းအစ်ကိုတွေလို တစ်ရွာထဲလို နေလာကြတာပါ။ မောင်တို့ တောင်းတဲ့ မင်္ဂလာကြေး ငါးဆယ် ဆိုတာလည်း မများလှပါဘူး။ သို့သော်လည်း ဦးတို့ဘက်က သူငယ်များ အနေနဲ့ မတတ် နိုင်လွန်းလို့ပါ” ဟူ၍ လေအေးကလေးဖြင့် တောင်းပန် ဈေးဆစ်ပြန်ချေသည်။

ရမ်းဘိုကုန်းရွာနေ ကာလသားများ၏ ကိုယ်စားလှယ်ကြီး သုံးယောက်မှာ တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်နေမိကြ၏။ မျက်လုံးများ “ဘယ့်နှယ်လဲဟေ့” ဟု အချင်းချင်း မေးနေကြသည်။ အတန်ကြာမှ အလယ်တွင် ထိုင်နေသော ကျောက်အိုးကွဲနှင့် ကာလသားခေါင်း ကိုဘသော် ကပင် ခါးကို ရှေ့သို့ ကိုင်း၍ ပြန်လည် ပြောဆိုပြန် လေ၏။

“ကျွန်တော်တို့ တောင်းတဲ့ ငါးဆယ်များရင် ဦးကြီးတို့ ဆန္ဒကကော ဘယ်လို ရှိပါသလဲ”

“နှစ်ဆယ်ဆိုရင် တော်လောက်ပါပြီကွယ်”

ကာလသားခေါင်း ကိုဘသော်၏ ခါးသည် ညွှတ်ကိုင်းနေရာမှ ဆတ်ကနဲ ဆန့်လိုက်၏။ ခါးဆန့်လိုက်သည့် လျှပ်တပြက်ကာလအတွင်း ကွက်ကနဲ မျက်နှာပျက်သွားသည်ကိုလည်း သူ့မျက်နှာကို စေ့စေ့ကြည့်နေသော ညောင်ကုန်းသား အဘိုးအိုများက မြင်လိုက်သဖြင့် ...

“ဒီလိုပါကွယ်။ ဦးတို့ဘက်က သူငယ် တတ်နိုင်သမျှကို ပြောရတာကို ဘယ်လိုမှ စိတ်မရှိကြပါနဲ့ကွယ်။ ဦးတို့ဘက်က တတ်နိုင်ရင်... ကြားကပဲ စိုက်ပေးလိုက်ချင်ပါတယ်” ဟူ၍ ကပျာကယာ လေချိုသွေး၍ မျက်နှာငယ်ကလေးနှင့် ခပ်အမ်းအမ်းကလေး တောင်းပန်လိုက်ကြသည်တွင် ကိုဘသော်က “ကိစ္စ မရှိပါဘူး ခင်ဗျာ” ဟု မချိပြုံးပြုံး၍ ဆိုလိုက်ကာ

“အခုလို ပြောနေရတာကိုပဲ ကျွန်တော်တို့က အားနာလှပါပြီ”

“အို ကိစ္စမရှိပါဘူး။ ဒါအားနာစရာ မဟုတ်ပါဘူး”

“ဟုတ်ကဲ့ ကျွန်တော်တို့ကလည်း တတ်နိုင်ရင် တစ်ပြားမှ မယူဘဲ နေလိုက်ချင်ပါတယ်။ ဒါပေမယ့် အများဆန္ဒ အတိုင်းမို့ ငါးဆယ် တောင်းနေရတာပါ။ ဦးတို့ကို အားမနာသည့် တိုင်အောင် ဒီက မိန်းကလေးရှင်များ ဖြစ်တဲ့ ဦးကြီးညွန်နဲ့ အရီးငွေယဉ်တို့ကို သိပ်ပြီး အားနာစရာ ကောင်းနေပါပြီ။ ဒီတော့ ... ဦးကြီးတို့ ဘက်က ပေးချင်သပါ့ဆိုရင် ကျွန်တော်တို့ ပြောတဲ့ အတိုင်း ငါးဆယ်ပဲ ပေးပါခင်ဗျား။ မပေးနိုင်လို့ မပေးဘူးဆိုလည်း တစ်ပြားမှ မပေးပါနဲ့”

ကိုဘသော်က ခန်းဆီထရံကို မှီ၍ မျက်နှာငယ်ကလေးဖြင့် ထိုင်ငေးနေသော ဒေါ်ငွေယဉ်ကို မရဲတရဲ လှမ်းကြည့်ပြီးနောက် ရှေ့ရှိ အကြမ်း တစ်ပန်းကန်ကို ကောက်ကိုင်လိုက်၏။ မင်္ဂလာကြေးဈေးဆစ်နေကြသော အဘိုးကြီးများမှာ ပျာပျာသလဲ ဖြစ်သွားကြ၏။

“ဒီလိုလည်း သဘောမထားပါနဲ့ မောင်ရယ်။ ဦးကြီးတို့ကလည်း မတတ်နိုင်လွန်းလို့ပါ ငါ့တူရယ်”

“ကျွန်တော်တို့ကတော့ ကလေးတွေ ဆန္ဒအတိုင်း ပြောရတာမို့ ဘယ်လိုမှ မပြင်နိုင်ဘူး”

ကိုဘသော်၏ လက်ဝဲဘက်ရှိ ကတုံးပြောင်ပြောင်ကို လက်ဝါးဖြင့် ပွတ်နေသော ကိုထွန်းရင်က ဝင်ပြောပြန်၏။

“ဒါဖြင့်ရင် … ဒီလိုလုပ်ပါလားကွယ်”

ဆီစိမ် ပုဆိုးကွက်တုံးဖြင့် အဘိုးအိုက ဆိုလိုက်သဖြင့် ကိုသသော်၏ တစ်ဖက်ဘေးရှိ ကိုဘညံ ဆိုသူက “ပြောပါခင်ဗျာ ပြောပါ” ဟု ထောက်လိုက်၏။

“ဦးတို့ကလည်း ၂ဝ ထက် ပိုပေးဖို့ ပြန်ပြီး တိုက်တွန်းပါရစေဦး။ မောင်တို့ကလည်း မောင်တို့ အချင်းချင်း ငါးဆယ်ထက် လျှော့ဖို့ ပြန်ပြီး တိုင်ပင်ကြပါဦး။ သန်ဘက်ခါ ညနေကို ကျုပ်တို့ တစ်ခေါက် လာခဲ့ပါမယ်။ ဟင် .. မကောင်းဘူးလား ကျောင်းဒကာ”

“ကောင်းပါတယ် ... ကောင်းပါတယ်”

မိန်းကလေးအမေ ဒေါ်ငွေယဉ်ကပါ ဝင်၍ ထောက်ခံ၏။ သို့ရာတွင် ကောင်းပါတယ် ဟူ၍ သောသောညံမျှ ဝိုင်းအုံထောက်ခံကြသည့်အထဲ၌ ကိုဘသော်တို့ သုံးယောက် မပါဝင်ပေ။

ကိုဘသော်က …

“ကျွန်တော်တို့ ဘက်ကတော့ ဒါဟာ စကားကုန်ပါပဲ အစတုန်းက တစ်ရာတောင် ထိန်းထားကြပါတယ်။ ကျွန်တော်တို့ကလည်း သူအိုးနဲ့ သူ့ဆန် တန်ရုံ လုပ်ကြဖို့ အမျိုးမျိုး ဖျောင်းဖျနားချလို့ ငါးဆယ် ဖြစ်လာတာပါ။ အခုတစ်ခါ ကျွန်တော်တို့က ငါးဆယ်များ ပြန်ပြီဟေ့လို့ ပြောရင် ကျွန်တော်တို့ ဘာဖြစ်မလဲ ဦးကြီးတို့ပဲ စဉ်းစားတော်မူကြပါ”

ကိုဘသော်၏ စကားကို ဒေါ်ငွေယဉ် ဘက်သို့ မျက်လုံးတစ်ချက် လှန်ကြည့်ရင်း ဝင်ရောက် ဖြည့်စွက်သူမှာ ကိုဘညံ ဖြစ်၏။

“ရီးငွေယဉ်ရဲ့သမီး မိစန်း ဆိုတာဟာ အလုပ်အကိုင် အနေအထိုင်မှ စပြီး အစခပ်သိမ်းတော်တဲ့ ကလေးမလေးပါ။ ကျွန်တော်တို့ တောင်းတဲ့ မင်္ဂလာကြေးဟာ တကယ်ပဲ များတယ် ထားဦး မိန်းကလေးရဲ့ ဂုဏ်ကို ထောက်ထားပြီး ပေးကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်”

“ဟုတ်ပါတယ် ... ဟုတ်ပါတယ်”

အဘိုးအိုများက ခေါင်းညိတ်ညိတ် လည်ခါခါဖြင့် ဝန်ခံကြ၏။ ကိုဘညံ ကပင် ဆက်၍ ပြောပြန်သည်။

“ကျွန်တော် စကားကုန် ပြောတော့မယ်။ အစားကို အကုန်စားရတယ်၊ စကားကို အကုန် မပြောရဘူးဆိုပေမယ့် … ပြောစရာ အကြောင်း ဆိုက်လာလို့ ပြောမှလည်း ဖြစ်တော့မှာမို့ ပြောရတာပါ။ ဘကြီးတို့က နှစ်ဆယ် ကျွန်တော်တို့က ငါးဆယ်၊ တွေးကြည့်ရင် ရှက်စရာ ကောင်းပါတယ်”

“ဟုတ်ပါတယ် .. ဟုတ်ပါတယ်။ ကဲကဲ … ဘကြီးတို့ သန်ဘက်ခါ ညနေကျရင် လာခဲ့ပါဦးမယ်။ ကဲ … မငွေယဉ် ကျုပ်ပြန်ဦးမယ်”

“ဟုတ်ကဲ့ … ဟုတ်ကဲ့”

အတင်းပင် စကားကို ဖြတ်၍ ညောင်ကုန်သားကြီးများ ထိုင်ရာမှ ထပြန်ရန် ဟန်ပြင်လိုက်ကြ၏။ သို့ရာတွင် … ကိုဘသော်၏ စကားတစ်ခွန်းကြောင့် သူတို့သည် ချက်ချင်း ငိုင်ကျသွားလေသည်။

“ကျွန်တော်တို့ လူငယ်တွေ တောင်းသလောက် မဟုတ်ရင် … ကျွန်တော်တို့က လက်ခံနိုင်မှာ မဟုတ်ဘူးနော်။ ဘကြီးတို့နဲ့ ကျွန်တော်အဖေနဲ့က အင်မတန် ရင်းနှီးကြတော့ အဖေ့ကို ကိုင်ပြီး ဘကြီးတို့ ပေးချင်သလောက်ကို အနိုင့်အထက် ပေးလာရင်တော့ လက်ခံရမှာပဲ ဒါပေမဲ့ … ဒီကိစ္စနဲ့ ပတ်သက်လာသမျှကို ကျွန်တော် ဘာတစ်ခုမှ တာဝန်မခံဘူး”

ရွာလယ်လမ်းမဆီမှ ကျေးငှက်ကလေးတွေ တွန် မြည်ကျူးကြဘိသို့ ရယ်မောသံများ ပေါ်ထွက်လာ၏။ အသံစာစာစာစာနှင့် မသဲကွဲ ကျီစယ်နောက်ပြောင် လာကြသံများကိုလည်း ဘညိန်းက ကြားရသည်။ အရှေ့တံခါးဆီသို့ မျှော်လိုက်သော အမေ မကျီးဒန်၏ အရိပ်အယောင်ကိုမျှ မတွေ့ရ။ မကျီးဒန်ကား အရေးတကြီး လိုအပ်သော ငါးပိ၊ ဆား၊ ငြုပ် စသည့် မီးဖိုချောင်သုံးပစ္စည်းများကို မြို့ပေါ်ရှိ အိုးဖောက်သည်ထံမှာ “အိုးဖေါ်ပေး” ဖြင့် ယူရန် နံနက်စောစောကပင် ထွက်သွားသည်။ လေးထပ်ကျောင်းမှ ဆွမ်းစားခေါင်း လောင်းထိုးသံ ထွက်ပေါ်လာသည့်တိုင်အောင် မကျီးဒန် မပြန်လာသေးသဖြင့် ဟင်းမချက်ရသေးကား ဘညိန်းမှာ မကျီးဒန် ကိုသာ မျှော်နေမိ၏။ ထမင်းအိုး တယ်ပြီး ဆာဆာရှိသည်နှင့် ဆီဆမ်းပြီး ဆားဖြူး၍ စားမည် ကြံသော် ဆီက တစ်စက်မျှ မရှိ။ ဆားဖြူးပြီး စားပြန်သော်လည်း ၂ လုတ်သာ မျို၍ ကျသည်။ သို့ရာတွင် ဝမ်းကား ဟာမြဲ ဟာလျက် ရှိ၏။

ထိုသို့ ဝမ်းဟာလေလေ အမေက ရောက်ခဲလေလေ ဖြစ်ရသည့် အထဲတွင် ဘညိန်းမှာ ထမင်းအိုး ကိုယ့်ဘာသာကိုယ် တယ်ရသည့်အတွက် စိတ်ကလည်း တိုနေမိသည်။ သည်အခိုက်မှာပင် ... ရွာလယ်လမ်း အတိုင်း တောင်ဘက်ဆီမှ စာစာစာစာနှင့် ပြောဆို ရယ်မောကြသံများကို ကြားရပြန်သည်တွင် ဆတ်ခနဲ လှမ်းကြည့်မိ၏။ ရွာလယ်လမ်းအတိုင်း တောင်မှ မြောက်သို့ မိန်းမပျိုကလေး ငါးယောက် လျှောက်လာကြသည်။ သူတို့၏ ခေါင်း၌ သပြေနှင့် ဒေါနခက်များ ဝေနေ၏။ လက်တွင်း၌ ဆေးပေါ့လိပ်ကြီးများ ကိုယ်စီ ကိုင်ထားကြကာ အဝတ်သစ်များကို ဆင်မြန်းထားကြသည်။

“ဘညိန်း အမေ ရောက်ပလား”

“နင့်ဘာသာ နင် ဝင်ကြည့်ပါလား”

ချောစိန်သည် ဆက်လက် လျှောက်သွားသော သူငယ်ချင်းမများကို လှမ်း၍ စကားပြောပြီးနောက် အိမ်ဝင်းထဲသို့ ဝင်လာရင်း တဲဝ၌ ခပ်သုန်သုန် ထိုင်နေသော မောင်ငယ်ကို အမှတ်မဲ့ မေးလိုက်သောကြောင့် ဘညိန်းက ဂလန့်ကျကျ ပြန်ဖြေလိုက်ခြင်း ဖြစ်၏။

“ငါ့ဘာသာ ငါ ဝင်ကြည့်တာတော့ နင်ပြောမှလား ငါ ဝင်မကြည့်ရသေးလို့ နင်ကို မေးတာပေါ့”

“မေးတော့ ငါက မပြောဘူးဟာ ကဲ”

“မပြောနေပါလား”

ချောစိန်က ဘညိန်းကို ဖက်ပြိုင် ရန်တွေ့ရင်း တဲထဲသို့ ဝင်သွားလေ၏။

“ငါသိတာပေါ့ ဘညိန်းရယ်။ ငါမင်္ဂလာဆောင် သွားလို့ နင်ငါ့ကို ရန်လုပ်တာပါဟ။ နင့်တို့ဘာသာ သောက်စားမူးရူးပြီး ရန်ဖြစ်ကြဖို့ မတရားသဖြင့် တောင်းတဲ့ ခဲဖိုး မရတာနဲ့ပဲ ဒီမင်္ဂလာ ဆောင်သွားတဲ့ လူတိုင်းကို နင်တို့ ရန်လုပ်နေသပေါ့လေ”

ဘညိန်းမှာ မျက်နှာကြီး မည်းခနဲ ဖြစ်သွားသည်။ မြွေဟောက်ပါးပြင်းပမာ ခေါင်းက မတ်ခနဲထောင် လာကာ မတ်တပ်ထရပ်ပြီး တဲဝသို့သွားရပ်သည်။

“ဘာပြောတယ် ...” ဟူ၍လည်း ဒေါသဖြင့် မေးလိုက်၏။

“ဟုတ်တာပြောတော့ နာသလား”

ချောစိန်က အဝတ်လဲရင်း ထပ်မံ ခနဲ့လိုက်သည်။ ဘညိန်းမှာ ဘာကိုမျှ ပြန်မပြောတတ်ပေ။ ယင်းသို့ သူ့မောင်ငယ်က မည်သို့မျှ မချေပတတ်သောကြောင့်ပင် ချောစိန်က ဘညိန်း၏ အရှိုက်ကို တစ်ချက်ပင့်လိုက်ပြန်၏။

“ရွာသစ်ကြီးရွာလို ရတဲ့ ခဲဖိုးငွေနဲ့ မဏ္ဍပ်ပြင်ဖို့ ကန့်လန့်ကာတွေ၊ နဖူးစည်းတွေ၊ တိုင်ဖုံးပဝါတွေ၊ ဇာတွေ ဘာတွေ ဝယ်လို့ဆိုရင် တို့မိန်းကလေးတွေကတောင် ဝင်ပြီး ခဲနဲ့ ပေါက်ဦးမယ်။ နင်တို့ဟာက အခုတော့ ဟုတ်ပေါင်တော် ... ခဲဖိုးများများရရင် များများ မူးမယ်။ များများ မူးပြီး ရွာရိုးလျှောက်ပြီး ဆဲတဲ့လူက ဆဲ အချင်းချင်း ရိုက်တဲ့လူဟာ ရိုက်ဖို့လောက် စိတ်ကူးနေကြတာပဲ”

“ဟေ့ အစ်မ နင်တော်တော့နော်”

ဘညိန်းက ဒေါသကို မထိန်းနိုင်ဟန်ဖြင့် ထအော်သည်။

“ဘာဖြစ်ကြတာလဲဟေ့”

ကိုဆေးရိုး၏ အသံပင်ဖြစ်၏။ ဘညိန်းတို့ မောင်နှမမှာ အသံလာရာဘက်သို့ ပြိုင်တူလှည့် ကြည့်လိုက်ကြသည်။ ကိုဆေးရိုးမှာ ချည်စောင် တစ်ပတ်ရစ်ကလေးကို သူ၏ ယောင်တွင် ပတ်ပေါင်း ပေါင်းထားကာ ပိတ်ရှပ်လက်ရှည် ဗမာဖြစ်ချည်ချောလုံချည်တို့ကို သပ်ရပ်စွာ ဝတ်ဆင်ထား၏။

“တစ်ခါတည်း မတွေ့လိုက်နဲ့ တွေ့လိုက်ရင် တကျက်ကျက်နဲ့။ ခွေးနဲ့ ကြောင်ကျနေတာပဲ”

ကိုဆေးရိုး၏ အင်္ကျီအိတ်တွင်း၌လည်း သပြေနှင့် ဒေါန ရောထားသော ပန်းခက်ကလေးများသည် လည်းကောင်း၊ ကျပ်လုံးခန့် တုပ်သော သနပ်ဖက်ဆေးလိပ်သည်လည်းကောင်း၊ အငေါက်သား ပါလာသဖြင့် သူသည်လည်း လူကြီးပီပီ မင်္ဂလာဆောင်သို့ သွားရောက်ခဲ့ရကြောင်းကို ထုတ်ဖော် မပြောဘဲနဲ့ သိသာနေ၏။

“လူလေးကလည်း ကိုယ့်အစ်မကို နည်းနည်းပါးပါး ရိုသေဦးမှပေါ့ကွ။ အစ်မကြီး အမိအရာပဲကွ”

အင်္ကျီကို ချွတ်ရင်း ကွပ်ပျစ်ပေါ်သို့ ထိုင်ချလိုက်ရာက ဘညိန်းကို ဆုံးမစကား ပြောကာ ချောစိန်ဘက်သို့ လှည့်လိုက်ပြန်ပြီး

“မိန်းကလေးကလည်း နေရာတကာ မပြောရဘူးဟဲ့၊ တော်ရုံတန်ရုံဟာကို မသိချင်ယောင် ဆောင်နေမှပေါ့။ နေရာတကာ လိုက်ပြောနေရင် အရိုသေတန်တာပဲ။ ပြီးတော့ ကိုယ်က အကြီး ဆိုတော့ တစ်ခါတလေလည်း သည်းညည်းခံလိုက်” ဟူ၍ ဆိုလိုက်ပြန်သည်တွင် ..

“မဟုတ်ဘူး အဖေရဲ့။ ကျုပ်က အမေ ရောက်ပလားလို့ မေးမိတာနဲ့ ဂွပြောလို့ သူတို့ ခဲဖိုးတောင်း မရတဲ့ မင်္ဂလာဆောင် သွားရမလား ဆိုပြီး လူတကာကို လျှောက်ပြီး ကိုက်နေတာ”

“နင်သာကိုက်တာ .. နင်သာခွေး”

“ငါခွေးဆိုရင် နင်လည်း ခွေးပေါ့။ နင့်နဲ့ငါက မောင်နှမပဲ”

“ဒါဖြင့်ရင် အဖေနဲ့ အမေရော ခွေးပေါ့”

အနိုင်ရ လျှင် ပြီးစတမ်း သဘောဖြင့် စွတ်ပြောလိုက်သော ဘညိန်း၏ စကားကြောင့် ကိုဆေးရိုးမှာ ပါးစပ်တွင် တပ်မည့် ဆေးလိပ်ကို သုတ်သီးသုတ်ပျာဖြင့် ကြမ်းစွန်းမှာ ချထားလိုက်ရကာ “ဟေ့ကောင် ဟေ့ကောင်။ ဘယ့်နှယ်ကြောင့် ငါကိုပါ ဆွဲပြီး ခွေးအဖြစ် နှိုင်းရတာလဲဟေ” ဟု မော့ပြီး မေးလိုက်ပြီးမှ မျက်နှာကို ပြင်ထား ပြီး “ပြောနေရက်တန်းလန်းက ထပြီး ဖြစ်တာက ဘာလဲ ငါ့ကို ခွေးမှတ်သလား ဟုတ်လား” ဟု ငေါက်လိုက်သည့်တိုင်အောင်။

ဘညိန်းက …

“ဟုတ်ဖူးအဖေရ” ဟု ကြက်တွန့်တက်လာ ပြန်သဖြင့် “လာပြန်ပလား ဘာဟုတ်ဖူး အဖေရလဲ” ဟူ၍ ကိုဆေးရိုးက ဆက်တိုက် ဖိမာန်လိုက်သည့်အတွက် ဖအေကို ပြန်မပြောဝံ့တိုင်း ချောစိန်ကိုသာ နှုတ်ခမ်းကြီး စူလျက် မျက်စောင်းထိုးနေရလေ၏။ ကိုဆေးရိုးက ငြိမ်ကျသွားသော ဘညိန်းကို စူးစိုက်ကြည့်လျက် ချထားသော ဆေးလိပ်ကို ပြန်ကောက်နေစဉ်တွင် “ဟဲ့ မိန်းကလေး ချောစိန် မရောက်သေးဘူးလား” ဟူသော မကျီးဒန်၏ အသံ တဲရှေ့မှ ထွက်ပေါ်လာသဖြင့် ကိုဆေးရိုးမှာ တစ်စုံတစ်ခုကို ပြောမယ်ပြုပြီးမှ မပြောဘဲ တဲရှေ့သို့ ငဲ့ကြည့်လိုက်သည့်ခဏ၌ “လာပြီ အမေရဲ့” ဟူသော အသံနှင့်အတူ ချောစိန်က တဲရှေ့သို့ ပြေးထွက်သွားလေသည်။

“ညည်းအဖေကော ရောက်ပလား”

မကျီးဒန်၏ အသံက တဲအပြင်မှ ဝင်လာ၏။

“ရောက်ပြီအမေ”

“ဟိုကောင်လေးကော”

“ရှိတယ်။ ကျုပ်ကို မင်္ဂလာဆောင် သွားတာနဲ့ လိုက်ပြီး ရန်လုပ်နေလို့ …”

ချောစိန်က “ခံတောင်း” ကို ခါးစောင်းတင်လျက် တဲတွင်းသို့ ဝင်လာကာ နောက်မှပါလာသည့် မကျီးဒန် မေးသမျှကို ရှေ့မှ ဖြေလာသည်။ မကျီးဒန်က ခေါင်းဖု လုပ်သည့် ပုဆိုးစုတ်ကို ဖြည်ပြီး မျက်နှာမှ ချွေးသီးချွေးပေါက်များကို သုတ်သင်ရင်း ဘညိန်း၏ ဘေးဝယ် ထိုင်ချလိုက်၏။

“ဖအေကြီးရေ ပိုက်ဆံတော့ တောင်းမရခဲ့ဘူး။ သူတို့အပြောကတော့ အခုတစ်လော ရင်းမကောင်းလို့လို့ ပြောတာပဲ။ ငါးပိတစ်ပိဿာ၊ ဆေးရွက်တစ်ပိဿာပဲ ရခဲ့သည်။ သူတို့မှာလည်း ဒါပဲ ရှိသတဲ့”

“ညည်းက ရွာမှာ စားကြွေး သောက်ကြွေးလေး ဆပ်ချင်လို့လို့ မပြောဘူးလား”

“ပြောပါသကာတော် …. ရှိခိုးမတတ် ပြောတာပေါ့”

မကျီးဒန်က ကိုဆေးရိုး၏ လက်မှ ဆေးလိပ်ကို ဆွဲယူဖွာရှိုက်ပြီး ဆွဲဆွဲငင်ငင် ညည်း၍ ဖြေသည်။

“အေးလေ သူတို့ ပေးမှ ရမဲ့ဥစ္စာ ဘာတတ်နိုင်မလဲ”

“ကိုယ်က ကြိုတင် ယူချင်တာ ဆိုတော့လည်း ... မာမာထန်ထန် ပြောလို့ အလကားပေါ့”

မကျီးဒန်က ဒူးတစ်ဖက်ထောင်၊ ဒူးတစ်ဖက်ကို ကွပ်ပျစ်အောက်သို့ ဆန့်ချထားလျက် ထောင်သော ဒူးပေါ်မှာ ဆေးလိပ်ကိုင်ထားသော လက်ကို တင်ထားပြီး ဆေးလိပ် မီးခိုးများကို မှုတ်ထုတ်ငေးကြည့်ကာ အတန်ငယ် ကြာအောင် ငြိမ်နေ၏။

“ဒါ့ထက် မင်္ဂလာဆောင်ကော စည်စည်ကားကားမှ ရှိရဲ့လား”

မကျီးဒန်က ရုတ်တရက် လှည့်မေးသည်။

“လူကြီးတွေကတော့ မလာရင် မကောင်းလို့ လာ ကြတာပေါ့။ ဒါပေမဲ့ ... လူငယ်ကာလသားတွေ မလာတော့ ခြောက်ကပ်ကပ်ကြီးပေါ့အေ”

“အေးအေးချမ်းချမ်းပဲလား”

“စောစောပိုင်းကတော့ အေးအေးချမ်းချမ်းပဲ။ ငါ လည်း အေးအေးဆေးဆေး အာလာပသလ္လာပ ပြောဆိုနေတုန်း ... အိမ်ရှေ့ကို ခဲတစ်လုံးကျ လာတော့မှ ကမန်းကတန်း ထပြေးလာရတာ။ ကိုယ့်အိမ်က ကိုယ်တော်ချောများ ပါနေမလားလို့ … ပြေးလာရတာ အသက်တောင် မရှူအားခဲ့ဘူး”

ကိုဆေးရိုးက ဘငြိမ်းကို စောင်းကြည့်သလို မကျီးဒန်ကလည်း လည်ပြန် လှည့်ကြည့်သည်။

“အိမ်ထဲသာ ဝင်လာရင်တော့ လူတွေကို မှန်ကုန်မှာပေါ့”

“အခုလည်း … ယောက်ျားလေးဘက်က မိန်းမတစ်ယောက်လက်မောင်းကို မှန်သွားသေးတယ်”

“ဟင် ...”

မကျီးဒန်က စုတ်တစ်ချက် သပ်လိုက်၏။

“အေး အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်ကုန်မှာ စိုးရတယ်။ ညကျရင် ညည့်သား ဘယ်မှ မသွားပါစေနဲ့”

ကိုဆေးရိုးပြောသည့်အတိုင်းပင် မင်္ဂလာဆောင်မှာ ရွာခံကာလသားများနှင့် သတို့သားတို့မှာ ပြင်းပြင်းထန်ထန်ပင် တင်းမာနေကြလေပြီ။ ရမ်းဘိုကုန်းရွာမှ လူကြီးများပင် ကြားဝင်၍ ကိုယ့်ရွာမှ ကာလသားများကို လိုက်လံဖျောင်းဖျကြသေး၏။ သို့ရာတွင် ... ကာလသားခေါင်း ကိုဘသော်တို့ အတွေ့မခံဘဲ ရှောင်နေခဲ့ကြသည်။ ကိုဘသော်တို့ ရှောင်နေခြင်းမှာလည်း ညောင်ကုန်းရွာရှိ သူလျှိုများ ထံမှ တစ်ဆင့် ကြားရသော သတို့သားဘက်မှ စကားများ မာကျောခြင်းကြောင့်ပင်ဖြစ်၏။ “တစ်သက်လုံးက မမြင်ဖူးတိုင်း နင်းကန် တောင်းတဲ့ ငွေကို ပေးရမှာလား” ဟူသော သတို့သားနှင့် အပေါင်းပါတို့၏ မဖွယ်မရာ ပြောစကားကို ကြားရစက ဆိုလျှင် ရမ်းဘိုကုန်းမှ ကာလ သားတိုင်းသည် ဆတ်ဆတ်ခါမျှ နာကြည်းခဲ့ကြသည့် အတိုင်း၊ တောင်းသည့် မင်္ဂလာကြေး ရသော်လည်း မင်္ဂလာဆောင်ကို မကူညီ။ မရလျှင် မကူညီရုံသာမက မင်္ဂလာပွဲဖျက်မည်ဟု ဆုံးဖြတ်ထားခဲ့ကြ၏။

ယခုသော် … သက်ဆိုင်ရာ မိဘများက မိမိတို့၏ သားများကို အချိန်မီ အုပ်ထိန်းနိုင်သဖြင့် မင်္ဂလာပွဲ အထမြောက်သွားရခြင်းဖြစ်၏။ မင်္ဂလာဆောင် အတွက် လိုအပ်သော အသုံးအဆောင်များကို ဖျာအစ ငွေဖလားနှင့် ကော်ဇောအဆုံး၊ သတို့သား ဘက်မှ လှည်းဖြင့် သယ်ယူလာကာ ဧည့်ပရိသတ် မစုံမီ ခင်းကျင်းထားရသည်။ ဝေယျာဝစ္စ လုပ်သူများမှာလည်း သတို့သား၏ ရွာမှ ယောက်ျားမိန်းမများ ဖြစ်သောကြောင့် ဧည့်ဝတ်ပြုရာ နေရာထိုင်ခင်း ပေးရာမှအစ ကြောင်တောင်တောင် ဟာတာတာကြီး ဖြစ်နေပေ၏။

ကာလသား နယ်ပယ်မှာ ဆိုလျှင် ကာလသားခေါင်း ကိုဘသော် တစ်ယောက်သာ မင်္ဂလာဆောင်သို့ တက်ရောက်သည်။ သို့ပေမဲ့ … ပထမဆုံး ခဲများက ကိုဘသော် ရှိဆဲမှာပင် ကျလာခဲ့၏။ စက်အုတ် လေးပိုင်းကျိုးနှင့် ဗမာအုတ် သုံးပိုင်းကျိုးများသည် သတို့သမီး အိမ်ဘေးရှိ ပေပင်ကြီးပေါ်သို့လည်းကောင်း၊ အိမ်ရှေ့တွင် တည်ထားသော ရေနွေးအိုးများပေါ်သို့လည်းကောင်း၊ အိမ်မိုးပေါ်နှင့် အိမ်ထဲသို့လည်းကောင်း ကျရောက်လာကြရာ သည်မျှကြီးမားသော ခဲများဖြင့် နေ့ကြောင်တောင်တွင် ပေါက်ဝံ့သော သတ္တိကို ချီးမွမ်းရမလို ဖြစ်နေတော့သည်။

ခဲပေါက်မှု ဆိုသည်မှာလည်း ကြီးလေးသော အပြစ်တစ်ခုဟု ယူဆကြသည်။ အိုးအိမ်ကို ပျက်စီးစေရုံသာမက လူကိုပါ ဒဏ်ရာရစေ၊ သေစေနိုင်သည် အထိ ကျယ်ဝန်းသောကြောင့်လည်း ကြီးမားသော ပြစ်မှုကြီးဟု ယူမှတ်ကြခြင်းဖြစ်၏။ သို့ရာတွင် ခဲကို လွှတ်သော လက်သည်လည်း ဉာဏ်နှင့်ပင် ဖြစ်၏။ နေ့ကြောင်တောင်တွင် မည်သူမျှ မိုက်မဲစွာဖြင့် အကာအကွယ်ကင်းမဲ့သော ရွာဘေးမှ နေ၍ ပေါက်လိမ့်မည်မဟုတ်။ ရွာ၏ တောင်ဘက် ကိုက်တစ်ရာ ကျော်ကျော် ဝေးသော ထန်းတောတွင်းနှင့် ရွာ၏ မြောက်ဘက် ချောင်းထဲရှိ ကိုင်းတောထဲမှ နေပြီး ခဲကို ပေရွက်ပတ်ကာ လွှဲပစ်ခြင်းကြောင့်သာ ဤမျှ လေးလံသော ခဲကြီးများ လာရောက် ကျရောက်နိုင်ခြင်း ဖြစ်သည်။ နေ့ခင်းကြီးမှာပင် သည်လောက် ရဲတင်း သောင်းကျန်းနေလေသော် ညဉ့်အချိန်အတွက်မူ တွေးအံ့ဖွယ် မရှိပြီ။ အိမ်သော်လည်း ပြိုမည်လော။ လူသော်လည်း သေမည်လော။

တစ်ရပ်တစ်ရွာသို့ လာရမည့်လူ ဆိုသည်မှာ မိမိ ဝင်ထွက် သွားလာရမည့် ရွာ၏ မေတ္တာကို ခံယူရမြဲဖြစ် ပါလျက်နှင့် တစ်ရွာမှ ညောင်ကုန်းသားက အိမ်သည် ရမ်းဘိုကုန်းသားများကို အာခံရဲခြင်းမှာလည်း သူ့မှာ အားကိုးရှိ၍ ဖြစ်ပေမည်။ သူ၏ အပေါင်းအသင်းများကို ခေါ်လာပြီး ခဲပေါက်သူများနှင့် ရင်ဆိုင်တိုက်ခိုက်မည်လော။ ရှေ့ကိုသာ လော၍ ခဲပေါက်နေသူများကို တစ်ဦးစီ လီပြီး နောက်ပိုးသတ်ရန် အကြံရှိသလော။ ကိုဆေးရိုးတို့က တစ်ဖက်လူ၏ မခန့်မှန်းနိုင်သော အကြံအစည်ကို ကြိုတွေးမိသည့်နည်းတူ ဆွေ့ဆွေ့ ခုန်နေသော ရွာခံကာလသားများ၏ ဒေါသကိုလည်း တင်ကြို ခန့်မှန်းမိသောကြောင့်လည်း ဘညိန်းကို ကြိုတင်ဟန့်တားနေခြင်းဖြစ်၏။

“အေး ညည်းသားကို ညကျရင် ဘယ်မှ မသွားစေနဲ့”

“ဟုတ်တယ် လူလေး။ ကိုယ်လည်း တစ်ပြားတစ်ချပ် စားရသောက်ရတာ မဟုတ်ဘဲနဲ့ သူတစ်ပါး အကျိုးပျက်စီးအောင် ဘာဖြစ်လို့ လုပ်မလဲ။ ညကျရင် စောစောအိပ် ကြားလား”

ယခင်နေ့ရက်များကဆိုလျှင် နေမဝင်မီ ဘငြိမ်းက နွားစာရေကို ချောင်းတွင်းမှ “ဆိုင်းထမ်း” ဖြင့် သယ်ယူပြီးစီးခဲ့စမြဲ ဖြစ်သော်လည်း ယနေ့မူ နေလုံး စုတ်စုတ်မြုတ်မှ ရေခပ်ရန် ချောင်းထဲသို့ ဆင်းသွား၏။ နောက်ဆုံး အခေါက်သည်ကား သူငယ်အိပ်ဆိတ် အချိန်ဖြစ်၏။ ဘညိန်းလည်း သူ၏ ဆိုင်းထမ်းကို သူငယ်ချင်း တစ်ယောက်၏ အိမ်တွင်းထိုး ပစ်ခဲ့တော့သည်။ သူ၏ ယာဘက်ပခုံးတွင်ကား လက်သီးဆုပ် ခန့်ရှိသော “ချောင်းကျောက်” များကို ပုဆိုးကွင်းသိုင်းလျက် လွယ်ထားသည်။

လူပျိုကြီးဖားဖား ဖြစ်လာသည့်တိုင်အောင် အဖေသည် စိတ်ဆိုးလာလျှင် ရိုက်တတ်ကြောင်းကို ကိုဘငြိမ်းက သိ၏။ ယခုလည်း ခဲပေါက်သည့် အထဲတွင် ပါမည် စိုးသောကြောင့် ဘယ်ကိုမှ မသွားရန် ထပ်တင် ကြိုမှာကြားမြစ်ထား ထားလျက်က အဖေ့စကားကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည့်အတွက် အရိုက်ခံရကောင်း ခံရပေလိမ်မည့်။ ရိုက်ချင်လျှင်လည်း ရိုက်ပါစေတော့ အဖေ ရိုက်သည့် ဒဏ်ရာကြောင့် မသေနိုင်၊ မင်္ဂလာဆောင် အိမ်ကိုမှ အမှုန့်ဖြစ်အောင် ခဲစာ မကျွေးရလျှင်ကား ရမ်းဘိုကုန်းရွာသားတို့၏ ဂုဏ်ပုဒ်သည် သုသာန်တစတွင် သရဏဂုံမတင် တောမတိုင်ဘဲနှင့် မြုပ်နှံခြင်း ခံရတော့မည်။ မှန်လေသည်။ မှန်လေသည်။ ရမ်းဘိုကုန်းရွာသူ တစ်ယောက်ကို မင်္ဂလာကြေး တစ်ပြားမျှ မပေးရဘဲ ရယူနိုင်လောက်အောင် ရမ်းဘိုကုန်းရွာသားတို့ ညံ့ဖျင်းကြောင်းဖြင့် ဝေးနီးချုပ်စပ်ရှိ ရွာများမှ ကာလသားတို့၏ အလယ်တွင် ရမ်းဘိုကုန်းမှ ကာလသားတို့သည် စကားတင်း ဆိုခံရချေမည်။ မျက်နှာ ငယ်ရလေမည်။ ရွာ၏ ဂုဏ်ကို ထိပါးခံရချေတော့မည်။

ကာလသား ဆိုသည်ကား လူပျိုကလေးများမှသာ ခေါ်ဝေါ်ခြင်းကား မဟုတ်၊ အိမ်ထောင်ရှင် လူရွယ် လူလတ်တိုင်းနှင့် ကာလသားစိတ် ပေါက်ကာ ကလေးကလားဖြင့် ဟေးလားဝါးလား လုပ်နေသူတိုင်းသည် ကာလသားတည်း။ အချို့က ရူးရူးမိုက်မိုက် ကလေးတွေကို မြှောက်ပေး၏။ အချို့ကမူ မခံချင်အောင် ပြောခြင်းဖြင့် ဆွပေးကာ အချို့ကလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်လေသည်။

ချောင်းထဲမှ နေပြီး ရွာပေါ်သို့ ဘညိန်း တက်သွားပြီး ကွမ်းတစ်ရာညက်ခန့် ကြာလျှင် သတို့သမီး၏ အိမ်ပေါ်သို့ လေးဘက်လေးတန်မှ ခဲများ ကျရောက်လေ၏။ ပထမ အရီးငွေယဉ်၏ ဆဲဆိုသံ ထွက်ပေါ်လာသည်။ ခဲမိုးက ပို၍ ပြင်းထန်လာ၏။ သတို့သမီး၏ ထိတ်လန့်ရှက်ရွံ့စွာဖြင့် ငိုသံ ဒေါ်ငွေယဉ်၏ အော်ဟစ်တောင်းပန်သံတို့သည် ဒုတိယအကြိမ် ထွက်ပေါ် လာသည်။ ခဲများသည် အိမ်ခြေရင်းရှိ နွားတင်းကုပ် တွင်းသို့ ဝင်ရောက်ကာ နွားများ ကြိုးပြတ်ပြီး တိုးဝှေ့ ပြေးထွက်ကုန်၏။ အိမ်ရှေ့တွင် မီးထင်းကိစ္စအတွက် ရေထည့်ထားသော ဘဲဥအိုးကြီးမှာလည်း ဖျန်းခနဲ ကွဲထွက်သွားသည်။ အိမ်တွင်းရှိ အိုးအင် ပန်းကန်ခွက် ယောက်များမှာလည်း တစ်ချပ်ပြီး တစ်ချပ် တစ်ခုပြီး တစ်ခု ကွဲကြေကုန်ပြီး ဒန်အိုး သံလင်ပန်းစသော အမာ ခံပစ္စည်းများပေါ်သို့ ခဲကျသံများမှာ မိုးကြိုး အဆက် မပြတ် ပစ်နေသံကဲ့သို့ နားကွဲမတတ် ဆူညံနေသည်တွင် ဒေါ်ငွေယဉ်၏ အော်ဟစ်သံ စူးစူးဝါးဝါးကပါ ရောယှက်ဖောက်မွှေ လာပြန်သောအခါဝယ် တစ်ရွာလုံးမှာ အဝီစီပွက်သည်သို့ ရှိတော့၏။

“အမယ်လေး တော်ကြပါတော့ မောင်တို့ရေ။ သေရပါတော့မယ်တော့်။ ကိုပန်းအေးတို့ ဘကြီးဖိုးတို့ လာကြပါဦး မကယ်နိုင်ကြတော့ဘူးလား တစ်အိမ်လုံး ကုန်ပြီ ကုန်ပြီတော့်”

အရီးငွေယဉ်သည် ခဲသမားများကို အော်၍ ငိုသံကြီးဖြင့် တောင်းပန်လေသည်။ တစ်ဆက်တည်းပင် လူကြီးများကို တိုင်တည်လျက် အကူအညီ တောင်း၏။ ခဲများကား အကျ ရပ်မသွားပေ။ အရီးငွေယဉ်သည် ပါးစပ်မှ အော်လျက် အိမ်ပေါ်မှ ပြေးဆင်းရန် ဟန်လိုက်ရာ လှေးကားထိပ်သို့ ခဲများ အဆက်မပြတ် ကျလာသည့် အတွက် တံခါးရွက်တစ်ခုကို ဘုရား တကာ ဖက်တွယ်နေရစဉ်တွင် “အို တော် မသွားရဘူး မသွားနဲ့” ဟူသော မိစန်း၏ အသံနှင့် “ဖယ်စမ်းပါ ဟာ” ဟု ပြောလျက် ဆဲဆိုရုန်းကန် ပြေးထွက်လာသော သမက်နှင့် သမီးကို တွေ့ရသည့်အတွက် သမက်၏ လက်တွင်းရှိ ဓားကို ပြေးဆွဲလိုက်ရ၏။

“မောင်ဘကျော် ... မင်းမသွားနဲ့ အဒေါ့်စကားကို နားထောင် အမယ်လေးတော့်”

ပြောဆဲဆိုဆဲတွင် အုတ်နီခဲ တစ်လုံးက အရီးငွေယဉ်၏ တင်ပါးကို လာမှန်သည်။

“ဖယ်စမ်းပါ အဒေါ်ရယ် …. ဘကျော် အကြောင်းကို ပြစမ်း”

“အမယ်လေး … သေပါပြီ ... ကိုဘကျော် ကိုဘကျော်...”

“အမယ်လေး လာကြပါဦး တော်တို့ရဲ့ အရပ်ကတို့ရေ … ကြည့်နေကြတော့မလား”

သတို့သား ဘကျော် ယောက္ခမနှင့် ဇနီး၏ လက်တွင်းမှ ရုန်းထွက်နေစဉ် နံနက်ကမှ ခန်းဝင်ပစ္စည်းအဖြစ် သယ်ယူလာကာ အိမ့်ကျက်သရေဆောင်အဖြစ် ချိတ်ဆွဲထားသော မှန်ကြီးပေါ်သို့ ခဲနှစ်လုံး ပြိုင်ကျရောက်လာကာ မှန်ကွဲ အစအနများ သမီးယောက္ခမ သုံးယောက်၏ မျက်နှာကို ထိမှန်စူးရှကုန်သည့်အတွက် ငယ်သံပါအောင် အော်လိုက်ကြခြင်း ဖြစ်ပေသည်။ အရီးငွေယဉ်တို့ သားအမိကို ထိမှန်သော ဒဏ်ရာမှာ သွေးပေါက်ကလေးများ စို့ရုံမျှသာ ဖြစ်သော်လည်း ဘကျော်၏ မျက်နှာမှာကား သွေးများ ဖြာကျနေ၏။ ခပ်ကြီးကြီး မှန်ကွဲသုံးခုသည် နဖူးနှင့် နားထင်တွင် စိုက်နေခါကာ မျက်လုံး တစ်ဖက်မှာလည်း သွေးစများ အောက်၌ နစ်မြုပ်နေ၏။

“ဟဲ့ မသွားနဲ့ ... မသွားနဲ့”

ချက်ချင်းပင် ဘကျော်သည် ခဲမိုးသီးများထဲသို့ ပြေးထွက်သွားရာ မိစန်းကလည်း နောက်မှ အော်ဟစ်လိုက်ပါသွား၏။

“ဟေ့ ကောင်တွေ ဟေ့ကောင်တွေ”

ဦးပန်းအေး၏ အသံဖြစ်သည်။ ခဲသံများကို ထိုးဖောက် ထွက်ပေါ်လာ၏။

“ဟေ့ လွန်ကုန်ကြပြီနော် …. ဒီမှာ ဒုက္ခရောက်ကုန်ပြီ”

ဦးပန်းအေးနှင့် ဘကြီးဖိုး၏ အသံကို ကြားရသောအခါ လူကြီးပိုင်းမှ လူများမှာ မနေသာတော့ဘဲ ပြေးထွက်လာကြရတော့သည်။ ရွာတွင်းရှိ ခဲသမားများကို လိုက်လံ ရှာသူကရှာ ထန်းတောဘက်နှင့် ကိုင်းတောဘက်သို့ ပြေးသူက ပြေးဖြင့် အလွန်အကျွံ ဖြစ်လာသော အခြေအနေကို ထိန်းသိမ်းနိုင်အောင် ထွက်ကြရလေ၏။ ခဲပေါက်သူများမှာ ရွာခံလူကြီးများ၏ ထိန်းသိမ်းမှုကို ခံယူရလျှင် ခဲကို ဆက်လက်မပေါက် ရရုံမှအပ ဘာမျှ ဖြစ်ကြမည် မဟုတ်ပေ။ သို့ကြောင့်လည်း လူကြီးပိုင်းက ထိန်းချုပ်နိုင်ရန် ပြေးသွားကြခြင်းဖြစ်၏။ သို့ရာတွင် ထန်းတောဘက်တွင်ကား နောက်ကျသွားပေပြီ။ ဘကျော်တို့ လင်မယား၏ သွားရောက် တိုင်တန်းချက်အရ နောက်ပါ လူငါးယောက် နှင့် လိုက်ပါလာသော သရက်ချင်တိုက်နယ်သူကြီးက နောက်မှ ပိုး၍ ခဲပေါက်သူ သုံးယောက်ကို လက်ပူးလက်ကြပ် ဖမ်းဆီးထားမိပြီး ဖြစ်သောကြောင့်တည်း။

အခြေအနေ ငြိမ်သက်သွားသောအခါဝယ် သတို့သမီး၏ အိမ်မှာ အရိုးသာ ကျန်တော့၏။ သတို့သားမှာ မျက်လုံး တစ်ဖက်ပျက်မည့်ဘက်သို့ ချိန်ခွင်လျှာ ထွက်နေပေသည်။ လူကြီးပိုင်းမှာလည်း ပခုံးကို အမှန်ခံရသူ ခါးခြေထောက် လက်စသည်ဖြင့် ခဲမှန် မခံရသူ မရှိသလောက် ဖြစ်၏။ တကယ်တော့ ခဲပေါက်သူများသည် မိမိတို့၏ ဦးကြီး ဦးလေးဘကြီး ဘထွေးနှင့် ဖခင်တို့အား ခဲဖြင့် ပေါက်မိလျက်သား ဖြစ်နေ၏။ မိမိတို့ ဝိုင်းဆောက်ခဲ့သော အိမ်ကို မိမိတို့ဘာသာ ဖျက်ဆီးပစ်၍ မိမိတို့၏ နှမ အိမ်ဦးနတ်ကို မျက်စိတစ်ဖက် ချွတ်ယွင်းအောင် ပြုမူမှားမိခဲ့ကြလေသည်။ ကိုယ့်ရွာထဲမှာ ငတ်ပြတ်ဆင်းရဲနေသူ တစ်ယောက်ကို ကိုယ်ပင် ထောက်ပံ့ပေးကမ်းရသော ကျေးရွာ ယဉ်ကျေးမှုကို မေ့နေကြယောင်ပါတကား။

မင်္ဂလာကြေး ခေါ်ခေါ်၊  ခဲကြေး ခေါ်ခေါ်၊ ခေါ်ချင်သလို ခေါ်နိုင်သော မိုက်ကြေး တစ်မျိုးကား ပုဂံခေတ်က ပန်းဦးဆက်ရသောစနစ်နှင့် မထူးခြား လှပါတကား။ ပန်းဦး ဆက်ရခြင်း၌ ဘုရင်၏ ဓါးကို ကြောက်၍ ဆက်ရသလို ခဲဖိုး ပေးရခြင်းမှာလည်း အရပ်ဟူသော အားနည်းသူကို အားများသူက အနိုင်ကျင့်ဝါဒကြောင့် ပေးရခြင်းဖြစ်၏။ ထုံးစံမို့သာ ကျေနပ်စွာ ခံယူရစတမ်း ဆိုလျှင် အင်အားနည်းသူက အင်အားများသူ အနိုင်ကျင့်သမျှကို ငုံ့ခံရသော ကမ္ဘာ့အစဉ်လာအရ အင်အားကို လည်းကောင်း၊ လက်နက်ကို လည်းကောင်း အသုံးပြုကာ ဆက်ကြေး တောင်းခြင်းကို ကျေနပ်စွာ ပေးဆပ်ရတော့မည်လော။ ကားတစ်စီးအပြည့် တင်လာသော လူအုပ်က လူတစ်ယောက် နှစ်ယောက်ကို ခါးပတ်ဖြင့် ဝိုင်းရိုက်ခြင်းသည်လည်း အားနည်းသူကို အားများသူက အနိုင်ကျင့်သော နိယာမ အစဉ်အလာ အရ ဖြစ်သောကြောင့် ထုံးစံဟု ယူဆကာ ကျေကျေနပ်နပ် ငုံ့ခံရပေမည်။

စင်စစ်မူ အင်အားကြီးမားခြင်းဖြင့် မတရား နှိပ်စက်အနိုင်ယူမူ မှန်သမျှကို မနှစ်သက်နိုင် ရိုင်းစိုင်းသော ဝါဒဟု ယူဆနိုင်လျှင် မင်္ဂလာကြေးဟု ခေါ်သော အစဉ်အလာ မိုက်ကြေးစနစ်သည်လည်း ရိုင်းစိုင်းသော စနစ်သာဖြစ်၏။

ထိုနေ့ညက မှန်ကွဲစူးသူ၊ ခဲမှန်ခံရသူများထက် ကြီးမားသော ဝေဒနာကို ခံစားရသူမှာ မကျီးဒန် ဖြစ်၏။မကျီးဒန်သည် တစ်ညလုံး အိပ်မပျော်သော ဝေဒနာကို လူးလှိမ့် ခံစားနေရသည်။ အကြောင်းမူကား ဘညိန်းကို ရှာမတွေ့ သောကြောင့်တည်း။ ကိုဆေးရိုးသည် ဘညိန်း၏ အပေါင်းအသင်း လူငယ်လူရွယ်များ ထံတွင် ဘညိန်းသတင်းကို မေး၏။ သူတို့နှင့် တစ်ညလုံး မတွေ့ရဟူ၍ တစ်ညီတည်း ဖြေကြသည်။ တစ်ဖန် အိမ်တိုင်းစေ့အောင် တိုးတိုးတိတ်တိတ် လိုက်လံ ရှာဖွေသော အခါမှာလည်း ဘညိန်းကို မတွေ့ ရပေ။ သို့သော်လည်း .. ဘညိန်းကား ရွာထဲမှာပင် ရှိ၏။ ရေ အပြည့် ထည့်ထားသော ဘညိန်း၏ “ဆိုင်းထမ်း” ကို သတို့သမီးအိမ်၏ အရှေ့ဘက်ရှိ အိမ်ဝင်းထဲတွင် တွေ့ရခြင်းကပင် ဘညိန်း ရှိကြောင်း သက်သေခဲ့၏။

“ဘယ်သူလဲ”

“ကျုပ်ပါ အမေရ”

မကျီးဒန်သည် ငေါက်ကနဲ ထထိုင်ကာ မီးခွက်ကို ထွန်းလိုက်သည်။ ဘညိန်းက ပုဆိုးပို တစ်ထည်ကို ခြုံလျက် ခပ်ကုပ်ကုပ်ကလေး ဝင်လာ၏။ မကျီးဒန်သည် သားကို စိမ်းစိမ်းကြည့်နေလေသည်။

“ဟင် ခွေးသား။ အရုဏ်တောင် တက်နေပါပကော … ဘယ်သွားပြီး သေနေတာလဲဟင်”

“ကြောက်ပါပြီ အမေရ”

မေးမေးဆဲဆဲဖြင့် ခြေရင်းရှိခုံ ဖိနပ်တစ်ဖက်ဖြင့် ကောက်ပြီး ဆက်ကာဆက်ကာ ရိုက်တော့၏။

“မအေလုပ်တဲ့ လူမှာတော့ သေသလား ရှင်သလား မသိ။ ဘယ်သူ့ မေးလို့မှ မရဘူး။ ရှာလိုက်ရတာ အနှံ့ပြားစီး။ ဘယ်မှာမှ မတွေ့ ဘူးဟင် ...”

“ကြောက်ပါပြီ အမေရဲ့။ ကြောက်ပါပြီဗျ”

“ငါ့မှာ တစ်ညလုံး အိပ်မပျော်ဘူး။ သေစမ်း သေလိုက်စမ်း”

မကျီးဒန်က စိတ်ရှိလက်ရှိ သားလှကို ငဖယ်တေ တေနေစဉ် ကိုဆေးရိုးက ထ၍ ဟန့်တား၏။ မရချေ။ အတန်ကြာသော် စိတ်ရောလူရော မောကာ အာပါ ခြောက်လာတော့မှ အရိုက်ရပ်ပြီး တဲတိုင်ကို မှီထိုင်နေသည်။ ဘညိန်းကား မှောင်ရိပ်တွင် ကုပ်နေ၏။

“ဟေ့ကောင် လာစမ်း။ ခဲပေါက်တဲ့ အထဲမှာ မင်း ပါတယ် မဟုတ်လား”

“တော်ပါတော့ အဖေရယ် အမေရိုက်တာ နာလှပါပြီ”

ချောစိန်က ဝင်ပြီး တောင်းပန်၏။

“မရိုက်ပါဘူး မိန်းကလေးရဲ့ ။ ဟေ့ ကောင် လာစမ်း။ ခဲပေါက်တဲ့ အထဲမှာ ပါတယ်မဟုတ်လား”

“ဟုတ်ကဲ့”

ဘညိန်းက မဝံ့မရဲ ဖြေသည်။

“မင့် အကောင်တွေကို ငါ မေးတော့ သူတို့နဲ့ မင်းနဲ့ တစ်နေ့လုံး မတွေ့ဘူး ဆိုပါကော …”

“ဟုတ်ပါတယ်”

“မင်းက ဘယ်ကနေပြီး ပေါက်လို့ မတွေ့ရတာလဲ။ ရွာထဲက နေပြီး ပေါက်တဲ့ ကောင်တွေကို ငါကိုယ်တိုင် လိုက်ဖမ်းတာကွ”

“ကျွန်တော်က … ခဲပေါက်ခံရတဲ့ အိမ်နားမှာ ရှိတဲ့ ပေပင်ကြီးပေါ်ကို တက်ပြီး … အပေါ်စီးကနေ ပေါက်တာ”

“ဟင်ခွေးသား”

“အမယ်လေးဗျ”

မရိုက်ပါဘူး ဆိုသော်လည်း ကိုဆေးရိုးသည် ဘညိန်းကို ထကန်လိုက်မိ၏။ ပြီးမှ သူခေါင်းမှ ဆံပင်ကို ဖြည်ပြီး ... ထိပ်တည့်တည့်ရှိ ဆံပင်များကို ဖြဲပြလေသည်။

“အဲဒီဥစ္စာဟာ ... ငါ ပေပင်အောက် အရောက်မှာ မင်းပုဆိုးကွင်းသိုင်း ပြုတ်ပြီး ကျောက်ခဲတွေ လေးငါးလုံးပြုံပြီး ငါ့ခေါင်းပေါ်ကို ကျလာတာ”

ကိုဆေးရိုး၏ ခေါင်းထိပ် ဗွေတည့်တည့်တွင် ကြီးမားသော အဖုကြီးမှာ လက်သီးဆုပ်ကြီး တင်ထားဘိသို့ ရှိကာ သွေးခြည်ဥနေပေ၏။ ချောစိန်က ဖအေ့ဒဏ်ရာကို သေချာစွာ ကြည့်ရင်း မျက်ရည်ဝဲနေလေသတည်း။

▢ ဆင်ဖြူကျွန်းအောင်သိန်း
📖သွေးသောက် မဂ္ဂဇင်း
     ၁၉၅၀၊ ဇူလိုင်

No comments:

Post a Comment