Wednesday, August 26, 2026

ကြောက်ရောဂါ


❝ ကြောက်ရောဂါ ❞ 
( စံလှမောင် - တောင်ကုတ် )

“ဆရာဦးစိန်အောင်မြင့် ရာထူးတိုးတယ်ဆို။ ဝမ်းသာပါတယ် ဆရာ။ ဂုဏ်ယူပါတယ် ဆရာ”

ဒုတိယမြို့နယ်ပညာရေးမှူးဖြစ်သူ ဆရာဦးစိန်အောင်မြင့် တစ်ယောက် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ရာထူး တိုးသွားပြီဟု ကြားရသည်။ ကာယကံရှင်ကတော့ မည်သို့နေမည် မသိ။ ကျွန်တော်ပင်လျှင် ဝမ်းသာပျော်ရွှင်နေမိသည်။ နေ့လယ် ကျောင်းဆင်းချိန်၌ ဆရာဦးစိန်အောင်မြင့်ကို ကျောင်းရှေ့ လက်ဖက်ရည်ဆိုင်တွင် တွေ့သဖြင့် ကျွန်တော်က ဂုဏ်ပြုစကား ပြောဖြစ်ပါသည်။

“ဟာ ...ဆရာကြီးကလည်း စိတ်ညစ်ရတဲ့ အထဲ”

ကျွန်တော်၏ ဝမ်းသာအားရ ဂုဏ်ပြုစကားကို ဦးစိန်အောင်မြင့်က စိတ်ပျက်လက်ပျက် တုံ့ပြန်လာသည်။ အမြဲတမ်း ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါး နေတတ်သူ တစ်ယောက်သည် ရာထူး တိုးသည်ကိုပင် ဝမ်းမသာနိုင်လောက်အောင် မည်သည့် အကြောင်းများ ရှိနေပါသနည်း။ စဉ်းစားချိန် တန်ပြီလေ။ ဦးစိန်အောင်မြင့်၏ ဇနီးမှာ မြို့မှ ၁၃ မိုင်ခန့်ဝေးသော ရွာတစ်ရွာတွင် အထက်တန်းကျောင်းအုပ်အဖြစ် တာဝန်ကျနေသည်။ နေ့စဉ် ဖယ်ရီစီးလျက် ရက်ချင်းပြန် ကျောင်းတက် နေရသည်။ သူတို့တွင် တက္ကသိုလ်ဝင်တန်း တက်နေသော သားတစ်ယောက် ရှိသည်။ အသက် ဂဝ အရွယ် ယောက္ခမ အဘွားအိုနှင့် အတူ နေကြသည်။

ဦးစိန်အောင်မြင့် လက်ထောက်ညွန်ကြားရေးမှူး တာဝန်ယူရမည့် နေရာက ပြည်နယ်ပညာရေးမှူးရုံး။ သူ မရှိလျှင် သူ့ဇနီးဆရာမကြီး တစ်ယောက်တည်း အိမ်မှုကိစ္စ တစ်ဖက်၊ ကျောင်း တစ်ဖက်နှင့် အလုပ်ရှုပ်နေမည်ကို တွေးပူနေဟန် တူပါသည်။ အမှန်တကယ်လည်း တွေးပူသင့်ပါသည်။

“ဪ.... ဟုတ်သားပဲ။ ဆရာ မရှိတော့ အိမ်မှာ ဆရာမကြီး တစ်ယောက်တည်း ကသီနေမှာကို တွေးပြီး နောက်ကြောင်း မအေးစရာတော့ ဖြစ်မှာပေါ့။ ကိုယ်ချင်းစာပါတယ် ဆရာ။ ဒါပေမဲ့ ရာထူးတိုးတယ် ဆိုတော့လည်း...”

ကျွန်တော်က တွေးတွေးဆဆ၊ ဖေးဖေးမမ ပြောလိုက်သည်။

“ခက်တယ် ဆရာကြီး၊ ခက်တယ်။ ဟိုရောက်တော့ လူကြီးနားမှာ နေရမယ်။ အနေရ ကျပ်တာပေါ့”

“လူကြီးနားမှာ နေတော့ ပညာ ရတာပေါ့ ဆရာရယ်”

“ပညာရတာထက် အနေအစား မချောင်ဘူးပေါ့ ဆရာကြီးရဲ့။ ဒီမှာက ညနေတိုင်း အမောဖြေလို့ ရတယ်။ ဟိုမှာ ဘိုးတော်ကလည်း ပုတီးသမားလို့ ကြားတယ်။ ကျွန်တော် ခြေချုပ်မိပြီပေါ့။ ကျွန်တော် အဲဒါကိုပဲ စိတ်ညစ်နေတာ”

ကျွန်တော်၏ အထင်နှင့် အမြင်ကား တက်တက်စင်အောင် လွဲပြီ။ ကျွန်တော့်မှာ ဦးစိန်အောင်မြင့်၏ အဖြေစကားကြောင့် “သေဟဲ့ နန္ဒိယ” ဟု အလန့်တကြား ညည်းတွားရုံမှ တစ်ပါး...

▢ စံလှမောင် (တောင်ကုတ်)
📖မဟေသီ မဂ္ဂဇင်း
     အောက်တိုဘာ ၊ ၂၀၁၉

No comments:

Post a Comment