❝ ကျေးဇူးပြု၍ ❞
( မင်းမူပိုင် )
၁။
တစ်ရက်က မြို့ထဲ သွားတော့ ဘဲဥနဲ့ တွေ့တယ်။
အော် ... ဘဲဥဆိုလို့ ကြော်စားလို့ ရပြီလို့ မထင်လိုက်နဲ့ဦး။ ဘဲဥ ဆိုတာက ဘဲက ဥတဲ့ ဥ မဟုတ်ဘူး။ လူကဥ (အဲ .. မှားလို့) မွေးတဲ့ ဘဲဥပါ။ ကျွန်တော့်သူငယ်ချင်း ဘဲဥ။ ဘဲဥက ကျွန်တော့်ကို တွေ့တွေ့ချင်းပဲ အနီးဆုံး လက်ဖက်ရည်ဆိုင်ထဲ အမြန် ခေါ်သွားတယ်။ ထိုင်ထိုင်ချင်းပဲ စားပွဲထိုးလေးကို မှာလိုက်တယ်။
“ညီလေး အိမ်သာ နှစ်ခွက်”
“ဗျာ”
စားပွဲထိုးလေးက အံ့ဩ နားမလည်စွာ ခေါင်းကုတ်တော့ -
“အဲ...ကျစိမ့်နှစ်ခွက် ချကွာ...လောလောဆယ် အိမ်သာ သွားချင်လို့...”
ဘဲဥရဲ့စကားကို ကြားတော့ စားပွဲထိုးလေးက ဒုတိယအကြိမ် ခေါင်းကုတ်တယ်။ ပြီးမှ...
“အိမ်သာက မရှိဘူးဗျ... ကျွန်တော်တို့တောင် ဟိုဘက်လမ်းကူးက အများသုံးအိမ်သာမှာ သွားရတာ”
“အင်”
“မင်းတို့ကလည်းကွာ” ဆိုပြီး ဘဲဥ မျက်နှာကြီး ရှုံ့မဲ့သွားတယ်။ တင်ကို လိမ်ကျစ်လိမ်ကျစ် လုပ်ပြီး ထွက်သွားလေရဲ့။
••••• ••••• •••••
၂။
အခုအဖြစ်ကို မြင်တော့ ကျောင်းတုန်းက အိမ်သာနဲ့ ပတ်သက်တာလေးကို ကျွန်တော် သတိရမိတယ်။ အဲဒါလည်း ဒီကောင်နဲ့ ပတ်သက်တာပဲ။ ဘဲဥက အိမ်သာနဲ့ တော်တော် အကျိုးပေးပုံရတယ်။ နောက်ပြီး ဒီကောင်က လူရှုပ် လူနောက်။ လက်အငြိမ် မနေနိုင်တဲ့ကောင်။ ကျွန်တော်တို့မြို့လေးက နံရံတွေ၊ ဆိုင်းဘုတ်တွေ ဆိုရင် ဘဲဥ လက်က လွတ်တာ မရှိသလောက်ပဲ။ ကျွန်တော်တို့ ရပ်ကွက်ထိပ်က ဦးတရုတ်ကြီးရဲ့ ရွှေလီထမင်းပေါင်းဆိုင် ဆိုရင် သိပ်ရောင်းကောင်းတာ။ ဒါနဲ့ တစ်ခါသားမှာတော့ အဲဒီ ဦးတရုတ်ကြီးဆိုင် တစ်ပတ်လောက် ဈေးရောင်း မကောင်းဘူး။ ဦးတရုတ်ကြီးကတော့ ဆိုင်းဘုတ်ကို ကြည့်ပြီး ပြုံးသွားလိုက်၊ အံ့ဩလိုက်နဲ့ ဆိုတော့ ဦးတရုတ်ကြီးလည်း ဆိုင်းဘုတ်ကို ထွက်ကြည့်ပြီး ဖရုဿဝါစာတွေ ပြောတော့တာပဲ။ မိုးကို မွှန်လို့။
ဦးတရုတ်ကြီး ဒေါသ မထွက်ဘဲ ရှိပါတော့မလား။ ဘဲဥက သူ့ဆိုင်နာမည် ရွှေလီရဲ့ နောက်မှာ ဝစ္စနှလုံးပေါက် ထည့်ပေးသွားတာကိုး။ ဘဲဥက အဲ့ဒီလိုမျိုးပါဆို။
••••• ••••• •••••
၃။
ဘဲဥက အဲဒီလိုမျိုး လက်ဆော့တဲ့ ကိစ္စတွေ များမှများ။ ထားပါ။ ခုနက အိမ်သာကိစ္စ ပြန်ဆက်ကြရအောင်။ ကျွန်တော်တို့ ခုနစ်တန်းကျောင်းသားဘဝတုန်းကပေါ့။ ကျွန်တော်တို့ အ.ထ.က (၂) ရဲ့ အိမ်သာက ဘောလုံးကွင်းနားမှာ သွားထားတာ။ အိမ်သာ တစ်ခေါက် သွားဖို့ မလွယ်ဘူးရယ်။ ကိစ္စသာ ထိပ်ဝ ရောက်နေရင်တော့ ဘုရားသာ တပေတော့။
မုန့်စားဆင်းချိန် (Brake Time) ပေးချိန်ဆိုရင် ကျွန်တော်တို့ ယောက်ျားလေးတွေက အိမ်သာထိ မသွားတော့ ဘူး။ ခုနစ်တန်း D ခန်းရဲ့ ထောင့်ချိုးမှာ ရှူးရှူးဖလားဝါးကြတော့တာပဲ။ နေ့စဉ်နှင့်အမျှ ဆိုတော့ သေးနံ့တွေလည်း ကြိုင်လှိုင်လာတာပေါ့။ ကျောင်းအုပ်ဆရာကြီး သိသွားတော့ နံရံမှာ စာကပ်ပစ်လိုက်တယ်။ အဲဒီနေ့က စပြီး ကျောင်းသားတွေ ဘယ်သူမှ မဖလားဝါးရတော့ဘူး။ စာကလည်းကြည့်ဦးဗျာ။ ကျောင်းအုပ်ဆရာကြီးကလည်း ကျွန်တော်တို့ ကျောင်းသားတွေ ကော့ကော့ပြီး ဖလား ဝါးတာ မြင်လိုက်တယ် ထင်ပ။
“ဤနေရာတွင် ခွေးများသာ မတ်တပ်ရပ် သေးပေါက်သည်” တဲ့။
သေးပေါက်တာနဲ့ ခွေးလုံးလုံး ဖြစ်မယ့်ကိစ္စ ဆိုတော့ ဘယ်သူမှ မပေါက်ကြတော့ဘူး။ ကိုယ်တွေကလည်း ရာကောင်းတပည့်လေးတွေ မဟုတ်လား။
ဒါနဲ့...။
••••• ••••• •••••
၄။
ကျွန်တော် သွေးလွန်တုပ်ကွေး ဖြစ်တာ တစ်ပတ်လောက် ရှိပြီ။ ကျောင်း မတက်နိုင်ဘူး။ ကျောင်းပြန်တက်တဲ့ နေ့မှာ သေးနံ့တွေတော့ ထွက်တော့မှာ မဟုတ်ဘူးလို့ တွေးမိသေးတယ်။ ကျွန်တော့် အထင် တက်တက်စင်အောင် လွဲတယ်။ ကျောင်းတက်ခေါင်းလောင်း ထိုးပြီးလို့ မကြာပါဘူး။ ကျောင်းအုပ်ဆရာကြီး အခန်းထဲကို ဝင်လာတယ်။ ကျောင်းသားအားလုံးကို ဝေ့ကြည့်ပြီး–
“ဘဲဥတို့အဖွဲ့ ထစမ်း” ဆိုတော့ ကျွန်တော်ပါ ၁၂ မျိုးဟင်းချိုထဲ ပါပါလေရော။ ကျွန်တော် သိတယ်။ ဘဲဥ မွှေထားပြီ။
ကျောင်းအုပ်ဆရာကြီးက ပြုံးတုံ့တုံ့နဲ့ ဆူတော့ မဆူဘူးဗျ။
“တော်တော် ဉာဏ်ကောင်းတဲ့ ကလေးတွေ...ဆရာ ရေးတာကို မင်းတို့က ခြေနဲ့ဖျက်...အဲ...ခြေနဲ့ လိုက်ရေးတာတော့ မကောင်းပါဘူးကွာ...တပည့်မကောင်း ဆရာ့ခေါင်းတဲ့” စသည်ဖြင့်ပေါ့ အများကြီးပဲ ပြောသွားတာ။ နောက်ဆုံးကျမှ-
“ဘဲဥ...မင်း အပြစ်သိရင် မင်းကိုယ်တိုင် ပြန်ဖျက်လိုက်နော်” ဆိုပြီး အခန်းထဲက ထွက်သွားတယ်။
ကျောင်းအုပ်ဆရာကြီး ထွက်သွားတော့ ဘဲဥကို ကျွန်တော် တိုးတိုးလေး ကပ်မေးလိုက်တယ်။ ဘဲဥက-
“သိချင်ရင် သွားကြည့်ပေါ့” ဆိုပြီး ဟီဟီးလို့တောင် ရယ်လိုက်သေးတယ်။
••••• ••••• •••••
၅။
ကျောင်းသားတွေ ခွေးဖြစ်မှာမှ ပူစရာ မလိုတော့တာ။ သေးနံ့လား ဘယ်ပျောက်လိမ့်မတုန်း။ ကျောင်းအုပ်ဆရာကြီး ရေးထားတဲ့ စာကို ဘဲဥက ထပ်ဖြည့်ပြီး ရေးထားတာလေ။ ဘာတဲ့။
“ကျေးဇူးပြု၍ ကျောင်းသားများက ထိုင်ပေါက်ပေးကြပါ” တဲ့။ ကဲ..မပိုင်ဘူးလား။ ကျွန်တော် ပြောပါတယ်။ ဘဲဥက လူရှုပ်၊ လူနောက်။ လက်သရမ်းလိုက်ရမှ စားဝင် အိပ်ပျော်တတ်တဲ့ကောင်ပါဆို။
▢ မင်းမူပိုင်
📖ရယ်စရာ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၁၅
No comments:
Post a Comment