❝ နှမ်းကပေးသော ဝေဒနာ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
အရိပ်ထဲသို့ မဝင်မိခဲ့လျှင် အကောင်းသား။ ယခု ဝင်မိသည်။ နားနေပြီး ဆေးလိပ်တစ်ဖွာ နှစ်ဖွာသာ သောက်ရသေးသည်။ စနေထောင့်မှ ခဲခဲမည်းမည်း တက်လာသော မိုးသားများကို မမြင်မိလျှင်လည်း အကောင်းသား။ ယခု မြင်မိသည်။ ရီးကျီးဒန်မှာ တင်ပါးကို သံချွန်ဖြင့် အထိုးခံရသော အတိုင်နွားကြီးအလား ဆတ်ခနဲ ဖြစ်သွားသည်။ ဆေးလိပ်တိုကို ပေါက်ပင်မြစ် ပါးပျဉ်းပေါ် တင်ထားခဲ့ပြီး အေးရိပ်မှ ထွက်မိသည်။ ထွက်မိသည်နှင့် တစ်ပြိုင်နက်တည်း ရီးကျီးဒန်မှာ ကျောကော့သွားရလေ၏။ ရင်ရှားထားသော ကြောင့် ချိုင်းအောက်ပိုင်းမှာ ခံသာသော်ငြား ပခုံးနှင့် လက်မောင်းမူ မီးစကြီးဖြင့် အထိုးခံရဘိသို့ ပူလှချေ၏။ ရီးကျီးဒန် နေကို မော့ကြည့်၏။ ဆွမ်းခံဝင်ချိန် သာသာပဲ ရှိဦးမည်။
“အကျိုးနည်းတော်၊ အစောကြီး ရှိသေးတာတောင် ပူလိုက်တာ၊ ကျောကွဲရချည်ရဲ့”
သူကသာ ပူလှချည့် လောင်လှချည့် မြည်တမ်းငြား၊ ကောက်ပင်များမူ နေအပူကို မထီတရီရှိကြသည်။ လေကလေးသွေးလိုက်လျှင် ညင်သာသော တေးကလေးတွေဆိုလျက် မြူးလှုပ်ကြသည်။ ရွှံ့ထဲတွင် တရွေ့ရွေ့ ရွှေ့နေသူများလည်း ကောက်ပင်များကို တုပသည်သို့ ပူ၍ ပူမှန်းမသိကြ။ ရေက ပူ၊ ရွှံ့က ပူ၊ နေက ပူနှင့်။ သို့သော် နှင်တံ အမြှောက် မပျက်၊ တဟင်းဟင်း အအော် မချွတ်။ စိုက်ရက်အတန်ရပြီး သော ကောက်ပင်များသည် အစိမ်းရင့်ရင့် ဆင်ကြပြီ။ ရေရှိနေသရွေ့ နေကို မမှု၊ အန်တုနေကြသည်။ လှန် ခါစ မဝါ့တဝါ၊ မစိမ်းတစိမ်း ကောက်ပင်များသော်မှ မြေတွင် အမြစ်စွဲပြီ၊ လေတွင် ကြွားနေကြပြီ။ အပူ အောက်တွင် ငုံ့ငိုက်နေကြသူများက မလှန်နိုင်သေးသော စိုက်ပြီးခါစ ဝါကြန့်ကြန့် ချည့်တီးချည့်နဲ့ ကောက်ပင်များသာဖြစ်၏။ ရောင်စုံဟပ်သည့် စပ် ကန့်လန့်ကာကြီးကို ကြည့်ရင်းကြည့်ရင်း ရီးကျီးဒန် မောလာ၏။ ပို၍ ပူလောင်လာ၏။
“အရီးရေ… ကြည့်စမ်းပါဦး”
နှမ်းခါရန် အငှားလိုက်လာသော မိန်းကလေးက အထိတ်တလန့် ပြောလိုက်သည်။ နေပူကို ကြည့်ကာ ရှုံ့ထားသော ရီးကျီးဒန့်မျက်နှာသည် ချွေးစေးများ၊ နှမ်းမှုန့်များကြောင့် အမြင်ရဆိုး၏။ သည်အမြင်ဆိုးထဲမှ မျက်လုံးနှစ်လုံးမှာမူ တောက်ပလွန်း၏။ လကွယ်ညကောင်းကင်ထက်မှ ကြယ်လက်လက်နှယ် တောက်ပ၏။
နှမ်းခါရန်အတွက် တိုင်လေးတိုင် စိုက်ထား၏။ ခါးလောက်မြင့်သော ဝါးသဲတုတ်များ ဖြစ်ကြ၏။ လွှာချင်းစောင်၏ ထောင့်လေးထောင့်ကို သည်တိုင်များတွင် ချည်နှောင်ထား၏။ သည်စောင်ထဲတွင် နှမ်းစေ့တွေ၊ နှမ်းရွက်တွေ တလိန်းထိုးနေကြ၏။
ရီးကျီးဒန်၏ တောက်ပသော မျက်လုံးများ၊ နှမ်းခါစောင်ဘက်သို့ ဖျတ်ခနဲ ရောက်သွား၏။ အံ့သြခြင်း၊ ထိတ်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်း၊ မန်ကျည်းပွေး၊ မန်ကျည်းခေါက်အလား တွန့်ရွရှုံ့နေသော မျက်နှာပြင်တွင် တစ်ခုပြီး တစ်ခု ပေါ်လာသည်။ စု၍ ပြုံ၍လည်း ဖြစ်ပေါ်ပြန်သည်။
“ဟင်.. အို... ဟာ”
သည်မျှထက် ပို၍ ရီးကျီးဒန် မမြည်တမ်းတတ်။ အံ့သြထိတ်လန့် မယုံကြည်နိုင်မှုတို့က စီးနင်းချုပ်ကိုင်ထားသည်။ ဖြူတူတူ လွှာချင်းစောင်မှာ ခုနက အဖြူ၊ ယခု မည်းတုတ်နေ၏။ သန်းနှင့် တူသော်လည်း သန်းလောက် မကြီးသော နှမ်းပိုးတွေက စောင်တစ်ထည်လုံးကို မင်းမူနေပါတကား။ တစ်မိုးလုံး ဖျောက်ဆိပ် သူတို့ချည်းပါတကား။ ပိုးကောင်များကို ရီးကျီးဒန် လက်ဖြင့် ပွတ်ချ၏။ လက်ခုပ်ဖြင့် ကျုံးယူ၏။ ထစ်ထစ်ငေါ့ငေါ့ အသံလည်း ထွက်ပေါ် လာနိုင်ပြီ။
“ခုန.. ခုန ဒါတွေ မရှိပါဘူးအေ”
နှမ်းခါ အငှားလိုက်သော မိန်းကလေးသည် ရွှင်ပျစွာပြုံး၏။ သူ့ခေါင်းကို အပြန့်ကြီးသော နှီးခမောက်ကြီးဖြင့် ဆောင်းအုပ်ထားသဖြင့် မျက်နှာပေါ်သို့ နေရောင် မထိုးငြား ပါးညိုညိုပေါ်မှ ပါးကွက်နှစ်ခု ကြားတွင် ထွန်းလင်းသော အပြုံးသည် တောက်ရွှန်း၏။ လှပ၏။
“သည်အထောင်ကို ‘ခါ’ တုန်းက ဘာမှမဖြစ်ဘူး အရီးရဲ့”
“ဟင်… ဘယ်လိုဖြစ်၊ မှန်းစမ်း”
ညာဘက်အစပ်တွင် တင်ထားသော နှမ်းစည်း တစ်စည်းကို မြှောက်ကိုင်သည်။ အဖျားကို တုတ်ဖြင့် ဆဆကလေး ရိုက်သည်။ တဖြောဖြော လျှောဆင်းလာသည့် နှမ်းစေ့တွေမှာ ပကတိအဖြူ။ သို့သော် ဘယ်ဘက်အစပ်တွင် တင်ထားသည့် နှမ်းစည်း သုံးလေးစည်းထဲမှ တစ်စည်းကို ဆွဲမြှောက်ရိုက်ပုတ်လိုက်သော အခါကျလာသည့် နှမ်းစေ့က နည်းနည်း။ မည်းမည်းအကောင်တွေသာ ခဲခနဲ သဲခနဲ။
လျင်လိုက် သွက်လိုက်သည့် ရီးကျီးဒန်။ မေး၍ မဆုံးမီမှာပင် နှမ်းပင်စည်း တစ်စည်းလုံးကို ကိုင်မြှောက်ကာ လက်ဝါးထဲသို့ ခါချပြီးသွား၏။ သည်းသည်း လှုပ်နေသည့် မည်းမည်းအကောင်တွေသာ။ အစေ့အဆန် နည်းပြီး ပိုးကောင်တွေ များ၏။ ရီးကျီးဒန်သည် ပိုးကောင်တွေကို အသာအယာ မှုတ်ထုတ်၏။ ပေါ်လာသော နှမ်းစေ့များကို လက်ဖြင့် ‘ဖျစ်’ ကြည့်မိသည်။ အမောဝေဒနာသည် ရင်မှာ ခိုအောင်း လာပြီ။ လက်ဝါးပြင်ကို မျက်လုံးနား ကပ်ကြည့် သည်။ နှမ်းစေ့ကို စေ့စေ့စပ်စပ်ကြည့်သည်။ အဆန်၊ အသား ပါဟန်မတူ အခွံချည်း ရှိဟန်တူ၏။ သို့သော် မသေမချာ။
“ဟဲ့... သည်နှမ်းစေ့တွေ ကြည့်ပါဦးအေ”
နှမ်းခါမလေးသည် ရီးကျီးဒန်လက်ဝါးပြင် ရှုံ့တွတွပေါ်ရှိ နှမ်းစေ့များကို ငုံ့ကြည့်၏။
“အခွံပဲ ရှိတော့တယ် အရီးရှေ့၊ အသား မရှိတော့ဘူး။ အဆန် မရှိတော့ဘူး။ အကောင်တွေ စားပစ်တာ”
ရီးကျီးဒန်ရင်သည် ဒိန်းခနဲ အဆောင့်ခံရ၏။ ရင်တွင်း၌ ပူလောင်လာသည်တွင် ဖြေသိမ့်ဆောက်တည်ရာကို ရှာသည့်သဘောဖြင့် ဘေးဘက်သို့ မျက်လုံးဝေ့ မိ၏။ ပိုးမပါသော နှမ်းထောင်တွေ မည်မျှကျန်ပါသေးသနည်း။ နည်းသည်။ အတော်နည်းသည်။ သုံးစည်းစီ ဆိုပြီး ထောင်ထားသော “နှမ်းထောင်” နှစ်ဆယ် အစိတ်သာ ရှိတော့သည်။ ထွက်လှလျှင် သုံးစိတ်တစ်တင်း။ ဘယ်ဘက်တွင်ကား နှမ်းထောင် တစ်ရာမျှ ရှိသေးသည်။ အပေါ်ယံက ကြည့်လျှင်ကား သီးလိုက်သည့် အသီးတွေ။ လေးရှဉ်း ငါးရှဉ်းမှ ခုနစ်ရှဉ်းအထိ။ အမြင်အားဖြင့် အားရစရာ။ သည်အားရစရာကြောင့် ရီးကျီးဒန် မျက်လုံးတွေ ချောက်ကမ်းပါး အောက်က ကျောက်သံပတ္တမြားသဖွယ် တောက်ပ နေခြင်းဖြစ်၏။ ယခု သည်မျက်လုံး မှေးမှိန်ရပြီ။ မှိန် မှေးသော မျက်လုံးအိမ်တွင် ကြေကွဲခြင်း၊ ရင်ထုမနာ ဖြစ်ခြင်း မိုးတိမ်များ တရိပ်ရိပ် တက်လာလေ၏။
ရီးကျီးဒန် ငိုပစ်လိုက်ချင်သည်။ ပုလဲဓာတ်မြေသြဇာက တစ်ဧကမှာ တစ်လုံးသာရသည်။ အမှန် လိုသည်က ငါးလုံးမို့ ငါးဧက အတွက် အလုံးနှစ်ဆယ် ရှာရသည်။ သို့မှသာ စပါးထွက်မည်။ ဝမ်းစာကလေး ကျန်မည်။ ရှာဖွေ ဝယ်ယူရသည်မှာ ပိုးသတ်ဆေးပါ မကျန်။ ရှိစေတော့၊ ကုလားပဲနှင့် နှမ်းကို အားထားမည်။ ကုလားပဲမှာ ထူးထူးဆန်းဆန်း ပိုးကျသည်။ ဟော… ကုလားပဲသာမက နှမ်းမှာပါ ပိုးကျလာပြီ။
“နေပါဦး၊ ဟိုဘက်က နှမ်းထောင်တွေကျတော့ ပိုးမကျပါကလား”
သည်နှယ် အတွေးဝင်လျှင်ဝင်ချင်း ရီးဆေးရိုး၏ မျက်နှာကြီး ကွင်းခနဲပေါ်လာ၏။ နှစ်ပေါင်း ၅ဝ ကျော် နေလောင်ထားသော မျက်နှာမည်းမှောင်မှောင်ကြီး။
“မထုံတက်သေး အေးတိအေးစက်နဲ့ ဒင်း ရေသွင်းတဲ့ လယ်ကွက်ထဲက နှမ်းပင်တွေသာ ပိုးလိုက်တာ၊ ရေမသွင်းလိုက်ရတဲ့ အကွက်တွေက ပိုးမပါဘူး၊ ဒင့် ကြောင့် ဒင့်ကြောင့်”
ရီးကျီးဒန် မည်သို့ပင် ရန်ထောင်ထောင်၊ အပြစ် ပြောပြော ရီးဆေးရိုး လှုပ်မည် မဟုတ်။ “ယောက္ခမ သေမယ်မှန်း သိရင် မြင်းဝယ်စီးမှာပေါ့ ကျီးဒန်ရာ။ မိုးရွာမယ် မထင်လို့ ရေသွင်းတာပေါ့။ ကောင်းစေချင်လို့ လုပ်တာ၊ မကောင်းလည်း ကံပေါ့” ပြောမည်၊ ဆင်ခြေကန်မည် မုချ။ ကန်ပါစေ၊ ဆင်ခြေ မည်မျှ ကန်စေကာမူ ရန်တွေ့ဖြစ်အောင် တွေ့မည်။ ဆဲရေး တိုင်းထွာပြီး ထရိုက်ခါမှ ရိုက်ပေရော့၊ ကက်ကက်လန်အောင် ရန်လုပ်မည်။ သို့မှသာ ရင်ထဲက ဆို့ကျပ် ဝေဒနာ သက်သာမည်။
••••• ••••• •••••
၂
“ကြည့်စမ်း၊ နေတောင်မဝင်သေးဘူး၊ ပြန်လာလိုက်ကြတာ အလျှိုအလျှိုနဲ့ပါကလား”
နေလုံးကြီးသည် ချောင်းအနောက်ဘက် ရှားတောရွာပေါ်တွင် မေးတင်ထားသည်။ ရောင်ခြည်များ ရုပ်သိမ်းစမို့ ကောင်းကင်ပြင်တွင် နနွင်းမဆိုး။ ‘နီပဆေး’ မခြယ်တတ်သေး။ အခါတိုင်းမူ သည်အချိန်တွင် ရမ်းဘိုကုန်းရွာသည် မစည်ကားသေး။ မှောင်ရီပျိုးမှ တချို့၊ မှောင်ကြီးမှောင်မှ တချို့ လယ်ပြင်မှ ပြန်လာကြသဖြင့် မီးခွက်ထွန်းချိန်ကျမှ လယ်ပြင်ပြန်များဖြင့် စည်ကားသည်။
ယနေ့သော်ကား ထွန်သမားများလည်း အပြန် စောသည်။ ထမ်းပိုးတုံးပေါ်တွင် ထွန်တုံးတင်လျက် နွားကို လွှတ်လိုက်သည်။ ထွန်သန်ကန့်လန့်က တဂျောက်ဂျောက် မြေကြီးကို ခြစ်လျက် လိုက်ပါလာသည်။ ထွန်သန်ဖျား၏ ပန်းချီရေးသံက တရှဲရှဲ။ အင်္ကျီဖားဖား၊ ပါးကွက်ကျားကျား၊ ခမောက်ကားကားနှင့် ကောက်စိုက်မများလည်း အပြန်စောသည်သာ။ သူတို့ ကြားတွင် ဓားမကို ခါးထိုးပြီး ငန်းပြား ထမ်းထားသူများ၊ နှမ်းထုပ်တွေ၊ ရွက်တိုင်တွေ ထမ်းလာ သူများကလည်း ရောနှောလျက်။
အိမ်ကို လှမ်းကြည့်သောအခါ တံခါးစေ့နေသည်။ မျောက်လက်တွင် သံကောက်ချိတ်ထားသည်။ လူ အချို့လည်း ရွာအရှေ့ဘက်သို့ ဆင်းဆင်းသွားကြသည်။ မြောင်းဟောင်း၏ ဟိုဘက် မလှမ်းမကမ်းတွင် လူစုစုကို မြင်တော့မှ “ဟုတ်သားပဲ၊ နီးပြီကိုး” ဆိုကာ ရင်ကို ပုတ်မိလေ၏။
ဓာတ်ပေါင်းစုဘုရား။ သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သောဘုရား၊ ရမ်းဘိုကုန်းရွာ၏ အထွတ်အမြတ်ဘုရား၊ ဆွမ်းတော်ကြီးပေါင်းပွဲတော်ကျင်းပမှာက ဝါခေါင်လဆန်း ၆ ရက်။
“ဟဲ့ ဟဲ့၊ နင်ဘယ်သူလဲ”
ဘေးဘက်မှ ဖြတ်သွားသော ပါးကွက်ကျားမ၊ ကောက်စိုက်သမလေးကို လှမ်းမေး၏။
“ထွေးရည် တောင် မမှတ်မိတော့ဘူးလား၊ ဘယ် မှတ်မိတော့မလဲ၊ နှမ်းတွေရမှ သွေးကြီးနေမှကိုး”
“ဟဲ့ သောက်ကောင်မရဲ့၊ နေပူထဲက လာတာ မျက်လုံးတွေ ပြာနေပြီဟဲ့။ အဲ နေပါဦး၊ ကနေ့ လဆန်း ဘယ်နှရက်လဲ”
“ဝါခေါင်လဆန်း တစ်ရက် အရီးရှေ့၊ တစ်ရက်။ ကြား (၆) ရက်ပဲ လိုတော့တယ်။ အဲဒါကြောင့် ချုံတွေ ရှင်းနေရတာပေါ့။ ထုံးသုတ်ရဦးမှာနဲ့ တန်ဆောင်းကို ပြင်ဆင်ရဦးမှာနဲ့၊ မီမှ မီပါ့မလား”
ရီးကျီးဒန် ခေါင်းညိတ်လျက် ကျန်ခဲ့သည်။ ခေါင်းပေါ်မှ နှမ်းထုပ်သည် တစ်ခွဲသာသာမျှသာရှိနေငြား ကပြင်ပေါ် ပစ်တင်လိုက်ချိန်တွင် ခေါင်းပေါ့သွား၏။
“သာဓုတော် သာဓု သာဓု”
ချုံရှင်းသည့်ဘက်မှ လုံးလိပ်ပြီး မီးခိုးတွေ တက်လာ၏။ သည်မီးခိုးလုံးကို ကြည့်ပြီး ရီးကျီးဒန် ကောင်းချီး ပေးမိ၏။ အိမ်အရောက်တွင် ရန်ဖြစ်လိုက်မည်၊ မောင်းတင်ထားသော စိတ်သည် ပီတိတရားအောက်တွင် နစ်မြုပ်သွား၏။
“အန္တရာယ်ကင်းကြပါစေ၊ ဘေးကင်းကြပါစေတော်”
ချုံရှင်းသည်မှာ မိုးနှံချုံ၊ နဘူးချုံနှင့် ဝံသာနုချုံများကို ခုတ်ထွင်ရှင်းလင်းခြင်းဖြစ်ငြား အန္တရာယ်က များလှသည်။ မြွေစိမ်းမြီးခြောက်ကအစ မြွေမျိုးစုံတို့ တစ်နှစ်လုံး ခိုအောင်းနေသော နေရာကို ဖျက်ဆီးရခြင်းဖြစ်၏။
သို့ရာတွင် မှိုးမှိုးမှောင်မှောင်တွင် ‘ရေယူ’ ခြင်းဖြင့် မြွေအလမ္ပာယ်သမား လုပ်နေခဲ့ကြသော လယ်သမားများက မြွေကို မမှုပါ။ နေ့ခင်းကြောင်တောင်မို့ မြင်လည်း မြင်သာ၏။ မမြင်သာသော အန္တရာယ်မှာ ပျား နှင့် ပျားသန်၊ ပဆုပ်ပနီများ ဖြစ်၏။ သစ်ကိုင်းက မွဲမွဲ၊ ပျားအုံအရောင်က မွဲမွဲတို့ဖြစ်၍ ထန်းစေ့မှုတ် ပျားတွေ ဝေါခနဲ ထွက်လာမှ တောင်ပုတ် မြောက်ပုတ် လုပ်ရ၏။ ခွေးလှေးပျားနှင့် မွေးလိမ်ပျားမူ မကိုက်၊ မတုပ်။ ဆံပင် မွေးညင်း စသော အမွေးအမျှင်ရှိရာ အရပ်ကို လိုက်နားပြီး ကသိကအောက်ဖြစ်အောင် လုပ်၏။
ဤသည်ကိုလည်း ဒူပေနာပေနိုင်လှသော လယ်သမားများ အရေးမစိုက်သေးပါ။ အတုပ်ခံရလျှင် ဖျားနာသော ပျားသန်နှင့် ပဆုပ်ပနီကိုကား သေလုအောင် ကြောက်ကြသည်။ သို့ပါလျက်နှင့် ညာသံပေးကာ ချုံခုတ်သူက ခုတ်၊ ချုံကော်သူက ကော်၊ မီးရှို့သူက မီးရှို့ ။ မီးခိုးတလူလူ၊ ရယ်မောသံ တသောသောဖြင့် ကုသိုလ်ကြောင်းအတွက် မောင်းတင်နေကြသည်ကို လှမ်းမျှော်တိုင်း မြင်ရသောအခါ ရီးကျီးဒန်မှာ အားတက်လာသည်။ အမောပြေလာသည်။
“သူတို့တောင်မှ ဒါလောက် လုပ်နေကြသေးရင် ငါကကော ဘာဖြစ်လို့ ချွေးနှဲစာနဲ့ ကုသိုလ်မပါနိုင်ရမှာလဲ”
ရီးကျီးဒန်မှာ ဓာတ်ပေါင်းစုဘုရားဘက်သို့ မျှော်ကြည့်လေလေ တက်ကြွလေလေဖြစ်၏။ လုံးတက်လာသော မီးခိုးမည်း၊ မီးခိုးဝါနှင့် မီးခိုးဖြူတွေက မေးကြောကြီးတွေ ထောင်လာအောင်၊ မှိန်သော မျက်လုံးများ တောက်ပဝင်းရွဲ လာအောင် ဆွပေးသည်။ ထိုအခါ တာဝန်ကျေအဖြစ် ဒိုင်သို့ သွင်းပြီး ကတည်းက မဖွင့်ဖြစ်သော ကုလားပဲပုတ်ဘက်သို့ သွက်လက်စွာ ထလာခဲ့မိလေ၏။
••••• ••••• •••••
၃
နှမ်းသီးထဲတွင် ပိုးပါသောကိစ္စ။
ဘုရားပွဲအတွက် ရီးဆေးရိုး လုံးပမ်းနေရသည့် နည်းတူ ရီးကျီးဒန်လည်း အနား မနေရ။ ဘုရားပွဲရက်တွင် မည်သည့်နည်းနှင့်မျှ နွားစာ မစဉ်းနိုင်။ တစ်နေ့ နည်းနည်း ပိုအောင် ရီးကျီးဒန် ကြိုးစား စဉ်းထားရသည်။ ဆွမ်းချက်ရန် ဆန်ကောင်းဆန်သန့် ရှာဖွေရ၊ သပိတ်ချောချောလှလှ မေးမြန်းရ၊ ပဲထဲမှ ခဲနှင့် အအောက်များ ရွေးရနှင့် မအားချေ။ လင်ကိုယ်မယားသာ ရှိသော အိမ်တွင် စကားမပြောမိသော ရက်များပင် ရှိလေသည်။ ဆိုင်းငှားရာသို့ လိုက်ရ၊ ဘုရား ထုံးသုတ်ရာသို့ လိုက်ရနှင့် လင်းကတည်းက ထွက်သွားလိုက်သည်မှာ မိုးကြီးစုန်းစုန်းချုပ်တော့မှ ပြန်ရောက်သည် မဟုတ်လား။ စကားသော်မှ ပြောချိန်မရသည့်အတွက် ရန်ဖြစ်ချိန်လည်း မရ။ သို့သော် ရန်ဖြစ်ကိန်းကြုံသော အခါ ရှောင်၍ မရ။ ထိုနေ့မှာ အဖိတ်နေ့။ အဖိတ်နေ့ကျမှ ရီးဆေးရိုး အိမ်ကပ်နိုင်တော့သည်။
“ဟဲ့ မုန့်လေးဘာလေး မလုပ်တော့ဘူးလား ကျီးဒန်”
ဝါခေါင်မိုးလဖြစ်ငြား ရီးဆေးရိုးမှာ အိမ်ပေါ်မှာ မနေနိုင်။ အိမ်ရှေ့က ‘မန်ကျည်းပနီ’ ပင်အောက် ဆင်းထိုင်နေရာက လှမ်းမေး၏။
“ဗယာကြော် ကြော်မလို့ တော်ရေ့”
နှမ်းလှန်းရန် ပြင်ဆင်နေချိန်တွင် မေးမိသဖြင့် မျက်စောင်းထိုးကား ခံရလေပြီ။ စောင်ကို နေပူတွင် ဖြန့်ခင်းပြီး လူက နေရိပ်တွင် ထိုင်ကာ နှမ်းရွက်များ ကောက်ပစ်နေရာက “ဗယာကြော် ကြော်ဖို့ ဆီမရှိလို့ နှမ်းလှန်းနေတာ ထွက်မသွားနဲ့ဦး၊ ဆီကြိတ်ရမယ်” တစ်ခွန်းထက် တစ်ခွန်း မာကျောတိုတောင်းစွာ လှမ်း ပြောသည်။
“အမေကြီး နှမ်းလှန်းနေတယ်ဟေ့”
ငတက်ပြားမအောက် တစ်ယောက်ခြား လှအုံးမယ်၏ အသံစူးစူးကလေးနှင့်အတူ ကလေးတစ်အုပ်ကြီး ပြေးဝင်လာကြ၏။ ရီးကျီးဒန့်လက်သည် တုတ်တစ်ချောင်းကို နောက်ပြန်စမ်းသပ်ဆွဲယူမိပြီးနေပြီ။
“လာဝံ့ရင်လာစမ်း၊ အသေပဲ”
သည်ကလေးအုပ်သာ အနားကပ်မိလျှင် တစ်ယောက် တစ်ဆုပ် ကောက်ကွေးရုံဖြင့် တစ်ပြည်ခန့် ပါသွားမည်။ သို့ရာတွင် အခြားကလေးတွေ နောက်ဆုတ်ကာ ထွက်သွားကြငြား၊ ငတက်ပြားမနှင့် သူ့ အထက်က တစ်ယောက်ကျော်မောင်ကိုကြီးတို့ ကျန်နေခဲ့၏။ အမေကြီးလက်ထဲတွင် တုတ်ရှိနေသဖြင့် ငတက်ပြားမသည် ဘေးသွားထိုင်၏။ မောင်ကိုကြီးမူ လက်ပိုက်ကာ ကျောင်းသားဟန်၊ ကျောင်းသားမူဖြင့် ရပ်နေ၏။
“နှမ်းက မရရတဲ့ အထဲဟာ၊ ဗယာကြော် ကြော်ရတယ်လို့”
ရီးကျီးဒန် မျက်စောင်းထိုးရင်း “ဘယ်ရမလဲ” ဆိုသည်။
“ရမ်းပြီး ရေသွင်းတာကိုး၊ ရေမသွင်းတဲ့ လယ်ကွက်တွေက နှမ်းဆိုရင် ဘာပိုးမှ မရှိဘူး၊ လုပ်လိုက်ရင် တဇောက်ကန်း”
“ပျက်စီးစေချင်ရင် အပင်ပန်းခံပြီး ရေယူနေဦးမလားဟာ၊ ဓားနဲ့ လျှောက်ယမ်းပစ်မှာပေါ့”
“သူ့ပြောလိုက်ရင်...”
“ဗျို ရီးဆေးရိုးတို့၊ ရီးကျီးဒန်တို့”
အော်အော် ဝင်ဝင် အိမ်ဝိုင်းထဲ ဝင်လာသော လူတစ်ယောက်ကြောင့် ရီးကျီးဒန်၏ ရန်ထောင်စကားမှာ ရပ်သွား၏။
“သာညွန့် လာဟေ့ အိမ်ပေါ်ကို”
ရီးဆေးရိုး ထရပ်ငြား ဧည့်သည်က မန်ကျည်းပင်ခြေရင်းရှိ ‘ထန်းဖုံးဖတ်’ အတိုကလေးပေါ်တွင် ဝင်ထိုင်သည်။
“အလုပ်အကိုင်ကော ဟန်ကျရဲ့လား”
“ကုန်ကြမ်းမရလို့ ငန်းပြား၊ တံစဉ်၊ ဓား ဘယ်လောက်ပဲ အော်ဒါရရ မလုပ်နိုင်ပါဘူးဗျာ၊ အခုတောင် ‘လေးသံ’ ရှိတယ်ကြားလို့ လာတာ မရခဲ့ပါဘူး”
“နို့ လယ်ကတော့ ရ မဟုတ်လား”
“လယ်ကလေး တစ်ကျိပ်စိုက်သာသာပါဗျာ၊ ဆီစားကလေးများ ရမလားလို့ နှမ်းကြဲပါတယ်၊ မိုးရွာမယ့်နေ့မှာ ရေသွားသွင်းမိလို့ ပိုးကိုက်ကုန်ပါရောလား။ အမြင်ကတော့ လေးရှဉ်း ငါးရှဉ်း အားရစရာဗျာ၊ အဲ ခါလိုက်တော့မှ ထွက်လာလိုက်တဲ့ ပိုးကောင်တွေဗျာ၊ ခြအုံကို ဖဲ့ချလိုက်သလားမှတ်ရ”
ရီးဆေးရိုးမှာ သူခိုးသေဖော်ရသဖြင့် တပြုံးပြုံးဖြစ်နေစဉ် မောင်ကိုကြီးက ရှေ့တည့်တည့်လာထိုင်၏။
“အဲဒါ မျိုးမသန့်တာဗျ”
“မဟုတ်ပါဘူးကွာ”
ရီးဆေးရိုး၏ ညည်းညည်းတွားတွား အငြင်းစကား။
“ဘပဲ စဉ်းစားကြည့်လေ၊ ဘတို့ နှမ်းတွေ လေလုံအောင်ထားပေမယ့် ထုတ်လိုက်တဲ့အခါ ပိုး ‘ထွေး’ နေတာဟာ နှမ်းစေ့ထဲမှာ ပိုးပါလို့ပေါ့ဗျ၊ အခုလည်း မျိုး မသန့်တာပဲ ဖြစ်ရမယ်”
“မင်းနားမလည်ပါဘူး သားရာ”
“အမယ် ရီးဆေးရိုး၊ ခင်ဗျားက ခင်ဗျားမြေးကို ကလေးဆိုပြီး အထင်မသေးနဲ့နော၊ သူတို့က သိပ္ပံပညာတွေ ဘာတွေ သင်နေရတာဗျနော”
‘မိုးဝင်း’ ရွာသားကြီး သူ့ဘက်မှ ဝင်ကူသဖြင့် မောင်ကိုကြီး အားတက်သွား၏။ အားတက်ငြား စကားဆက်ခွင့် မရလိုက်။ ကိုသာညွန့် လည်ပင်းရှည်ပြီး ရီးကျီးဒန်အား လှမ်းမေး၏။
“ဘုရားပွဲအတွက်လား ရီးကျီးဒန်”
“ဟုတ်ပါ့တော်၊ ဗယာကြော် ကြော်မလို့”
ထိုအခါ ကိုသာညွန့်အသံ မြင့်တက်သွား၏။ မျက်လုံးပြူး မျက်ဆန်ပြူးလည်း ဖြစ်သွား၏။
“အဲဒီအတိုင်း ဆီကြိတ်ပြီး ဗယာကြော် ကြော်ရင်တော့ တမာသီးကြော် ဖြစ်သွားလိမ့်မယ်ဗျို့ ၊ အမယ်လေး ခါးလိုက်သမှ အန်နေတာ”
ရီးကျီးဒန်၏ အကြောပြိုင်းပြိုင်းလက်များ တန့်သွား၏။
“ခင်ဗျားတို့ဘက်က နှမ်းခါတာ နောက်ကျလို့ မသိသေးတာကိုး။ ကျုပ်တို့ဆီမှာတော့ အဲဒီ နှမ်းဆီ ခတ်မိလို့ အိုးသွန်ပစ်ကြရပေါင်း များလှပြီ။ နေပါဦး၊ နှမ်းတစ်တင်း သုံးဆယ်တဲ့၊ ခင်ဗျား ကြားဖူးလား”
“အလိုလေးတော်” ဆိုကာ ရီးကျီးဒန် တုန်လှုပ်သွားသည့်နည်းတူ ရီးဆေးရိုးလည်း မျက်လုံးပြူးနေ၏။
“တစ်တောင်း ၂၅ဝ ပါဟ”
“မပြာမတီးဘဲ သွားရောင်းလို့ကတော့ သုံးဆယ် ဈေးပဲဗျား၊ ကျကျနန ပြာစင်သွားတဲ့ နှမ်း ဆိုရင်တော့ ဟုတ်ပါတယ်”
“အဲဒါ ဘာဖြစ်လို့လဲ”
“ပိုးစားတဲ့ နှမ်းစေ့တွေမှာ ဆီထွက်မယ့် အသား မရှိတော့ဘူးလေဗျာ၊ အသားမရှိတဲ့ အခွံကို ဆီကြိတ်တော့ အခါးရည်တွေ ထွက်တာပေါ့ဗျ၊ အဲဒါတွေ စင်အောင် ပြာတီးထားတဲ့ နှမ်းကျတော့မှ မခါးတဲ့ ဆီ ထွက်တာလေဗျ။ ဒီတော့ အခွံတွေ အကာတွေ ပါရင် သုံးဆယ်၊ အသားချည်းမှ ၂၅၀”
ရီးဆေးရိုး “အင်း” ခနဲ ညည်းသည်တွင် “ရှေ့နှစ်ကျရင် အိမ်ကမျိုးကို မသုံးနဲ့ ဘ၊ မျိုးကောင်းမျိုးသန့် ရှာပြီးကြဲ” ဟု မောင်ကိုကြီးက ဝင်ပြောလေသည်။ ရီးဆေးရိုးမှာ မောင်ကိုကြီး၏ စကားကို မကြားပါ။ ကိုသာညွန့် နှုတ်ဆက်ပြီး ပြန်သွားသည်ကိုလည်း မသိလိုက်ပါ။ မသုတ်သင်ရသေး၊ နေမလှန်းရသေး သဖြင့် ဂုန်အိတ်ဖြင့် ယာယီထည့်ထားသော နှမ်း သုံးလေးတင်းစာကို ရီဝေစွာ ငေးမောကြည့်နေ၏။
ရီးကျီးဒန်ကား မြေသြဇာအိတ်ခွံတွေ စပ်ဟပ် ဖြန့်ခင်းပြီး တဖြန်းဖြန်း ပြာလေပြီ။ တစ်စလယ်စာ ပြာ ပြီးတိုင်း တစ်ဆုပ်စာမျှသာ ကျန်သည်။ တစ်ဆန်ကော မဟုတ်၊ နှစ်ဆန်ကော မဟုတ်။ သုံးလေးဆန်ကောခန့် ပြာ အပြီးတွင် မျက်နှာပျက်စ ပြုလေပြီ။ နေထုတ်လှန်း ထားသော တစ်တင်းစာ နှမ်းများ ပြာတီး၍ ပြီးချိန်တွင်ကား ‘အဖျား’ များသည် အပုံကြီး မြင့်နေ၏။ မခါးအောင် ဆီကြိတ်နိုင်သည့် ‘အရင်း’ စေ့များမူ သုံးပြည်စာခန့်သာရသည်။ ရီးကျီးဒန် တင်းမထားနိုင်ပါ။
“ကိုဆေးရိုးရေ၊ သုံးလေးငါးဆုံစာ မှန်းထားတဲ့ နှမ်းတစ်တင်း၊ အခုတော့ ကြည့်ပါဦး၊ တစ်ဆုံစာလောက်ပဲ ကျန်ပါတော့ကလား”
မျက်ရည်မဝေ့ မျက်ရည်မကျငြား၊ ရီးကျီးဒန့် အသံ တုန်ယင်နေ၏။ သို့တစေ ရီးဆေးရိုးထံမှ တုံ့ပြန်သံမလာပါ။ ရီးဆေးရိုးသည် စောစောကပင် ချောင်းကမ်းနဖူးသို့ သွားရောက် ငေးမောနေခဲ့လေပြီ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment