Saturday, August 1, 2026

ပြင်လွန်းလျှင်

❝ ပြင်လွန်းလျှင် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ဥသြ ၊ ဥသြ ။

ရမ်းဘိုကုန်းရွာ၏ တောင်ဘက်ရှိ ဘုရားငါးဆူ တောထဲမှ နွေဖွဲ့တေးကို ကျုးရင့်လိုက်သော ဥသြငှက်ငယ်၏ အသံသည် တောင်လေကို စီးလျက် ရွာပေါ်မှ ဖြတ်ကျော်သွားလေသည် ။ ကျီးအာ စွန်လက်သည်းနှင့် ကလိမ်ချုံပင်များ လွှမ်းနေသော ဘုရားငါး ဆူတောသည် မိုးအခါကလို မြင့်မောက် မနေတော့ပြီ ။ ရွက်ဝါတို့ တွဲလဲခို၍ အရိုးကျဲကျဲဖြင့် နိမ့်လျှောကျ ဆင်းနေလေ၏ ။

ကူကူး ကူကူး ။

ထိုချုံပင်များ၏ နောက်ဝယ် ဖုန်အလိမ်းလိမ်း ကပ်နေသော ထန်းပင်ကြီးများသည် နေပူရှိန် အောက်၌ ငိုက်မျဉ်း နေကြလေ၏ ။ တစ်ခုသော ညောင်ပတ် ထန်းပင်မှ ချိုးငှက်တစ်ကောင်သည် ရမ်းဘိုကုန်းရွာထိပ် မန်ကျည်းပင်ပေါ်မှ ချိုးငှက်ကို လှမ်း၍ ရန်စနေပေသည် ။ ချိုးနှစ်ကောင်၏ အပြိုင်တွန်အော်သံသည် ရမ်းဘိုကုန်းရွာ၏ ခြောက်သွေ့ခြင်းကို စိုပြည်အောင် မစွမ်းပေ ။ နေကလည်း ပူ ၊ နားကလည်း ဆူသနှင့် ပို၍ ညည်းငွေ့ဖွယ်ရာကိုသာ စေ့ဆော်နေပေတော့သည် ။ ရမ်းဘိုကုန်းရွာ၏ စည်းရိုးကို တောင်ဘက်မြောင်း နှုတ်ခမ်းထိ မတိုးချဲ့ မီတုန်းက ဆိုလျှင် စည်းရိုးတွင် တွယ်တက်နေသော ကြွက်နားပေါင်းပင် ၊ ဆီချွဲနှင့် မုန့်ကျွဲသည်းပင်တို့က စိမ်းမြမြအသွေးဖြင့် အအေးဓာတ်ကို ကူညီဖန်တီးသည့်အတွက် အနေရမခက်လှသော်လည်း ယခုမူ အိမ်ရှေ့သို့ လှမ်းကြည့်လိုက် သည်နှင့်တစ်ပြိုင်နက် မြေပြင်မှ တံလျှပ်သည် မျက်လုံး ထဲသို့ ပြေးဝင်လာလေ၏ ။ မြောင်းနှုတ်ခမ်းအထိ တိုးချဲ့လိုက်သော စည်းရိုးသည် ဝေး၍လည်း သွားသည့်အပြင် သစ်ပင်ချုံနွယ်သော်မျှ မပေါက်ရောက် သေးသည့်အတွက် အခံရခ က်လှ၏ ။ ရွာ၏ ကျောဘက် ချောင်းထဲသို့ လှမ်းကြည့်လိုက်လျှင်လည်း တသီတတန်းကြီး စိုက်ထားသော အာလူးခင်းများကို မြင်ရပါ၏ ။ သို့ရာတွင် အာလူးခင်းများမှာ ဝါရော်စ ပြုနေပေပြီ ။ ကြည့်မိသူအား ဘယ်လိုမှ အေးကွက် မပေးနိုင်ပေ ။ အာလူးခင်းများကိုကျော်၍ မျှော်ချေသော် မီးထလုခမန်း ခြောက်နွမ်းနေသော ကိုင်းတောကြီး ။ ကိုင်းတောကို ခြံရံနေသော အရာကား အငွေ့ထနေသော တံလျှပ်သဲပြင်ကြီး ။

ရွှေပြည်စိုး ။

အေးသာ၍ ဆွဲဆွဲငင်ငင်ရှိလှသော ရွှေပြည်စိုး ငှက်၏ အသံသည် ချိုးနှင့် ဥသြတို့ ကူချွဲသံ၏ အဆုံးဝယ် ထွက်ပေါ်လာ၏ ။ သို့သော်လည်း ငှက်ငယ်၏ အသံသည် နွေကာလ၏ ပူပြင်းသော ဒဏ် အောက်၌ ဝပ်စင်းနေကြရသော ရမ်းဘိုကုန်းရွာသားများ၏ နားသို့ ပေါက်ရောက်သွားခြင်း မရှိပေ ။ အထူးသဖြင့် ကိုဆေးရိုး၏ နားထဲသို့ မည်သည့် သာယာသောအသံ ကမျှ ထိုးဖောက်နေရာယူနိုင်ခြင်း မရှိချေ ။

“ အင်း ”

ကိုဆေးရိုးမှာ နွားတင်းကုပ် တံစက်မြိတ်အောက်တွင် ဆောင့်ကြောင့်ထိုင်လျက် ဒူးတစ်လုံးစီပေါ်၌ လက်တစ်ဖက်စီ ဆန့်တန်းထားကာ နွားတင်းကုပ်ထဲသို့ လှမ်းကြည့်နေပေသည် ။ နွားတင်းကုပ်တွင်း၌ကား နွားအိုကြီးနှင့် စာဥကြီးသည် ဖွဲနုနှင့် ကောက်ရိုး နုပ်နုပ် စဉ်းထားသော နွားစာခွက်ထဲမှ အစာကို အလုအယက် စားနေကြ၏ ။

အချိန်မှာ နွားတွေကို တင်းကုပ်၏ အပြင်ဘက်သို့ ထုတ်ကာ ကောက်ရိုးခြောက်ကလေး ကျွေး၍ နံနက်ပိုင်း တစ်ချိန်လုံး မန်ကျည်းပင်အောက်တွင် ခြေဆန့် လက်ဆန့် ချည်ထားပြီးနောက် ၊ လူတွေ ထမင်းစားခါ နီးမှ နွားတွေကို နွားတင်းကုပ်ထဲသွင်း၍ အစာကျွေးသော အချိန်ဖြစ်၏ ။ တစ်နံနက်လုံး ကောက်ရိုးခြောက်ကိုသာ အာသာဖြေ ဝါးနေခဲ့ရသော နွားများမှာ နွားတင်းကုပ်ထဲသို့ သွင်းလိုက်၍ ကြိုးချည်ပြီးသည်အထိပင် မဆိုင်းနှိုင်ဘဲ တရှူးရှူး နွားစာခွက်ထဲသို့ ခေါင်း ထိုးပြီး လုယက်စားလေ့ရှိသည် ။ ထိုသို့ နွားအိုကြီးနှင့် စာဥကြီးတို့ ခေါင်းမဖော်ဘဲ မျိုဝါးနေစဉ်ဝယ် နွားအိုကြီးနှင့် မနီးမဝေးတွင်ရှိနေသော နွားသိုးကလေး တစ်ကောင်မှာကား ညှိုးငယ်စွာရပ်နေလေသည် ။

တစ်ပါးသော နွားတို့ စားသည်ကို မသိသည့်နှယ် ခေါင်းပေါ်တွင် လေးလံသော အရာဝတ္ထုတစ်ခုကို တင်ထားရသည့်အလား မခံနိုင်သော အသွင်ဖြင့် နားရွက် အစုံ ပေစင်းလျက် ခေါင်းကြီးငုံ့နေချေ၏ ။

“ တောက် ၊ ဖြစ်မှ ဖြစ်ရလေ ရွှေနီကလေးရာ ”

ကိုဆေးရိုးသည် နွားသိုးကလေးကို စူးစိုက်ကြည့် နေရာက ပင်ပင်ပန်းပန်း သက်မချလိုက်ပြီးနောက် ဝမ်းနည်းသံကြီးဖြင့် ရေရွတ်လိုက်သည် ။ နွားကလေးမှာ မိမိ ခေါင်းပေါ်သို့ လာရောက်နှောင့်ယှက်နေသော ယင်ကောင်များကိုပင် ခေါင်းယမ်းခါ၍ လှုပ်ခြောက် နိုင်ခြင်း မရှိ ။ တစ်ချက်တစ်ချက်တွင်သာ နားရွက်ကို တဖပ်ဖပ် မြည်အောင် လှုပ်ခတ်၍ ခြောက်လှန့်နိုင်၏ ၊ နွားကြီးနှစ်ကောင်၏ နှာမှုတ်သံမှတစ်ပါး အခြား အသံများကင်းမဲ့နေသော ဤနွားတင်းကုပ် အတွင်းဝယ် ခြောက်ကပ်စွာ ထွက်ပေါ်လာသော နွားကလေး၏ နားရွက်ပုတ်ခတ်သံက ကိုဆေးရိုး၏ ရင်ကို နာကျင်စေ၏ ။ နွားတွေသည် အနားရ၍ အားအင်ပြည့်သော အခါ၌ မြေကို ယက်၍ တဘုန်းဘုန်းနှင့်အသံကြီး မြည်လာအောင် ရင်ဘတ်အောက်သို့ ပက်သွင်း၏ ။ ထိုအသံကြားလျှင် ရယ်ရွှင်နိုင်သော ကိုဆေးရိုးက ဘာ မဟုတ်သော နားရွက်ခတ်သံကိုမူကား အမင်္ဂလာသံ ဟုသာ ထင်နေမိလေ၏ ။ 

ကိုဆေးရိုးသည် နွားကလေး အနီးသို့ လျှောက်လာခဲ့ကာ ဘို့ကလေးကို ပွတ်သပ်ပေးသည် ။ နွားကလေး၏ မောက်ချိတ်နေခဲ့ဖူးသော ဘို့သည် မရှိတော့ပြီ ။ တင်းရင်းနေသော အရေသည် ပျော့ဖတ်နေကာ ၊ ဆီသုတ်ထားသလို ပြောင်လက်နီထွေးနေသော အမွေးများသည်လည်း ထိုးထိုးထောင်လျက် ဝါရော်နေချေပြီ ။

“ အင်း ၊ စားစမ်း ၊ စားစား ”

ကိုဆေးရိုးမှာ မိမိက ပွတ်သပ်လျက်ရှိသည့်တိုင်အောင် ဘယ်လိုမျှ မလှုပ်ရှားသော နွားကလေးကို လည်ပင်းကြိုးမှ ဆွဲယူလျက် နွားစာခွက်တွင်းသို့ ခေါင်းထည့်ပြီး နှုတ်သီးထိုးပေးလိုက်သည် ။ နွားကလေးက အစာနှင့် နှုတ်သီး ထိနေပါလျက်နှင့် မစားပေ ။

“ ရော့ ၊ ရော့ ”

ကြည့်ရင်းကြည့်ရင်း အားမလိုအားမရ ဖြစ်လာ သည့်အတွက် ‘ ကောက်ရိုးစဉ်း ’ များကို နွားကလေး၏ ပါးစောင်ထဲသို့ ထိုးသွင်း၏ ။ နွားကလေး၏ နှုတ်သီးသည် မလှုပ်ရှားလာ ။ အစာများသာ ပါးစောင် ကြားတွင် တင်ကျန်ရစ်သည်က ကျန်၍ နွားစာခွက်ထဲသို့ ပြန်ကျလာသည်က ကျလာ၏ ။

“ ဟင်း ”

ကိုဆေးရိုးသည် နွားကလေးကို မျက်နှာ လွှဲလိုက်မိသည် ။ အိမ်ဘက်သို့ ခေါင်းငိုက်စိုက်ချလျက် ထွက်လာမိပြီးမှ ရုတ်ခြည်းသတိရကာ နွားကလေးကို မူလနေရာသို့ ဆွဲရွှေ့ပေးလိုက်၏ ။ အဘယ်ကြောင့် ဆိုသော် မျက်နှာချင်းဆိုင်ဘက်က စာဥကြီးသည် မလှုပ်မယှက်နှင့် ဝေဒနာသည်ကလေးကို ချိုစွမ်းပြမည် စိုးသောကြောင့်တည်း ။

“ ထမင်းစားမယ်လေ ”

တဲထဲသို့ ဝင်မိလျှင် မကျီးဒန်က ဆီး၍ ပြောသည် ။

“ အေးပါဟာ ၊ စားတာပေါ့ ”

ပါးစပ်က စားမည် ပြောသော်လည်း လူကမူ မီးဖို ဘေးရှိ သံပုံးတစ်ပုံးကို ဆွဲယူနေ၏ ။ သံပုံးထဲ၌ကား နှမ်းဖတ်ခဲ မှိုတက်များဖြင့် ပြည့်နေသည် ။ ကိုဆေးရိုး က နှမ်းဖတ်ခဲများကို အင်တုံတစ်လုံးထဲတွင် ရေဖြင့် ဖျော်ပြီး နွားတင်းကုပ် ထဲသို့ ယူလာခဲ့ကာ ကောက်ရိုးစဉ်း အနည်းငယ် ရောမွှေ၍ နွားကလေး ရှေ့သို့ ချလိုက် သည် ။ နှမ်းဖတ်ရနံ့သည် ပျံ့လှိုင်လာ၏ ။ နွားစာခွက်၏ ဟိုမှာဘက်တွင်ရှိသော စာဥကြီးက ခေါင်းထောင် ကြည့်ကာ ‘ ဝူး ’  ဟု အသံပေးသည် ။ နွားအိုကြီးကမူ စောစောက ခေါင်းမဖော်ဘဲ စားနေခဲ့သော နွားစာခေါင်းကို ဖင်ပေးလျက် ကိုဆေးရိုး အနားသို့ ရောက်လာ၏ ။

“ နွားအိုကြီးဟာ ၊ သေတော့မနော် ”

နွားအိုကြီးကို ချာခနဲ လှည့်ထွက်သွားစေအောင် ပြင်းပြင်းထန်ထန် အော်လိုက်သော ကိုဆေးရိုးသည် နွားကလေးကိုမူ သားကလေးသဖွယ် ချိုသာစွာပြော၏ ။  ယုယစွာ ပွတ်သပ်ပေး၏ ။

“ စားပါ သားရယ် ၊ စားစမ်းပါ ”

နှမ်းဖတ် ရောသော နွားစာအင်တုံကို နွားအိုကြီး မမီသောနေရာသို့ ပို့လျက် အင်တုံကို မြှောက်မပေး၏ ။ နွားကလေးမှာ တစ်ချက်မျှသာ လျှာဖြင့် ထိုးကောက်လိုက်ပြီးနောက် နောက်ထပ် မစားတော့ပေ ။

“ ကိုဆေးရိုးရေ ၊ နေမြင့်နေပြီတော်ရဲ့ ။ ထမင်းစားရအောင် ”

“ အေး ၊ အေး ”

နားမှ အေးစေတော့ဟု ချက်ချင်း ပြန်လှန်အသံ ပေးလိုက်ရသော်လည်း ကိုဆေးရိုးသည် နွားကလေးကို ငေးမြဲ ငေးကြည့်နေ၏ ။ နွားကလေးသည် ခေါင်းကြီး အောက်စိုက်ကာ မျက်လုံးကို ပုတ်ခတ် ပုတ်ခတ် လုပ်နေသည် ။ သီးသန့်ပြင်ဆင်ပေးသော နွားစာခွက်ကိုကား နောက်ထပ် မတို့တော့ပြီ ။ ကိုဆေးရိုးမှာ နွားကလေးကို ကြည့်ရင်းကြည့်ရင်း ရင်ထဲမှာဆို့လာသည် ။ ကြာကြာ ကြည့်လေလေ စိတ်မချမ်းသာလေ လေ ဖြစ်လာရ၏ ။ သို့ကြောင့်လည်း ခေါင်းကို ငုံ့လိုက်ပြီး လေးလေးတွဲ့တွဲ့ ထရပ်လိုက်သည် ။

“ ကိုဆေးရိုး ”

ထိုစဉ်တွင် မကျီးဒန်၏ အသံ ပေါ်လာပြန်၏ ။ အခါခါ ခေါ်သည့်တိုင်အောင် လူမရောက်လာပါက မကျီးဒန်သည် ဘုံဆောင့်ချေမည် ။ ထိုရောအခါ၌ နွားကလေးကို အကြောင်းပြု၍ စိတ်ဝမ်းနည်းကြေကွဲနေရ သူသည် နောက်ထပ် တောက်လောင်လာသော မီးကို ခေါင်းငုံ့ခံလျှင် တော်၏ ။ မီးကို မီးဖြင့် တုံ့ပြန်သော် မကောင်း ။ ထို့ကြောင့်ပင် “ လာပြီဟေ့ ” ဟု ဆိုကာ တဲဘက်သို့ ခပ်သုတ်သုတ် လှမ်းထွက်လာခဲ့သည် ။ တဲတွင်းသို့ ဝင်မိသောအခါ ထမင်းပွဲ ဘေးတွင် ထိုင်စောင့်နေသော မကျီးဒန်ကို တွေ့ရ၏ ။

“ စားနှင့်ရောပေါ့ဟာ ”

“ တော်ပါ တစ်ခါတည်း စားစေချင်လို့ပေါ့တော် "

ကိုဆေးရိုးက ညည်းညူညူ ပြောရင်း ထမင်းပွဲ တွင်ဝင်ထိုင်သည်နှင့်တစ်ပြိုင်နက် ပုန်းရည်ကြီးနံ့သည် နှာဝကို ရှူလျက် ကိုဆေးရိုးအား ဆီးကြိုသည် ။ မကျီးဒန်သည် ဆင်မကျွန်းပုန်းရည်နှင့် လက်ပံပွင့်ခေါင်းကို ဒုံးခြောက်နှင့် ရောကျိုထား၏ ။ တွဲဖက်ဟင်းမှာ ငရုတ်သီးထောင်းပေတည်း ။ ပြိုက်ခနဲကျလာသော သွားရည်ကို ဂွတ်ခနဲမျိုချလျက် ကိုဆေးရိုးမှာ ထမင်းအဖြူ တစ်လုတ်ကို ကပျာကယာ ကောက်ကွေးလိုက်ရသည် ။ တစ်ခဏချင်း သောကသည် မှေးမှိန်သွားရ၏ ။ ပုန်းရည်ဟင်းကိုဆမ်း ၊ ငရုတ်သီးထောင်းနှင့် နယ်၍ မနားတမ်း လွေးလိုက်သည်မှာ ပန်းကန်ထဲမှ ထမင်းများ ချက်ချင်းပြောင်စင်သွားလေ၏ ။

“ နွားကလေး ဘယ်နှယ့် နေသလဲဟင် ”

ထမင်းထည့်ပေးရင်း မကျီးဒန်က မေးလိုက်သည် ။ ထမင်းပေါ်သို့ ပုန်းရည်ဆမ်းပြီးနောက် အားရပါးရ အယ်လိုက်ရန် ဖြန့်ကားလိုက်သော ကိုဆေးရိုး၏ လက်သည် တန့်သွား၏ ။ “ ဒီလိုပါပဲဟာ ” ဟု စိတ် မချမ်းသာသံကြီးဖြင့် ဖြေလိုက်သည် ။ ဆက်လက်၍ ထမင်းပေါ်မှ ဟင်းကို အမှတ်မထင် ငေးကြည့်နေမိသည် ။

ကိုဆေးရိုးသည် ငေးနေမိ၏ ။ ခဏတာမျှ ပုန်းရည်တန်ခိုးဖြင့် မေ့ပျောက်နေခဲ့သော နွားကလေးသည် မျက်လုံးထဲ၌ ထင်းထင်းကြီးပေါ်လာသည် ။ အမွေးများ ပြောင်လက်လျက် မောက်ချိတ်နေသော ဘို့ကြီးနှင့် နွားကလေး ။ နွားကလေးသည် မျက်ဖြူကြီး လန်လျက် တုံးလုံးကြီး လဲနေ၏ ။ ခြေထောက်နှင့် လက်များကို ကြိုးဖြင့်တုပ်နှောင်ထားစက ခေါင်းထောင်၍ ထောင်၍ ထရန်ကြိုးစားခဲ့သော နွားကလေးသည် ယခုမူ မျက်ဖြူကြီးလန်၍ ငြိမ်သက်နေပေပြီ ။

“ ဟေ့ ကျောက်ခဲ ၊ သေသေချာချာ လုပ်နော် ”

ကိုဆေးရိုးက နွားကလေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း သတိပေး၏ ။

“ အေးပါကွာ ”

ကိုကျောက်ခဲက နွားကလေး၏ ပေါင်ကြားတွင် ပြားပြားကြီး ထိုင်နေရာက ပြန်ဖြေ၏ ။ ကိုကျောက်ခဲ သည် နွားကလေး၏ ပေါင်ရင်းကို ဝါးရင်းတုတ် နှစ်ချောင်းဖြင့် ညှပ်ထားသည် ။ ဝါးရင်းတုတ် နှစ်ချောင်းမှာ တစ်ဖက်တွင် ပူးချည်၍ နွား၏ ဝှေးအရင်းကို ညှပ်ထားခြင်းဖြစ်ရာ ကြိုးမတုပ်သောအပိုင်းကို ဘညိန်းက ဖိထားလေသည် ။ ဘညိန်းသည် ကိုကျောက်ခဲ၏ လက်တစ်ဖက် မြောက်တက်သွားတိုင်း သွားတိုင်း ကျောကို တွန့်ပစ်လေသည် ။

“ အမယ်လေး ”

ဘညိန်းမှာ နွားကလေးအစား ကြားက အသည်းတုန်လျက်ရှိ၏ ။ အဘယ်ကြောင့်ဆိုသော် ကိုကျောက်ခဲသည် နွားကလေး၏ဝှေးစေ့များကို အောက်က ကျောက်ပြားခံ၍ အပေါ်မှ ပုလင်းတစ်လုံးဖြင့် ထုရိုက်နေသောကြောင့်ဖြစ်သည် ။

“ ကျုပ်တော့ဗျာ ကြည့်ရတာကို အူထဲက ယား ယားလာတယ် ။ တစ်ခါတည်း ဓားနဲ့ ဖြတ်ပစ်လိုက်ရင် အေးရော ။ နာတာချင်းတူရင် ဖြတ်ပစ်တာက တော်သေးတယ် ”

ကြည့်နေရသည့် အချိန် ကြာမြင့်လာသောအခါ၌ ဘညိန်းမှာ မနေနိုင်မထိုင်နိုင် မြည်တမ်းလိုက်သည် ။

“ အေး ၊ မင်းပြောတာ ဟုတ်တယ် ။ တစ်ခါတည်း ဖြတ်ပစ်လိုက်တာဟာ အသင်းခံရတဲ့ နွားမှာ အနာ မပျောက်ခင်ပဲ ခံရတယ် ။ ပြီးတော့ ဝဖြိုးနေတာပဲ ။ သန်လည်း သန်တယ် ”

လက်ရိုက်သဏ္ဌာန် ပုလင်းဖြင့် ဆကာဆကာ ထုချေရင်း ပြန်ပြော၏ ။

“ အေး ၊ အနာ မပျောက်ခင်မှာ ညှော်နံရင် ၊ ယင်အုံရင် တစ်ခါတည်း စန့်ရော ”

“ အမယ် ထုတာကရော ကျောက်ခဲရာ ၊ မစင်ရင် ချည့်တာပဲ မဟုတ်လား ”

ကိုဆေးရိုး လှမ်းပြီး စောဒကတက်၏ ။

“ အခုလို မကျေမချင်း ထုတာက မစင်မှ ဒုက္ခ ရောက်တာပဲကွ ။ ဒါတောင် ဗုန်းခနဲ လဲသွားတာ မဟုတ်ဘူးကွ ”

ယခုကဲ့သို့ ပုလင်းဖြင့် လည်းကောင်း ၊ ကျောက်ခဲဖြင့် လည်းကောင်း ထုချေပြီး သင်းခြင်းမှာ မတော်တဆ အစေ့ကြွင်း အဆန်ကျန်များ ရှိနေခဲ့သော် အသင်းခံရသော နွားမှာ တပိန်ပိန်တညှော်ညှော် ဖြစ်နေတတ်၏ ။ သို့သော် တပိန်ပိန် တလိမ်လိမ်ဖြစ်ခြင်းသည် ဘုံးခနဲ လဲသေသွားခြင်း မဟုတ်၍ ကြားတွင် ကြံသာဖန်သာ ရှိသေး၏ ။ အပြောင်အစင် တစ်ကြိမ်တည်း လှီးထုတ်ပစ်လိုက်ခြင်းကား ကောင်းမွန်၏ ။ ထု၍ သင်းခြင်း ထက် ကောင်းမှန်းကို မသိ၍ မဟုတ် ။ သိပေသော်ငြားလည်း အနာမကျက်မီတွင် ယင်မနားအောင် ၊ ညှော်မမိအောင် မစောင့်ရှောက်နိုင်ကြသဖြင့် မလုပ်ဝံ့ပေ ။ ဖြစ်မိ လျှင်လည်း ကြံချိန်ဖန်ချိန် မရှိ ။ နမော်နမဲ့ လူများနှင့် အလိုက်ပေး၍ နွားချင်းလဲခြင်း စသည်များကိုပင် လုပ်ချိန်မရလိုက်ဘဲ သေသွားလေ့ရှိ၏ ။ ကိုကျောက်ခဲက ယင်းအချက်ကို ရည်ညွှန်းပြောလိုက်ခြင်းဖြစ်သည် ။

“ ဘညိန်း ပြောသလို လုပ်ဖို့က ဘယ်သူမှ နွားပေါင်ကြားကို အမြဲတမ်း ငုံ့ကြည့်ပြီး ယင်ခြောက်မနေနိုင်ဘူး မဟုတ်လား ”

ဘညိန်းက ပခုံးတစ်ချက် တွန့်လိုက်သည် ။

“ ဟာဗျာ စိတ်မချမ်းသာစရာကြီး ” ဟု ပြောလျက် မျက်နှာလွှဲထားလိုက်သည် ။ ဘညိန်း မျက်နှာလွှဲ ထားမိရာနေရာမှာ တလင်းများ ပြုလုပ်ရာ သရက်ပင်အုပ်ကြီး ဖြစ်ပေ၏ ။ နေ့ခင်းနေ့လယ်ပင် ဖြစ်သည့်တိုင်အောင် သရက်ပင်အုပ်၏ အောက်တွင် နှင်းငွေ့များ ဖြင့် ဝေမှောင်နေ၏ ။ ယခုလို အအေးဓာတ် လွန်ကဲနေချိန်မျိုးတွင် လိုအပ်သော နွားသိုးများကို သင်းကွပ်လေ့ရှိကြ၏ ။ အနာများသည် အေးသော အချိန်၌ ကျက်လွယ်ပျောက်လွယ်သည် ။ သစ်ပင်ဖျားမှ သစ်ရွက်ဝါများ ဝါရော်လျက် တဖွဲဖွဲကြွေကျသော သစ်ရည်တက်ချိန်မျိုးတွင် သေးသောအနာသည် ကြီးလာ လေ့ရှိကာ ၊ ကြီးသောအနာမှာ မပျောက်နိုင်မကင်းနိုင် ဖြစ်နေတတ်သည်ဟု ကိုဆေးရိုးတို့ စွဲမှတ်ယုံကြည် သောကြောင့်လည်း သူ့အိုး ၊ သူ့အိမ်ထောင် ၊ သူ့အလုပ် နှင့်ဖြစ်နေသော ဘညိန်းကို စောစော စပါးနယ်စေကာ သင်းကွပ်ခြင်းကို စောစောလုပ်ကိုင်နေကြခြင်းဖြစ်၏ ။

ကိုကျောက်ခဲ၏ အသံထွက်ပေါ်လာမှ ဘညိန်းမှာ နွားကလေးကို ငုံ့ကြည့်မိသည် ။ “ နွားမို့ပေါ့ကွာ ။ လူ သာ ဆိုရင် ပထမတစ်ချက် ထုကတည်းက ဆန့်ငင် ဆန့်ငင်နဲ့ အသက်ထွက်သွားပြီ ” ဟူ၍လည်း စိတ်ထဲမှ မှတ်ချက်ချရင်း ကျောကို တွန့်လိုက်မိသည် ။

“ စင်ရဲ့လားကွာ။ သေသေချာချာ စမ်းကြည့်ပါဦး ။ နောက်မှ မစင်လို့ ထပ်လုပ်ရရင် မကောင်းပါဘူး ”

ကိုဆေးရိုးက စိုးရိမ်တကြီး သတိပေးလိုက်သဖြင့် ကိုကျောက်ခဲမှာ နွားကလေး၏ ကပ်ပယ်အိတ်ကို လက်ဖြင့် ဖြည်းဖြည်းချင်း စမ်းသပ်ကြည့်နေ၏။

“ စင်ပါတယ်ကွ ”

အတန်ကြာမှ ကိုကျောက်ခဲက စိတ်ချကျေနပ်သော အသံဖြင့် ပြန်ဖြေလိုက်ရာက တစ်ဆက်တည်း မေးလိုက်၏ ။

“ ချိုကော သဦးမလား ”

သ သည် ဆိုသည်မှာ ပြင်ဆင်မွမ်းမံခြင်းပင် ဖြစ်သည် ။

ကိုဆေးရိုးမှာ ကိုကျောက်ခဲ မေးမှ နွားကလေးကို သေသေချာချာ ငုံ့ကြည့်မိသည် ။ နွားကလေး၏ ဦးချို နှစ်ချောင်းမှာ ရှေ့သို့ ငိုက်ကျနေ၏ ။ ဒီအတိုင်း ဆက်၍ ထားလျှင် သုံးနှစ်သားမျှသာ ရှိသေးသော နွားကလေးကို ခုနစ်နှစ်သား ၊ ရှစ်နှစ်သား နွားကြီးဟု ထင်ရအောင် ရင့်ရော်နေရုံမက ဦးချို၏ အရင်းပိုင်းမှာ တဖြည်းဖြည်း ယိုင်ငိုက်လာပေလိမ့်မည် ။

“ အေး ၊ ကောင်းသားပဲ ”

ကိုဆေးရိုးက နွားကလေးကို ငုံ့ကြည့်ရင်း ဖြေရာက ဆေးဖြင့် နှယ်ပေးနေသော ဘညိန်းအား လှမ်းကြည့်ပြီး မေးလိုက်၏ ။

“ အုန်းမောင်တို့အိမ်မှာ ‘ ကိုက် ’ ရှိတယ် မဟုတ်လားဟေ့ လူလေး ”

‘ ကိုက် ’ ဆိုသည်မှာ အရိုးမပါသော ဓားအကောက် တစ်မျိုးပင် ဖြစ်သည် ။

“ ပါပါတယ်ကွာ။ ဟိုမေးဒီမေး မေးမနေရပါဘူး ”

ကိုကျောက်ခဲက မိမိ၏ တန်ဆာပလာများထည့်သော ဂုန်နီလွယ်အိတ်ထဲမှ ‘ ကိုက် ’  ကို ထုတ်ယူလိုက်သည် ။ ကိုက်နှင့် အတူ လွှအသေးကလေး တစ်ချောင်းပါ ပါလာသည် ။

“ ကဲ ဘယ်ပုံ ကြိုက်သလဲ။ အဝိုင်း ကြိုက်သလား၊ အချွန် ကြိုက်သလား ”

အဝိုင်းကြိုက်သည် ဆိုလျှင် သွေးလွတ်သော နေရာမှ နေ၍ ဦးချိုကို လွှဖြင့် တိုက်ဖြတ်ပြီး ကိုက်ဖြင့် နည်းနည်းပါးပါး အပေါ်ယံသားကို ခွာချလိုက်ရုံပဲ ရှိသည် ။ နွား၏ ဦးချိုကို ချွန်မြနေစေချင်လျှင် နှစ်ဖက်ချွန် ချွန်သလို ဖြည်းဖြည်းချင်း ကိုက်ဖြင့် ခွာပေးရပေမည် ။ ဦးချို ရှည်လွန်းနေလျှင် မကြာမီ ထပ်၍ သပေး ရဦးမည်ဖြစ်၏ ။ သို့ကြောင့် ခြောက်နေသောအပိုင်း ကုန်သော နေရာသည် ဦးချိုထိပ် ဖြစ်ရပေမည် ။ ဦးချို အဝိုင်းရှိသော နွား၏ ဦးချိုသည် ထိပ်မှ တိတိရိရိ ဖြတ်ထားသဖြင့် နွားချင်း ဝှေ့သောအခါ တစ်ဖက်နွား၏ နှာရောင်ကို ဆောက်ခုံးဖြင့် ထိုးသော ဒဏ်ရာမျိုးကို ဖြစ်စေ၏ ။

ဦးချို ချွန်ထားသော နွားကတော့ ဝှေ့ဖက်နွား၏ နှာယောင်ကို မှိန်းဖြင့် ထိုးလိုက်သလို ၊ လှံဖြင့် ဆွလိုက်သလို နာကျင်စေကာ တစ်ဖက်သားနွားမှာ တစ်ချီတည်းဖြင့် ဖင်ပိတ်ပြေးတော့သည် ။ ချိုဝိုင်းသည် ဒဏ်ရာကြီးကြီး ရစေ၍ ၊ ချိုချွန်သည် ဒဏ်ရာပြင်းထန်စေ၏ ။

သို့သော် မိန်းမတိုင်းသည် ဆံရစ်ဝိုင်းကြီးဖြင့် ကြည့်၍ မလှ ။ အချို့သော မိန်းမများသည် ဆံရစ် သိမ်းလိုက်မှ ကြည့်ကောင်းလာသော်လည်း ၊ အချို့မှာမူ ဆံရစ်သိမ်းလိုက်မှ နဖူးပြောင်ကြီး ပေါ်လာသည့်အတွက် အကျည်းတန်လာသလို ၊ အချို့ နွားသည် ချိုပြတ်ချိုဝိုင်းဖြင့် ကြည့်ရသည်မှာ ကြွကြွကြွား နေသော်လည်း ၊ အချို့ နွားမှာ ချိုပြတ်နှင့် ကျမှ ထိုင်းတိုင်းတိုင်းကြီး ဖြစ်နေတတ်၏ ။ အချို့ နွားမှာ နှာရောင်ကလည်း ကောက် ၊ ချိုကလည်း ချွန်ထားဦးမည်ဆိုလျှင် နဖူးက မောက်ရသည့်အထဲ ဖင်ပါကောက်သော ခေါင်းတုံး ပြောင်ပြောင်နှင့် လူတစ်ယောက်ကို ကြည့်ရသလို ရှု၍ ကြည့်၍ ပဏာမစားပေ ။ သို့ကြောင့် ကိုဆေးရိုးက မျက်ဖြူကြီး တဖြည်းဖြည်း နေရာမှန်သို့ ရွှေ့ပြောင်းစ ပြုလာပြီ ဖြစ်သော နွားကလေးကို သေသေချာချာ စိုက်ကြည့်၏ ။

“ ဟာ ဒီကောင်က ချွန်မှ ကောင်းမှာကွ ”

နွားသင်းကွပ်ဆရာ ကိုကျောက်ခဲသည် သင်းကွပ်ခ ရသော်လည်း ချိုသသော အလုပ်ကို စိတ်ရှည်လက်ရှည် အဆစ် ထည့်ပေးလိုက်၏ ။ ခြောက်သွေ့လျက် အကြေးခွံများလန်ကာ ပေရေသော ဦးချိုနှစ်ချောင်းမှာ ပန်းရောင်ပြေးလာ၏ ။

“ ကဲ ပြီးပြီဟေ့ ”

ကိုကျောက်ခဲက နောက်သို့ ဆုတ်လိုက်လျှင် ဘညိန်းက တုပ်ထားသော ကြိုးတွေ ဖြေပစ်လိုက်သည် ။ နွားကလေးမှာ အနှောင်အဖွဲ့မှ လွတ်လာပြီ ဖြစ်သည့်အတွက် တရှူးရှူးဖြင့် ဒေါမာန်များ ထလာနိုင်၏ ။ ကိုဆေးရိုးက နွားကလေးကို ခပ်လှမ်းလှမ်းမှ ဆုတ်ကြည့်ပြီးလျှင် ရှေ့သို့ တိုးကပ်လာ၏ ။ ကိုကျောက်ခဲ၏ လက်ထဲမှ ကိုက်ကို ဆွဲယူလိုက်သည် ။

“ ဟေ့ကောင် တော်ပြီလေကွာ ”

ကိုကျောက်ခဲက တားမြစ်၏ ။

“ နည်းနည်းလေး နည်းနည်းလေး ”

ကိုဆေးရိုးသည် နွားကလေး၏ နှာဖားစကို ဘညိန်းအား ကိုင်စေလျက် ချိုနှစ်ချောင်းကို လှသည်ထက် လှအောင် ပြင်ဆင်ပေးသည် ။ နောက်သို့ သုံးလေးလှမ်း ဆုတ်ပြီး နွားကို ကြည့်လိုက် ရှေ့သို့ တိုးလာပြီး မွမ်းမံလိုက်ဖြင့် စိတ်ရှိလက်ရှိ ပြင်နေသည် ။

“ ကဲ ကဲ ”

ကိုကျောက်ခဲက စိတ်မရှည်သံဖြင့် အော်မှ ကိုဆေးရိုးက အပြင်ရပ်၏ ။

“ ပြင်လွန်းရင် ဖင်ချွန်းနေမနော် ”

“ မချွန်းပါဘူးကွာ ”

နွားကလေး၏ ချိုကို ချက်ချင်းပင် နွားချေးနှင့် မိဿလင် နှယ်ပြီး အုံပေးလိုက်သည် ။ သွေးရောင် လွှမ်းနေသော ချိုကို အပူဓာတ်ဖြင့် မြန်မြန် ကျက်စေရန်ဖြစ်သည် ။ ကိုဆေးရိုးသည် နွားကလေးကို သင်းကွပ်ပြီးသည့်နောက်တွင် ခါတိုင်းလို နွားကြီးတွေနှင့် ရော၍ပင် စပါးနှယ်ခိုင်းခြင်း မပြုတော့ပေ ။ ချည်တိုင်မှာသာ ထားပြီး အစားချည်း ဖိကျွေးနေ၏ ။ နွားကလေး အိပ်သည့် ရပ်သည့်နေရာကိုလည်း သန့်ရှင်းအောင် ဂရုစိုက်၏ ။ ဂရုမစိုက်၍ မဖြစ်ပေ ။ နေရာ မသန့်မှုကြောင့် သင်းကွပ်ထားသော ဒဏ်ရာက အဆောက်အအုံကြီးဖြစ်လျှင် မခက်ပါလော ။

ဤနွားကလေးကို စာဥကြီးနှင့် ယခု တွဲနေသော နွားအိုကြီးနေရာတွင် အစားထိုးရန် ရည်ရွယ် ဝယ်ယူထားခြင်း ဖြစ်၏ ။ နွားကလေးကို ဝယ်သည့်အချိန်တွင် နွားအိုကြီးမှာ ညှာညှာတာတာ ခိုင်းလျှင် သုံးလေးနှစ်တော့ ခိုင်း၍ရသေးသဖြင့် နို့ခွဲခါစကို ဝယ်ယူခဲ့၏ ။ နို့ခွဲခါစဆိုတော့ အရွယ်ငယ်သေးသဖြင့် ဈေးသက်သာ၏ ။ ဒီနှစ်တွင်ကား နွားအိုကြီးသည် ကျပေပြီ ။ ရှေ့နှစ်တွင် နွားအိုကြီးကို ခိုင်းသည့်တိုင်အောင် စိတ်ချ လက်ချ မခိုင်းရဲပြီ ။ နွားကလေးမှာလည်း သုံးနိုင်ပြီ ဖြစ်သောကြောင့် အအေးဓာတ်မဆုတ်မီ ကောက်၍ သင်းထားလိုက်ခြင်းဖြစ်၏ ။ တလင်းကိစ္စများ ပြီးစီးသော် နွားကလေးကို ထမ်းပိုးကျင့်မည် ။ မိုးဦးတွင် နွားကလေးကို နွားအိုကြီးနှင့် မှေးတွဲပြီး လျှော့လျှော့ပေါ့ပေါ့ ခိုင်းခြင်းဖြင့် အသားကျစေကာ ၊ မိုးလယ်တွင် နွားအိုကြီးကို ဝယ်သူ ရှိလျှင် ရောင်း၍ ဝယ်သူမပေါ်လျှင်လည်း အအားထားလိုက်မည် ။

သို့ကြောင့်လည်း တလင်းကိစ္စ ပြီးစီးသည်နှင့် တစ်ပြိုင်နက် ကျီထဲပုတ်ထဲသို့ စပါး မသွင်းရခင်ကပင် နွားကလေးကို ကြိုးနှစ်ချောင်း တပ်၍ လမ်းကြောင်း ပေးခဲ့သည် ။ လှည်းထဲ ၊ ထွန်ထဲတွင် ဘယ်ညာကွေ့သော သဘောကို တတ်ထားနှင့်စေရန်အတွက် ဘယ်ကို ကွေ့စေလိုလျှင် ဘယ်က ကြိုး ၊ ညာကို ကွေ့စေလိုလျှင် ညာက ကြိုးကို ဆွဲပေးနိုင်ရန် ကြိုးနှစ်ချောင်း တပ်ထားခြင်းဖြစ်၏ ။ ကွေ့တတ် ပြုတတ်လာသော အခါတွင် ကြိုးတစ်ချောင်းတည်းဖြင့် ပြီးစီးတော့သည် ။ နွားကလေးမှာ နှာကလည်း နုသေးသည်မို့ ကိုဆေးရိုးမှာ ကြိုးကို ရဲရဲမဆွဲဝံ့ပေ ။ ကြိုးကို မတော်တဆ ဆွဲလျှင် နွားကလေးမှာ ဟိုနင်းရမလို ဒီထောက် ရမလို ဖြစ်သွားလျက် ခေါင်းကလေး မော့ ၊ လျှာကလေး တစ်လစ် ဖြစ်နေတော့၏ ။ တစ်ရက်ပြီး တစ် ရက် ကျင့်ပေးခဲ့ရာ စပါးများ ကျီထဲတောင်းထဲတွင် သိုလှောင်ပြီးချိန်၌ နွားကလေးမှာ ခြေမှန်စပြုလာပေပြီ ။ ဘာမျှ မပါဘဲနှင့် ခြေသားကျလာလျှင် လှည်းကျင့်ပေးဖို့ပဲမဟုတ်လား ။ ကိုဆေးရိုးသည် လှည်းထမ်းပိုး အသစ်နှင့် ထွန်ထမ်းပိုးတုံးအသစ် တစ်ခုကို ထပ်မံလုပ်သည် ။ အတိုင်ဘက်တွင် ဖောက်ရိုးဖောက်စဉ်ထက် အပေါက်တစ်ပေါက် ပိုဖောက်သော်လည်း အလှည့်ဘက်တွင်ကား ဖောက်ရိုးဖောက်စဉ် နှစ်ပေါက်တည်းသာ ဖောက်၏ ။

လက်ရှိ နွားအိုကြီးမှာ အတိုင်ဘက်က ဖြစ်ရာ နွားကြီးနှင့်တွဲပြီး နှစ်ကောင်ပူး တပ်ဆင်ရန် ရည်ရွယ်၍ ထမ်းပိုးများ၏ ဝဲဘက်သည် ပို၍ရှည်ကာ ထမ်းပိုးကျည်း အပိုတစ်ချောင်းတပ်ရန် အပေါက်ပို ဖောက်ထားခြင်း ဖြစ်သည် ။ သို့ရာတွင် ကိုဆေးရိုး အားထားသော နွားကလေးသည် နွားအိုကြီး၏ ဘေးက ကပ်တွယ်လျက် ထမ်းပိုးအစွန်တစ်ခုတည်းတွင် နှစ်ကောင်ပူး မရုန်းလိုက်ရပေ ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ခုနစ်ရက် နံနက်ပိုင်းက စ၍ သပြေညိုရောင်ဖြင့် ကြွားဝင့်မာန်တင့်ခဲ့သော နွားကလေး၏ ချိုနှစ်ချောင်းအနက် လက်ဝဲဘက်ချိုသည် အလှပျက်ယွင်းသွားရသောကြောင့်တည်း ။

ထိုနေ့ညနေက ကိုဆေးရိုးသည် စာဥကြီးကို လက်ယာဘက်တွင် တပ်ဆင်ပြီးနောက် နွားကလေးကို အတွင်းက ထားရန်အတွက် နွားအိုကြီး မတပ်မီ လှည်းထဲသို့ ပထမဆုံးဝင်ရသည်မို့ မနေတတ် မရပ်တတ် လှုပ်ရှားနေ၏ ။

“ တယ် ဒီကောင်ဟာ ”

ကိုဆေးရိုးက စိတ်မရှည်သံကြီးဖြင့် လှုပ်ယမ်းနေသော နွားကလေး၏ လက်ဝဲဘက်ချိုကို ဖမ်းကိုင်လိုက်ရာ ချိုသည် ကျိုးထွက်သွားကာ သွေးပုပ်ညိုညစ်ညစ်တွေ စီးကျလာ၏ ။ ချိုမှာ သရင်း သရင်း အနုပိုင်းသို့ ရောက်လာကာ အတွင်းလှိုက်ပြီး ပုပ်နေခြင်းဖြစ်၏ ။

“ ဟာ ”

ကိုဆေးရိုးသည် လန့်ပြီး လွှတ်ပစ်လိုက်သည် ။ တစ်ပြိုင်နက်တည်း ပန်းကန်ခွက်ယောက် လဲပြိုသံများ ထွက်ပေါ်လာကာ “ ဟင် ဘာဖြစ်သွားတာလဲ ” ဟူသော မကျီးဒန်၏ အသံထွက်ပေါ်လာ၏ ။ ကိုဆေးရိုးမှာ စောင်းလဲနေသော ဟင်းပန်းကန်ကို တွေတွေကြီး ငေးကြည့်နေမိ၏ ။ ပုပ်ရည်များသည် စားပွဲတစ်လျှောက် စီးလိမ့်လာရာက ကိုဆေးရိုး၏ ခြေဖမိုးပေါ်သို့ ကျလာသည်တွင် “ ဟာ သွေးတွေ သွေးတွေ ” ဟု တထိတ်တလန့် အော်လျက် ထရပ်လိုက်မိလေ၏ ။

▢  ဆင်ဖြူကျွန်းအောင်သိန််း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment