Wednesday, August 19, 2026

ပိတုန်းတစ်လှည့် ပန်းတစ်လှည့်


❝ ပိတုန်းတစ်လှည့် ပန်းတစ်လှည့် ❞
            ( ကိုစက်ဖေ )

အလွန် အဆိပ်ပြင်းသည့် မြွေတစ်ကောင်၏ မျက်ခုံးနှစ်ခု ကြားသို့ နကျယ်တစ်ကောင်က စွဲမြဲစွာ ကိုက်ခဲ၏။ မြွေက အမျိုးမျိုး လှုပ်ဖယ်ပါ သော်လည်း နကျယ်ကောင်မှာ မကွာ။ မခွာ။ အကြိမ်ကြိမ် ကြိုးပမ်းပါလျက် နကျယ်ကောင်၏ ရန်ပြုခြင်းမှာ မလွတ်မြောက်နိုင်ခဲ့။ နာကျင်မှုနှင့် ဒေါသကို ပြင်းစွာခံစားနေရစဉ် လှည်းတန်းကြီး တစ်ခုမှာ ဖုန်တထောင်းထောင်းနှင့် ချီမောင်းလာချေ၏။ မြွေသည် မည်သို့ ပြုမူပါမည်နည်း။

••••• ••••• ••••• 

၁။

ကုက္ကိုပင်ကြီးမှ ကိုင်းခြောက်တချို့သည် တိမ်သားတိမ်လိပ်တို့အား မမီမကမ်း လှမ်း၍ ကုတ်ဖြဲနေဟန်ရှိသည်။ တိမ်ပုပ်ကြားမှ လသည် နာတာရှည်ပန်းနာသည် တစ်ဦး ထွေးလိုက်သည့် သလိပ် တစ်စကဲ့သို့ ဝါဝါခဲခဲ လင်းလျက်။ ညငှက်တို့လည်း ဝစီပိတ် ပျံသန်းကြသည်။ ခွေးလေခွေးလွင့်တစ်ကောင်က မြေကမ္ဗလာ၏ အနွေးဓာတ်ကိုယူ၍ လက်ဝှေ့သမား၏ လက်သီးတစ်လုံးပမာ ခန္ဓာကိုယ်အား ကျစ်နိုင်သမျှ တိုး၍ ကျစ်ခွေနေလေ၏။ တစ္ဆေတစ်ကောင်ပင်လျှင် လမ်းလျှောက်ထွက်ရန် ပျင်းလောက်သည့် အခါကာလ ဖြစ်၏။ ထိုစဉ် တိတ်ဆိတ်မှုကို ဖြိုခွဲလာသည့် အသံတစ်သံ။

“သက်ကို .. ဆေးလိပ် ကုန်သွားပြီ၊ တစ်နေရာရာ သွားရှာစမ်းကွာ”

“အချိန်မှ မနည်းတော့ဘဲ ကိုကြီးမျိုး၊ ဆိုင်တွေ ပိတ်ကုန်လောက်ပြီ” 

ကိုမျိုး၏ မျက်နှာ တင်းမာပုံက ဘက်ထရီမီးရောင် မှိန်မှိန်ကလေး အောက်မှာပင် သိသာလှ၏။ သို့သော် အေးစက်စက်လေသံသည် အနိမ့်အမြင့် မရှိ။

“သောက်စကား မများစမ်းနဲ့၊ မင်းဟာမင်း ဘယ်က ရလာလာ ဆေးလိပ်ပါလာဖို့ပဲ။ ခုသွား၊ ကြာလို့ကတော့ ပြန်လာတာနဲ့ မင်း သိမယ်”

နားထောင် နေသည့် ကျော်ကြီး မနေနိုင်ဟန်ဖြင့် -

“ကိုဘာဘူတို့ ဆိုင်ကို သွားလိုက် ညီလေး၊ အစ်ကို ဝယ်ခိုင်းတာလို့ ပြောလိုက်ကွာ”

သက်ကို လည်း အချိန် မဆိုင်းရဲတော့ဘဲ ခွက်ကပ်လေးကို မော့ပြီးနောက် အရက် ဝိုင်းမှ ထ,သည်။ ပါးစောင်မှ ကျန်နေသည် အရက် ကို “ကျစ်” ခနဲ ထွေးထုတ်၏။ ဥတုသုံးလီ မှ လေးလီသို့ ပြောင်းကောင်း ပြောင်းလဲနိုင်သော်လည်း ကိုမျိုး၏ အကျင့် က မပြောင်းနိုင်။ မူးလာလေ ဘီလူးဇာတိ ပြလေသာ။ လမ်းနံဘေး ကွပ်ပျစ်မှ အရက်ဝိုင်းလည်း စကားသံများ ဆက်လက်ပေါ်လာလေသည်။

“အဲဒီကောင် သောက်ပေါကွ ကျော်ကြီးရ၊ ငါ့ဆီကို ဆိုင်ကယ်ပြင် လာသင်တဲ့အထဲ တော့ အထူဆုံးပဲ။ ပြီးခဲ့တဲ့ ဘုရားပွဲမှာ ကြက်ခေါ်လာတုန်းကလည်း ဒီကောင်က လိမ်ဖည်ဖည်နဲ့။ ကိစ္စပြီးတော့ ငါ့ဘာသာ ခေါင်းကို ပိုင်လို့ ပိုက်ဆံ မပေးတဲ့ ကိစ္စ။ ဒီ ကောင်က သူ့ ရှိတဲ့ ပိုက်ဆံ နှစ်ပဲခြောက်ပြားကို ဟိုကောင်မ သွားပေးတယ်။ နှစ်ချက်လောက် ထိုးလိုက်မှ ဒီကောင်မှတ်သွားတယ်”

“ဒီကောင်လေးကို ခိုင်းရတာ ဖင်ပေါ့ပါတယ် ကိုမျိုးရာ”

ကိုမျိုးမျက်နှာ တည်နေပုံက အရှိန်မကျ။

“ကျော်ကြီး၊ မင်း ငါ့သူငယ်ချင်းနော်”

“အေးပါ၊ ဟုတ်ပါတယ်ကွာ၊ အဲဒါ ဘာဖြစ်လို့လဲ”

“ငါ့ရှေ့မှာ အဲဒီကောင်လေးကို ကာဆီးကာဆီး မလုပ်နဲ့။ မင်းကို သတိပေးထားတာ”

ပြောရင်းပင် အရက်ခွက်ကို ဆောင့်ချလိုက်ရာ ခွက်ကျန်အချို့မှာ ဖိတ်တစ်ဝက် စဉ်တစ်ဝက်။ ကျော်ကြီး စကား မဆက်တော့ဘဲ အရက်ခွက်ကို ဖြည့်ပေးလိုက်သည်။ ငယ်ပေါင်းမို့ ကိုမျိုး အကြောင်းကို အူမချေးခါး အကုန် သိသည်။ လက်ယဉ်လှသည် မဟုတ်ပါလား။ ဆံပင်ညှပ်ဆိုင်ကလေး၏ ဝင်ငွေနှင့် ပုံမှန် သောက်နိုင်ရန် မလွယ်။ ကိုမျိုးက ဝင်ငွေ ကောင်းသလောက် လက်ဖွာသည်။ အထူးသဖြင့် အသောက်အစား၊ အပျော်အပါး၌ ပို၍ လက်ဖွာသည်။ အရက်နှင့် သည်းခံခြင်း လဲသောက်ခွင့် ရနေသည်ကို ကျော်ကြီး လက်မလွှတ်နိုင်။ တိတ်ဆိတ်နေသည့် အရက်ဝိုင်းသို့ ခြေသံအချို့ ခပ်သဲ့သဲ့ ဝင်လာသည်။ ကိုဘာဘူ နိုးပါစေကြောင်း ကျော်ကြီးတစ်ယောက် ကျိတ်ဆုတောင်းနေလိုက်၏။

••••• ••••• ••••• 

၂။

“မျိုးကြီး၊ အထဲက ကောင်မကို နည်းနည်းကြမ်းလိုက်စမ်းပါဦးကွ၊ အင်တင်တင် လုပ်နေတယ်”

အပေါင်းအသင်းကို ငြိုငြင်အောင် လုပ်တာမကြိုက်။ ဖရုသဝါစာ အကြမ်းစားကို တစ်တစ်ခွခွ ဆဲဆိုလိုက်ပြီး အရက်ဝိုင်းမှ ကိုမျိုး ငေါက်ခနဲ ထ,လိုက်သည်။ ကျန်သည့်လူအုပ်က လက်ခုပ်တီး၍ အားပေးကြသည်။

ကိုမျိုးက အိမ်တံခါးကို ဝုန်းခနဲ ကန်ဖွင့်လိုက်သည်။ အိမ်ထဲမှာ မှောင်နှင့်မည်းမည်း။

“သောက်ကောင်မ၊ အပျက်မ၊ နင် ဘာအချိုး ချိုးတာလဲ။ နင့်ရဲ့ ခေါင်း လှတင်ကို ငါ ပိုက်ဆံ ပေးပြီးသွားပြီ။ သေချင်လို့ မချေမငံ လုပ်တာလား”

“ကျွန်မ အပျက်မ မဟုတ်ဘူး၊ မိကောင်းဖခင်သားသမီး။ ရှင်တို့ အားလုံးကို ရဲ တိုင်မယ်” ဟူသော အမှောင်ထဲမှ မိန်းကလေး အသံတစ်သံ ထွက်လာ၏။ စကားသံ ကြောင့် ကိုမျိုးက ခွက်ထိုး ခွက်လန် ဟားတိုက်သည်။

“အောင်မယ်လေး ရယ်လိုက်ရတာ အမူးတောင်ပြေတယ်။ နင်တို့ အပျက်မတွေ အားလုံးရဲ့ လက်သုံးစကားက မိကောင်းဖခင်သားသမီး ဆိုတာပဲ။ ငမျိုး နားဝမှာ ကြား ရတာကြာလှပေါ့။ နင် ရဲစခန်းကို ရောက်ဖူးလား။ တိုင်တာနဲ့ နင် အရင်ထောင်ကျမှာ။ ရဲတွေ တစ်ယောက်ပြီး တစ်ယောက် တစ်တစ်ခွခွ မေးတာ ကိုရော နင်ကြားဖူးလား။ တရားရုံး ရောက်ရင် ပိုဆိုးသေးတယ်။ တိုင်လေ၊ သောက်ရှက်မရှိတဲ့အခွက်နဲ့ လူတွေ ကြားထဲမှာ မေးတာ ခံနိုင်ရင် တိုင်လေ။ သေအောင်တိုင်။ အပျက်မကများ ရာရာစစ”

ကိုမျိုးက စကားသံ အဆုံးမှာ အသံကြားရာဆီ ပြေး၍ သုံးလေးချက် ဆင့်ကန်လိုက်သည်။ မိန်းကလေး ဆီမှ အသံမထွက်လာ။

“သောက် ကောင်မ နောက်တစ်ခါ အင်တင်တင် အသံ ကြားရင် လှတင် ဆီကို အလောင်းပဲ ပြန်ပို့လိုက်မယ် နားလည်လား” 

မျိုးစုံအောင် ဆဲဆိုကြိမ်းမောင်းပြီးနောက် ကိုမျိုး အရက်ဝိုင်းအတွင်းသို့ ပြန်ဝင်လာသည်။ “မျိုးကြီးကွ”  ဟူသော ချီးကျူးသံကို ပြုံး၍ ခံယူလိုက်၏။

“သားကြီးတို့ ဘယ်သူ ဝင်ဦးမလဲ” ဟူသော အမေးကို မည်သူမျှ စိတ်ဝင်စားဟန်မပြ သည့်အဆုံး ကိုမျိုး၏ အကြည့်က ထောင့်မှာ ထိုင်နေသည့် သက်ကိုဆီ ရောက်သွား၏။

“ဟေ့ကောင် သက်ကို၊ လာဦး”

“ဗျာ၊ ကိုကြီးမျိုး ဘာခိုင်းမလို့လဲ”

သက်ကို ခပ်ရွံ့ရွံ့နှင့် ကိုမျိုး အနားသို့ တိုးသွား၏။ အနီးရောက်တော့ အင်္ကျီကော်လာစကို ဆောင့်ဆွဲခံလိုက်ရသည်။

“သွားတော့ အခု မင်း အလှည့်။ ငါ့ကောင်တွေ ဝ,ပြီတဲ့”

“ကျွန်တော် မသွားချင်ဘူး ကိုကြီးမျိုး၊ စိတ်မပါလို့ပါ”

ကော်လာစမှာ ပို၍ တင်းကျပ်လာ၏။

“သောက်ကြီးသောက် ကျယ်ပြောမနေနဲ့။ စမ်းကြည့်လိုက်လေ။ မင်း မလုပ်ရင် သွားကျွတ်အောင် ထိုးပြီးတော့ ငါ့ဆိုင်ကနေ ကန်ထုတ်ပစ်မယ်”

ဒေါသနှင့် အရက် ပေါင်းစပ်ထားသည့် အရှိန်ကြောင့် ကိုမျိုး၏ မျက်နှာ ခရမ်းချဉ်သီးမှည့်တစ်လုံးကို ညှစ်သဖြင့် ကွဲထွက်ခါနီးကဲ့သို့ ရဲတက်နေသည်။ မျက်နှာအား လာစဉ်သည့် တံတွေးစက်များကိုပင် သက်ကို မသုတ်ရဲသေး။ ကော်လာစ လွတ်ပြီးချိန် အိမ်ကလေးဘက်သို့ သက်ကို ဦးတည်လိုက်သည်။ ထိုစဉ် နောက်မှ ဆောင့်ကန်လိုက်သည့် အရှိန်ကြောင့် ဟပ်ထိုး ဟပ်ထိုးနှင့် တံခါးဝသို့ ရောက်သွားလေ၏။ ကွပ်ပျစ်ဆီမှ ရယ်သံ အချို့။ ပုလင်းလွတ်တစ်လုံးက လွင့်ပျံလာပြီး သက်ကို၏ ခြေထောက်အနီးတွင် ကွဲသွားလေ၏။ နောက်ထပ် ပုလင်းတစ်လုံး ဝဲမလာခင် သက်ကို အခန်းတွင်းသို့ ဝင်မှ ဖြစ်တော့မည်။

ဆီမထိုးတာ ကြာသည့် အခန်းတံခါးမှာ ခါတိုင်းထက် ကျယ်လောင်နေကြောင်း သက်ကို ထင်မိသည်။ ညကို အမှောင်က အထောက်အပံ့ ပေးလျက်ရှိ၏။ အခန်းကျဉ်းလေးမှာ မီးထွန်းမထား။ သို့သော် နေ,နေကျ ဝန်းကျင် ဖြစ်၍ ဘယ်အနား ဘာရှိမှန်း မှန်းဆနိုင်သည်။ ခုတင်က အခန်းထောင့်မှာ။ တစမ်းစမ်း သွားနေစဉ် အခန်းထောင့်မှ မီးခြစ်ကျောက်ခတ်သံ ထွက်လာပြီး မီးတောက်တစ်ခုက လက်ခနဲပေါ်လာ၏။ မီးခြစ် ကို လက်ဖြင့် ကာထားသဖြင့် မီးခြစ်ပိုင်ရှင်၏ မျက်နှာအား မမြင်ရ။ ဆံနွယ်အချို့ ပခုံးပေါ်သို့ ဝဲဆင်းနေသည်။ ဒူး နှစ်ဖက်ကို ထောင်ထားသည်။ ပြေပြစ်လှသည့် အဆက်အပေါက်နှင့် အဝတ်ဗလာမြင်ကွင်းကြောင့် သက်ကို၏ သွေးတို့ နွေးခနဲ တောက်လောင်လာ၏။ ရင်ဗလာကို တတ်နိုင်သမျှ ဝှက်လိုဟန်ဖြင့် လက်ဖြင့် ကာလေရာ မိန်းကလေး၏ မျက်နှာမှာ ပေါ်လာသည်။ မိန်းမချော တစ်ဦး။ ကလက်တက်တက်ဟန် မရှိ။ မျက်နှာပေါ်မှာ သွေးစ မခြောက်သည့် ဒဏ်ရာအချို့ ကိုပါ တွေ့လိုက်ရသဖြင့် သက်ကို သနားစိတ်ပေါ်လာသည်။ မီးရောင်ကလေးမှာ ဖျတ်ခနဲ ပျောက်ကွယ်သွား ပြန်သည်။ မျက်လုံးထဲ၌ နှစ်သက်ဖွယ် တစ်တစ်ရစ်ရစ်တို့မှာ ကွယ်ပျောက်မသွားဘဲ အတိုင်းသား ကျန်နေသဖြင့် သက်ကို လက်သီးကျစ်ကျစ် ပါအောင် ဆုပ်လိုက်မိသည်။ တံခါး ပြန်စေ့သွားသံက တအီအီ ထွက်ပေါ်လာသည်။

“အစ်ကို ကျွန်မ ရှင်းပြပါရစေ။ ကျွန်မ မိကောင်း ဖခင်သားသမီးပါရှင်”

ထို စကားသံမျိုးကို သက်ကို မကြာခဏ ကြားဖူးနေကျ။ ခုတင်ခြေရင်းမှာ သက်ကို ထိုင်ချလိုက်တော့ နောက်ဆုတ်သွားသည့်အသံကို ကြားရသည်။ အမှောင်သည် အမိုက်သို့ တွန်းပို့လျက် ရှိ၏။ သက်ကို မလှုပ်ရဲသေး။ အခြေအနေကို စောင့်ကြည့်နေလိုက်သည်။

“ကျွန်မ ခိုးရာလိုက်လာတာပါ။ ဒီရောက်မှ မကောင်းတဲ့ ဘဝဆီ ခေါ်လာမှန်း သိရတာပါ။ ကျွန်မရဲ့ အဝတ်တွေကိုလည်း သိမ်းထားတယ်။ ကျွန်မ ထွက်ပြေးလို့ မရဘူး။ ကျွန်မ အရမ်းလည်းပင်ပန်းနေပြီ။ လူရမ်းကားတွေ ရှစ်ယောက်တောင် ရှိနေပြီ။ ကျွန်မကို သနားပါရှင်”

ငိုသံရောရောနှင့် မိန်းကလေး၏ အသံမှာ တိုးရှကွဲ အက်နေသည်။ သည်ဖြစ်ရပ်မျိုး တကယ်ပဲ ရှိနိုင်သည်လား။ သက်ကို မတွေးချင်တော့။ ခဏမျှ ငြိမ်သက်နေလိုက်သည်။ အိမ်မှာ ကျန်ခဲ့သည့် နှမလေး သက်ရီ၏ အရွယ်သာသာ။ သက်ကို ၏ စိတ်တွေ အလိုလို လျော့ကျသွားသည်။

“ကျွန်တော့်ကို ခဏလောက်တော့ ထိုင်ခွင့်ပေးပါ။ ဘာမှ မလုပ်ပါဘူး။ ခင်ဗျား သက်သာသလိုနေပါ”

သက်ကို သက်ပြင်းမော ချကာ ဆက်ထိုင်နေလိုက်သည်။ ငိုသံကျိတ်ကျိတ်က ပေါ်လာပြန်သည်။ ထို့နောက် အံကြိတ်သံ တစ်ချက်၊ ထို့နောက် ပြင်းထန်ကျယ် လောင်လှသည့် တောက်ခေါက်သံ တစ်ချက်။ တောက်ခေါက်သံကြောင့် သက်ကို လန့်ဖျပ်သွား၏။ ကျယ်လွန်းသဖြင့် အိမ်ရှေ့က ကြားသွားမည်ကိုပင် စိုးရိမ်မိသည်။ ကြံရာ မရသည့်အဆုံး၌ ခါးက လုံချည်ကို ချွတ်ကာ မိန်းကလေး ရှိရာသို့ မှန်း၍ ပစ် ပေးလိုက်ပြီးလျှင် ...။

“ကျွန်တော် ဒီမှာ ခဏ နေမယ်နော်။ ခင်ဗျား အိမ် ပြန်ရောက်ပါစေဗျာ။ ကျွန်တော့် ပုဆိုးရဲ့ ချုပ်ရိုးထဲမှာ ဝှက်အိတ်ကလေး တစ်ခု ရှိတယ်။ အဲဒီမှာ ပိုက်ဆံနည်းနည်းပါတယ်။ လမ်းစရိတ် တော့ ရမှာပါဗျာ။ ပုဆိုးကို ဝတ်ထားလိုက်ပါဦး”

အသံတွေ တိတ်မှ သက်ကို ဘောင်းဘီတိုလေးနှင့် အပြင်ထွက်လာသည်။ ရှိုက်သံသဲ့သဲ့က နောက်မှာ ကျန်နေခဲ့သည်။ ဘက်ထရီမီးရောင် အောက်က ကွပ်ပျစ်လေးပေါ်၌ တုံးလုံးပက်လက်ဖြင့် နဂါးမင်းနှင့် သိကြားမင်း စည်းစိမ်အား ပေါင်းစပ်ခံစား နေကြသည့် လူအချို့ကို သက်ကို တွေ့ရသည်။ ကိုမျိုး၏ အိမ်ကလေးအား ကျောခိုင်း ထွက်လာခဲ့တော့သည်။

••••• ••••• ••••• 

၃။

“သက်ကိုရေ ... သက်ကို”

ခေါ်သံ ကြားသဖြင့် သက်ကို ခေါင်းထောင်ကြည့်မိသည်။ ဘယ်အရပ်ကမှန်း ရုတ်တရက် မမှန်းတတ်။ သက်ရီ၏ ပြန်ထူးသံကို ကြားရသည်။ သက်ရီ ကျောင်းသွားပုံ မရသေး။

“ရှန် ... အစ်ကို အိပ်နေတယ် ကိုကျော်ကြီးရေ၊ ညက ဘယ်အချိန် ပြန်လာမှန်းတောင် မသိပါဘူး”

အိပ်ချင်မူးတူးဖြင့် သက်ကို ထ,လာပြီး ရေတစ်ခွက် သောက်သည်။ ကျော်ကြီး ပုံက အူယားဖားယား နိုင်လှသည်။

“ထ , ဦးဟ သက်ကို ရ။ မင်းကို တွေ့မှ ငါစိတ်အေး သွားတယ်ကွ”

“ဘာဖြစ်လို့လဲ ကိုကျော်ကြီး”

ကျော်ကြီး က ပြန်ဖြေမည် ပြုပြီးမှ ရုတ်တရက် လက်ကို ဆွဲကာ အိမ်ရှေ့သို့ ခေါ်သွား သည်။ နေတောင် အတော်ရင့်နေပြီ။ မွန်းတည့်နီးပါး နေက မျက်နှာထိုးသဖြင့် ရုတ်တရက် မျက်လုံး မဖွင့်နိုင်။ သက်ရီ နေ့လယ်ကျောင်းဆင်း၍ ထမင်းစားပြန်လာတာ ဖြစ်နိုင်သည်။ ကိုကျော်ကြီး မှာ သက်ရီ မကြားစေချင်သည့် စကား ရှိပြီ ထင်၏။

“မင်းကလည်း ပုဆိုးတောင် မရှိပါလားဟ” 

“ထားပါ ကိုကျော်ကြီး ရာ၊ ဘာပြောစရာ ရှိလို့လဲ”

“ငါ မနက် ဈေးထဲမှာ ကြားလိုက်ရတယ်ကွ၊ ကိုမျိုးတို့ အုပ်စု အဖမ်းခံလိုက်ရတယ် ကြားတယ်။ အာမခံတောင် မရဘူး။ မုဒိမ်းမှုတဲ့။ မင်းရဲ့ ဆရာ ဆိုတော့ မင်း ပါပြီ ထင်တာ။ အခု မင်းကို တွေ့ရမှပဲ စိတ်ချမ်းသာသွားတော့တယ်”

ရင်ထဲမှာ တဒိန်းဒိန်း ခုန်ပြီး တုန်လှုပ်သွား၏။

“ဘာဖြစ်တာတဲ့လဲဗျ၊ လန့်လိုက်တာဗျာ”

“ညက ကိုမျိုးတို့ ကောင်မလေး တစ်ယောက် ခေါ်လာတယ် ဆိုလားကွာ။ အဲဒီ ကောင်မလေးက ခေါင်းကို လူကောင်း ထင်ပြီး ခိုးရာ လိုက်လာတဲ့ ကောင်မလေးတဲ့ဟ။ ပြန်လည်း လွတ်ရော အမှတ်သုံး ရဲစခန်းမှာ ချက်ချင်း အမှုဖွင့်တာ”

ကျော်ကြီး က ဆက် ပြော၏။ သက်ကို အသက်ရှူရ ကျပ်လာသည်။

“အေး ... ဆံပင်ညှပ်နေကျ ရဲတစ်ယောက်က ပြောသွားသေးတယ်။ ပါတဲ့ ကောင်တွေကို ဖမ်းပြီး စစ်တာကွ။ ကောင်မလေးက သက်သေခံပေးတယ်။ မျက်နှာတွေကို မီးခြစ်နဲ့ ခြစ်ပြီး မှတ်ထားတာတဲ့ကွ။ ကိုမျိုး နဲ့ သူ့ကောင်တွေ အကုန် ပါသွားတယ်။ ခေါင်းရော ဆိုရင် ကိုးယောက်တောင်ပဲ။ အကုန် ထောင်ကျမယ့် သဘောရှိတယ်။ ကောင်မလေးရဲ့ မိဘတွေကလည်း အထည်ကြီးတွေထဲကတဲ့”  

ကိုကျော်ကြီး ဘာတွေ ဆက်ပြောမှန်း မသိ။ မကြား တစ်ချက် ကြား တစ်ချက်။ သက်ကို နှမလေးအား ကျေးဇူးတင်လိုက်မိသည်။ နှမလေးကို မတွေးမိလျှင်ဖြင့် ...၊ ဟိုမိန်းကလေး ကတော့ လူ ကြားထဲမှာ ဖြေချရမည့် အရှက်ကို စွန့်၍ လူတစ်စုအား လက်စားချေ သွားလေပြီ။

••••• ••••• •••••

၄။

မြွေသည် နာကျင်မှုနှင့် ဒေါသကို ပြင်းစွာခံစားနေရစဉ် လှည်းတန်းကြီး တစ်စုမှာ ဖုန်တထောင်းထောင်းနှင့် ချီ မောင်းလာချေ၏။ မြွေသည် မည်သို့ ပြုမူပါမည်နည်း။ လှည်းဘီး အောက်သို့ ခေါင်းခံလျက် မြွေသည် မိမိ အသက်ကို စွန့်၍ နကျယ်ကောင်သေမည့်လမ်းကို ရွေးချယ်လိုက်လေတော့၏။

▢  ကိုစက်ဖေ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      စက်တင်ဘာ ၊ ၂၀၁၈

No comments:

Post a Comment