❝ မထိုက်တန်သော ပေးဆပ်ခြင်း ❞
▢ အဥ္စန ( ညောင်ပင် )
သေအံ့မူးမူး နေလုံးသည် အနောက်ဘက်တောင်တန်းပေါ် မေးတင်နေ၏။ မိုးအကုန် ဆောင်းအကူးမို့ မြောက်ပြန်လေက နှင်းမြူများဖြင့် ပျော်ပါးရန် ဝင်ရောက်လာခဲ့ကြပေပြီ။ မှုန်ပြာပြာ နှင်းမြူကြားမှ နီရဲရဲနေလုံး၏ အရောင်က ငိုတော့မရောင် ထင်ရပေ၏။ အလုပ်သိမ်းချိန်မို့ တဝုန်းဝုန်း ဖြတ်မောင်းသွားသော မြေသယ်ကားများဆီမှ ဖုန်တလုံးလုံးကလည်း ဝန်းကျင်အနှံ့ ကျဲပြန့်နေ၏။ ထိုဖုန်တလုံးလုံး ကြားမှ ကျောပိုးအိတ်လွယ် စိန်တူလေးကိုင်ကာ မိမိတဲအိမ်ရှိရာ ပြန်နေကြသောသူများလည်း နေရာအနှံ့။ ထိုပြန်ကြသည့်အထဲတွင် မျှော်လင့်ခြင်းများလည်း ပါသွားခဲ့ကြ၏။ ခုဆို မြေစာပုံမှာ လူအနည်းငယ်မျှသာ ကျန်တော့သည်။ တချို့က အိမ်ပြန်သည်။ တချို့က ဈေးဆိုင်များဆီ ရောက်သွားခဲ့ကြ ပြီ။ ထိုမပြန်သည့်အထဲတွင် သာချို တစ်ယောက်ပါသည်။ ခုထိ သူလွယ်ထားသော ကျောပိုးအိတ်တွင် ဗလာနတ္ထိ။ ပေသုံးရာခန့် မြင့်သော မြေစာပုံကို တစ်နေကုန် တက်လိုက် ဆင်းလိုက်၊ ကန့်လန့်ဖြတ် ပြေးလိုက်လိုက်နှင့် ကျောက် ရှာခေါက်လိုက်သည့် အကြိမ်ရေ မနည်းမနော။
သူ ခေါက်သည့် ကျောက်များကို တစ်လုံးချင်း ပုံထား မိက ခုလောက်ဆို ကျောက် တောင်ကြီးပင် ဖြစ်ပေရော့ မည်။ သို့သော်လည်း ခုထိ အားမလျှော့သေး။ နောက်ဆုံး ကျန်သည့်ကားလာသွန်လျှင် လူနည်းနည်းရှာရမှာမို့ စောင့်ကြိုနေသည်။ (ကားလာ မလာကို မြေစာပုံထိပ်တွင် ရှိသော ကားပြလေးကို ကြည့်၍ သိနိုင်၏)။ သိပ်ပင် မစောင့်လိုက်ရ၊ တဝုန်းဝုန်း ပြေးလာသော ကားကြီးတစ်ကြီးသည် မြေစာပုံသို့ ဆိုက်ရောက်လာခဲ့သည်။
“ရွှီး...ရွှီး... ရွှီး”
ကားပြလေး၏ ဝီစီ (ခရာ) မှုတ်သံ ထွက်ပေါ်လာ၏။ ထိုသို့ သုံးချက် မှုတ်ခြင်း သည် မြေစာသွန်မည့်ကား ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားသံဖြစ်၏။ သူတို့ နေရာယူလိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် “ရွှီး” ဆိုသော ဝီစီသံရှည်ဆွဲမှုတ် အပြီးတွင် တဝေါဝေါ လိမ့်ဆင်းလာသော ကျောက်များက ကြောက်ခမန်းလိလိ။ သို့ပေသိ ကျွမ်းကျင်ရာ လိမ္မာရာမို့ သူတို့ လိမ္မာပါးနပ်စွာ တစ်လုံးချင်း၊ တစ်ချက်ချင်း လျင်မြန်ဖျတ်လတ်စွာ လိုက် ခေါက်လိုက်ကြသည်။
“တတ်”
ထိုအသံသည် စိန်တူနှင့်ကျောက် ထိမိသော အသံဖြစ်၏။ တစ်နည်း မင်္ဂလာအသံပင်ဖြစ်၏။ ဤအသံကား ကျောက်စိမ်းစစ်စစ်အသံဖြစ်ကြောင်း အတွေ့အကြုံအရ သိလိုက်သည်။ “နောက်ဆုံးတော့ ဘာပြောပြော ထမင်းစားကျောက် ရပြီပေါ့ကွာ” ဟု တွေးရင်း ကျောက်ကို လှမ်း ကိုင်လိုက်သည်။
သူ လက်များ တုန်ယင်နေသည်။ ရင် တစ်ခုလုံးသည် ပေါက်ကွဲမတတ်ပင် ခုန်နေ၏။ အသက်ရှူသံမှာ လေပြင်း ကျနေသယောင်ပင်။ ခြေထောက်များ တုန်ယင်နေသလို ခွေယိုင်လဲကျတော့ မတတ် ထင်ရသည်။ သူ့ မျက်လုံးကိုပင် သူ မယုံချင်။ “တကယ်လား၊ အိပ်မက်လား” ပင် မသဲကွဲ။ တကယ် ဖြစ်နေသည်။ ဤသို့ဖြင့် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းများ စုပြုံကာ သူ့ဆီ ရောက်လာခဲ့ကြသည်။ သူသည် လောက တစ်ခုလုံးနှင့် အဆက်ပြတ် သွားသလို ထင်ရသည်။
သာမန် ထမင်းစား ကျောက်အဖြစ်နှင့် ကောက်ကိုင်လိုက်သော ကျောက်သည် အံ့ဩဖွယ်ရာ အရည် ကျောက် ဖြစ်နေခဲ့သည်။ မှော်စကားနှင့် ပြောရမည်ဆိုလျှင် “ထည်လုံးစိမ်း” ကျောက်ဖြစ်သည်။ တစ်သက်နှင့် တစ်ကိုယ် ရလိမ့်မည်ဟု ထင်မှတ်မထားသော ကျောက်မျိုးဖြစ် သည်။ လောပန်းကျောက်။ သူ့ဘဝ အမှန်ပင် ပြောင်းလဲ မည့် ကျောက်။ တဒင်္ဂအတွင်း ကျောက်မှ အပ အခြားအရာများ အားလုံးကို မေ့ပျောက်သွားခဲ့သည်။
“ရွှီး... ရွီး… ရွှီး”
ဝီစီမှုတ်သံ သူ မကြား။ သူ့အာရုံက အိမ်ပြန်ရောက်သွားသည်။
“မိန်းမရေ၊ ဒီမှာ ကြည့်စမ်း။ သားရေ အဖေတို့ လောပန်းဖြစ်ပြီကွ၊ သား လိုချင်တာ ဝယ်ပေးမယ် သိလား”
အတွေးမှာ ပျော်မြူးနေ သည်။ ကျောက်ကို ကြည့်မဝ။
“ရွှီး”
သူ့ ဝီစီမှုတ်သံက သံရှည် ဆွဲလိုက်သည်။ သူ မသိ။ သူ့ စိတ်က ကျောက်ကို လောပန်းကြီးဆီမှာ ပြနေသည်။
“မင်းတော့ ပွပြီပေါ့ကွာ၊ မင်း ဒီကျောက်ကို အပြတ် ရောင်းမှာလား၊ အစုထပ် ထည့်ဦးမှာလား”
သူ့အတွေးမှာ နစ်ဝင်နေ သည်။ ကျောက်ကို လော ပန်းဆီမှာ အပြတ်ရောင်းလိုက်သည်။ သူ ငွေတွေအားလုံးကို ဘဏ်ထဲမှာ အပ်လိုက်သည်။ ပြီးနောက် အတွေး တစ်ခုပဲရှိသည်။ သူ့ဇာတိကို ပြန်ပြီး မိသားစုနှင့် အေးအေးဆေးဆေး နေတော့မည်။
သူ့တည့်တည့် တဝေါဝေါ လိမ့်ဆင်းလာသော ကျောက်များကို သူ မမြင်၊ မကြား၊ မသိ။ သူက သူ့ ကမ္ဘာဆီမှာ နစ်ဝင်နေသည်။ ရွှေရောင်ဝင်းနေသော စပါးခင်းများ၊ စိမ်းစိုနေသော စိုက်ခင်းများ၊ ထိုအကြားမှာ နေချင်စဖွယ် သူ့အိမ်ငယ်လေး တစ်လုံး။ အိမ်ဘေးတွင် စက်ယန္တရားများ ထားရှိရာ နေရာက သပ်သပ်ရပ်ရပ်။ ထိုအချိန် တွင် လေတိုးသံနှင့်အတူ အဝေးဆီမှ လွင့်ပျံလာသော အော်ခေါ်သံ တစ်ခုကို သဲ့သဲ့ ကြားလိုက်မိသည်။
“သာချို ဘေးဖယ်”
“အား”
အော်သံနှစ်သံ ပြိုင်တူ ထွက်ပေါ်လာခဲ့သည်။ တစ်သံမှာ သတိပေးသံ ဖြစ်ပြီး တစ်သံမှာ ခဲမှန်၍ အော်သော အသံဖြစ်သည်။ ထို့နောက်တွင်တော့ ကျောက်ခဲများနှင့် အတူ တလိမ့်ခေါက်ကွေးလိမ့်ပါသွားသူ တစ်ယောက်ကို သူတို့ တွေ့လိုက်ကြရသည်။
••••• ••••• •••••
မိုးအကုန် ဆောင်းအကူးမို့ မှော်က သက်ဝင်လှုပ်ရှားလာခဲ့တော့သည်။ တစ်မိုးတွင်းလုံး ရပ်နားထားသော စက်ယန္တရားများ သက်ဝင် လှုပ်ရှားနေကြသည်။ စက် ယန္တရားများ၏ တဝေါဝေါ မြည်ဟိန်းသံက ရန်လိုနေ သော သတ္တဝါတစ်ကောင် အလားပင်။ မကြာခင် တောင်ဖြိုရတော့မည်။ ရတ နာများ ရှာဖွေရတော့မည်ကို သိနေ၍ ပျော်မြူးနေကြ သလားပင် ထင်ရ၏။
ထိုအချိန်တွင် မြန်မာနိုင်ငံအနှံ့မှ လူများက မှော်ဒေသကို စုရုံးရောက်ရှိလာကြ သည်။ ယခင် ရှိနှင့်ပြီးသော လူများနှင့် ပေါင်းစည်းလိုက် သောအခါ မှော်သည် လူတောကြီးအဖြစ် အသွင်ပြောင်းလဲလိုက်သလိုပင်ထင်ရပေသည်။ ဒေသစုံမှ လူရောင်စုံတို့သည် ဤဒေသကို တူညီသော ရည် ရွယ်ချက်ဖြင့် ရောက်ရှိလာခဲ့ ကြခြင်းပင်ဖြစ်သည်။ ထို ရည်ရွယ်ချက်ကား “လောပန်း” ဖြစ်ရေးပင် ဖြစ်သည်။ ထို အထဲတွင် သာချိုတစ်ယောက်လည်း ပါဝင်ခဲ့ပေသည်။
သည်နေ့ သာချို စိတ်ထဲ တစ်မျိုးဖြစ်နေ၏။ မနက်မိုး လင်းကတည်းက ခေါင်းက မကြည်ချင်။ ကိုယ်ခန္ဓာတစ်ခုလုံး ကိုက်ခဲနေ၏။ ခေါင်း က လေးလံနေသည်။ “မက် ကလောင် တက်ပြီ ထင် တယ်” ဟုတွေး၏။ သည်နေ့ ကျောက် မရှာတော့ဘူးလို့ တွေးလိုက်သည်။ ထိုအချိန် တွင်-
“ကိုသာချို၊ သားက သိပ်နေမကောင်းချင်ဘူး။ ကိုယ်တွေ ပူနေတယ်”
တဲနောက်နားဆီက သူ့ မိန်းမ၏ အသံက ထွက်ပေါ် လာသည်။
“ဟေ၊ ဟုတ်လား။ဘယ်တုန်းက ဖြစ်တာလဲ”
“မနေ့က စ,ဖြစ်တာ။ ဆေးတိုက်ထားတာလည်း အပူက မကျဘူး။ ညနေ ဆေးခန်းသွားပြမှ ဖြစ်မယ် ထင်တယ်”
“ဟာ ညနေထိ စောင့်လို့ ဖြစ်မလားကွာ၊ ခု သွားပြရ အောင်”
“ကျွန်မလည်း ခု သွားပြချင်တာပေါ့ရှင်၊ ဒါပေမဲ့ လည်း ...”
နောက်ဆက်တွဲ စကားလုံးအတွက် ဖွင့်ပြော ကောင်းမလား၊ မကောင်းလား စဉ်း စားနေတုန်း ရှိသေးသည်။ “ကဲ ပြော၊ ဒါပေမဲ့ ဘာဖြစ်လဲ”
“ဟို ဟိုလေ၊ ငွေမရှိလို့”
နွေခေါင်ခေါင် မိုးကြိုးပစ်သလို သူ့ရင်ထဲ တုန်ခါသွားမိသည်။ အခုမှပဲ သူ လည်း စဉ်းစားမိသည်။ သူ ကျောက်မရတာ တစ်ပတ် ကျော်သွားခဲ့ လေပြီ။ ဒီအတွင်း စားစရာများကို ကုန်စုံဆိုင်လေးက အကြွေးရောင်းပေး၍ အဆင်ပြေနေခြင်းဖြစ်၏။ ဆေးခန်းကတော့ အကြွေးမရ။ သည့်အတွက် ငွေလိုသည်။ ငွေရအောင် သူ အလုပ်လုပ်မှ ရမည်။ တွေး ရင်း တွေးရင်း ချွေးပြန်လာ သလို ခံစားလိုက်ရသည်။
ငွေ ငွေ အတော် ရှာရ ခက်သည့် ငွေ။ ရှာရ ခက်သလောက် သုံးရတာကျ တော့ လွယ်လိုက်သည့်ဖြစ် ခြင်း။ သူ့မှာ လောပန်းဖြစ် ချင်ဇောနှင့် မှော်ထဲသို့ စွန့်စား ထွက်ခွာလာခဲ့သည်။ နှစ်ပေါင်းပင် တစ်ကျိပ်နီးနီးကြာခဲ့သည်။ ဘာမှ ဖြစ်မလာ။ ထူးခြားသည်ဆို၍ သူ့မိန်းမ ငွေမှုံနှင့် သားလေးတစ်ယောက်သာ အဖတ်တင်သည်။ အခြား ဘာဆို ဘာမှ ဖြစ်မလာခဲ့။
လူပျိုဘဝတုန်းကတော့ သောက်လိုက်၊ စားလိုက်၊ ပျော်လိုက်ပါးလိုက်။ ခုအိမ်ထောင်ကျတော့ အပျော် အပါး မလိုက်စားတော့။ ရသမျှ စုခဲ့သည်။ သို့သော် လည်း ဘာမှ ဟုတ်တိပတ် တိ မစုဆောင်းနိုင်။ ထိုသို့ဖြင့် ကလေးမွေးသောအခါ ရှိစု မဲ့စုလေးပင် အားလုံးပြောင်တလင်း ခါသွားခဲ့ရသည်။ ခုတော့ အကြွေးတွေသာ ဝိုင်းလာသည်။ ကျောက်ကောင်းကား ရမလာ။ ထမင်းစား ကျောက်လေးပင် အနိုင်နိုင်။ သည်ကြားထဲ မိုးတွင်းမို့ လုပ် ကွက်တွေနား၊ ကျောက်ရှာရ တာ မလွယ်။ အတော်မလွယ်သည့် ငွေပင်ဖြစ်သည်။
ခုတော့ မိုးအကုန် ဆောင်းအကူးမို့ မှော်ပြန်စည်ကားလာသည်။ သို့သော်လည်း ကျောက်ကား ဘာမှ မရ။ ကုမ္ပဏီလုပ်ကွက်များက စည်စည်ပင်ပင် မလုပ်ကြ သေး။ အတော်ဆိုးသည့် ကာလပင် ဖြစ်သည်။ ဤအချိန်တွင် သူတို့လို ရေမဆေးသမားဖို့ ငွေကျပ်တည်းသော အချိန်ပင်ဖြစ်၏။ နောက်လ ရောက်လျှင်တော့ မှော်က တကယ် စည်ပင်တော့မည်။
ထိုမှသာ ကျောက်ရှာရန် အလွန်ကောင်းသော အချိန် ဖြစ်၏။ လောပန်း မဖြစ်လျှင်တောင် ထမင်းစားကျောက်ကတော့ ပုံမှန်ရတတ်သည်။
“ငွေမှုံရေ၊ ဒီနေ့တော့ ငါ စောစော သွားလိုက်တော့မယ်ကွာ။ ကလေးကို သေချာ ကြည့်ထားနော်။ လုပ်စရာတွေ ငါ ပြန်လာမှ လုပ်တော့မယ်”
ချက်ချင်းဆိုသလို အတွေးကိုရပ်ပြီး ကျောက်ရှာ ထွက်ဖို့ ခြေလှမ်းပြင်လိုက်သည်။ နောက်ကျောတွင် ကျောပိုးအိတ်လွယ်၊ စိန်တူ ကိုင်ကာ ပွိုင့်ဖိနပ် စီးလျက် တဲအိမ်လေးမှ ထွက်သွားသော သာချို၏ နောက်ကျောကို ကြည့်ရင်း ...
“ကျောက် ကောင်း လေးများ ရခဲ့ပါစေဘုရား” ဟု ငွေမှုံ စိတ်ထဲမှ ဆုတောင်း ပေးလိုက်မိသည်။
••••• ••••• •••••
သာချို ကျောက်ရှာရန်သာ ထွက်လာခဲ့ရသည်။ စိတ်က မပါ။ နေကလည်း ပူလိုက်သည်မှ ချစ်ချစ်တောက်။ မနက်ကတည်းက မကြည် သော ခေါင်းက တစစ်စစ် ကိုက်လာခဲ့သည်။ သူ ဖျားနေတာ သေချာ၏။ သို့သော် လည်း “ကလေး နေမကောင်း၊ ညနေ ဆေးခန်းပြရမယ်။ ငွေ ပြတ်နေတယ်” ဆိုသော ငွေမှုံ၏ စကားက ခေါင်းထဲမှ ထွက်မသွား။ တရစ်ဝဲဝဲ လုပ်နေ၏။ သည့်အတွက်လည်း ယောက်ျား ဆိုသော မာနနှင့် အားတင်းကာ ကျောက်ရှာထွက်လာခဲ့ခြင်းသာ ဖြစ်သည်။
ငွေမှုံအကြောင်း ခေါင်းထဲ ရောက်လာပြန်သည်။ သူနှင့် ငွေမှုံက မှော်ထဲမှာ တွေ့ ကာ မှော်ထဲမှာပင် ညားကြခြင်းဖြစ်သည်။ ဤအရပ်စကားနှင့် ပြောရလျှင် မှော်လင်၊ မှော်မယား ပင်ဖြစ်၏။ ထိုစကားသည် ပြီးစလွယ်နိုင် လှ၏။ သို့သော်လည်း ငွေမှုံ က သူ့ကို အားကိုး၏၊ အထင်ကြီး၏၊ လေးစား၏။ ဘယ် တရားသူကြီး ရှေ့မှာမှ တရားဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း တစ်ဦး အပေါ် တစ်ဦး ချစ်ခင်ကြင်နာစွာ ပေါင်းသင်းနေထိုင်ကြခြင်းဖြစ်သည်။ ထိုချစ်ခြင်းမှ တစ်ဆင့် သံယောဇဉ်နွယ် တစ်ပင်က ရစ်ပတ်လာပြန်၏။ “ကျောက်ကောင်း” ဟု ပေးထားသော သူ့သားလေးသည် ဖြေ မပြေသောကြိုးဖြစ်ကာ သူ့ကို ရစ်ပတ်နှောင်ဖွဲ့ထားခဲ့လေ၏။ ခုထိုကြိုးလေး နေမကောင်း သောအခါ သူသည် သူ၏ နာကျင်မှုကို မေ့ထားကာ သားလှရတနာအတွက် ကျောက်ရှာ ထွက်လာခဲ့ခြင်း သာ ဖြစ်သည်။
မှော်လကင်မှော်ကား အတော်ပင် နာမည်ကြီး၏။ သည်မှော်မှ ကျောက်အောင်သောသူ သုံး,လေးယောက်ပင် ရှိသွားခဲ့ကြပြီ။ ဤ သတင်းကား သူတို့လို ရေမဆေးသမားများ အဖို့ အား ကျစရာပင် ဖြစ်၏။ ထို့ကြောင့်ပင် မှော်လကင်မှော် မြေစာ သွန်ချရာ ရေမဆေးသမားများ စည်ကားနေသည်မှာ အဆန်း မဟုတ်။ မှော်ကလည်း ကောင်းကောင်း အလုပ်လုပ် တာ ဆိုလို့ သည်မှော်ပင် ရှိသေး ၏။ ထို့ကြောင့်လည်း ပိုမို စည်ကားနေ၏။ ရေမဆေးသမားများ စည်ကားရာနေရာတွင် ရေမဆေးဈေးတန်းကလည်း စည်ပင်နေ၏။ သာချို ရောက်သွားချိန်တွင် မြေစာပုံကား အတော် စည်ကား နေလေပြီ။ လူအုပ် ကြားထဲသို့ သာချို ဝင်လိုက်သည်။ ရှာသည်၊ ခေါက်သည်၊ ရှောင်ရရှားရသည်။ လုကာ ခေါက်ရသည်၊ လုကာ ကောက်ရသည်။ သို့သော်လည်း ခိုက်ရန်ဖြစ်ပွားခြင်းကား မရှိ။ သူ့စည်း ကိုယ့် စည်းပင်ဖြစ်၏။ သူ ကျောက် အသည်းအသန် ရချင်နေသည်။ ခုထိ တစ်လုံးမှ မရသေး။ ယုတ်စွအဆုံး ကျောက်မျိုးထဲ ပါသော မောက်တုံး၊ ပလွန်၊ တောင်ဆန်၊ ခုတ် စသော ကျောက်များပင် မခေါက်မိ။ သူပင် မဟုတ်။ အခြား သူများလည်း မရကြ။ ဘာပဲဖြစ်ဖြစ် “ဒီနေ့တော့ မရရင် မပြန်ဘူးကွာ” ဟု ဆုံးဖြတ်ရင်း ဆက် ရှာဖွေနေလိုက်သည်။
နေသည် သူ့ခေါင်းပေါ် သို့ရောက်လာခဲ့ပေပြီ။ သာချို ကား ကျောက်ရှာတုန်းပင် ရှိ သေး၏။ မြေစာသွန်ကား များပင် နေ့လယ်နားချိန်တိုင်ခဲ့ပေပြီ။ သာချို ကျောက်ခေါက်နေတုန်း။ ပူလောင်သော နေက သူ၏ ကျောက်လိုချင်သော လောဘကို မတားဆီးနိုင်။ ဗိုက်က တဂွီဂွီမြည်လာသည်။ တစ်ခါတစ်ခါ ခေါင်းကလည်း မိုက်ခနဲ မိုက်ခနဲ ဖြစ်သွားသည်။ အားတင်းကာ ကျောက်ရှာနေဆဲပင် ရှိ၏။ “ငါ ဒီနေ့ကျောက်ရမှ ဖြစ်မှာ” ဆိုသော အတွေးက ခဏခဏ ပေါ်လာ၍ ဖြစ်သည်။
••••• ••••• •••••
“သာချို ဆိုင်သွားရအောင်ကွာ”
သူ့မိတ်ဆွေ အောင်မြင့်ချို ခေါ်သံကြောင့် ဗိုက်က ပိုဆာလာသလိုပင်။
“ငါ ဒီမနက် ဘာမှ မရသေးဘူး”
“လာစမ်းပါကွာ။ ငါ ခုနားက တစ်သောင်းနဲ့ တစ်လုံး ထုတ်လိုက်တယ်။ အဲဒါနဲ့ သွားစားရအောင်”
“အေးပါကွာ၊ ကျေးဇူးပါပဲ။ ငါလည်း ဗိုက်အရမ်း ဆာနေတာကွ”
ဒီလိုနှင့် သူတို့ မြေစာပုံ ဈေးတန်းလေးရှိ ဈေးဆိုင်လေးဆီသို့ ချီတက်လိုက်ကြသည်။
“ကဲ ပြော၊ မင်း ဘာစားမလဲ”
“ငါ့ကို ခေါက်ဆွဲပြုတ်ပဲ ပေးပါကွာ”
“မင်း ကြည့်ရတာ တစ်မျိုးပါလား သာချို။ မျက်နှာကလည်း နီရဲလို့။ နေမကောင်းဘူးလား၊ ဖျားနေတာ ထင်တယ်”
“ဟုတ်တယ်ကွ။ မနက် ကတည်းက ဖျားနေတာ”
“ဒါနဲ့ နားတာမဟုတ်ဘူး”
“နားလို့ မဖြစ်လို့ပေါ့ကွာ။ ခု ကလေး ဖျားနေတယ်၊ ညနေ ဆေးခန်းပြဖို့ ငွေလိုနေတယ်”
“မင်း အဖြစ်ကလည်း မလွယ်ပါလား သာချိုရာ။ အေးကွာ၊ ညနေ ကျောက် အခြေအနေ မကောင်းရင်ပြော၊ ငါ လောပန်းဆီက ငွေနည်းနည်း ဆွဲပေးလိုက်မယ်”
"ရပါတယ်ကွာ၊ ကျေးဇူးပါပဲ”
“ကဲ ပြော၊ မင်း ဘာစားမလဲ”
“ငါ့ကို ခေါက်ဆွဲပြုတ်ပဲ ပေးပါကွာ”
သူတို့နှစ်ယောက် ဆိုင်လေးထဲတွင် စားကြသောက်ကြ စကားပြောကြနှင့် အချိန် သည် တဖြည်းဖြည်းရင့်ရော် လာခဲ့လေ၏။
“ကဲ အောင်မြင့်ချို ထ။ ကျောက်သွားရှာရအောင်၊ ကားတွေ မြေစာသွန်နေပြီ”
“ခဏလောက် နားပါဦးလား၊ နေအရမ်းပူတယ်ကွ”
“နားလို့မဖြစ်ဘူးဟေ့၊ ဒီနေ့ ကျောက်ရမှကို ဖြစ်မှာ”
သာချို ပြောပြောဆိုဆိုနှင့် ထိုင်ရာမှ ထကာ ကျောက်ရှာဖို့ မြေစာသွန်ရာဆီသို့ ထွက်ခွာသွားလိုက်တော့သည်။ ကောင်းကင်မှ နေလုံးကား ရဲရဲတောက် လောင်ကျွမ်းနေလေသည်။
တစ်နေ့တာ ကုန်ခါနီးသည်အထိ ကျောက်မျိုးတစ်လုံးတလေမျှပင် မခေါက်မိ၊ မတွေ့မိ။
“တောက် ဆိုးလိုက်တဲ့ ကံကွာ”။ စိတ်ထဲမှ ရေရွတ် မိသည် ထိပင်။ တဖြည်း ဖြည်းနှင့် ကားသိမ်းချိန်သို့ တိုင်ခဲ့လေပြီ။ ကျောက်ရှာဖွေကြသူများပင် အိမ်ပြန်သူ ပြန်သွားခဲ့ကြလေပြီ။
“နောက်ဆုံး ကားသိမ်းချိန်ထိ ကျောက်မရဘူး ဆိုရင်တော့ အောင်မြင့်ချို ကိုပဲ အကူအညီ တောင်းရတော့မှာပါပဲလေ” ဟု တွေးရင်း နောက်ဆုံးကား လာချိန်အထိ ကျောက်ရှာနေလိုက်သည်။
“ဟား ဟား ဟား ရပြီ ကွ၊ ရပြီ။ ဒီတစ်ခါ သာချိုတို့ လောပန်းဖြစ်ပြီ” ဟု တွေးရင်း ရသည့် ကျောက်ကို အားရပါးရ စိုက်ကြည့်လိုက်မိသည်။ ကျောက်က ကျောက်ကောင်းမို့ သူသည် အတွေးသံသရာမှာ မေ့မြောသွားသည်။ တစ်လောကလုံးနှင့် အဆက်ပြတ် သွားသည်။ နောက် သူ့ကံကြမ္မာကို ဖန်တီးလိုက်သည့် အော်သံများ၊ ဝီစီမှုတ်သံများကို မကြားမိသည်အထိ အတွေးထဲတွင် တဒင်္ဂ ပျော်ဝင်သွားမိသည်။
••••• ••••• •••••
“ငါ့ခြေထောက်တွေ ပြန်ပေးပါ၊ ငါ့ခြေထောက်တွေ ပြန်ပေးပါ”
သာချို သတိရလာ သောအခါ အောက်ပိုင်းမှ အေးစက်စက် အတွေ့တစ်ခု ခံစားလိုက်ရသည်။ ပြီးနောက် ဒူးအောက်နားဆီမှ တုံးတိတိ ခံစားမှု တစ်ခုကိုပါ ရလိုက်ပြန်သည်။ ထိုမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မှုများ၊ ခေါင်းမှ ပတ်တီးများ၊ အားလုံး အားလုံး စုပုံ ခံစားလာရသည်။ ထိုအခါတွင်တော့ မျက်လုံးမှ မျက်ရည်များ စီးကျလာကာ “ငါ့ခြေထောက်တွေ ပြန်ပေးပါ၊ ငါ့ ခြေထောက်တွေ ပြန်ပေးပါ” ဆိုသော အသံ ထွက်ပေါ်လာ ခြင်းပင် ဖြစ်သည်။
“သာချို ၊ ဘာမှ အားငယ်မနေပါနဲ့ကွာ၊ အသက်ထက် ဘာမှ အရေးမကြီးဘူး။ ခု မင်းအသက်ကို ငါတို့ ကယ်လိုက်နိုင်ပြီလေ”
အနီးတွင်ရှိသော အောင်မြင့်ချို၏ အားပေးစကားသံ ထွက်ပေါ်လာပြန်သည်။
“ငွေမှုံနဲ့ သားလေးကော။ သားလေးကော နေကောင်းသွားပြီလား”
"ရှိပါတယ်ကွာ၊ ဟို အပြင်မှာ ရှိပါတယ်”
အပြင်မှာ ရှိနေသော ငွေမှုံနှင့် သားငယ်လေး ခုတင်နား ရောက်လာခဲ့ကြသည်။
“ကိုသာချို၊ ဘာမှ အားမငယ်နဲ့နော်။ ကျွန်မတို့ အနားမှာ ရှိတယ်”
“အဲဒီစကား ငါပြောရမှာပါ ငွေမှုံရယ်။ ခု ငါ့မှာ ခြေထောက် နှစ်ချောင်းစလုံး မရှိတော့ဘူး။ ငါ ဒုက္ခိတဖြစ်ပြီး အသက်ရှင်လျက် ဘာ ထူးဦးမှာလဲ။ ဒီတော့ ဆရာဝန်တွေကို ပြောပေးပါ။ ငါ့ကို ဆေးထိုးသ,တ်ပေးကြပါလို့”
“အစ်ကို ဘာတွေ ပြောနေတာလဲ။ အစ်ကို့ အနားမှာ ကျွန်မ တစ်ယောက်လုံး ရှိတယ်။ အစ်ကို့ကို ကျွန်မ ပြုစုမယ်။ တစ်သက်လုံးပြုစုမယ်။ လုံးဝ လက်တွဲမဖြုတ်ဘူး။ အစ်ကို ဟာ ကျွန်မတို့ သားအမိကို အစ်ကို့ဘဝ၊ အစ်ကို့အသက်နဲ့ အလဲအထပ် လုပ်ပြီး ပြောင်းလဲ ကယ်တင်ခဲ့ပြီလေ။ ဒီထက် လောကမှာ ကျွန်မတို့ကို ဘာများ အစ်ကို လုပ်ပေးချင်သေးလို့လဲ”
"ဘယ်လို ဘယ်လို၊ ငါ နားမလည်လို့”
တကယ်တော့ သာချို သတိမေ့မြောနေသည်မှာ ခုနစ်ရက်မြောက်နေ့တိုင်ခဲ့ပေပြီ။ ထိုခုနစ်ရက်အတွင်း ဘာတွေ ပြောင်းလဲခဲ့ပြီလဲ သူ မမှတ်မိ။ သူ မှတ်မိနေသည်မှာ ကျောက်ရသည်။ ခဲမှန်ကာ လိမ့်ကျသွားသည်။ ထို ကျောက်လည်း ခဲမှန်တုန်း ပျောက်ဆုံးခဲ့ပြီဟု ယုံကြည်နေသည်။ “ငါ ကျောက်ကြည့်နေတုန်း ခဲမှန်တာပါကွာ” လို့ ပြောချင်ပေမဲ့ လိမ်နေသည် ထင်မှာစိုး၍ မပြော။
ခုတော့ အသက်နှင့် လဲပြီး ပြောင်းလဲခဲ့သည် ဆိုတော့ သူ၏ ပျောက်ဆုံးတော့မည့် မျှော်လင့်ခြင်းအရောင် တောက် လာသလို ခံစားလိုက်ရသည်။
“ဒါ ဒါဆို ငါ ရခဲ့တဲ့ ကျောက် ပျောက်မသွားဘူးပေါ့”
တုန်ယင်နေသော သူ့ အမေးစကားကို အောင်မြင့်ချို ပြုံးယောင်သန်းသော မျက်နှာ ထားဖြင့် ပြန်ဖြေလိုက်သည်။
“ဒါပေါ့ကွာ၊ မင်းကတော့ တကယ့်စံပါပဲ။ ဒီလောက် ခဲမှန်ပြီး လိမ့်ဆင်းသွားတာတောင် လုံးဝ သတိ မပျက်ခဲ့ဘူး။ ကျောက်ကို ရင်ဘတ်မှာ ပိုက်ထားတယ်။ ပါးစပ်ကလည်း “သားရေ၊ အဖေတို့ ချမ်းသာပြီကွ” လို့ တတွတ်တွတ် ပြောနေတာ ဆေးရုံ ရောက်တဲ့ထိပဲ”
“ဒါဆို ငါ့ကို ဆေးရုံပို့တာ မင်းတို့ပေါ့”
“ဘယ်ကမလဲကွာ။ ဆေးရုံပို့တာရော၊ ကျောက်ရောင်းတာရော အားလုံး ငါပဲ လုပ်ပေးခဲ့တာ။ ခုဆို မင်း အရင်က သာချို မဟုတ်တော့ဘူး။ လောပန်း သာချို ဖြစ်ပြီပေါ့ကွာ။ ဒီတော့ စိတ်အေးအေး ထား။ မင်း ဆေးရုံက ဆင်းမှ ကျန်တာ ဆက်လုပ်ကြတာပေါ့”
“ကျေးဇူးတင်လိုက်တာ သူငယ်ချင်းရာ”
သာချို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက် ပြုံးရောင်သန်းနေသော သူ့မျက်နှာက ချက်ချင်း ဆိုသလို ညို ယောင်သန်းလာခဲ့သည်။ သူ သည် ပြတင်းပေါက်မှ တလွင့်လွင့် လှုပ်ခတ်နေသော လိုက်ကာကို ငေးကြည့်ရင်း ပင့်သက်ကြားမှ စကားတစ်ခွန်း လှမ်းပြောလိုက်သည်။
“ငါ ရခဲ့တဲ့ ကျောက်က ငါပေးဆပ်လိုက်ရတာနဲ့ တန်ရဲ့လားကွာ”
ထိုခဏတွင် ဆေးရုံ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် သွားသယောင်ပင်တည်း...။
▢ အဉ္ဇန (ညောင်ပင်)
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇူလိုင်၊ ၂၀၁၈
No comments:
Post a Comment