Sunday, August 2, 2026

ရေးပုံ ၊ပြောပုံ မှားသွားလို့


❝ ရေးပုံ ၊ပြောပုံ မှားသွားလို့ ❞
▢  ရန်နိုင် ( ယုဇန )

ကျွန်တော့် ‘ ကြီးဒေါ်ကြီး ’ ဟာ အရမ်းအူတူတူနိုင်ပြီး မြန်မာစာကိုလည်း အထားအသို မှန်အောင် မရေးတတ် ၊ မြန်မာစကားကိုလည်း ကျိုးကြောင်းဆီလျော်အောင် မပြောတတ်ဘူးခင်ဗျ ၊ တစ်ခါတုန်းက အိမ်ထောင်ရှိတဲ့ သူ့တူမဆီ ရေးလိုက်တဲ့စာထဲမှာ အခုလို ရေးလိုက်လို့ ဒုက္ခရောက်ခဲ့ရဖူးတယ် ။

“ ဟဲ့ ၊ ငါနဲ့ ငါ့ပစ္စည်းရှေ့အပတ်ထဲ လာမယ် ၊ နင့်ယောက်ျား အားရင် ငါ့ပစ္စည်းကို ဒူးထောက်ထမ်းဖို့ လာကြိုဦး ” တဲ့ ။ ဆိုလိုတာက လာမယ့် တစ်ပတ်ထဲမှာ သူ အလည်လာမယ် ၊ သူနဲ့အတူ ပါလာတဲ့ ပစ္စည်းတွေက များလွန်းတော့ ယောက်ျားသား အကူအညီယူဖို့ တူမယောက်ျားကို လွှတ်ခိုင်းတာပါ ။ မြေပြင်ပေါ် ဒူးထောက်ပြီး ဝိုင်းထမ်းပေးဖို့ ပြောတာပါ ။ ဒါပေမယ့် အဆီအငေါ် မတည့်တဲ့ စာကြောင့် တူမရဲ့ ယောက်ျားခမျာ ပျက်ကလဲဆန်ပြာနဲ့ စာဖတ်လိုက် ၊ သူ့ဒူးသူ ငုံ့ကြည့်လိုက် ဖြစ်ခဲ့ရသတဲ့ ။

ဒါတင်ဘယ်ကမလဲ ။ မြန်မာစကားကို လိပ်ပတ်လည်အောင် မပြောဆိုတတ်မှုကြောင့် အိမ်မှာ ဆွမ်းခံကြွနေကျ ဦးပဉ္စင်းလေးလည်း ရှက်ရှက်နဲ့ ရယ်ခဲ့ရတဲ့ အဖြစ်ကို ရောက်ခဲ့ရဖူးပါတယ် ။ ဖြစ်ပုံက ဒီလိုဗျ ... ။

တစ်ရက်မှာ အိမ်ကို ဆွမ်းခံကြွနေကျ ဦးပဉ္စင်းလေးကို “ အရှင်ဘုရားနဲ့ တပည့်တော်မတို့ဟာ ‘ ရှေးရေစက်ကံ ’ ကြောင့် ဒီဘဝမှာ ဒီလို ဆုံတွေ့ကြရတာပါ ဘုရား ” ဆိုတဲ့ စကားလေးကို ပြောချင်သတဲ့ ။ ဒါပေမယ့် ကြီးဒေါ်ကြီးရဲ့ လိပ်ပတ်လည်အောင် မပြောတတ်တဲ့ စကားကြောင့် တကယ် ပြောလိုက်တဲ့အခါမှာ အခုလို စကားမှားသွားတယ် ။

“ အရှင်ဘုရားနဲ့ တပည့်တော်မတို့ဟာ ‘ ရှေးဖူးစာကံ ’ ကြောင့် ဒီဘဝမှာ ဒီလို ဆုံတွေ့ကြရတာပါဘုရား ” တဲ့ ။ ကြားလိုက်ရတဲ့ ဦးပဉ္ဇင်းလေးခမျာ ရှက်လည်း ရှက် ၊ ရယ်လည်း ရယ် ဖြစ်ခဲ့ရသတဲ့လေ ။  ။

▢  ရန်နိုင် ( ယုဇန )
📖 ရယ်စရာ မဂ္ဂဇင်း
      မတ် ၊ ၂၀၁၆ 

No comments:

Post a Comment