Saturday, August 15, 2026

မသိလည်း မှား ၊ သိလည်း မှားသနှင့်

❝ မသိလည်း မှား ၊ သိလည်း မှားသနှင့် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

နေသည် ပူပြီဆိုမှဖြင့် တက်ကုန်လက်ကုန် ရွက်ကုန် ပူတော့သည်။ ယခုပင် ကြည့်၊ အချိန်မှာ ဆွမ်းခံဝင်ခါစသာ ရှိဦးမည်ဖြစ်ငြား ရီးဆေးရိုး တစ်ကိုယ်လုံး ပူချစ်နေပြီ။ ခေါင်းတွင် ခမောက်ဆောင်းထားသည်။ ကျောတွင် ဆေးဖျန်းပုံး ‘ ပုံးပြား ’ ကြီး လွယ်ထားသည်။ သည်အကာအကွယ်ရှိသော နေရာများမှ လွတ်သော ကိုယ်ခန္ဓာအောက်ပိုင်း တစ်ခုလုံးနှင့် ပခုံး၊ လက်မောင်း တို့မှာ မီးတောက်ဖြင့် မြှိုက်ထားသည်သို့ ပူလှသည်။

နေပူပြီဟေ့ ဆိုလျှင် လေကလည်း ငြိမ်စမြဲ။ သစ်ရွက်ကလေး တစ်ရွက်သော်မျှ မလှုပ်။ အားနှင့်မာန်နှင့် ခုန်တက်လာသော ဝါပင်များမူ နေအပူကို ထီမထင်သော သတ္တိဖြင့် အန်တုနေကြသည်။ ရီးဆေးရိုးမှာလည်း ရေနှင့် ဆေး အပြည့် ရောထားသော ပုံးကြီးကို ကျောပိုးထားရသည်က တစ်ဖက်၊ နေပူသည်က တစ်ဖက်နှင့် မည်မျှပင်ပန်း မောဟိုက်စေကာမူ သူ့ဝါခင်းကြီးကို တစ်ချက် မျက်လုံးကစားလိုက်လျှင် အမောပြေသွားသည်သာ။

နှစ်လသား ဝါခင်းကြီးသည် ကြားတိုက် ပြီးသွား ပြီ။ နောက်ဆုံး ငါးသွားဖြင့် ‘ကြား’ လိုက်ထားသည့် အတွက် ဝါပင်များ အောက်ခြေခိုင်အောင် မြေသား ‘ပေါင်’ တင်ပေးထားသည့်နှယ် ရှိနေပြီ။ သေသေချာချာ အာရုံစိုက်ကြည့်မိသောအခါ ရီးဆေးရိုး အမောပြေရုံသာမက အားများပင် ပြည့်လာရသည်။ အပွင့်ဝေဝေ အကင်းလှလှများ ပြုတ်ကြွေစ၊ သီးလုံးဝင်စ ဝါခင်းသည် ရီးဆေးရိုး မိသားစု၏ အသက်ပင် ဖြစ်နေပေတော့သည်။

ရီးဆေးရိုးသည် ဆေးပုံးလက်ကိုင် သစ်သားရိုးကို ဖြည်းဖြည်းမှန်မှန် နှိမ့်ချည်မြှင့်ချည် နှိပ်ပေးရင်း ဆေးဖျန်းတံကို ဆေးရည် ညီညီညာညာ ပြန့်အောင် ယမ်းပေးနေသည်။ ရှေ့ကန်သင်းသို့ရောက်ရန် ခြေလှမ်း ဆယ်လှမ်းစာမျှ အလိုတွင် ရီးဆေးရိုး ခြေများ ရပ်တန့်သွား၏။ မောင်းတံနှိပ်ရသဖြင့် လက်ညောင်းသည်နှင့် အတော်ပင် ဖြစ်သွားသည်။

သို့သော် သူမျက်မှောင်ကုတ်ထားမိသည်။ လွန်ခဲ့သော အရက်နှစ်ဆယ်ခန့်က မာလာသီယွန် ဖျန်းခဲ့သည်။ မာလာသီယွန်သည် အားယူနေသော ဝါပင်အတွက် ပိုးမွှားကို နှိမ်နင်းပေးရုံသာမက၊ အပင်ကိုလည်း အားဖြစ်စေသည်ဟု ရီးဆေးရိုးတို့ ယုံကြည်၏။ ထို မာလာသီယွန် ဖျန်းစဉ်ကပင် မဟုတ်လား။ သည်နေရာတွင် ဖြုတ်စိမ်းတွေ တွေ့သည်။ ဖြုတ်စိမ်းသည် အရွက်ကို စုပ်သည်။ ဆန်ကွဲစေ့မျှသာ ရှိသော အကောင်လှလှကလေးတွေပေမင့် သူ ကျလျှင် ဝါပင် မထတော့။ အရွက်ကလေးတွေ ကုပ်လာ၏။ နောက် ဝါလာသည်။ သည်နှယ်ဖြစ်လျှင် အပွင့် ပွင့်ရာတွင်၊ အသီး သီးရာတွင် ထိခိုက်ပြီ။ သို့ကြောင့် မာလာသီယွန် ဖျန်းစဉ်ကတည်းက ရီးဆေးရိုး သတိထားခဲ့၏။ သေသေချာချာ ဖျန်းပက်ခဲ့၏။ သည်နေရာတွင် ယခု တွေ့ရပြန်ပြီ။ ဖြုတ်စိမ်းမူမဟုတ်။ နီနီတွန့်တွန့် အကောင်လေးတွေ။ သီးလုံးဖောက်ပိုး။

ရီးဆေးရိုးသည် အရွက်တွေအောက် ငုံ့ကြည့်၏။ လှန်လှောကြည့်၏။ များတော့ မများလှ။ မများသော်ငြား ဝါစိုက်သူ၏ အသည်းနှလုံးဖြစ်သော ဝါမျှင်ကို ဖျက်ဆီးမည့် သီးလုံးဖောက်ပိုးကို ရီးဆေးရိုး ဂရုစိုက်ရသည်။ သင်းတို့ကို မျက်စိမှောက်ထားခဲ့၍ မဖြစ်။ သူတို့သည် ဝါမျှင်နုကလေးတွေကို စားသည်။ သူတို့ နှိပ်စက်ပါက ဝါသီးတွေ ကြွေကျမည်။

ရီးဆေးရိုးသည် လက်ညောင်းပြေ မပြေပင် မေ့သွားသည်။ အပေါ်မှ မိုး၍ရော၊ အောက်မှပင့်၍ပါ ဘေးတိုက်လည်း မကျန်ရအောင် နှံ့နှံ့ပျံ့ပျံ့ထိုးသည်။ ဖျန်းသည်။ ဆေးဖျန်းတော့မှ ထပျံပြေးသည့်အကောင်များလည်း ရှိတတ်သေးရာ ရီးဆေးရိုး မျက်စိလည်း လျင်လျင်ထားရ၏။ စိတ်ကျေနပ်သလောက် ရှိတော့မှ ရှေ့ဆက်ဖျန်းလာရာ ကန်သင်းခြေလည်း ကပ်မိရော ဆေးမထွက်တော့ပေ။ ကုန်ပြန်ပြီ။

••••• ••••• •••••

ဆေးပုံးတွင် ဆေးဖြည့်ရမည်။ ရီးဆေးရိုးသည် ဆေးပုံးကို ကျောပိုးလျက် ဆေးဖျော်သောနေရာသို့ တငုံ့ငုံ့ လျှောက်လာ၏။ လေပြည်ကလေး တစ်ချက်သွေးလာသည်။

“လုပ်စမ်းပါ လေကလေးရာ၊ ခုမှပဲ နေသာထိုင်သာ ရှိပေတော့တယ်”

လေပြည်အေးသည် ရင်ဘတ်တစ်လျှောက် စီးကျလာသော ချွေးကို ‘သလပ်’ နိုင်၏။ ပခုံးရင်းတွင် ကပ်ချိတ်ထားသော ‘ချပ်ကြိုး’ နှစ်ချောင်း နေရာသို့ကား တိုးမဝင်နိုင်။ သို့သော် လေပြည်သုတ် ရပ်သည်နှင့် ပူလောင်မြဲ ပူလောင်လာ၏။ အိုက်စပ်မြဲ အိုက်စပ်လာ၏။

ရှေ့ကန်သင်းဆုံကို မျှော်ကြည့်၏။ မြေးတွေ ရေအိုးကိုယ်စီဖြင့် ရေခပ်လာကြ၏။ ဆေးဖျော်ရန် ဖြစ်သောရေ။ ရီးကျီးဒန်မူ ရီးဆေးရိုး ကန်သင်းပေါင်ပေါ် တက်လာသည်ကို မြင်သည်နှင့် ဆောင့်ကြောင့်ကြီး ထိုင်လျက် ဆေးနှင့် ရေနှင့် ဖျော်စပ်နေပေပြီ။ မြေးတို့လည်း ဘ လာသည်ကိုမြင်သည်နှင့် နားလိုက်ကြသည်။ မြေးမများထဲတွင် အကြီးဆုံးဖြစ်သော မေကြည်။ ထို့နောက် တစ်မိပေါက်ဖြစ်သော မချောစိန်၏ ကလေးများ။ ကိုကိုကြီး၊ ခင်ခင်ကြီး၊ မိမိထွေး။

သူတို့လည်း ချွေးအရွှဲသားဖြင့် ထန်းပင်ရိပ်သို့ တိုးကပ်နေကြ၏။

“ဟဲ့ မောနေကြပြီလား”

ရီးဆေးရိုးသည် ပခုံးမှဆေးပုံးကို ဖြုတ်ချွတ်ရာမှ မြေးများအား ပြုံးပြုံးကြီးကြည့်ပြီး မေး၏။ ကျန်မြေးများက ခေါင်းညိတ်ပြသော်ငြား၊ ငတက်ပြားမ မိမိထွေး ကား အာသွက်လျှာသွက် နိုင်စမြဲ။

“မောပါဘူး ဘရဲ့”

“အင်း မောဦးမှပေါ့၊ အိုးကြီးခွက်ကြီးနဲ့ ခပ်ရတာကိုး”

ရီးကျီးဒန် လှမ်းအပြောတွင် မိမိထွေး၏ ရေအိုးကို ပြိုင်တူကြည့်ကြ၊ ပြိုင်တူရယ်မောကြသည်။ ရမ်းဘိုကုန်း ဓလေ့အားဖြင့် ဆီအိုး ခေါ်သော အိုး။ အနက်ရောင်ကလေး။ နို့ဆီဘူးလေးလုံးစာခန့်သာ ကြီး၏။

ရီးဆေးရိုးလည်း ရောနှောပြုံးမိစေကာမူ သူ့မြေးမ ဘက်မှ ကာကွယ် ပြောဆိုသည်။

“အမယ် ဒါရယ်စရာလား။ ငါ့မြေးရဲ့ လုပ်ချင် ကိုင်ချင်စိတ် ရှိတာကို ချီးမွမ်းရမှာ”

“ဒါဖြင့် သမီးတို့ကတော့ လုပ်ချင်ကိုင်ချင်စိတ် မရှိဘူးပေါ့။ ဒါဖြင့် နောက်မလုပ်တော့ဘူး”

ကိုဘငြိမ်း မလှမေသမီး မေကြည်သည် ငါးခုတ်တုံးနှယ် အေးငြိမ်မြဲ။ သည်တစ်ချီတွင် မပက်စဖူး ထပက်သည်။

“ဘိုးအေကို ဒီလိုပဲ ပြောရသလားဟင်... တယ်လေ”

တယ်လေ ဆိုကာ ကိုယ့်အဆဲကို ကိုယ် ရီးကျီးဒန် အရှိန်သတ်ငြား ‘သောက်ကမြင်းမ’ ထွက်မိအောင် ထွက်သွားသေး၏။ ထိုအခိုက်အတန့်တွင် ရီးဆေးရိုး ဆေးလိပ်ညှိရန် ပြင်ဆင်နေဆဲ မီးခြစ်ခြစ်ရင်းမှ မျက်စောင်းလှမ်းထိုးသည်။ ဝမ်းခေါင်းသံဖြင့် ‘ဟင်း’ ဟု သတိပေး၏။ ရီးဆေးရိုး မီးခြစ် ခြစ်၍ မရအောင် လေတိုက်လာ၏။ လေတိုက်သည့်ဘက်ကို မျှော် ကြည့်လိုက်သည်။

“ဟ လေပွေ၊ လေပွေ”

ကလေးတွေ ထန်းပင်အကွယ်သို့ ပြေးကပ်၏။ ငတက်ပြားမသည် ဘိုးအေကို ဖက်ထား၏။ ဧရာမ ကတော့ကြီးတစ်ခုသည် အမှိုက်သရိုက်များကို သယ်ပိုးလျက် ကျယ်လောင်စွာအော်မြည်ပြီး ပြေးလာ၏။

“မျက်စိမှိတ်ထား မှိတ်ထား”

ရီးဆေးရိုး စကားမဆုံးသေး လေပွေရောက်လာသည်။ ခမောက်ပါ ပြုတ်သွားသည်။ လေပွေ လွန်သွားသောအခါ ကလေး လေးယောက်၏ ရေအိုးတွေ မရှိတော့။ ရေ ‘ကဲ့’ သော ဒန်ခွက်လည်း ပျောက်နေသည်။ သို့ကြောင့် ကလေးတွေ ဝါခင်းထဲ ဝင်ရသည်။ အိုးကိုယ်စီဖြင့် ကလေးတွေ ပြန်လာချိန်တွင် ရီးဆေးရိုး မှာ ထန်းပင်ကို မှီပြီး ဆေးလိပ်သောက်နေသည်။ ရီးကျီးဒန်က ဆေးပုံးထဲသို့ ဖျော်စပ်ပြီးသား ဆေးရည် မထည့်ဘဲ တစ်စုံတစ်ရာ ရှာဖွေနေသည်။

“ဘ ဦးထုပ်က သိပ်ကောင်းတာပဲ”

ခင်ခင်ကြီး ရီးဆေးရိုးခေါင်းကို လက်ညှိုးထိုးပြ၏။ ကလေးတွေ လက်ညှိုးတထိုးထိုးဖြင့် ဝိုင်းရယ်ကြသည်။ ရီးဆေးရိုး သူ့ခေါင်းကို စမ်းကြည့်ကာ ‘ဟုတ်သဟ’ အော်၍ ဦးထုပ်ကို ဖြုတ်၏။ ရေကဲ့သော ဒန်ခွက်။

“ဟောတော်၊ ငါ့မှာ ပျောက်ပါတယ် ဆိုပြီး ရှာနေတာ မြင်ကို မမြင်ဘူး”

ရီးကျီးဒန်လည်း ရယ်မောရင်း ပြောသည်။

“ဘ”

ရီးဆေးရိုး ရှေ့တည့်တည့်တွင် ဆောင့်ကြောင့်ကလေး ထိုင်ရင်း ခေါ်လိုက်သူမှာ မောင်ကိုကြီးဖြစ်၏။

“အခု အမေကြီး ကိုင်နေတဲ့ အင်းဒရင်းနဲ့ မာလာသီယွန်ဟာ ပိုးသတ်ဆေးတွေဗျ။ လူကိုလည်း သေစေနိုင်တဲ့ အဆိပ်ဗျ”

“အင်းဟုတ်သားပဲ”

“အဲဒီ ဆေးတွေဟာ လေထဲ ပျံနေတုန်း ဘက အဲဒီ နားမှာ ထိုင်ပြီး ဆေးလိပ်သောက်တော့ ဘ အဆုတ်ထဲ အဆိပ်ငွေ့ တွေ ဝင်ကုန်မှာပေါ့ဗျ”

“ကြီးကျယ်လိုက်တာတော်”

ရီးဆေးရိုး မပြောရမီ ရီးကျီးဒန်က မျက်စောင်းခဲပြီး ခေါင်းတည့်ချည် လှည့်ချည် လုပ်ကာဆိုသည်။

“ဒီနားမှာ ဆေးလိပ်မသောက်လို့ ဘယ်သွား သောက်ရမှာလဲ”

ရီးဆေးရိုးက မြေးအား လက်ကာ ပြလိုက်သည်။ သူ့မြေးပြန်ပြောလျှင် ရီးကျီးဒန်သည် စိတ်မထင်က ထရိုက်ချင် ရိုက်နေဦးမည်။ ကလေး ပြောသည်မှာ အမှန်။ မှန်ပါလျက်နှင့် အရိုက်ခံရလျှင် ကလေးစိတ်တွင် တစ်မျိုး ထင်သွားနိုင်၏။

“အေး ငါ့မြေး ပြောတာ ဟုတ်တယ်။ ကဲ ကဲ လေတင် (လေညာ) မှာ သွားသောက်မယ်ကွာ”

ရီးဆေးရိုး နေရာ ရွှေ့သွားသည်။ သို့တစေ လေညာဖြစ်သည်။ ဝေးဝေးကြီးမူ မဟုတ်။

“ကိုင်း ဆေးလိပ်ချထားခဲ့တော့၊ ဒီမှာ ပြည့်ပြီ”

ရီးကျီးဒန် လှမ်းပြောသော်ငြား ရီးဆေးရိုး မထ။ ဆေးလိပ်ကို တစ်ဖွာပြီး တစ်ဖွာ လေးငါးဖွာမျှ ရှိုက်ပြီးမှ ဆေးလိပ်ကို ခဲတစ်လုံးပေါ် တင်ပစ်ခဲ့၏။

“လိုနေတဲ့ ရေကို နေမပူခင် ပြီးအောင် ခပ်ကြလေ။ ပြီးရင် အရိပ်ထဲမှာ သွားနေကြ”

သူက ကလေးတွေကို စိုးရိမ်တကြီး မှာသလို၊ မြေး လှ မောင်ကိုကြီးကလည်း ကြောင့်ကြစိတ်ဖြင့် မှာသေး ၏။

“ဘ ဆေးဖျန်းရင် နှာခေါင်းဝကို အဝတ်စည်းထားနော်၊ မျက်လုံးထဲလည်း မဝင်စေနဲ့”

မြေးလှ ပြောသည့်အတိုင်း ယခင်ကလည်း အဝတ် စည်းထားဖူး၏။ နောက်တွင်မူ မစည်းမိတော့ပေ။ ယခု သတိရသဖြင့် နှာခေါင်းကို ပုဆိုးစုတ် စည်းသည်။ ဆေးပုံးလက်ကိုင်ကို ဆွဲရတင်ရသည်မှာ ရေများချိန်တွင် အပင်ပန်းသား၊ အလေးကြီးကိုလည်း ထမ်းထားရသေး၊ အားစိုက်လှုပ်ရှားရသေးသည့်အပြင် နေကလည်း ပြင်းသောအခါ မောလာသည်။ မောမော နှင့်အသက်ရှူရာတွင် အဝတ်ကြီးက ရှုပ်နေ၏။ အဝတ်ကို ဖယ်လိုက်မှ အသက်ရှူ၍ အားရသည်။

“အင်း သိပင် သိသော်လည်း မလိုက်နာနိုင်ပါကလား”

ညည်းတွားသော အတွေးသည် ရီးဆေးရိုး ရင်တွင်း၌ ဖျတ်ခနဲ ဖြစ်ပေါ်လာသည်။ အတွေး၏ စေ့ဆော်မှုကြောင့်ပင် ပြာလွင်သော မိုးပြင်ကို မော့ကြည့်မိသည်။ မိုးပြာသားကို နောက်ခံလျက် စွန်များသည် ဆယ်ကောင် တစ်ဝိုင်း၊ ဆယ့်ငါးကောင် တစ်ဝိုင်းဖြင့် သုံးလေးဝိုင်းမျှဖွဲ့ကာ လှည့်ဝဲနေတတ်မြဲဖြစ်၏။ သို့ဖြစ်ငြား မြေပြင်မှ လှမ်းကြည့်သောကြောင့်သာ အတောင်ပါသော အကောင်မည်းမည်းတွေကို စွန် ချည်း သတ်မှတ်၏။ အမှန်မူ စွန်ဝိုင်းသာမဟုတ်။ လင်းတဝိုင်းလည်း ပါသည်။ သည်နှယ် ပျံဝဲနေသော စွန်များကိုရော၊ လင်းတများကိုပါ ရီးဆေးရိုး ရုတ်တရက် မတွေ့ရ။ အင်မတန်ကြီး မျှော်မော့နိုင်ရှာလွန်းနိုင်မှ အတော်ဝေးဝေးတွင် တကွဲစီ ဝဲနေသော သုံးလေးကောင်ကို မြင်ရသည်။ စွန် ဖြစ်ဖို့ ပိုများသည်။ အကြောင်းမူ လင်းတမျိုး ပြုတ်သလောက် ဖြစ်နေသောကြောင့်တည်း။ လင်းတသာ မဟုတ်။ ကျီးကန်း ပင်လျှင် ရှားပါးသတ္တဝါ စာရင်းဝင်စ ပြုပြီ။ အကြောင်းရင်းမှာ ပိုးသတ်ဆေးဖြစ်သည်။

“တခြား အကောင်သာ သေတာ မဟုတ်ဘူး။ သက်ရှိသတ္တဝါဖြစ်တဲ့ လူလည်း သေနိုင်တာပဲ။ နှစ်သက် သုံးသက်စာ သေအောင် ပြင်းတဲ့အဆိပ်”

မည်မျှ ကြိုတင်သတိပေးစေကာမူ ဂရုမထား။ ပုံးခွံယူလိုဇောဖြင့် ပိုးသတ်ဆေးပုံးကို မြောင်းထဲ ချ ဆေးသည်။ ထို မြောင်းရေသည် မြောင်းလက်တံများ၊ လယ်ကြားမြောင်းများမှတစ်ဆင့် လယ်ကွက်များတွင် စီးဝင်သည်။ သေလိုက်သည့် ငါးတွေ သောက်သောက်လဲ။ သည်ငါးသေကို စားသော ကျီးကန်းတွေ၊ ခွေးတွေ မချိမဆံ့သေသည်။ သည်ခွေးသေကို စားသော လင်းတတွေလည်း အတုံးအရုံး။ သည်အတိတ်ကို ဆက်စပ်လျက် ရီးဆေးရိုး မော့ကြည့်မိသည်။ သည်အခိုက် ဆန့်ကျင်ဘက်မှ လေတစ်ချက် ဝှေ့လာ သဖြင့် ခဏ ရပ်ထားလိုက်ရ၏။ လေငြိမ်သက်မှ ဆက် ဖျန်းပြန်သည်။

မွန်းတည့်နေသည် ရီးဆေးရိုး ကျောပြင်ကို မီးဖုတ်ထားသော အပ်သွားမြမြဖြင့် ထိုးဆွနေသည့်နှယ် ရှိ၏။ အပူကို ရီးဆေးရိုး မမှုပါ။ ရှေ့ကန်သင်း ရောက်လျှင် ပြီးတော့မည်ဟူသော ဇောက အပူဒဏ်ကို ကာကွယ်ထား၏။

ကလေးတို့ကား ပစ္စည်းပစ္စယများ သိမ်းဆည်းပြီး လယ်ထိပ် ညောင်ပင်အောက်သို့ ရောက်နေကြကာ

“ထမင်းစားမယ်” ခုန်ဆွ ခုန်ဆွ အော်နေကြပြီ။

ရီးကျီးဒန် မှာလည်း ရေနွေးအိုးကို မီးကုန်းမှုတ်ရ၊ ကလေးတွေ လှည့်ငေါက်ရဖြင့် ခေါင်းတွင် ပြာမှုန်တွေ အဖွေးသားဖြင့် အလုပ်များနေသည်။

“ဘနဲ့မှ အတူ စားရမယ်လို့ ဘယ်နှခါ ပြောရမလဲ ဟင်၊ အနာတွေ”

အမေကြီး စိတ်ထလာမှန်း သိသဖြင့် ငြိမ်သွားကြသည်။ ဘကို လှမ်းမျှော်ကြည့်နေကြသည်။

“ပြီးပြီကွ... ပြီးပြီဟေ့”

ကန်သင်းပေါ်သို့ ရီးဆေးရိုး တက်လာလျှင်ပင် ကကြ ခုန်ကြသည်။ အော်ဟစ်မြူးထူးကြသည်။

“ဟဲ့... ငကိုကြီး တော်တော်ထ၊ မီးစနဲ့ ပစ်လိုက်ရမလား”

မောင်ကိုကြီး ဇက်ပုသွား၏။ ရီးဆေးရိုးကား ညောင်ပင်အောက်သို့ ရောက်ရောက်ချင်း မစားနိုင်သေး။ အမောဖြေရသေးသည်။ အတန်ကြာအောင် အမောဖြေပြီးမှ မြောင်းထဲ ဆင်းပြီး ခြေလက်ဆေးရန် ထလိုက်သည်။ သူ ထရပ်လိုက်ချိန်တွင် စည်ထုသံ ကြားရ၏။ ရီးဆေးရိုး ခြေလှမ်း တန့်သွား၏။ စည်သံသည် လေးလေးမှန်မှန် ထွက်ပျံလာနေသည်။

“တို့ရွာကျောင်းက စည်ထုသံပါကလား။ ဘယ်မှာ”

“ညောင်ပင်ဝိုင်းက ကျော်အုန်း သေတာမှ မသိရော့လား၊ တော် ဘယ်သွား အိပ်နေလဲ၊ ဆိုင်းတောင်မှ ပါသေးတာများ”

“ဟေ ဟုတ်လား၊ ကဲ လုပ်လုပ် ထမင်းစားရ အောင်”

ရီးဆေးရိုး ပြန်ပြီးထိုင်သည်။

“ရော်... ခြေတွေလက်တွေ မဆေးတော့ဘူးလား”

သို့ဖြင့် ရီးဆေးရိုး မြောင်းထဲသို့ ပြေးရသည်။ ဝါအောင် ရေ ပေးနေသဖြင့် မြောင်းထဲတွင် ရေရှိသည်။ ရေရှိသော်ငြား ဇောဆောင်နေသောကြောင့် စင်ကြယ်အောင် မဆေးနိုင်။ ပွတ်ရုံသပ်ရုံမျှသာ။

••••• ••••• •••••

အသုဘအိမ်သို့ ရီးဆေးရိုး ရောက်ချိန်တွင် စည်နှစ်ကြိမ် တီးပြီးနေပြီ။ စည်သုံးကြိမ် တီးပြီးနောက်တွင် အသုဘ ချတော့မည်မို့ အသုဘပို့မည့်သူများမှာ စည်နှစ်ခါ တီးပြီးစကတည်းက ရောက်ရှိနေကြပြီ။ လူများ အသင့်ရှိနေသည့် နည်းတူ ပစ္စည်းပစ္စယများကိုလည်း အသင့်ပြင်နေပြီ။

အသုဘကို သုံးရက်ထားရာ အလယ်ညတွင် ဆိုင်းပွဲပါသည်။ ယခုလည်း ရမ်းဘိုကုန်းမှ ဗုံရှည်တစ်ဝိုင်း၊ ပြည်စိုးကုန်းမှ ဗုံရှည်ဝိုင်း ပါပါလျက် မကျေနပ်သေး။ ဆိုင်းဝိုင်းကိုပါ သုသာန်သို့ သယ်ဦးမည်။

“သေတာဟာ သေတာပါပဲ ကြွက်နီရာ၊ ဒါလောက် အကျယ်ချဲ့ နေစရာ မလိုပါဘူး”

မသာအိမ်ရှေ့ မန်ကျည်းပင်မြစ်ပါးပျဉ်းကို ဖင်ခုလျက် ရီးဆေးရိုးနှင့် ဘေးချင်းယှဉ်ကာ ထိုင်နေသူမှာ ထိုရွာသား ဦးကြွက်နီ ဖြစ်၏။

“သူ့ယောက်ျားကို သူ နောက်ဆုံး ပြုစုပါရစေဆိုတော့လည်း မတားသာဘူးကွာ”

ဆိုင်းဝိုင်းကို သုသာန်သို့ သယ်မည် မသယ်မည်ကို မည်သူမျှ မပြောဘဲနှင့် ရီးဆေးရိုး သိသည်။ သိပုံမှာ ပြင်ဆင်ခင်းကျင်းထားပုံကြောင့်ဖြစ်သည်။ ရှေ့ဆုံးမှ ထွက်မည့် ဗုံရှည်ဝိုင်းကို ရွာအဝင်ဝ သစ်ပင်ရိပ်တွင် ဖျာခင်းပြီး ဧည့်ခံထား၏။ အသုဘပါသော ယာယီ (ထမ်းစင်) ထွက်သည်နှင့် ထိုဝိုင်းက ရှေ့ဆောင်သွားမည်။ နောက်ဆုံးမှ လိုက်မည့် ဗုံရှည်ဝိုင်းသည် ရွာလယ်အိမ်တစ်အိမ်ရှေ့တွင် ရောက်နေသည်။ အစီအစဉ်အရ ဗုံရှည်ဝိုင်း ပြီးလျှင် ယာယီ။ ယာယီ ပြီးလျှင် ပရိသတ်။ ပရိသတ် အလယ်တွင် ဆိုင်း။ ဆိုင်းဝိုင်းသည် သူ့ချည်း မဟုတ်။ ပတ်မ ပါသေးသည်။ နှဲ၊ လင်းကွင်းနှင့် ဝါးပါပါသည်။ ဝါးလိုက်သူ၊ လင်းကွင်းတီးသူ၊ နှဲသမားများနှင့် ပတ်မတီးတို့သည် နွားလှည်းဖြင့် အခံ့သား လိုက်ရမည်ဖြစ်ငြား ဝိုင်းတော်တီး မှာကား ခြေကျင်လိုက်ရပေလိမ့်မည်။

နွားလှည်းပေါ်တွင် ဆိုင်းသေတ္တာများ အပြည့် တင်ထားသည်။ သည်အပေါ်တွင် ပတ်မ တင်ထားပြီး ဆိုင်းဝိုင်း ကိုကား လှည်းပေါ်တင်၍ မဖြစ်။ သို့ကြောင့် ‘ ပိုတိုင်’ နှစ်လုံးဖြင့် ထမ်းမည်။ ဆိုင်းဝိုင်းပေါင်နှင့် ဘေးသားများ မပွန်းပဲ့စေရန် ခေါင်းအုံးအသေးကလေးတွေ ခုထားပြီးမှ ‘ ပိုတိုင်’ ဟိုဘက်ဘေး တစ်ချောင်း၊ သည်ဘက်ဘေး တစ်ချောင်း တင်၍ ထန်းလျှော်ဖြင့် ခိုင်ခိုင်တုပ်တုပ်ထားသည်။ ပိုတိုင် တစ်လုံးလျှင် ရှေ့နှစ်ယောက်၊ နောက်နှစ်ယောက် ထမ်းကြမည်။ ဆိုင်းဝိုင်း မင်းပေါက်သည် ရှေ့ကိုလည်း မလှည့်။ နောက်ကိုလည်း မလှည့်၊ ဘေးတိုက်နေသည်။ ဝိုင်းတော်တီးသည် ဖုန်မှုန့်အပူထဲတွင် လျှောက်ရင်း တီးပေရော့။

ဟော တတိယစည်သံ ပေါ်လာပြီ။ မသာခေါင်းကို အိမ်ပေါ်မှ ပြတင်းပေါက်ကို ကျော်၍ ထုတ်လာကြပြီ။ မချိမဆံ့ ဟစ်ငိုလိုက်သံနှင့်အတူ ရမ်းဘိုကုန်းအိုး တစ်လုံးသည် မြေပေါ်တွင် ကြေမွသွား၏။ ဗုံရှည်သံများ ပေါ်လာသည်။ ပတ်မသည် အသုဘတွင် တီးမြဲဖြစ်သော ‘ ချဆိုင်း ’ သံကို တီးချေပြီ။ အသုဘသည် တရွေ့ရွေ့ တာလမ်းပေါ်သို့ ရောက်လာ၏။ ရှေ့ဆုံးမှ ယပ်ကိုယ်စီနှင့် သံဃာတော်များ။ သည်နောက်တွင် မိုးပြိုလုသော ဆိုင်းသံ ဗုံသံများဖြင့် ဖုန်လုံးကြီး။

ရီးဆေးရိုးသည် မရဏာနုဿတိကို နှလုံးသွင်းလျက် ဖုန်လုံးထဲတွင် ခေါင်းငိုက်စိုက်ဖြင့် ပါလာ၏။ နှလုံးသွင်းရင်းမှ သူ ဘုန်းကြီးကျောင်းသား ဘဝတုန်းက အသုဘ မကြာခဏပေါ်ပါစေ ဆုတောင်းမိသည်ကို ပြေးသတိရ၏။ အသုဘကမ္မဋ္ဌာန်းကောင် ခေါင်းရင်းတွင်တည်သော ဆေးလိပ်များကို သောက်မည့်သူ မရှိသောကြောင့် ဘုန်းကြီးကျောင်းသားတွေချည်း ယူရသည် မဟုတ်လား။ တွေးရင်းဖြင့် ရှေ့က လူ၏ ကျောပြင်ကို မျက်နှာနှင့် ဝင်တိုက်မိတော့မှ ရီးဆေးရိုး သတိရသည်။ သုသာန်သို့ ရောက်ပေပြီကိုး။ ငှက်ပျောပင်စိုက် ‘ပေါင်း’ ကို ကျော်၍ စက်မှုလယ်ယာကို လွန်လျှင်ပင် တာလမ်းဘေးသို့ ဆင်းပြီ ရောက်ပြီ။ သရဏ ဂုံတင်ရန် ခေါင်းကို ဖွင့်သည်။

“ကျုပ်ယောက်ျားကို ကျုပ်သ,တ်တာ၊ ကျုပ်ကိုပါ တစ်ခါတည်း ထည့်မြှုပ်ကြပါ”

“ဟဲ့ ဟဲ့ တက်သွားပြီ လုပ်ကြပါဦး”

ရီးဆေးရိုး ခေါင်းထောင်သွားရာက ဦးကြွက်နီကို ဆတ်ခနဲ လှည့်ကြည့်၏။

“ကျော်အုန်း သေတာ ငါကြားတော့ ဘေးထိုးရင်ကျပ်ဆိုကွ”

“ဘယ်က ဟုတ်ရမှာလဲ၊ အဲဒီမနက်က ပိုးသတ်ဆေးကို ဇွန်းနဲ့ခပ်ပြီး ‘ ခြင်’ သတဲ့ကွာ။ ပြီးတော့ ဇွန်းကို သည်အတိုင်း ချထားခဲ့သတဲ့။ ပိုးသတ်ဆေးထားတာကလည်း မီးဖိုနဲ့နီးတယ် ထင်ပါရဲ့ကွာ။ ကျော်အုန်းက ဝါခင်း ဆေးဖျန်းရာက မောမောနဲ့ ပြန်လာပြီး ဟင်း မြည်းသတဲ့။ မနက်ကချထားတဲ့ ဇွန်းကို မပွတ်မသပ် မဆေးမကြောနဲ့ ခပ်ဆို ထင်ပါရဲ့။ ဘာကြာလဲ အောင့်သရော အန်သရော ဖြစ်လို့ ဆေးရုံ ပို့လိုက်ပေမဲ့ လမ်းတစ်ဝက်မှာ ဇက်ကျိုးသွားတာနဲ့ ပြန်ယူလာရတာ”

“အင်း မသိတဲ့လူ ကျတော့လည်း မသိလို့ မှား၊ သိတဲ့လူကျတော့လည်း အင်း...”

ရီးဆေးရိုး စကား မဆက်ဖြစ်သေး။ မြေးလှက နှာခေါင်းစည်းပါ ပြောသည့် ကြားမှ နှာခေါင်းစည်းကို ဖြုတ်ပြီး ဆေးဖျန်းခဲ့မိသည်။

“အင်း သိတဲ့လူ ကျတော့လည်း သိလျက်နဲ့ မိုက်”

သို့စဉ်တွင် “ကိုင်း ကိုင်း ကန်တော့ကြမယ်ဗျို့”  ဆိုသောအသံ ပေါ်လာသည့်အတွက် ရီးဆေးရိုးမှာ စကားရော အတွေးပါ ပြတ်သွားရချေသည်။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment