❝ တစ်ခြမ်းပဲ့ လူ ❞
( မင်းတင်ထွဏ်း )
၁။
တောလားရွာမှာ ဦးငွေ ဆိုတဲ့ ကြက်ခြံပိုင်ရှင် ရှိတယ်။ တောလားရွာက မြို့နဲ့ ၅ မိုင်သာသာပဲ ဝေးတယ်။ အိမ်ခြေ ၅၂ အိမ် ရှိတယ်။ ၅၁ အိမ်က ခြံလုပ်ကြတယ်။ သရက်၊ ငှက်ပျော၊ ပိန္နဲ၊ မာလကာ၊ သင်္ဘော စိုက်ကြတယ်။ ဦးငွေခြံပဲ သစ်ပင် မစိုက်ဘဲ ကြက်မွေးတယ်။ ဦးငွေက လူပျိုကြီး။ အသက် ၅ဝ လောက် ရှိပြီ။
“ဦးငွေ မိန်းမယူပါလား၊ ရွာထဲမှာ ကျုပ် ရှာပေးမယ်လေ”
ဦးထွေးမောင်က ပြောရင် ဦးငွေက-
“နေပါစေမောင်ရာ၊ မိန်းမယူရင် ငါ့ကြက်ခြံတွေ သူ ပိုင်သွားမှာပေါ့” လို့ ခေါင်းတယမ်းယမ်းနဲ့ ပြောတယ်။
ဦးငွေကြက်ခြံက ရွာအနောက်ဘက် ခပ်လှမ်းလှမ်းမှာ ရှိတယ်။ ကြက်အကောင် ၅ဝဝ ကျော် မွေးထားတယ်။ ကြက်ခြံ ၅ ခြံ ရှိတယ်။ အလုပ်သမား မငှားဘူး။ အရင်က သူ တစ်ယောက်တည်းပဲ လုပ်တယ်။
“အလုပ်သမား ငှားပါလား” ပြောရင်- “အလုပ်သမား ငှားရင် ပိုက်ဆံ ပေးရမှာပေါ့” လို့ ဖြေတယ်။ ပြောတဲ့သူ ပါတောပိတ်ရော။ ငယ်သူငယ်ချင်း ဦးထွေးမောင်က- “ငါ့တော့ ငှားပါကွာ၊ ပိုက်ဆံ မပေးပါနဲ့ ထမင်းကျွေး၊ နေဖို့နေရာပေးပါ။ တစ်နေ့ ကြက်ဥဆယ်လုံးတော့ ပေးပါ” လို့ တောင်းတောင်းပန်ပန်နဲ့ ပြောတယ်။
ဦးထွေးမောင်က မုဆိုးဖို၊ အရက်သမား။ ဒါပေမဲ့ အလုပ်တော့ လုပ်တယ်။ ဦးငွေ ခဏစဉ်းစားပြီး- “ကြက်ဥ ဆယ်လုံးတော့ မပေးဘူး၊ ငါးလုံးပဲ ပေးမယ် လုပ်ချင်လုပ်” လို့ ခပ်မာမာ ပြောတယ်။ ဒီလိုနဲ့ ဦးထွေးမောင်က သူ့အလုပ်သမား ဖြစ်သွားတယ်။ ကြက်မွေးပေမဲ့ ရွာထဲက လူတွေကို ကြက်ဥ မရောင်းဘူး။ ခြံဝမှာ “ကြက်ဥ လုံးဝ မရောင်းပါ” ဆိုတဲ့ သစ်သားပြားပေါ် သင်္ဘောဆေးအနီနဲ့ ရေးထားတဲ့ ဆိုင်းဘုတ် တင်ထားတယ်။
“ဦးငွေ ဘာလို့ ရွာထဲက လူတွေ ကြက်ဥ မရောင်းတာလဲ”
ဦးထွေးမောင်က မေးဖူး တယ်။
“ရွာထဲက လူတွေ ဝယ်ရင် လက်ငင်းထက် အကြွေး ဝယ်တာများတယ်။ နောက်ပြီး လက်လီ ရောင်းရင် ငွေ ခေါင်းကွဲတယ်။ မြို့တက်ပြီး ရောင်းတော့ ငွေတစ်လုံးတစ်ခဲတည်း ရတာပေါ့”
လို့ ဦးငွေက ဖြေတယ်။ ဒါကြောင့် ကြက်ဥ စားချင်ရင် မြို့တက်ပြီး ဈေးဝယ်ရင်းနဲ့ ဝယ်လာကြရတယ်။ ဦးထွေးမောင် လာရောင်းတဲ့ ကြက်ဥ ၅ လုံးကို အလုအယက် ဝယ် စားကြရတယ်။
ရွာဆိုတော့ နေ့စဉ် ဝင်ငွေရှိတာ မဟုတ်ဘူး။ သူတို့ ရွာက ခြံစိုက်တော့ ရာသီပေါ် မှ ဝင်ငွေရှိတာ။ ဒီလိုပဲ တစ်ဦးနဲ့ တစ်ဦး အကြွေး မကင်းကြဘူး။ သူ့ပစ္စည်း ကိုယ်ချေး၊ ကိုယ့်ပစ္စည်း သူချေးနဲ့ နေကြတာ။
ဦးငွေက ထော်လာဂျီ ရှိ တယ်။ သုံးရက်တစ်ကြိမ် လောက် မြို့တက်ပြီး ကြက်ဥ ရောင်းတယ်။ ကြက်စာဝယ် ပြန်လာတယ်။ အပြန်မှာ လမ်းကြုံလိုက်ချင်လို့ တားရင် ဦးငွေက ရပ်မပေးဘူး။ သူနဲ့ အတူ ပါလာတဲ့ ဦးထွေးမောင်က-
“ဦးငွေ ဘာလို့ ရပ်မပေးတာလဲ” မေးရင် -
“ဟ.. ငါ့ကားက ငွေနဲ့ ဝယ်ထားရတာ။ သူတို့ စီးလို့ ပျက်ရင် ငါ ငွေကုန်မှာပေါ့”
လို့ ဖြေတယ်။
ဦးထွေးမောင် စိတ်မသက်မသာ ဖြစ်မိတယ်။ ဦးငွေက ရွာနဲ့ သိပ်မပတ်သက်ဘူး။ တစ်နှစ် နေလို့ ရွာထဲ တစ်ခေါက် မရောက်ဘူး။ ရွာထဲကလည်း သူ့ခြံ ဘယ်သူမှ အဝင်အထွက် မရှိဘူး။ ဦးထွေးမောင် ကတော့ ရွာနဲ့ ပတ်သက်နေရတယ်။ ဦးငွေ ခိုင်းရင် ရွာထဲ သွားရတယ်။ နေ့စဉ် ကြက်ဥ ၅ လုံးလည်း ရွာထဲ သွားရောင်းရတယ်။ ပြီးတော့ အရက် ဝယ်ရတယ်။
••••• ••••• •••••
၂။
ဦးငွေကို ရွာထဲက ဦးငွေ လို့ မခေါ်ကြဘူး။ ဦးကြက်ဥ လို့ပဲ ခေါ်ကြတယ်။
တောလားရွာက သူ့ဆွေမျိုး၊ ကိုယ့်ဆွေမျိုးနဲ့ တစ်ရွာလုံးက အမျိုး ကင်းကြတာ မဟုတ်ဘူး။
ရွာမှာ ထုံးစံတစ်ခု ရှိတယ်။ သာရေးဖြစ်ဖြစ်၊ နာရေးဖြစ်ဖြစ်၊ မကျန်းမာတာပဲ ဖြစ်ဖြစ် ရွာဆော်ဖိုးကျော်က ရွာထဲ လှည့်ပြီး ပါးစပ်နဲ့ ကြေညာတယ်။ ကျန်တဲ့ အိမ်တွေက ဖြစ်တဲ့အိမ်ကို လာကြရတယ်။ ဖြစ်တဲ့ အိမ်နဲ့ ရန်ဖြစ် ထားရင်တောင် လာကြရတယ်။ သူ့အလှည့်၊ ကိုယ့်အလှည့် ကူညီစောင့်ရှောက်ပေးကြရတယ်။ မလာရင် ရွာကြဉ်တယ် ဆိုပြီး အဲဒီအိမ် တစ်ခုခု ဖြစ်ရင် ဘယ်သူမှ မသွားကြဘူး။
သာရေး၊ နာရေး ဆိုရင် ငွေလည်း ကူကြတယ်။ လူ လည်း ဝိုင်းကူလုပ်ပေးကြ တယ်။ နေမကောင်းဘူး ဆို ရင် စားစရာ တစ်ခုခုနဲ့ လူမမာ သွားမေးကြတယ်။ အားပေးစကား ပြောကြတယ်။ ဆွေမျိုးရင်း ဆိုရင်တော့ ဆေးဖိုးဝါးခအဖြစ် ငွေလည်း ပေးကြတယ်။
ဦးငွေ ကတော့ ဒီဓလေ့ကို မကြိုက်ဘူး။
“အလကား အပို အလုပ်တွေပါကွာ”
လို့ ပြောတယ်။
ဒါပေမဲ့ ရွာဓလေ့တော့ မလွန်ဆန်ရဲဘူး။ ရွာကြဉ်မှာ စိုးတာကိုး။
ဒါကြောင့် ဦးထွေးမောင်ကို ရွာထဲ ဝတ်ကျေတမ်းကျေ လွှတ်တယ်။
“သေချာပြောနော်၊ ဦးငွေ မအားလို့ သူ့ကိုယ်စား လာတာပါပေါ့”
“ဟုတ်ကဲ့ပါ”
ဦးထွေးမောင်က ဦးငွေ ပေးလိုက်တဲ့ ကြက်ဥ ၅ လုံးကို ယူပြီး ရွာထဲက လူမမာ မေးရမယ့် အိမ်ကို သွားပေးတယ်။ လူမမာကို ကြက်ဥပေးတာ ကိစ္စမရှိဘူး။ လူမမာ အတွက် ကြက်ဥက ဓာတ်စာပဲ။ ဒါပေမဲ့ မင်္ဂလာဆောင်မှာ ကြက်ဥ ၅ လုံး သွားပေးခိုင်းတာတော့ မကောင်းဘူး။ ကာယကံရှင်တွေက “လာ နောက်တာလား” ဆိုပြီး စိတ်ဆိုးကြတယ်။ “ပြန်ယူသွား” ဆိုပြီး ခိုင်းကြတယ်။ ကာလသားတွေက “ကျွန်တော်တို့ အသုံးလိုတယ်” ဆိုပြီး ယူ သွားလို့ ကြက်ဥ ပြန်မယူခဲ့ရတာ ဦးငွေကို ပြောပြတော့ -
“မင်္ဂလာဆောင်မှာ ငွေ လက်ဖွဲ့ရမယ်လို့ ထုံးစံ မရှိပါဘူး။ ကိုယ် တတ်နိုင်တာ လက်ဖွဲ့မှာပေါ့။ မယူချင်ရင် ပြန်ယူလာလိုက်လေ”
လို့ ခပ်အေးအေးပဲ ပြောတယ်။
ဒါထက် ဆိုးတာက နာရေးအိမ်ကို ကြက်ဥ ၅ လုံး အကူထည့်တာပါပဲ။
ဒါကြောင့် ဦးငွေကို ရွာထဲက ဦးငွေလို့ မခေါ်ကြဘူး၊ ဦးကြက်ဥလို့ ခေါ်ကြတယ်။
••••• ••••• •••••
၃။
တစ်ရက်တော့ ဦးငွေ ဖျားတယ်။ အဖျားကြီးတော့ မဟုတ်ဘူး။ ရာသီတုပ်ကွေး ဖျားပါ။
“ကိုထွေးမောင် … ကျုပ် ဖျားနေတဲ့အကြောင်း ရွာဆော် ဖိုးကျော်ကို အော်ခိုင်းပေးပါ”
လို့ ပြောတယ်။
ဦးထွေးမောင်က ရွာဆော် ဖိုးကျော်ကို သွားပြောတယ်။ ဖိုးကျော်ကလည်း မဆိုင်းမတွဘဲ ရွာထဲ သုံးပတ် လှည့်ပြီး အော်တယ်။
“ရွာအနောက်ပိုင်းနေ ကြက်ခြံ သူဌေးကြီး ဦးကြက်ဥ တုပ်ကွေး ဖြစ်ပြီး ဖျားနေပါကြောင်း ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့ သိစေအောင် ကျွန်တော်မျိုး ရွာဆော် ဖိုးကျော်က နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည် ခင်ဗျား”
ရွာဆော် ဖိုးကျော်အသံကို ဦးငွေ ကြားနေရတယ်။
“ခွေးကောင် ငါ့ကိုများ ဦးကြက်ဥတဲ့။ ဒင်းအလှည့် ကျရင် ကြက်ဥ မပြောနဲ့ ကြက်ချေးတောင် မပေးခိုင်းဘူး”
ဦးငွေက ဒေါသတကြီး ပြောလိုက်တယ်။
ဦးထွေးမောင်ကို ဧည့်သည်တွေ လာရင် ထိုင်ဖို့ အိမ်ပေါ်မှာ သင်ဖြူးတွေ ခင်းခိုင်း ထားတယ်။ အိမ်က သွပ်မိုး၊ ပျဉ်ထောင်ပျဉ်ခင်း ၄ ပင်၊ ၃ ခန်း ခြေတံရှည်အိမ် ဖြစ် တယ်။
ဦးငွေက အိမ်ပေါ် ပြတင်းပေါက်ကနေ အိမ်ဝင်း ဝင်ပေါက်ကို ကြည့်နေတယ်။
“ကိုထွေးမောင် ရေနွေးအိုး တည်ပြီးရင် ခြင်းတွေ တောင်းတွေ ပြင်ထားနော်”
ဦးငွေက လှမ်းအော်ပြောတယ်။
“ဘာလုပ်ဖို့လဲ ဦးငွေ”
ဦးထွေးမောင်က မီးဖိုထဲ မီးကုန်းမှုတ်နေတာ ရပ်ပြီး အော်မေးတယ်။
“အ,ပါ့...ကိုထွေးမောင်ရယ်၊ လူမမာ လာမေးရင် တစ်ခုခုနဲ့ လာမေးကြမှာလေ။ ငှက်ပျောသီးတို့၊ သရက်သီးတို့၊ သင်္ဘောသီးတို့၊ မာလကာသီးတို့၊ ပိန္နဲသီးတို့နဲ့ လာမေးကြမှာပေါ့ ။ ဒီစားစရာတွေ ခင်ဗျားနဲ့ ကျုပ် နှစ်ယောက်တည်း စားလို့ ဘယ်ကုန်မလဲ။ နောက်နေ့ကျ မြို့က ဈေးကို သွား ရောင်းကြမယ်လေ”
ဦးငွေက ပြောပြီး မျက်နှာကြီး ဝင်းပနေတယ်။ မျက်စိထဲမှာ သစ်သီးဝလံတွေ မြင်ယောင်နေပုံရတယ်။
ဦးထွေးမောင် လည်း ဦးငွေ ခိုင်းသလို တောင်းကြီးကြီး ၅ လုံးကို အိမ်ပေါ်ထပ် တင်ပေးထားလိုက်တယ်။
ဦးငွေက အိမ်ပေါ်ထပ်မှာ ခေါက်တုံ့ခေါက်ပြန် လမ်း လျှောက်ရင်း ခြံဝကို ကြည့်ရတာ အမော။ ပုံမှန်ဆိုရင် ရွာဆော် ဖိုးကျော်အသံ ကြားတာနဲ့ လူမမာအိမ်ကို လူမမာ မေးတွေ တဖွဲဖွဲ ရောက်လာကြတယ်။ အခု ညနေစောင်း အထိ တစ်ကောင်တစ်မြီးမှ ပေါ်မလာသေးဘူး။ ရွာဆီကလည်း တိတ်လို့၊ ခွေးဟောင်သံတောင် မကြားရဘူး။
“ကိုထွေးမောင် ခြံဝမှာ လူသံ ကြားတယ် သွားကြည့်စမ်း”
ဦးထွေးမောင်က သွားကြည့်တယ် ဘာမှ မရှိဘူး။ ဦးငွေက ဦးထွေးမောင်ကို ခြံဝင်းပေါက် လူသွားကြည့်ခိုင်းရတာ အမော။ ခိုင်းသာ ခိုင်းတာ ဦးငွေက အိမ်ပေါ်ထပ်ကနေ ဝင်းပေါက်ကို တစ်ချိန်လုံး ကြည့်နေတာ။ ဝင်းတံခါးလည်း ခါတိုင်းလို ပိတ်မထားဘူး။ ဖွင့်ထားတာ။
“လာမှာပါ ဦးငွေရဲ့၊ သူတို့လည်း သူတို့ ခြံထွက်ပစ္စည်းတွေ ခူးနေရလို့ နေမှာပါ”
ဦးထွေးမောင်က ပြောလိုက်တယ်။
“ဒီလောက် ကြာရသလားဗျာ၊ ကျုပ်ဆိုရင် ခင်ဗျားကို ချက်ချင်း ကြက်ဥ ပို့ခိုင်းတာ”
ဦးငွေက တဖျစ် တောက်တောက် ပြောနေ တယ်။ ဦးထွေးမောင်က ကြက်ခြံထဲ အလုပ်လုပ်နေ ပေမဲ့ ဦးငွေ ကတော့ အိမ်ပေါ် ထပ်က ပြတင်းပေါက်နားမှာ ခြံဝကို လှမ်းကြည့်ရတာနဲ့ ဖျားတာတောင် သတိရပုံ မပေါ်ဘူး။
ညမိုးစုံးစုံးချုပ်မှ “အိမ်ရှင်တို့၊ အိမ်ရှင်တို့” ဆိုတဲ့ အသံကို ခြံပေါက်ဝက ကြားရတယ်။
“ဝုန်း”
ဦးငွေက ခုတင်ပေါ် လှဲနေရာကနေ ထ, ရပ်လိုက်တယ်။
“ကိုထွေးမောင် ... ကိုထွေးမောင်... လူမမာ မေးတွေ လာကြပြီ၊ သွားခေါ်လိုက်ပါ”
ဦးငွေက အိမ်အောက်ထပ်မှာ ရှိတဲ့ ဦးထွေးမောင်ကို လှမ်းအော်ပြောတယ်။ နောက် ခုတင်ပေါ်ကို ပက်လက် ပြန်အိပ်လိုက်တယ်။ ဦးထွေးမောင်က ခြံဝကို လျှောက်သွားတယ်။
ခဏနေတော့ ဦးထွေးမောင်နဲ့ အတူ ရွာဆော် ဖိုးကျော် လက်ထဲ ခြင်းကြီး ဆွဲပြီး အိမ်ပေါ် တက်လာတယ်။ ဘယ်သူမှ မပါဘူး။ ဦးငွေ ခုတင်ပေါ်က ငေါက်ခနဲ ထ, ထိုင်လိုက်တယ်။
“မင်း တစ်ယောက်တည်းလား”
ဦးငွေက ဖိုးကျော်ကို လက်ညှိုးထိုး မေးတယ်။
“ဟုတ်တယ်”
ဖိုးကျော်က ခြင်းတောင်းကို ဦးငွေ ရှေ့ ချပြီး ဖြေတယ်။
“မင်းတို့ တစ်ရွာလုံး သေကုန်ပြီလား”
ဦးငွေက စိတ်တိုတိုနဲ့ ဖိုးကျော်ကို အော်ပြီး မေးတယ်။
“ရွာထဲက လူတွေ မသေပါဘူး။ ဦးကြက်ဥ အတွက် လူမမာမေးဖို့ မြို့တက်ပြီး ကြက်ဥ ဝယ်နေကြလို့ပါ”
ဖိုးကျော်က လေအေးအေးနဲ့ ပြောတယ်။
“ဘာ”
ဦးငွေ နားမလည်သလို ဖြစ်သွားတယ်။
“ဦးကြက်ဥက ကြက်ဥကို ငွေလို တန်ဖိုးထားမှန်း သိကြလို့ မြို့တက်ပြီး တကူးတက ကြက်ဥ သွားဝယ်ကြတာပါ။ ဟောဒီ ခြင်းထဲမှာ အိမ်ခြေ ငါးဆယ့်တစ်အိမ် ဆိုတော့ ကြက်ဥ နှစ်ရာငါးဆယ့် ငါးလုံးပါ။ နောက်ပြီး သူတို့လည်း အလုပ် မအားကြလို့ ကျွန်တော့်ကို သေချာ ပို့ခိုင်းလိုက်တာပါ။ ဒီမှာ စာအိတ်လေးတွေလည်း ပါပါတယ်”
ဖိုးကျော်က သူ့လက်ထဲမှာ ကိုင်လာတဲ့ စာအိတ်တစ်ထပ်ကို ဦးငွေကို ပေးလိုက်တယ်။
ဦးငွေ ယူလိုက်တယ်။ စာအိတ်ထဲ ဘာပါလိမ့်။ ငွေ နေမှာ။ ဦးငွေ စာအိတ် တစ်အိတ်ကို ဖွင့်ဖောက်လိုက်တယ်။ ငွေ မဟုတ်ဘူး၊ စာရွက် တစ်ရွက်။ စာရွက်ပေါ် မှာ-
ဦးကြက်ဥ။ နေကောင်း ပါစေ။ ဒေါ်ငွေမှုံ။
ဦးငွေ မျက်မှောင် ကုတ်သွားတယ်။ နောက်တစ်အိတ် ဖွင့်ဖောက်ကြည့်လိုက်တယ်။
ကိုကြက်ဥ။ နေကောင်းပါစေ။ ကိုချစ်တင်။
ဘာသဘောလဲ။ ဦးငွေ စာအိတ်အားလုံး ဖွင့်ဖောက် ကြည့်တယ်။ အားလုံးအတူ တူပဲ။ ဒေါ်ငွေမှုံ၊ ကိုချစ်တင်၊ ဦးလှကောင်း၊ ဒေါ်လှဆယ် နာမည်တွေသာ လွဲတယ်။ နောက်တော့ ဦးငွေ ကြက်ဥခြင်းကို ကြည့်ပြီး တွေတွေကြီး ရပ်နေတယ်။
“ဦးငွေ…… ဦးငွေ”
ဦးထွေးမောင်က ခေါ် တာ မထူး။ ဦးငွေ မျက်နှာက နီလိုက်၊ ပြာလိုက် ဖြစ်နေ တယ်။
ဖိုးကျော် ကတော့ ဦးငွေ မျက်နှာကို ကြည့်ပြီး အားရကျေနပ်စွာနဲ့ အိမ်ပေါ်က ဆင်းသွားတယ်။
“ဦးငွေ…… ဦးငွေ”
ဦးထွေးမောင်က ဦးငွေ ကိုယ်ကို လှုပ်ပြီး ခေါ်တယ်။ ဦးငွေ မျက်နှာ တဖြည်းဖြည်း တည်ငြိမ်လာတယ်။ ပန်းရောင်သန်းလာတယ်။
“ဗျာ”
အလန့်တကြား ထူးတယ်။ ကိုယ်မတ်ပြီး ယိမ်းခါလိုက်တယ်။ သက်ပြင်းရှည်ကြီး ချလိုက်တယ်။
“ကိုထွေးမောင်”
“ဗျာ”
“ခြံရှေ့က ဆိုင်းဘုတ် ဖြုတ်ပြီး ကြက်ဥရောင်းသည် လို့ ပြင်ရေးလိုက်ပါ”
ဦးထွေးမောင်က ဦးငွေကို ငေးကြည့်နေတယ်။ ဦးငွေက စာအိတ်တွေ ကိုင်ပြီး အိမ်အောက်ထပ် ဆင်းဖို့ လုပ်တယ်။
“ဘယ်လဲ ဦးငွေ”
ဦးထွေးမောင်က လှမ်းမေးတယ်။
“ရွာထဲလေဗျာ၊ ကျုပ်ကို နေကောင်းပါစေလို့ ဆုတောင်းတဲ့ အိမ်တွေကို ကျေးဇူးတင်ကြောင်း သွားပြောမလို့လေ”
ဦးငွေက ပြောရင်း အိမ်ပေါ်က ပေါ့ပါးစွာ ဆင်းသွားလေသည်။ ဦးထွေးမောင် ကတော့ ငေးလို့။
▢ မင်းတင်ထွဏ်း
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အောက်တိုဘာ၊ ၂၀၁၉
No comments:
Post a Comment