❝ ငယ်ဘော်မ၏ ဒေါသမီး❞
( ဆင်ဖြူကျွန်းအောင်သိန်း )
ဆွမ်းခံပြန်ချိန်သို့ပင် မရောက်တတ်သေး။ သို့ပေမဲ့ တာလမ်းပေါ်တွင် ပလတ်စတစ်ပါးပါးလေးတွေ လွင့်ပျံသည့်နှယ် တံလှပ်ငွေ့များ တလူလူပျံနေချေပြီ။ ဘီးရာအတိုင်း ခင်းထားသော ကတ္တရာလမ်းကြောင်းကလေး နှစ်ခုပေါ်တွင် တံလှပ်က ပို၍ ထသည်။ ပို၍ မြင်သာသည်။ တာလမ်းတစ်လျှောက်တွင် ဈေးပြန်များဖြင့် မပြတ်လှ။ သုံးယောက်တစ်တွဲ၊ လေးယောက် တစ်တွဲ စကားတပြောပြောနှင့် တလှုပ်လှုပ် တနဲ့နဲ့ သွားနေကြသည်။ အဖော်နှင့် စကားတပြောပြော သွားရသူများမှာ ခရီးတာရှည်၍ ရှည်မှန်းမသိ။ နေပူသည်ကို ပူသည် မထင်။
ရီးဆေးရိုးမှာမူ အဖော် မပါပေ။ တာလမ်းဘေး ဝဲယာများတွင် ဖောက်လုပ်ထားသော လှည်းလမ်းထဲသို့ ဆင်းလိုက်၊ တာလမ်းပေါ် ပြန်တက်လိုက်။ သစ်ပင်ရိပ်များသည် များသောအားဖြင့် လှည်းလမ်းကိုသာ အုပ်ဆိုင်းထားကြသည်။ သို့သော်ငြား လှည်းလမ်းတွင် အရိပ်ပြတ်သွားသောအခါများ၌ တာလမ်းပေါ်တွင် အရိပ် ရှိနေတတ်ပြန်၏။ သို့ကြောင့် ရီးဆေးရိုးတစ်ယောက် အောက်ဆင်းလိုက် အပေါ်တက်လိုက်နှင့် ကွေ့ကွေ့ကောက်ကောက် လျှောက်နေမိခြင်းဖြစ်ပေ၏။ မျက်နှာချင်းဆိုင်မှ ကောက်ရိုးလှည်း သုံးစီး လာနေသည်။
ဖုန်လုံးကြီးသည် လှည်းနောက်မှ အခဲလိုက် အအုံလိုက်ပါလာသည်။ နေလုံးကြီးကို ပဝါပါးပါးဖြင့် ထုပ်လိုက်သည့်နှယ် နေရောင်သည် မှိန်သွား၏။ ရီးဆေးရိုး နှာခေါင်းမပိတ်ပါ။ ရှေ့က သွားနေကြသူများရော၊ နောက်မှ လာနေကြသူများပါ မည်သူမျှ နှာခေါင်း မပိတ်ကြပါ။ သည်ဖုန်က သူတို့အတွက် ရိုးနေပြီ။ လည်ချောင်းထဲ ဝင်သည်။ နှာခေါင်း၊ နားရွက်ထဲ ဝင်သည်။ မျက်တောင်၊ မျက်ခုံးတွင် ခိုတွဲကြသည်။ ခေါင်းပေါင်းစောင်အတွင်းမှ တမာသီး ဆယ်လုံးစာ ဆံထုံး ဖြူကြောင်ကြောင်မှာ ဖုန်တန်ခိုးကြောင့် လုံးဝ ဖြူသွားလေ၏။ ကောက်ရိုးလှည်းကို တိမ်းရှောင်စဉ် မြင်းလှည်း ‘ဒေါက်ခြစ်သံ’ ကြားရသည်။ ပြေးလွှားလည်ပတ်နေသော လှည်းဘီးထောက်များကို မြင်းရိုက်သော ကျာပွတ်ခေါင်းဖြင့် ပွတ်ခြစ်သံဖြစ်ပေသည်။
ရီးဆေးရိုး တာဘေးသို့ ဆင်းပေးရသည်။ တာပေါ် ပြန်တက်မည်ဟု မကြံရသေး၊ ရထားမြင်းလှည်း တစ်စင်း၏ အချက်ပေးသံ ကြားရပြန်ပြီ။ သည်ရထား တစ်စင်းမူ မှန်ပေါ်တွင် ကပ်ရိုက်ထားသော ကြေးခွက်ကို ခေါက်ခြင်းဖြစ်၏။ ထိုရထားနောက်မှ နောက်ထပ် ရထားတစ်စင်းက ခေါင်းလောင်းသံ တညံညံဖြင့် အပြေးလိုက်လာ၏။ မြင်းကလည်း မြင်းကောင်း၊ ခွာသံ တဗြောင်းဗြောင်းဖြင့်။ ရထားကလည်း ရထား အသစ်။ ခြေဖြင့် နင်းရသော သံစုံခေါင်းလောင်းသံ တညံညံဖြင့် ‘အဿထိုရ်’ စိုင်းနှင်သောနှယ် ဖြတ်တက်သွား၏။ ရီးဆေးရိုး လှမ်းကြည့်လိုက်၏။ ရထားပေါ်တွင် ပျိုမျစ်သော စုံတွဲတစ်တွဲ။ ကြော့လွင် သော ဝတ်ကောင်း စားလှများဖြင့် တပြုံးပြုံးပါသွားကြသည်။ ထိုငယ်နုသူကလေးတို့ ထံမှ အရွှင်အပြုံးသည် ရီးဆေးရိုးထံတွင် ကပ်ကျန်ခဲ့သည်။
ရီးဆေးရိုး ပြုံးပြုံးကြီး ငေးကျန်ရစ်ခဲ့သည်။ သစ်လွင်သော အဆင်းတန်ဆာ စုံလင်စွာဖြင့် စိုင်းနှင်သွားသော မြင်း၏အလှအပ။ ကြော့မော့လှပသော ရထားနှင့် သာယာသော သံစုံခြေနင်း ခေါင်းလောင်းတို့ကို နှစ်သက်မှုကြောင့် ရီးဆေးရိုး ခြေများလည်း သွက်လက်လာသည်။
“ကိုဆေးရိုး၊ မနားတော့ဘူးလား”
ရှင်ပင်ချမ်းသာကြီးဘုရား အနီးတွင် မဟာစည် သာသနာ့ရိပ်သာရှိသည်။ ရိပ်သာအဝင် ကုက္ကိုပင်များ အောက်တွင် ဈေးပြန်မိန်းမတစ်စု နားနေကြသည်။ သူတို့ထဲမှ တစ်ယောက်က လှမ်းအော်လိုက်ခြင်း ဖြစ်ပေသည်။
“နားနေရင် သိပ်ပြီး နေပူနေလိမ့်မယ်။ ညည်းတို့ အသက်ကြီးသူတွေပဲ၊ နားကြဟေ့”
“လုပ်ရော့မယ် ဒီလူကြီးဟာ”
ခပ်ရွှင်ရွှင်ပြောလိုက်သဖြင့် တစ်ယောက်တစ်ပေါက် ပြောကျန်ခဲ့ကြသည်။ သစ်ပင်ရိပ်များတွင် ခိုရင်းကပ်ရင်း ဆန်စက်၊ သစ်ဆိုင်၊ စက်မှုလယ်ယာ၊ ရွာသစ်ကြီး၊ လေးထပ်ကျောင်းတို့ကို ကျော်ဖြတ်လာခဲ့သည်။ တဝေါဝေါ တဝါးဝါး ရယ်မောသံများကို ရွာတံခါး မဝင်မီကပင် ကြားနေရ၏။ ဘာလုပ်နေကြတာပါလိမ့်။
တစ်ရွာလုံးသည် စပါးပြီး ဝါ၊ စပါးပြီး အာလူး၊ ကြက်သွန် စသည်ဖြင့် ယားရာကို ‘ထုံးတို့’ မှတ်ထားရအောင် အလုပ်များနေကြသော်ငြား လတ်လျား လတ်လျားသမား ရွာမင်းသား တစ်ယောက်တလေကတော့ ရွာတိုင်းတွင် ရှိစမြဲ။ရီးဆေးရိုး ကြားနေရသော ရယ်မောသံများသည် ရွာမင်းသားတို့၏အသံ ဖြစ်စရာ ရှိ၏။ ရွာ့မြောက်တံခါးနားက မြေကွက်လပ်တွင် တဲကလေးတစ်လုံးရှိ၏။ ‘အောင်ကျော်ဇော ဆံသ’ ဟူသည့် သံပြားဆိုင်းဘုတ်ကလေး ကပ်ထား၏။
“ဒီကောင်တွေ ဘာဟားတိုက်နေကြတာလဲ”
ဆိုင်းဘုတ်သံပြားကို လူငယ်ငါးယောက် ဝိုင်းကြည့်ကာ ဟားနေကြခြင်း ဖြစ်ပေသည်။ ရီးဆေးရိုး အသံ ကြားလျှင် ပြိုင်တူ လှည့်ကြည့်ကြ၏။ သူတို့၏ ဘေးတွင် မြက်ထုံးများ၊ ငန်းပြားများကို တွေ့ရ၏။ သူတို့သည် လယ်ထဲမှ အပြန်၊ မြက်ရိတ်ရာမှ အပြန်တွင် ဆံပင်ညှပ်ဆိုင်၌ တစ်ထောက်ဝင်နားရင်း ရယ်စရာကို တွေ့ကြရဟန်တူ၏။
“အဘ အဘ၊ ထိုင်ပါဦး”
သူ့သား ဘညိန်းအရွယ် စံထိုက် အမည်ရှိ လူရွယ် တစ်ယောက်က ဆိုင်ထဲမှ ခွေးခြေတစ်လုံး ထုတ်ပေး၏။
“ထိုင်တာပေါ့ကွာ၊ ဘာလုပ်နေကြတယ်ဆိုတာလည်း ပြောကြဦးမှပေါ့”
ဆိုင်တံစက်မြိတ်အောက်တွင် ဝင်ထိုင်သည်။ ခေါင်းပေါင်းစောင်ကို ဖြုတ်ကာ ဖုန်ခါရင်း၊ မျက်နှာသုတ်ရင်း စူးစမ်းသည်။
“ဟောဒီ ဆိုင်းဘုတ်သံပြားပေါ်မှာ ခဲတံနဲ့ ရေးထားတယ် အဘရဲ့၊ ဘယ်သူ့လက်ချက်မှန်းမသိဘူး”
“အင်း ဘာတဲ့လဲ”
“အောင်ကျော်ဇောဆံသ၊ ဆံပင်များကို ကောင်းမွန် သေသပ်စွာ တစ်ချောင်းစီ နုတ်ပေးနေပါသည်တဲ့။ ဝက်အော်သလို အော်ရပါစေမည်၊ ကြွရောက်အားပေးကြပါတဲ့”
စံထိုက် ဖတ်ပြသံမှ မဆုံးသေး အုန်းခနဲ ရယ်မောသံကြီးက လွှမ်းမိုးသွားတော့၏။
“စက်ကတ်ကြေး တစ်ခါတလေ ညပ်တာကို အပုပ်ချတာပါ ဘရာ”
အောင်ကျော်ဇောက ဆိုင်ထဲမှလှမ်းပြီး ဖြေရှင်းသည်။ ရီးဆေးရိုးမှာ မျက်လုံးများ ပိတ်လုမတတ် ရယ်မောနေမိသည်။ မတော်တဆ စက်ကတ်ကြေး ညပ်သည်ကို တစ်ချောင်းစီ နုတ်ပေးနေသည် ပြောတတ်သူကို သဘောကျလှသည်။
“တော်တဲ့ကောင်ကွယ်၊ ဘယ်သူ့လက်ရာပါလိမ့်”
“ဘယ်သူ့လက်ရာရမလဲ၊ ဒီလက်ရေးဟာ အဘ သမက် လက်ရေးဗျ”
ရီးဆေးရိုးသမက် ထွန်းရမှာ လောကနီတိ မကုန်မီ ကျောင်းထွက်ခဲ့သော်ငြား သည်ရွာတွင် လက်ရေး အလှဆုံး ဖြစ်သည်။ သူ့လက်ရေးကို နောက်ပေါက် အတန်းကျောင်းသားတွေလည်း မချိုးနိုင်သေး။ သို့ဖြစ်သဖြင့် ထွန်းရ လက်ရေးကို လူသိများရခြင်းဖြစ်ပေ၏။
“ဟောဒီမှာလည်း နောက်တစ်ခုဗျ”
ဤလူသိုက်ထဲမှ ထွန်းမြတ် ဆိုသော လူငယ်က ဆိုင်အဝင်တွင် ချိတ်ဆွဲထားသော ‘ ကြိုဆိုပါ၏’ ဆိုင်းဘုတ်ကို ညွှန်ပြနေ၏။ ရယ်သံများအဆုံးတွင် ရီးဆေး ရိုးက “ဖတ်ပါဦးကွ” ပြော၏။
“မင်းတို့ အကောင်းဆုံး ကူညီဖို့ကတော့ တစ်ယောက်မှ မလာဖို့ပဲတဲ့”
“သိပ်ကောင်းတယ်ကွာ”
“ဒီစာကတော့ အောင်ကျော်ဇောရဲ့ လက်ရာပဲဖြစ်မယ်”
ရီးဆေးရိုးက ခန့်မှန်းလိုက်ရာ
“မဟုတ်ပါဘူး ဘရာ၊ ကျားကိုက်ပါရစေရဲ့၊ ကျုပ် မဟုတ်ပါဘူး” ဖြေရှင်းသည်။
“ဒီကောင်တွေ တစ်ကောင်မှ ကောင်းတာမဟုတ်ဘူး ဘရဲ့”
“အမယ် သူကတော့ ကောင်းလိုက်တာ”
လူငယ်လူရွယ်တွေ တသောသောတညံညံဖြင့် ငြင်းခုံနေကြဆဲတွင် ရီးဆေးရိုး အိမ်ဘက်သို့ လှမ်းခဲ့သည်။
“ဒါလောက် နေကြီးမြင့်အောင် နေရသလား၊ အပူ မိတော့မှာပဲ” စသည်ဖြင့် ငယ်ဘော်မ မြည်တွန် တောက်တီးမည်ကိုလည်း ကြောက်ရသေးသည်။ သို့ကြောင့် ဆံပင်ညှပ်ဆိုင်တွင် ကြာရှည် မနားရဲ။
အိမ်ရှေ့ မန်ကျည်းပင်ကြီးအောက် ဝင်လိုက်မိလျှင် စိမ့်ခနဲဖြစ်သွား၏။ အပြင်တွင် ချစ်ချစ်တောက်ပူနေပြီ ဖြစ်စေကာမူ မန်ကျည်းပင်အောက်တွင် ပြာမင်ရိပ် မစင်တတ်သေး။ နေပြောက်မထင်အောင် ခက်လက် သိပ်သည်းလှ၏။ အိမ်ပေါ်သို့ မျှော်ကြည့်၏။ ရီးကျီးဒန် တစ်ယောက်တည်း မဟုတ်။ ကလေးတစ်အုပ်ကို မြင်ရ၏။ ချောစိန်အုပ်စုလား၊ ဘညိန်း အုပ်စုလား။ အုပ်စုနှစ်စု ပေါင်းလား။ မျက်ခွံကို မှေးရှုံ့ကာ ကြိုးစားကြည့်ပေမယ့် မသဲကွဲ။
“ဘ ကြံယာဘီ”
ရုပ်ကို မသဲကွဲသော်ငြား အသံကိုမူ ရီးဆေးရိုး ကျက်မိသည်။ ဘညိန်း၏ သား အငယ်ဆုံး မကြာမီ နို့ညှာ ဖြစ်တော့မည့်ကောင် မောင်မောင်လှအသံ။ ကပြင်တွင် ရီးဆေးရိုး ဖိနပ်ချွတ်နေဆဲ မောင်မောင်လှ ပြေးလာသည်။ သူ့နောက်မှ ဘညိန်း၏ သားလတ် ခင်မောင်ငြိမ်း ပါလာသည်။ အကြီးဆုံး မေကြည် ကတော့ နောက်ဆုံးမှ ရောက်လာကာ ဘ၏ ဖိနပ်ကို တံစက်မြိတ်အရိပ်ထဲ သွင်းရင်း “ဘ ဘာပါလဲ” မေး ၏။
“ဘာပါရမလဲ သမီးရယ်၊ ဆေးသွားဝယ်တာပဲဟာ”
“ရခဲ့လား”
ရီးကျီးဒန်က မော့ကြည့်ရင်း မေးပြန်၏။
“မရခဲ့ပါဘူးဟာ။ အဲ တစ်ခုတော့ ရခဲ့သဟ”
“တော့်ဟာက ရှုပ်တီးရှုပ်တုတ်”
“ကုန်သွားပြီဆိုတဲ့ စကားတော့ ရသဟ”
ရီးကျီးဒန် မျက်စောင်းထိုးချေပြီ ဆိုသည်ကို ရီးဆေးရိုး မကြည့်ပဲနှင့် သိလိုက်ပါသည်။ လမ်းတွင် ဆုံခဲ့ရသော ‘အရွှင်’ ၊ ဆံပင်ညှပ်ဆိုင်တွင် ကြားခဲ့ရသော ‘အသော’ တို့မှာ ရီးဆေးရိုးရင်တွင် ရှင်သန် နေကြဆဲမို့ ဖြစ်ပေသည်။
ရီးဆေးရိုး အင်္ကျီချွတ်ကာ ကြိုးတန်းတွင် လွှားလိုက်သည်။ တစ်သက်လုံး ကိုယ်ချည်းတုံး (ကိုယ်တုံးလုံး) အနေများခဲ့သူမို့ အင်္ကျီဝတ်ရသည်မှာ မသက်သာလှ။ ယခု အင်္ကျီချွတ်လိုက်တော့မှ လွတ်ကျွတ်ချမ်းသာသော အရသာကို ခံစားရပေတော့သည်။ အိမ်ဦးခန်းတွင် နေသားတကျထိုင်မိတော့မှ ဘွားအေနှင့် မြေးများကို သေသေချာချာ ကြည့်မိ၏။
ရီးကျီးဒန်ရှေ့တွင် ကြေးကွမ်းအစ်ကြီး ရှိ၏။ “အံ” နှစ်ဆင့်ပါသော ကြေးကွမ်းအစ်ကြီး။ အပေါ်ဆုံး အံနှုတ်ခမ်းတွင် ထုံးထစ်ရာ ဖွေးဖွေးတွေ စီရီနေ၏။ ဤအံတွင် ကွမ်းသီး၊ ကွမ်းညှပ်နှင့် ထုံးဘူး။ အောက် အံထဲတွင်မူ ဆေးရွက်ရှိသည်။ ရှားစေးခဲကလေးတွေ ရှိသည်။ လိမ္မော်သီးခွံ အခြောက်ကလေးတွေလည်း ရှိသည်။
ရီးဆေးရိုးတွင် သွားတွေ ရှိသေးသော်ငြား ကွမ်း မဝါး နိုင်တော့ပြီ။ ကွမ်းသီးကို အမှုန့်ကြိတ်ပေးလျှင်ကား ဝါးနိုင်တန်ရာသည်။ ကွမ်းသီးစိတ်ကို ဝါးခြေမိသော သွားသည် ထမင်းကိုပင် ကောင်းကောင်း မဝါးနိုင်။ ရီးကျီးဒန်မူ ကွမ်းဝါးနိုင်သေး၏။ သို့ကြောင့် ဆေးလိပ်ဖွာလျှင် ဖွာ၊ မဖွာလျှင် ကွမ်းစား၏။
အိမ်ထောင်ဦး အထိမ်းအမှတ် ကွမ်းအစ်ကြီးသည် ဤသို့လျှင် အိမ်ဦးတွင် ဆက်လက် နေရာရနေဆဲ ရှိသေး၏။ ကွမ်းအစ်ကြီးနှင့် တစ်တောင်ကွာလောက်တွင်မူ သံပန်းကန်ပြား တစ်ချပ်နှင့် သံဇလုံနှစ်လုံး။ သံဇလုံနှစ်လုံးမှာ ခင်မောင်ငြိမ်းနှင့် မောင်မောင်လှ တို့၏ ထမင်းဇလုံများ ဖြစ်ပေသည်။ သံပန်းကန်ထဲတွင် ငါးပေါင်းကြော် (အကြော်စုံ) တွေ ထည့်ထား၏။ ငရုတ်သီး ငါးပေါင်းကြော်၊ ထန်းပင်မြစ် ငါးပေါင်းကြော် စုစုပေါင်း ငါးခု။
အကြီးမ မေကြည်မှာ အငယ်နှစ်ယောက်အား ညှာသည့်အနေဖြင့် တို့ကဆိတ် တို့ကနန်းသာ စားနေ၏။ အငယ်နှစ်ယောက်မူ ပါးစပ်မှ တရှူးရှူး တရှဲရှဲဖြင့် နှပ်တန်းလန်းထွက်နေသည်ကို မသိမ်းနိုင်ကြ။ နီရဲနေသော ငရုတ်သီးကွင်း ငါးပေါင်းကြော်တစ်ကိုက်၊ ထမင်းတစ်လုတ် သွေးနေကြ၏။
ကလေးတို့ ဝါးနေသံ တကျွတ်ကျွတ်ကို ကြားရသောအခါ ရီးဆေးရိုး သွားရည်ကျလာ၏။ ငရုတ်သီး ငါးပေါင်းကြော်မှာ နီရဲနေ၏။ ငရုတ်သီးမှည့် တောင့်ပွအစိုကို အကွင်းလိုက်လှီးကာ ဆန်မှုန့်နှင့် တွဲထားခြင်းဖြစ်ပေ၏။ စပ်ပင်စပ်သော်ငြား ကလေးနှစ်ယောက်မှာ သည်ငရုတ်သီးငါးပေါင်းကြော်ကိုသာ စား၏။ ထန်းပင်မြစ် ငါးပေါင်းကြော်ကို မထိကြ။ အကြီးမလည်း ငရုတ်သီးငါးပေါင်းကြော်ကိုသာ စားချင်၏။ စားချင်ပေမဲ့ အကြေအပဲ့ကလေးများကိုသာ ကောက်စားရင်း၊ ထန်းပင်မြစ် ငါးပေါင်းကြော်ကိုသာ အားရပါးရ စားနေနိုင်၏။ ထန်းပင်မြစ် ငါးပေါင်းကြော်မှာ ထန်းပင်မြစ်ကို အမျှင်နည်းအောင် ‘သင်’ ပြီး လက်တစ်ဆစ်အရွယ် အဖတ်ကလေးတွေနှင့် ဆန်မှုန့်နှင့် တွဲစပ်ကြော်ထား၏။
ရီးဆေးရိုးမှာ မြေးတွေကို ကြည့်ကာ သွားရည်ကျလာ၏။
“ငငြိမ်း၊ ဘကို နည်းနည်းပေးစမ်း”
ခင်မောင်ငြိမ်း မလှုပ်။
“မိကြည်၊ ဘကို နည်းနည်း ပေးစမ်းဆိုနေ”
မေကြည် ကောက်ယူပေး၏။ သို့သော် ထန်းပင်မြစ်ငါးပေါင်းကြော်။
“မဟုတ်ပါဘူးဟယ်၊ ဟိုဟာပါ”
မေကြည် တစ်ဖဲ့ ဖဲ့ပေးသည်။ တကယ် စားသော အခါတွင်ကား ရီးဆေးရိုး မျှော်လင့်သလောက် မကောင်း။ စပ်ပင်စပ်ပေမယ့် ဆန်မှုန့်ကြော် မာမာကို ဝါးမိသည့် ခဏ သွားက နာလှသည်။
“အိုမင်းမစွမ်းဆိုတာ ဒါပါကလား”
ရီးဆေးရိုး ညည်းညည်းကလေး ရေရွတ်၏။
“ငယ်ငယ်တုန်းကတော့ အဲဒီ စပ်တာဟာ အရသာပဲ ကျီးဒန်၊ အခုတော့ စပ်တာဟာ အရသာ မဟုတ်တော့ဘူး။ စပ်တာဟာ စပ်တာပဲ ဖြစ်နေပြီ။ ဆန်မှုန့်များသွားတဲ့ နေရာကို ဝါးမိတော့ သွား သိသိသာသာ နာတဲ့ ဒုက္ခဝေဒနာက ဖုံးလွှမ်းသွားတယ်”
“ဇရာပေါ့တော်”
“အိုမင်းမစွမ်းဆိုတာ တယ်မှန်ပါကလားဟ ဟေ။ အိုလာပြီဆိုရင် အစွမ်းသတ္တိ မရှိတော့ဘူး။ မစွမ်းဆောင်နိုင်တော့ဘူး။ ဒါကြောင့်လည်း...”
ရီးဆေးရိုး စကားမဆုံး။ အိမ်ရှေ့သို့ လည်ပင်း ဆန့်ကာကြည့်လိုက်ရသည်။ ကြည့်ရသည့် အကြောင်းမှာ ဘောက်ဆွဘောက်ဆွလာနေသော မိန်းမတစ်ယောက်ကြောင့်ဖြစ်၏။ ရီးဆေးရိုး၏ ချွေးမ လှမေ ဖြစ်၏။ ကိုယ်လေး လက်ဝန်ဖြင့်သာမက ဖိုသီဖတ်သီလည်းရှိ၏။ မျက်နှာလည်း မသာယာလှ။ ချွေးမကို မြင်တော့မှ ကလေးတွေအကြောင်း မေးရန် သတိရလာသည်။
“ကလေးတွေ ဘာပြုလို့ ကျောင်းမသွားလဲ။ ဥပုသ်နေ့လည်း မဟုတ်ဘဲနဲ့”
“မပြောနဲ့တော့ အရီးရဲ့၊ အရီးသား လုပ်ပုံများ”
ဤမျှဖြင့် စကားသည် ဆက်စပ်၍ မရ။ ထို့ကြောင့် ရီးဆေးရိုးမှာ ဆေးလိပ်မီးညှိရင်း စကားဆက် စောင့်ရ၏။
“စောစောက ကျုပ် နှစ်ခါ လာကြည့်ပြီးပြီ။ အရီး မရောက်သေးတာနဲ့ ပြန်ပြန်သွားတာ”
“ကလေးတွေ ကျောင်းမသွားတာနဲ့ အဲဒါနဲ့ ဘာဆိုင်လို့လဲဟဲ့”
“အရီးသားနဲ့ ရန်ဖြစ်လို့”
“နင်တို့ဘာသာ နင်တို့ ရန်ဖြစ်ရုံမကလို့ သ,တ်သ,တ်ပေါ့ဟ။ ကလေးတွေ ကျောင်းပျက်တာတော့ မကောင်းဘူး။ ကျောင်းကလည်း ပြီးတော့ အနီးလေး”
ကျောင်းသည် အမှန်ပင် နီးနီးကလေးသို့ ရောက်နေပြီ။ ယခင်ကမူ တောင်သို့ သွားလျှင် သရက်ချင် ဘ-က အလယ်တန်းကျောင်း။ မြောက်သို့ သွားသော် ပြည်စိုးကုန်း ဘ-က မူလတန်းကျောင်း။ ရမ်းဘိုကုန်းမှာ အလယ်တွင် ကျရောက်နေရာ အနီးအဝေး ပြဿနာ မပေါ်လှ။ မည်သည့် ကျောင်းသို့ သွားသည်ဖြစ်စေ တာလမ်းမှသာ သွားရသည်။ တာလမ်းတွင်ကား မကြောက်ရ။ ရထားသာ ကြောက်ရသည်။ ယခု နောက်ဆုံးဖွင့်ထားသော ကျောင်းမှာ ရထား မကြောက်ရ။ ကား မကြောက်ရ။
ပညာလိုလားသော ရီးဆေးရိုးသည် သားနှင့် သမီးတို့ ပညာရေးကို မြှင့်တင်မပေးနိုင်ခဲ့သော်ငြား မြေးများကိုမူ ပညာအရာ မြင့်မားစေချင်သည်။ သို့ဖြင့် ကျောင်းမပျက်စေချင်။ ယောက္ခမ အမနှင့် ချွေးမသည် များသောအားဖြင့် အစေးမကပ်လှ။ ယခုလည်း ကျီးဒန်သည် လှမေကို တစ်ချက်စောင်းကြည့်ပြီး တစ်ဖက်သို့ မျက်နှာလွှဲသွား၏။
“ရန်ဖြစ်တဲ့ ကိစ္စဟာ ဆန်းသလားဟ။ လင်နဲ့ မယား လျှာနဲ့သွား မဟုတ်လား”
“မဟုတ်ဘူး အရီးရဲ့”
“ဟေ ဘာမဟုတ်တာလဲ”
ရီးဆေးရိုးသည် ချွေးမကို မျက်လုံးပြူးကြည့်ကာ မေးလိုက်ပြီးနောက် တစ်ခြမ်းလောင်နေသော ဆေးလိပ် ‘အကာ’ ကို တချွတ်ချွတ် ချိုးသိပ်နေ၏။
“သူနဲ့ သူနဲ့ ဟို ဟို”
“အင်း”
လှမေ စကားဆက်နိုင်ရန် ရီးဆေးရိုးက အင်း လိုက်ပေးပေမဲ့ ရီးကျီးဒန်က စိတ်ဝင်တစား လှည့်ကြည့်သည်။
“သူနဲ့ ဆ ဆရာမကလေးနဲ့”
“ဟေ ဘာပြောတယ် ဆရာမလေးနဲ့”
ရီးဆေးရိုး အသံကျယ်သွား၏။ ဖျာမှ ကြွတက်မတတ်လည်း ဖြစ်သွား၏။
“ဟုတ်တယ် အရီး။ အချိန်ရှိသရွေ့ ဆရာမအိမ်မှာ ချည်းပဲ။ အဲဒါ မတော်ဘူးပြောတော့ ကျုပ်ကို ကျုပ်ကို..”
“ရိုက်သလား”
“မဟုတ်ဘူး အရီးရဲ့”
“ဒါဖြင့် ဆဲသလား”
“မနေချင် ဆင်းသွားတဲ့”
ပြောအပြီးတွင် ဟီးတိုက်၍ ငိုချလိုက်လေ၏။ ရီးဆေးရိုး ငြိမ်သက်နေသော်ငြား ရီးကျီးဒန် သက်ပြင်းချလိုက်မိ၏။ ချွေးမကို မတွယ်တာလှစေဦး၊ မြေးတွေက ရှိသေးသည် မဟုတ်လား။
“နင်က နောက်ထပ် ဘယ်လို အထောက်အထားတွေ ပြနိုင်သေးလို့လဲ။ သက်သေသက္ကာရ နောက်ထပ် ဘာရှိသေးလို့လဲ”
“ကျုပ်မျက်မြင်ပဲ အရီးရဲ့၊ ဘာလိုသေးလဲ”
နှာခေါင်းကို ပုဆိုးစုတ်နှင့်အုပ်ကာ နှပ်ညှစ်လိုက်ပြီး ရီးဆေးရိုးကို ငေါက်ဆတ်ဆတ်ပြော၏။
“အေး မျက်မြင်ဆိုတာကလည်း ဆရာမလေးဆီ သွားနေတာပဲ မဟုတ်လား။ ဆရာမလေးနဲ့ နှစ်ယောက်တည်း ဆိတ်ကွယ်ရာမှာ တွေ့တာမျိုးဆိုရင် ပြောလို့ရတယ်။ ဒါတောင်မှ ဆရာမရဲ့ဂုဏ်၊ ဆရာမရဲ့သိက္ခာ ထောက်ထားရဦးမယ်”
“အို မထောက်ထားနိုင်ပါဘူး။ ဘာဂုဏ် ဘာသိက္ခာပဲရှိရှိ မိန်းမဟာ မိန်းမပဲ၊ ယောက်ျားပြောရင် ယုံမှာ”
သည်တစ်ခါ ဟင်းချရသူကား ရီးဆေးရိုး ဖြစ်သည်။
“အဲဒါ အရီး ဆုံးမပါဦး”
“စိတ်ချ လှမေ စိတ်ချ။ ဒါပေမဲ့ နင်ကလည်း သိပ်ပြီး အထင်မလွဲစေချင်ဘူး။ ဘာကြောင့်လဲဆိုရင် မသိတာ နားမလည်တာ ဆရာမဆီ သွားမေးရတယ်။ ဆရာမလေးပြောတာဆိုတာတွေ သွားပြီး နားထောင်ခြင်းအားဖြင့်လည်း ဗဟုသုတလည်း ရတယ်။ ပြီးတော့ သူတစ်ယောက်တည်းသွားတာမှ မဟုတ်တာ”
“အရီးသားက သူများထက် သည်းတယ်”
အင်း ပြောလေ ကဲလေပါလား။ ရီးဆေးရိုး စိတ်ထဲမှ ညည်းမိသည်။
“သူ့အိုး သူ့အိမ် သူ့သားသမီးကို သူ မပစ်နိုင်ပါဘူးဟာ”
“မပစ်နိုင်လို့ ကျုပ်ကို နှင်ချတာပေါ့တော့်”
ရီးဆေးရိုး မအောင့်နိုင်တော့၊ ဟားတိုက် ရယ်မောလိုက်ရသည်။
“သူ နှင်ချတိုင်း ဆင်းရမလားဟ။ ငါတို့ ရှိတယ်။ ဒီကောင့်ကို ငါ ကောင်းကောင်းဆုံးမပြမယ်။ သွား သွား နွားစာရေခပ်ဖို့တို့၊ နွားစာစဉ်းဖို့တို့ ရှိသေးတယ် မဟုတ်လား”
အလုပ်ကို သတိရတော့မှ လှမေ သွက်လက်စွာ ထသွားသည်။ ကလေးတွေကိုမူ ခေါ်သွားရန် သတိ မရ။
“အင်း”
ရီးဆေးရိုးသည် မီးညီသွားသော ဆေးလိပ်ကို နှပ်ထားရန် ခဏချလိုက်၏။
“အင်း ကောင်မလေး စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပဲပေါ့ဟာ။ ဆရာမလေးကို မြင်တော့ တို့ရွာသူ ရွာသားတွေ ဘယ်လောက် အကျည်းတန်တယ်ဆိုတာ ထင်ရှားတော့တယ်။ မွဲညစ်ညစ်နဲ့ အမဲခြောက်တွေ ချည်းပဲ”
“အောက်သူကိုး တော်ရဲ့”
“အောက်သူ ဆိုတော့ ဘာပဲဖြစ်ဖြစ် တို့ဒေသက လူတွေထက်တော့ စိုစိုပြည်ပြည် ပြောင်ပြောင်ရောင်ရောင်ရှိတာ အမှန်ပဲ။ အဲဒီထဲမှာ ဆရာမလေးက လှလည်း လှတော့ လူလေး ကြိုက်ရင်လည်း အဆိုးတော့ မဆိုသင့်ဘူးပေါ့ဟာ”
“အဆိုးမဆိုသင့်ဘူး ဟုတ်လား”
“အေးပေါ့ဟ၊ လူလေးတို့လို မတိမ်းမယိမ်း အရွယ်ချင်း မပြောနဲ့၊ ငါတောင် ကြိုက်တယ်ဟေ့”
ရီးကျီးဒန် ကွမ်းအစ်ကြီးကို ဆောင့်ချလိုက်သည်။
“သေခါနီးက သေခါနီးစကား မပြောဘူး”
ဆောင့်ချပြီးသော ကွမ်းအစ်ကြီးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ထပ်မံဆောင့်ချလိုက်ပြန်ရာ ထရံဘေးမှ ရေနွေးကရားနှင့် ပန်းကန်တွေ ကျွမ်းထိုးကုန်၏။
“သူ့ပါးစပ်မို့ အရှက်မရှိ”
သည်တစ်ခါ ကွမ်းအစ်ကြီးကို လွှင့်ပစ်လိုက်တော့၏။ အံတွေ လိမ့်လွင့်သွား၏။ ကွမ်းတွေ၊ ဆေးရွက်တွေ ပြန့်ကြဲသွား၏။
“ဟေ့ ဟေ့ ကျီးဒန် သတိထားလေ၊ သတိထား”
“ဘာသတိထားလဲ”
“ဘယ်လောက်လှတယ် ဆိုတာကို တင်စားပြီး ပြောတာပါဟ။ ငါ့သမီး ချောစိန်ထက်တောင် ငယ်တဲ့ ကလေးမကို ငါက ပြစ်မှားပါ့မလား”
“ဟင်း အခုမှ ဘာလျှောချတာလဲ”
“ဪ ကျီးဒန်ရယ်၊ ငရုတ်သီး ငါးပေါင်းကြော်ကို ငါဘယ်လောက် ကြိုက်သလဲ။ ကဲ...ကြိုက်တိုင်း စားနိုင်သလားဟာ။ အိုမင်းမစွမ်းဖြစ်နေပေမဲ့ ပုထုဇနော ဥမ္မတ္တကော မဟုတ်လား။ စိတ်ရူးရဲ့ အရူးထတာကို သတိ သမာဓိနဲ့ ထိန်းနေကြလို့သာ ငါတို့ ဒီလို နေနိုင်ကြတာပေါ့ဟာ”
“ဟင်း အခုမှ တောပြော တောင်ပြော”
ရီးကျီးဒန် ကွမ်းအစ်အံတွေ ပြန်ဆင့်၏။ ကွမ်းရွက် ဆေးရွက်တွေကို လိုက်လံသိမ်းဆည်း၏။ ရီးဆေးရိုးမှာ ထိုအခါကျမှ ဟင်းချကာ အမောဖြေနိုင်ပေတော့သည်။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment