Tuesday, August 18, 2026

ကကြိုးပျက် အပြုံး


❝ ကကြိုးပျက် အပြုံး ❞
       ( လွမ်းရင့်ပိုင် )

“မပု နင့်သမီးက ပထမနှစ် တက်နေတာနော်။ ဒေးလား၊ အဝေးသင်လား”

“ဒေးမထားပါဘူး အစ်မရယ်။ မတတ်နိုင်လို့တော့ မဟုတ်ပါဘူး။ အခုခေတ်က အစ်မလည်း သိတဲ့ အတိုင်းပဲလေ”

“ဟုတ်ပါ့၊ ဟုတ်ပါ့။ ဘာထားထား ပွေရှုပ်ချင်တဲ့ သူကတော့ တားမရပါဘူးအေ။ အသိတရား ရှိဖို့သာ အရေးကြီးဆုံးပါ”

“တစ်ထောင်ဖိုး နှစ်ထုပ်”

“ဒီကို အစုံနောက်တစ်ပွဲ ထပ်ထည့်ပေးပါဦးဗျို့”

“ဟေး မိန်းမ။ အောက်က ကျွမ်းကုန်တော့မယ်။ အမြန် ဆယ်ပါကွ။ ဟိုမှာ လူကျနေတာ လက်မလည်တော့ဘူး”

မှာသံ၊ အော်သံတွေကြောင့် ယောက်ျားဖြစ်သူ လက်ကုတ်ကာ လာပြောတော့မှ အပေါ်အောက် ခပ်မြန်မြန် လှန်ဆယ်လိုက်ရတယ်။ ဒီနေ့ ပိတ်ရက် တနင်္ဂနွေနေ့မို့ထင်တယ် ကြော်ပြီး ဗန်းထဲ အရောက်မခံဘဲ တန်းရောင်းနေရတယ်လေ။

“ယောက်ျားရေ မိန်းမ ဈေးသွားဝယ်ဦးမယ်။ ကြည့်ကြက်ပြီး ရောင်းထားလိုက်။ အမြန်ပြန်ခဲ့မယ်”

ဒီအချိန်က လူပါးတော့ လိုအပ်တာတွေဝယ်ဖို့ ကျွန်မ ကား တားစီးပြီး ထွက်လာခဲ့လိုက်တယ်။ ခါတိုင်း သမီးရှိတော့ အဆင်ပြေတယ်။ ဒီနေ့တော့ ကျောင်းသွားတော့ ကျွန်မတို့ လင်မယား အချိန် မနည်းလု ရောင်းနေရတယ်။ ဒါကြောင့်လည်း အကြော်ကြော်ရင်း ဝတ်နေကျ အဖာအရာ ဗရပွ လုံချည်နဲ့ ခပ်နွမ်းနွမ်း တွန့်ကြေပြီး မုန့်နှစ်တွေ ပေပွနေတဲ့ အင်္ကျီကိုတောင် လဲမလာခဲ့မိဘူးလေ။ ဈေးလာဝယ်တာကလည်း မြန်ပါတယ်။ ခုပဲကြည့်။ ပုံမှန်လို ဝယ်နေကျ ဆိုတော့ လူမြင်တာနဲ့ ထည့်ပြီးနေပြီ။ ကျသလောက် ရှင်းပြီးတာနဲ့ ဈေးခြင်းတောင်း ဆွဲပြီး ကားမှတ်တိုင်ဆီ သုတ်သုတ်လေး လှမ်းလာခဲ့လိုက်တယ်။

“ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ကြိုပို့ယာဉ်”

ကျွန်မ ရှေ့ ထိုးရပ်လာတဲ့ ကြိုပို့ယာဉ်တစ်စီးရဲ့ အရှေ့ကစာတန်းလေး ဖတ်နေရင်းနဲ့ တက်ပဲလိုက်ရတော့မလို၊ နေပဲကျန်ရစ် ခဲ့ရတော့မလိုလို ဒွိဟ အတွေးနှစ်ခုက ထိုးဝင်လာတယ်။ ကျောင်းကားတွေ ဆိုတာကလည်း သတင်းက မွှေးလို့။ ပိုဆိုးတာက ဒီကားပေါ်မှာ ပါနေတာက ကျွန်မရဲ့ သမီးလေး။ မမြင်ချင်တဲ့ မြင်ကွင်းမျိုး တွေ့ရမှာ စိုးပေမယ့် အိမ်ပြန် နောက်ကျမှာ စိုးတဲ့စိတ်နဲ့ ကားအပေါ်တက်ကာ လိုက်ပါလာခဲ့မိပါတယ်။ ကားအပေါ်ကို မကြည့်ဖို့ ကြိတ်မှိတ်နေပေမယ့် မျက်စိအစုံက တားမရ။ ဟိုဟိုဒီဒီ ကြည့်နေမိတယ်။ ဟော ဟိုနေရာ စုံတွဲ၊ ဒီနေရာ စုံတွဲ။ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားမိတာက ကျွန်မသမီးလေး အဲဒီအတွဲတွေထဲမှာများ ပါနေမလား။ ဒီတစ်ခါတော့ သာမန်ကာ လျှံကာ မဟုတ်တဲ့ မျက်လုံးက ကျီးကန်းတောင်းမှောက် ကြည့်ကာ ရှာနေမိတယ်။ ဟော .. တွေ့ပါပြီ။ ကျွန်မရဲ့ နံဘေး တစ်ခုံကျော်မှာ သမီး ထိုင်နေတယ်။ တော်ပါသေးရဲ့။ သူ့ဘေးမှာက ကောင်မလေး တစ်ယောက်။ ကျွန်မ အတော် ဝမ်းသာသွားမိတယ်။ ကျွန်မ ထင်သလို မဖြစ်ခဲ့လို့လေ။ အဲဒါနဲ့ ကျွန်မလည်း သမီး မြင်သာတဲ့ ထိုင်ခုံအနား အသာလှမ်းပြီး ရွေ့လိုက်မိတယ်။ အဲဒီအချိန် သမီးလေး ကျွန်မဘက် လှည့်ကြည့်တယ်။ ကျွန်မ ပိုင်ဆိုင်တဲ့ အပြုံးချိုချိုလေး ပြုံးပြလိုက်တယ်။ သမီးလေး အကြည့်က ကျွန်မနဲ့ လားရာ မတူတဲ့ဘက် ခပ်မြန်မြန် ပြန်လှည့်သွားလေရဲ့။ ဟာခနဲ ဖြစ်သွားတဲ့ ရင်အတွင်းမှ ကျွန်မ နှုတ်ဖျားကို အသက်မဲ့တဲ့ စကားလုံးတချို့ ခုန်ဆင်း သွားစေတယ်။

“သမီးရယ် အမေ ပြုံးပြနေတယ်လေ”

▢ လွမ်းရင့်ပိုင်
📖 မဟေသီ မဂ္ဂဇင်း
      ဧပြီလ ၊ ၂၀၂၀

No comments:

Post a Comment