❝ ကမ်းခြွေသည့် ရေ ❞
( ကိုတူး )
ရောင်နီ လာသည်မျှ ရှိလိမ့်ဦးမည်လား ၊ ရောင်နီ လာချေပြီလားဖြင့် မသိချေ ။ တစ်ညလုံး တဖြောက်ဖြောက် ကျလိုက် ၊ တဝေါဝေါ ရွာလိုက်ဖြစ်နေသော မိုးကဖြင့် တစိမ့်စိမ့် ရွာဆဲ ။ ဟိုအိမ်က ထွက်လာ ၊ သည်အိမ်က ထွက်လာကြသော တစ်ယောက် တစ်ယောက်သော သူများက တာထိပ်ဆီမှာ တစ်ဦးနှင့် တစ်ဦး စကား မဆိုမိကြ ။ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်မိကြသည့်တိုင် မြစ်ရေပြင်သို့မူ မမှိတ်မသုန် ကြည့်နေကြသည်က ဇာတ်တိုက်ထားသလို ။ ထိုသူတို့ကို သတိမမူမိသည်လား ၊ အမှုမထားလေသည်လား ၊ ဂရုမစိုက်လေသည်လား မသိပေသော ဧရာဝတီကဖြင့် ပကတိ ဣန္ဒြေရစွာ စီးဆင်းနေသည် ။ အသော့နှင်သည်လည်း မဟုတ် ၊ လေးကန်နှေးကွေးသည်လည်း မဟုတ်ပါဘဲ သူ့ခရီးကို သူ နှင်ကာ ဣန္ဒြေရ လှပါဘိတောင်း ။
••••• ••••• •••••
နံရံထက်က နာရီကို ဆရာကြီးဦးဟန်ညွန့် လှမ်းကြည့်မိချိန်မှာ လက်တံတို တစ်ခုက ပျောက်နေပြီလား တွေးမိသည် ။ အပေါ်တည့်တည့် ထောင်နေသည့် နာရီလက်တံရှည်က အုပ်မိုးထားသည်ကို တွေးမိမှ စိတ်ထဲမှာ ပြုံးလိုက်မိ၏ ။ ရုံးခန်းဆီသို့ လျှောက်သွားလိုက်ပြီး ဗီရိုပေါ် တင်ထားသည့် ခေါင်းလောင်းကို လေး , ငါးချက် လှုပ်ခတ်လိုက်သည် ။ ကလေးများ၏ အသံက ဝေါခနဲ ပေါ်ထွက်လာ၏ ။ တကယ်တော့ ဆရာကြီး ခေါင်းလောင်း မတီးမီကတည်းက ကလေးများက စာအုပ်တွေ ၊ ပေတံ ၊ ခဲတံတွေကို လွယ်အိတ်ထဲ တိတ်တိတ်ကလေး ထည့်ပြီးနေပြီ ။ တစ်ကျောင်းလုံးရှိ ကလေးများက နာရီကို တကြည့်ကြည့် လုပ်နေကြတာလည်း ကြာပြီ ။ ပွက်လောရိုက်အောင် ဆူညံသွားသော ကျောင်းသည် မိနစ်ပိုင်း အတွင်းမှာပင် တိတ်ဆိတ်သွားတော့သည် ။
ကျောင်းပေါ်တွင် ဆရာကြီး ဦးဟန်ညွန့် နှင့် ဆရာမ သုံးယောက်သာ ကျန်ခဲ့တော့၏ ။ ဆရာမများက သက်ဆိုင်ရာအတန်း အသီးသီးမှ ရုံးခန်းဆီသို့ ရောက်လာသည်နှင့် ဆွဲခြင်း အသီးသီးမှ ထမင်းချိုင့်များကို ထုတ်ယူရင်း စားပွဲပေါ် တင်လိုက်ကြသည် ။ သည်အခန်းပင်လျှင် သည်ကျောင်း၏ ရုံးခန်း ၊ ကျောင်းပေါ်တွင် ဆရာကြီး ဦးဟန်ညွန့်နှင့် ဆရာမ သုံးယောက်သာ ကျန်ခဲ့တော့၏ ။ ဆရာမများက သက်ဆိုင်ရာ အတန်းအသီးသီးမှ ရုံးခန်းဆီသို့ ရောက်လာသည်နှင့် ဆွဲခြင်း အသီးသီးမှ ထမင်းချိုင့်များကို ထုတ်ယူရင်း စားပွဲပေါ် တင်လိုက်ကြသည် ။ သည်အခန်းပင်လျှင် သည်ကျောင်း၏ ရုံးခန်း ၊ သည်ကျောင်းမှ ဆရာမ ဆရာများ၏ နားနေခန်း ၊ အစည်းအဝေးခန်းတို့ ဖြစ်ကြလေသည် ။ ထို့ပြင် ဆရာမများ၏ အဝတ်လဲခန်းလည်း ဖြစ်ချေတော့သည် ။
ထိုအချိန်တွင်ဖြင့် ဆရာကြီးသည် မယောင်မလည်ဖြင့် ဝေးရာ အခန်းဆီသို့ သွားကာ အရေးမပါသော အလုပ်များကို လုပ်ရရှာလေတော့သတည်း ။
“ ဒီနေရာကနေ ကြည့်နေရတာ သင်္ဘောကြီးတွေက ကျောင်းနဲ့ နီးနီးလာ သလိုပဲနော် ”
ဆရာမ ဒေါ်ကြည်ရင် က ပြတင်းပေါက်မှ လှမ်းမြင်နေရသည့် ကိုင်းကွင်းများဆီ လှမ်းကြည့်ရင်း ပြောလိုက်သည် ။ အမက တာငုတ် သည် မြို့နှင့် ငါးမိုင်ခန့်ဝေးသော မြေနုလွင်ပြင်ပေါ်တွင် တည်ရှိသည် ။ ပထဝီ အနေအထားအရ ဧရာဝတီမြစ်၏ ရေလွှမ်းမိုးမှုကို ကာကွယ်ရန် ဧရာဝတီမြစ်ရိုးတစ်လျှောက်ကို ရေကာတာများဖြင့် ကာရံထားသည် ။ ရေကာတာများသည် မြစ်၏ အခြေအနေ ၊ မြို့၏ အခြေအနေကို လိုက်၍ မြစ်နှင့် အပြိုင် တစ်ခုနှစ်ခု ရှိကြသည် ။ ရေကာတာ ၊ အရံရေကာတာများ ဖြစ်ကြသော်လည်း ဒေသခံများက အတွင်းတာ ၊ အပြင်တာဟု ခေါ်ကြ၏ ။ မြစ်နှင့် နီးသော တာမှာ အတွင်းတာ ဖြစ်ပြီး မြစ်နှင့် ဝေးသော တာကို အပြင်တာဟု ခေါ်ကြသည် ။ ထိုရေကာတာများ ရှိသဖြင့်သာ ဟင်္သာတမြို့နယ်မှာ မိုး ရာသီတွင် ဣန္ဒြေမပျက် နေနိုင်ခြင်းဖြစ်သည် ။ သို့စေကာမူ အချို့သော နှစ်များတွင် ဟန် ကိုယ့်ဖို့ ဖြစ်အောင် မနည်း ကြိုးစားရသည် ။ မိုးရာသီတွင် ဧရာဝတီမြစ်နှင့် ငဝန်မြစ်သည် မြို့နယ်တစ်မြို့နယ်လုံးကို ငုံ့ကြည့်လျက် ခပ်ထေ့ထေ့ အမြဲ ပြုံးတတ်၏ ။ တာငုတ်သည် ဟင်္သာတမြို့၏ အတွင်းတာနှင့် အပြင်တာ ဆုံရာတွင် ရှိသည် ။ တစ်ချိန်က အတွင်းတာသည် ငဝန်မြစ် ခွဲထွက်ရာ အနီးရှိ ခြင်ဘို့ရွာ၏ ဟိုမှာဘက် အထိ ရှိသော်လည်း ဒေသခံများပင် မမှတ်မိတော့သော အချိန်က ရေကာတာ ကျိုးပေါက်ပြီးနောက် ထိုနေရာတွင် တာပြန် မဖို့ကြတော့ချေ ။ မြို့ဘက်က တာအငုတ်ကြီးကို အတွင်းတာက လာဆက်လိုက်တော့သည် ။ ထိုနေရာသည် တာငုတ် ဖြစ်လာလေတော့၏ ။
တစ်ဖက် ကမ်းပြိုလျှင် တစ်ဖက် သောင်ထွန်းသည်မှာ ဓမ္မတာပင်တည်း ။ ဆိုရိုးတွေ မရှိလင့်ကစား သောင်ထွန်း ပြီးသည်နှင့် ကမ်းပြိုတတ်သည် ၊ ကမ်းပြိုပြီးသည်နှင့် သောင်ထွန်းတတ်သည်မှာ လည်း ဖြစ်ရိုးဖြစ်စဉ်ပါတည်း ။ ထိုထိုသော နှစ်များက သောင်ထွန်းခဲ့သော တာငုတ် မှ အရှေ့ဘက်ဆီသို့ လှမ်းမျှော် ကြည့်လိုက်လျှင် မျက်စိတစ်ဆုံးသော ကိုင်းကွင်းများ၏ ဟိုမှာဘက်က ဧရာဝတီ မြစ်အစပ်မှ သာရဝေါဘူတာ ကို မြင်ရသည် ဆိုသည်မျှသာ ရေးရေးလေး မြင်ရသည် ။ ထိုအချိန်က သာရဝေါ ဘက်မှာ ကမ်းတွေ တဝုန်းဝုန်း ပြိုသည် ။ ရွာတွေပျက်သည် ။ ကျောင်းတွေ ၊ ဘုရားတွေ ရေထဲ ရောက်သည် ။ သည်ဘက်မှာလည်း နှစ်တိုင်း မြေနုကျွန်းတွေ ပေါ်သည် ။ ကိုင်းတွေ အသစ်ရကြသဖြင့် ပျော်ကြသည် ။
••••• ••••• •••••
နဒီ ဆိုသော မြစ်တို့သည် ကား ဝင်္က ကွေ့ကောက်တတ်သည်သာချည်း ဖြစ်တော့၏ ။ သည်သဘောကို တာငုတ်သားတို့ မေ့လျော့ခဲ့သည်တကား ။ ငယ်စဉ်က အကြောင်းကို မမှတ်မိတော့သော အသက်ခြောက်ဆယ် ဝန်းကျင်တို့သည် မကြာသေးမီကမှ ခွဲတမ်းရထားသော မိမိတို့ ကိုင်းများ ရေထဲပါသွားသည့်အခါ ကိုယ့်ဆီ ခဏ အလည်လာတာပါဟု ဖြေသိမ့် ရယ်သွမ်းသွေးခဲ့ကြသေးသည် ။ တစ်နှစ် ။ ရေတက်လျှင် ကမ်းပြို ၊ ရေကျတော့လည်း ပြိုတတ်သည်က ထုံးစံမို့ နောက်တစ်နှစ်တွင်လည်း ဖြေတွေး တွေးခဲ့ကြပါသေးသည် ။ နောက်တစ်နှစ်တွင်မူ မျက်ကလဲဆန်ပျာ ဖြစ်လာ တော့သည် ။ ဟိုတစ်နှစ်က မသိမသာလေး ပြိုခဲ့သည် ။ နောက်တစ်နှစ် သိသိသာသာကြီး ပြိုပြန်သည် ။ ခုတစ်နှစ် မချိမဆံ့ ပြိုတော့သည် ။ ကိုင်းကွင်းတွေ ဝုန်းခနဲ ၊ ဝုန်းခနဲ ပြိုကျသွားသည် ။ ကိုင်းကွင်းစောင့်သည့် ရွာစုစုလေးတွေ ဝေါခနဲ ၊ ဝေါခနဲ ပြိုဆင်းသွားသည် ။ သက်တမ်းရင့် ကုက္ကိုပင်တွေ ၊ လက်ပံပင်တွေ ရိပ်ခနဲ ၊ ရိပ်ခနဲ ပျောက်ကွယ်သွားကြသည် ။
“ ဟုတ်တယ် ၊ မနေ့ကမှ ကိုတင်ဝင်း ဆီးတောဘက် သွားတာ ။ ဆီးတောရွာထိပ်က လက်ပံပင်အကြီးကြီး ပါသွားပြီတဲ့ ။ ဒီနှစ် ကမ်းပြိုတာ တအား ကြမ်းနေတယ် ”
“ ဒါဆို တို့ကျောင်းလေး တောင် စိတ်ချရပါ့မလား မသိဘူးနော် ”
ဆရာမ ဒေါ်ကြည်ရင့် စကားနှင့် ဆက်၍ ကျန် ဆရာမများက သိသမျှနှင့် တွေးမိသမျှ ပြောကြ၏ ။ ဆရာကြီး ဦးဟန်ညွန့်သည် သောက်လက်စ ရေနွေးကြမ်းကို အကုန် မော့သောက်ပြီး နောက် ရေနွေးကြမ်းပန်းကန်ကို စားပွဲပေါ်သို့ ဒေါက်ခနဲ မြည်အောင် ပြန်ချလိုက်သည် ။ တစ်ဆက်တည်းမှာပဲ လေပူ တစ်ချက်ကို ဟူးခနဲမြည် အောင် မှုတ်ထုတ်လိုက်၏ ။
ကျောင်းပြတင်းပေါက်မှ ကြည့်လိုက်လျှင် မျက်စိတစ်ဆုံးမျှသော ကွင်းပြင်များကို စိမ်းစိမ်းစိုစို မြင်နေရသည် ။ ကိုင်းကွင်းများ၏ ထုံးစံအတိုင်း မိုးအကုန် ဆောင်းအကူး မြစ်ရေကျသွား ချိန်တွင်မှသာ စိုက်ပျိုး၍ ရနိုင်သည်ဖြစ်ရာ မိုးဦးကျ အချိန်တွင် ဝတ်လစ်စားလစ် ဖြစ်၍ နေသည် ။ သို့စေကာမူ နွေပူတွင် နွမ်းခွေနေသော ပြောင်းပင် ပုသွယ်သွယ် ၊ ပဲပင်လှီလှီ ၊ ချဉ်ပေါင်ညှက်ညှက်တို့က မိုးရေအားဖြင့် ဖွံ့ထွားလာကြသည် ။ ရိတ်သိမ်းစဉ်က ကျကျန်ခဲ့သော ပဲမျိုးစုံက အလေ့ကျ ပြန်ပေါက်နေကြပြီ ။ ပေါင်းပင်များဟု ဆိုလင့်ကစား ယခုလိုအချိန်တွင် ဟင်းတစ်ခွက် ဖြစ်စေသော မြူပင် ၊ ဒေါက်ခွပင်များက လည်း စိတ်ရှိလက်ရှိ သန် စွမ်းနေကြပြန်သည် ။ ကိုင်းကွင်းသည် မသန်သော်လည်း စွမ်းနေသည်ထင့် ။ ကပိုကရို ဖြင့် စိမ်းစိမ်းစိုစို လှအားပိုနေ သေးတော့သည် ။ ဝတ်လစ်စားလစ် ဖြစ်နေသော မယ်ကိုင်းကွင်းကို အနှီ လက်ကျန်ပင် ထိုပေါင်းပင်တို့က ဟိုဖုံး သည်ကာ လုပ်ပေးသည်နှင့် တူရော့၏ ။
••••• ••••• •••••
ဆရာကြီး ဦးဟန်ညွန့်သည် တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသော မိဘများကို ကြည့်ရင်း စုံသလောက် ရှိပြီဟု တွေးမိသည် ။
“ ကဲ လူစုံသလောက်တော့ ရှိပါပြီဗျာ ။ အထွေအထူး မဟုတ်တော့ အခမ်းအနားတွေ ဘာတွေလည်း မလုပ်တော့ပါဘူး ။ အများစုကတော့ ကျွန်တော် အိမ်တွေ ရောက်တုန်း ပြောပြလို့ သိပြီး ဖြစ်ပါတယ် ။ အတိုဆုံး ပြောရလျှင် ဒီလို ကမ်းပြိုပုံမျိုးနဲ့ဆို သိပ်မကြာခင်မှာ ကျွန်တော်တို့ ကျောင်းလေးက ပါတော့မှာလေ ။ ဘယ်လိုလုပ်ကြမလဲလို့ မေးချင်တာ ။ ဒါပေမဲ့ မမေးရက်ဘူး ။ တစ်ရွာလုံးလိုလို တစ်သက်မက လုပ်ခဲ့တဲ့ ကိုင်းရော ၊ ဘိုးဘွားအစဉ်အဆက် နေခဲ့တဲ့ အိမ်တွေ ခြံတွေရော ဆုံးရှုံးနေကြတော့ မမေးရက်ပါဘူး ။ တစ်ဖက်မှာလည်း ပညာရေးဌာနကို အခြေအနေ အရပ်ရပ် တင်ပြထားသလို မျှော်လင့်လို့ ရနိုင်တဲ့ အလှူရှင်တွေကိုပါ မကျန်ရအောင် ကြိုးစားပြောပြထားပါတယ် ။ ဒါပေမဲ့လည်း အခုထက် မြန်မြန် ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လို လုပ်သင့်လဲဆိုတဲ့ အကြံလေး ပေးစေချင်တာပါ ”
ဆရာကြီး၏ စကားအဆုံးတွင် ကိုမြစိုးက လေးကန်စွာ ထ၍ မတ်တတ်ရပ်သည် ။
“ ဆရာကြီး မေးပေမဲ့လည်း ဘာပြောရမှန်းတောင် မသိတော့ပါဘူး ဆရာကြီးရယ် ။ တကယ်တော့ ဒီကျောင်းလေးကို ကျွန်တော်တို့ မိသားစုက လှူထားတာပါ ။ အဲ့ဒီတုန်းကလည်း နှစ်ပေါင်းများစွာကြာလို့ ပြိုလု ပြိုလု ကျောင်းဟောင်းလေးကို ကြည့်ပြီး ရှိစုမဲ့စုနဲ့ ဆောက်ပြီး လှူခဲ့တာ ။ အခုကျတော့ လုပ်စားနေတဲ့ ရှိသမျှ ကိုင်းလည်း ကုန်ပြီ ။ ခြံစပ်က မအူပင်တန်းတောင် ပါသွားပြီဆိုတော့ မနေ့ကပဲ မြို့က ကွက်သစ်ထဲမှာ ခြံလေးတစ်ခြံ သွားဝယ်လိုက်ရတယ် ။ ရွာက မခွာချင်ပေမဲ့ နေစရာမှ မရှိတော့လည်း မတတ်နိုင်တော့ဘူးလေ ။ ပထမတော့ ဒီက အိမ်ကို ဖျက်သွားပြီး ဟိုက ခြံလေးထဲမှာ ပြန်ဆောက်ဖို့ပဲ ။ ဒါပေမဲ့ မနေ့က ရလိုက်တဲ့ ခြံထဲမှာက အိမ်တစ်လုံးပါ တယ် ။ အသင့်အတင့်လည်း ကောင်းတော့ ဒီက အိမ်ကို ကျောင်းကို လှူခဲ့ပါမယ် ။ ဒါ ကျွန်တော့် ရွာအတွက် ကျွန်တော်တို့မိသားစုရဲ့ နောက် နောက် နောက်ဆုံး ...”
စကားကို အဆုံးမသတ်နိုင်ပါဘဲ ရှိုက်ကြီးတငင် ငိုချ လိုက်ပါသော ကိုမြစိုး ကို ဆရာကြီးနှင့် ဆရာမများ ၊ အခြားသော မိဘများက မအံ့သြနိုင်ဘဲ ကြက်သေသေကာ ကြည့်နေကြသည် ။ လူတိုင်းကရော ထိုသို့ ဖြစ်နေသူနှင့် ထိုသို့ ဖြစ်တော့မည့်သူများသာ မဟုတ်ပါလား ။ ဟိုလူ ပြော သည်လူငိုနှင့်ပင် အစည်းအဝေးက ဘယ်အချိန်ပြီးမှန်း မသိ ပြီးသွားချိန် ၊ အစည်းအဝေး တက်ရောက်သူများ မည်သို့ ပြန်မှန်းမသိ ပျောက်သွားချိန် ၊ ဘာကြောင့်ရယ် အတိအကျ မသိပါဘဲ ဆရာကြီး ကိုယ်တိုင် ခြေကုန်လက်ပန်းကျကာ မောဟိုက် နွမ်းလျသွားချိန် ၊ မတိုင်ပင်ရပါဘဲ ဆရာ ၊ ဆရာမတွေ မလှုပ်မယှက် ငူငူငိုင်ငိုင် ကျန်ခဲ့ရချိန်တို့က ရှေ့ဆင့်နောက်ဆင့်လေလား ၊ တစ်ပြိုင်နက်လေလား မည်သူမျှ သတိမထားလိုက် မိပါချေ ။
••••• ••••• •••••
“ တီး တီ တီ ၊ တီး တီတီ တီ ”
“ တီး တီ တီ တီ ၊ တီး တီတီ တီ ”
ဆရာကြီး ဦးဟန်ညွန့် စာသင်နေစဉ်မှာ ဖုန်းက မြည်လာသည် ။ ဆရာကြီးက မကျေနပ်ဟန်ဖြင့် ရုံးခန်းစားပွဲပေါ်က ဖုန်းကို ကောက်ကိုင် လိုက်ရင်း -
“ ဟလို ၊ အမိန့်ရှိပါခင်ဗျ ”
“ ........... ”
“ ဟုတ်ကဲ့ပါ ။ ကျွန်တော် ကျောင်းအုပ်ကြီးပါ ”
“ ........... ”
“ ဪ ဟုတ်ကဲ့ပါခင်ဗျ ”
“ ........... ”
“ ဟုတ်ကဲ့ပါခင်ဗျ ”
“ ........... ”
“ ဖြစ်ပါတယ်ခင်ဗျ ”
“ ........... ”
“ ဟုတ်ကဲ့ပါခင်ဗျ ”
ဟုတ်ကဲ့ပါချင်း မိုးမွှန်အောင် ပြောနေဆဲမှာပင် ဆရာကြီး၏ မျက်နှာက ပို၍ ပို၍ ဝင်းပလာသည် ။ သူ့ စကားသံတွေက ပျော်နေသလိုပင် ။ ဆရာကြီးမျက်နှာကို စာဖတ်နေသည့် ဒုတိယတန်း ဆရာမ ဒေါ်သန်းသန်းအေးက ရွေ့ရွေ့ဖြင့် လျှောက်လာ၏ ။ ဘာကြောင့်မှန်းမသိ ဆရာကြီး၏ ဟုတ်ကဲ့ပါခင်ဗျတွေကြောင့် ကလေးတွေပင် အသံတိတ် ကျန်သည် ။ ဘယ်နှကြိမ်မြောက်မှန်း မသိရသော ဟုတ်ကဲ့ပါခင်ဗျ အပြီးတွင် ဆရာကြီးသည် ဖုန်းကို နားနှင့် ခွာလိုက်သည် ။ တစ်ဆက်တည်းပင် -
“ ဟဲ့ ဆရာမတွေရေ လာကြပါဦးဟဲ့ ၊ မောင်အေးမောင် ရော ၊ လာဦးကွ ”
ဆရာကြီး၏ ပါးစပ်သည်လည်း နားရွက်ကို ချိတ်တော့မတတ် ပြုံးနေပါ၏ ။
“ ဒီလိုကွ ”
ဆရာမများနှင့် အထွေထွေလုပ်သားတို့ကလည်း အနားသို့ မည်သို့ရောက်လာသည်မသိ ။ ဆရာကြီးကလည်း ဘယ်က စပြောရမည်မသိ ။
“ ပညာရေးမှူးရုံးက ဖုန်းဆက်တာ ။ တို့ကျောင်းကို ဂျပန်နိုင်ငံက အလှူရှင်အဖွဲ့ တစ်ဖွဲ့က ဆောက်ပေးမယ်တဲ့ ။ အဲဒါ အခုမကြာခင် ဒုတိယပညာရေးမှူး တစ်ဦးနဲ့ တာဝန်ရှိသူတစ်ဦး လာပြီး နေရာကြည့်မယ်တဲ့ ။ မိဘဆရာအသင်း ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နဲ့ ရွာမိရွာဖတွေ ခေါ်ထားဖို့ ။ သူတို့ အခု ထွက်လာတော့မယ်တဲ့ ”
ဆရာကြီးက အပျော်မျက်နှာနှင့်အတူ လျှာခလုတ် တိုက်မတတ်ပြော ၊ ဆရာမတွေကလည်း စပ်ဖြဲဖြဲမျက်နှာတွေနှင့် နားထောင် ၊ အထွေထွေလုပ်သား မောင်အေးမောင် ကလည်း ဆရာကြီး စကားမဆုံးမီမှာပင် ရွာထဲသို့ အသော့နှင်ပါလေတော့၏ ။
••••• ••••• •••••
ရွာ၏ မြောက်ဘက်ဟု ခေါ်လေမည်လား ၊ အနောက်ဘက်ဟု ခေါ်လေမည်လား မသိတော့သည့် နေရာတွင် အဓိကရ ကုက္ကိုပင်ကြီး နှစ်ပင်ရှိသည် ။ ဟိုးယခင် ရွာ စည်ပင်စဉ်ကမူ ရွာအနောက်ဘက်တွင် ရှိခဲ့ပါ၏ ။ ကမ်းတွေ ပြိုလာသည့်အခါ ရွာက တာစောင်းသို့ တတိတိရွှေ့ လာသည့်အခါ အနှီ ကုက္ကိုပင်တို့က ရွာမြောက်ဘက်သို့ ရောက်ခဲ့ပါလေ၏ ။ ထိုကုက္ကိုပင်တို့ မည်မျှကြာမြင့်ခဲ့ပြီကို ရွာထဲမှ မည်သူမျှ မသိကြပေ ။ အသက် ကိုးဆယ်ကျော် ဘကြီးပျော့က သူငယ်စဉ်က ထိုအပင်အောက်တွင် နွားကျောင်းခဲ့ဖူးသည်ဟု ဆိုကတည်းက မည်သူကမျှ လည်း ကုက္ကိုပင်ကြီး သက် တမ်း မည်မျှ ရှိမည်ကို မခန့် မှန်းတော့ချေ ။ မည်သူကမျှလည်း အကိုင်းတစ်ကိုင်း ၊ အမြစ် တစ်ချောင်း မခုတ်ရဲကြပေ ။ အားလုံး တွေးမိကြသည်က ထိုမျှ သက်တမ်းရှည်ကြာလှသော ကုက္ကိုပင်ကြီးတို့ တည်ရာ ကုန်းမြေသည်ဖြင့် ခိုင်မာသော မြေသားရှိပေလိမ့်မည်ဟုသာတည်း ။ ထို့ကြောင့်လည်း ထိုကုက္ကိုပင်ကြီးတို့နှင့် တစ်တန်းတည်းသော နေရာတွင် ကျောင်းသစ်ကြီးကို ဆောက်လုပ်ကြရန် တညီတညွတ်တည်း လျာထား ဆုံးဖြတ်လိုက်ကြ လေသတည်း ။
လေရူးက ဟိုမှသည်မှ တဟူးဟူး တိုက်ခတ်နေသည် ။ မြူခိုးတွေ မရှိလင့်ကစား နံနက်ခင်းတွင်ဖြင့် မင်းလွင် တို့က ကိုင်းကွင်း တစ်ခွင်တစ်ပြင်တွင် ဟိုဆိုင်း ၊ သည်ဆိုင်း ။ ညကတည်းက မအိပ်ရသေး သဖြင့် ဆရာကြီး ဦးဟန်ညွန့်၏ မျက်စိတွေက ကျိန်းစပ် နေသည် ။ သို့စေငြားလည်း မအိပ်ချင်ပါ ၊ မအိပ်လိုပါ ။ ညက အခမ်းအနား ပြင်ဆင်ကြရင်း ကလေးတွေ အစမ်း လေ့ကျင့်မည်ဆိုကာ ပွဲစ,ဖြစ်သည် ။ တစ်ကြိမ် ၊ နှစ်ကြိမ် ၊ အထာမကျရာမှ သုံးကြိမ် ၊ လေးကြိမ်မှာ ဟန်ကျပန်ကျ ဖြစ်လာသည် ။ သူတို့လေးတွေလည်း ခြေကုန်လက်ပန်းကျကြလေပြီ ။ ဆရာမတွေလည်း အသံဝင်လေပြီ ။ ညဉ့်ကလည်း နက်လေပြီ ။ ထိုအချိန်မှာ တစ်စခန်းထလေသူက ကိုဟန်မောင် ပါတည်း ။
“ ဆရာကြီးရော ၊ ဆရာမတွေရော ဒီည မအိပ်ရဘူးနော် ။ ကျွန်တော်တို့လည်း မအိပ်ဘူး ”
“ ဟင် ဘယ်ဖြစ်မလဲ ဦးဟန်မောင်ရဲ့ ၊ တစ်ညလုံး မအိပ်ဘဲနေရင် မနက်ကျ မျက်နှာတွေ ချောင်နေတော့မှာပေါ့ ”
“ ပျော်လွန်းလို့ပါ ဆရာမရယ် ၊ တကယ်ပါ ။ ကျွန်တော်တင် မဟုတ်ဘူး တစ်ရွာလုံး ပျော်လွန်းလို့ပါ ။ ကျွန်တော်တို့ တစ်သက် မဟုတ်ဘူး ရှေ့ဆယ်သက် ၊ နောက်ဆယ်သက်မှာ ကျွန်တော်တို့ရွာမှာ ဒါမျိုး ကျောင်းကြီး ဖြစ်နိုင်ပါဦးမလားဗျာ ။ ဟင် ။ တစ်သက်လုံး ရေတက်ရင် ရွှံ့ထဲဗွက်ထဲ နေခဲ့ရတဲ့ ကျွန်တော်တို့တွေ ၊ ကျွန်တော့်သားသမီးတွေ ။ အခုတော့ ဒီလိုနေရာမှာ ကွန်ကရစ်ကျောင်းကြီးဗျာ ။ ရေလောင်းအိမ်သာတွေ ၊ ရေစည်စင်တွေ ၊ ရေစက်တွေနဲ့ ။ အကောင်းစား စာသင်ခုံတွေ ပရိဘောဂတွေနဲ့ ၊ မီးစက်နဲ့ ၊ ဆိုလာနဲ့ ။ ကြည့်ပါဦး ဆရာမရယ် ၊ သိန်းပေါင်း ထောင့်နှစ်ရာကျော်တယ်တဲ့ ။ ကျွန်တော်တို့ ရွာမှာ တစ်သက်လုံး အကောင်းဆုံး အဆောက်အအုံ ဆိုတာ ဘုန်းကြီးကျောင်းပဲ ရှိခဲ့တာ ။ အခုများတော့ ဘယ်လောက် ကောင်းလိုက်တဲ့ ကျောင်းကြီးလဲ ။ ပြောရရင် တန်တောင် မတန်ဘူး ။ အဲ တန်လို့လည်း အခုလို ဖြစ်လာတာပါလို့ ပြောပါရစေတော့ ။ ကျွန်တော်တို့ ပျော်လွန်းလို့ ဒီညတော့ မအိပ်ဘဲ ပျော်ကြရင်း မနက်ဖြန် ကျောင်းဖွင့်ပွဲကို နွှဲကြစို့နော် ။ သန်းခေါင် ထမင်းစားဖို့ ကြက်သားနဲ့ ဘူးသီးတွေလည်း ချက်ထားပြီးပြီ ။ သီချင်းတွေ ဆိုကြ က , ကြမယ် ”
ကိုဟန်မောင်က နှုတ်ရွှင်ဆေးလေးလည်း မှီဝဲထားပုံရသည် ။ ရင်ထဲမှာလည်း ရွှင်နေသည် ။ သူသာ မဟုတ် ၊ တစ်ရွာလုံး ။ လူငယ်တွေသာမဟုတ် ၊ အကုန်လုံး ။ ပြောမယ့်သာ ပြောရ ဆရာမတွေလည်း ပျော်ရပါသည် ။ ကိုဟန်မောင် ပြောနေသည်ကို နားထောင်နေသည့် ဆရာမဒေါ်ငြိမ်းစုဟန် သည်လည်း ပျော်နေရပါ သတည်း ။
••••• ••••• •••••
သည်နှစ် မုတ်သုံက တော်တော်နှင့် မဝင် ။ သို့ အတွက် သွားလမ်းက သာလျက်ရှိ၏ ။ မိုးဦး နောက်ကျ
သဖြင့် မြစ်ရေကလည်း ပြော ပလောက်အောင် မတိုးသေး ချေ ။ သင်္ကြန်လက်ဆေးမိုး တစ်ပြိုက်နှစ်ပြိုက်ကြောင့် ကိုင်းကွင်းတွေ ထဲမှာ ပေါင်း တွေ ဟိုတစ်စု သည်တစ်စု ပေါက်လာသော်လည်း စိမ်း စိမ်းစိုစို မဟုတ်ချေ ။ မည်သို့ ဆိုစေ ကျေနပ်စရာ တစ်ခုက ရေမတက်သေးသည့် မြစ် ကမ်းပါးတွင် သဲသောင်အခြေ ဖြစ်နေခြင်းပင် ဖြစ်သည် ။ ကမ်းပါး ပြိုလေ့ရှိသော ဒေသတို့တွင် ကမ်းပြိုနေသောဘက်သည် ကမ်းပါးစောက် ဖြစ်နေတတ်ပြီး တစ်ဖက်ခြမ်းသည် သောင်ပြင် ဖြစ်နေသည်မှာ ဓမ္မတာဖြစ်ပါ၏ ။ မြစ်တို့မည်သည် မာယာများတတ်လွန်းသည် ဆိုစေငြား တစ်စွန်းတစ်စသော သင်္ကေတများဖြင့် သူ ကြံစည်ရာကို လှစ်ဟ , တတ်သည်ချည်းဖြစ်ပါသည် ။ ကမ်းပြိုနေသော နေရာ၏ အခြေသည် မသိ မသာ သောင်ခြေဆင်းလာ သည်နှင့် ထိုဘက်ခြမ်းသည် သောင်ထွန်းရန် အစပျိုးလာသည်ဟု ဒေသခံတို့က သတိ ထားမိလာတော့သည် ။ သည်နှစ် တာငုတ်ဘက်တွင် သောင် ခြေပျိုးသည့် အရိပ်အယောင်များကို မြင်တွေ့လာကြရာအားလုံးက ဝမ်းသာနေကြတော့သည် ။
ကျောင်းသစ်ကြီးကလည်း ပြီး ၊ သောင်ကလည်း ထိုးမည် ဆိုလျှင် ဆိုသော အတွေးများက လူတိုင်း ရင်မှာ ။
သည်နှစ် မိုးကလည်း ပုံမှန် ရွာပါသည် ။ ရေကလည်း ပုံမှန်တိုးပါသည် ။ သို့သော်ငြား ကမ်းက ပြောပလောက်အောင် မပြိုပါ ။
ဧရာဝတီမြစ်၏ ထုံးစံသည် တစ်နှစ်လျှင် ရေသုံးကြိမ်သုံးခါ တက်လေ့ရှိသည် ။ သို့သော် သုံးကြိမ်စလုံး ကမ်း ပြည့်မည်ဟုမူ မုချ ပြော၍ မရပေ ။ တက်ယောင်ပြ၍ ကျသွားသည်လည်း ရှိသည် ။ ကျတော့မယောင်နှင့် အီနေတတ်သည်လည်း ရှိသည် ။ ကမ်းပြည့် တက်လိုက် ပြန်ကျလိုက်လည်း ရှိသည် ။ ကမ်းပြိုနေသည့် အရပ်ဒေသများသည် ရေတက်လေ ကျလေတိုင်း ကမ်းပြိုတတ်သည် ။ ရေအတက်တွင် ရေစွယ်ထိုးလာသဖြင့် လှိုက်စားကာ ပြိုသကဲ့သို့ ရေအကျတွင်လည်း ပြိုပြန်သည် ။ သို့တကား သည်နှစ် ရေတက် ရေကျများတွင် တာငုတ်ကမ်းသည် ပြောပလောက်အောင်ဖြင့် မပြိုခဲ့ပါချေ ။ ကျောင်းကလည်း ကောင်း ၊ ကမ်းကလည်း ငြိမ်မို့ သည်နှစ်တစ်နှစ်လုံး တစ်ရွာလုံး ပျော်ကြသည် ။ ဟိုဘက်ကမ်း မြေနုကျွန်းမှာ ဝေခြမ်းရေးရသော ကိုင်းများကလည်း ဖြစ်ထွန်းသည် ။ ရေတက်လာလျှင် အိမ်သာ သွားရန်ပင် ခက်ခဲသော ၊ မိုးသည်းလျှင် မိုးပက်တတ် သော ၊ မိုးမှောင်လာလျှင်ကျောင်းထဲမှာ ဘာမှ မမြင်ရ တော့သော ကျောင်းဟောင်း ကလေးမှာ တက်ခဲ့ရသည့် ကျောင်းသားကျောင်းသူများကလည်း မိုးလုံ ၊ လေလုံ ၊ မီးထိန်ထိန်ဖြင့် ကျောင်းမှာ ပျော် ရွှင်နေကြပြီ ။ ကလေးတွေကို ကြည့်ကာ ဆရာ ဆရာမတွေ ကလည်း ကြည်နူးနေခဲ့ကြပြီ ။ တာငုတ်သည် ကမ်းပြိုသည့် ဒုက္ခကို တစ်နှစ်တာ မေ့ပစ် လိုက်နိုင်ပါသတည်း ။
••••• ••••• •••••
တစ်နှစ် ဟူသော အချိန် ကာလကို ကြာမြင့်သည်ဟု ဆိုလေမည်လား ၊ တိုတောင်း လွန်းပါသည်ဟု တွေးလေ မည်လား ။ ဒီနှစ်မှာတော့ ကောင်းလွန်းသော မိုးဦးနှင့် အတူ ရေတက်ကလည်း ကြမ်းခဲ့သည် ။ မနှစ်က မပြိုချင့် ပြိုချင် ၊ သောင်မထွန်းချင့် ထွန်းချင် ကမ်းကလည်း သည်နှစ်တော့ အပြို ကြမ်းလှသည် ။ အပြိုကြမ်းလွန်းပါပေသည် ။ မနက်က နေရာ ညနေ မရှိ ၊ ညနေက နေရာ မနက်မှာ မတွေ့ရတော့ ။ ကမ်းကပဲ ကျောင်းဆီသို့ အပြေးလာသည်လား ၊ ကျောင်းကပဲ ကမ်းဆီ အပြေးသွားသည်လား ဝေခွဲမရနိုင်သည့် ရက်များမှာပင် ကျောင်းသည် ကမ်းနဖူးသို့ ရောက်လေပြီ ။ ယခင့် ယခင်နှစ်များက တစ်နေ့ ပေနှစ်ဆယ် အစိတ်သာ ပြိုတတ်လင့်ကစား သည်နှစ်မှာများ တစ်နေ့တည်း ပေငါးဆယ် တစ်ရာ ပြိုသည်ပင် ရှိသည် ။ ကျောင်းရှိ ပရိဘောဂများကို သယ်ဆောင်၍ ရသည့်တိုင် ခိုင်မာလှသော ကွန်ကရစ် အဆောက်အအုံကြီးကို မည်သို့ ပြောင်းရွှေ့ရမည်နည်း ။ ဆရာကြီးနှင့် ရွာသူရွာသားများ ခေါင်းချင်းဆိုင်ရသည်မှာ မခွာရတော့ ။ အချိန်နှင့်အမျှ ဌာနကို တင်ပြခြင်း ၊ ညွှန်ကြားချက်တွေ တောင်းခံရခြင်းဖြင့်လည်း မအားရတော့ ။ မဖြစ်နိုင်တော့သည့်အဆုံး တာနံဘေးမှာ တဲသာသာ အဆောက်အအုံလေးကို အမြန်ဆောက်လုပ်ကာ သင်ကြားရေး မပျက်အောင် အားထုတ်ရလင့် ကစား သင်ကြားရသူ ၊ သင်ယူရသူ မည်သူက ရွှင်ပျနိုင်ပါဦးလေမည်နည်း ။
ကမ်းစပ်မှာ ငူငူကြီး ရပ်နေသည့် ကျောင်းသစ်သစ်လွင်လွင်ကြီးကို အချိန်တိုင်း သွားကြည့်နေကြသည် ။ သွား ကြည့်တိုင်းလည်း မျက်ရည် မခိုင်ကြ ။ နောက်ဆုံးအချိန်ကို သေချာ မသိသည့်တိုင် နောက် ဆုံးအချိန်ပဲဟု သိနေကြသူတို့က မည်သို့ မျက်ရည်ခိုင်နိုင်ပါမည်နည်း ။ ကျောင်းကြီးကမူ သွားမည်လည်း မဆို ၊ နေမည်လည်း မပြော ။ ခေါင်းလောင်းသံ မမြည် ၊ စာအံသံတို့ဖြင့် မစည်တော့သည်မို့ ငူငူငိုင်ငိုင်ဖြင့် ငြိမ်သက်လွန်းလှသည် ။
သည်နေ့ တစ်နေ့လုံး မိုးက သွန်ချနေသလို ရွာဟန် ကောင်းလှသည် ။ မိုးသည်း တွေထဲမှာ အရာအားလုံးက ဝေဝေဝါးဝါး ။ တစ်နေကုန် သည့်တိုင် မရပ်နားနိုင်သေး ။ ညနေစောင်းသည့်တိုင် လေ မပါသော မိုးက နင့်နင့်ပိုးပိုး ရွာလွန်းလှသည် ။ တစ်ရွာလုံး မိုးသည်းသည်း အောက်မှာ ငြိမ်သက်နေပါ၏ ။ ညဉ့်နက်နက်မှာ မိုးက မချိမဆံ့ ထပ်ရွာ ပြန်၏ ။ ဆူညံလွန်းသော မိုး သံတွေကြားမှာ “ ဝုန်း ” ခနဲ မြေသိမ့်တုန်မျှ မြည်ဟည်းလိုက် သံတစ်ချက်ကို တစ်ရွာလုံး ကြားလိုက်ရသည့်အခါဝယ် အကာလ မိုးမှောင်မှောင် အောက်တွင် တာငုတ်မှာ ကမ္ဘာပျက်ခဲ့ပါပြီကော ။
ရောင်နီ လာသည်မျှ ရှိလိမ့်ဦးမည်လား ၊ ရောင်နီ လာချေပြီလားဖြင့် မသိချေ ။ တစ်ညလုံး တဖြောက်ဖြောက် ကျလိုက် ၊ တဝေါဝေါ ရွာလိုက်ဖြစ်နေသော မိုးကဖြင့် တစိမ့်စိမ့် ရွာဆဲ ။ ဟိုအိမ်က ထွက်လာ သည်အိမ်က ထွက် လာကြသော တစ်ယောက် တစ်ယောက်သော သူများက တာထိပ်ဆီမှာ ။ တစ်ဦးနှင့် တစ်ဦး စကားမဆိုမိကြ ၊ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်မိကြသည့်တိုင် မြစ်ရေပြင်သို့မူ မမှိတ်မသုန် ကြည့်နေကြသည်က ဇာတ်တိုက်ထားသလို ။ ထိုသူတို့ကို သတိမမူမိသည်လား ၊ အမှု မထားလေသည်လား ၊ ဂရု မစိုက်လေသည်လား မသိပေသော ဧရာဝတီကဖြင့် ပကတိ ဣန္ဒြေရစွာ စီးဆင်းနေသည် ။ အသော့နှင်သည်လည်းမဟုတ် ၊ လေးကန်နှေး ကွေးသည်လည်း မဟုတ်ပါ ဘဲ သူ့ခရီးကို သူ နှင်ကာ ဣန္ဒြေရလှပါဘိတောင်း ။
ပျားပိတုန်းတွေက ပန်း ဝတ်ရည်ကို စုပ်ယူတတ်ကြမြဲ ။ မိုးစက်တွေကလည်း ပွင့် ဖတ်တွေကို ခြွေချတတ်ကြစမြဲပါ ။
ထို့အတူ ... ။
⎕ ကိုတူး
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
ဇွန် ၊ ၂၀၁၉
No comments:
Post a Comment