❝ ညှို့တတ်သော ငှက် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁
“ကြောက်ပါပြီ အမေရ ကြောက်ပါပြီ”
မိမိထွေးသည် မချောစိန်၏ ဝါးခြမ်းပြား နိမ့်ကျလာတိုင်း ထဘီဖြင့် ဆီးခံ၏။ ဒူးနှစ်လုံးနှင့် ခြေဖျား နှစ်ခုကြားရှိ လုံချည်အသားသည် ဗုန်းခနဲအသံမြည်၏။ သည်မြည်သံနှင့်အတူ ပါးစပ်ကလည်း အော်၏။ မိမိထွေးမှာ ဘ (အဘိုး) ရီးဆေးရိုး၏ အသည်းဖြစ်သည်။ အမေကြီး (အဘွား) ရီးကျီးဒန်ကလည်း ရံဖန် အကြောမတည့်သည်မှအပ သဘောကျသည်။ ဘနှင့် အမေကြီးတို့ ချစ်ခင်နှစ်သက်မှုပိုရခြင်းမှာ ဖျတ်လတ် လည်ဝယ်သောကြောင့်၊ သူတစ်ပါးထက် ခေါင်းတစ်လုံးသာသောကြောင့် ဖြစ်၏။ အမည်ပေးထားပုံက ကြည့်၊ ငတက်ပြားမ။
မချောစိန်သည် သည်သမီးကို ရိုက်ခဲ၏။ ရိုက်လျှင် ပြူးကလူးပျာကလာ လုပ်၏။ တုတ်ချက်ကို ကြည့်ပြီး ခုန်ရှောင်၏။ လုံချည်ဖြင့် ကာ၏။ ရိုက်သူကို တစ်လှည့်၊ တုတ်ကိုတစ်လှည့် မျက်လုံးပြဲကြီးဖြင့် ကြည့်၏။ ကြာသော် မချောစိန် ရယ်ချင်လာတော့သည်။ ယခုမူ မချောစိန် စိတ်ဆိုးသည်။ သမီး၏ အသားကို ထိစေရန် ကျောဘက်သို့ ပြောင်းရိုက်၏။ မိမိထွေးက လှည့်ပြီး အဝတ်ဖြင့်ကာသည်။ လက်ဝါးဖြင့် ကာသည်။ လက်ဝါးကို စပ်စပ်ကလေး ထိသွား သောအခါ “နာလိုက်တာ အမေရဲ့၊ လုပ်ရက်ပါပေရဲ့” အော်ရင်း တုတ်အရင်းသို့ ဝင်ကပ်၏။
“နာအောင်ရိုက်တာ ဟဲ့၊ သေအောင်ရိုက်တာ ဟဲ့”
“ကြောက်ပါပြီ အမေရဲ့”
တုတ်က ရှည်နေသည်။ အရင်း ဝင်ကပ်ထားသဖြင့် ရိုက်အား မရှိ။
တုတ်ကို ခါးလယ်က ကိုင်ပြီး ရိုက်သောအခါ တုတ်အရင်းက မချောစိန်၏ ရင်ဘတ်ကို ထိုးမိသည်။
“နင် မိန်းကလေးလား၊ ယောက်ျားကလေးလား”
ဖြေသံ မပေါ်လာ။ မချောစိန် ဒေါသဖြစ်လာပြီ။
“အံမာ၊ ငါ့ကို ဇွဲခတ်တယ်ပေါ့လေ” ဆိုကာ ရိုက်သည်။
“ကြောက်ပါပြီ အမေရဲ့”
ကုန်းအော်ငြား တုတ်ဒဏ်ကို အမှန်ခံရသူက မချောစိန်။
“ပြောစမ်း၊ နင့်ကိုယ်နင် ဘာမှတ်နေလဲ၊ ယောက်ျား ကလေးလား၊ မိန်းကလေးလား ပြောဟဲ့”
အဖြေမရ။ သို့အတွက် ရှည်နေသော ဝါးခြမ်းပြားကို ဒူးခေါင်းပေါ်တင်ပြီး မချောစိန် ချိုးနေခိုက် မိမိထွေးက နောက်သို့ ခုန်ဆုတ်သည်။
“လာခဲ့ ရှေ့တိုးခဲ့”
“ကြောက်ပါပြီ အမေရဲ့၊ နာလှပါပြီ”
ဤသို့ ပြောရာက သုတ်ခနဲ ကျောပေးသည်။ လှေကားဘက်သို့ ပြေးလာသည်။
“သေချင်လို့လား၊ လာခဲ့”
“ကြောက်ပါပြီ အမေရဲ့”
ကြောက်ပါသည် ဆိုစေကာမူ မိမိထွေးသည် လှေကားအတိုင်း ဆင်းပြေးပြီ။
“သည်လို ပြေးတော့ လွတ်ရောလားဟင်” ဆိုသံနှင့်အတူ မချောစိန်လည်း ဆင်းလိုက်လာသည်။ ထိုအခါ မိမိထွေး ပြေးပြီ။ ဘထွေး ဘညိန်းတို့၊ ဒွေးလေးလှမေတို့ အိမ်သို့ ပြေး၍ကား အချည်းအနှီးပေ တည်း။ အမေက သူတို့ထက် ကြီးသဖြင့် အမေ့အား ကြောက်ရွံ့ရိုသေကြသည်။ သို့အတွက် ဘတို့အိမ် ဘက်သို့ ပြေးခဲ့သည်။ ဘနှင့် တွေ့လျှင် အမေပင် အရိုက်ခံရစရာရှိသည်။
••••• ••••• •••••
၂
ဘတို့အိမ်မှာ ခဲတစ်ပစ်သော်မျှ မဝေး။ သို့သော် လမ်း အတိုင်းလာရသည်။ လမ်းတွင် လူသူလေးပါးနှင့် ဆုံသော် ပါးပေါ်မှ မျက်ရည်စကို မမြင်စေချင်။ သို့အတွက် မိမိထွေးသည် ခပ်သွက်သွက် လျှောက်ရင်းက မျက်ရည်ကို ထဘီစဖြင့် သုတ်လာသည်။ သို့သော် မချောစိန်ကား လူသူလေးပါးကို ဂရုမစိုက်။ ရင်သားကို ဖုံးဖိရန် သတိမရ။ ဝါးခြမ်းပြား ကိုင်လျက် ပြေးလိုက်လာရင်းက “နင်ပြေးလို့ လွတ်မလား အငယ်ရယ်၊ လွတ်မလားဟဲ့” အော်သည်။
ရီးဆေးရိုးသည် သူ့သမီး၏ အသံကို သဲ့ခနဲ ကြားရသောကြောင့် ထွန်တုံးဘေးမှ လှမ်းမျှော်ကြည့်သည်။ သမီးကို မမြင်ရမီ မြင်ရသူက မြေးမ။ မည်မျှပင် မျက်ရည်သုတ်လာစေ ငိုလာသည်ဟု ရီးဆေးရိုး သိ၏။ သို့အတွက် လုပ်လက်စ အလုပ်ကို ဆက်လုပ်သည်။ ထွန်သန်အရင်း “ပရစ်ပေါက်” မှ “အနို့” ဟောင်းကို ဓားနှောင့်ဖြင့် ရိုက်ထုတ်သည်။ အချို့သစ်ကိုလည်း ဓားနှောင့်ဖြင့်ပင် ရိုက်သွင်းသည်။ ဆယ်နှစ်ခန့် အဆင်မပြေခဲ့သော ဝါကို သည်အချိန်ရောက်တိုင်း အရှုံးခံကာ လုပ်နေခဲ့ကြရရာ သည်နှစ်မူ မျိုးသစ်ကို ပြောင်းလဲစိုက်ရမည်မို့ ခါတိုင်းထက် အာရုံဝင်စားပါသည်။ သို့သော် မြေးမက အိမ်ပေါ်တက်ပြီး ဟိုအိုးကို ဖွင့်၊ သည်ခွက် လှန် လုပ်ရမည့်အစား ဘဘေးတွင် လာကပ်နေသဖြင့် “ဖြစ်လာပြန်ပြီ မဟုတ်လား” ဟု လှည့်မေး၏။
“အငယ် ဘယ်ရောက်သွားလဲ၊ လာခဲ့”
မချောစိန်မှာ ဒေါနှင့်မောနှင့် ဝင်လာခဲ့ရာ သမီးကို အဖေ့ ဘေးမှာမြင်ရသောအခါ တုံ့သွား၏။ ကိုယ့်သား သမီး ကိုယ်ရိုက်တာပဲ ဆိုကာ အဖေ့ဘေးမှ ဆွဲခေါ်ပြီး မရိုက်ရဲပါ။
“လူဆိုတာ မိဘကို လေးစားရတယ်၊ ရိုသေရတယ်၊ ကြောက်ရွံ့ရတယ်။ ခွေးနဲ့ နွားကတော့ မိဘဆိုတာကို မသိဘူး။ လေးစားရိုသေဖို့၊ ကြောက်ဖို့ဝေးလို့ ကိုက်ပစ်တာ၊ ဝှေ့ပစ်တာသာ ကြည့်ပေတော့”
သည်နှယ် အပြောခံရပြီးကတည်းက မချောစိန် ရွံ့သည်။ အမေကို သူတစ်ခွန်း၊ ကိုယ်တစ်ခွန်း ရန်တွေ့မှုပင် မပြုရဲတော့ပြီ။ သို့အတွက် အမေ့ကို လှမ်းကြည့်သည်။ တိုင်တောရမည့် အမေ့ကို မမြင်ရသည့် အတွက် ရီးဆေးရိုးနှင့် တစ်လံကွာလောက်တွင် အုတ်ခဲကျိုးတစ်လုံး ဖင်ခုထိုင်လိုက်မိသည်။
“အဖေ”
မိမိ၏ အသံကို မိမိ ပြန်ကြားရတော့မှ မချောစိန် ဝမ်းနည်းမိသည်။ အသံမှာ ငိုသံပါနေပါတကား။ ရီးဆေးရိုးက ထွန်သွားကျိုးပေါ် တင်ထားသော ဆေးလိပ်တိုကို ကောက်ယူမီးခြစ်ရင်းက သမီးအား ငဲ့စောင်းကြည့်၏။
“အဖေတို့ရဲ့ အချစ်တော်မကို ကြည့်ပြောပါဦး၊ ငယ်တော့တဲ့အရွယ် မဟုတ်တောဘူး၊ ၁၁ နှစ်သမီး ရှိပြီ”
“၁၁ နှစ်ဟာ ကလေးပေါ့ဟ”
ဆေးလိပ်ကိုက်ထားလျက် မပီမသ တုံ့ပြန်သံ။
“ဒါပေမဲ့ မိန်းကလေးအဖေရဲ့”
“ဘာဖြစ်လို့တုံး”
မေးသံနှင့်အတူ ဒူးခေါင်းပေါ်မေးတင်ကာ မျက်လွှာချနေသော မြေးမထံ အကြည့်ရောက်၏။
“ကနေ့မနက်ပေါ့ အဖေရဲ့၊ လယ်ပြင်က ထမင်းပို့ပြီး အပြန်မှာ အဖေ့မြေးကို ငှက်ပျောပင်စိုက် ‘ ပေါင်း ’ နားမှာ နဘူးချုံတွေထဲ တိုးလို တိုး၊ မိုးနှံချုံတွေ ဆွဲဖယ်လို ဖယ်၊ သရက်ပင်ပေါ် တက်လို တက် လုပ်နေတာတွေ့လို့ အိမ်ကို ပြန်ခေါ်ခဲ့ရတယ်”
“သူ တစ်ယောက်တည်းလား၊ ဘာလုပ်တာတဲ့လဲ”
ရီးကျီးဒန့်မေးသံသည် ဝိုင်းဝမှ ပေါ်လာ၏။ မချောစိန် လှမ်းကြည့်သောအခါ ကောက်ရိုးထုံးကြီး ရွက်ထားသော ရီးကျီးဒန် ကောက်ရိုးမျှင်များ ဆိုင်းဖွဲ့ တွဲခိုလျက်ဖြင့် မတ်တတ်ရပ်နေ၏။ ကောက်ရိုးထုံးသည် ပမာဏကြီးမားငြား မလေးလံသဖြင့် မချောစိန် ထမကူဘဲ “ကောင်လေးတွေနဲ့ပေါ့ အမေရယ်” ဖြေ၍ မဆုံးချင်သေး၊ “အမလေးတော်” အော်သည်။ ရီးကျီးဒန် သွက်သွက်လှမ်းသွားပြီး ကောက်ရိုးထုံးကို နွားစာစဉ်းစင်ပေါ် ပစ်တင်ခဲ့ပြီး ပြန်လှည့်လာ၏။
“ဟဲ့ ငတက်ပြားမ၊ ဘယ်သူတွေနဲ့ သွားတာလဲ ပြောစမ်း”
မေးမေးလျှောက်လျှောက် လျှောက်လာပုံမှာ မြန်ပါဘိသည်နှင့်။
“ဘယ်သူတွေ ရှိရမှာလဲ အမေကြီးရဲ့၊ ကျော်ဇင်ညွန့်တို့၊ သန်းမြတ်စိုးတို့၊ အောင်ထူးတို့၊ ညွန့်ဦးတို့၊ ငတုတ်တို့ပေါ့”
ဪ.. သူ့အောက် နှစ်နှစ်၊ သုံးနှစ်ငယ်သော ကလေးဖော်တွေပါတကား။
“နေပါဦး၊ ညည်းက အဲဒီ ဝေးဝေးလံလံကြီးကို ဘာသွားလုပ်တာလဲ၊ ပြောစမ်းပါဦး”
ရီးကျီးဒန်သည် ထွန်သွားတစ်ချောင်း ဖင်ခုထိုင်ပြီး မေး၏။ မိမိထွေးမှာ အမေကြီး နားထင်ချိုင့်တွင်းသို့ စီးဝင်သွားသော ချွေးစီးကြောင်းတစ်ခုကို မည်သည့် အချိန်တွင် ပါးပေါ်သို့ ကျလာမည်နည်းဟု ငေးကြည့်နေ၏။
“မေးနေတယ်ဟဲ့”
မချောစိန် လှမ်းငေါက်တော့မှ “ဇရက် (ဆက်ရက်) လိုက်ဖမ်းတာ”
ဟု ကပျာကယာ ဖြေ၏။ ရီးကျီးဒန် မျက်မှောင် ကုပ်ကာ
“ဘယ်က ဇရက်လဲ” မေးသည်။
ကလေး သည်အမေးမျိုးကို ရီးဆေးရိုး မကြိုက်ပါ။ ကလေး အတွက် အဖြေခက်သော မေးခွန်းဖြစ်သည်။ မဖြေတတ်လျှင် မေးတာ မဖြေကောင်းလားဟု လိမ်ဆွဲကြ၊ ခေါက်ကြ၊ ထစ်ကြ။ သို့အတွက် ဝင်ပြီး ငေါက်၏။
“ဇရက်ပဲအေ့၊ အိမ်နဲ့ ရာနဲ့ နေမလား။ သစ်ပင်ပေါ်က ဇရက်၊ သစ်ခေါင်းထဲက ဇရက်ပဲ နေမှာပေါ့”
“တော်ပြောလိုက်ရင် သည်လိုချည်းပဲ”
ရီးကျီးဒန်က အလိုမကျသံဖြင့်ပြောကာ မျက်စောင်းထိုးသည်။ မချောစိန်က “ဒါမှ အမေ” ဟူသော အကြည့်ဖြင့် အားပါးတရ ကြည့်နေသည်။ သို့ငြား ရီးဆေးရိုး ချက်ချင်းမတုံ့ပြန်နိုင်။ လေပုန်းတစ်ချက်ဝင်လာကာ သစ်ရွက်ခြောက်တွေ၊ ဖုန်တွေ သယ်ဆောင်လာသောကြောင့် မျက်စိရော ပါးစပ်ပါ ပိတ်ထားရ၏။ အမှိုက်တွေ ဖုန်တွေ ဝေးသွားပြီ။ ရီးဆေးရိုး ငေါက်ပြီ။
“နင်တို့ဟာ ဘွားအေနဲ့ မအေ ဖြစ်နေရင် ဘွားအေလို စဉ်းစားပါတော့လား။ မအေလို စဉ်းစားပါတော့လား။ သက်သက်မယ့် ကလေး မသိတာတွေ လျှောက်မေးနေ”
ဒုတိယ ပုရစ်ပေါက် ပြင်ပြီးသွားသဖြင့် ထွန်ကိုင်း အဟောင်းကို ဆွဲဖြုတ်သည်။ ထွန်သွားဖြင့် ထွန်တုံးကို ခေါက်ပေးမှ ပြုတ်သွားသည်။ သည်ထွန်ကိုင်းမှာ မလဲလှယ်၍ မဖြစ်ပြီ။ ကုန်းသည့်အကွေးနေရာမှ ကျိုးနေပြီ။
“သည်အချိန်က ဇရက်ပေါက်စလေးတွေ အပျံသင်တဲ့အချိန်၊ နားလည်ရဲ့လား။ ပျံရင်းကျလာတာလား၊ သစ်ခေါင်းထဲကပဲ လိမ့်ကျလာတာလား မသိဘူး။ နည်းနည်းပျံလိုက် ခုန်ဆွခုန်ဆွသွားလိုက် လုပ်နေတော့ ကလေးက ဘယ်သိမလဲ။ ဇရက်ကလေးဟ ဆိုပြီး လိုက်ဖမ်းတာနေမှာပဲ။ လိုက်ရင်း လိုက်ရင်းနဲ့ ရွာပြင်ရောက်၊ အဲသည်က တာလမ်း၊ နောက် ငှက်ပျောပင်စိုက်ပေါင်း”
မိမိထွေး အလွန်အံ့သြသည်။ ဘ၏ အပြောမှာ ကွက်တိမှန်ပါတကား။ ဘကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေစဉ်
“ဟုတ်တယ် မဟုတ်လား သမီး”
မေးသောအခါ သွက်လက်စွာ ခေါင်းညိတ်မိ၏။
“ဒါပေါ့၊ သည်လိုပဲ ဖြစ်ရမှာပေါ့” ဆိုကာ ရီးဆေးရိုး ပြုံးသည်။ ပြုံးရင်းက ထွန်ကိုင်းအသစ် တပ်သည်။ သပ်ပင်းရန် ဝါးခြမ်းပြားကို ခုတ်နေရာက အသံထွက်ပြီး ရယ်သည်။
“ကလေးကို ဆုံးမတာ နည်းလမ်းကျပစေ။ ကျိုးကြောင်းဆင်ခြင်ပြီး အကျိုးဘယ်လို၊ အကြောင်းဘယ်သို့ ပြောမှပေါ့။ သည် ဥမမယ် စာမမြောက် ကလေး မပြောနဲ့၊ ကလေးတစ်ယောက်အဖေ ငါတောင်...”
••••• ••••• •••••
၃
ကလေးတစ်ယောက်အဖေ ဖြစ်လာသော်ငြား ကိုဆေးရိုးမှာ ကာလသားစိတ် မပျောက်သေးပါ။ နေ့လယ် နေ့ခင်း ထမင်းစားအပြီး၌ နွားတင်းကုပ်တွင်း ဝင်၍ နွားစာဖြည့်သည်။ သည့်နောက် ယောက္ခမ မျက်စောင်း ခဲနေသည်ကို မမြင်ဟန် ပြုကာ နေပူထဲသို့ ထွက်လာသည်။ ယောက္ခမက နေပူကြီးထဲသို့ အရည်မရ၊ အဖတ်မရ လျှောက်သွားနေမည့်အစား နွားစာစဉ်းစေချင်သည်။ နွားစာကို တစ်နေ့စာအတွက် တစ်နေ့ စဉ်းနေမည့်အစား ယခုနှယ် အားလပ်တလင်းသိမ်းချိန်တွင် စဉ်းနိုင်သလောက် စဉ်းထားစေချင်သည်။ စဉ်းထားသော နွားစာသည် ပုပ်သိုး၍ မသွားပေ။ မိုး ကာလ အလုပ်ပူချိန်တွင် အကူအပံ့ မရပါလောဆို၏။
စိုက်ခါနီး အချိန်သည် အလုပ်အများဆုံး၊ အပင်ပန်းဆုံးအချိန်ဖြစ်သည်။ သည်အချိန်မျိုးတွင် တစ်လစာ မဆိုထားဘိ၊ ခုနစ်ရက်စာ အသင့်ရှိဦးတော့ များစွာ အဆင်ပြေသည်ဟု ယောက္ခမ ရှင်းပြငြား၊ ပုဆိုးစိုကို ကျောနှင့် ခေါင်းပေါ်မှာ အုပ်လွှားလျက် တဝေါဝေါ ဖဲမွှေသံ ထွက်ပေါ်နေသည့် ကက်ဝိုင်းသို့ ဦးတည်ခဲ့လေ၏။ ကက်ဝိုင်းတွင် လူတွေ အုံနေသည်။ ရိုက်နေဆဲ လူသုံးယောက်လုံး ထသွားဦးတော့၊ ကိုဆေးရိုး ဝင်ခွင့်ရဖွယ် မရှိ။ ကစားချင်သူ ဆယ်ယောက်ခန့် ရှိသေးသည်။ သို့ဖြင့် ‘ကက်ကွမ်း’ ကြီးနှင့်ကိုဘသောင်း ‘ဘိတ်’ကျသည့်အလှည့်၌ ‘အလကား ကြက်ဖျင်းပါကွာ’ ဆိုပြီး ကိုဆေးရိုး ထလာခဲ့၏။
နေက ပူလှသည်။ ဥသြသံသည်ပင် ချိုမြသည် မထင်ရ။ ရေငတ်ငတ် လည်ချောင်းကွဲကွဲဖြင့် အော်နေရှာသည်ထင်မိ၏။ ရွာ့အပြင်သို့ မရည်ရွယ်ဘဲ ရောက်သွားသည်။ အရိပ်ကောင်းသော သစ်ပင်အောက်တွင် လူစုစု ရှိလျှင် ရှိ၊ မရှိလျှင် နွားတွေ စုနေသည်။ ရှောခနဲ အသံ၊ ချိုးချိုးချွတ်ချွတ်အသံများ သရက်ပင်ပေါ်မှ ပေါ်လာလျှင် ထိုင်နေသူများ လှုပ်ရှားကြပြီ။ ထိုအသံသည် သရက်သီးမှည့် ကြွေကျသံ ဖြစ်တတ်၏။ သရက်သီးမှည့် လုယက်ကောက်ယူရန် အသင့်ပြင်ကြခြင်း ဖြစ်သည်။ သာမန် လောက်စာသီး၊ ရေနံသီး၊ မယ်ညိုသီးတို့ သီးသည့် သရက်ပင်များ အောက်တွင် သရက်သီးမှည့်ကောက်သူမှာ လူမဟုတ်၊ နွားတွေသာ ဖြစ်၏။ ‘မနော်’ ပင် အောက်တွင်ကား လူတွေ ခဲနေသည်။ ကလေးတွေသာ မဟုတ်၊ မိန်းမကြီးတွေလည်း ပါသည်။
ကိုဆေးရိုးသည် ခဲတစ်လုံး ကောက်ကာ သရက်ပင်ထိပ်ဖျားသို့ ပစ်မြှောက်လိုက်သည်။ မြေကြီးခဲသည် ရွက်ခြောက် ရွက်စိုများကို တိုးဝှေ့လျက်၊ တချိုးချိုးတချွတ်ချွတ် အသံပေးလျက် ကျဆင်းလာ၏၊ အောက်သို့ ရောက်လာလေလေ မည်သည့်ဘက်က ဟူသည် ကွဲပြားလာလေလေဖြစ်၏။ လူများ ပြေးလာကြ၏။ ဘုတ်ခနဲကျလာသော မြေကြီးခဲကို ဝိုင်းလုကြ၏။ ကိုဆေးရိုး ရယ်မောသည့်နည်းတူ ပင်စည်ရင်းတွင် ထိုင်နေသူ သုံးယောက်သည်လည်း အူလှိုက် သည်းလှိုက် ရယ်မောသည်။ ထွန်းညံ၊ ပိတ်စနှင့် အောင်မြ။ ကိုဆေးရိုး သူတို့ ဘေးသို့ ဝင်ထိုင်ခါစရှိ သေးသည်၊ ကျောဘက်ရှိ ဘုရားငါးဆူ တောထဲမှ တဘူဘူနှင့် ဘုတ်မြည်သံ ပေါ်လာ၏။
“ဗျို့ ဗျို့ ၊ အလကားနေ အလကားပဲ၊ ဘုတ်လိုက် ရရင် မကောင်းဘူးလား”
ပင်စည်နှင့် ကျောနှင့် ခွာပြီး စလိုက်သူမှာ ထွန်းညံ။
“နေက ပူကပူနဲ့ ကောင်ရာ” ဟု ကိုဆေးရိုးက ပြောသည်တွင်
“မင်း ဘာသိလဲ၊ ဘုတ်လိုက်တာ သည်အချိန် လိုက်ရတာဟ။ ဘုတ်ဆိုတာ သုံးခါ ပျံအပြီးမှာ မောတာနဲ့ မပျံနိုင်တော့ဘူး” ဟု ပိတ်စက လက်ဖျားဖြင့် ပုတ်ကာ ခတ်ကာ ပြောသည်။
“အေး ကောင်းတယ်ကွာ၊ ဟင်းတစ်နပ်စာရ နည်း သလား”
ပြောပြောဆိုဆို ထရပ်သူက အောင်မြ။
သည်အခါ ကိုဆေးရိုး ကျန်မနေခဲ့ပါ။ ငါ့မှာ သားနဲ့ မယားနဲ့ပါတကား ဟူသော စိတ်ဝင်ရန်ထက် လူညံ့ အထင်မခံလိုစိတ်က ကဲနေသည်။ မကုန်သေးသော ကာလသားစိတ်ကလည်း ချိုတထောင်ထောင် မဟုတ်လား။ သို့အတွက် ခုံဖိနပ်အသစ်ကို ခါးထိုးကာ ချုံတောထဲသို့ ချွတ်နင်းဝင်ရောက်ခဲ့သည်။ သာမန် ချုံတောကို တိုးရသည်မှာ လွယ်ငြား၊ စေတီပြို စေတီပျက်မှ ဖြစ်သော တောတွင်းဝင်ရသည်မှာ ခက်၏။ သာမန်တောမှ မြွေကို သတိထားရသည်။ ငုတ်နှင့် ထိုးမိ စူးမိစရာများသာ ကြောက်ရ၏။ ဘုရားပြိုတော မှာမူ ဆူးနှင့် မြွေအပြင် မှန်ကွဲနှင့် သံချွန်ကိုပါ ကြောက်ရသည်။ သံမှာ ဘုရားထီးဟောင်း ဆည်းလည်းသံကိုင်းတို့ ပြုတ်ကျရာမှ မြေနှင့် ရောနေသည်။ မုခ်နှင့် ဖောင်းရစ် အထက်မှ မှန်များလည်း ကျကွဲကာ မြေနှင့် တစ်သားတည်း ဖြစ်နေတတ်သည်။ ဘုတ်၏ အရိပ် အယောင် မမြင်ရမီ ပိတ်စကို မှန်ကွဲစူးပြီ။ စူးပေမယ့် ပိတ်စ မထီ။
“ချောင်းကမ်းဘက် မပြေးအောင် မြောက်ဘက်က ပန်းကြဟေ့” ဟူ၍ပင် ဆော်သြနေသေးသည်။ သူတို့သည် ဘုတ်ကို တောင်ဘက် လယ်ကွင်းတွေဘက် ပြေးစေချင်သည်။ မည်သည့် နေရာကျသနည်းဟု ကြည့်ရန်တာဝန်ကို ကိုဆေးရိုးက ယူရသည်။ ဝိုင်းပတ်မိချိန်တွင် အသံလည်းပေး၊ ခဲဖြင့်လည်း ပစ်ကြသည်။ ဘုတ်က ဆူးရစ်ချုံထဲမှ ခုန်ဆွ ခုန်ဆွ ထွက်လာ၏။ ကိုဆေးရိုးသည် ထန်းပင်အကွယ်သို့ ဝင် ကပ်ရင်း ပစ်စရာ ခဲကိုစမ်းသည်။ နွားချေးပုံကို ကော်မိသည်။ သို့ဖြင့် ဘုတ်သည် သူ့ရှေ့မှ ထပျံပြေးလေ ၏။ ဘုတ်သည် ‘ဆင်ချည်တိုင်’ လယ်ပွဲကို ကျော်သည်။ ပုတီးပင်ဘုရား တောင်ဘက် တာလမ်းဘေးရှိ နဘူးချုံထဲ ဝင်သွားသည်။
“မြောင်းပေါင်တောထဲမှာဟေ့၊ မြောင်းပေါင်တောထဲမှာ”
ကိုဆေးရိုး အော်ပြီး ရှေ့မှ ပြေးသည်။ ထိုသို့ ပြေးရာမှ ဆင်ချည်တိုင်လယ်ပွဲ ကြီးမားကျယ်ဝန်းလှ ချည်လားဟု သတိထားမိ၏။ ကပ်စေးနှဲသီးတွေ၊ ဆူးပုံတောင်းတွေကို နင်းမိစဉ်က နာရမှန်း မသိသော ခြေဖဝါးသည် တာလမ်းပေါ်ရှိ ဖုန်ပူထဲသို့ နစ်သွားသောအခါ ကိုဆေးရိုးမှာ အမယ်လေး အော်မိလေသည်။ ခြေဖဝါးက ကျွဲပခုံးထနေ၏။ သို့ကြောင့် ဖုန်ပူကို မမှု။ သို့သော် ခြေဖမိုးက မခံနိုင်ပါ။ ထို့အတွက် လမ်းပြောင်ပြောင်ပေါ် ခုန်တက်သည်။ ထိုမှ တစ်ဆင့် ဖုန်ပူလွတ်ရန် တအားခုန်ပြီး မြောင်းပေါင် သရက်ပင် ရိပ်သို့ ဝင်လိုက်သည်။ သည်မှာလည်း သရက်သီး လေကြွေ ကောက်သူတွေ မနည်း။
“ဘုတ် ဘယ်နား ဝင်သွားလဲ”
ပြောနိုင်သူ မရှိပါ။ သရက်သီးကိုသာ အာရုံထားနေကြသည်မဟုတ်လား။ သူ့အဖော်တွေကို လှမ်းကြည့်သည်။ တာလမ်းပေါ်သို့ပင် ရောက်မလာကြသေးငြား၊ “ရှာပါဟ၊ ခဲနဲ့ပေါက်ပါ ကိုဆေးရိုးရ၊ ဘုတ် အမောမပြေခင် ထပျံအောင် လုပ်ရတယ်ဟ” သညာ ပေးသူက ပေးသည်။
ကိုဆေးရိုးမှာ ဘုတ်ကို ရှာရပြီ။ ဘုတ်၏ အရောင်က ပိန္နဲရောင်အရင့်။ သစ်ရွက်ခြောက်တွေနှင့် မကွဲ၊ ရေမြောင်း၏ အနောက်ဘက် ပေါင်တွင် ချုံတွေ တန်းနေသည်။ ဘုတ်က ချုံတန်းတစ်လျှောက် ခုန်ဆွ ခုန်ဆွသွားရင်း အမောဖြေနေသည်ကို သူတို့ မသိ။ လေးယောက်စုံညီအော်ဟစ်ကာ အသံပေးပြီး ခဲဖြင့် ပေါက်ချိန်တွင် ဘုတ်သည် တတူတူ အော်သံပေးလျက် ပုရပိုက်တန်းရွာဘက်သို့ ပျံပြေးလေ၏။ ဘုတ်ထပြေးသောနေရာနှင့် ကိုဆေးရိုးတို့မှာ ခဲတစ်ပစ်သာ ဝေးသည်။ သည်တစ်ခါ ရှေ့မှပြေးသူက ပိတ်စ။ ချုံတွေ တိုးရသဖြင့် အသားစုတ်သည်။ လယ်ကန်သင်းနှင့် ဆောင့်မိပြီး ခြေမကွဲသည်။ ပပ်ကြားအက်ထဲ ခြေ ခေါက်ဝင်ကာ ထော့ကျိုးဖြစ်သူ ဖြစ်သွားကြသည်။ ပုရပိုက်တန်းရွာ၏ အရှေ့ဘက်တွင် “နယ်တော်ရှင်” နတ်ကွန်း ရှိသည်။ ကြီးမားသော ညောင်ပင်ကြီး၏ အစပ်တွင် ချုံတွေ ပိတ်ဆို့နေသည်။ ညောင်ပင်အရှေ့ဘက်မလှမ်းမကမ်းတွင် သပြေပင်ကြီးတစ်ပင် ရှိသည်။ သပြေသီးမှည့် ခူးနေသူများက အမောတကော ပြေးလာကြသော ကိုဆေးရိုးတို့အား ပြူးတူးပြဲတဲ ကြည့်ကြ၏။
“လိုက်ပေး လိုက်ပေး၊ နောက်တစ်ခေါက်ဆိုရင် ဒီဘုတ်မပြေးနိုင်တော့ဘူး၊ မိပြီ”
အော်မည့်သာ အော်ရငြား၊ ထွန်းညံမှာ မောလွန်းသဖြင့် လျှာထွက်နေပြီ။ နေကျွက်ကျွက်ဆူတွင် တစ်မိုင်ကျော်ခန့် ပြေးလာခဲ့ပြီးပြီ။ လျှာမထွက်ဘဲ ခံနိုင်ရိုးလား။
ပိတ်စသည် လူစုံအောင် မစောင့်ပါ။ ဘုတ် ဝင်သွားသော ချုံကို ခဲဖြင့် ပစ်သည်။ တစ်နေရာ ပစ်၍ ဘုတ် မထွက်သဖြင့် နေရာအနှံ့ လျှောက်ပစ်သည်။ ဘုတ်သည် ခုန်ဆွခုန်ဆွဖြင့် ထွက်လာကာ မြောင်း ဘက်သို့ပင် ပျံပြေးပြန်၏။ သို့သော် တည့်တည့် မဟုတ်။ တောင်ယွန်းယွန်း၊ အုတ်ကျောင်းအရှေ့ဘက် ဆီတွင် ပျောက်သွား၏။
သည်အကျော့တွင်ကား နောက်ဆုံးမှ ပြေးလာသော ကိုဆေးရိုးက ရှေ့မှာ ရောက်လာသည်။ သူက ဖြတ်ပြီး ခရီးတစ်ဝက်မှ လိုက်ရသောကြောင့် ဘုတ် ဝင်သွားသော နဘူးချုံမှ ကိုင်းဖျားကလေးခါယမ်းကျန်ခဲ့သည်ကအစ မြင်လိုက်ရသည်။ သို့အတွက် ပြေးရင်းက ပုစွန်ကျစ်စာခဲတွေကို ကောက်သည်။ ချုံကို အဝေးမှပင် လှမ်းပစ်လာခဲ့သည်။ လက်ကလည်း ခဲဖြင့် ပစ်သည်။ လူကလည်း နဘူးချုံကို နင်းသည်။ ကလိမ်ချုံနှင့် ခွေးလှေးယားချုံကို ကွင်းသည်။ တောင်ဘက်တွင်ကား မိုးနှံချုံ။ ဘုတ်ကို ရိပ်ခနဲ မြင်လိုက် သဖြင့် အားသွန်ပြီး ပြေးလာသည်။ ပါးစပ်ကြီး ဟ နေသော ဘုတ်ကို အတင်း ပစ်လှဲပြီး ဝမ်းလျားထိုး ဖမ်းသည်။ ထွန်းညံ ပြောသကဲ့သို့ မဟုတ်၊ ဘုတ်သည် စတုတ္ထအချီ ပျံသွားပြန်ပြီတကား။
မည်သူမျှ ဆက်မလိုက်နိုင်တော့ပါ။ ပါးစပ်ဟလျက် ပက်လက်လန်ကျန်ခဲ့ပြီ။ သွေးသံ မရဲသူ တစ်ယောက်မျှ မရှိ။ သည်အထဲမှ အဆိုးဆုံးကား ကိုဆေးရိုး။ သူသည် ယောက္ခမနှင့်အတူ စားရသော ထမင်းဝိုင်းတွင်း ခေါင်းမဖော်ရဲရှာ။ အကြောင်းသော်ကား ဘုတ်ကို ဝမ်းလျားပစ် ထိုးပြီး အဖမ်းတွင် ‘သန်သပ်ငုတ်’ နှင့် နှုတ်ခမ်းဆောင့်မိခဲ့သောကြောင့်ပေတည်း။
••••• ••••• •••••
၄
ငါ့အဖေ သည်လောက်တောင် မိုက်ခဲ့ပါကလား ဟူသော အကြည့်ဖြင့် မချောစိန်သည် ရီးဆေးရိုးအား ငေးကြည့်နေ၏။ ရီးဆေးရိုးကမူ မီးသေနေသော ဆေးလိပ်ကို မီးညှိရင်းက
“ကလေးထက် အသိရှိတဲ့လူ လူကြီးတောင် ဟုတ်လိနိုးနိုး မိုက်မဲသေးရင် ကလေးဆို ဘာပြောစရာ ရှိတော့မလဲ မိန်းကလေးရာ” ဟု ဆိုသည်။
မချောစိန် သဘောပေါက်ဟန်ရှိ၏။ ငတက်ပြားမအား သနားမျက်လုံးများဖြင့် လှမ်းကြည့်၏။ သို့တစေ ရီးကျီးဒန်မူ လက်ခံနိုင်ဟန် မတူ။
“ငယ်ငယ်လေးနဲ့ ဒါလောက် မိုက်လုံးကြီးနေတာ ဟာ ဘိုးအေရဲ့ သွေးပါလို့ ဖြစ်မှာပေါ့”
“အေး ဟုတ်တယ် ငါ့မြေး၊ နင့်မြေး မဟုတ်ဘူး၊ ဟုတ်တယ်နော် သမီး”
ရီးဆေးရိုးက သွားဖုံးညိုညိုကြီးတွေ ပေါ်လာအောင် ရယ်မောရာက ငတက်ပြားမအား လှမ်းမေးလိုက်သော ခဏတွင် မျက်ရည်စီးကြောင်း ထင်နေသော ပါးပြင်ဝယ် ‘ပြုံးပါးခွက်’ ကလေးတစ်ခု ပေါ်လာလေ၏။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment