❝ H1 N1 ❞
( ရန်ကုန်မြင့်ဆွေ )
ဝါဝါမွန်နှင့် ကိုကိုဦးတို့၏ ချစ်ခရီးလမ်းသည် နေပြည်တော် အဝေးပြေးလမ်းမကြီးသဖွယ် ညီညာဖြောင့်ဖြူး ချောမွေ့လှ၏။ ဝါဝါမွန်၏ အလှသည် Miss Myanmar မယ်များ လိုက်မမီနိုင်အောင် ကိုယ်နေဟန် အချိုးအစားကလည်း ပြေပြစ်လွန်းလှသည်။
“ရှေ့ကကြည့်လည်း ယဉ်တယ်။ နောက်ကကြည့်လည်း ယဉ်တယ်၊ ဘယ်လိုပဲကြည့်ကြည့် ယဉ်တဲ့သူရယ်” ဆိုတဲ့ တေးသွားအတိုင်း လိုက်လျောညီထွေ ရှိပေ၏။ ကိုကိုဦး၏ သူငယ်ချင်းများက ဝါဝါမွန်နှင့် ကိုကိုဦးတို့စုံတွဲအား မင်းကုသနှင့် ပပဝတီ ဟူ၍ တင်စားနောက်ပြောင်ကျီစယ်ကြလေသည်။
ကိုကိုဦးသည် ရုပ်ရည်က ရူပါ မလာသော်လည်း ရည်းစားက ခပ်များများ။ ဝါဝါမွန်ကား ကိုကိုဦး၏ လေးယောက်မြောက် ရည်းစားဖြစ်သည်။ ဝါဝါမွန် ကဖြင့် ကိုကိုဦး မှ ကိုကိုဦး။ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက်။ ဝါဝါမွန်၏ ရည်စားဦးသည် ကိုကိုဦး။ ရည်းစားဦး ဖြစ်သောကြောင့်လည်း အရူးအမူး ချစ်ရသူက ဝါဝါမွန် ဖြစ်သည်။
ဝါဝါမွန်နှင့် ကိုကိုဦးတို့ သမီးရည်းစားနှစ်ယောက် အင်းယားကန်ပေါင်ပေါ်ရှိ နှစ်ယောက်ထိုင်ခုံမှာ ချစ်တင်းနှောနေကြသည်။ ချစ်ကြောင်း၊ ခင်ကြောင်း၊ ကြင်နာကြောင်း၊ သို့လော သို့လော ပြောပြီးနောက်မှာ ကိုကိုဦးအား ဝါဝါမွန်က သူ၏ညီမနှင့် မိတ်ဆက်ပေးရန် Date လုပ်လိုက်လေသည်။
••••• ••••• •••••
“ကိုကို... သူက ဝါဝါရဲ့ညီမ နီနီမွန်လေ”
ကိုကိုဦးသည် နီနီမွန်ကို မြင်လိုက်သည်နှင့် နေပြည်တော်အဝေးပြေး အမြန်လမ်းမကြီးပေါ်မှာ ကားနှစ်စီး ခေါင်းချင်းဆိုင် တိုက်လိုက်သော အသံကြီးသဖွယ် ကိုကိုဦး၏ ရင်ထဲတွင် ‘ ဒိန်း ’ ခနဲ၊ ‘ ဒိုင်း ’ ခနဲ ဖြစ်သွားလေသည်။ ကိုကိုဦး မြင်တွေ့လိုက်ရသော နီနီမွန်သည် သူ၏ ဒုတိယမြောက် ချစ်ရည်းစားလေး ဖြစ်သောကြောင့် ကိုကိုဦး မှာ ဘာပြောရမှန်း မသိဖြစ်နေစဉ်...
“မမရဲ့ Boyfriend က လူချောကြီးပဲ။ တွေ့ရတာ ဝမ်းသာပါတယ်နော်”
နီနီမွန်က ပြောပြောဆိုဆို လက်ဆွဲနှုတ်ဆက်လိုက်သဖြင့် ကိုကိုဦးလည်း မထင်မှတ်ဘဲ ကယ်တင်ခြင်း ဖောင်ဒေးရှင်းနှင့် တွေ့လိုက်ရသလို ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွား၏။
“ဟုတ်ကဲ့ ကျွန်တော်လည်း တွေ့ရတာ ဝမ်းသာပါတယ်။ နီနီမွန်က ဝါဝါမွန့် ညီမမို့လို့နဲ့ တူတယ်။ အရမ်းကို လှနေတာပဲနော်”
နီနီမွန်သည် ကိုကိုဦးအား မချိပြုံး ပြုံးလျက် အသံမထွက်ပဲ ရင်တွင်းမှာပင် ပြောနေမိသည်။
“နေလိုက်ဦးပေါ့ ကိုကိုဦးရယ်၊ ဝါဝါ စိတ်ဆင်းရဲမှာစိုးလို့ နီနီ ရေငုံနေလိုက်တာ။ ရှင့်ကိုယ်ရှင် အထင်သိပ်ကြီးမသွားနဲ့။ တစ်နေ့တော့ ရှင် နောင်တရပါလိမ့်မယ်”
••••• ••••• •••••
“အောင်” လက်ဖက်ရည်ဆိုင်။
“ကိုကိုဦးကတော့ ဘယ်ဘဝ ရေစက်လည်း မသိဘူး။ ဒီဘဝမှာတော့ ‘ဂျိမ်းစဘွန်း’ ပဲဟေ့။ မော်ဒန်လေးတွေ လျှံနေတာသာ ကြည့်တော့”
အိုင်ဒေါ့ခေါ် ဖြိုးဝေလင်းက ပြောလိုက်သည်။ ဖြိုးဝေလင်းကား သီချင်းဆို အလွန်ဝါသနာပါသူ ဖြစ်သောကြောင့် မြန်မာအိုင်ဒေါ့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အသံစစ်သော ပထမအဆင့်မှာပင် ပြုတ်ခဲ့သည်။ ထို့ကြောင့် အိုင်ဒေါ့ဟု အမည်နာမ သမုတ်လိုက်ခြင်းဖြစ်သည်။
“ဟုတ်တယ်ကွ။ မင်းတို့ ငါတို့သာ မူးလို့တောင် ရှူစရာမရှိတာ။ ကိုကိုဦး ကတော့ ဟောတစ်ယောက် ဟောတစ်ယောက်ပဲ”
“မင်းလိုမျိုး ဖက်တီးပုတ်ကို ဘယ်လေဒီကမှ စိတ်ဝင်စားမှာမဟုတ်ပါဘူးကွာ”
ကားလမ်းတစ်ဖက်မှာ ရှိသော ဘတ်စ်ကားမှတ်တိုင်တွင် ကားစောင့်နေကြသည့် လူများသည် H1 N1 ရောဂါပိုးကာကွယ်ရန် နှာခေါင်းစည်း ရောင်စုံများ တပ်ဆင်ထားကြသည်။ ထိုလူများထဲမှ ကိုယ်လုံးကိုယ်ပေါက် သွယ်လျလျနှင့် စကတ်တိုတို အင်္ကျီလည်ဝိုက်ကျယ်ကျယ် ဝတ်ဆင်ထားသော မော်ဒန်ဂဲမလေးသည် ပန်းရောင်နှာခေါင်းစည်း တပ်ဆင်ထားသည်။
နှာခေါင်းစည်း ဖုံးအုပ်ထားသောကြောင့် သူမ၏ ရုပ်ရည်ရူပါ လှမလှ ကိုတော့ ကွင်းကွင်းကွက်ကွက် မမြင်ရပေ။ သို့သော် ကိုကိုဦးသည် ဂီတာရှိတ် ကိုယ်လုံးလေးကို မြင်လိုက်ရသည်နှင့် ဂနာမငြိမ် ဂဠုန်စိန်လို သုတ်ချီချင်သောဆန္ဒ မြောက်မြားစွာ ထကြွလာလေသည်။
“မင်းတို့ ဒီမှာ နေခဲ့ကြဦး။ ငါ သမင်လိုက်လိုက်ဦးမယ်”
ပြောပြောဆိုဆို ကိုကိုဦးက ဘတ်စ်ကားမှတ်တိုင်သို့ ထထွက်သွားလေသည်။
“အဲဒီကောင် ဘယ်လိုဖြစ်တာလဲ။ ဘာမပြော ညာမပြောနဲ့”
“ဘာဖြစ်ရမှာလဲကွာ။ ဟိုမှာ သမင်မလေး မင်းမမြင်ဘူးလား။ ကျားဆိုတာ သမင်မြင်ရင် မနေနိုင်ဘူးကွ”
••••• ••••• •••••
ကိုကိုဦးသည် ပန်းရောင် နှာခေါင်းစည်း ကောင်မလေးအနားသို့ မယောင်မလည်နှင့် ကပ်သွားလေသည်။ ကောင်မလေး၏ မျက်လုံး အစုံက ကိုကိုဦးအား ပြုံးတုံ့တုံ့နှင့် အကဲခတ် ကြည့်နေ၏။ ကိုကိုဦးက သူ့ကို ကြည့်နေသော ကောင်မလေးကို ပြုံးပြပြီး ပြောလိုက်သည်။
“ညီမလေးက ဘယ်သွားမှာလဲ ဟင်။ အစ်ကို လိုက်ပို့ပေးမယ်လေ”
ကောင်မလေးက ခေါင်းလေးငုံ့ကာ ရှက်သလိုလို အမူအရာဖြင့် ပြော၏။
“တကယ် ပြောတာလားဟင်”
“တကယ်ပေါ့”
“ဒါဆိုရင် Taxi ငှားလေ”
ကိုကိုဦး ရင်ထဲမှာ သိန်းတစ်သောင်းဆုကြီး ပေါက်သလို ခံစားလိုက်ရ၏။
ကိုကိုဦးသည် Taxi ကားငှားလိုက်သည်။ နှာခေါင်းစည်းကောင်မလေးနှင့် ကိုကိုဦး Taxi ကားပေါ်သို့ တက်သွားကြလေသည်။
“ညီမလေးကို မြင်ဖူးနေသလိုပဲ။ ညီမလေးနာမည် ဘယ်လို ခေါ်သလဲဟင်”
“ညီမနာမည် သိချင်လို့လား”
“သိချင်တာပေါ့”
“ဒါဆို ပြောပြပါ့မယ်။ ညီမနာမည်က ဝါဝါမွန်တဲ့”
ကိုကိုဦးသည် ထိုနာမည်ကို ကြားလိုက်ရသောအခါ မျက်လုံးနှစ်လုံး ဇီးကွက်မျက်လုံးပမာ ပြူးကျယ်သွား၏။ မိန်းကလေးကိုလည်း သေချာစွာ ကြည့်လိုက်မိသည်။ H1.N1 ပိုးကာကွယ်ရန် စည်းထားသော နှာခေါင်းစည်းအား မိန်းကလေးက ဖြုတ်ချလိုက်သည်။
“ဟောဗျ”
မိန်းကလေးမျက်နှာကို မြင်လိုက်ရသော ကိုကိုဦးသည် အံ့ဩတုန်လှုပ်ပြီး အာမေဋိတ်သံကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
ကိုကိုဦး ဘာပြောရမှန်းမသိ ဖြစ်နေစဉ် ဝါဝါမွန်က ကားဆရာကို ပြောလိုက်၏။
“ကားဆရာ ခဏရပ်ပေးပါ”
Taxi ကားသည် လမ်းဘေးသို့ ထိုးရပ်လိုက်သည်။ ဝါဝါမွန်သည် ဒေါသအိုးပေါက်ကွဲကာ Taxi ကားပေါ်က ဆင်းပြေးသွားလေသတည်း။
▢ ရန်ကုန်မြင့်ဆွေ
📖 သောကြာ စာစောင်
အောက်တိုဘာ ၊ ၂၀၁၇
No comments:
Post a Comment