Sunday, August 30, 2026

ကလောင်သွားနဲ့ facebook သွား


❝ ကလောင်သွားနဲ့ facebook သွား ❞
    ( ကြယ်စင်မင်း - မုံရွာ )

၁

ဘာလိုလိုနဲ့ ကျွန်တော် facebook စသုံးလာတာ အခုဆို ငါးလ ထဲတောင် ရောက်လာပြီပဲ။ facebook ဘယ်လောက် စွဲတယ်ဆိုတာ သုံးတဲ့သူတိုင်း သိကြမှာပါ။ အဲဒါကြောင့် ကျွန်တော့်မှာ စာလည်း မရေးဖြစ်တော့သလို၊ စာလည်းမဖတ်ဖြစ်တော့ဘဲ facebook သံသရာထဲမှာပဲ တဝဲဝဲလည်နေမိတော့တာပေါ့။

••••• ••••• •••••

၂

ဒီကနေ့ မနက်တော့ ကျွန်တော် facebook သုံးနေတဲ့အနားကို မိန်းမဖြစ်သူ ရောက်လာပြီး စကားတစ်ခွန်း ပြောပါတယ်။

“ရှင့်ကလောင်နာမည် ကြယ်စင်မင်းကို အဲဒီ facebook ထဲမှာပဲ ထာဝရမြှုပ်နှံလိုက်တော့မှာလား” တဲ့။

ဒီစကားက ကျွန်တော့်နှလုံးသားတည့်တည့်ကို ထိသွားတယ်။ အဲဒါကြောင့် ကျွန်တော် စာပြန်ရေးဖို့ ချက်ချင်းဆုံးဖြတ်လိုက်တယ်။ facebook ပေါ်ကိုလည်း “စာပြန်ရေးတော့မှာ ဖြစ်သည့်အတွက် facebook မသုံးတော့ဘူး” ဆိုတဲ့အကြောင်း post တင်လိုက်တယ်။

••••• ••••• •••••

၃

ကျွန်တော် စာရေးဖို့ စာရေးစားပွဲမှာ ထိုင်တာ နာရီဝက်သာ ကြာသွားတယ်။ စာမရေးတာ ကြာတော့ ဦးနှောက်က ဘာတစ်လုံးမှ ထွက်မလာတော့ဘူး။

ဒါနဲ့ ကျွန်တော်လည်း စာရေးစားပွဲက ထပြီး ဧည့်ခန်းထဲမှာ လမ်းကို ခေါက်တုံ့ခေါက်ပြန် ပတ်လျှောက်ပြီး စဉ်းစားကြည့်တယ်။ ဒါလည်းပဲ ရေးစရာအကြောင်းက တစ်လုံးမှ ထွက်မလာဘူး။

••••• ••••• •••••

၄

နောက်ဆုံးတော့ ကျွန်တော်လည်း facebook ပြန်ဖွင့်ပြီး “စာ ပြန်ရေးတာ ဘယ်လိုမှ ရေးလို့ မရတော့လို့ facebook ဆက်သုံးတော့မယ်” ဆိုတဲ့ post လေး တင်လိုက်တယ်။

မကြာပါဘူး။ အဲဒီ post ကို ဖတ်ပြီး friend တွေဆီက likeတွေ၊ comment တွေ အများကြီး ပြန်ရောက်လာတယ်။

ဒီတော့မှ လူလည်း နေသာထိုင်သာရှိသွားပါတော့တယ်...။

▢ ကြယ်စင်မင်း (မုံရွာ)
📖 မဟေသီ မဂ္ဂဇင်း
      ဇူလိုင်လ ၊ ၂၀၁၇

No comments:

Post a Comment