Monday, August 10, 2026

သမုဒယ ကြိုးတစ်ချောင်း၏ တွယ်နှောင်ရာ


❝ သမုဒယ ကြိုးတစ်ချောင်း၏ တွယ်နှောင်ရာ ❞
          ( ထူးခန့်ညီ )

ညက အိပ်မက်တွေ မကောင်း။ အိပ်မက်ထဲမှာ အေးမူတို့ တစ်ရွာလုံး ရေလွှမ်းနေသည်။ နောက်ပြီး အေးမူက ရေနစ်နေသည်တဲ့။ အဆုံးမရှိ ဖြူဖွေး ပြန့်ပြောနေသော ရေပြင်ကြီးထဲမှာ အေးမူသည် ပေါ်လိုက် မြုပ်လိုက်နှင့် တစ်ယောက်ယောက်ကို အားကိုးတကြီး အကူအညီ တောင်းနေပြန်သည်။ သမီးကိုလည်း အော်ခေါ်နေမိ၏။ အိပ်ရာက နိုးတော့ တစ်ကိုယ်လုံး လှိုက်ခုန်ပြီး ချွေးအလူးလူး ရွှဲနစ်ကာ ပြန်အိပ်မပျော်တော့။ သမီးများ တစ်ခုခု ဖြစ်နေမလား။ အခုတလော ထိုင်းဘက်မှာ ရေကြီးနေသည်လည်း ခဏ ခဏ။ သမီးတို့ နေရာမှာတော့ မသိ။ ဘေးအိမ်က ခြောက်ပေ စလောင်းက လွှင့်သည့် သတင်းတွေမှာ ရေကြီးမှုထဲ ပြေးလွှားဒုက္ခ ဖြစ်နေသူများကို မြင်ရတော့ အေးမူ သမီး အတွက် စိတ်ပူသည်။

အေးမူ အိပ်ရာက နိုးတော့ မနက် ၃ နာရီခွဲပဲ ရှိသေးသည်။ ပြန်အိပ်မပျော်သဖြင့် ဆန်နှစ်လုံး ချိန်ကာ ထမင်းတစ်အိုး ပစ်တင် ထားလိုက်၏။ ပြီးမှ မျက်နှာသစ်ပြီး ဘုရားမီးပူဇော်၊ သောက်တော်ရေချမ်း ကပ်၍ သမီး ကျန်းမာဘေးကင်းစေကြောင်း တဖွဖွ ဆုတောင်းရင်း ရသမျှ ဘုရားရှိခိုးတွေ အကုန် ရွတ်ရသည်။ နံဘေးတွင် အိပ်နေသော သားငယ်က ဘာမှန်းမသိ ထယောင်နေသဖြင့် ဘုရားရှိခိုးရင်း တစ်ချက် စောင်းငဲ့ကြည့်ဖြစ်သေးသည်။

သမီးဆီက အဆက်အသွယ် မရတာ အခုဆို တစ်လကျော်နေပြီပဲ။ မဖြစ်သေး။ သမီးဆီက ဖုန်းဆက်လာလျှင် ကောင်းမည်။ မလာလျှင်လည်း သမီး ပေးထားသော ဖုန်း နံပါတ်ကို ဆက်မှ ဖြစ်မည်။ ဘာဖြစ်နေမှန်း မသိ စိတ်ပူနေရသည်မျိုးကို အေးမူ မခံစားချင်။ နေဦး။ သမီးဖုန်းနံပါတ် မှတ်ထားသည့် စာအုပ်ကို အေးမူ ဘယ်မှာ ထားမိပါလိမ့်။

သားငယ် နိုးသွားမည် စိုးသဖြင့် ဗီရိုလေးကို အသံမမြည်အောင် ခပ်ဖွဖွဖွင့်ရင်း စာအုပ် ရှာရသေးသည်။ ဪ...မေ့လို့။ အံဆွဲထဲမှာ ထည့်ထားသည်ပဲ။ ဗီရိုကို အသံ မမြည်အောင် ပြန်ပိတ်ရင်း ထမင်းအိုးဆီ ပြန်သွားသည်။ ထမင်းအိုးက တစ်ပွက်တည်း ပွက်နေပြန်သဖြင့် အေးမူ စိတ်ထဲ ထင့်ခနဲ ဖြစ်ပြန်သည်။ အေးမူ ဘာတွေ ဖြစ်နေပါ လိမ့်။ ထမင်းအိုးကို ယောက်မဖြင့် တစ်ချက် မွှေလိုက်ပြီး ရေကပြင်ပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချပစ်လိုက်မိသည်။ သားငယ် ဆီက ချောင်းသံတစ်ချက် ထွက်လာသည်။ နောက်ထပ် ချောင်းသံ ဆက်ထွက်လာဦးမည်လားဟု နားစွင့်ရင်း အေးမူ စိတ်ထဲ တစ်ခုခု မတင်မကျ ခံစားနေရသည်။ ညနေ အလုပ်က ပြန်ရင် သမီးဆီကို ဖုန်းဆက်ဖြစ်အောင် ဆက်ရမည်ဟု တွေးသည်။

ထိုသို့ ဟိုတွေးသည်တွေး လုပ်ကိုင်ရင်းဖြင့်ပင် မိုးလင်းသွားသည်။ မြခင် လာခေါ်တော့ အေးမူက တစ်အိမ်လုံးကို စိတ်မချသလို စေ့စေ့စပ်စပ် တစ်ချက် ဝေ့ကြည့်မိသေးသည်။ ပြီးမှ မြခင်နှင့် အတူ လယ်ထဲသို့ ဆင်းလာခဲ့သည်ပင်။ လိုက်သာလိုက်လာခဲ့ ရသော်လည်း အေးမူ စိတ်တွေက နောက်ဆံငင်စွာ တစ်မျိုးကြီးတော့ ခံစားနေရလေသည်။ အိပ်ရေးပျက်ထား၍ ဖြစ်မည်ဟု အေးမူ ဖြေတွေးလိုက်မိသည်။

••••• ••••• •••••

“ဟဲ့..အေးမူ နေမကောင်းဘူးလား။ နင့်ကို ကြည့်ရတာ မှိုင်လှချေလားဟယ်”

မြခင်အသံကြားမှ သတိဝင်လာရင်း-

“အေး...ငါ သမီးအကြောင်း တွေးနေမိလို့ပါဟယ်”

ဟု ခပ်တိုးတိုး ပြန်ပြောမိသည်။ မြခင်က “ငါထင်သားပဲ” ဟု ဆိုသည်။ အေးမူက သမီးကို ခင်တွယ်လွန်းသည်ဟု မြခင်က အမြဲ ပြောတတ်သည်။ ပြောမည်ဆိုလည်း ပြောစရာပင်။ ခင်တွယ်သည်ဆို ကိုဖိုးမောင် ဆုံးပြီးကတည်းက သည်သမီးကိုပဲ အေးမူ အားထားလာခဲ့ရသည် မဟုတ်လား။

ကိုဖိုးမောင် လေဖြတ်တော့ သမီးအသက်က ၁၇။ သားအသက်က ၁ဝ နှစ်။ အစတုန်းက ကိုဖိုးမောင်၏ လက်သမား ဝင်ငွေနှင့် အေးမူ၏ နေ့စားဝင်ငွေကြောင့် အသုံးစရိတ်က ပိုလျှံသည် မဟုတ်တောင် မိသားစု လေးဦး၏ စားဝတ်နေရေးကို ကာမိသည်။ ကိုဖိုးမောင် လေဖြတ်ပြီး နောက်ပိုင်း ကိုဖိုးမောင်ကို ကုဖို့အတွက်ပင် အေးမူ၏ နေ့စားဝင်ငွေက မလောက်ငနိုင်။ နေ့စား ဆိုသည်လည်း အလုပ် အမြဲ ရှိနေတတ်တာမျိုး မဟုတ်။ စပါးစိုက်ချိန်၊ စပါးရိတ်ချိန်တွေလောက်သာ ပေါပေါလှိုင်လှိုင် ရနိုင်သည့် အလုပ်မျိုးပင်။ အလုပ်မရှိသည့် အချိန်ဆို အိမ်နောက်ဖေး လယ်ကွက်လေးတွင် အသီးအနှံလေးတွေ စိုက်ပြီး ရွာထဲ လှည့်လည် ရောင်းချရသည်။ အိမ်၏ ပဲ့ကိုင် လဲသွားပြီး နောက်ပိုင်းတော့ အေးမူလည်း ဘာမှ သိပ်မလုပ်နိုင်တော့။ အသက်အရွယ်ပဲ ထောက်လာ၍လား မသိ။ အမောဖောက်တာမျိုးတွေ ရှိလာတတ်သည်။

“သမီး ကျောင်းထွက်မယ် မေမေ”

သမီးက မကြည့်ရက်သည်ထင့်။ ထိုသို့ ဆိုလာတော့ အေးမူ စိတ်မကောင်းဖြစ်ရသည်။ သမီးက ပညာရေးဘက်မှာလည်း ထိုက်သင့်သလောက်လေး ထူးချွန်သဖြင့် ဖြစ်နိုင်မည်ဆိုလျှင် ကျောင်းမထွက်စေချင်။ သို့သော် ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်မို့ အေးမူ ငြိမ်နေလိုက်ရသည်။ ထိုသို့လုပ်လိုက်ရခြင်းအတွက် တိတ်တိတ် ငိုကြွေးခဲ့ရသော ရက်တွေလည်း မနည်း။ သမီးကတော့ ထင်မည်လား မသိ။ မိဘဖြစ်ပြီး သားသမီး၏ ပညာရေးလေးကိုတောင် ဆုံးခန်းတိုင်အောင် တာဝန်မယူပေးနိုင်ဟု။ သို့သော် သမီးထက် အေးမူက ပိုနာကြည်းရသည် ဆိုသည်ကိုတော့ သမီးတစ်ယောက် သိချင်မှ သိလိမ့်မည်။

ကိုဖိုးမောင်လည်း ဝဋ်ကြွေးဟု ဆိုရမည်လား၊ ဝဋ်နာကံနာဟု ဆိုရမည်လား။ တတ်နိုင်သလောက် ဆေးရုံဆေးခန်းတွေ ပို့ပေမယ့် ရောဂါက သက်သာမလာ။ နောက်ဆုံးတော့ ကိုဖိုးမောင် ကိုယ်တိုင်က ဆေးရုံ ဆေးခန်းသွားမည် ဆိုလျှင် လက်မခံတော့။

“ငါ မရဘူးဆိုတာ ငါ သိတယ် အေးမူ။ ဘာမှ လုပ်မနေနဲ့တော့။ ငါ့အတွက် ဆေးကုမယ့် ပိုက်ဆံတွေကို ငါ့အသုဘစရိတ်အတွက်သာ သိမ်းထားလိုက်”

“ဒါပေမဲ့လည်း ကံဆိုတာ ရှိသေးတယ်မလား ကိုဖိုးမောင်ရယ်”

အေးမူ၏ တိုးလျလျ အသံက ငိုသံပေါက်နေသည်။ ကိုဖိုးမောင်ကို သနားသည်။ ဘာမျှ လုပ်မပေးနိုင်သော ဘဝကိုလည်း စိတ်နာမိသည်။ တစ်သက်လုံး ရှာဖွေလုပ်ကိုင်ကျွေးခဲ့ပြီး အခုလို ဖြစ်နေချိန်မှာတောင် ဘာမှ မလုပ်ပေးလိုက်နိုင် ဟူသော အသိက အေးမူကို နှိပ်စက်သည်။ သို့သော်လည်း ဘာမှ မတတ်နိုင်စွာဖြင့် ငြိမ်နေလိုက်ရသည်ပင်။ စကားနောက် တရားပါသည်လား မသိ။ သိပ်မကြာခင်ပင် ကိုဖိုးမောင် ဆုံးရှာသည်။

••••• ••••• •••••

“သမီး ထိုင်းကို သွားချင်တယ်”

“ဟင်”

သမီး ပြောတော့ အေးမူ လန့်သွားသည်။ အခုအချိန်မှာ သမီးကို အေးမူ အနားပဲ ရှိစေချင်မိသည်။ ကိုဖိုးမောင် ဆုံးတော့ သည်သမီးကိုပဲ အားကိုးခင်တွယ်နေမိသည်။ သားငယ်က ငယ်သေး၏။ ဆော့ဖို့လောက်သာ သိတတ်သည့် အရွယ်။ သမီးက အခုဆို ၁၈ နှစ်လည်း ပြည့်ပြီးပြီ။ နောက် မိန်းမသားချင်း လည်းဖြစ်တော့ အေးမူ ပိုအားထားရသည်။

“သမီးရယ်...မသွားလို့ မဖြစ်ဘူးလား။ မေမေလည်း အသက်ကြီးပါပြီ။ ဒီမှာလည်း လုပ်ကိုင်စားသောက်လို့ အဆင်ပြေနေတာပဲကိုကွယ်။ နောက်ပြီး သူများနိုင်ငံ ဆိုတာမျိုးက...”

အေးမူ စကားမဆုံးလိုက်။

“မေမေရယ်...လူတိုင်း သွားနေကျပဲကို။ သမီး သူငယ်ချင်း တော်တော်များများလည်း အဲဒီဘက်မှာ ရောက်နေကြပြီ။ သမီး သူငယ်ချင်း ထွေးအိကို သိတယ်မလား။ ဟိုနေ့က သမီးကို ဖုန်းဆက်တယ်။ သူ ဟိုမှာ အဆင်ပြေတယ်တဲ့။ ငါးသေတ္တာစက်ရုံမှာ လုပ်ရတယ် ပြောတယ်။ အိမ်ကိုလည်း တစ်လ နှစ်သိန်းလောက်တော့ ပုံမှန် ပို့နိုင်တယ်တဲ့။ မေမေရယ်...အခုဆို ဖေဖေလည်း မရှိတော့ဘူး။ မေမေလည်း အသက်ကြီး နေပါပြီ။ မေမေ့ကိုလည်း သမီးချမ်းချမ်း သာသာ မဟုတ်တောင် သူများနဲ့ တန်းတူ ပြည့်ပြည့်စုံစုံလေးတော့ ထားချင်တာပဲ။ သမီး သုံးနှစ်လောက်ပဲ သွားမှာပါ။ စိတ်မပူနဲ့နော်။ အဆက်အသွယ်လည်း ရှိနေတာပဲ။ မေမေလည်း အသက်ကြီးပါပြီ။ မေမေ ပင်ပင်ပန်းပန်း လုပ်နေရတာကို သမီး မကြည့်ရက်ဘူး။ နောက်ပြီး မောင်လေးကိုလည်း သမီးလို မဖြစ်စေချင်ဘူး။ ပညာရေးလေးတော့ ဆုံးခန်းတိုင်စေချင်တယ်”

နောက်ဆုံးတော့ အေးမူပဲ စိတ်လျှော့လိုက်ရသည်။ အခုဆို သမီး ထိုင်းကို ရောက်နေသည်ပင် တစ်နှစ်ပြည့်ခါနီးနေပြီ။ ဘာတွေ လုပ်ပြီး ဘယ်လိုတွေ နေထိုင်စားသောက်နေမှန်း မသိ။ သူပြောသလို ငါးသေတ္တာ စက်ရုံမှာပဲ လုပ်ရသည်ဟု ပြော၏။ ပိုက်ဆံလည်း တစ်လ ငါးသောင်း၊ တစ်သိန်းတော့ ပုံမှန် ပို့ပေးရှာသည်။ ခရီးစရိတ် အကြွေးဆပ် နေရသဖြင့် နောက်မှ ပိုပို့ပေးမည်ဟု ဆိုသည်။

“သမီးပဲ အဆင်ပြေအောင်နေ၊ အမေတို့အတွက် ဘာမှ စိတ်မပူနဲ့” ဟု ပြောရသည်။

အခုက သမီးဆီက ဖုန်းမလာသည်ပင် တစ်လကျော်လို့ တစ်ပတ်ပင် စွန်းတော့မည်။ သမီးတစ်ယောက် နေမှ ကောင်းရဲ့လား။ အေးမူ စိတ်ပူရသည်။ ဖုန်းအိမ်ကိုလည်း “ငါ့ သမီးဆီက ဖုန်းမလာဘူးလားဟဲ့” လို့ ခဏခဏ သွားမေးရလွန်းသဖြင့် အေးမူကို အတော်ပင် အမြင်ကတ်နေလောက်ပြီ။ တစ်နေ့ကတော့ “ဖုန်းလိုင်းတွေ ကျနေတယ် အဒေါ်ရဲ့” ဟု ပြောသဖြင့် ဖုန်းလိုင်းကျနေလို့များ သမီး ဖုန်းဆက် မရတာများလားလို့ အေးမူ တွေးဖြစ်သည်။

သည်နေ့တော့ အိပ်မက်တွေလည်း မကောင်း။ အိပ်မက်ထဲမှာ သမီး...သမီးနှင့် အော်ခေါ်နေလိုက်တာများ အခု ပြန်တွေးရင်းတောင် ဇောချွေးပြန်မိသည်။ သမီး ဘာဖြစ်နေပါလိမ့်။ သမီး ဘာမှမဖြစ်ပါစေနှင့် ဟုသာ ဆုတောင်းရင်း စပါးစိုက်ရတာလည်း စိတ်မပါ။ ထို့ကြောင့် မြခင်က သတိပြုမိပြီး မေးခြင်းဖြစ်သည်။

“အေးမှုတို့ မြခင်တို့ရေ ... ခဏ နားရအောင်ဟေ့။ ရေသောက်၊ ကွမ်းစားပေါ့ဟယ်။ နောက် နာရီဝက်ဆို ဒီတစ်ကွက် ပြီးလောက်ပြီ။ ပြီး ... အေးအေးဆေးဆေး ထမင်းလေး ဘာလေး စားပြီးမှ ဟိုဘက် ကူးကြတာပေါ့”

••••• ••••• •••••

အေးမှု စိတ်တွေ ထိုင်းမှိုင်းနေ၏။ မနက်ကပဲ အစောကြီး နိုးလို့လား။ ညကလည်း အိပ်မပျော်သဖြင့် ဘာရယ်မဟုတ် မလှုပ်ချင် မသယ်ချင် ဖြစ်နေသည်။ ခေါင်းထဲကလည်း တစ်ချက် တစ်ချက် မူးရီနေ၏။ သွေးတိုးတက်ချင်တာများလား။ မနက်ကတည်းက တစ်မျိုးကြီး ဖြစ်နေသော ခံစားမှုက လှိုက်တက်လာပြန်သည်။

“အေးမူရေ... သွားရအောင်ဟေ့။ လှေ ရောက်နေပြီ”

မြခင် လာခေါ်မှ ထိုင်ရာမှ စိတ်မပါစွာ ထပြီး ကမ်းဘက်ဆင်းခဲ့သည်။ ကမ်းဘေး ဓနိတော တစ်ဝိုက်မှ လေတစ်ချက် ဝေ့ခနဲ တိုက်လိုက်သဖြင့် လူက စိမ့်တက်သွားပြီး ကြက်သီးဖြန်းခနဲ ထ၏။ ဘာလဲ .. ။ အေးမူ ဘေးဘီ တစ်ဝိုက်ကို ဝေခွဲမရစွာ ဝဲကြည့်မိသည်။ နောက် ကမ်းဘက်ကို ခပ်မြန်မြန်ပင် ဆင်းလိုက်မိသည်။ ကျောမလုံသလို ခံစားလိုက်ရသဖြင့် နောက်ကို တစ်ချက် လှည့်ကြည့်ဖြစ်သေးသည်။ ဘာမျှမရှိပါ။

“လာ...အေးမူ၊ ငါ့လက်ကို ဆွဲချေ”

မြခင် ကမ်းပေးသော လက်ကို လှမ်းဆွဲရင်း ရွှံ့ထဲကို စနင်းသည်။ ခြေကျင်းဝတ် အထိ နှစ်သွား၏။ နောက်တစ်လှမ်း လှမ်းတော့ ခေါင်းထဲ မိုက်ခနဲဖြစ်၏။ နားထင်ကို ထောက်ပြီး တစ်ချက် ရှုံ့မဲ့ပြီး ညည်းညူမိရင်း သတိရလိုက်မိသည်က ဘုရား...ဘုရား...ရေတွေ။ အိပ်မက်ထဲက မြင်ကွင်းကို တန်းမြင်လာသည်။ အသက်ရှူ မဝသလို ခံစားလာရ၏။

“အေးမူ ... ဘာဖြစ်တာလဲ”

“ညတုန်းက အိပ်ရာဝင် နောက်ကျသွားလို့ ထင်တယ်။ နည်းနည်း မူးချင်နေလို့”

“ရရဲ့လားဟယ်။ မရရင် နေခဲ့လိုက်ပါလား”

“အင်း... ရပါတယ်”

မြခင်လက်ကို လှမ်းကိုင် ထိန်းထားရင်း နောက်တစ်လှမ်း ဆက်လှမ်းတော့ အေးမူ တစ်ကိုယ်လုံး မသိမသာ တုန်နေသည်။ အေးမူ မလိုက်တော့ဘူး ပြောလျှင် ကောင်းမလား။ သို့သော် အေးမူ မပြောဖြစ်။ လည်ချောင်းဝမှာ တစ်ခုခု တစ်ဆို့နေသလို ခံစားရသည်။ လူက အသိစိတ်မဲ့နေသူလို တွေဝေစွာ။ ဘာမှ မဖြစ်ဘူးဟု အားတင်း လိုက်မိရင်း ခဏနေတော့ လှေနား ရောက်လာသည်။ လှေပေါ်မှ ကြူကြူက လက်ကမ်းပေးသဖြင့် ထိုလက်ကို လှမ်းထိန်းဆွဲရင်း လှေပေါ်ရောက်၏။

ခေါင်းထဲက ပိုမူးနောက်လာသည်။ အသက်ကို ပြင်းပြင်း ရှူသွင်း၊ ရှူထုတ် လုပ်ရသည်။ ပတ်ပတ်လည်ကို ကြည့်တော့ ရေတွေ။ အေးမူ မျက်လုံးကို မှိတ်ချထားလိုက်ပြီး ရသမျှ ဘုရားဂုဏ်တော်တွေကို ပွားများနေလိုက်မိသည်။ သမီးကို သတိရသည်။ သားငယ်ကိုလည်း တမ်းတမိသည်။ ရင်ဘတ် တစ်ခုလုံး ဟာနေသည်။

လှေက ကမ်းကနေ တဖြည်းဖြည်း ခွာလာသည်။ လှော်တက်နှင့် ရေ ထိခတ်သံကို ကြားနေရသည်။ အေးမူ မျက်လုံး မဖွင့်ရဲ။ ဘုရား ဘုရား..အေးမူ လိုက်လာမိတာ မှားပြီလား။ မျက်လုံးကို ပြန်ဖွင့်ကြည့်တော့ ကမ်းက အတော်ဝေးဝေးမှာ ရောက်နေပြီ။

“ရေထနေတယ်။ ဒီနေ့ ရေကို ကြည့်ရတာ တစ်မျိုးကြီးပဲ”

မနက်က ပိုက်သိမ်းရာမှ ပြန်လာသော ကိုဘကြည် စကားကို သတိရတော့ အေးမူ မျက်လုံးတွေ ပြာတက်သွားသည်။ ကိုယ်က တဆတ်ဆတ် တုန်လာ၏။ ဗုဒ္ဓဘုရား... ကယ်တော်မူပါ။ အေးမူ တွေးသလို မဖြစ်ပါစေနှင့်။

“အေးမူ”

မြခင်က လှမ်းခေါ်သည်။

“သမီး…သမီး...”

သမီးကို ခေါ်မိသည်။ သမီး ဘယ်မှာလဲ။ အေးမူ အသိတွေ မိုက်ခနဲ ဖြစ်သွား၏။ အေးမူ သမီးကို အော်ခေါ်နေမိသည်။ ဟော ရှေ့မှာ သမီး။ သမီးရေ ... ။ သမီးက လှည့်မကြည့်။ အန်ချင်လာသဖြင့် လှေဘေးကို ခေါင်းထိုးချလိုက်သည်။ အလျဉ်ပြင်းပြင်း စီးဆင်းနေသော ရေကို မျက်နှာနား ကပ်မြင်လိုက်ရသဖြင့် ဆတ်ခနဲ တုန်သွားကာ ချက်ချင်း ရုန်းမိသည်။ လှေက တစ်ချက် လှုပ်သွား၏။

“ဟဲ့ … အေးမူ”

မြခင် အသံကို နောက်ဆုံး ကြားလိုက်သည်။ အေးမူ အေးခနဲဖြစ်သွားခြင်းနှင့်အတူ အသိတစ်ခုလုံး လွတ်ထွက်သွားလေသည်။ ထို့နောက်မှာတော့...

“သမီး…သမီးရေ”

အေးမူ သမီးနောက်ကို မောပန်းတကြီး ပြေးလိုက်နေမိတော့သည်။ ။

▢  ထူးခန့်ညီ
📖 မဟေသီ မဂ္ဂဇင်း
      မေလ ၊ ၂၀၁၆

No comments:

Post a Comment