Monday, August 31, 2026

မရိုးပေါက်ပေါက် ခြေနဲ့ ကျောက်

❝ မရိုးပေါက်ပေါက် ခြေနဲ့ ကျောက် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ကုလားပဲမှော် ကုလားပဲမှုန်များသည် လေသွေးတိုင်း လူးလွင့်သည်။ လေပြည်က ပြင်းလာလျှင် ရွက်ကြေရိုး ကျများသည် မှောင်ထအောင် လွင့်ဝေသည်။ ဥသြတွန်သံသည် ဝေးလိုက် နီးလိုက် တွန်အော်နေရာက တဖြည်းဖြည်း ဝေးသွား၏။ ထို့နောက် ပျောက်သွား၏။ ရီးကျီးဒန်သည် ကုလားပဲတလင်းကို မကြည့်ရဲပေ။ ကုလားပဲတလင်းထဲတွင် နယ်စရာ တစ်နေ့တာ ကျန်သေး၏။ ယခု နေကြွပ်ကြွပ်ပူဆဲ၌ နွားသုံးကောင်ဖြင့် နင်းလိုက်ရလျှင် အဘယ်မျှ ကောင်းမည်နည်း။ တစ်ကြိမ်တည်းဖြင့် ကျွတ်လိုက် ဖြူလိုက်မည့် ဖြစ်ခြင်း။

ကုလားပဲနှင့် မတ်ပဲကို ချစ်ချစ်တောက် နေပူထဲတွင် နယ်မှ တန်ကာကျ၏။ ကျသော်ငြား ရီးကျီးဒန်မှာ ကြည့်သော်မျှ မကြည့်နိုင်ချေ။ ပူလောင်အိုက်စပ်ခြင်းသည် တစ်လောကလုံးကို ဝါးမျိုထားသည်။ အရာ အားလုံးကို ပူလောင်နေသည်။ သည်အချိန်တွင် မည်သို့လျှင် ကုလားပဲ တလင်းထဲသို့ ထွက်ပါမည်နည်း။

ရီးကျီးဒန်သည် အိမ်အောက်ဝင်နေသည်။ သစ်ပင်ရိပ် အိမ်ရိပ် နှစ်ထပ်ရသောနေရာ။ ထို့ပြင် အင်္ကျီချွတ်ကာ ယပ်ခတ်နေသေးသည်။ သို့ပါလျက်နှင့် ချွေးသည် စမ်းရေစိမ့်ဘိသို့ ထွက်သည်။

“အမယ်လေး သေရချည့်ရဲ့၊ ဘယ်ဘဝက ဝဋ်ကြွေးကြောင့်များ သည်လောက်ပူရတာပါလိမ့်”

‘မတော်မတည့်တွေ ပြောပြီ’ စိတ်ထဲမှ မှတ်ချက်ချရင်း ရီးဆေးရိုး လှည့်ကြည့်သည်။ လှည့်ကြည့်ငြား သူလည်း ပူသည်သာပင်။ လေပြည်ကလေး တစ်ချက်တလေ သုတ်ဖြူးလာမှ သက်သာသည်။

‘အရိပ်ထဲကလူတောင် အခုလောက် ဖြစ်နေရင် နေပူကြီးထဲက ဝါပင်တွေ၊ နှမ်းပင်တွေ သေများ ကုန်ရော့လား’ 

ကိုယ့်အရေးကို အသာထားပြီး လယ်ပြင်ရှိ အပင် တွေအတွက် လှမ်းပြီး ကြောင့်ကြသည်။ ကြောင့်ကြမိပြီးမှ ‘အေးလေ ငါပူနေလည်း ပူတာပဲ ရှိမှာပေါ့၊ ဘာ တတ်နိုင်မှာတုံး’  

“ဖိုးကြီးအို သောက်ဦးမလား”

တိမ်ကလေး တစ်စတလေ မြင်ရမည်လား မျှော်ကြည့်ရာမှ ရီးကျီးဒန်ကို လှည့်ကြည့်သည်။ ရီးကျီးဒန်၏ လက်ထဲ၌ မြေအိုးအသစ်ကလေး မြှောက်ပြနေသည်။

အိုးသစ်ဖြင့်ထည့်ကာ ကြမ်းကြားလေခံထားသော ဖျော်ရည်အိုးဖြစ်၏။ ဖျော်ရည်ဆိုသော်ငြား ထွေထွေထူးထူးကား မပါရှိ။ မနေ့တစ်နေ့ကမှ ‘ထုထား’ သော မန်ကျည်းသီးအသစ်၊ ရှလည်း ရှ၊ ချိုလည်း ချိုသော ထန်းလျက် အသစ်၊ ထို့ပြင် ဆားက လက်သန်းဖျား လောက်၊ သည်မျှသာ။

ကြမ်းကြားလေ အတိုက်ခံထားသော အိုးထဲက ရေသည် အေးစက်မြဲပါ။ ပူလောင်သော သည်နွေနှင့် အလွန်လိုက်ဖက်သည်။ သောက်လိုက်ရလျှင် အဘယ်မျှ ကောင်းမည်နည်း။ ရင်ထဲအသည်းထဲတွင် အေးသွားမှာပဲ အတွေးဖြင့်ပင် အပူတစ်ဝက် လျော့သည်။ သို့သော် မဖြစ်သေး။

ထန်းလျက်နှင့် မန်ကျည်း အချိုနှင့် အချဉ် မျှတ တွဲဖက်ထားငြား ‘သက်စာ’ ချည်းဖြစ်သည်။ ဝမ်းထဲ၌ ရှင်းရှင်းလင်းလင်း မရှိလှ။ သို့ကြောင့် “ညည်းပဲ သောက်ပါအေ” ပြောလိုက်ရသည်။ စကားဆုံးမှ ထပ်ဆင့်မိပြန်၏။

“ညည့်မြေးတွေ မြင်သွားရင် လောက်မှာတောင် မဟုတ်ဘူး”

ပြောရင်းက မြေးများထံ မျှော်ကြည့်မိသည်။ မြေးများသည် ထူးဆန်းစွာ ငြိမ်သက်နေကြ၏။ ချောင်း ကမ်းနဖူး ပြည်ပန်းညိုပင်ရိပ်တွင် သဘောကျနေ၏။ မည်သည်တွေ သဘောကျနေသည်ဟူ၍ကား အတပ် မသိ။ ခြေရင်း ခေါင်းရင်းအိမ်နှင့် သူတို့ညီအစ်ကို မောင်နှမတွေ ညီအစ်မတွေ ပေါင်းလျှင် ဆယ်ယောက် ကျော်သည်။

••••• ••••• •••••

လေသုတ်လျှင် ပြည်ပန်းညိုရွက်ကလေးတွေ လှုပ်လာ၏။ အရွက်လှုပ်တိုင်း သင်းသင်းသက်သက် အနံ့ကလေး ထွက်လာ၏။ သို့ရာတွင် ကလေးတို့မှာ ဤသည်ကို မသိ။

လေသင်း လေသက်ကိုသာ မဟုတ်ပါ။ ကလေးတို့မှာ နေပူသည်ကိုလည်း မသိပါ။ သူတို့သည် လောကကြီးကိုလည်း မသိတော့ပါ။ အားလုံးသော အာရုံများသည် ငတက်ပြားမ၏ လက်ထဲတွင်ရှိသော ကြိုးကွင်းတွင် စုရုံး ပြုံဝပ်နေကြ၏။

‘ရသေ့စိတ်ဖြေ’ ကြိုးကွင်းကလေးသည် ငတက်ပြားမ၏လည်ပင်းတွင် စွပ်လျက်ရှိသည်။ ကြိုးစကို တင်းအောင် ဆွဲသည်။ ကြိုးစနှစ်စကို ကြက်ခြေခတ်ကာ ပါးစပ်တွင် ကိုက်ထားသည်။ ထို့နောက် ကျန်နေသော ကွင်းဖြင့် ခေါင်းကို ထပ်စွပ်ပြန်သည်။ ငတက်ပြားမ လက်ဝါးနှစ်ဖက်ကို ဖျတ်ခနဲရိုက်ပြီး ခွာလိုက်သည်။

ရယ်မောသံသည် စူးရှစွာ ထွက်ပေါ်လာ၏။ ငတက်ပြားမ ကြိုးကွင်းနှစ်ထပ် စွပ်မိနေပြီ။ ခက်ခက်ခဲခဲ ဖြုတ်နေရပြီ။

“မရပါဘူးဟာ၊ ပေးစမ်းပါ ”

ကြွားကြွားဝင့်ဝင့် ရယ်မောသော ရယ်မောသံရှင် မောင်မောင်လှက ငတက်ပြားမ၏ လည်ပင်းမှ ကြိုးကွင်းကို လှမ်းဖြုတ်သည်။ ငတက်ပြားမက ခေါင်းကို တိမ်းဖယ်ရင်း တွန်းပစ်၏။

“ မကျေသေးဘူးဟာ၊ ထပ်လုပ်ဦးမယ်”

“မဖြစ်ပါဘူးဟာ”

“ဟင် ကျွန်တော့်ကျတော့ကော”

လုပ်ချင်လွန်းသဖြင့် လက်တပြင်ပြင်ဖြစ်နေသော မောင်ထွေးက မော့ပြီး မေးသည်။

“မင်းက ဘာအသုံးကျတာ မှတ်လို့”

“ဟုတ်ပါတယ်၊ သူပဲ အသုံးကျတယ်”

မချောစိန် တစ်မိပေါက်တွင် အငယ်ဆုံးဖြစ်သော လှအုံးမယ်၏ မျက်စောင်းနှင့်အတူလာသည့် အငေါ့။ ငေါ့ရုံဖြင့် မပြီးသေး။

“ဒါ့ကြောင့် သူ့ကို မနေ့တုန်းက အမေကြီးက ခေါက်တာ။ မှို့တောင်းကို မွှေတာတဲ့၊ ဘုရားရှိခိုးနေသလားမှတ်ရ”

ငယ်ကျိုးငယ်နာ ဖော်သည်။ မောင်မောင်လှ မခံနိုင်။ “လှလှနော် ငါ့ကို မစနဲ့ဗျား” ဟုဆိုသည်။ သူတို့ အမေကြီးက လေကြွေ ‘ရှဉ့်ကိုက်’ လက်ပံသီးများကို ကောက်ယူစုဆောင်းကာ ခြင်းကြားတောင်းကြီးထဲတွင် ခွဲဖြဲထည့်သည်။ နေပူစပ်တွင်ချပြီး ‘ချာလှည့်’ ဖြင့် တောက်သည်။ ချာလှည့်မှာ ထိပ်ဖျား၌ ကြက်ခြေ ခတ်နှစ်ခု တပ်ထားသော တုတ်ချောင်းပင်။ ထိုတုတ် ချောင်းကို လဲမှို့တွင်း ထိုးသွင်းကာ ချာချာလည်အောင် မွှေပေးရသည်။ မွှေပေးရာ၌ တုတ်ကို လက်ဝါးနှစ် ဖက်ကြားညှပ်ကာ လက်ဝါးချင်း ပွတ်ပေးရခြင်း ဖြစ် ၏။ အမေကြီး တစ်ခုခုမလုပ်လိုက်နှင့်၊ လုပ်ပြီဆိုလျှင် သည်နှစ်မိပေါက် အုံပြီးလာပြီ။ ချာလှည့်မှ ဒလက် များနှင့် မြို့စေ့များ ထိခိုက်မိလျှင် မှို့စေ့များ ကြွေကျသည်။ ထိုအခါ ဖြိုးဖြိုးဖြောက်ဖြောက်အသံများ ထွက်ပေါ်လာသည်။

ဤသည်ကို ကလေးတွေသဘောကျ၏။ “အမေကြီး ကျွန်တော်လုပ်ချင်တယ်၊ ကျွန်မ လုပ်ချင်တယ်” သို့သော် ငတက်ပြားမက အပါး။ ရှေ့ဆုံးက ဝင်လုပ်သည်။ ဝင့်ဝင့်ကြွားကြွား မော်မော်မောက်မောက် မျက်နှာထားဖြင့် လုပ်ပြနေရာ မောင်မောင်လှက အတင်းဝင်လု၏။

“ပေးဟာ၊ ငါလုပ်ဦးမယ်”

ငတက်ပြားမသည် သည်အလုပ် မဟန်ကြောင်း၊ အလွန်ညောင်းညာကြောင်း သဘောပေါက်ပြီ။ ပေါက်ပါလျက် အင်တင်တင် လုပ်၏။

“သွားစမ်းပါ၊ နင်မလုပ်တတ်ပါဘူး”

သူ့ကိုယ်သူ အလွန် လူရာဝင်လှပြီ၊ လူကြီးဖြစ်နေပြီ ထင်နေသော မောင်မောင်လှ ခံပြင်းမိသည်။

“မကြီးကျယ်စမ်းပါနဲ့ အငယ်ရာ”

“လဲစေ့တွေ စင်အောင် သေသေချာချာ လုပ်ရမှာနော်”

“သိပါတယ်ဟာ”

ငတက်ပြားမသည် အသေအချာချည်တုပ်ပြီးမှ ‘ချာလှည့်တံ’ ကို မောင်မောင်လှ၏ လက်ထဲသို့ ထည့် သည်။

“အမေကြီးရေ အလှက အတင်းတောင်းလို့ ပေးလိုက်ရတယ်”

ရီးကျီးဒန်သည် ဆေးပေါ့လိပ်ကြီး အငေါ့သားဖြင့် ငေးမော တွေးတောနေရာက ခေါင်းညိတ်သည်။ မောင်မောင်လှမှာ ပွတ်ခါစတွင် စိတ်ဝင်စားငြား ဆယ်ချက်ခန့် ပွတ်အပြီး၌ လက်ညောင်းလာ၏။

“နေရာရွှေ့လှည့်၊ ရွှေ့လှည့်”

အမေကြီးက ဂရုတစိုက်ပြောနေသဖြင့် မလှည့် ရသေးသောအပိုင်းကို ရွှေ့ပြောင်းရသည်။ သို့သော် မောင်မောင်လှ စိတ်မပါတော့ပါ။ စိတ်ပါဝင်စားစွာ အုံကြည့်နေသူများသည် ရှဲသွားကြ ခွာသွားကြပြီ မဟုတ်လား။ တစေ့တစောင်း အကဲခတ်သည်။ ငတက်ပြားမ ဦးဆောင်လျက် တစ်စုံတစ်ရာ ကစားနေကြပြီ။ ‘ဘုတ်ကေဆီဆမ်း’ လား၊ ‘ဇယ်’ တောက်လား၊ ‘ဘုတ်’ ဖမ်းတာလား၊ ပုရွက်ဆိတ်နဲ့ ခြနဲ့ နပန်းလုံး တာလား။

“ဟဲ့ လုပ်လေ၊ လှည့်စမ်းမြန်မြန်”

“ညောင်းပြီ အမေကြီးရ”

“ငါ့မြေးက လိမ္မာပါတယ်ကွယ်၊ ခဏလေး ခဏလေး”

ရီးကျီးဒန်သည် မြေးများကို ချော့မော့ခဲသည်။ ယခု ရှားပါးစွာ ချော့မော့သဖြင့် မောင်မောင်လှ အားခဲ လုပ်ရသည်။ လက်မောင်းတွေ ညောင်းရာက လက်ဖဝါးပါ နာလာသည်။

လက်ဝါးလှုပ်သည်နှင့်အမျှ ချာချာလည်နေရမည့် တုတ်တံမှာ မလည်တစ်ချက် လည်တစ်ချက်။

“နာနာလှည့်စမ်းဟယ်”

အမေကြီး စိတ်မရှည်သံဖြင့်ပြောပြီကို မောင်မောင်လှ သတိမထားမိ။ “ညောင်းပြီ အမေကြီးရ” တုံ့ပြန်မိသည်တွင် ဒေါင်ခနဲ အရိုးချည်းရှိသော လက်ခေါက်ကြီးက ခေါင်းပေါ်ရောက်လာသည်။

“လဲစေ့ မွှေပါဟဲ့ဆိုမှ ဘုရားရှိခိုးနေ”

နှစ်ချက် အခေါက်မခံရအောင် မောင်မောင်လှ အမြန်ထသည်။ ထပါလျက်နှင့် လက်ငါးချောင်းက ကျောပေါ်သို့ ဗြုန်းခနဲကျလာပြန်၏။

“ပျင်းခေါင်တိုင်မျိုး၊ ကြီးလာရင် ငတ်သေမှာ”

မောင်မောင်လှမှာ အမေကြီး၏ လက်တစ်ကမ်းကို လွန်မြောက်မှ ခေါင်းကိုရော ကျောကိုပါ ပွတ်နိုင်သည်။ သည်အဖြစ်နှင့် သည်ပုံဟန်ကို လှအုံးမယ်က မျက်တောင် မခတ်ဘဲ ကြည့်နေခဲ့ရာ အကွက်ပေါ်သည်နှင့် ပြောလေပြီ။

••••• ••••• •••••

ငယ်ကျိုးငယ်နာ အဖော်ခံရသောကြောင့် “လှလှနော်၊ ငါကို မစနဲ့ဗျား” သတိပေးကာ ရှိသေးသည်။ “ဟုတ်သားပဲ” ငတက်ပြားမက ဖြည့်စွက်ပြန်ရာ အနာပေါ် တုတ်ကျဖြစ်ကာ ရသေ့စိတ်ဖြေ ကြိုးကွင်းကို မောင်မောင်လှ လုတော့သည်။ လုံးတော့သည်။ ငတက်ပြားမသည် မောင်မောင်လှထက် အသက်လည်း ကြီးသည်။ ဗလလည်း ကောင်းသည်။ သို့ပါလျက်နှင့် မျက်နှာတစ်ချက်ပျက်သည်။ ကြိုးကွင်းကို လွှတ်ပေးလိုက်သည်။

“ဒါမျိုးများ ကောင်းကောင်းကန်းကန်း လိုက်လို့”

နှုတ်ခမ်းစူရင်း ရေရွတ်ခြင်းဖြင့် ပလတ်စတစ် ကြိုးစတစ်စ ကောက်ယူသည်။ အနီရောင်ကလေး။ ထိပ်စနှစ်စကို ဆက်သည်။ ကွင်းကလေးဖြစ်သွားပြီ။ လည်ပင်းတွင် စွပ်ကြည့်သည်။ အနေတော်ပဲ။ မောင်မောင်လှဘေးတွင် အိမ်နီးချင်းများထဲမှ မေသဇင် ရှိသည်။ ငတုတ်နှင့် လှဆောင်လည်းရှိသည်။ ထို ကလေးများရှေ့တွင် မောင်မောင်လှ လုပ်ပြကာ တဟားဟား ရယ်မောနေ၏။ သူသည် ကြိုးကွင်းကို လည်ပင်း၌ စွပ်သည်။ ကြက်ခြေခတ်ထပ်လျက် ပါးစပ်တွင် ကိုက်ထားသည်။ ဦးခေါင်းကိုကွင်းဖြင့် တစ်ကြိမ် ထပ်စွပ်ပြီး လက်ဝါးနှစ်ဖက် ရိုက်လိုက်ရာ ကြိုးကွင်း ပြုတ်သွားလေ၏။

“သဇင်လည်း လုပ်ချင်တယ်”

မေသဇင်က လက်လှမ်းရာ မောင်မောင်လှ တွန့်ရုန်းသည်။

“နေပေါ့၊ ထွေးထွေးဆီ သွားမယ်”

မိမိထွေးကို မောင်မောင်လှ လှမ်းကြည့်သောအခါ ကြိုးကွင်းကို လည်ပင်းမှာ စွပ်ချည်ဖြုတ်ချည် လုပ်နေ၏။ မေသဇင် ရောက်သွားလျှင် ချက်ချင်း သူ့ လည်ပင်းမှ ဖြုတ်ပေး၏။ ကြိုးကလေးချင်း ယှဉ်စမ်း။ ကိုယ်က ဂုန်အိတ်ကြိုး၊ သူက ကြိုးနီလှလှကလေး။ သူလည်း ကိုယ့်လိုပင် ဖြုတ်တတ်ချွတ်တတ် သွားပြီ။ မနာလိုစိတ်သည် မောင်မောင်လှ၏ နှုတ်ခမ်းဖျားကို တွန်းထွက်သည်။

“တို့အတုခိုး၊ မရိုးပေါက်ပေါက် ခြေနဲ့ကျောက်၊ ဗျောက်”

မိမိထွေး ဣန္ဒြေကြီးတစ်ခွဲသား ဖြစ်နေသည်။

“တို့အတုခိုး၊ မရိုးပေါက်ပေါက် ခြေနဲ့ကျောက်၊ ဗျောက်”

ငတုတ်နှင့် လှဆောင်၏ ဝါးခနဲ ညာသံပေး ရယ်မောသံကို ကြားရသောအခါ မိမိထွေး လှမ်းကြည့်သည်။ သုံးလေးတောင်အကွာသို့ လှမ်းကြည့်ရာက မျက်လုံးကို ပြန်အသိမ်းတွင် ပစ်စရာ ပေါက်စရာ ရိုက်စရာကို မိမိထွေး ရှာသည်။

“မရပါဘူးဟာ၊ ပေးစမ်းပါ”

မောင်မောင်လှ၏ညီ ကျော်သူရကလည်း မိမိထွေးဘက် ရောက်နေသည်။ သူက မေသဇင်ထံမှ တစ်လှည့်ယူသည်။

“ကျော်သူရ ငါ့ဘက်လာကွာ၊ ရော့ ရော့”

ကျော်သူရသည် ကြိုးနီကလေးကိုစွပ်ပြီး အမျိုးမျိုး လုပ်သည်။ လည်ပင်းတွင် ‘နှစ်ထပ်’ ရစ်နေလိုက်၊ ပြန်ဖြုတ်လိုက် ဝိုင်းရယ်လိုက်ကြ။

“တစ်နှစ်သုံး၊ တို့အတုခိုး မရိုးပေါက်ပေါက် ခြေနဲ့ ကျောက်”

မောင်မောင်လှသည် ငတုတ်၊ လှဆောင်တို့နှင့် အသံညှိကာ ငတက်ပြားအား သံပြိုင်စကြပြီ။ မိမိထွေး ဆင်ကြံ ကြံနေသည်။ တစ်ချက်တည်းဖြင့် ထိထိမိမိ ရှိအောင် တုံ့ပြန်ရမည့် နည်းကို ရှာနေ၏။ မောင်မောင်လှတို့ဘက်မှ သံပြိုင်အော်ပြန်ပြီ။ လှအုံးမယ် ထပြီး ခဲဖြင့်ပေါက်သည်။ ကျောက်ခဲ အသေးကလေး တစ်လုံး ဖြစ်သည်။ မောင်မောင်လှတို့ တိမ်းငဲ့ကာ ဟားတိုက် ရယ်၏။ ထပ်မံပြီး အော်ပြန်၏။

“တို့အတုခိုး”

မိမိထွေး ဝုန်းခနဲထကာ ထင်းပုံထဲမှ ထင်းကို ပြေးဆွဲ၏။ မောင်မောင်လှကလည်း သူ့အစ်မဝမ်းကွဲ၏ သတ္တိကို သိပြီးသူမို့ အသင့်ပြင်ထား၏။ သုတ်ခနဲ ပြေး၏။ ငတုတ်နှင့် လှဆောင်မှာလည်း ရောယောင် အော်မိ၏။ မပြေး၍ မဖြစ်။

“တို့ကြောက်လို့ နောက်ဆုတ်ပြေး၊ ဘကြီးအိမ်က ချေးစားခွေး”

လှအုံးမယ်က ခုန်ဆွခုန်ဆွ အော်သောအခါ မေသဇင်နှင့် ကျော်သူရပါ ပါလာသည်။

“တို့ကြောက်လို့ နောက်ဆုတ်ပြေး ဘကြီးအိမ်က ချေးစားခွေး”

“ဟယ်၊ သည်ကလေးတွေ "

အမေကြီးသည် ပူလွန်းအိုက်လွန်းသောကြောင့် ဆူဆူညံညံအသံကိုပါ မခံရပ်နိုင်ဘဲ ရှိဟန်တူ၏။ ဖျော်ရည်အိုးသစ်ကို လက်ဝါးဖြင့် အုပ်လျက်က လှမ်းကြည့်သည်။ မိမိထွေး၏ မျက်လုံးသည် ငတက်ပြား မျက်လုံးဖြစ်၏။ အိုးသစ်သည် အလွန်အရသာရှိသော ဖျော်ရည်ဖြစ်ရမည်ဟု အတပ်တွေးမိသည့် ခဏ၌ ကြိုးနီကလေးကို ကျော်သူရလက်တွင်းသို့ အပ်နှင်းလိုက် လေ၏။

••••• ••••• •••••

မိမိထွေးသည် မျက်နှာကို အထက်ဆင်စဖြင့် သုတ်သည်။ အမေကြီးရှေ့သို့ ချွေးစီးကြောင်းကြီးတွေ သွယ်ကျနေသော မျက်နှာဖြင့်သွားလျှင် အဆိုအပြော ခံရမည်။ စိတ်အခန့်မသင့်ပါက လိမ်ဆွဲမည်။ သို့ဆိုလျှင် ဖျော်ရည်အိုးသစ်နှင့် ဝေးပြီ။ သို့ကြောင့် မျက်နှာကို ချွေးသုတ်၊ ဆံပင်ကို လက်ဖြင့်သပ်ပြီးမှ အမေကြီး ရှေ့သို့ ကုန်းကွကွ ဝင်လာ၏။

“အမေကြီး၊ အိုးလေးထဲက ဘာတွေတုံးဟင်”

“ဘာဖြစ်ဖြစ်ပေါ့အေ”

“တစ်ခုခု ဖြစ်မှာပါ”

ပြောပြောဆိုဆို အိုးကို လက်ဝါးဖြင့် ပွတ်ကြည့်သည်။ ရေစိမ့်အိုးကလေးက အေးမြနေသည်။ သာမန် အေးရုံမဟုတ်။ အနံ့ကလေးတွေကလည်း သင်းသင်းချိုချိုဖြင့်။

“မမထွေးရေ လုပ်ပါဦး၊ လုပ်ပါဦး”

မေသဇင်၊ လှအုံးမယ်နှင့် ကျော်သူရတို့ အော်ဟစ် ပြေးလွှားလာကြ၏။ မေသဇင်၏ လည်ပင်း ဖြူဖြူကလေးတွင် ကြိုးနီကြီး တင်းကျပ်နေသောကြောင့် ဖြစ်သည်။ ရီးဆေးရိုး ကုန်းထကာ လှမ်းကြည့်သောအခါ ကလေးမ မျက်လုံးပြူးနေသဖြင့် ထိတ်လန့်ရသည်။

“ဟဲ့ လာလာ၊ သည်ကိုလာ”

ခေါ်လည်းခေါ်၏။ လှမ်းလည်းဆွဲသည်။

“ခက်တဲ့ ကလေးတွေပဲ” မြည်တမ်းရင်း ခက်ခက်ခဲခဲ ဖြုတ်ပေးသည်။ ကြိုးကွင်း၏ အကျယ်အဝန်းမှာ နှစ်ကြိမ်သာ စွပ်နိုင်သည်။ သို့ပါလျက် မေသဇင် သုံးထပ် စွပ်မိသည်။ စွပ်ပြီးလျှင် ကျွတ်သွားပြီထင်ပြီး လုပ်လိုက်ရာ ယခုအတိုင်း ဖြစ်နေတော့၏။

“ကြည့်ကြည့်၊ ဘလုပ်ပြမယ်”

ကျော်သူရ၏ခေါင်းတွင် စွပ်ချသည်။

“ကြည့်၊ ဟောသည်ကြိုးက ဟိုဘက်ကို သွားတော့ သွားတယ်၊ ဒါပေမဲ့ ပြန်လာတယ်။ ပြန်လာတာ ပြုတ်ထွက်မသွားအောင် ပါးစပ်နဲ့ ကိုက်ထားရတာ။ အဲ ဟုတ်ပြီ၊ ထပ်စွပ်”

“ဟာ ကြောက်တယ် ဘ”

ပါးစပ်ဟကာ စကားပြောသဖြင့် ကြိုးပြုတ်၏။ “ငဘညိန်းရဲ့သားလို့ မပြောရဘူး၊ ငါ့လခွေး” ဆိုကာ တဟားဟား ရယ်သည်။

“သမီး လုပ်မယ် ဘ၊ သမီးလုပ်မယ်”

လှအုံးမယ်က ခေါင်းငုံ့ပေးသဖြင့် စွပ်ပေးသည်။

“ဒါမှ ငါ့သမီးကြီးရဲ့ ‘သနှောင်း’ ကွ၊ မှတ်ထားကွ၊ မှတ်ထား။ အဲသည်ဘက်ကို လာတဲ့ကြိုးဟာ ပြန်သွားရတယ်။ ပြန်သွားရင် မကျွတ်ဘူး။ မှတ်ထားနော်၊ ဟော စွပ်လိုက်၊ အဲလက်ခုပ်တီးပြီး ပါးစပ်ဟလိုက်”

လှအုံးမယ်၏ လည်ပင်းမှ ကြိုးနီကလေး ပြုတ်သွားသည်။ မျက်နှာဝင်းဝင်းကလေးဖြင့် ဟိုလူ့ လှမ်းကြည့်၊ သည်လူ့လှမ်းကြည့် “တွေ့လား ငါလုပ်တတ်ပြီ”

“မှတ်မိအောင် ထပ်လုပ်ဦး သမီး”

“ရသေ့ စိတ်ဖြေတဲ့၊ ကြံကြံဖန်ဖန် လုပ်ကြတာပဲနော်”

ရီးကျီးဒန့်စကားကို ရီးဆေးရိုး ရှင်း၏။

“အခြားတစ်ပါးကို စိတ်မလွင့်အောင်လုပ်တဲ့ ကစားစရာပေါ့အေ။ ဟဲ့အငယ်၊ ‘ဒေါ်’ ပါလိမ့်မယ်နော်၊ တော်တော့”

ရီးဆေးရိုး လှမ်းပြောမှ ရီးကျီးဒန် လှည့်ကြည့်သည်။ ဖျော်ရည်အိုးကို နှုတ်ခမ်းနှင့်တေ့လျက် မော့နေသော မိမိထွေး။ ခိုးထုပ်ခိုးထည်နှင့်မိသဖြင့် အငေါက် ခံရပြီ ထင်ကာ လည်ပင်းတိုထား၏။

“တော်တော့ တော်တော့၊ တန်ဆေး လွန်ဘေးတဲ့၊ လာ အမေကြီးကျောကို လေးငါးချက်လောက် ကြိတ်ပေးစမ်း"

ငတက်ပြားမ အခေါက်ခံရလျှင် လက်ခုပ်တီးမည်ဟု ရည်ရွယ်လျက် တံစက်ကြောင်းအောက်မှာ မောင်မောင်လှ ရပ်နေသည်။ ယခု အခေါက်မခံရဘဲ အောင်နိုင်သူ၏ အကြည့်ဖြင့် လှမ်းကြည့်ပြသောအခါ “တို့ အတုခိုး၊ မရိုးပေါက်ပေါက် ဖျော်ရည်ခိုးသောက်” အော်ပစ်လိုက်လေ၏။

▢ ဆင်ဖြူကျွန်းအောင်သိန်း
📖ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment