Saturday, August 22, 2026

ကြည့်ပေး


❝ ကြည့်ပေး ❞ 
( မောင်နေပူ - တောင်ကုတ် )

ဝေးတသက်သက် ဆိုတဲ့အတိုင်း လူက အိမ်ကို မြန်မြန် ပြန်ရောက်ချင်နေပြီ။ ခရီး အတိုင်းအတာကလည်း ကာလရှည်ကြာခဲ့ပြီ မဟုတ်လား။ စစ်တွေက နံနက် ၆ နာရီ စထွက်လာတဲ့ ရွှေပြည်တန် အမြန်ရေယာဉ်ဟာ တောင်ကုတ်ဆိပ်ကမ်းကို ဆိုက်ကပ်တော့ ညနေ ၅ နာရီလောက် ရှိနေပါပြီ။ ကိုယ့်ရွာ အရောက် ခရီးဆက်မယ် ဆိုရင်လည်း အချိန်ရသေးရဲ့၊ ဆက်သွားလို့ မီနိုင်သေးတယ်။ ဆိုင်ကယ်ကယ်ရီတွေလည်း အဆင်သင့် ရှိနေတော့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကား ပေါ့လေ။ ဒါနဲ့ နီးစပ်ရာ ဆိုင်ကယ်တစ်စီးနဲ့ ဈေးစကား ဆိုဖြစ်တယ်။ ထုံးစံ ၃ဝဝဝ ပေါ့။

အဲဒီအချိန်မှာပဲ လူငယ်ကလေး တစ်ယောက်က လာနှုတ်ဆက်တယ်။ “ဆရာ၊ အိမ်ကို ပြန်မှာဆို၊ ကျွန်တော်လိုက်ပို့ပေးမယ်” တဲ့။ ဆိုတော့ကာ ပြောလက်စ ဆိုင်ကယ်ကယ်ရီသမားကို တောင်းပန်လိုက်ပြီး အဲဒီသူငယ်ရဲ့ ဆိုင်ကယ်နဲ့ပဲ လိုက်ဖြစ်သွားတော့တယ်။ မိမိကို ကျောင်းဆရာမှန်း သိတဲ့သူ ဆိုတော့ ကိုယ် သင်ခဲ့ဖူးတဲ့ တပည့် ဟောင်း တစ်ယောက်။ ဒါမှမဟုတ် မိမိ တာဝန်ထမ်းဆောင်ရာ ရွာက တစ်ယောက်ယောက် ဖြစ်လိမ့်မယ်လို့ စိတ်မှန်းကြည့်မိတယ်။ “မင်း ဘယ်လောက် ယူမလဲ” လို့ ဈေးကို စနည်းနာ တီးခေါက်ကြည့်တော့ သူက “ကြည့်ပေးပါ” တဲ့။ “ဟုတ်ပြီကွာ ဈေးကို အပြတ်ပြော” ဆိုပြန်တော့ “ဆီဖိုးလောက်ပေးပါ” လို့ ဆိုတယ်။ ဒီခရီးက ဆီစားပါတယ်ဆိုတဲ့ ဆိုက်ကယ်တောင်မှ အလွန်အမင်း ကုန်လှ ရေသန့်ဘူး တစ်ဘူးပေါ့။ ဒီတော့ ၁ဝဝဝ ပေါ့။

တောင်ကုတ်၊ ကင်းတောင်၊ မအီ၊ အမ်းလမ်းက ကတ္တရာလမ်းချောမို့ မြန်တယ်။ မိမိရွာက အဲဒီ လမ်းမကြီးပေါ်မှာ (၉) မိုင်လောက် မောင်းပြီးမှ ၆/၄ မိုင်လောက် ကျောက်ကြမ်းလမ်းခွဲနဲ့ ဖဲ့ဆင်းရတယ်။ အစကတည်းက ဒီလမ်း၊ အခုလည်း ဒီလမ်းပဲ၊ မင်း အရင်က မသွားဖူးဘူးလားဆိုတော့ ဒီပတ်ဝန်းကျင် ဒေသခံတွေမို့ သွားဖူးသူချည်းပဲတဲ့လေ။ အင်း၊ “အစမဖြူ၊ မမည်းတူ၊ ဘယ်သူ ကြိုက်၍ ယူသနည်း” ဆိုတဲ့ ခုံတော်မောင်ကျဘမ်းရဲ့ လင်မယားကွာရှင်းလိုမှု လျှောက်ထုံးထဲကလို ဖြစ်လာနေပြီ။ ဒီလိုနဲ့ ခရီးဆက်ကြရင်းက “ဆိုင်ကယ်က ကိုယ့်ဟာ မဟုတ်ဘူး၊ အစ်မရဲ့ ဆိုင်ကယ်ကို ယူဆွဲနေရတာ” လို့ ဖြစ်လာပြန်ရော။ နောက်တစ်ခါ “အပြန် မှောင်မှာ စိုးရတယ်” လို့ တစ်ဆင့် တက်လာပြန်တယ်။ ဒီလိုနဲ့ မယ်ထွေး ပုံပြင်ထဲက မကြီးကို စပါးကြီးမြွေမျိုသလို တဖြည်းဖြည်း တက်လာလိုက်တာ လည်ပင်း ခိုက်လာတယ်။ ကိုယ့်အိမ်ရှေ့လည်း ဒုတ်ဒုတ်ထိ ဆိုက်ရော “အများဈေးအတိုင်း၊ ထုံးစံဈေး” ပေးလိုက်ရပါလေရောလားဗျာ။

▢  မောင်နေပူ (တောင်ကုတ်)
📖 မဟေသီ မဂ္ဂဇင်း
      ဇွန်လ ၊ ၂၀၁၆

No comments:

Post a Comment