❝ ရေကြည်ဖြာမှ အေးသောကြောင့် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁
“ဆုံစီးရတော့မယ်ကွ ဆုံစီးရတော့မယ်”
ရီးကျီးဒန် နှမ်းလှန်းနေသည်ကို မြင်ရုံဖြင့် ကလေးတို့သည် ပျော်ရွှင်စွာ အော်ဟစ်ခုန် ပေါက်ကြတော့သည်။ သည်အထဲတွင် မချောစိန်ကလေးတွေက အသည်းဆုံး။ အကဲဆုံး။
“အမေကြီး နှမ်းတွေ လှန်းနေတယ်ဟ”
“အေးဟ ငါ နွားမောင်းမယ်နော်။ တင်မောင်မြင့် နင်မစီးရဘူး”
မချောစိန့် တစ်မိပေါက်နှင့် ကိုဘညိန်း တစ်မိပေါက်တို့ ဆီဆုံစီး တိုင်ပင်ကြရင်းမှ ကစားဖော်ကစားဖက် အခြားကလေးတစ်ယောက်ကို စားမာန်ခုပ်လိုက်သေး၏။
သို့ရာတွင် ဆီတစ်ဆုံ ကြိတ်ဖို့ အရေးသည် ကလေးတို့ တွေးထင်သလောက် မလွယ်။ ကိုယ် စားရန်အတွက် ကိုယ့်နှမ်းကို ကိုယ်ကြိတ်သောအခါ အမှိုက်သရိုက်ကို ‘ပြာ’ ရ တီးရသည်။ နှမ်းပိုးများ ရွေးရ ဆယ်ရသည်။ နှမ်းသန့်မှ ဆီသန့်သည်။ ဆီသန့်မှ ကြော်ကြော် ချက်ချက် ဆမ်းဆမ်း မွှေးမွှေးကလေး သင်းသင်းကလေး။ ဖုန်သောသော ခဲရောရောနှင့် ကြိတ်သော ရောင်းတမ်းဆီများမှာ ဆီပင်ဖြစ်စေဦး ပင်ကို အရောင် မကောင်း။ ဖုန်စော်ကလည်း နံသေး။ သို့ကြောင့် ရီးကျီးဒန် ခေါင်းပေါင်းကြီး တကားကား ဖြင့် နှမ်းအိုးကို ဖွင့်သည်။ နှမ်းကို ကျကျနန နေလှန်းပြီးမှ စဉ့်အိုးထဲ ထည့်ခဲ့သည်။ ဤစဉ့်အိုးအဝနှင့် အနေတော်ရှိသော အိုးတစ်လုံးဖြင့် စဉ့်အိုးကို ဖုံးခဲ့သည်။ ဖုံးသော အိုး၏ ဖင်နှင့် စဉ့်အိုး နှုတ်ခမ်းကြားတွင် ဟ နေသည့် အတွက် မီးဖိုပြာကို ရေဖျော်ပြီး ‘မံ’ ခဲ့သည်။
အိုးထဲက နှမ်းကို ပိုး ‘မထွေး’ အောင် လုပ်သောနည်းကို ရီးကျီးဒန်တို့ ရှာဖွေခဲ့ကြ ကြံဆခဲ့ကြသည်မှာ ကြာပြီ။ ကြာဆို ရီးကျီးဒန့် အမေတို့ လက်ထက်မှ သည် ရီးကျီးဒန့် လက်ထက်တိုင်။ ရီးကျီးဒန့် အမေများ လက်ထက်က နှမ်းအိုးကို ရွှံ့ဖြင့် ပိတ်ခဲ့သည်။ ဆီ ကြိတ်မည် ကြံကာ အိုးကို ဖွင့်လျှင် နှမ်းပိုး ရောက်နေပြီ။ သည်မှ တစ်ဆင့် ရွှံ့မကောင်း။ နောက်ချေးဖြင့် မံရမည် ဆိုပြီး မံခဲ့သည်မှာ ရီးကျီးဒန့် လက်ထက် အထိ။ သို့ဖြစ်ငြား နှမ်းပိုးကို မနိုင်။
နွားချေးဖြင့် မံသော စနစ်ကို ရီးကျီးဒန်ပင် အတော်ကြာအောင် ဆက်ခံကျင့်သုံးလာခဲ့ရာ ဟော ယခု မီးဖိုပြာမှ ကောင်းသည်ဆိုပြီး ပြာဖြင့် အုံခဲ့သည်။ မံခဲ့သည်။ တလင်းပြောင်ပြောင်တွင် ဂုန်အိတ်တစ်ထပ် ခင်းသည့် အပေါ်မှ ဓာတ်မြေသြဇာအိတ် အစကို ခင်း၏။ သည် အပေါ်သို့ စိုက်တောင်းထဲမှ နှမ်းတွေကို သွန်ချလိုက်၏။
လက်ဝါးဖြင့် ဖြန့်ကျင်းလိုက်၏။ အထွေးကလေးတွေ အလုံးကလေးတွေ ရီးကျီးဒန် လက်ထဲတွင် တစ်ခုပြီး တစ်ခုပါလာ၏။ ပိုးအိမ် ပိုးထွေးတွေ ဖြစ်သည်။ တစ်ထွေးတလေတွင်မူ လောက်လန်းသဏ္ဌာန် ပိုးကောင်ကလေးတွေပင် တတွန့်တွန့် တရွရွ ထွက်လာကြသည်။ ရီးကျီးဒန် မောရပါသည်။
“သန္ဓေဓဇ ဆိုတာ တားမရဘူး ထင်ပါရဲ့”
သည်နှယ်ညည်းတွားရင်း စိုက်ကြပ်ကော်မတီမှ တစ်ယောက်ယောက်နှင့် စကားစပ်မိလျှင် ဆွေးနွေး ကြည့်ဦးမည်ဟု တေးမှတ်လိုက်မိ၏။ မျိုးမကောင်းသောကြောင့် နှမ်းပင်ဘဝကတည်းက ပိုးပါလာသလား။ သို့မဟုတ် မြေကြောင့်လား။ သို့မဟုတ် ရာသီဥတုကြောင့်လား။
စပါးကို မျိုးကောင်းမျိုးသန့်၊ အထွက်တိုး စသည်ဖြင့် လုပ်ဆောင်ကြသလို နှမ်းကိုလည်း မျိုးကောင်း မျိုးသန့် နှမ်း၊ အထွက်တိုး နှမ်း၊ အထူးအထွက်တိုး နှမ်း စသည်ဖြင့် ကြံဆနိုင်ကြလျှင် မကောင်းပေဘူးလား မေးကြည့်မည်ဟု တသီတတန်းကြီး စိတ်ကူးဆက်မိ၏။ စိတ်ကူးပြတ်သွားချိန်ဝယ် ဘေးပတ်ပတ်လည်တွင် ကလေးတွေ အုံနေပြီ။
“အမယ်လေး ကုန်ပါပြီတော် ကုန်ပါပြီ”
အခြား ကလေးများမှာမူ ရီးကျီးဒန် လက်တစ်ကမ်း မမီသောနေရာတွင် ယို့ယို့ကလေးတွေ ထိုင်နေကြ၏။ မြေးများမူ နှမ်းစေ့များပေါ် ရောက်မတတ် ရှေ့တိုးထိုင်ကြ၏။ ပိုးအိမ် ပိုးလုံးတွေကို ရီးကျီးဒန် စိတ်ပျက်နေသည်။ စိတ်ညစ်နေသည်။ ကလေးတို့မူ ရီးကျီးဒန်နှင့် ဆန့်ကျင်ဘက်။ သူတို့က ပိုးထွေးပိုးလုံးကလေးတွေကို သဘောတွေ့နေကြ၏။ အသာကလေး ကိုင်ကြည့်သူက ကိုင်၊ ‘ မလုပ်နဲ့၊ ကိုက်လိမ့်မယ် ’ အော်သူက အော်၊ တွန့်ရွနေသော ပိုးကောင်ကလေးတွေကို တုတ်ဖြင့် တို့သူတို့။ သည်ကလေးများနှင့် မတူသူက မိမိထွေး။ ကိုထွန်းရ၊ မချောစိန်တို့၏ သမီး နို့ညှာမ။ ရီးကျီးဒန် အခေါ်အရမူ ငတက်ပြားမ။
ဟောကြည့် သူ့ပါးစပ်တွင် နှမ်းစေ့တွေ ပေနေသည်။ အမေကြီး ငေးမောနေဆဲတွင် နှမ်းတွေ ကျုံးပြီး ပါးစပ်ထဲ ထည့်ခြင်းဖြစ်မည်။ သည်မျှသာလော။ မဟုတ်ပါသေး။ လက်ထဲတွင်လည်း တစ်ဆုပ်တစ်မကြီး ဆုပ်ထားပါသေးသည်။ ရီးကျီးဒန် ဖျတ်ခနဲမော့ အကြည့်တွင် နှမ်းစေ့ ပေလူးနေသော မိမိထွေး ပါးစပ် လှုပ်နေသည်။ ရီးကျီးဒန့်မျက်လုံးကို မြင်ရတော့မှ ပါးစပ်ငြိမ်သွားသည်။
“လွှတ်စမ်း၊ ချစမ်း”
မိမိထွေး လက်ကို လှမ်းဆွဲပြီး လက်ဆုပ်ကို အဖြေ ခိုင်းသည်။ တစ်ဆက်တည်းပင် ထိချင်ရာထိ မိချင်ရာမိ သဘောဖြင့် ခပ်ဆတ်ဆတ်ကလေး ခေါက်လိုက်ရာ ခေါင်းကို ခေါက်မိသည်။ အခေါက်ခံရသူ နောက်ဆုတ်သွားငြား မငို။ မဲ့ပင် မမဲ့။ ခေါက်ရသူမှာကား လက်ဆစ်သုံးခုလုံး ထုံကျင်သွားရသည်။ ရီးကျီးဒန် ပို၍ စိတ်ဆိုးသွားသည်။ ဖင်ခုထိုင်ထားသော ခုံဖိနပ်ကို ဆွဲထုတ်လိုက်၏။
“သွားကြစမ်း သွားကြစမ်း”
ကလေးတွေ ရှဲသွားသည်။ ရှဲသွားကြစေကာမူ ရီးကျီးဒန် မပြီးစီးနိုင်သေး။
“တကတည်းတော် စောရနက္ခတ်နဲ့ မွေးလာသလားမှ မသိတာ၊ ဘာမှမခံနိုင်ဘူး”
မြေးမကို မျက်စောင်းခဲကာ ဆီမန်းမန်းသည့်နှယ် ရေရွတ်မိသည်။
••••• ••••• •••••
၂
“ဆွမ်းတော်ဗျို့”
မအားရာတွင် အပ်အငှား လာသည် ဆိုသည်မှာ ဤအဖြစ်ပင် ထင်ပါ၏။ နှမ်းလှန်းရင်း ပြာစင် ရွေးချယ်နေဆဲတွင်မှ ဆွမ်းခံဝင်လာသည်။ လှန်းထားသော နှမ်းမှာ ကလေးရန်ကိုသာ ကြောက်ရသည် မဟုတ်၊ ကျီးကန်းရန် ကိုလည်း စိုးရိမ်ရသေးသည်။ ခွေးရန်လည်း စိတ်မချရ။ အခြား ကျောင်းများသာ ဆိုလျှင် ရီးကျီးဒန် ကန်တော့ဆွမ်း လောင်းမိမည်။ ယခု ဆွမ်းလာရပ်သော သာမဏေနှင့် ကျောင်းသားများမှာ ရွာဦး လေးထပ်ကျောင်းမှ ဖြစ်သည်။ ကိုယ့်ရွာကျောင်းကိုကား ကန်တော့ဆွမ်း လောင်း၍ မဖြစ်။
“ဟဲ့ ငတက်ပြားမ၊ လှမ်းကြည့်လိုက်စမ်း။ လှမ်းကြည့်ဆိုပေသည့် အနားတော့ မကပ်နဲ့”
သဘောမကျသော်ငြား မိမိထွေး ကိုပင် အော်ပြီး တာဝန် ပေးလိုက်ရ၏။ လက်ဆော့ပေမဲ့ သူကမှ ဖျတ်လတ် ချက်ချာသည် မဟုတ်လား။ သို့သော် ရီးကျီးဒန် နှမ်းဗန်းဘေးမှ သုံးလေးလှမ်း လှမ်းအပြီးတွင် တန့်သွားရ၏။
ကျီးကန်းတစ်ကောင်သည် မန်ကျည်းပင် ကိုင်းကြားတွင် ခိုနားကာ အလစ်ကို စောင့်နေခဲ့ရာ သူ ကြောက်လောက်၊ လန့်လောက်သော လူကြီး ကျောခိုင်းသည်နှင့်တစ်ပြိုင်နက် အတင်း ထိုးဆင်းလာ၏။ ကလေးတွေကိုကား ကြောက်ရန် ဝေးစွ၊ မုန့်ပဲသရေ စာကိုပင် လုယက်ထိုးသုတ်နေကျဖြစ်ရာ မမှုပေ။ ထို့ကြောင့် ထိုးဆင်းလာသည်။
ရီးကျီးဒန် ချက်ချင်း ပြန်လှည့်သည်။ “ဟဲ့ရွှေး ဟဲ့ရွှေး” အော်သည်။ လက်ကို ဝှေ့ယမ်းမောင်းနှင်သည်။ သို့သော် ပါသွားပြီ။ ကျီးကန်းပါးစပ်ထဲတွင် နှမ်းအထွေးလိုက်ကြီး ပါသွားပြီ။ ပိုးထွေးပိုးလုံးကို ချီသွားသည် ဆိုရငြား သည်အထွေးအလုံးတွင် ကပ်လူးလျက် ပါသွားသော နှမ်းစေ့တွေက မနည်း။
“ကဲ ကဲ ငတက်ပြားမ၊ ညည်းပဲ ဆွမ်းပန်းကန် သွားယူပြီး လောင်းလိုက်စမ်း။ ညည်းတို့သာ ဆိုရင်တော့ ကျီးကန်းက အမဲ”
မိမိထွေးတို့ သည်နေရာတွင် ဖင်ပေါ့၏။ နှစ်ခါ မခိုင်းရပေ။ ဖြိုးခနဲ ဖျတ်ခနဲ အိမ်ပေါ် ရောက်သွားသည်။ ဆွမ်းလောင်းရန် ထည့်ထားသော ဆွမ်းပန်းကန် မည်သည့်နေရာတွင် ရှိကြောင်းကိုလည်း သူ သိပြီးသား။ သို့ကြောင့် ဆွမ်းပန်းကန်ကို ကိုင်ပြီး သူဆင်းလာ၏။
“ခြေထောက်ချင်း ပူးပြီး ဆွမ်းပန်းကန်ကို လက်နှစ်ဖက်နဲ့ ကိုင်လောင်းရတယ်ဟဲ့ ကောင်မရဲ့”
အပြေးချဉ်းကပ်သွားကာ ခြေကားရား လက်ကားရားဖြင့် ဆွမ်းလောင်းသည်။ သို့အတွက် ရီးကျီးဒန်က ပြောလိုက်ခြင်းဖြစ်သည်။
“မအေ၊ ဖအေကလည်း မဆုံးမဘူး ထင်ပါရဲ့တော်”
မြည်တွန်တောက်တီး၍မှ မဆုံးသေး၊ မိမိထွေး လက်မှ ပန်းကန်လွတ်ကျ၏။ လွတ်ကျသည့် နေရာမှာ ဓားသွေးကျောက်ပေါ်တည့်တည့်။
ရီးကျီးဒန် ဒေါသ မသိမ်းနိုင်တော့ပြီ။ ဆဲတော့ဆိုတော့သည်။ မိဘ ‘ ဂိုဏ်း ’ ရိုက်တော့သည်။
မိမိထွေး၏ မိဘမှာ ရီးကျီးဒန်၏ သမက်နှင့် သမီး။
“လိုချင်ရင် အမေရဲ့ အမေရဲ့နဲ့ လာပြီ။ မျက်နှာသေ မျက်နှာမွဲနဲ့။ မအေနဲ့ ဖအေ အိုကြီးအိုမနဲ့ လုပ်နေရပါ ကလားဆိုပြီး”
ရီးကျီးဒန်၏ ပန်းကန်မှာ စင်အောင် ဆေးမထားသည့် အတွက် ဆီဖြင့် ချွဲနေသည်။ သို့ဖြင့် သတိမထားမိပဲ ကိုင်သောအခါ လျှောကျသည်။ ပင်မတရားခံမှာ ရီးကျီးဒန်။ သို့သော် ချောစိန်မှာ အချောင် အပြောအဆို ခံနေရသည်။ ကြားကလည်း မကြားရသဖြင့် ချေပခွင့်မရ။
နှမ်းတစ်ပြည်လောက်ကို အရိပ်ထဲ သယ်လာကာ ဆန်ခါစိပ်ဖြင့် ချသည်။ လက်ဖြင့် ပွတ်လိုက် ချေလိုက်၊ ဆန်ခါကို ကိုင်မြောက်လှုပ်ခါလိုက် လုပ်တော့မှ ပိုးထွေးကြီးတွေ စိတ်ထင်တာထက် များသည်။
ယင်းတို့ကို ‘ယု’ ပြီး ဖယ်ထားသည်။ ဆန်ခါဖြင့် ချပြီးသား နှမ်းကို ဖုန်စင်အောင် ပြာပြန်သည်။ ပြာပြီး သမျှကို အခင်း တစ်ခြမ်းတွင် ဖြန့်ထားခဲ့ကာ မချရ၊ မပြာရသေးသည်များကို သယ်ယူလာပြန်သည်။
တစ်ချိန်ထက် တစ်ချိန် နေပူလာသည်။ နေပူ လာသည်နှင့်အမျှ ရီးကျီးဒန် ပင်ပန်းလာသည်။ တစ်ကိုယ်လုံး ချွေးတွေ ရွှဲလာသည်။ သို့နှယ် ပင်ပန်း လာလေလေ နေနိုင်ရက်သော သမီးကြီးကို ဒေါသဖြစ် လေလေ။
“ငါ့မအေနဲ့ ဖအေအိုကြီးအိုမနဲ့ လုပ်နေကိုင်နေရပါလားဆိုပြီး ရေတစ်အိုး လာပို့ဖော် မရဘူး၊ နွားစာ တစ်ဆုပ် ကူစဉ်းပေးဖော် မရဘူး။ အခုလို ပင်ပင်ပန်းပန်း ဆိုဝေးသေး”
ဆက်၍ မြည်တွန်တောက်တီးတော့သည်။ ဇာတ်လမ်းအစကို မသိသူအဖို့မူ ‘ သည်အမယ်ကြီး တစ်ယောက်တည်း စကားပြောနေတာ သူငယ်ပြန်နေပြီ ထင်တယ်’ ပြောစရာပေတည်း။ ရီးကျီးဒန် အဖို့မူ ပင်ပန်းလေ ဒေါသထွက်လေ။ အိမ်ဝိုင်းထဲသို့ နွားတစ်ကောင် ဝင်လာသည်။ မည်သူ့နွားဟု ရီးကျီးဒန် မစောကြော။
“ဘယ်သေနာရဲ့နွားက အိမ်ဝိုင်းထဲ ဝင်လာရပြန်တာလဲ”
ပြော၍ ပြီးတော့မှ ကိုယ့်အမှား ကိုယ် သိသည်။ နွားမှာ အိမ်ခြံပေါက် နွားနက်ကလေးဖြစ်၏။ နွား၏ နောက်တွင် ရီးဆေးရိုးလည်း ပါလာ၏။ အမှန်မှာ ရီးဆေးရိုးသည် ထိုနဘိုက် (နွားပိုက်) ကလေးကို ထမ်းပိုးတင်ရန် စတင် လေ့ကျင့်နေခြင်းဖြစ်၏။
နံနက်စောစော တံစဉ်ဆွဲကာ အိမ်မှ ထွက်သွားစဉ်ကပင် နဘိုက်ကလေးကို ခေါ်သွားခဲ့သည်။ နွားကို ရှေ့မှ သွားစေပြီး ကန်ကြိုးကို နွားဘို့ ဘယ်ဘက်သို့ တင်ပေးလိုက်၊ ညာဘက်သို့ တင်ပေးလိုက်ဖြင့် လှည့်တတ်စေရန် လေ့ကျင့်ပေးသည်။ နဖားဖောက်ပြီးသည်မှာ မကြာသေး။ ထို့ကြောင့် နှာ အင်မတန်နုသည်။ ဘို့၏ ဘယ်ဘက်က ကြိုးကို ဘို့၏ ညာဘက်သို့ ပြောင်းပေးလိုက်ကာမျှဖြင့် ခေါင်းလည်သွား၏။ ဤမျှ နှာနုသည်။ သည်မျှ နှာနုသောကြောင့် ကြာကြာ လေ့ကျင့်ရန် မသင့်။ မတော်တဆ အနာ ဖြစ်နိုင်သည်။ နှာပျက်သွားလျှင်ကား ‘ကျင့်ပျက်’ ဖြစ်ကာ တစ်သက်လုံး သွားပါလေရော။
မြက်ရိတ်မည့် နေရာရောက်လျှင် ‘နဘိုက်’ ကလေးကို တစ်နေရာတွင် လှန်ထားပြီး မြက်ရိတ်သည်။ လိုသလောက်ရလျှင် မြက်ထုံးကို ရွက်ကာ နွားကလေးကို အလာက ကဲ့သို့ပင် ‘လမ်းကြောင်း’ ပေးကာ ပြန်မောင်းလာခဲ့သည်။ လမ်းတွင် တွေ့သူတိုင်း က နွားကလေးကို ကြည့်ကာ ချီးမွမ်းကြသဖြင့် တပြုံးပြုံး ဖြစ်လာခဲ့ရသော ရီးဆေးရိုးမှာ ဝိုင်းဝ ဝင်လျှင်ဝင်ချင်း ရီးကျီးဒန့်အသံ ကြားလိုက်ရရာ လှမ်းပြီး ခြေကိုပင် ပြန်ရုပ်မိသည် အထိ တုံ့သွား၏။
‘ဪ အိမ်က နွားပါလား’ အသိကြောင့် ရီးကျီးဒန် ရှက်ကိုးရှက်ကန်းဖြင့် ဒေါသတန့်သွား၏။
ရီးဆေးရိုးကလည်း ဆက်ဝင်လာကာ “စောစော စီးစီး ဘာဖြစ်နေတာလဲဟ” မေးသည်။
အဖြေမရသောအခါ မြက်ထုံးပစ်ချရင်း “ဟေ” တစ်လုံးဖြင့် ထပ်မံ မေးပြန်သည်။
“တော်ပဲ၊ ကနေ့ ဆီပွတ်မယ်ဆို တော်ရဲ့” အစချီ ကာ ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောရာ ရီးဆေးရိုး ရယ်မောလိုက်၏။
“လွယ်ပါတယ်ဟာ”
အိမ်ပေါ်တွင် ချိတ်ထားသော ‘ခွလောက်လေး’ (သားရေခွ) ကို ယူလာပြီး နှမ်းဗန်းပေါ် တင်ထားလိုက်သည်။ တစ်ဖန် သနပ်ခါးစက်များ ဖုံးနေသဖြင့် ပေါင်ပျောက်နေသော ကြည့်မှန်တစ်ခြမ်းကို ယူကာ နေရောင်တွင် ထောင်လိုက်၏။ မှန်ရောင်တစ်ချက် ပြက်လိုက်သည် ဆိုလျှင် မန်ကျည်းကိုင်းကြားတွင် ခိုနေသော ကျီးကန်းများ တဖြုန်းဖြုန်း ထပျံကြတော့၏။
ကျီးကန်းများ ရှိမည် ထင်သော နေရာများသို့ မှန်ရောင်ရောက်အောင် လိုက်လံ ထိုးလွှတ် ပေးလိုက်သော ခဏတွင် ကျီးကန်းအားလုံး ဝေးရာသို့ ပြေးခွာသွားကြလေ၏။ ထိုအချိန်တွင် ရီးကျီးဒန်လည်း နှမ်းအားလုံး ပြာစင်ပြီးပြီ။ ရွေးပြီး စင်ပြီးပေပြီ။
“ဆွမ်းတော့ လောင်းလိုက်ပါရဲ့၊ ဝတ်ခွက် (ဆွမ်း ဟင်း) တော့ လာသလား မလာဘူးလားတောင် မသိလိုက်ဘူး”
မျက်နှာမှ ချွေးကို ပုဆိုးစုတ်ဖြင့် သုတ်ရင်း ရီးကျီးဒန် အိမ်ပေါ် တက်လာ၏။
“ညည်း ဆဲဆိုနေတာ ကြောက်လို့ အသံမပေးဘဲ သွားတာဖြစ်မှာပေါ့”
“မလာတာဘဲ ခပ်ကောင်းကောင်း။ နှမ်းထုတ် နှမ်းလှန်းရတာနဲ့ ဘာမှမချက်အားဘူး။ ညက ကျန်တဲ့ ဟင်းပဲ”
“ဖြစ်သလိုပေါ့ဟာ”
ပြောပြောဆိုဆို မီးဖိုထဲ ဝင်လိုက်လာပြီး အကျိအချွဲများ ထုတက်နေသော ဆန်ဆေးရည် အင်တုံထဲ လက်နှစ်လိုက်သည်။ ဆန်ဆေးတောင်းထဲမှ ထမင်းခဲကြီးကို ဖဲ့ယူကာ ဟင်းရည်ဆမ်းသည်။ ညကကျန်သော ချဉ်ပေါင်ဟင်းနှင့် ငရုတ်သီးထောင်းပေမဲ့ စား၍ ကောင်းပါဘိ။ မြိန်ပါဘိ။ ရီးဆေးရိုး ခေါင်းမဖော်တမ်း တစ်လုတ်ပြီး တစ်လုတ် မျိုချသည်။ တစ်ပန်းကန် ကုန်မှ ရပ်တော့သည်။ အစားဆုတ်ပြီဆိုသော သည်အရွယ်သည်ပင် အစေ့အိမ်လေးခုပါသော ထန်းသီးလုံး တစ်လုံးစာလောက် ထမင်းကိုတော့ အေးဆေးသက်သာစွာ စား၍ ကုန်ပေသေးသည်။
••••• ••••• •••••
၃
ထိုင်နေကျ နေရာတွင် ထိုင်ကာ ဆေးလိပ်တိုကို ကောက် ကိုင်ပြီးမှ ရီးဆေးရိုး ခါးစန့်သွား၏။ “ဆေးလိပ်သောက်ပြီး အရသာခံနေ၍ မဖြစ်သေးပါကလား” ဟူသော အသိဝင်လာခြင်းဖြစ်သည်။
“ငါ နွားစာ ကျွေးလိုက်ဦးမယ်ဟေ့။ နှမ်းတောင်း ယူပြီး သွားနှင့်တော့”
ပြောပြောဆိုဆိုပင် ဆေးလိပ်နှင့် မီးခတ် (ဓာတ်ဆီမီးခြစ်) ကို ယူကာ နွားတင်းကုပ်ထဲသို့ ဆင်းခဲ့သည်။ ခိုင်းနွားနှစ်ကောင်က တစ်ဖက်၊ နွားမသားအမိက တစ်ဖက် နွားစာခေါင်း၏ တစ်ဖက်တစ်ချက်တွင် စားနေကြသည်။ နွားစာခေါင်းထဲတွင် အစာ နည်းနေပြီ။ သို့ကြောင့် “နန်းတိုင်” ဘေးပြေးကာ မြက်နုကောက်ရိုး ရောပြီး အပြေးအလွှား စဉ်းရသေးသည်။ တစ်တင်းခွဲ နှစ်တင်းသားလောက်ရမှ နွားစာခေါင်းထဲ ကျုံး ထည့်ပြီး ရေနှင့် မွှေပေးသည်။ မြက်စိမ်းပါသောကြောင့် ဖွဲမရော၊ နှမ်းဖတ် မထည့်။
ရီးဆေးရိုးမူ သားကိုလည်း အပြစ် မပြော၊ သမီးကို လည်း အပြစ် မတင်။ အလုအယက် စားနေသော နွားများကို ထိုင်ကြည့်ရင်း ဆေးလိပ်ကို အေးဆေးစွာ ဖွာနေသည်။ နွားကြီးနှစ်ကောင် နွားစာခေါင်းမှ နောက်ဆုတ်သွားချိန်တွင် ဆေးလိပ်မီးလည်း အစီခံသို့ ရောက်လာပြီ။ ထိုအခါကျမှ အလှည့်နွားကို ဆွဲကာ ဆီဆုံရှိသော အိမ်သို့ လာခဲ့၏။
နေ့ ပူ၍ ည ချမ်းသည် ဆိုသော်ငြား သည်လ၏ နေမှာ နွေလယ်နီးပါး ပူနေပြီ။ အနီးအနားတွင် ထန်းတောသာ မရှိပါမူ အရွက်စိမ်းစိမ်းကို မြင်ရရန်ပင် မလွယ်ကူချေ။ နွေတစ်လျှောက်လုံး ချစ်သူပျောက်ကို ရှာမည့် ဥသြငှက်သည် ထန်းတောထဲမှ အသံ ပေးနေလေသည်။ ဖုန်ကပူပူ နေကပူပူ။ ကြည့်လေရာတွင် ခြောက်ကွဲနေချိန်၌ အသံဖြင့် ဖြေဖျော်ပေးရှာ ဖော်ရသော သည်ငှက်ငယ်ကို ကျေးဇူးတင်စရာ။ ရွာခရိုးမှ မိုးနှံပင်များသော်မှ ညှိုးနွမ်းစ ပြုနေပြီ။ ရီးဆေးရိုးလည်း နေပူမခံနိုင်ပါ။ လုံချည်စုတ်ကို ပခုံးတင် ထားရာမှ ခေါင်းပေါ် တင်လိုက်သည်။
ဆီဆုံတဲတွင် ကလေးတွေ ရောက်နေကြပြီ။ အခြားလူများကား မဟုတ်။ သူ့သားနှင့် သမီးမှပေါက်သော ကလေးများ ဖြစ်သည်။ စုစုပေါင်း ခုနစ်ယောက်။ ။
“ဟဲ့ အိမ်မှာ ကျန်ခဲ့သေးလား”
မြေးတွေကို မြင်လျှင်မြင်ချင်း ရွှတ်နောက်နောက် မေးသည်။
“မကျန်တော့ဘူး ဘရဲ့”
လှမေ့သမီး မေကြည်က ဖြေ၏။
“ညည်းတို့ အဖေနဲ့အမေ ကျန်ပါသေးကော”
“ကျပ်ကျပ် အရောဝင်နော်၊ တော့်ခေါင်းကို ခေါက်သွားမယ်”
တမာပင် တစ်ပင်အောက်တွင် ရေနွေးအိုး မီးထိုးရာက ရီးကျီးဒန် လှမ်းငေါက်မှ ရီးဆေးရိုး အပြုံး ပြယ်၏။ ဆုံမျက်နှာပြင်ကို ပွတ်သပ်သန့်စင်သည်။ ထမ်းပိုးတွင် နွားကို တပ်သည်။ ‘ ကား’ နှင့် ဆက်စပ်လျက် ကျည်ပွေ့ကို ဆုံထဲ ထည့်ကာ တပ်ဆင်သည်။
“ဘ ဆုံစီးမယ်”
“နော်ယဲ ကျီးမယ်”
ကလေးတွေ ခုန်ဆွ ခုန်ဆွနှင့် ကပ်လာကြ၏။
“နေကြစမ်းပါဦးဟယ်၊ ဒီမှာ နှမ်းတောင် မထည့်ရသေးဘူး”
နှမ်းတောင်းကို ပြေးယူကာ ဆုံထဲ ထည့်သည်။ လေးပြည်ဝင်ဆုံ ဆိုသော်ငြား နှုတ်ခမ်းပြင်ပေါ်တွင် ပုံနေပေသည်။
“နေကြဦး နေကြဦး ကလေးတွေ မစီးနဲ့ဦး”
ကလေးများကို နောက်ဆုတ်ခိုင်းရင်း ကားအောက်တွင် ခုထားသော တုံးကို ဖယ်ကာ နွားကို တို့ပေးသည်။ နေလှန်းထားသော နှမ်းစေ့များမှာ သွက်နေ၏။ ကျည်ပွေ့ မဖိနိုင်။ ချော်ထွက် နေသည်။ ဤ အချိန်မျိုးတွင် ကျည်ပွေ့ ကျွတ်ထွက်နိုင်သည့် အန္တရာယ်ရှိသည်။ သို့ကြောင့် ကလေးများကို စီးခွင့် မပြုခြင်း ဖြစ်ပေ၏။
“ရေနွေးဆူပြီ တော်ရေ့”
“အေး အေး” ဆိုကာ ကားနှင့် နွားနောက်မှ လိုက်ကာ တဲပြင်ထွက်၍ ရေနွေးအိုးကို ယူသည်။ အထွက်က အတိုင်း ပြန်ဝင်ကာ နည်းနည်းချင်း လောင်းထည့်သည်။ ဘေးတွင် ပုံနေသော နှမ်းများကိုလည်း ကားနှင့် နွား လည်ပတ်သည့် အတိုင်း ရီးဆေးရိုးပါ တရွေ့ရွေ့ လည်ပတ်ရင်း တွန်းချသည်။ ကျည်ပွေ့မှ အသံမြည်လာသည်။
“ရေတောင်းနေတယ် ရီးဆေးရိုး၊ ရေတိုက်လိုက်ပါဦး”
ဆီဆုံပိုင်ရှင် မောင်စံက တံစက်မြိတ် အောက်မှ လှမ်းသတိပေး၏။ ကားပေါ်တွင် တင်ထားသော ရေနွေးအိုး လှမ်းယူကာ ရေနွေး ထပ်လောင်းစဉ် “များလည်း မများစေနဲ့နော်၊ ရေလိုက်များရင်လည်း ကျည်ပွေ့ ချွတ်မရတတ်ဘူး”
မောင်စံ သတိပေးပြန်၏။ ကလေးတွေကား ‘ ကား ’ ပေါ် ရောက်နေကြပြီ။
“ခြေထောက် ရှေ့မချရဘူး မောင်လေး”
“လိမ့်ကျမယ် ကိုင်ထား”
ကလေးကြီးများက ကလေးငယ်များကို သတိပေးသည်။ မေကြည်၏မောင် ခင်မောင်ငြိမ်းသည် မော်တော်ကားမောင်းဟန် လုပ်နေ၍ မချောစိန့်သမီး ခင်ခင်ကြီးမှာ နွားကို မြင်းအမှတ် ငေါက်ငမ်းနေသည်။
ရီးဆေးရိုးသည် ကလေးတွေနှင့် ရောနှောကာ ထိုင်လိုက်၏။ သို့သော် သူက အပျော်စီးခြင်း မဟုတ်။ နွားနှင့် ပြိုင်ကာ ပတ်နေရသဖြင့် အညောင်းဖြေ နားနေရန် တက်စီးခြင်းဖြစ်သော်ငြား အေးအေး မနားနိုင်ပါ ။ ကျည်ပွေ့ ရှေ့မှ အန်ထွက်လာသော အလုံးကွဲစ နှမ်းစေ့များကို တွန်းချရပါမည်။
ထိုအခါ ကားလက်ရန်းနှင့် ဆုံနှုတ်ခမ်းကို ထိမိသော ‘ တွန်းခုံ ’ တစ်ခုက အသင့်ရှိနေ၏။ တွန်းခုံဖြင့် ခပ်မှန်မှန် တွန်းချပေးနေစဉ် ရီးကျီးဒန်က ဆေးလိပ် တစ်လိပ် မီးညှိပြီး လာပေး၏။ သို့တစေ ရီးဆေးရိုးမှာ ကြာရှည်ကြာညောင်း မထိုင်အားပါ။ ကျည်ပွေ့ ရှေ့မှ အန်ထွက်လာသော နှမ်းကွဲများသည် ဆီဖြင့် ရွှဲစပြု လာပါပြီ။ ထိုဆီများကို အဝတ်ဖြင့် ‘ တို့ ’ ရပါမည်။
ဆီခံသော ‘ ဆီကြိုခွက် ’ သည် ကားရင်းတွင်ပင် ရှိ၏။ လိပ်ခွံတစ်ခုဖြစ်သည်။ အောက်ခံ ကရွတ်ခွေပေါ်တွင် တင်ထားကာအထဲတွင် ဆီဝနေသော ဆီသုတ်ဖတ်လည်း အသင့်ရှိနေ၏။ နွားနှင့် ကားတို့ လည်သလို ရီးဆေးရိုးလည်း ဆုံကြီးကို တရွေ့ရွေ့ ပတ်ရင်း ဆီသုတ်ဖတ်ကို ဆီမြှုပ်များထဲ နှစ်သည်။ ဆီရွှဲစိုလာလျှင် အဝတ်ကို ဆီကြိုထဲ ညှစ်ချသည်။ ဆီကြိုထဲ၌ ဆီပြည့်လာလျှင် တံစက်မြိတ် အပြင်တွင် တောင်းတစ်လုံးဖြင့် ထည့်ထားသော ဆီအိုးတွင်းသို့ ပြေးသွန်သည်။ ဆီကြိုဖြင့် နောက်ထပ်တစ် ဝက်ရချိန်တွင် တံစက်မြိတ် အစပ်မှ အသံ တစ်သံကြားရ၏။
“အဖေ၊ ဆီထွေး နည်းနည်း”
အခြားသူ ဟုတ်ပါရိုးလား၊ သမီးကြီး မချောစိန်။ မချောစိန်သည် ပန်းကန်လုံးတစ်လုံးကို ကိုင်ထားကာ ဆီဆုံနား ကပ်လာ၏။
“ကောင်မကို မပေးနဲ့။ တွတ်တာမှ မပေးနဲ့”
ရီးကျီးဒန်သည် တမာရိပ်တွင် ဆေးပေါ့လိပ်ကြီး အငေါ့သားဖြင့် ထိုင်နေရာမှ လှမ်းပြော၏။
မချောစိန် တစ်ချက် ပြုံးလိုက်သည်။ ပန်းကန်ကို ဆုံမျက်နှာပေါ် တင်ထားခဲ့ကာ တမာပင် အောက်သို့ ပြေးထွက်သွားသည်။
“အမေတို့ကတော့ တွေ့လိုက်ရင် အဆဲနဲ့ အဆူ ချည်းပဲ။ ကြည့်ပါဦး ခေါင်းထဲမှာလည်း အမှုန်ချည်းပဲ။ သမီး ဖြီးပေးမယ်နော်”
“ငါ့မှာ လက်ပါတယ်ဟေ့”
“အမေ လက်ညောင်းမှာ စိုးလို့ပါ အမေရယ်”
ပြောကာဆိုကာ ရယ်ကာမောကာဖြင့် ဆံပင်ကို ဖြေချသည်။ ဝါးဘီးဖြင့် အသာအယာဖြီး သင်ပေးသည်။ “သန်းကြီးမကြီး အမေရဲ့၊ နည်းတာကြီး မဟုတ်ဘူး။ ဟော ဟော ဖျလေးတွေ” ပါးစပ်ကလည်း ပြော၊ လက်ကလည်း ဒုတ်ခနဲ ဖျောက်ခနဲ တုပ်ပေးလိုက်သောအခါ ရီးကျီးဒန် မျက်တောင်စင်း ကျသွားလေ၏။ ထိုအချိန်တွင် ရီးဆေးရိုးသည် သမီးကြီး ယူလာသော ပန်းကန်ထဲသို့ ဆီထွေးတွေ ထည့် ထားပြီးပြီ။ မေကြည် ယူလာသော ချိုင့်ထဲတွင်လည်း ထည့်ထားပြီးဖြစ်သည့်အပြင် ဆုံပိုင်ရှင်ထံမှ ပန်းကန်ပြားတစ်ချပ် တောင်းကာ ခါးပိုက်ထဲတွင် အသင့် ပါလာသော ထန်းလျက်များ ထုတ်၍ ဆီထွေးနှင့် အားပါးတရ နယ်၍ မြေးတွေကို ကျွေးနေချေသည်။
ဆီသုတ်ဖတ်ကို ပြေးညှစ်လိုက် မြေးတွေနှင့် အလုအယက် ဝင်စားလိုက်နှင့် ရီးဆေးရိုး အလုပ်များနေ၏။ ဆီထွေး ဟူသည်မှာ ဆီကြိတ်ဖတ်နှင့် ဆီဟူ၍ တသီးတသန့် ကွဲမထွက်မီ လုံးထွေးနေဆဲ အခြေအနေကို ခေါ်ပါသည်။ မီးပေါ်တင်ကာ ကြော်၍လည်း စား၏။ ထန်းလျက်နှင့် နယ်ဖတ်ပြီးလည်း စားကြ၏။ ဖြီးသင် ပြီးသော ဆံပင်ကို မချောစိန်က ဝါးဘီးနှင့် အကျအန ပြန်ပတ်ပေးချိန်တွင် ရီးကျီးဒန် မျက်လုံးကျယ်လာ၏။
“ညည်း အခုလာတာက ငါ့ကို ခေါင်းဖြီးပေးချင်လို့ မဟုတ်ပါဘူး။ လိုချင်တာရှိလို့ လာတာပါ”
“အဲဒီလို မဟုတ်ပါဘူး အမေရယ်။ ကလေးတွေ ဆုံသွားစီးမယ် ဆိုတော့မှ သိရတာပါ။ စောစောကသာ သိရင် အမေ မပင်ပန်းပါဘူး။ နှမ်းလှန်းတာ ပြာတာ စင်တာ သမီး လုပ်ပေးမှာပေါ့ အမေရဲ့”
“သောက်ကန်းမ ပြောလိုက်ရင် ချောလို့”
ဆဲသာဆဲသည်။ ရီးကျီးဒန်၏ နှုတ်ခမ်းဖျားတွင် အပြုံးသီးကလေး တွဲခိုနေပေသည်။
“ကျီးဒန်ရေ၊ ညည့်သမီးက ဆီငါးဆယ်သား လောက်တဲ့ ဟေ့။ ခုနက ငါ့နား ကပ်ပြောသွားတယ်”
ရီးဆေးရိုး ဆီပွတ်ရင်း လှမ်းစသည်။
“ပေးလိုက် ပေးလိုက်၊ ပြီးတော့ တော်လည်း အိမ်မှာ မနေနဲ့”
မချောစိန်သည် ရယ်မောကာ ထလာပြီး ဆီထွေးပန်းကန်ကို ယူသွား၏။ ဆီကြိတ်ဖတ်များ ထဲမှ တစိမ့်စိမ့် ထွက်နေသော ဆီများလည်း စိမ့်အား နည်းစ ပြုလာပြီ။ ဆုံစီးသော ကလေးများလည်း အလျှိုလျှို ပြန်သွားကြ၏။
ဆီဆုံတဲထဲတွင် ဆုံလှည့်သော နွားကြီး၏ လေးကန်သော ခြေထောက်များကသာ တစ်ရစ်ပတ်ပတ် လှည့်လျှောက်ရင်း ခွာသံပေးနေသည်မှအပ တိတ်ဆိတ်ကျန်ခဲ့၏။
ရီးဆေးရိုးကား ဆီဆုံကို လှည့်ပတ်လိုက်ပါရင်း ဆီပွတ်နေသည့်နည်းတူ ကလေး ခုနစ်ယောက်ဖြင့် ပြည့်ရှုပ်နေခဲ့သော ကားဖျားတွင် ရီးကျီးဒန် တစ်ယောက်တည်း ကျောက်ခဲကြီး တစ်လုံးကို အဖော်ပြုကာ နွားမောင်းနေရလေပြီ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment