Monday, August 24, 2026

ငါးမိနစ်မျှသာ


❝ ငါးမိနစ်မျှသာ ❞
   ▢ ဖေလင်းသစ်

“အလုပ်တွေကို ဘာကြောင့် ကုန်းရုန်းပြီး လုပ်နေတာလဲလို့ တစ်ခါတစ်ခါတော့ စဉ်းစားမိတယ်”

ဝတုတ်က သူငယ်ချင်းတွေကို ပြောပါတယ်။

“မိသားစုအတွက် တို့အလုပ်လုပ်နေကြတာ မဟုတ်ဘူးလား”

လို့ ကိုအောင်က မေးခွန်းထုတ်တယ်။

“မိသားစုအတွက် အလုပ်တွေ လုပ်နေကြတာတော့ ဟုတ်ပါရဲ့၊ မိသားစုကို တို့က အချိန်ပေးကြရဲ့လား”

ဝတုတ်က မေးခွန်းပြန်ထုတ်တယ်။

လက်ဖက်ရည်ဆိုင် ထိုင်ဝိုင်းက သူငယ်ချင်းတွေ စကားပြန်မပြောဘဲ အတွေးထဲ နစ်သွားတယ်။

“တစ်နေ့ တစ်နေ့ အလုပ်တွေပဲ လုပ်၊ နေဝင်မိုးချုပ်မှ မိသားစုနဲ့ တွေ့ကြ၊ မျက်နှာချင်းဆိုင်မိချိန်က သိပ်မရ၊ ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားကြ၊ အချိန်တန်တော့ လမ်းခွဲသွားကြ၊ ဘဝအဓိပ္ပာယ်ကို ဘယ်လို နားလည်ရမှာလဲ”

လန်ဘားက လေးလေးတွဲ့တွဲ့ ပြောပါတယ်။ အားလုံးဟာ တိတ်ဆိတ်ပြီး တွေးနေကြတယ်။

“အရေးကြီးတာက မိသားစုကို အချိန်ပေးနိုင်သမျှ ပေးပြီး နွေးနွေးထွေးထွေး နေဖို့ပါပဲ”

လို့ ကိုအောင်က တွေးတွေးဆဆ ပြောတယ်။

ရွီးက ပဲဟင်းလက်ကျန်ကို ရှင်းလိုက်ပြီးတော့ ပါးစပ်ကို တစ်ရှူးနဲ့ သုတ်တယ်။ သူ့မှာ ပြောစရာ ပုံပြင် ရှိနေပြီ။

“တစ်နေ့မှာပေါ့ ပန်းခြံထဲက ကလေးကစားကွင်းအနီး ခုံတန်းလျားမှာ ထိုင်နေတဲ့ အမျိုးသားတစ်ယောက်ဘေးကို အမျိုးသမီးတစ်ယောက် ဝင်ထိုင်တယ်။ လျှောစင်က လျှောချနေတဲ့ ဆွယ်တာ နီနီရဲရဲ ဝတ်ထားတဲ့ ကောင်လေးကို အမျိုးသမီးက ညွှန်ပြပြီး အဲဒါ ကျွန်မသားပေါ့လို့ ပြောတယ်”

“…….........”

“ကလေးက ချစ်စရာလေးပဲဆိုပြီး အမျိုးသားက ပြန်ပြောတယ်၊ ပြီးတော့ အဲဒါ ကျွန်တော့်သမီးလေးပေါ့လို့ ဝတ်စုံဖြူဖြူလေး ဝတ်ထားပြီး စက်ဘီးစီးနေတဲ့ မိန်းကလေးကို ညွှန်ပြပြီး ပြောပါတယ်”

“ကလေးတွေ ကစားတာကို လာစောင့်ကြည့်ပေးနေကြတာကိုး”

“အမျိုးသားက သူ့လက်ပတ်နာရီကို ကြည့်လိုက်ပြီး သွားချိန်တန်ပြီ သမီးရေလို့ ကလေးကို လှမ်းခေါ်တယ်၊ ကလေးက နောက်ထပ် ငါးမိနစ်လောက်ပါ ဖေဖေ၊ ငါးမိနစ်ပဲနော်လို့ ပြန်ပြောတယ်”

“ကလေးက စက်ဘီးစီးလို့ မဝသေးဘူး ထင်ပါရဲ့”

“အမျိုးသားက ခေါင်းညိတ်ပြတယ်။ သမီးငယ်လေးက စီးလက်စ စက်ဘီးကို ကျေနပ်ပျော်ရွှင်စွာ ဆက်စီးပါတယ်။ အချိန်က တစ်မိနစ်ပြီး တစ်မိနစ် ကုန်လွန်သွားတယ်။ အမျိုးသားက ထိုင်ရာက ထရပ်ပြီး သွားချိန်တန်ပြီလို့ ပြောလိုက်တယ်”

“ငါးမိနစ် ပြည့်လို့ပေါ့”

“ကလေးမက နောက်ထပ် ငါးမိနစ်လောက်ပါ ဖေဖေ၊ ငါးမိနစ်ပါနော်လို့ ပြောပြန်တယ်။ အမျိုးသားက ပြုံးလိုက်ပြီး အိုကေတဲ့” 

“တော်တော် အလိုလိုက်တာပဲ”

“ရှင်ကတော်တော် စိတ်ရှည်တာပဲနော် ဆိုပြီး အမျိုးသမီးက မှတ်ချက်ပေးတယ်။ အမျိုးသားက ပြန်ပြုံးပြပြီး ပြောတာက သမီးရဲ့မောင်လေး တော်မီက ဒီနားမှာပဲ စက်ဘီးစီးနေတုန်း အရက်မူးနေတဲ့ ဒရိုင်ဘာရဲ့ကားနဲ့ တိုက်မိပြီး အသက်ဆုံးသွားတယ်တဲ့”

“…….........”

“ကျွန်တော် သားလေး တော်မီနဲ့ အချိန်ပေးပြီး မနေခဲ့ဖူးဘူး။ ငါးမိနစ်လောက်လေးမျှတောင် မနေခဲ့မိဘူး။ အဲဒီလို အမှားမျိုးကို နောက်တစ်ခါ သမီးလေး အပေါ်မှာ မဖြစ်စေချင်တော့ပါဘူးလို့ အမျိုးသားက ရှင်းပြတယ်”

“…….........”

“သမီးလေးက နောက်ထပ် ငါးမိနစ်လောက် စက်ဘီးထပ်စီးချင်နေတယ်။ အမှန်ကတော့ ကျွန်တော်က သမီးလေး စက်ဘီးစီးနေတာကို ငါးမိနစ် ပိုပြီး ကြည့်မြင်ခွင့် ရနေတာပါပဲတဲ့”

“ဒီနေ့ ငါ့မိသားစုကို ငါးမိနစ် အချိန်ပိုပေးမယ်ကွာ”

▢ ဖေလင်းသစ်
📖မော်ဒန်သတင်း ဂျာနယ်
     ၆ ဇန်နဝါရီလ ၂ဝ၁၂။

No comments:

Post a Comment