❝ အဂ္ဂိရပ်ဆရာနှင့် ဖွတ် ❞
▢ မဟော်သဓာ ရွှေဝင်း
တခေတ်က- အင်းသူကြီး တယောက်သည် နေ့စဉ် လုပ်နေကျ ဝတ္တရားအတိုင်း အင်းကို လိုက်လံစစ်ဆေးရာ၊ လင်းဝင်းပြင်ထိပ်တွင် လိပ်ကြီး တကောင်ကို တွေ့ရလေသည်။
လိပ်ကြီးကို ဆဲဆိုကြိမ်းမောင်းခါ၊ ပက်လက်လှန်ထားခဲ့သည်။ အချို့ ဒေသတွင် အင်းလင်းဝင်းပြင်တွင် လိပ်တက်က ငါး ပုဇွန် မရ၊ အင်း ရှုံးတတ်ကြောင်း အယူအဆ-ဓလေ့ ရှိကြသည်။
လိပ်ခမျာ နေပူဒဏ်ကို အလူးအလဲ ခံနေရရှာ၏။ အထူးသဖြင့် တောကျီးကန်းတို့၏ နှုတ်သီးချက်က ပိုပြင်းသည်။
လိပ်သည် မှောက်နိုင်ရေး အတွက် လှုပ်ရှားသည်၊ လူးလွန့် ရှာသည်၊ အင်းသူကြီးကို ရေရွတ်ဆဲဆိုနေလေ၏။
မကြာမှီ လိပ်သည် သဘာဝအတိုင်း မှောက်နိုင်လာသည်။ အတွင်းသို့ ပြန်ဆင်းခဲ့၏။
“ သူငယ်ချင်း...မင်း ဘယ်သွားနေလဲ၊ ငါမင်းကို လိုက်ရှာနေတာ ကြာပြီကွ ”
လိပ်၏ မိတ်ဆွေကြီး ဖွတ်က မေးသော အသံဖြစ်၏။
လိပ်က မိမိ၏ အဖြစ်ဆိုးကို ပြန်ပြောရှာ၏၊ ပြီးနောက်....
“ လူသားတွေဟာ ကမ္ဘာကြီးကို အပိုင်စီးထားပါလားကွာ သူတို့တော့ နေချင်ရာ နေ၊ လုပ်ချင်ရာ လုပ်၊ စားချင်ရာ သတ်စားကြ၊ ဒါဟာ ကြီးနိုင်ငယ်ညှဉ်း ဝါဒ မဟုတ်ဘူးလား၊ ကြည့်လေ တို့လိုကောင်မျိုး အင်းထိပ် တက်ရင် ငါးမရဘူးတဲ့-ရှုံးတတ်သတဲ့၊ ထွီ...လူတွေ ဖြစ်ပြီးတော့ သောက်သုံးမကျလိုက်ထာ၊ ဘယ်လို အတွေးအခေါ်တွေ လက်ခံထားကြတာလဲကွာ” ဟု စိတ်နာစွာ ပြောသည်။
“ ငါ့ကို စော်ကားထားတဲ့ ငရဲကောင်ကြီးကို ဂလဲ့စားချေရမှ ကျေနပ်မယ်၊ မွဲအောင် တာတေလန်အောင် လုပ်ရလိမ့်မယ်၊ ဒါပေမဲ့ ဒီကိစ္စ မင်းလုပ်မှ ဖြစ်မှာ...”
“ သူငယ်ချင်းချင်း ဆိုတာ အရေးကြုံတော့ အသက်စွန့်တန် စွန့်ရပစေ-လုပ်ရမှာပေါ့ ”
“ ဒီလိုကွာ..သူတို့ လူသားတွေမှာ ယုံကြည်ချက် တခု ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ မင်းတို့လို ဖွတ်တွေ အိမ်ပေါ်တက်ရင် မွဲတတ်သတဲ့၊ အိမ်ကို ပြစ်ပြေးရတဲ့အထိ ကြောက်ကြတယ်လေ ”
“ မဟုတ်နိုင်တာကွာ ”
“ တခြား တိုင်းပြည်တွေမှာတော့ တိုးတက်လို့လား မသိဘူး၊ နို့ပြီးတော့ ငါတို့ တိရိစ္ဆာန်တွေလဲ မယုံပါဘူး၊ ဒါပေတဲ့ ဒီအရပ်က ဖိုးသုံည တဝက်လောက်က ယုံကြည်တာ တကယ်ပါဘဲ၊ အဲဒီတော့ ဆက်ဆက်သာ သွားပါ ”
ဖွတ်သည် လူသားတချို့လို မယုံကြည်သော်လဲ မိမိ၏ သူငယ်ချင်းကို ကူညီသော အနေဖြင့် အင်းသူကြီးအိမ်ဘက် ထွက်ခဲ့သည်။
အင်းသူကြီး၏ အိမ်ကား အင်းအတွင်း ရေတပိုင်း ကုန်းတပိုင်း အနေဖြင့် ဆောက်ထား၏။ ဖွတ်သည် အိမ်အောက် တည့်တည့် ရောက်သည်၊ အိမ်ပေါ် မတက်ဘဲ ချက်ခြင်း ပြန်လှည့်ခဲ့၏။
“ မြန်လှလေကွာ-အိမ်ပေါ် ရောက်ခဲ့ရဲ့လား ”
“ မလိုတာနဲ့ မတက်ခဲ့ဘူး ”
“ ဘာဖြစ်လို့ ”
“ အိမ်ပေါ်မှာ အဂ္ဂိရပ်ဆရာ ရောက်နေတယ် ”
” အေး…ဒါက ပိုသေချာတယ် ”
▢ မဟော်သဓာ ရွှေဝင်း
📖လူ့ဘုံခန်းဝါ အူတက်စရာ
No comments:
Post a Comment