❝ အချစ်ကြောင့် မဟုတ်ပါ ❞
▢ ကြူကြူသင်း
ထွန်းဝင်း၏ အကြည့်ကြောင့် ရင်ခုန်မြဲ ခုန်ရပြန်သော်လည်း စိတ်ကို အလုပ်ထဲ ပြန်ပို့ထားလိုက်၏။
ကျင့်သားရနေပြီ ဖြစ်သည့် မိရွှေခိုင်၏ လက်ကလေးများ သည် ဇယ်စက်သလို လှုပ်ရှားသွားကြသည်။ ဘယ်နေရာမှာ ဘာထားရမည်။ မည်သို့ မည်ပုံထားရမည် ဆိုခြင်းကို အထူး တွေးတောစဉ်းစားနေစရာ မလိုဘဲ အားလုံး သူ့နေရာနှင့်သူ သားတကျ။
မိရွှေခိုင်က အလွန်သွက်လက်ဖျတ်လတ်သည်။ အလုပ်တွင် အစဉ် ဇောကပ်စွာ စိတ်မြန်လက်မြန် လုပ်ကိုင်တတ်သည်။ သူ့ ညီမလေး မိဌေးလှ ကတော့ ကလေးစိတ် မပျောက်တပျောက်သာမို့ တတွတ်တွတ် ပြောနေရသည်ပင်။ ဆိုင်လိုက်ထွက်သည်မှာ လေးငါးခြောက်လ ရှိခဲ့ပြီ ဖြစ်သည့်တိုင် “ဟဲ့ ခုံကို ဒီတိုင်နား ကပ်ချလေ”၊ “ဩော် မီးဖိုကို နောက်နား ကပ်ချထားမှပေါ့ ညီမရယ်၊ ဈေးဝယ်တဲ့ လူတွေ တိုက်မိရင် ပြဿနာ ဖြစ်ဦးမယ်” စသည်ဖြင့် အသေးစိတ် ပြောနေရဆဲပင်။ ပြောပြောဆိုဆိုနှင့်ပင် သူတို့၏ လက်သုပ်စုံဆိုင်ကလေးမှာ တစ်ခဏအတွင်း တည်ခင်းပြင်ဆင်၍ ပြီးစီးသွားလေပြီ။
အားလုံး နေရာတကျ ရှိမရှိ မိရွှေခိုင် တစ်ချက် ထပ်မံကြည့် လိုက်၏။ မလိုတော့ပါ။ ထူးထူးထွေထွေ ပြန်လည်ပြင်ဆင် နေ ရာချရန် ဘာတစ်ခုမျှ မလိုတော့ပါ။ အုတ်တိုင်အောက် ထောင့်နားတွင် မီးသွေး မီးဖိုကလေး။ မီးဖိုပေါ်မှာ အငွေ့တထောင်းထောင်း ထလျက်ရှိသည့် ဟင်းခါးရည်အိုး။သူရွှေဗန်းကြီးထဲတွင် ထမင်းဆုပ်လုံးနီကြီးများ၊ ခြစ်ပြီးသား သင်္ဘောသီးစိမ်းများ၊ အာလူးပြုတ်၊ ကျောက်ပွင့်၊ မုန့်တီ၊ကြာဆန်၊ ခေါက်ဆွဲ၊ ပဲပြားကြော်၊ လက်သုပ်စုံ ဖြစ်လာရန် လိုအပ်သမျှသော အဆာပလာများ အားလုံး သူ့နေရာနှင့် သူ အကန့်အကန့်၊ အဝါရောင် သမ်းနေသည့်ရှောက်သီးစိမ်းသုံးလုံးကလည်း ဗန်းထဲတွင် သီးသီးသန့်သန့်၊ သူ့လက်သုပ်စုံ ဗန်းကြီးသည် အနီ၊ အစိမ်း၊ အဝါ၊ အဖြူ ဆေး ရောင်စုံ ခြယ်သထားသလို အရောင်အသွေး ကြွတက်လျက် စားစချင့်စဖွယ်။
လက်သုပ်စုံ ဗန်းကြီးကို မိရွှေခိုင် စိတ်တိုင်းကျသွားပြီ။ ထိုင် ခုံကလေးကို နေရာပြင်၍ ထိုင်ချလိုက်၏။ ထို့နောက် ခုံဘေးတွင် ကပ်ချထားသည့် လက်ဆွဲသံပုံးထဲက ပန်းကန်ပြား၊ ပန်းကန်လုံးနှင့် ဇွန်းများကို ထုတ်ယူလိုက်ပြီး ဗန်းကြီး အလယ်ကောင်ရှိ ဆီချက်အိုးကလေးနားတွင် ကတ်ကတ်သတ်သတ် နေရာ လုပ်ကာ ထပ်ထားလိုက်၏။
“ဌေးလှ၊ ရေခပ်ချည်တော့လေ”
သံပုံးလွတ်ကို မေးငေါ့ပြကာ ခိုင်းရ၏။ နေ့စဉ် လုပ်နေကျ အလုပ်ဖြစ်သော်လည်း မိဌေးလှက သတိပေးနိုင်မှ။ ယခုလည်း အစ်မ ဖြစ်သူက ဇယ်စက်သလို တစ်ခုပြီး တစ်ခု ဆက်တိုက် လုပ်နေသော်လည်း သူက သူ့တာဝန် မရှိတော့သလို ဟိုငေး သည်ငေး လုပ်နေသည်။ မိဌေးလှ ငေးမော ကြည့်ရှုနေရာသို့ လှမ်းကြည့်လိုက်တော့ အင်္ကျီပုံဆန်း လှလှကလေးများနှင့် ကောင်မကလေး သုံးယောက်။ မိဌေးလှနှင့် အသက် မတိမ်းမယိမ်းလောက်ပဲ ရှိကြလိမ့်ဦးမည် ထင်သည်။ သို့သော် အသက်အရွယ်ချင်း တူပေမယ့် ဘဝ အနေအထားချင်း မတူကြသည်ကိုတော့ မြင်ရုံနှင့်ပင် သိသာလွန်းလှပါသည်။
“အင်္ကျီလေးတွေ သိပ်လှတာပဲနော် အစ်မ”
“အင်း လှသားပဲ၊ ရေမြန်မြန် ခပ်ခဲ့နော်၊ ပန်းကန်တွေ တစ် ထပ် ဆေးရဦးမှာ”
မိဌေးလှ သံပုံးကြီးကို ဆွဲကာ ကောင်မကလေးတွေ နောက်မှ ခပ်သုတ်သုတ် လျှောက်လိုက်သွား၏။ အင်း မိဌေးလှတောင် အတော် ထွားလာပြီ။ မနှစ်က ချုပ်ပေးခဲ့သည့် အင်္ကျီကလေးများမှာ ခါးတိုကုန်ကြပြီ။ သီတင်းကျွတ် မတိုင်မီ သူ ကြိုက်တတ်သည့် အင်္ကျီမျိုးလေး တစ်ထည်တော့ ချုပ်ပေးဦးမှ။ အပျိုပေါက်ကလေး ဖြစ်လာပြီဆိုတော့ လှချင်ပချင် လာတတ်ပြီ မဟုတ်လား။ မိရွှေခိုင်သည် တစ်ဦးတည်းသော ညီမကလေးအပေါ် စေတနာမိုး သွန်းဖြိုးနေမိသည်။
ပန်းကန်ပြားကို နေရာချပြီးတော့ ကြိမ်ခြင်းတောင်းကြီး ထဲက ပလတ်စတစ်အိတ်ငယ် တစ်လုံးကို ထုတ်ယူလိုက်၏။ အိတ်ကလေးထဲတွင် ဇွန်ပန်းခိုင် ဖြူဖြူလွလွကလေး။ အသာအယာ ထုတ်ယူလိုက်သောအခါ မွှေးပျံ့သင်းထုံသည့် ရနံ့ သူ့ပတ်ဝန်းကျင်ကို ခြုံလွှမ်းလိုက်သည်။ အားရပါးရ နမ်းရှိုက်လိုက်မိတော့မလို ဖြစ်သွားပြီးမှ ဖြတ်ကနဲ သတိပြန်ရကာ နှာခေါင်းနား ရောက်နေသည့် ပန်းခိုင်ကလေးကို ပြန်ခွာလိုက်ရ၏။ တော်ပါသေးရဲ့ မေ့ပြီး မွှေးကြည့်မိတော့မလို့။ မိရွှေခိုင်သည် ပန်းခိုင်ကလေးကို ဗန်း၏ အရွှေ့ဆုံးတွင် သီးသန့်ဖယ်ထားသည့် ထမင်းဆုပ်လုံးကြီး တစ်လုံးပေါ်တွင် ထိုးစိုက်လိုက်၏။ ငါးဖယ်ကြော်တစ်ခုကိုလည်း ပန်းကန်ပြား အသေးကလေးထဲ ထည့်ကာ ပန်းခိုင်အနီးတွင် ချထားလိုက်ပြီး နှုတ်မှ တတွတ်တွတ် ရွတ်ဆို လိုက်၏။ ဒါကလည်း သူ၏ နေ့စဉ်လုပ်ရပ်တစ်ခု။ အမေ ရှိခဲ့ စဉ်က အမေ့ဘေးတွင် သူက အကူအဖြစ် လိုက်ခဲ့စဉ်ကတည်းက မြင်နေကျ တွေ့နေကျ လုပ်ရပ်သည် ယခု သူကိုယ်တိုင် အမေ့နေရာ ဝင်ခဲ့ရတော့ ထိုလုပ်ရပ်ကို သူ ဆက်လုပ်ဖြစ်နေသည်။
မိခိုင် လုပ်သမျှကို သူ့ညာဘက်ရှိ အအေးရောင်းသူ ထွန်းဝင်းက ထုံးစံအတိုင်း စိတ်ဝင်စားစွာ ကြည့်နေသည်။
မိရွှေခိုင် တစ်ယောက် လက်သုပ်စုံရောင်းရန် အဆင်သင့်ရှိနေပြီ။ ဝယ်ယူစားသုံးမည့် သူကိုသာ မျှော်ရုံရှိတော့သည်။
“မမရေ၊ လက်သုပ်စုံ အရသာရှိရှိလေးနော်၊ ရှောက်သီးသုပ် ကောင်းကောင်းလေးလဲရတယ်”
မိရွှေခိုင် အသံက ဖြတ်သွားဖြတ်လာကို ကြားသာရုံကလေး ထွက်ပေါ်လာ၏။ သို့ပေမယ့် သူ့အသံမှာ ရွှင်နေသည်။ တက်ကြွနေသည်။
သူသည် သူ့ကို ပြုံးကြည့်နေသည့် ထွန်းဝင်းကို ပြန်ပြုံးပြ လိုက်၏။ နှစ်ယောက်စလုံး ရင်ခုန်သွားကြသည်။ “လိုတာပြောနော်အစ်ကို၊ စားကြည့်ပါဦး”
သေသေချာချာနယ်ဖပ်ပြီး စားသူ၏ ရှေ့သို့ လှမ်းပေးလိုက် ၏။ တင်စားစရာ စားပွဲ မရှိသဖြင့် စားသူက ပန်းကန်ပြားကို လက်တစ်ဘက်ဖြင့် မကာ ဇွန်းဖြင့် ကော်စားရ၏။
“အငန်၊ အပေါ့၊ အချို၊ အစပ် လိုတာ ပြောပါနော်၊ ဟင်းခါးကော သောက်ဦးမလား”
“အတော်ပဲ ညီမ၊ အားလုံးအတော်ပဲ”
“ဟောဒီမှာ သံပရာရည်ချဉ်ချဉ်ကလေး၊ ချဉ်ချဉ်ကလေးမှ သွားတွေ ကျိန်းအောင်ကို ချဉ်တဲ့ သံပရာချဉ်နော်၊ တစ်ကျပ်ခွဲထဲရယ်၊ ခွပ် ခွပ် ခွပ်”
မိရွှေခိုင် ပြုံးချင်သွားသည်။ ထွန်းဝင်းကို လှစ်ကနဲ အကဲခတ် ကြည့်လိုက်မိ၏။ အမှန်မှာတော့ မကြည့်ဘဲနှင့်ကို ရိပ်မိပြီးသား ပါ။ ထွန်းဝင်း စိတ်တိုနေမှန်း၊ စိတ်အချဉ်ပေါက်နေမှန်း ထွန်းဝင်းမျက်နှာကို မမြင်ရဘဲနှင့် သိပြီးသားပါ။ ကြည့်ပါလား၊ သည်လို ဗိုလ်ချုပ်ဈေးလို နေရာမှာ ဒီလောက် အသံပြဲကြီးနှင့် အော်နေစရာမှ မလိုတာ၊ ခပ်တိုးတိုး ခပ်ကြိတ်ကြိတ် အရိပ်အခြည်ကို ကြည့်ပြီး ရောင်းချရသည့် နေရာမျိုး မဟုတ်လား၊ ကိုယ်က သူများ ဆိုင်ကြီးဆိုင်ကောင်းတွေ ရွှေမျက်နှာစာ လူသွားလမ်း ပလက်ဖောင်းပေါ်မှာ ကပ်ရပ်ပြီး ဗန်းကလေး တစ်ချပ် ခုံကလေးတစ်ခုံနှင့် ရောင်းရသည့် ပျံကျဈေးသည်တွေ မဟုတ်လား။ နှုတ်မှ သိပ်များများကြီး အော်နေ၍ မဖြစ်။
ခုတော့ ထွန်းဝင်းက အသံပြဲကြီးနှင့်။ အော်ပုံကလည်း တမင် အရွဲ့တိုက် အော်နေမှန်း သိသာလှသည်။ သံပရာရည် ချဉ်ချဉ်ကလေးတဲ့လေ၊ ချဉ်ချဉ်ကလေးမှ သွားကျိန်းအောင်ကို ချဉ်တဲ့ သံပရာရည်ဟုပင် ကြေညာလိုက်သေးသည်။ ခါတိုင်းကတော့ သံပရာရည် ချိုချိုအေးအေးကလေးဟု အသံမှန်မှန် နှင့် ရောင်းတတ်သူပင်။ ယခု အော်ပုံကိုတော့ မိရွှေခိုင် သာမက အခြား ဆိုင်များကပါ သတိထားမိကြလေသည်။ အော်ရုံတင် မကသေး ရေခဲရေ ထည့်ထားသည့်ရေပုံးကိုပင် ပလတ်စတစ် ရေခွက်နှင့် တခွပ်ခွပ် ရိုက်ပစ်လိုက်သေး၏။
“လာနော်၊ သံပုရာရည် ချဉ်ချဉ်ကလေး”
“အစ်ကို၊ ဟင်းခါး လိုရင်ပြောပါနော်၊ အားမနာပါနဲ့”
ဘာရမလဲ။ မိရွှေခိုင် ကလည်း ချက်ချင်း တုံ့ပြန်လိုက်၏။ ပြုံးချင်စိတ်ကို မျိုသိပ်ကာ အသံကလေးကို မသိမသာမြှင့်၍ ပြောလိုက်၏။ စိတ်တွင်းက ကျေနပ်လိုက်သည်မှာ ပြောစရာ မရှိ။ ကျေနပ်လွန်း၍ ရင်ထဲမှာ အေးတစ်လှည့်နွေးတစ်လှည့်။ ထွန်းဝင်းဆီ အာရုံ ရောက်နေ၍ ဟင်းခါးထပ်တောင်းသည့် ပန်းကန်လုံးထဲ ဆီချက်တွေ ဆမ်းပေးလိုက်မိသည်။ အဲသည်အထိ မိရွှေခိုင်တို့ စိတ်လှုပ်ရှားသွားမိပါသည်။
မိရွှေခိုင်နှင့် တစ်တန်းတည်း ညာဘက်ဘေးတွင် မတ်တတ် ဒေါက်ခုံ မြင့်မြင့်ကလေး ခင်း၍ အအေးစုံ ဖျော်ရည်ပုလင်းများကို ဗန်းကြီးတစ်ချပ်ထဲ တင်ကာ ရောင်းနေသည့် ထွန်းဝင်း ကလည်း စိတ်တိုတိုနှင့် ရေပုံးကြီးကို နာနာခေါက်နေမိသည်။ မိရွှေခိုင် ဆိုသည့် မိန်းကလေးမှာ သူ့ဆိုင်သို့ လာရောက်အားပေးသူကို ဈေးသည်ပီပီ စကားချိုသာ ဆိုရမှာပါကလားဟု အတွေးမပေါက်နိုင်တော့။ သူ့အရွယ် လူငယ် ချောချောတစ်ဦးကို “အစ်ကို၊ အစ်ကို” နှင့် အစ်ကိုချင်း ထပ်အောင် ခေါ်ကာ ဧည့်ဝတ် ပြုနေပုံကြောင့် သူ လုံးဝ ဘဝင်မကျနိုင်ဖြစ်နေ၏။ တစ်ယောက်နှင့် တစ်ယောက် အပေးအယူ မျှတနေသည်ကို သူ ကြည့်မရ၊ အတိုင်အဖောက် ညီနေသည်ကို သူ နားထောင်မရ။ ဟင်း မျက်နှာထား အပိုးမကျိုးတဲ့ ဒီကြာရုပ်မျိုးကိုများ အရေးတယူ လုပ်နေလိုက်တာ၊ သိတာပေါ့၊ ဒီကောင်များ မသိဘဲရှိပါ့မလား၊ လဟာပြင် ဈေးထဲက အထည်ဆိုင်မှာ ကူရောင်းရောင်းနေတာ တွေ့ဖူးသားပဲ၊ ဘယ်တော့ ကြည့်ကြည့် စီးကရက် လက်ကြား ညှပ်လို့ မျက်နှာက စပ်ဖြဲဖြဲနဲ့၊ ဟန်က ကောင်းတယ် မဟုတ်လား၊ ဒါကြောင့် မိရွှေခိုင် အထင်ကြီးနေတာ ဖြစ်မှာ။
“ညီမလေး၊ ဘယ်လောက် ကျသလဲဟင်”
ကြည့်ပါလား၊ ခေါ်ပုံပြောပုံကိုက။
“ငါးဖယ်ကြော် ပါတယ်နော် အစ်ကို၊ ဒါဆို သုံးကျပ်ပါ အစ်ကို”
မိရွှေခိုင်၏ အကွန့်အညွန့်နှင့် ဖြေပုံကို ကြားတော့ ထွန်းဝင်း က သံပုံးကို နာနာခေါက်ရင်း “သံပရာရည် ချဉ်ချဉ်ကလေးရမယ်” ဟု အော်ပစ်လိုက်ပြန်၏။
“ကိုထွန်းဝင်းကြီးကလဲ ဘာတွေ အော်နေတာလဲ မသိဘူး”
မိဌေးလှက ပန်းကန်ပြား ဆေးနေရာမှ လှမ်းပြောလိုက်၏။
“ဟုတ်ပါတယ်၊ ဒီကောင်ကလေး ဒီမနက် ဘယ်လိုဖြစ်နေမှန်းကို မသိပါဘူး”
အဒေါ်မြစိန်က သူ့ ဆိုင်မြင့်ကြီးပေါ်မှ လှမ်းပြောလိုက်၏။ အဒေါ်မြစိန်ဆိုင်က မိရွှေခိုင်တို့ ဆိုင်များ၏ ရှေ့မျက်နှာချင်းဆိုင် လူသွားလမ်း၏ တစ်ဘက်ခြမ်းတွင်ရှိသည်။ သူ့ဆိုင်မှ နိုင်ငံခြားဖြစ် စီးကရက်တို့၊ မုန့်ဘူးတို့၊ ယမကာပုလင်းတို့ အစုံရှိသည်။
“ဈေးထဲမှာ အချဉ်တွေ များလွန်းလို့ အဒေါ်ရဲ့၊ ကျွန်တော့် သံပရာရည်က ပိုချဉ်တဲ့ အကြောင်း လူသိအောင် ကြေညာရတာ”
ထွန်းဝင်းက စီးကရက်ကို ဟန်ပါပါဖွာရင်း ထွက်သွားသည့် လူကို တစ်ချက် လှမ်းကြည့်ပြီး ဖြေ၏။
ထွန်းဝင်းက နောက်ထပ် စကားဆက်မည့်ဟန် ပြင်ဆဲ သူင ဆိုင် ရှေ့သို့ ကောင်မကလေး ချောချောနှစ်ယောက် ကွေ့ လျှောက်လာသဖြင့် မပြောဖြစ်တော့ပေ။ မိရွှေခိုင်ဘက်ဝေ့ကြည့် လိုက်ပြီး-
“အအေးစုံခင်ဗျာ၊ ဘာလီ၊ဆီးဖျော်ရည်၊ သံပရာရည် အစုံ ရမယ် ခင်ဗျာ”
ကောင်မလေးနှစ်ယောက် အထုပ်အပိုး တစ်ပွေ့တစ်ပိုက်ကြီး နှင့် သူ့ဆိုင် ရှေ့တွင် ရပ်လာ၏။ ဆံပင်ဖွာရရာ၊ နှုတ်ခမ်းနီ အရဲသားနှင့်။
“အစ်မလေးတို့ အအေးသောက်မလားခင်ဗျာ”
အသံကို ခါတိုင်းထက် ပို၍ ချိုထားလိုက်၏။ မိရွှေခိုင်က နောက်ထပ် လာစားသူ တစ်ယောက်အတွက် ရှောက်သီးသုပ်ရန် ပြင်ဆင်နေရာက လှစ်ခနဲ တစ်ချက် ကြည့်လိုက်သည်ကို ထွန်းဝင်း မြင်လိုက်သည်။ ရင်ထဲတွင် ကလိကလိ ဖြစ်လာ၏။
“တစ်ခွက်က လိုင်းမကြူးနဲ့ ဆီးဖျော်ရည် ရောပေးနော်၊ နောက်တစ်ခွက်က ကျောက်ကျော၊ သိပ် မချိုစေနဲ့”
“ဟုတ်ကဲ့ ရမယ်ခင်ဗျာ၊ နှစ်သက်သလို ပြောပါ၊ ရေခဲ များများလား၊ ရပြီ ခင်ဗျာ”
လိုသည်ထက် ပို၍ စကားဆိုလိုက်၏။ နှုတ်ရော လက်ပါ အလုပ်ရှုပ်သွားရသော်လည်း သူ့ အကြည့်က မိရွှေခိုင်ဆီမှာ။ သည်တစ်ခါ ထွန်းဝင်း အလှည့်၊ သိပြီလား။ သူများကို အသည်း ယားအောင် လုပ်တဲ့ ကောင်မလေး။ မိရွှေခိုင် နှုတ်ခမ်း သိသိသာသာ စူနေပြီ။ ဒီလိုပဲ ဖြစ်ရမယ်လေ။
“ရော့ မမ၊ ချဉ်ချဉ်စပ်စပ် ခံတွင်းလိုက်အောင် သုပ်ပေး ထားတယ်၊ မြည်းကြည့်ပါဦး၊ ကျွန်မ ငရုတ်သီးက စပ်စပ်၊ ရှောက်သီးကလဲ ချဉ်မှ ချဉ်၊ လိုတာ ပြောနော်”
မိရွှေခိုင်ကလည်း ခေတာမှ မဟုတ်တစ။ နှုတ်သွက်ပါဘိသနဲ့။
“အင်း၊ ဒီလောက်ချဉ် ဒီလောက်စပ်နေမှဖြင့် ဟိုဘက်က အအေးဆိုင်တော့ ရောင်းကောင်းဦးမှာပဲ”
အဒေါ်မြစိန်က အကြောင်းသိသူမို့ စောင်းမြောင်းလိုက်၏။ ထွန်းဝင်းက မအောင့်နိုင်ဘဲ ‘အဟဲ’ ဟု ရွှင်မြူးစွာ ရယ်ချပစ်လိုက်မိတော့၏။
မိရွှေခိုင်၏ မျက်စောင်းကြီးက သူ့ဆီ ဝဲလာ၏။
ထွန်းဝင်း ရင်ခုန်သွားရပြန်ပါသည်။
“သူဖြင့် မနယ်တတ်ဘဲနဲ့”
အမျိုးသမီးလေးက ‘သူ’ ဟု တင်စားခေါ်သော လူရွယ်က ပြုံးရင်း
“ရပါတယ်ချစ်ရ”
ဟု ခပ်တိုးတိုး ဖြေသည်။ ပြီး ဇွန်းနှစ်ချောင်းဖြင့် ခေါက်ဆွဲ သုပ်များကို နှံ့အောင် လုံ့လကြီးစွာထုတ်လျက် နယ်နေသည် ခေါက်ဆွဲဖတ်တွေ၊ ကြက်သွန်ဖတ်တွေ ဖိတ်စဉ်ကျကုန်သည်။
“ကြည့်၊ မရပါဘူးဆို”
“ဟ၊ ရပါတယ်က္ခာ၊ တို့က ချစ်စားဖို့ တို့လက်နဲ့ နယ်ပေး ချင်လို့ပါ”
မိရွှေခိုင် မျက်နှာပူသွားသည်။ သူတို့ စကားကို မကြားယောင် ပြုကာ မုန့်တီဖတ်များ ဖွသလိုလို၊ ဟင်းခါးအိုး မွှေသလိုလိုနှင့် အလုပ်ရှာ လုပ်နေလိုက်ရ၏။ သူတို့နှစ်ယောက် လက်ချင်းတွဲကာ ဝင်လာကတည်းက သမီးရည်းစားအတွဲ ဟုတော့ သိလိုက်ပြီး သားပင်။ သို့ပေမယ့် အမျိုးသားက သည်လောက်အထိ ယုယစွာ ပြုလိမ့်မည်ဟုတော့ မိရွှေခိုင် မထင်မှတ်ခဲ့။ အမျိုးသမီး၏ ဆေးနီသထားသည့် လက်သည်းရှည်များကြောင့် သူဘာသာသူ နယ်ဖတ်စားလိမ့်မည် မဟုတ်ကြောင်းကိုတော့ သိခဲ့လေသည်။ ထို့ကြောင့်လည်း ခေါက်ဆွဲသုပ်အတွက် ပြင်ဆင်ပေးပြီးတော့ “နယ်ပေးရဦးမလားရှင်” ဟု ဝတ္တရားကျေစွာ မေးခဲ့ပါသေး၏ အမျိုးသားက “နေပါစေ၊ ဒီပေး” ဟုဆိုကာ လက်ခံယူခဲ့ခြင်းပင်။ ယခုတော့ ကြည့်၊ ခေါက်ဆွဲဖတ်တွေက တခြား၊ ပုစွန်ခြောက်မှုန့်တို့၊ ပဲပင်ပေါက် ရေနွေးဖြောတို့၊ ကြက်သွန်တို့က တခြား ရယ်စရာတော့ ကောင်းလှသည်။ သို့ပေမယ့် အမျိုးသား၏ အချစ်ကြီးပုံ၊ အဖြစ်သည်းပုံကိုတော့ မိရွှေခိုင် အားကျချင်ချင်။ အမျိုးသမီးက သူနှင့် ရွယ်တူလောက်ပဲ ရှိဦးမည်။ အမျိုးသား ကတော့ ထွန်းဝင်း အရွယ်လောက်။ ကြည့်ရသည်မှာ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ ရှိသူများပင်။
“ကဲ ရော့၊ ရသွားပြီ၊ ဘယ့်နှယ်လဲ မတော်ဘူးလား တို့က၊ ကြက်သွန်ဖြူတော့ မစားနဲ့ကွာ၊နော် ချစ်”
“ဘာဖြစ်လို့”
“တို့ပါးစပ် နံမှာစိုးလို့”
“ဟာ၊ သူနော်”
ဂွမ်း
မိရွှေခိုင်သည် ဟင်းခါးအဖုံးကြီးကို လက်နှီး မပါဘဲ ယောင် ယမ်း ကိုင်လိုက်မိပြီးမှ ပူလွန်လွန်း၍ လွှတ်ချပစ်လိုက်ရ၏။ ထွန်းဝင်းကော ကြားသွားသေးလား မသိ။ မျက်နှာတွေလည်း ပူထူနေသည်။ ဆိုင်ရှေ့မှ ခေါက်ဆွဲသုပ် စားနေသူ နှစ်ဦးကို လုံးဝ မကြည့်ရဲတော့။ ထွန်းဝင်း ဘက်ကိုကား ခေါင်းပင် မလှည့်ရဲ။
မိဌေးလှက နောက်နားတွင် ကြွက်သွန် ထိုင်လှီးနေရာက အဖုံးကြီးကို လှမ်းကောက်ပေးလိုက်၏။ မိရွှေခိုင်မှာ ရှက် စိတ်တစ်ဝက်ဖြင့် “ကြက်သွန်ကို ရေနှစ်ထပ် ဆေးနော်” ဟု မလိုအပ်ဘဲ မှာနေမိသည်။
စားသူနှစ်ဦးကား စကား တတွတ်တွတ်၊ ပျော်တပြုံးပြုံး၊ တစ်ယောက်အရိပ် တစ်ယောက် ကြည့်လို့။
“ကဲ မပြောမရှိနဲ့နော်၊ ဒါပဲ”
ကျော်စိုးကလေးက သူတို့ ဆိုင်တန်းရွှေ့ ဖြတ်ပြေးသွားရင်း အော်လိုက်၏။ ဆယ်နှစ်လောက်သာ ရှိသေးပေမယ့် သည် ကောင်လေးက အားကိုးရသည်။ အရွယ်နှင့် မလိုက် လျင်သည်။ လည်ပတ်သည်။
မိရွှေခိုင်တို့ ညီအစ်မ တုန်တုန်လှုပ်လှုပ်နှင့် မတ်တတ်ရပ်လိုက်မိကြ၏။ ရွှေ့နောက်ဝဲယာ လှမ်းကြည့်လိုက်တော့ ပျံကျ ဈေးသည် အားလုံး ရုတ်ရုတ်သဲသဲ။
“မိဌေးလှ၊ ရေပုံးကို အဒေါ်မြစိန် ဆိုင်အောက် သွင်း၊ မီးဖိုပါ ထားလိုက်၊ ပန်းကန်တွေ လာယူ၊ မမတို့ ခဏနော်”
ပျာယာခတ်သွားကြပြီ။ သူကိုယ်တိုင်လည်း ဖြတ်ဆို အသုပ်စုံဗန်းကြီး ရွက်ကာ ဘီ ရုံ အတွင်းရှိ အထည်တန်းများ၊ ဖိနပ်တန်းများ ကြားသို့ တိုးဝင် ကိုယ်ရောင်ဖျောက်နေလိုက်ရသည်။ သည်လိုလည်း လျင်မှ။
စောစောက ချစ်ခွန်းတုံ့တင် တယုတယ ကြင်နာနေခဲ့ ကြသည့် စုံတွဲနှစ်ဦးလည်း စားလက်စ ခေါက်ဆွဲသုပ် ပန်းကန်တွေ ကိုယ်စီ ကိုင်ကာ အဒေါ်မြစိန် ဆိုင်ဘေးတွင် ကျီးကြည့် ကြောင်ကြည့်နှင့် ကသုတ်ကရက် စားလိုက်ကြပြီး မိရွှေခိုင် ရှိရာ လိုက်လာပြီး ကျသင့်ငွေ ပေးကြသည်။
“ကျေးဇူးတင်ပါတယ် မမရယ်”
တကယ်လည်း ကျေးဇူးတင်မိသည်က အမှန်ပါ။ အချို့ သူများ ဆိုလျှင် ယခုလို စားသောက်နေဆဲ ရုတ်ရုတ်သဲသဲဖြစ်ပါက ပိုက်ဆံ မရလိုက်သည့်အပြင် ပန်းကန်တို့၊ ဇွန်းတို့ကိုပါ အပျောက်ရိုက်သွားတတ်ကြသည် မဟုတ်လား။
“အစ်မရေ၊ မမချိုချိုတို့ အုန်းနို့ခေါက်ဆွဲအိုးကြီး ပါသွား တယ်တော့၊ ပြီးတော့...”
မိဌေးလှက ရုတ်ရုတ်သဲသဲ ကြားမှ စပ်စုမ လုပ်ရင်း သတင်း လာပေး၏။ ပြောပုံကိုက သတင်းကောင်း ပေးသလို အားရပါးရ။
“တော်စမ်းပါဟယ်၊ အဲဒါတွေ လာမပြောစမ်းပါနဲ့ သွားကြပြီလား၊ စောင့်ကြည့်ချည်၊ သွားရင် လာပြော”
မိဌေးလှ ထွက်သွားသည်။
“မိရွှေခိုင်”
ရုတ်တရက် လန့်သွားသည်။
လှည့်ကြည့်လိုက်တော့ ထွန်းဝင်း။ ဘယ်အချိန်ကတည်းက သူ အနား ရောက်နေသည်မသိ။
ထွန်းဝင်းသည်လည်း အအေးဗန်းကြီးကို ခေါင်းပေါ်တွင် ရွက်လျက်။ ယောက်ျားရင့်မကြီး တစ်ယောက်လုံးက ဗန်းကြီး ခေါင်းပေါ် ရွက်ထားသည်ကို မြင်ရသည်မှာ တစ်မျိုးကြီး။
အချိုးတော့ သိပ်မပြေလှ။ ပြီး ထွန်းဝင်း အရပ်ကြီးကလည်း မြင့်ပါဘိသနဲ့၊ ကလန်ကလားကြီး။
“နင်တို့ ဘာပါသွားသေးလဲ”
“မပါဘူး၊ တော်သေးတယ်၊ သူတို့က ဒီနေ့ အစောကြီး လာကြတာကိုးဟယ်၊ ခုမှ ဈေးစည်စဟာကို၊ ငွေတောင်အစိတ် ပြည့်အောင် မရသေးဘူး”
“ငါက ပိုဆိုးသေး၊ ရောင်းကောင်းစ ရှိသေးတာ၊ ငါတော့ဟာ ဒီနေ့ တစ်နေ့လုံး ဒါကြီး ခေါင်းပေါ် ရွက်ရောင်းနေရတော့မှာ”
“ဟင်၊ ဘာဖြစ်လို့လဲ”
“အောက်က ထောက်တဲ့ ဒေါက်ခုံကြီး ပါသွားပြီလေဟာ”
“ဟောတော့”
စောစောက အထေ့အငေါ့၊ အကောက်အချိတ်တွေကို နှစ်ယောက်စလုံး မေ့သွားကြပြီ။
နောက်ထပ်လည်း စကား မပြောမိကြတော့ဘဲ ဗန်းကြီးတွေ ကိုယ်စီ ရွက်လျက် ဆိုင်ကြီးများ၏ ကြားတန်းကလေးထဲဝယ် ချောင်ခိုရပ်ကာ အပြင်မှ အသံဗလံများကို နားစွင့်နေမိကြလေသည်။
ယခုအချိန်တွင် သူတို့ ရင်ခုန်နေခြင်းသည် အချစ်ကြောင့် မဟုတ်ပါချေ။
▢ ကြူကြူသင်း
📖 မိုးဝေ မဂ္ဂဇင်း
၁၉ဂ၄ ခု၊ နိုဝင်ဘာ
No comments:
Post a Comment