Sunday, June 28, 2026

ဆရာတော် ဦးရာဇ


❝ ဆရာတော် ဦးရာဇ ❞

[ မစိုးရိမ်တိုက်သစ်ကြီး သုံးတိုက်ရဲ့ အဓိပတိ မဟာနာယက ဆရာတော် ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ ( ယခု သက်တော် ၇၈ နှစ် ) ကို ကြည်ညိုလေးစားသူ များတယ် ။ ဆရာတော်က စာသင်သံဃာတော် အပါး ၅,ဝဝဝ လောက်ကို စီမံအုပ်ချုပ်နေတယ် ။ သံဃာအများကို နှစ်ပေါင်းများစွာ နိုင်နိုင်နင်းနင်း စီမံအုပ်ချုပ်ခဲ့တဲ့ အလေ့အထကြောင့် ဆရာတော်က မှန်တယ် ၊ ပြတ်တယ် ။

ဆရာတော်ရဲ့ ဘဝ အတွေ့ အကြုံကို ရေးသားနိုင်ဖို့ ကြိုတင် ခွင့်တောင်းတော့ စနေနေ့ညနေ ၃းဝဝ နာရီ လာဖို့ အချိန်ပေးပါတယ် ။ ၂း၃ဝ နာရီ ကတည်းက ကျွန်တော်နဲ့ ဓာတ်ပုံ ကိုဇော်ဇော် ( ဘိုအဖွဲ့ ) က ဆရာတော်ဆီ သွားဖို့ အဆင်သင့် ။ မစိုးရိမ် တိုက်သစ် နာရီစင်ကြီးက ၃းဝဝ နာရီ သံစုံထိုးတော့ ကျွန်တော်တို့ နှစ်ယောက် ကျောင်းပေါက်ဝမှာ ရောက်နေကြပြီ ။

ဆရာတော် ဦးရာဇနဲ့ တွေ့ဖို့ကိစ္စမှာ ကျွန်တော်တို့ အချိန် မတိမ်းဝံ့ဘူး ။ ကျွန်တော်တို့က နောက်ကျလို့ ဆရာတော်က မတွေ့ နိုင်တော့ဘူး ပြောမှာကို ကြောက်တာ အမှန်ပဲ ။ အချိန်နဲ့အမျှ အလုပ် လုပ်နေတဲ့ ဆရာတော်ကြီးက ခွင့်ပြုထားတဲ့ အချိန် အတွင်းမှာ ရနိုင်သလောက် အချိန်ယူပြီး ဆရာတော်ကြီး မိန့်ကြားသမျှ ရယူချင်တာလည်း ပါဝင်တယ် ။

ဆရာတော်ကြီးနဲ့ တွေ့ ရချိန်မှာ ဆရာတော်ဟာ အလွန်ပဲ အနေရိုးတာ သတိထားမိတယ် ။ နှစ်လက်မခန့်သာ ထုရှိတဲ့ မွေ့ ရာလေးတစ်ခုကို သမံတလင်း ပေါ်မှာ ခင်းပြီး သီတင်းသုံး နေတယ် ။ ဆရာတော်ရဲ့ ပတ်လည်မှာတော့ စာအုပ်တွေ ဝန်းရံလို့ ။

ဆရာတော် စာသင်သား ဘဝတုန်းက သိပ်ကို ဆင်းရဲ ချို့တဲ့ခဲ့ဖူးတာကို ကျွန်တော်က ကြားဖူးတော့ အဲဒီအကြောင်းကို အရင် စကားစမိတယ် ။

ဆရာတော် မိန့်ကြားခဲ့တာတွေက ခုလိုပါ ]

••••• ••••• •••••

စာသင်သား ဘဝဟာ အဆင်းရဲဆုံးပဲ ။

သကျသီဟ စာမေးပွဲဖြေဖို့ လုပ်တုန်းက စာလုပ်ဖို့ အချိန်ကလည်း များများ လိုတယ်လေ ။ သူများလို ဆွမ်း လျှောက်ခံနေရင် အနည်းဆုံး တစ်နာရီ တစ်နာရီခွဲ ကြာမယ် ။ နာရီ ပိုရအောင် ပဲပြုတ် ဝယ်စားတယ် ။

ကျောင်းတိုက်ထဲ မနက်တိုင်း လာရောင်းတဲ့ ပဲပြုတ်သည် ရှိတယ် ။ ပဲပြုတ် တစ်ရက် နှစ်ပြားဖိုး ဝယ်တာ ၊ ပဲပြုတ်သည်က တစ်ပဲဖိုးအောက် မရောင်းဘူးတဲ့ ။ သူ့ကို ချော့ရတာပေါ့ ။ ပဲပြုတ် နှစ်ပြားဖိုး ဝယ်ပြီး ဆီလေး ဆမ်း ဆားလေး ဖြူး စားခဲ့ရတာ အကြိမ် အများကြီး ။

တို့ငယ်ငယ်တုန်းက ခေါင်းအုံး မရှိဘူး ။ စာအုပ်တွေကို ခေါင်းအုံး အိပ်ရတာ ။ စာအုပ်တွေ ကြားထဲ ကြမ်းပိုးတွေ ပြည့်လို့ ။ ခြင်ထောင်လည်း မရှိဘူး ။ အဲဒီတုန်းက ခြင်ထောင် တစ်လုံး အလွန်ဆုံး ပေးရရင် တစ်ဆယ် ၊ ဆယ့်တစ်ကျပ် ၊ ဆယ့်နှစ်ကျပ် ( ကျပ် ၁ဝ ၊ ၁၁ ကျပ် ၊ ၁၂ ကျပ် ) လောက် နေမှာပေါ့ ။ အဲဒီ တစ်ဆယ် ၊ ဆယ့်တစ်ကျပ် ၊ ဆယ့်နှစ်ကျပ် မတတ်နိုင်လို့ ခြင်ထောင် မပါဘဲ အိပ်ရတာ ။

မန္တလေးမှာ ခြင်ထောင် မပါဘဲ အိပ်နိုင်တဲ့သူ အတော် ရှားတာ ။ ငါကတော့ အိပ်ခါနီး ရေချိုး ၊ ခေါင်းမြီးခြုံ အိပ်လိုက်တာပဲ ။ အိပ်ပျော်သွားလို့ ရှိရင် ခြင်ကိုက်တာ ဘာတတ်နိုင်တာ မှတ်လို့ ။

ဧကသီ ( သံဃာတော်များ အပေါ်ရုံ သင်္ကန်း ) ဆိုပါတော့ ၊ ဧကသီ အစစ် ဝယ်ရင် သဘောမယ် ၁၅ ကျပ်လောက် ကျတယ် ။ သင်းပိုင် ( ခါးဝတ် ) နှစ်ထည်စပ်ပြီး ချုပ်ရင် ၁၂ ကျပ် ကျတယ် ။ သုံးကျပ် သက်သာတယ်ပေါ့ ။ သုံးကျပ် သက်သာဖို့ အတွက် သင်းပိုင်နှစ်ထည် စပ်ပြီး ဧကသီ ကိုင်တယ်ပေါ့ကွာ ။ ဧကသီ အစစ်လိုတော့ ဘယ် ကောင်းမှာလဲ ။ မပါသင့်တဲ့ ချုပ်ရိုးကြီး ပါနေမှာပေါ့ ။ ဒါပေမဲ့ မတတ်နိုင်ဘူး ။ သုံးကျပ် သက်သာဖို့ အတွက် အဲဒီလိုကို လုပ်ရတာ ။

စာအုပ်ကလည်း မဝယ်နိုင်ဘူး ။ ဗလာစာအုပ် တစ်အုပ် တစ်မတ်ပဲ ပေးရတာ ။ အဲဒါ အရွက် ၅၀ လောက်ပါတယ် ။ အဲဒီ တစ်မတ်ကို ချင့်ချိန် သုံးရတယ် ။ စာအုပ်ကို ခဲတံနဲ့ ရေး ၊ ပြန်ဖျက် ပြန်ရေး လုပ်ရတာ ။ နှစ်ခါသုံးခါတော့ ရတယ် ။ အကြိမ်ကြိမ်တော့ မရဘူး ။ ကြာတော့ စာအုပ်က မခံနိုင်ဘူး ။

အဲဒီလို ဆင်းဆင်းရဲရဲ လုပ်ရတာ ။ ဆင်းဆင်းရဲရဲ လုပ်ရပေမဲ့ ကိုယ့်ဟာကိုယ် အားငယ်တာတို့ ဘာတို့ မရှိပါဘူး ။ ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ်ပေါ့ ။ ဒီစာမေးပွဲ အောင်ရမယ် ဆိုတဲ့ ရည်မှန်းချက်လေးနဲ့ လုပ်တာပဲ ။ တို့ မစိုးရိမ် ဆိုတာ သကျသီဟ အောင်မှ လူရာဝင်တာ ။ ဘုန်းကြီးရာဝင်တာ ။ ဘာဖြစ်လို့လဲ ဆိုရင် သကျသီဟ အောင်မှ နာယကဘုန်းကြီး ခန့်တာ ။ သကျသီဟက ဖြေချင်တိုင်း ဖြေလို့ မရဘူး ။ အသက် ကန့်သတ်ချက် ရှိတယ် ။

အချို့က ငါ့ကို စေတီယင်္ဂဏ အောင်တယ်လို့ ထင်တာ ။ ရန်ကုန် ရထားခက တစ်ခေါက်မှ ၁၇ ကျပ်ခွဲ ၊ အသွားအပြန် ၃၅ ကျပ်ပေါ့ ။ အဲဒီ ၃၅ ကျပ် မတတ်နိုင်လို့ စေတီယင်္ဂဏ စာမေးပွဲ ငါ မဖြေခဲ့ရဘူး ။ သွားရင်တော့ အောင်မှာ သေချာတယ် ။ တို့ခေတ်တုန်းက ရန်ကုန်သွား ဖြေကြတယ် ။

ငါကတော့ အစိုးရ ဓမ္မာစရိယနဲ့ သကျသီဟ စာချတန်း အောင်တယ်ပေါ့ကွာ ။ ရဟန်းဒကာ ရဟန်းအစ်မကို ပြောရင်တော့ စာမေးပွဲ ဖြေဖို့ ရထားခ လှူမှာပါ ။ ကိုယ်က မတောင်းဘူး ။ ဖြစ်သလိုပဲ နေတာ ။ မာန်လေးတွေ ဖြစ်မှာပေါ့ ။ ကောင်းသောမာန် လို့တော့ ဆိုရမှာပေါ့ ။ မတောင်းတော့ ရထားခတွေ ဘာတွေ မရဘူး ။ မရတော့ မဖြေရဘူးပေါ့ကွာ ။

ရဟန်းဒကာက မုံရွာ သန်းစတိုး ဦးစော ၊ ဒေါ်မြိုင် ။ တို့ အင်တိုင်းရွာ ဇာတိတွေ ။

တို့ကို မွေးတာက ၁၂၉၅ ခု ဝါဆိုလဆုတ် ၁၃ ရက် ( ၁၉၃၃ ခု ဇူလိုင်လ ၁၉ ရက် ) ။ မုံရွာနယ် အင်တိုင်းရွာ ။ ကျောက္ကာ နဲ့ သာစည်ကြားက ရွာ ။ ခမည်းတော်က ဦးဘဝင်း ၊ မယ်တော်က ဒေါ်နှင်းဦး ။

ခမည်းတော်က ရွာထုံးစံအတိုင်းပေါ့ကွာ ပန်းတဉ်း ။ ဇွန်းခတ်တာ ။ ကြေးဇွန်းတို့ ကြေးဖလားတို့ လုပ်တာ ။ တို့ဒကာကြီးက သူများလို ဇွန်းကြီးကြီး မခတ်နိုင်ဘူး ။ ဇွန်းသေးသေး ၊ ဆီချက်ကော် ခေါ်တာပေါ့ ။ tea spoon ( လက်ဖက်ရည်ဇွန်း ) ပေါ့ ။ အဲဒါလေးတွေ ခတ်တယ် ။ အဲဒါ ခတ်တာ တစ်နေကုန် ခတ်မှ တစ်မတ်လောက် ရတာ ။ အဲဒီ တစ်မတ်နဲ့ တို့မိသားစု ငါးဦး ခြောက်ဦး ကျွေးခဲ့တာဗျ ။

ငါက အလတ်လို့ ခေါ်ရမှာပေါ့ ။ တတိယမြောက်ပဲ ။ အောက်မှာ နှစ်ယောက် ၊ အထက်မှာ နှစ်ယောက်ပေါ့ ။ ခမည်းတော်က ၇၃ နှစ်မှာ ဆုံးတယ် ။ မယ်တော်က ၉၃ နှစ်မှာ ဆုံးတယ် ။ ငါ လူလားမြောက်တဲ့ အချိန်မှာ သူတို့ အသက်ကြီးတာမို့ ငါ ပြန်စောင့်ရှောက်ခွင့် ရတယ် ။ ငါ့အထက်က နှစ်ယောက်လည်း ကွယ်လွန်သွားကြပြီ ။ ငါနဲ့ အောက် နှစ်ယောက်နဲ့ပဲ ကျန်တော့တယ် ။

ရှစ်နှစ်သား အရွယ် ကတည်းက သင်္ကန်း ဝတ်ခဲ့တော့ ရိုးရာအလုပ် ဖြစ်တဲ့ ဇွန်းပွတ်တို့ ၊ ဇွန်းခတ်တို့ မတတ်ခဲ့ပါဘူး ။ မိဘကို မကူညီခဲ့ရဘူး ။ မိဘက အစဉ်အလာအတိုင်း ရှင်ပြုရာက ကိုရင် ဝတ်ဖြစ်သွားတာ ။ သာသနာ အတွက် ရည်ရွယ်ချက်လည်း ဘာမှ မရှိဘူး ။ အမှန်အတိုင်း ပြောတာ ။ အဲဒီအတိုင်း ရေး ။

မြဲသွားတော့လည်း ကိုရင်ရဲ့စာတွေ သင်ရတာပေါ့ ။ ပရိတ်ကြီးတို့ ၊ လောကနီတိ တို့ ၊ ဘုန်းကြီးကျောင်း ဂဏန်းသင်္ချာတို့ စသည်ပေါ့ကွာ အဲဒါတွေ သင်ရတာပေါ့ ။

အင်တိုင်းကျောင်းဆရာတော် ဦးရဝိန္ဒ က ငယ်ဆရာ ။ ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ သင်ရတဲ့ ဂဏန်းသင်္ချာ ဘယ်လောက် အကျိုးကျေးဇူး ရှိသလဲ ဆိုရင် မစိုးရိမ် တိုက်သစ် ထဲမှာ တိုက်ကျောင်းတွေ ဆောက်တယ် ။ ကုန်မယ့် သစ်ကို ကိုယ့်ဟာကိုယ် တွက်တာ ။ ကြေးခွေက ဘယ်လောက် ကုန်မယ် ၊ ကြမ်းခင်းက ဘယ်လောက် ကုန်မယ် ။ အသေးစိတ် သေသေချာချာ တွက်တာ ။ လက်သမားတွက်ခိုင်းရင် တစ်တန် ၊ တစ်တန်ခွဲ ပိုတယ် ။ အဲဒါတွေ တတ်ခဲ့တော့ အသုံး တည့်တယ်ပေါ့ ။

ရွာမှာ ကိုရင်ဝတ် ပြီးတော့ စာသင်ဖို့ မုံရွာကို ပြောင်းခဲ့တယ် ။ မုံရွာ လေသာတိုက် ၊ ဇောတိကာရာမ ကျောင်းတိုက်ပေါ့ ။ ရောက်ရောက်ချင်း အငယ်တန်းစာမေးပွဲ ဝင်တာ ။ အမှန်က အငယ်တန်း အောက်မှာ မူလတန်း ရှိတယ် ။ မူလတန်းမဝင်ဘဲ အငယ်တန်းကို ကျော်ဖြေတယ် ။

တိုက်ကြပ်ဘုန်းကြီးက ဟာ မင်းတို့က တောက ရောက်လာခါစ ရှိသေးတယ် မူလတန်း ဝင်ရမှာပေါ့ ၊ အငယ်တန်း ဖြစ်ပါ့မလား မေးတယ် ။ တို့က လူငယ်ကိုး ၊ ကြွားလည်း ကြွားချင်တာ ပါမှာပေါ့ ။ အငယ်တန်းမှာ ဘာတွေ ပါသလဲ လျှောက်တော့ သဒ္ဒါတို့ သင်္ဂြိုဟ်တို့တဲ့ ။ သဒ္ဒါသင်္ဂြိုဟ် တပည့်တော်ကို မေးချင်တာ မေးလို့ ပြန်လျှောက်တယ် ။

အဲဒီတော့ သူက မေးတယ် ။ တို့က ဖြေတာ သဘောကျပြီး ရတယ်ကွာ ဆိုပြီး ဝင်ဖြေခွင့်ပြုတာ ။ ကျောင်းတွင်း စာမေးပွဲ လုပ်တော့ ငါက ၅၃ မှတ် နဲ့ တတိယ ရတယ် ။ အမှတ် ၆ဝ ပေးတာ ၊ ခုနစ်မှတ်ပဲ လျော့တယ် ။ အဲသည်က စပြီး ဆရာတော်က တောသားတွေ ဆိုပြီး အထင် မသေးတော့ဘဲ ဖြေခွင့်ပေးတယ် ။

မုံရွာဇောတိကာရာမ မှာ နှစ်နှစ်ခွဲ သုံးနှစ် ကြာခဲ့တယ် ။ ၁၉ နှစ်သားမှာ အကြီးတန်း ဝင်ဖို့ မန္တလေး ပြောင်းတာ ။ မစိုးရိမ် အလယ်တိုက်ကြီးနေတဲ့ ဘုန်းကြီးတစ်ပါးက ဂျပန်ခေတ်မှာ တို့ရွာက တောကျောင်း လာနေဖူးတယ် ။ အဲဒီ အဆက်အစပ်နဲ့ ။

မြန်မာသက္ကရာဇ် ၁၃၁၃ ခုနှစ်မှာ အငယ်တန်း ၊ ၁၄ ခုက အလတ်တန်း ၊ ၁၅ ခု အကြီးတန်း အောင်တယ် ။ ဒါပေမဲ့ ပထမကြီးမှာ ငါက စာမေးပွဲ တစ်ခါ ကျတယ် ။ စာမေးပွဲက နယုန်လမှာ တစ်ကြိမ် ၊ တပေါင်းလမှာ တစ်ကြိမ် နှစ်ကြိမ် ကျင်းပလို့ တပေါင်းလ စာမေးပွဲမှာ ငါ အောင်တယ် ။ ၁၇ ခုနှစ်မှာ သကျသီဟ စလုပ်တယ် ။

မစိုးရိမ်တိုက်ဟောင်း ၊ တိုက်သစ်က လေးလ တစ်ကြိမ် စာမေးပွဲ လုပ်တယ် ။ အောင်ရင် တစ်လ တစ်ဆယ် ( ကျပ် ၁၀ ) ထောက်ပံ့တယ် ။ လေးလ ဆိုတော့ လေးဆယ် ( ကျပ် ၄ဝ ) ရတာပေါ့ ။ အဲဒီ စာမေးပွဲကို ငါက အပတ်တိုင်း အောင်တာ ။ အဲဒီတုန်းက ငွေ တစ်ဆယ်က သုံးလောက်တယ်ကွ ။ နှစ်ဆယ် ( ကျပ် ၂၀ ) လောက်ဆို သင်္ကန်းတစ်စုံ ရတယ် ။ အကောင်းဆုံး အေဝမ်းသင်္ကန်း ရတာ ။

သကျသီဟ စာမေးပွဲက စာသင်တန်း သုံးနှစ် ၊ စာချတန်း ငါးနှစ် ဝင်ရတယ် ။ သကျသီဟ မအောင်ရင် ဒီထဲ ( မစိုးရိမ်ကျောင်းတိုက်ထဲ ) နေလို့ မရဘူး ။ ထွက်သွားရင် ဒီလိုတော့ ဖြစ်မှာမဟုတ်ဘူး ။ သမိုင်းတော့ တစ်မျိုး ဖြစ်မှာပေါ့ ။

သကျသီဟ စာမေးပွဲက တော်တော် ခက်တယ် ။

“ မေးတော့ အခက်ကြီး ၊ ပေးတော့ တံမြက်စည်း ၊ ကျွေးတော့ သရက်သီး ” လို့ အပြောင်အပြက် စာချိုးကြတယ် ။

အောင်တဲ့အခါ လှူတဲ့ ပဒေသာပင်က တံမြက်စည်း များတယ်ပေါ့ ။ သရော်တာပါ ။ တကယ်တော့ တန်ဖိုးရှိပါတယ် ။ တို့ သကျသီဟစာမေးပွဲ အောင်တုန်းက ငွေချည်းပဲ တစ်ထောင့်ငါးရာ ( ကျပ် ၁၅ဝဝ ) ရတယ် ။ ရွှေ ဝယ်ထားရင် ၁ဝ သား ရတယ် ။ ငွေက တန်ဖိုး ရှိသေးတယ် ။

ရတဲ့ ၁၅ဝဝ နဲ့ သံဃာ ၅ဝဝ လောက်ရှိတဲ့ တိုက်ကို ဆွမ်းကျွေးတယ် ။ ရွာလည်း ပြန်ပြီး ဆွမ်းကျွေးတယ် ။

ငါက စာပြောကောင်းပုံ ရတယ် ။ မစိုးရိမ် အလယ်တိုက်ကြီးပေါ် တက်တက် စာချရတယ် ။ ငါ့ဆီ စာလာလိုက်ကြတာ များတယ် ။ ငါရယ် ဦးကောဝိဒရယ် နာမည် ရတယ် ။ တိပိဋက ယောဆရာတော်က ငါ့ဆီမှာ စာလိုက်ဖူးတယ် ။ သူက ငါ့မွေးနေ့ မှတ်ထားပြီး ၇၅ နှစ်ပြည့် မွေးနေ့မှာ ၇၅ သိန်း လှူမယ်တဲ့ ။

ငါက မွေးနေ့ မလုပ်ဘူး ၊ သေနေ့ လုပ်တာ ။ မွေးနေ့ ဆိုရင် ရွာသွားပြီး သရဏဂုံ တင်တယ် ။ သံဝေဂပေါ့ကွာ ။ အဲဒီလို ပြောတော့ ယောဆရာတော်က ဆရာတော် သဘောပါ ဘုရား ၊ သိန်း ၁၀၀ လှူပါ့မယ်တဲ့ ။

သူ လှူတဲ့ငွေကို ရွာမှာ ဆွမ်းကျွေးပြီး ပိုတာကို ရွာမှာ ပညာရေး ရန်ပုံငွေ လုပ်လိုက်တယ် ။ ရွာမှာ မူလွန်ကျောင်းရှိတယ် ။ ဆရာက မရသေးတော့ ဆရာ့အတွက် လခ ပေးဖို့ ငါက ရန်ပုံငွေ ထူထောင်ပေးထားတယ် ။

က မစိုးရိမ်တိုက်ကြီးမှာ စာချတာ ခြောက်နှစ် ကြာတယ် ။ နောက် ဆရာတော်ကြီး ဒီတိုက် ( မစိုးရိမ်တိုက်သစ် ) ပြောင်းပြီး စာချခိုင်းတယ် ။ စာသင်တိုက်ပုံစံ ဖြစ်အောင် ပြောင်းတာ ။ ငါပြောင်းတဲ့ နှစ်က တစ်တိုက်လုံးပေါင်းမှ ၆၃ ပါးပဲ ရှိတာ ။ ခု ၂ဝဝဝ ကျော် ၊ ၃ဝဝဝ ။ အလုပ်လုပ်လို့ အဆ အများကြီး တိုးလာတာ ။

ကျောင်းဆောက်ချင်တဲ့သူက လာလျှောက်တယ် ၊ မဆောက်ပါနဲ့ဦး ၊ သံဃာ များလွန်းတယ် ။ အုပ်ချုပ်ရတာ ခက်တယ် ။ ကံအားလျော်စွာပဲ ပြည်ကြီးတံခွန်မှာ မြေရတော့ မစိုးရိမ်တိုက်သစ် ဆောက်တယ် ။ အဲဒီမှာ ၁ဝ ကျောင်းလောက်ရှိတယ် ။ ရေက အဆင်မပြေဘူး ။ အဆင့်မမီဘူး ။ အဆင့်မမီတဲ့ ရေကိုပဲ လျှပ်စစ်မီး မလာတော့ လုံလောက်အောင် မတင်နိုင်ဘူး ။

ဒါကြောင့် ဦးပေစိ ဘုရား အနောက်ဘက်မှာ မစိုးရိမ်တိုက်သစ် တစ်တိုက် ထပ်တည်ထောင်တယ် ။ ရန်ဖြစ်လို့ ကျောင်းတိုက်တွေ ကွဲတာ မဟုတ်ဘူး ။ လိုအပ်လို့ ခွဲတာ ။

မြန်မာနိုင်ငံလောက် အလားအလာ ကောင်းတဲ့ နိုင်ငံ မရှိသလောက် ရှားတယ် ။ ငါကတော့ အသက်ကြီးပါပြီ ။ မင်းတို့ တိုင်းပြည်အတွက် လုပ်ကြ ။ နိုင်ငံရေး လုပ်ကြ ။ နိုင်ငံရေး ဆိုတာ ရာထူးရဖို့ လုပ်တာ မဟုတ်ဘူး ။ ကိုယ့်တာဝန် ကိုယ် ကျေပွန်အောင် လုပ်တာ နိုင်ငံရေး ။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ ၁၀၁

လွန်ကဲမိုး


❝ လွန်ကဲမိုး ❞
   ( ဆူးငှက် )

“ နဘန္တရာ သံဝါခြိမ့်တယ် ။
လဗ္ဗရာခြိမ့် နတ်စည်တော်
ပဏဝါအိမ့် ပတ်လည်ဆော်သည်
လျှပ်ခြည်စေရော် ဇော်တခဲ
ဝိုးဝင်း မိုးပြည့် ရှိန်အဝါမှာ
ဝတိံသူရာ စစ်ရေးမြူကြဆဲ ... ”

ဝန်ထောက်တော် ဝက်မစွတ်မြို့စား က ကရကဋ်ရာသီ ဝါဆိုလကို ဤသို့ ဖွဲ့ဆိုခဲ့၏ ။ တလောဆီကတော့ မိုးကို မျှော်လွန်းသော မြန်မာပြည် အလယ်ပိုင်းဒေသ အတွက် “ မျှော်မျှော်နိုင်လွန်းချည့် ” ဟု ကိုရွှေမိုးက ရွှေစိတ်တော်ညိုက ဒေါသတကြီး ခုန်ချ အစွမ်းပြတော့သည် ... ။ ရက်သတ္တ တစ်ပတ်ကျော်ပင် ကြာပါလေရော့ ... ။ မကြုံစဖူး ထူးကဲသော ဒေါသမို့ တစ်ရက်တည်းပင်လျှင် မြောက်ပိုင်း အချို့ဒေသ၌ မိုးရေချိန် ၆ လက်မ နီးပါး ဖြစ်သွားသည် ။ တစ်ရက်တည်းပင် မိုးနည်းရပ်ဝန်းအချို့၌ ၅ လက်မနီးပါး ဖြစ်သွားသည် ။

“ ဝါဆို ၊ ဝါခေါင် ရေဖောင်ဖောင် ” သည် ဝါဆို မတိုင်မီ နယုန်လဆန်း ကတည်းက ‘ ရေအိမ်ခေါင် ’ ရောက်တော့သည် ။ တောင်ဆီမှာ မိုးတွေ ညို့လာလျှင်ဖြင့် မောင်ကြီးသည် မမလေးကို ‘ မိုးရွာရင်နော်ဗျာ ... ဘာနဲ့ မိုးရပါ့ ၊ ပဒုမ္မာရွှေကြာရိုး ၊ ထီးလုပ်လို့ မိုး ...’ ဟု ကယုကယင် ချော့နွဲ့လို့ မရ ... ။ ပဒုမ္မာရွှေကြာရိုး မဆိုထားနှင့် စတိန်းလက်စတီး စစ်စစ် လက်ကိုင်ရိုးနှင့် ခရမ်းလွန်ရောင်ခြည်ခံ ပိုးဖဲအရွက်ဆောင်း ဂျပန်နာမည် တံဆိပ်တပ် စက်မှုဇုန်ဖြစ် သံမဏိဖဲထီးနှင့်လည်း မမလေးကို ဒီ မိုးဒဏ်က လွတ်အောင် မကာနိုင် ... ။

“ သည် မိုး ၊ သည် မိုး ... ဒေဝါ ... မိုးတည့် မိုးဒေဝါ ” တဲ့ ။ သီချင်းဂီတကို ကနဦး အစကတည်းက စတင် လေ့လာ သင်အံမည့် သူသည် တံတျာတေရှင် အစချီ ပုဇဉ်းတောင်သံကြိုးကို စည်းဝါးကိုင်ကာ အကျအန သင်ယူရ ကတည်းက ‘ မိုး ’ နှင့် စသည် ။ ဤသို့ ဤနှယ် မိုးကို သံယောဇဉ် ကြီးခဲ့၏ ။

ဟော ...နောက်တော့ “ ညွှန်းရိုက်ဖြာငယ်လေး ၊ မှိုင်းညို့မည်းမည်း ၊ မိုး ဣန္ဒာငယ်လေး ညိုးရှိန်ဝါငယ်လေ ကြွေးရင့်နွှဲနွှဲ ... ” လို့ ရယ် ။

အညာသားများ နေပူကျဲတောက်မှာ နေရလေတော့ ကြိုးသီချင်းနဲ့ မိုးကို မျှော်သည် ။ ပတ်ပျိုးနှင့် မိုးကို မျှော်သည် ။ ဘွဲ့ခံပြီး မိုးကို မျှော်သည် ။ ဝန်ကြီးပဒေသရာဇာက မျှော်လိုက်တဲ့ မိုးက သည်ကနေ့ အထိ အတော မသတ်နိုင်တော့ ။ မိုးကို မျှော်မယ့်သာ ... မျှော်၏ ။ မိုးဝေးရေဝေး အရပ်မို့ ... မိုးလာလျှင်လည်း ပျာသည် ၊ မိုးသည်းတော့ မာန်ခဲသည် ။ မိုးကြီးပြန်တော့ ဟည်းချသည် ။ တကယ် မိုးထဲ ရေထဲမှာ ဘာမှ မလုပ်တတ်တော့ ... ။

“ မိုးစနေ လေရာဟု ” တတွတ်တွတ် ရွတ်ကာ မိုးကို မော်ကြည့် နေသော်လည်း “ မိုးတစ်စက် ၊ ရေတစ်ရွက် ” ဆိုတာ သတိမထားမိကြ ။ “ မိုးဖြူ မစဲ ၊ မိုးမည်း မရွာ ” ဟု လှေနံဓားထစ် မှတ်ခဲကြသော အခါ “ မိုးနှင့် နွားသိုး အစိုး မရ ” တာ မေ့လျော့ကြတော့၏  ။ “ မိုးမပြိုဘူး ၊ ပြိုခဲ့သော် ” ဟု ကြံစည်တွေးတောလျှင် အတွေးခေါင်လှချည့်ဟု ငြူစူကြကာ “ မိုးပြို အများနှင့် ” ဟု ကမ္မသကာ ထားလိုက်တော့သည် ။ ဤသို့သော မိုးနှင့် အကင်း မပါးလှသည့် အထက်ရွာ အထက်ရပ်သားများတည်း ။

အညာနှင့် မိုး ... အစပ်အဟပ် မတည့်ပုံကို စိန္တကျော်သူ ဦးသြ ကပင် ဓနုဖြူချီ စစ်ချီရတု၌ ဩချ ဖွဲ့ဆိုခဲ့ရ၏ ။ အလောင်းမင်းတရားရေတပ်က ဓနုဖြူတွင် စခန်းချရပ်ရန် ဆိုက်ကပ်ချိန်မှာ ပီဘိ ညအချိန် ဖြစ်သည် ။ မှောင်နှင့်မည်းမည်း၌ လှေတို့ မမြင်မကန်း ဖြစ်ကြသည် ။ အချင်းချင်း တိုက်မိရိုက်မိကာ ရောထွေးကုန်သည် ။ ထိုအခိုက် မိုးသက်မုန်တိုင်း ကလည်း ရုတ်ခြည်း ကျလာ၏ ။ ထိုအခါ လှိုင်း ရုတ်တရက် ကြီးသည် ။ ဝဲထသည် ။ လှေတို့က ဝရုန်းသုန်းကား ဖြစ်ကုန်သည် ။ ချိတ်မကူနိုင် ၊ ပဲ့လည်း မတတ်သာ ၊ ထိုးဝါးလည်း မထောက်သာတော့ ။ သည်မိုး ၊ သည်လေမှာ ကုန်းခေါင်ခေါင်က ရတနာသိင်္ခသားတို့ ကြီးစွာသော အခက်အခဲ ဖြစ်ကုန်၏ ။ တချို့ ရေထဲကျ ၊ တချို့ ကြောက်လန့်တကြား ကူးခတ် ၊ တချို့ ရေမြှုပ် .... တချို့က နီးရာ သင်ပေါင်းပင် ၊ ကိုင်းပင်တို့ကို အလန့်တကြား ဆွဲ ... တချို့ ရေစပ်သစ်ပင်မှာ ဖက်တွယ် ... ။ မိုးကလည်း အောက်မိုး အောက်လေ ပီသစွာ အသည်းအသန် ... ။ ဒါကို စိန္တကျော်သူ က အမှတ်တရဖွဲ့သည် ။ ကြည့် ...

“ ဓနုဖြူတွင် ၊ ထွက်သိုက်ဝင်လျှင် ၊ စက်ရှင်ရွှန်းတောက် ၊ စံကွန်းထောက်က ၊ တောင်မြောက်အုပ်မှိုင်း ၊ ရှေ့အတိုင်းလျှင် ၊ မှီခိုင်းကမ်းရပ် ၊ တင်းကြမ်းစပ်မျှ ၊ မလိပ်ဆိပ်ခင်း ၊ ထိုးဝါးမမီ ၊ ခတ်ချီမပါ ၊ ရေကြီးရာတွင်  ၊ ရှုပ်သာလှေချင်း ၊ ဦးသွင်း ပဲ့ဆုတ် ၊ ချိတ်ကုတ်မမြဲ ၊ ရေထဲကူးသား ၊ မြှုပ်မွမ်းစုပ်ဖွား ၊ ကြိုးဖျားငင်စွဲ ၊ ခုန်ဆွဲဘောင်ကိုင်း ၊ ကမ်းယံခိုင်း၍  ၊ လှေတိုင်းပဲ့ပန်း ၊ စခန်းမလှ ၊ ဆိုက်ကြရသည် ၊ ချုပ်ညမှိုင်းဝေရီတော့၏ ” တဲ့ ။

မည်သို့ဆိုစေ အထက်အညာ အရပ်သားက မိုးနှင့် ရေကို ချစ်ပါသည် ။ မိုးနှင့် ရေကို မျှော်ပါသည် ။ ထို့အတူ မိုးဝေး ရေဝေး အရပ်သားများ ဖြစ်သောကြောင့် မိုးနှင့် ရေ၏ ပရိယာယ်ကိုလည်း ကြောက်ကြတာ သေချာပါသည် ။

▢  ဆူးငှက်
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့် 

မြနန္ဒာ ရေညိုညို ရစ်ကာသန်း


❝ မြနန္ဒာ ရေညိုညို ရစ်ကာသန်း ❞ 
             ( ဆူးငှက် )

“ နန္ဒာ ရေဝန်းရံခ ၊
ပတ်လည်မှာ ... 
ရွှေမန်းတောင်တော်သာ
အို ... ဆန်းပါလှ ၊
မြို့နန်းဝတိသာ ” တဲ့ ။

ပြင်စည်မင်းသားကြီးက ‘ မန်းတောင်လက်ျာ ’  ယိုးဒယားကြီး၌ မန္တလေးကို ဤကဲ့သို့ ဖွဲ့ဆိုခဲ့၏ ။ ‘ နန္ဒာရေဝန်းရံခ ’ တဲ့ ။ 

ဟုတ်သည် ။ ဧရာ၀တီမြစ်ကြီး၏ အရှေ့ဘက်ကမ်းမှာ တည်ထားသော မန္တလေးမြို့သည် တောင်ဘက်မှာက တောင်သမန်အင်းကြီး ရှိသည် ။ အနောက်ဘက်မှာ တက်သေးအင်း ... ။ အခုတော့ မန္တလေး ကန်တော်ကြီးဟု သုံးစွဲ ခေါ်ဝေါ်နေသည် ။ အရှေ့တောင်မှာက ဇောင်းကလော ကန်ကြီး ရှိသည် ။ အရှေ့ဘက် တစ်ကြောကြီးက မင်းရှင်စော၏ အောင်ပင်လယ်ကန်တော် ... ။ အောင်ပင်လယ်ကန်က တောင်ဘက် ဗိုလ်တက်ကုန်း မှသည် ဟိုး ... မြောက် မန္တလေးတောင် အရှေ့ဘက် အထိ ရှိမှာပေါ့ ... ။ မြောက်ဘက်မှာက နန္ဒာကန် ရှိပါသည် ။

ထိုရောအခါက ... ကောင်းကင်မှ နတ်ကြည့် ကြည့်လျှင် မန္တလေးသည် လေးဘက်လေးတန် ရေဝိုင်းရံခ နေပေလိမ့်မည် ။ နောက်တော့ အင်္ဂလိပ်အစိုးရခေတ်တွင် အောင်ပင်လယ်ကန်မှ ရေများကို ဖောက်ထုတ်ပြီး လယ်များ ဖော်ထုတ် စိုက်ပျိုးစေခဲ့၏ ။ ဒါကြောင့်လည်း နန်းတော်ရှေ့ဆရာတင်က ... ၊

“ .. တကယ်တော့ အစစ်ကဲ့သို့ .. အခုတော့ လယ်တောဖြစ်လို့ ... ကောင်းဖို့ ရွယ်သောခေတ်ကို ... အထူးပင် မျှော်မိတယ် ...” ဟု စပ်ဆိုခဲ့ဖူးပါ၏ ။

ဘာထူးမှာလဲ ၊ မြောက်ဘက် နန္ဒာကန်ကြီးကလည်း လယ်ကွင်းပြင်ကြီး ဖြစ်သွားသည် ။ မြနန္ဒာကွင်းတဲ့ ... ။ ရှေးယခင် ကတည်းက မန္တလေးသည် မိုးနည်းခဲ့၏ ။ နှစ်စဉ် ‘ မိုးဆက်သ ’ နေကျ မုတ်သုန် သည်ပင်လျှင် ဟိုး ... အနောက် ရခိုင်ရိုးမကြီးကို ကျော်ဖြတ်ပြီးသောအခါ ဧရာဝတီမြစ်ဝှမ်း လွင်ပြင်၌ အားအင်ချိနဲ့ သွားပြီး သူ့ မိုးလက်ဆောင် ပေးနိုင်စွမ်းပင် အနိုင်နိုင် ဖြစ်နေ ကျပင် ... ။ ထို့ကြောင့် မန္တလေးမြို့တည် ဗိသုကာကြီးများက ရာသီဥတု သပ္ပာရ ဖြစ်ရေးအတွက် မြို့ပတ်လည် သဘာဝကန် ၊ လက်လုပ်ကန်များဖြင့် ဝေစည်ခဲ့ခြင်းဖြစ်သည် ။

ထိုထိုသော အင်းအိုင်ကန်ချောင်း ဆည်မြောင်းများမှ မြောင်းကြီး မြောင်းငယ် အသွယ်သွယ်များဖြင့် မြို့က တောင်မြောက်ကန့်လန့် ဖြတ်ကာ ရေသွင်းရေထုတ်လည်း ပြုလုပ်ပေးခဲ့၏ ။ ထို့ကြောင့် မည်သို့သော မိုးနည်းရပ်ဝန်း ဖြစ်ခဲ့သော်ငြား မန္တလေးသည် ရေမလပ် ၊ ရေမပြတ်ခဲ့ .. ။

ဟော ... အခုနှစ်လို မိုးအားကောင်းကာ မန္တလေးလို နေရာမျိုးမှာပင် တစ်နေ့တည်း မိုးရေချိန် ၃ လက်မကျော် ရွာသွန်းပြန်သောအခါ ထုံးစံအတိုင်း မန္တလေး ပတ်လည်မှ ကန်ချောင်း အင်းအိုင်ကြီးများက မန္တလေးမြို့လယ်ခေါင်အထိ တစ်မုဟုတ်ချင်း ပြောင်းရွေ့ လာလေတော့၏ ။ စိန်ပန်း မှာလည်း ရေတွေ တဖွေးဖွေး ၊ ပွဲကုန်း မှာလည်း ရေတွေ တဖွေးဖွေး ၊ ဈေးချိုကြီးလည်း ရေပေါ်ဟိုတယ်ဖြစ် ... ။ လမ်း ၃၀ လည်း လှေလမ်းရေလမ်းဖြစ် ... ။ စီဗီလိုင်း လို နေရာပင် ရေပြင်ကျယ်ဖြစ် ...  ။ နန်းရှေ့ မှာက အောင်ပင်လယ်ကန်လယ် ရောက်သွားရသလို ... ။

ဟုတ်သားပဲ ... ပြင်စည်မင်းသားကြီး စပ်ဆိုခဲ့တာ ... ။

“ နန္ဒာရေ ဝန်းရံခ ၊ ပတ်လည်မှာ ရွှေမန်းတောင်တော်သာ ”  တဲ့

မန္တလေးတောင်ပဲ ရေလွတ်တဲ့ ဟာကို ... ။

 ▢  ဆူးငှက်
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့် 

စက်လည်း ပျော်ပါနိုင်

❝ စက်လည်း ပျော်ပါနိုင် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

မှောင်နှင့်မည်းမည်း အတွင်းမှာ ဖြစ်သော်လည်း မကျီးဒန်က သူ့ဘေးတွင် နှစ်ခြိုက်စွာ အိပ်မောကျနေသော ကိုဆေးရိုး၏ ကျပ်စည်းထားသည့် လက်ဖြူဖြူကြီးကို မြင်နေရသည် ။ တကယ်ပဲ မျက်စိက မြင်နေရခြင်းလား ၊ သည်နေရာ သည်နား၌ သည်ကျပ်စည်းထားသော လက်ကို မီးခွက် မမှုတ်ခင်က မြင်ထားရသောကြောင့် စိတ်က မြင်နေရခြင်းလားမသိ ၊ မြင်တော့ မြင်နေရပေသည် ။ အိပ်ချင်လွန်းသဖြင့် မျက်စိတွေမှာ ကျိန်းစပ်နေပေပြီ ။ မျက်လုံးကို အားတင်းပြီး မှိတ်ထားသော်လည်း ဖြူဖြူပြာပြာ ဝါဝါစိမ်းစိမ်းတွေကို မြင်နေလိုက် ၊ ကောက်ပင်တွေ ပေါ်လာလိုက် ၊ အိုးတွေ ခွက်တွေ ပေါ်လာလိုက်ဖြင့် ။ မျက်စိ မှိတ်ထားလျက် ၊ ခေါင်းမူးနေအောင် အိပ်ချင်လျက်နှင့် မကျီးဒန်မှာ အိပ်မပျော်နိုင်ပါပေ ။

ခေါင်းရင်းဘက်မှ ကာရံထားသော ထန်းရွက်များကို လေခပ်ကြမ်းကြမ်း တိုးဝှေ့လိုက်သည် ။ တစ်ပြိုင်နက်ဆိုသလို ရွာ့တောင်ဘက် ထန်းတောတွင်းမှ ထန်းသီးကြွေကျသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏ ။ ထန်းရွက်ကို လေတိုးသံ ၊ ထန်းရွက် အချင်းချင်း တိုက်ခိုက်သံ ၊ ကြွေကျလုလု ထန်းရွက်ခြောက် များနှင့် ထန်းပင် ပင်စည်နှင့် ရိုက်ခတ်မိသံက ဆင်းရဲသားရပ်ကွက်များတွင် နေဝင်ရီသရောကာလ၌ ပေါ်ထွက်တတ်သည့် တောထုတ်သံနှင့် အလားတူလှပေသည် ။ လေအဝှေ့ ရပ်သွား၍ ထန်းတောတွင်းမှ အသံများ စဲသွားလျှင် လေးထပ်ကျောင်းဘုရားနှင့် ပုတီးပင်ဘုရားမှ ဆည်းလည်းသံများကို ကြားရလေ၏ ။

အတန်ကြာလျှင် သန်းခေါင်ကြက်တွန်သံသည် ထွက်ပေါ်လာ၏ ။ ညဉ့်နက်ပါပကော ဟူသောအသိ မကျီးဒန်၏ ဦးနှောက်တွင်း၌ ဖျတ်ခနဲပေါ်လာသလို အိပ်မပျော်နိုင်ခြင်းအတွက် မိမိကိုယ်ကို အပြစ်တင်မိသည့် ဒေါသစိတ်ကလည်း ဖြစ်ပေါ်လာသည် ။ ဟင်း ... ခနဲ သက်ပြင်း တစ်ချက် ချလိုက်ကာ စောင်ကို ပိန်းအောင် ဆွဲခြုံပြီး တစ်ဖက်သို့လည်း စောင်းပစ်လိုက်၏ ။ တအားမှိတ်ထားသော မျက်စိအာရုံဝယ် နွားပြာနီကြီး ပေါ်လာသည် ။ ထိုအခိုက်၌ ခေါင်းရင်းက ထန်းရွက်တွေကို မိုးပေါက်များလာရောက် ထိမှန်သံကို ကြားလိုက်၏ ။ သည့်နောက်၌ကား မကျီးဒန်မှာ အိပ်ပျော်သွားခြင်း မရှိသေးဘဲနှင့် မိုးပေါက်သံများကို မကြားတော့ပေ ။

အိမ်သားတစ်ဦးလို ဖြစ်နေသော နွားပြာနီကြီး ။ စားမြုံ့ပြန်လျှင် အခြားနွားများကဲ့သို့ တစ်ချက်ချင်း ဝါးခြေမနေနိုင်ဘဲ အပြေးအလွှားဝါး ချေနေရသည် ကို ကြည့်ပြီး မကျီးဒန်မှာ အလိုလိုနေရင်း မောခဲ့ရသော နွားပြာနီကြီး ။

သည်နွားပြာနီကြီးကို အိပ်ရာဝင်စတွင် တွေးမိသောကြောင့် မျက်စိကြောင်ခဲ့ရသည် ။ နောက် ဟိုတွေး သည်တွေးဖြင့် နွားပြာနီကြီး အကြောင်းကို မေ့ဖျောက် ပစ်နိုင်ခဲ့၏ ။ သို့ရာတွင် အိပ်၍ မပျော်ပြီ ။ ယခု အိပ်ပျော်တော့မည်လည်း ရှိရော နွားပြာနီကြီးကို မျက်လုံးက မြင်နေရပြန်လေ၏ ။

“ ဟဲ့ နီချော ၊ စားလေ နင့်အိမ်ကို လွမ်းနေသလားဟင် ”

အမွေးရောင်ပင် ကောင်းကောင်း မမှန်သေးသော နွားသိုးကလေးတစ်ကောင်၏ ခေါင်းကို မကျီးဒန်က ပွတ်သပ်ရင်း မေးနေလေသည် ။

“ နွားကဖြင့် အိမ်ကို ရောက်ရုံရှိသေး ၊ အမေကတော့ နာမည်ပေးပစ်လိုက်ပြီ ”

နွားအသစ်ကလေး အိမ်သို့ ရောက်လာသည့် အတွက် ချောစိန်ရော ဘညိန်းပါ နွားတင်းကုပ်ဘေးမှာ လာရောက်ကြည့်ရှုကြကာ နွားစားခွက်ထဲ အစာ ထည့်ပေးကြ၏ ။ အိမ်ခံနွားကြီးက အားရပါးရ ထစား၏ ။ အသစ် ရောက်လာသော နွားကလေးမှာမူ အစာကို နှုတ်သီးဖြင့် တို့ရုံမျှသာ တို့ပြီး ၊ နောက်သို့ ကြိုး တဆုံးဆုတ်ကာ ငေးမောနေသည့် အတွက် မကျီးဒန် ခေါင်းကို သွားရောက် ပွတ်သပ် ပြောဆိုသဖြင့် ဘညိန်းက မှတ်ချက်ချလိုက်ခြင်းဖြစ်၏ ။

“ ဟုတ်လား နီချော ၊ အိမ်ကို လွမ်းသလား ”

မကျီးဒန်က နောက်တစ်ခွန်း ထပ်မေးသည်တွင် နွားကလေးက ရှူးခနဲမြည်ကာ မကျီးဒန်၏ လက်ကို ခါချလိုက်သည် ။ အိမ်မှ မွန်းတိမ်းနေသည့် နွားအိုကြီးနှင့် ကိုးဆယ် အလိုက်ပေးပြီး လဲခဲ့စဉ်က နီချောမှာ မကျီးဒန်ပေးသည့် အမည်နှင့် လိုက်အောင် နီသော နွားနီ နွားသိုးကလေးသာ ဖြစ်၏ ။ အစာဝဝစားရ၍ အသွေးအရောင်များ ပြောင်းလာသောအခါတွင် နီချော ၏အမွေးများမှာ အနီမှ အနီရင့် ။ အနီရင့်မှ တစ်ဖန် မရမ်းစေ့ရောင်ဘက်သို့ လုလျက် နွားပြာနီဖြစ်လာခဲ့လေ၏ ။ မှတ်မိသမျှဆိုလျှင် နီချော ရောက်လာသည့် အချိန်သည် ယခုလို လယ်တွေ စိုက်ပြီးစ မိုးလယ် ကာလတည်း ။

နွားကို အသုံးပြု ၊ မှီခိုနေသူ မှန်သမျှ နီချော လို နွားမျိုးကိုမှ သဘောကျကြသည် ။ နီချောမှာ အစား ကောင်း၏ ။ ကောက်ရိုးချည်း ချကျွေးလျှင်လည်း သူ တတ်နိုင်သလောက်ကို အားရပါးရ စား၏ ။ သခင် ဖြစ်သူက ကောက်ရိုးကို ဖွဲနုကလေးပက်၍ နှမ်းဖတ်ရည်ကလေးလူး၍ ကျွေးပြန်လျှင်လည်း ပူကားလာအောင် စားပစ်လိုက်ပြန်သည် ။ ဒါကိုမှ တစ်ဖန် ထပ် ပြီး မြက်စိုစိုစိမ်းစိမ်းကို ခပ်များများ ထည့်ပြီး နောက်ထပ် ကောက်ရိုးနှင့် ရောနှော ကျွေးပြန်လျှင်လည်း စားသေးသည်သာဖြစ်၏ ။ အဘယ်မျှထိအောင် စားသနည်းဟူမူ ဗိုက်စူထွက်နေကာ ပါးစပ်မှ တအင်းအင်း မြည်လာပြီး ၊ အိပ်မနေနိုင် လှဲမနေနိုင်သဖြင့် မတ်တတ်ရပ် နေရသည့် အဖြစ်သို့ ရောက်အောင်စား၏ ။

သည်လိုနွားမျိုးကို အစားကြီးသော နွား ၊ သို့ မဟုတ် အစားကောင်းသော နွား ဟူ၍ သတ်မှတ်ကြ၏ ။ အစားကောင်းသည့် နွားမှသာ အားအင်ပြည့်ဖြိုးမည် ။ တစ်နေကုန် တစ်နေခန်း အခိုင်းအစေခံနိုင်မည် မဟုတ်ပါလော ။

နွားစာခွက်ထဲတွင် အစာကောင်းကောင်းမွန်မွန် ထည့်ထားပြီဆိုပါက နီချောတို့ ဗျာများရတော့သည် ။ သူနှင့် မျက်နှာချင်းဆိုင်ပြီး စားနေသော နွားကြီး နှုတ်သီးချရာ နေရာမှန်သမျှ နီချော၏ နှုတ်သီးက ရောက်သွားလေ့ရှိ၏ ။ မျက်နှာချင်းဆိုင်မှ စားနေသော နွားကြီးမှာ သံရောင် ဖြစ်သောကြောင့် မကျီးဒန်က သံရောင် ဟူ၍ပင် အမည်ပေးထားသည် ။ မိမိ စားသည့် နေရာသို့ နီချော လာလုလျှင် သံရောင် ဘေးသို့ ဖယ်ပေးသည် ။ သို့ရာတွင် ဝေးဝေးလံလံသို့ ရောက်အောင် ဖယ်မပေးလျှင်ကား နီချော၏ ဝှေ့ချက်ကို သံရောင်မှာ ကောင်းကောင်းကြီး ခံလိုက်ရသည်ချည်းပင် ။

လူစကား ၊ ကြမ်းပိုးစကား ပြောရလျှင် နီချော အစားခုတ်၏ ။ အစားခုတ်ရာမှာပင် နီချော လုပ်ပုံက ရယ်စရာ ကောင်းလှသည် ။ တစ်ခါတစ်ခါတော့ လူပါးဝတဲ့ နွားဟု ဘညိန်းက သမုတ်တတ်၏ ။

နီချော အနားမှာသာ သံရောင် က ကပ်ပြီး စားနေလျှင် နီချော၏ မျက်လုံးက သံရောင် ကိုသာ ကြည့်နေတော့သည် ။ သံရောင်ကလည်း နီချော ကို ကြောက်သောကြောင့် မျက်ခြည်ပြတ်မခံဘဲ ပြန်ကြည့်ရင်း စားနေလျှင် နီချော မည်သို့မျှ မလုပ်ပေ ။ ဣန္ဒြေရရ စားနေပေသည် ။ သို့ရာတွင် သံရောင် မျက်ခြည်ပြတ် သည်နှင့်တစ်ပြိုင်နက် နီချော၏ ရှူးခနဲ မြည်သံနှင့် အတူ နီချော၏ ချိုတစ်ဖက်က သံရောင် ကို လာရောက် ထိပါးချေသည် ။ ကြာတော့လည်း သံရောင်မှာ ပါးနပ်စွာနေလာရ၏ ။ သူ့အနားသို့ နီချော ရောက်လာလျှင် ခပ်ဝေးဝေးသို့ ရွှေ့စားတော့သည် ။ ယင်းသို့ ဘေးရန် ဝေးရာတွင် လွတ်လွတ်ကင်းကင်း သွားစားနေပါလျက်နှင့် နီချော ရောက်လာတတ်သေး၏ ။ သို့သော် လုစားခြင်း မရှိ ၊ ဝှေ့လည်း မဝှေ့ပေ ။ မေးမော့ပေးလေသည် ။ ထိုအခါတွင် သံရောင်က နီချော၏ မေးစေ့နှင့် လည်ပင်း တစ်လျှောက်ကို တရှဲရှဲမည်အောင် လျှာဖြင့် လျက်ပေးရလေသည် ။ ယင်းသို့မှ မပေးဘဲ အစားမှာ သာ မဲနေပါမူ နီချော၏ ချိုစာ မိရတော့၏ ။ ထို့ကြောင့် နီချော အနားသို့လာပြီး မော့ပေးလျှင် သံရောင်မှာ မနေသာ ၊ လျှာဖြင့် လျက်ပေးစမြဲ ။

သံရောင်၏ အယက်အပက်ကို အားရအောင် ခံယူပြီးနောက် နီချော က တစ်လှည့် သံရောင်ကို လျှာဖြင့် လျက်ပေးပြန်သည် ။ သံရောင်မှာ အလျက် မခံချင်သောကြောင့် အစာကို အတွင်ငုံ့စား၍လည်း မရ ။ အဓမ္မ လိုက် လျက်ပေးသည် ။ အဲသည်လို လိုက် လျက်ပေးတာကို မေးမော့ပေးလျှင် ပေး ၊ မပေးလျှင် နီချောက ဝှေ့ပစ်လိုက်ပြန်သည် ။ အသာတကြည် မော့ပေး ပြန်တော့လည်း သံရောင် သတိလစ်ပြီး မျက်စိကလေး မှေးနေသည်နှင့်တစ်ပြိုင်နက် ဝှေ့ပစ်လိုက်ပြန်သည် ။ ဘယ်နေ့မျှ သံရောင်မှာ မသက်သာ ။ နီချောက အနိုင်ကျင့်လွန်း အားကြီး၏ ။ တစ်ခါတစ်ရံတွင် သံရောင် မှာ နွားစာခွက်ကို လုံးဝ မနှိုက်ဘဲ ရပ်နေရတတ်လေသည် ။ တစ်ခုတော့ ရှိ၏ ။ နီချော ဝှေ့သောကြောင့် သံရောင်မှာ တစ်ကြိမ်မျှ နာကျင်ရသည် မရှိ ။ ပေါက်ပြဲ စုတ်ကွဲသွားခြင်းလည်း မရှိပေ ။ အဘယ်ကြောင့် ဆို သော် သံရောင်အား ဝှေ့သော နီချော၏ ချိုချက်တိုင်း သည်သံရောင့် ရှေ့ရှိ နွားစာခွက်ကိုသာ ထိပြီး အသံ ကျယ်ကျယ်ထွက်ပေါ်လာသောကြောင့်ပင် ။ နီချောမှာ ရိုက်မည်ကိုလည်း ကြောက်၏ ။ နာလည်း နာတတ် ၏ ။ သူ့ကို တစ်ချက်ရိုက်မိလျှင် တော်တော်နှင့် စိတ်ဆိုးမပြေပေ ။ တရှူးရှူးနှင့် ဒေါသဖြစ်ကာ ရိုက်သူကို ပြန်ပြန်ကြည့်နေလေသည် ။ ရိုက်မည်ကို ကြောက်၍ ရိုက်လျှင် နာတတ်သောကြောင့်လည်း တစ်ခါရိုက် လျှင် မှတ်မိလေသည် ။ ကန်သင်း အကွေ့တွင် သံရောင်က မီရာ ချုံပုတ်နှင့် မြက် စသည်များကို လှမ်းဟပ်သော်လည်း နီချောက မဟပ် မဆွဲပေ ။

နီချော အစာ မဝလျှင် နွားစာခွက်ကို ချိုဖြင့် ခေါက်၏ ။ လူကိုမြင်လျှင်လည်း ဝူးခနဲ အသံပေးကာ နားရွက်ကြီး ထောင် ၊ မျက်လုံးကြီး ပြူး၍ ကြည့်၏ ။ အဲဒါမှ အစာ ထပ်ထည့် မပေးလျှင် တင်းကုပ်မိုးထားသော ထန်းရွက်တွေကို ဆွဲစားချေတော့သည် ။ ယင်းသို့ လုပ်လျက်နှင့် အစာ ထပ်မပေးသေးက နွားစာခွက်ကို ချိုဖြင့် ကော်ချပစ်လိုက်လေ၏ ။ ပြီးလျှင် သူ မလုပ်သလိုလို လူက ထင်အောင် ခပ်ဝေးဝေး ခွာပြီး အိပ်နေတတ်ပေသည် ။ နီချော၏ အခြားသော စွမ်းရည်တစ်ခုမှာ ကြိုးဖြတ်တတ်ခြင်းဖြစ်၏ ။ နွားကို ကြိုးဖြင့် ချည်ရာတွင် နွားအပစ်ရ မခံနိုင်သူများသည် နွားကို လည်ပင်း ကြိုးတပ်ပေးပြီး ၊ လည်ပင်းကြိုးနှင့် နဖား ကြိုးကိုပူး၍ ‘ ကန်ကြိုး ’ ဖြင့် ချည်လေ့ရှိကြသည် ။ နဖားကြိုးမှာသာ ကန်ကြိုးကို ချည်ထားလျှင် ၊ ကန်ကြိုး လှုပ်တိုင်း နွား၏ နှာနုမှာ နာကျင်ရကာ ၊ ကြာမြင့် လာသောအခါတွင် နှာနုမှ အသားများ ကြိုးပွန်းပြီး ကုန်ခန်းသွားလျှင် အရိုးပေါ်လာတော့သည် ။ အရိုးပေါ်လာပြီဆိုလျှင် ကန်ကြိုးကို ဆွဲလို့လည်း နွားမှာ နာရမှန်း မသိ ။ လျှော့လို့လည်း လျှော့ပေးမှန်း မသိဖြင့် ကွေးချင်မှ ကွေး ၊ ရပ်ချင်မှ ရပ်သော နွားမျိုး ဖြစ်လာလေ၏ ။ ထို့ကြောင့်လည်း ကိုဆေးရိုးတို့ သားအဖက ကန်ကြိုးချည်ရာတွင် လည်ပင်းနှင့် နဖားကြိုးကို ပူး၍ ချည်လေ့ရှိပေသည် ။

လည်ပင်းကြိုးကို တိုတိုထားပါက နီချောက ကြိုးကို ဖြတ်ပစ်တော့သည် ။ လည်ပင်းကြိုး တိုသောကြောင့်လည်း နီချောက ကြိုးကို နောက်သို့ တင်းအောင် ဆုတ်လိုက်သည့်အခါ၌ လည်ပင်းကြိုးမှာ မေးရိုးနှင့် ဦးချိုတွင် ထစ်နေ၍ ခေါင်းဆတ်လိုက်ရုံနှင့် ကန်ကြိုးနှင့် လည်ပင်းကြိုးအနက် တစ်ခုခုမှာ ပြတ်သွားရ၏ ။ နီချော မည်သို့ ကြိုးဖြတ်သည်ကို စတင် သိရှိသူမှာ မကျီးဒန် ဖြစ်သည် ။ နီချော ကြိုးဖြတ်နိုင်ခြင်း၏ ပင်မကို ရှာဖွေတွေ့ ရှိသောအခါ၌ လည်ပင်းကြိုးကို ကွင်းကျယ်ကြီးဖြစ်အောင် တပ်ပေးကြပြန်၏ ။ သို့သော်လည်း ကြိုးဖြတ် မပျက် ၊ နီချော ဖြတ်လျှင် ပြတ်မြဲတိုင်း ပြတ်လျက်သာ ။ ကြိုးဖြတ်ပြီးလျှင် သံရောင်ကို သွားဝှေ့သည်လည်း မဟုတ် ။ စပါးပုတ်တွေကို လှန်လှော ထိုးမွှေပစ်ခြင်းလည်း မရှိ ။ သွားချင်ရာ ထွက်သွားခြင်းလည်း မရှိ ။ နွားတင်းကုပ်ထဲမှာပင် နီချောက အေးအေးလူလူ အိပ်စက်နေပေသည် ။ သို့ပေမဲ့ အဟိတ်တိရစ္ဆာန်၏ စိတ်ကို လူက သိနိုင်သည် မဟုတ် ။ ကိစ္စကလည်း နံနက်စောစောတွင်ရှိ ၊ နီချော ကလည်း ဖောက်ပြန်ပြီး ထင်ရာမြင်ရာ လျှောက်သွား ခိုက်နှင့်ကြုံပါမူ အလုပ်တွင် ကြန့်ကြာရပေတော့မည် ။ သို့မို့ကြောင့် နီချော ကြိုးမဖြတ်နိုင်အောင် လည် ပင်းကြိုးကို ကျယ်ကျယ်ထားပါလျက်နှင့် ကြိုးပြတ် နေသည့်အခါများကို တွေ့ရပြန်သောအခါ ကိုဆေးရိုး မှာ မစဉ်းစားတတ်အောင် ဖြစ်နေရလေသည် ။ လွန်ခဲ့သော လက နီချောဉာဏ်ရည်ကို ကိုဆေးရိုးတို့ သိလာရသည် ။

“ အဖေ .. နီချော ကြိုးဖြတ်ပုံက အလွယ်လေး ”

တစ်ခုသောနေ့တွင် ညဉ့်အိပ်ညဉ့်နေ လှည်းဖြင့် သွားစရာရှိလို့မှ မသွားဝံ့လောက်အောင် သောင်းကျန်းနေသော နီချောအကြောင်းကို စကားစပ်မိရာက ဘညိန်းက နီချော လုပ်ပုံကို ဖော်ထုတ်လေသည် ။

“ တစ်နေ့ညတုန်းကပေါ့ ၊ ကျုပ်က လည်ရာ ပတ်ရာက အပြန်မှာ နွားစာထည့်ရအောင်လို့ ခေါင်းနားကို အသာလေး ကပ်သွားတော့ ဒုတ် ဒုတ် နဲ့ အသံကြားရတယ် ။ ဒါနဲ့ ဘာများဖြစ်ပါလိမ့်မလဲလို့ အသာကလေး အိမ်ဘေးက ကပ်ပြီး ခြေဖျားထောက်သွားတော့ လားလား ... နီချော ကိုးဗျ ၊ ကြိုးဖြတ်နေတာ ”

“ နီချောဟာ ဒါလောက်များ ဉာဏ်များတာ လူဝင်စားများဖြစ်နေမလား ”

ချောစိန်က မကျီးဒန်ကို လှမ်းမေးရာ

“ ဘယ်သိမလဲ မိန်းကလေးရယ် ”

မကျီးဒန်က ချောစိန်ကို စိတ်မဝင်စားဘဲ ဘညိန်း ကို ငေးကြည့်နေကာ

“ ပြောပါဦး လူလေးရဲ့ ၊ နီချော ဘယ်လိုလုပ်လဲ ”

“ မပြောတော့ပါဘူး အမေရာ ၊ အစ်မက ဝင်ရှုပ်နေတာ ”

ကိုဆေးရိုးက မည်သို့မျှမပြောဘဲ ပြုံးနေ၏ ။

“ ဒါ ရှုပ်တာလားဟ ၊ စကားစပ်မိလို့ ပြောတဲ့ဟာကို ”

ချောစိန်က ကက်ကက်လန်အောင် ရန်ထောင်လေသည် ။

“ ကဲပါဟယ် … တော်ကြပါတော့ ”

မကျီးဒန်က ဝင်၍ ဖျန်ဖြေကာ

“ ကဲ လူကလေးကလည်း မင်းအဖေ သိအောင် ပြောထားမှပေါ့ ” ဟု ဘညိန်းအား လှည့်ပြီး ဖျောင်းဖျလိုက်ရသည် ။

“ နီချောက ကြိုးတင်းသွားအောင် နောက်ဆုတ် ၊ နောက်ဆုတ်ပြီးမှ ကြိုးကို သူ့ချိုမှာ ရစ်တာပဲ အမေရ ။ ကြိုးက ချိုမှာ သုံးလေးပတ် ပတ်နေတော့ ဘယ်မှာ နှာနုကို ထိပါတော့မလဲ ၊ အဲဒီမှာ ဆောင့်ဖြတ်လိုက်တာပဲဗျ ”

ဘညိန်းမှာ လူငယ်ပီပီ စိတ်မြန်၏ ။ စိတ်ကြီး၏ ။ စိတ်နှင့် မတွေ့လျှင် နွားပေမယ့် အကြောင်းမဲ့ ရိုက်တတ်၏ ။ နီချောကို တစ်ကြိမ်တည်းသာ ရိုက်မိသည် မှအပ နောက်ထပ် မရိုက်တော့ပေ ။ လူနှင့် နွား ဟူ၍သာ ကွဲပြားကြသော်လည်း ၊ စိတ်ချင်းက ညီ၏ ။ ထွန်သွား ထယ်သွား ကျိုးလျှင်သာ ကျိုးမည် ၊ နီချော ကမူ နောက်သို့ တွန့်မနေချေ ။ လူငယ်ပီပီ ဟုန်းဟုန်းဒိုင်းဒိုင်းသမား ။ ဘညိန်းနှင့် အဘယ်မှာ မသင့်မြတ်ဘဲ ရှိပါအံ့နည်း ။ ဘညိန်း ကလည်း နီချော ကို ပွတ်သပ် ယုယပေးလေ့ရှိသဖြင့် နီချော က ပြန်လည် ခင်မင်နေကြောင်းကို မနှစ်ကမှ မကျီးဒန်က မျက်ဝါးထင်ထင် သိရှိလိုက်ရသည် ။ ထို့နေ့က ဘညိန်းမှာ နွားတင်းကုပ် ထဲသို့ ဆောင့်အောင့် ဝင်သွား၏ ။

“ ဟင် … ခွေးနွား ၊ အစာတွေကို မစားဘဲ မြေကြီး ပေါ် ထိုးချထားရသလားဟင်

ဘညိန်း၏ အသံဆုံးလျှင် နွားရိုက်သံက တဖြန်းဖြန်းနှင့်ပေါ်ထွက်လာကာ ၊ နွားတစ်ကောင်၏ ကြောက်အားလန့်အားနှင့် လှည့်ပတ်ပြေးလွှားသံကလည်း တဝုန်းဝုန်းနှင့် ထွက်ပေါ်လာသည် ။

“ ငါ့ကို မဲပြီး နွားတွေ ရိုက်မနေနဲ့နော် ”

အိမ်ထဲမှ မကျီးဒန် လှမ်းအော်၏ ။ ဘညိန်းကား မကျီးဒန်၏ တားမြစ်ချက်ကို မနာယူ ။ သံရောင်ကြီးကို မဲပြီး ရိုက်မြဲရိုက်နေ၏ ။ ခဏကြာလျှင် “ ကဲ .. ငါလာပြီဟေ့ ” ဟူသော အသံနှင့်အတူ မကျီးဒန်က နွားတင်းကုပ်ထဲသို့ ရောက်လာလေသည် ။

“ ကဲ ရိုက်ဦးဟ ရိုက်ဦးဟ ၊ နွားကို မအေ အမှတ်နဲ့ မဲပြီးရိုက်လိုက်ဦး ”

“ ကြောက်ပါပြီ အမေရ ၊ ကြောက်ပါပြီ ၊ နောက် မလုပ်တော့ပါဘူး ”

မကျီးဒန်က ဘညိန်းကို လုံချည်ဆွဲပြီး ဘညိန်း၏ လက်ထဲမှ နှင်တံဖြင့် ဘညိန်းအား ရိုက်နေစဉ် ဘညိန်းက မကျီးဒန်ကို လှည့်ပတ်ပြေးနေ ၊ မကျီးဒန်က ဘညိန်း ရွေ့သွားရာဘက်သို့ လိုက်လှည့်ပြီး ပါးစပ်က ပြောလိုက် ၊ လက်က ရိုက်လိုက်ဖြင့်

“ မအေကို ဘာမှတ်သလဲ ၊ ဟင် ... နွားမှတ်သလား ”

“ မမှတ်ပါဘူးဗျ ၊ ကြောက်ပါပြီ အမေရ ”

“ နောက် ဆောင့်ဦးမလား ”

“ မဆောင့်ပါဘူးဗျ ”

“ နွားတွေကော မညှာမတာ ... အောင်မယ်လေးတော့် ”

မကျီးဒန်မှာ တစ်ချက်သာ အော်နိုင်ပြီး မြေပြင်ပေါ်သို့ ဝမ်းလျားထိုး ကျသွားလေ၏ ။

ဘညိန်းမှာလည်း ပထမတွင် အံ့အားသင့်နေပြီးမှ မော့ကြည့်လိုက်သည်တွင် ပထမတစ်ချက် ဝှေ့ရရုံနှင့် အားမရသေးဘဲ နောက်တစ်ကြိမ် ဝှေ့ရန် အားယူ ခေါင်းစိုက်လာသော နီချောကို မြင်လိုက်ရသည် ။

“ ဟဲ့ နီချော ၊ ဟဲ့ တယ် ... ဒီကောင်ဟာ ”

နီချောမှာ ဘညိန်းက ထပြီး ကြိမ်းမောင်း ဟန့်တားတော့မှ တရှူးရှူး တရှီးရှီးဖြင့် နောက်သို့ ဆုတ်သွားသည် ။

ထိုစဉ်က ရှေ့မှာသာ မဲပြီး သားငယ်ကို ဆိုဆုံးမ နေစဉ်တွင် မည်သို့မျှ မျှော်လင့်ထင်မှတ်စရာ မရှိသည့် နီချော၏ ဦးချိုဒဏ်ချက်ကို မကျီးဒန်မှာ သုံးလေးရက်ခန့် ရင်ဘတ်အောင့်အောင် ခံစားခဲ့ပေမဲ့ စိတ်ဆိုးနိုင်ခြင်း မရှိခဲ့ ။ လူဆန်သော နွားမို့ တိုး၍ ချစ်ခဲ့ရသည် ။

မကျီးဒန်တို့ထံ နီချော ရောက်လာပြီး သုံးနှစ် အကြာတွင် သံရောင်ကြီးမှာ နီချော ထံမှ နည်းနိဿယများကို ယူ၍ ကြိုးဖြတ်တတ်လာသည် ။ ကြိုးဖြတ်ပြီးလျှင် နီချောလိုကား ငြိမ်ငြိမ်မနေ ။ စပါးပုတ် အဖုံးကို လှန်ပြီး စပါးတွေ နင့်အောင်စားပစ်လိုက်ကာ နွားတင်းကုပ်ဘေးရှိ ရေအိုးသုံးလုံးထဲမှ ရေတွေကို ကုန်အောင် သောက်ပစ်လိုက်၏ ။ နံနက်လင်းသောအခါတွင် သံရောင် တစ်ကောင် ဗိုက်ကြီးကားလျက် သေဆုံးနေလေပြီ ။ သံရောင် သေရခြင်းမှာ စပါးနှင့် ရေ ဗိုက်ထဲတွင် တွေ့ဆုံကာ ပွထလာသည်တွင် ဗိုက် မခံနိုင်ဘဲ အသက် ပျောက်သွားရခြင်းပင်ဖြစ်၏ ။

သံရောင် သေဆုံးရခြင်းအတွက် မကျီးဒန်က ဖြေနိုင်သည် ။ ဖြေလည်း ဖြေခဲ့သည် ။ နီချော အတွက်ကား အိုမင်းမစွမ်းသော နွားအိုကြီးပေမယ့် နှမြော၍ မဆုံး ၊ သနားတသ၍ မဆုံးနိုင်ပေ ။ နီချောကို ယခုလို နွားသ,တ်သမားလက်သို့ ရောင်းချပစ်ရလိမ့်မည်ဟု ဘယ်တုန်းကမျှ မမျှော်လင့်ခဲ့ ။ သည်လို ရောင်းချပစ်ရမည့် အခြေအနေသို့ ရောက်ရလိမ့်မည်ဟုလည်း မထင်မှတ်မိခဲ့သောကြောင့် မကျီးဒန်မှာ မျက်ရည်တွေ ကျခဲ့ရသည် ။

မကျီးဒန်က ကိုဆေးရိုး ကိုသာ အဓိကတရားခံ အဖြစ် အပြစ်ဖို့မိ၏ ။ သူ မစူးစမ်းဘဲ အခြောက် ပျိုးထောင်ခဲ့သဖြင့် စိုက်ချိန်တွင် ပျိုးမရှိ ဖြစ်ရသည် ။ ပျိုး မရှိသောကြောင့် တောတွင် ရွာသို့ မျှောပျိုး သွားဝယ် ရသည် ။ တစ်နေ့လုံး ရေစိမ်ပြီး ပျိုးမျှောရသည့်အတွက် ဘညိန်း ဖျားနာရသည် ။ ဒါကြောင့်ပင် ကိုဆေးရိုး လှည်းမှောက်ပြီး လက်ကျိုးသည်တွင် လူမမာနှစ် ယောက်အတွက် စရိတ် ၊ ဒီနှစ်ယောက် နေရာတွင် အစားထိုး ငှားရန် ကူလီစရိတ် ကြေးငွေ မရှိ ဟူသော အကျပ်အတည်းနှင့် ဘယ်မှာမှ ဆွဲယူချေးငှားမရသော ဒုက္ခဆိုးတွင် ညှပ်ပိတ်ဖိစီးလာရကား ၊ ကိုဆေးရိုးမှာ မျက်စိမှိတ်ပြီး နီချောကို ရောင်းလိုက်ရလေ၏ ။

မိုးနှင့် လေတို့ ငြိမ်သက်သွားလေသည် ။ တစ်လောကလုံးမှာ အသက်မဲ့ နေဘိသကဲ့သို့ ကြောက်မက်ဖွယ် တိတ်ဆိတ်လှ၏ ။ မှောင်နှင့်မည်းမည်း အောက်ဝယ် မကျီးဒန်၏ ရှိုက်သံက ပေါ်လာသည် ။ နွားသ,တ်သမား ဆွဲခေါ်ရာသို့ ကန့်လန့်ကန့်လန့်နှင့် လိုက်ပါသွားသော နီချောကို တရေးရေး မြင်လာသည် ။ ပါးပြင်ပေါ်သို့ မျက်ရည်ပူကြီးများ စီးကျလာ၏ ။ နွားသ,တ်သမား နောက်သို့ ခေါင်းကြီး ငုံ့လျက် လိုက်ပါသွားရကာ နွားသ,တ်သမားကို နောက်မှ ပင့်ကျုံးဝှေ့တဲ့ပြီး ပြန်ပြေးလာကာ ကိုဆေးရိုး၏ လက်မောင်းကို ခေါင်းနှင့်ကပ်လျက် မျက်ရည်တွေတွေ စီးကျလာသော နီချော၏ အသွင်ကို ဆက်လက် မြင်ထင်လာသော အခါတွင်ကား မကျီးဒန် မျက်နှာကို ခေါင်းအုံးထဲသို့ နှစ်မြှုပ်ပစ်လိုက်ရလေ၏ ။

“ အဟမ်း … ”

တိတ်ဆိတ်ခြင်းကို ပီပီသသ ဖြိုခွဲထွက်ပေါ်လာသည့် ဘညိန်း၏ ချောင်းဟန့်သံကြောင့် မကျီးဒန်က ကြက်သီးထသွားလေသည် ။ အတန်ကြာမှ အသံပြု လိုက်မိသည် ။

“ လူလေး အိပ်မပျော်သေးဘူးလား ”

“ ဟုတ်တယ် အမေ ”

ဘညိန်း၏ အဖြေမှာ မပီသ ၊ မကြည်မြ ။ ငိုသံ အက်အက် ဖုံးလျက်နေလေ၏ ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

အမှောင်ခွင်းမည့် ချစ်ခြင်း


❝ အမှောင်ခွင်းမည့် ချစ်ခြင်း ❞
      ( နှင်းနွယ် - ကလေး )

၁ ။

“ ကိုအောင် ခင်ဗျားသားကို ခေတ်ပျိုမေ KTV မှာ တွေ့တွေ့ နေတယ်နော် ။ ကျွန်တော်က လူ့အဖိုးတန်ကလေးတစ်ယောက်လမ်းမှား ရောက်မှာ စိုးရိမ်ပြီး မိဘနေရာက ကိုယ်ချင်းစာလို့ပါ ။ ကြိုကြိုတင်တင် ထိန်းသိမ်းလို့ ရအောင် ခုလို သတိပေးရတာပါ ။ တစ်မျိုးတော့ မထင်စေချင်ဘူး ”

“ ဟုတ်ရဲ့လား ကိုမြမောင်ရာ ။ ကျွန်တော့်သား မဟုတ်ဘဲ လူများ မှားသလား ”

“ မမှားပါဘူးဗျာ ။ တစ်ခါ တလေ ခင်ဗျားကို ရုံးလိုက်ပို့ တတ်တဲ့ ကလေးကို ကျုပ် သေချာ မှတ်မိပါတယ် ။ သူများ အပြော မဟုတ်ဘူးနော် ။ ကျုပ် ကိုယ်တိုင် မြင်မြင်နေတာ ။ ခေတ်ပျိုမေက ကျုပ်သူငယ်ချင်း တစ်ယောက် ရှယ်ယာပါတော့ မကြာမကြာ ရောက်တယ် ။ သေချာအောင် စုံစမ်းနေလို့ မပြောသေးတာ ။ သူက ခေတ်ပျိုမေက တုနှိုင်း ဆိုတဲ့ ကလေးမနဲ့ တွဲနေတာဗျ ။ ကောင်မလေးကလဲ ကျောင်းသူပဲဗျ ။ ပညာရေး ကောင်းပေမယ့် ချို့တဲ့ပြီး ဘဝ မလှတော့ အလွယ်လမ်း လိုက်နေတာ ။ ပျက်စီးနေတာမျိုးတော့ မဟုတ်ဘူး ။ ဒါပေမဲ့ လိပ်ပြာတွေ ဝိုင်းနေတဲ့ ပန်းအလှလေးမို့ သန့်လှချည့်တော့ မဟုတ်ဘူး ။ ခင်ဗျားသားက လူငယ် ဆိုတော့ ချစ်စိတ်နဲ့ အမှားအမှန် မခွဲနိုင်ဘူး ထင်ပါရဲ့ ”

သတင်းမှားပါစေ ဆုတောင်းသော်လည်း ကိုမြမောင်သတင်းက ခိုင်မာတိကျလှသည် ။ ကျန်းမာရေး ချူချာလှသည့် ဇနီးကြောင့် သူ့တွင် သားလေး တစ်ယောက်သာ ရှားရှားပါးပါး ရှိသည် ။ တစ်ဦးတည်းသော သားလေးဖြစ်သော်လည်း ငယ်စဉ် ကတည်းက ဆိုးခဲ့ပေခဲ့တာမျိုး မရှိခဲ့ ။ တစ်နှစ် တစ်တန်း မှန်မှန် အောင်လာပြီး ခုဆို တက္ကသိုလ်ကျောင်းသားပင်ဖြစ်နေပြီ ။ မိန်းကလေးကိစ္စနှင့်လည်းရှုပ်ရှုပ်ယှက်ယှက် မရှိခဲ့သည့် သားက ခုတော့ KTV က မိန်းကလေးနှင့်မှ တွဲနေသည် ဆိုပါလား ။ ကောင်းကင်မှာ တလက် လက် တောက်ပခါစ သား၏ အနာဂတ်ကို ဖျက်ဆီးမည့် မိုးမည်းတွေကို သူ ဘယ်လိုဖယ်ရှားပေးရမည်နည်း ။ ဖခင် တစ်ယောက်၏ ချစ်ခြင်းကြောင့် သားအနာဂတ်ကို သူ ကာကွယ်ရမည် ။ ဇနီးကိုတော့ အသိ မပေးချင် ။ စိတ်မပင်ပန်းစေချင်ပါ ။ သားကို အရိပ်တကြည့်ကြည့်နှင့် ဂုဏ်ယူနေရှာသည့် မိခင်တစ်ယောက်၏ အပြုံးတွေ မနွမ်းသွားစေချင်ပါ ။ ဒီပြဿနာကို သူတစ်ယောက်တည်းသာ ရှင်းဖို့ ကြိုးစားရလိမ့်မည် ။ သာယာအေးချမ်းနေသည့် မိသားစုလေးကို ပူပန်သောကတွေ ဝင်မလာနိုင်အောင် ကာကွယ်တားဆီးရမည်မှာ သူ့ တာဝန်ပင် ။

“ ခင်ဗျား လက်တွေ့ တွေ့ ချင်ရင် ခုလာခဲ့လေ ။ ကျွန်တော့် သူငယ်ချင်းကို အဆင်ပြေအောင် ကြိုပြောထားပေးမယ် ”

ကိုမြမောင်၏ ဖုန်းချသွား တော့ သူ ရင်မောစွာ ခဏ နား လိုက်ရသည် ။ ဇနီးထံ ဖုန်းဆက်ပြီး သား အိမ်မှာ ရှိလား မေးလိုက်တော့ ဒီည သူငယ်ချင်းအိမ် စာကြည့်မည်ဟု ပြောသွားသည် တဲ့ ။ သူ့ ခြေလှမ်းတွေက ကိုမြ မောင် ပေးသည့် လိပ်စာသို့ ပူပင် သောကများကို အဖော်ပြုလျက် လှမ်းနေမိသည် ။

တစ်ခါမှ အနားပင် မသီဖူး သည့် KTV ထဲသို့ ဝင်ဖို့ သူ့ ခြေလှမ်းတွေ ရွံ့နေသည် ။ အန်ကယ် မဒီ လန်းလန်းလေးတွေ ရှိတယ်နော် ။ တစ်ယောက်တည်းလား ၊ အဖော်လာဦးမှာလား ဆိုသည့် ဧည့်ကြိုကလေးတွေကို သူ ခေါင်းသာ ယမ်းပြလိုက်ရသည် ။ မန်နေဂျာနဲ့ ချိန်းထားလို့ဟု ပြောလိုက်မှ ဧည့်ကြိုကလေးက လိုက်ပို့သည် ။ ကိုမြမောင် ကြိုတင်ပြောထား၍ သားရှိသည့် အခန်း လိုက်ပို့သော်လည်း ပြဿနာတော့ မဖြစ်ပါစေနဲ့ ၊ ကျွန်တော့်ဆိုင် နာမည်ပျက်မှာ စိုးလို့ပါဟု မန်နေဂျာက ကြိုပြောရှာသည် ။ သားကို ပြန်ခေါ်ရုံတင်ပါဟု ပြောမှသာ မန်နေဂျာ ပြုံးနိုင်တော့သည် ။ ဘာပြောပြော ကိုမြမောင်ကို ကျေးဇူးတင်ရမည် ။ သူ့မိသားစု အိမ်အနီး မီးတစ်စ စတင် လောင်ကျွမ်းလာတာကို သတိပေးရှာသည်ပဲ ။ အိမ်ထဲက အိမ်ပြင် မထွက်သည့် ဇနီးနှင့် ရုံးနှင့် အိမ်သာ ကူးနေသည့်သူ သားအကြောင်းကို တစ်စွန်းတစ်စပင် မကြားခဲ့ ။ သားကို ယုံလွန်းခဲ့၍ သူ စုံလုံးကန်းခဲ့ခြင်းပင် ဖြစ်လိမ့်မည် ။

သားကို မြင်တွေ့လိုက်ရ သည့် မြင်ကွင်းက ခေတ်လူငယ်တွေ အတွက် မထူးဆန်းသော်လည်း သူ့အတွက်တော့ အဆင်မပြေလှ ။ နောက်ဆုံးနှစ် တက္ကသိုလ် ကျောင်းသား တစ်ယောက် ရှိနေရမည့် နေရာ မဟုတ် ။ သား၏ ရင်ခွင်မှာ ခေတ်လွန် အဝတ်အစားနှင့် ဝိုက်ခွက် ကိုင်ကာ ရယ်မောနေသည့် ကောင်မလေး တစ်ယောက် ။ မူးယစ်ရီဝေနေသည့် သားကလည်း ထိုကောင်မလေးကို တင်းကျပ်စွာ ဖက်လျက် ။ ဘေးမှ သောက်စားမူးယစ်နေကြသည့် လူငယ်တွေကလည်း အတွဲကိုယ်စီဖြင့် သာယာနေ ကြသည် ။ သူ စိတ်မထိန်းနိုင်စွာဖြင့် အဖော်တွေကြားမှ သားကို ဆောင့်ဆွဲလိုက်သည် ။ အခန်းထဲ သီချင်းဆိုသံ ၊ ရယ်မော စနောက်သံတွေဖြင့် ဆူညံနေရာမှ ရုတ်တရက် တိတ်ဆိတ် သွားသည် ။ သား ရင်ခွင်ထဲမှ ဟန်ချက်ပျက်ကာ လဲကျသွားသည့် မိန်းကလေးက လူးလဲ ထလာရင်း ...

“ ဒါ ဘာလုပ်လိုက်တာလဲ အန်ကယ် ။ ရိုင်းလှချည်လား ။ ဒီအခန်းထဲ ဘယ်လို ရောက်လာတာလဲ ”

ဖိတ်စဉ်သွားသည့် ဝိုင်တွေ ကလည်း ကောင်မလေး ဝတ် ထားသည့် အသားရောင် ကိုယ်ကျပ်အင်္ကျီမှာ စွန်းထင်းလို့ ။ ထို ဝိုင်တွေကို တစ်ရှူးနှင့် ဆွဲသုတ်ရင်း အော်လိုက်သည့် မိန်းကလေးကို သူ ရွံမုန်းစွာကြည့်ဖြစ်သည် ။ သားကတော့ အံ့ဩမှုနှင့်အတူ ကြောက်ရွံ့မှုက အထင်းသား ။ မထင်မှတ်ဘဲ သူ့ကို တွေ့ လိုက်သည်မို့ သူခိုး လူမိသလို အယောင်ယောင် အမှားမှား ။

“ အဖေ ... အဖေ ၊ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ ”

“ ငါ ဘယ်လို ရောက်လာတာလဲ အရေးမကြီးဘူး ။ မင်း ဒီနေရာကို ဘယ်လိုလုပ် ရောက်နေတာလဲ ၊ အရေးကြီးတာ ။ မိုက်လိုက်တဲ့ ကောင်ကွာ ။ မင်း အမေသာ သိရင် ရင်ကွဲမှာ ။ မင်း ခုလိုက်ခဲ့ ။ အိမ်ရောက်မှ မင်းနဲ့ ငါ ရှင်းမယ် ”

“ ဟုတ် ... ဟုတ်ကဲ့ အဖေ ”

“ မောင် ၊ ဒါ မောင့် ဒယ်ဒီ လား ။ Feel အောက်လိုက်တာကွာ ။ မောင် ပြန်လိုက်သွားလို့ မရဘူးနော် ။ ဒီနေ့ နှိုင်း မွေးနေ့ ၊ တစ်ညလုံး နှိုင်းနဲ့ အတူနေမယ်လို့ ကတိပေးပြီးသားနော် ”

မိုက်ရိုင်းလိုက်သည့် မိန်း ကလေး ။ လူကြီးတစ်ယောက် ရှေ့ကို စကားပြော မဆင်ခြင် ၊ မထီမဲ့မြင် အမူအရာက ဘယ်လို အသိုင်းအဝိုင်းက ဆိုတာ ပြောပြစရာ မလိုအောင် အပေါစား ဆန်လွန်းသည် ။ သူ့ကို ဒီလို စော်ကားခံရတာ သူ့သား အသုံးမကျလို့ ။

“ ဒီမှာ မိန်းကလေး ငါတို့ သားအဖ စကားပြောနေတယ်လေ ။ မင်း မိုက်ရိုင်းလှချည်လား ။ မင်းကို ဘယ်လိုမိဘက မွေးထားတာလဲ ”

“ အို အန်ကယ် ၊ နှိုင်းမိဘကို ပြောစရာ မလိုပါဘူး ။ မောင်က နှိုင်းချစ်သူလေ ၊ တစိမ်းမှ မဟုတ်တာ ”

“ ချစ်သူဆိုတာ လင်မယား မဟုတ်ဘူး မိန်းကလေး ။ ငါ့ သားက မိဘအုပ်ထိန်းမှုအောက်မှာ ရှိနေတဲ့ ကလေး ။ နောက် မင်းလို မိန်းကလေးနဲ့ ဘယ်တော့မှ မပတ်သက်စေရဘူး ။ မင်းလည်း ငါ့သားကို မပတ်သက်ပါနဲ့ ။ အေး ... ငါ သတိပေးထားရဲ့သားနဲ့ ငါ့သားကို ပတ်သက်လာရင်တော့ ငါ့ အဆိုး မဆိုနဲ့နော် ။ မင်းက ငါ့ သမီးအရွယ် မိန်းကလေးတစ် ယောက်မို့ ငါ ဒီထက် ပိုမပြောချင်ဘူး ”

တုနှိုင်း ဆိုသည့် မိန်းက လေး၏ ဟက်ဟက်ပက်ပက် ရယ်သံသည် သူ့ နားကို မခံရပ်နိုင်အောင် ထိုးနှက်နေသည် ။ မခိုးမခန့်နှင့် သူ့ကို စိုက်ကြည့်နေသည်က အဆိပ်ပြင်းသည့် မြွေတစ်ကောင်လို မျက်လုံးများက အေးစက်လို့ ။ သား လက်ကို ဆွဲထွက်ခဲ့ရင်း ကြားလိုက်ရသည့် တောက်ခေါက်သံက မိန်းကလေး ပါးစပ်ကမှ ဟုတ်ရဲ့လားဟု ထင်မှတ် မှားရအောင် ပြင်းထန်နေပေမည့် သူ မမှု ။ သား လမ်းမှားမရောက်ဖို့သာ သူ့အတွက် အရေးကြီးသည်လေ ။

••••• ••••• •••••

၂ ။

“ ဟယ်လို ၊ ဦးလေး ဦးမြ မောင် ဦးလေးသား မူးရူးပြီး သောင်းကျန်းနေလို့ ကျွန်တော် နီးတဲ့ ဟိုတယ်မှာ သိပ်ထားတယ် ။ လာခေါ်မယ်ဆို အခန်း နံပါတ် ၃၁ ကို လာခဲ့ပါ ”

ယောကျ်ားလေး တစ် ယောက်အသံနှင့် ဖုန်းဝင်လာ ပြီး စကားမေးမရ ဖုန်းချသွားသည် ။ သား ဒုက္ခပေးလွန်းပါလား ။ တစ်ဦးတည်းသော သားလေးမို့ ဖူးဖူးမှုတ် ချစ်ခဲ့ကြသည့် မိဘမျက်နှာကို မငဲ့ ။ သားကို ဇနီး မသိအောင် ချော့တစ်ခါ ခြောက်တစ်လှည့် ဆိုဆုံးမခဲ့သမျှ အရာ မရောက်ခဲ့ ။ ယခုတစ်လော သူ့ကိုပင် ရှောင်ဖယ်ဖယ်လုပ် နေသည် ။ သားကို ကျောင်းသွား ကျောင်းပြန် သူကိုယ်တိုင် လိုက်ပို့သည် ။ သားတစ်ကောင်က နွားတစ်ထောင်ထက် ဆိုးနေသည် ။ ကျန်သည့်အချိန် အိမ်ထဲက အိမ်ပြင် သိပ်မထွက်ဖို့ တားမြစ်ထားသည်မို့ သားခြေ ငြိမ်ပြီး စိတ်အေးရမလား မှတ်သည် ။ ဒုက္ခပေးပြန်လေပြီ ။ မနက်က သားကို သူကိုယ်တိုင် ကျောင်းလိုက်ပို့ခဲ့သည်မို့ ကျောင်းမတက်ဘဲ အပြင် ခိုးထွက်တာပင် ဖြစ်လိမ့်မည် ။ သားဖုန်းကို ဆက်ကြည့်လိုက်တော့ ဖုန်းပိတ်ထားသည်တဲ့ ။ ကြာရှည် မစဉ်းစားအား သတင်းပေးသွားသည့် ဟိုတယ်သို့ သူ့ကားကို ဦးတည်လိုက်တော့သည် ။

ဧည့်ကြိုကောင်လေးက အခန်းရှေ့ထိ လိုက်ပို့ပြီး ပြန် သွားသည် ။ အခန်းတံခါးက စေ့ ထားသည်မို့ သူ့ တွန်းဖွင့် ကြည့်လိုက်လျှင် ...

“ ဟယ်လို မင်္ဂလာပါ အန်ကယ် ”

ရုတ်တရက် ကြားလိုက်ရ သည့် အသံကြောင့် သူ ထိတ် လန့်သွားသည် ။ တံခါးရှေ့တွင် လက်ပိုက်လျက် ပြောင်စပ်စပ် မျက်နှာပေးနှင့် သူ့ကို ဦးညွတ်သယောင် အမူအရာက သူ့ကို မခန့်လေးစား လုပ်လိုက်မှန်း သိသည် ။ သို့သော် သူ စိတ်မဝင်စားအား ။ သားကို တွေ့ဖို့သာ စိတ်စောနေသည်မို့ မိန်းကလေးကို တွန်းထုတ်လိုက်ရင်း အခန်းထဲ ဝင်ကာ သားကို ရှာမိသည် ။ ခုတင်ပေါ်တွင် သား မရှိ ။ ရေချိုး ခန်း အိမ်သာထဲတွင်ပါ သားကို ရှာမတွေ့တော့ သူ မိန်းကလေးကို မေးလိုက်သည် ။

“ မင်း ဘယ်လို ဒီအခန်းထဲ ရောက်နေတာလဲ ။ ငါ့သားကော ငါ့သား ဘယ်မှာလဲ ။ ငါ့သားက မင်းနဲ့ ဒီကို အတူလာတာလား ။ မင်းတော့ကွာ ”

“ စိတ်အေးအေးထားပါ အန်ကယ်ရယ် ။ အန်ကယ့်သား က အန်ကယ် ထင်သလောက် မမိုက်ပါဘူး ။ အန်ကယ် တစ်ခါလေး တားလိုက်တာနဲ့ နှိုင်း ကိုတောင် ရှောင်ဖယ်ဖယ် လုပ်နေတယ် ။ အဖေက အမေ့ကို အသိ ပေးလိုက်ရင် အမေ စိတ်ဆင်းရဲမှာ စိုးလို့ပါ ။ အမေက ကျန်းမာရေး ကောင်းတာ မဟုတ်ဘူး ။ ခဏတော့ အဆက်အသွယ် မလုပ်ဘဲ နေကြရအောင်နော်တဲ့ ။ ပိုင်တယ်နော် ၊ အန်ကယ် ဘယ်လို ချုပ်လိုက်လဲ မသိဘူး ။ ဒီလို လိမ္မာတဲ့သားလေးမို့ နှိုင်း ကလည်း ချစ်နေရတာ ။ ခုချိန်ဆို အန်ကယ့်သားက ကျောင်းခန်းထဲမှာ ရှိနေပါလိမ့်မယ် ”

“ ဘာပြောတယ် ၊ ဒါဆို မင်း ဘာအကြံနဲ့ ငါ့ကို လိမ်ခေါ် လိုက်တာလဲ ”

“ အဟတ် အဟတ် ၊ ရှင်း ပါတယ် အန်ကယ် ။ နှိုင်းရဲ့ သူငယ်ချင်းတွေ ရှေ့မှာ နှိုင်းကို အပေါစားမိန်းမလို ဆက်ဆံသွားတာ မှတ်မိမှာပေါ့ ။ ဒါကြောင့် အန်ကယ်ကိုယ်တိုင် အန်ကယ့်သားကို နှိုင်းနဲ့ လက်ထပ်ပေးဖို့ လှည့်ကွက်လေး နည်းနည်းသုံးလိုက်တာပါ ။ အန်ကယ့်သားကလည်း သားလိမ္မာလေး လုပ်ပြီး စားပြီး နားမလည် နှိုင်းကို ခါထုတ်ဖို့ကြံ နေတာ သိတယ် ။ နှိုင်းက ယောက်ျားတကာရဲ့ မျက်ခုံးမွေးပေါ် လျှောက်နေတာ ။ ဒီလို လူ့လည်ကျလို့ မရဘူး ။ ခု အန်ကယ်ကော အန်ကယ့်သားကော နှိုင်းလက်ထဲက မလွတ်တော့ပါဘူး ”

သူ လှည့်ထွက်ဖို့ ခြေလှမ်း ပြင်လိုက်စဉ် ခါးကို တင်းကျပ်စွာ အဖက်ခံလိုက်ရခြင်းနှင့် အတူ တဖျပ်ဖျပ်လက်သွားသည် ကင်မရာမီးရောင်ကြောင့် သူ ထောင်ခြောက် မိသွားမှန်း သိလိုက်သည် ။ သူ့ဘဝ အမှောင်ကျလေပြီ ။ မိန်းမငယ်လေး တစ်ယောက်၏ အငြိုးက ဒီလောက် ပြင်းထန်မည်မှန်း သူ မသိခဲ့ပေ ။ အရာရာ နောက်ကျသွားခဲ့ပြီ ။ မိန်းမဖျက်၍ ပြည်ပျက် မပျက် မသိသော်လည်း သူတို့မိသားစုလေးတော့ ပျက်တော့မည် ။

“ စိတ်မကောင်းပါဘူး အန် ကယ် ။ ဒီဓာတ်ပုံလေး ဖျက်စေချင်ရင်တော့ နှိုင်းတောင်းဆိုတဲ့အတိုင်း လိုက်နာရလိမ့်မယ်နော် ။ အန်ကယ့် သိက္ခာအတွက် ငြင်းမယ်တော့ မထင်ပါဘူး ”

သူ မိန်းကလေး လက်ကို ဆောင့်ဆွဲဖြုတ်လိုက်ရင်း သူနှင့် ဝေးရာသို့ တွန်းထုတ်လိုက်မိသည် ။ ယုတ်မာပက်စက်သည့် အကြံတွေအပြည့်နှင့် မိန်းကလေးကို အံတင်းတင်းကြိတ် ကြည့်မိရင်း လည်ပင်း သွားမညှစ်မိအောင် သူ့စိတ်သူ ထိန်းနေရသည် ။ သူ့ သွေးဆူနေရုံနှင့် မပြီး ။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းရမလဲဟုသာ အလျင်အမြန် စဉ်းစားလိုက်ရသည် ။

“ ဘယ်လိုလဲ အန်ကယ် ၊ နှိုင်း ပြောတာကို လက်ခံပါတယ်နော် ”

“ မင်း မှားသွားပြီ မိန်း ကလေး ။ ငါ အသက်ထက် တန်ဖိုးထားတဲ့ သားအတွက် ငါ့ သိက္ခာဆိုတာ ထည့်တွက်စရာ မလိုပါဘူး ။ ငါ့ သိက္ခာတရား အတွက် ငါ့သားကို မင်းလက်ထဲ ထည့်မယ်လို့ ထင်နေတာလား ။ ကဲ မင်း တရားရုံးကို ဖုန်းဆက်မလား ၊ ရဲစခန်းကို ဖုန်းဆက်မလား ကြိုက်ရာရွေးပါ ။ ငါ့အတွက် မင်းလို မိန်းမယုတ်ကို လက်မှတ်ထိုး ယူရရုံနဲ့ ထောင်ထဲ ဝင်ရရုံအပြင် မရှိပါဘူး ။ ငါကတော့ ငါ့သားဆီကို ဖုန်းဆက်ရလိမ့်မယ် ”

အံ့ဩမင်တက်ကာ သူ့ကို ကြည့်နေသော မိန်းကလေးကို သူ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလိုက်သည် ။ ကျေးဇူးတင်တယ် မိန်းကလေး ... ငါ့သား မင်းကို စိတ်ပျက်သွားစေမယ့်လမ်းကို မင်း ပြပေးခဲ့လို့ဟု စိတ်တွင်းက ပြောလိုက်သည်ကိုတော့ ထိုမိန်းကလေး ကြားလိမ့်မည်မဟုတ် ။

••••• ••••• •••••

၃ ။

“ သားကို နှိုင်းနဲ့ ဘာကြောင့် ခါးခါးသီးသီး တားနေလဲဆိုတာ ခုမှ သေချာသိတော့တယ် ။ ရက်စက်တယ် အဖေ ။ အမေ့အပေါ် သစ္စာ ဖောက်ရက်တယ် ။ နှိုင်း မင်းလို မိန်းမကို ငါ အရမ်းရွံ့တယ် ။ နာမည်ပျက်ရှိတဲ့ မင်းကို ချစ်တဲ့စိတ်နဲ့ မျက်စိမှိတ် ယုံပြီး ငါ ဇွတ်မိုက်ခဲ့တာပါ ။ လမ်းမှာ တွေ့ရင်တောင် ငါ့မျက်နှာကို မကြည့်မိစေနဲ့ ”

“ မဟုတ်ပါဘူး မောင် ၊ နှိုင်းရှင်းပြပါရစေဦး ။ နှိုင်း ရှင်းပြတာကို နားထောင်ပေးပါဦး မောင်ရယ် ”

“ ငါ ဘာမှ မကြားချင်ဘူး နှိုင်း ။ ငါ မင်းကို သေချာပြောထားပါတယ် ။ ကျောင်းပြီးလို့ အလုပ်အကိုင် ရှိရင် မင်းကို လက်ထပ်မှာပါ ။ ခုချိန်ခဏလေး စောင့်ပါလို့ ပြောထားတာတောင် မင်းက လုပ်ရက်တယ် ။ နောက်ပြီး ငါ့အဖေနဲ့မှတဲ့ ။ ရှက်စရာကောင်းလိုက်တာကွာ ”

နာနာကြည်းကြည်း ပြော သွားသည့် သား ကျောပြင်ကို ငေးကြည့်ရင်း သူမျက်ရည်ကျမိသည် ။ သို့သော် အဖြစ်မှန်ကို ရှင်းပြဖို့ သူ မကြိုးစား ။ သားကို မာယာများသည့် မုဆိုးတစ်ပိုင်း မိန်းမရိုင်း လက်မှ လွတ်မြောက်ဖို့ သူ့ဘဝကို ရင်းလိုက်ရသော်လည်း နောင်တ မရ ။ သား အနာဂတ်ကို အမှောင်ကျစေမည့် ဘေးမှ သူ့ချစ်ခြင်းတွေနှင့် ဖယ်ရှားပေးခဲ့ပြီးပြီပဲ ။ သား နှလုံးသားမှာ ဒဏ်ရာရစေခဲ့သော်လည်း တစ်ခဏတာ ဒဏ်ရာက သား တစ်ဘဝလုံးကို လှပစေလိမ့်မည်ဟု သူယုံကြည်သည်လေ ။

⎕ နှင်းနွယ် ( ကလေး )
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း    
     အောက်တိုဘာ ၊ ၂၀၁၇

ပူလောင်ခြောက်သွေ့သော ဇွန်


❝ ပူလောင်ခြောက်သွေ့သော ဇွန် ❞
           ( ကြူးနှစ် )

မယ်ဇလီကုန်းမြို့ကလေးသည် မြန်မာပြည် အရပ်ရပ်ရှိ ရာပေါင်းများစွာသော အခြားအခြား မြို့သိမ်မြို့မွှားကလေးများကဲ့သို့ပင် ပဲခူးတိုင်းအတွင်း ချောင်ကျကျ နေရာ တစ်နေရာတွင် ရာစုနှစ်နှင့် ချီပြီး ကြာအောင် မထင်မရှား ငုပ်လျှိုးငြိမ်ဝပ်၍ နေခဲ့သည် ။ ပဲခူးတိုင်း အတွင်း နေထိုင်သူ တော်တော်များများပင် မယ်ဇလီကုန်းမြို့ကလေး၏ အမည်နာမကို မကြားဖူးခဲ့ကြပေ ။ ထိုသို့ လူသိနည်းပါးခြင်းမှာ ထူးဆန်းလှသည်တော့ မဟုတ် ။ မယ်ဇလီကုန်း မှာ ရန်ကုန်နှင့် ပြည်မီးရထားလမ်းနှင့်လည်း ဝေးကွာ၍ ရန်ကုန်နှင့် မန္တလေး အမြန်လမ်းမကြီးမှာ မယ်ဇလီကုန်းမြို့ အရှေ့ဘက် တစ်မိုင်ခန့် အကွာမှ မသိကျိုးကျွံပြု၍ ဖြတ်သွားသည် ။

ရေလမ်းအားဖြင့် ဆိုရလျှင် ပဲခူးရိုးမမှ မြစ်ဖျားခံ စီးဆင်းလာသော ချောင်းငယ် တစ်ခုသည် မယ်ဇလီကုန်းမြို့နံဘေးမှ တိတ်ဆိတ်စွာ စီးဆင်းသွားကာ အနောက်ဘက် ဆယ်မိုင်ခန့် အရောက်မှာ လှိုင်မြစ် ထဲသို့ စီးဝင် ပေါင်းဆုံသည် ။ ထိုချောင်းကလေးကလည်း တစ်နှစ်တခြား တိမ်ကောစ ပြုလာပြီ ဖြစ်ရာ မိုးရာသီကာလ ရေပြည့်ရေလျှံချိန်မျိုးမှသာ လှေများ ၊ ပဲ့ထောင် ၊ မော်တော်များ ပြောက်တိပြောက်ကျား သွားလာလေ့ ရှိကြသည် ။ အဆိုးဆုံးမှာ မယ်ဇလီကုန်းမြို့သို့ လျှပ်စစ်ဓာတ်အားလိုင်းများ မရောက်ရှိသေးခြင်း ဖြစ်သည် ။ မယ်ဇလီကုန်းတွင် ကိုယ်ထူကိုယ်ထ ဂျင်နရေတာ လျှပ်စစ်မီးစက် တစ်လုံးသာ ရှိသည် ။

မယ်ဇလီကုန်းမြို့တွင် ညနေ ( ၆ ) နာရီမှ ည ( ၁၀ ) နာရီအထိသာ မြို့နေ လူထုအတွက် လျှပ်စစ်မီး ဖြန့်ဝေပြီး ကျန်အချိန်များကို လူထုသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လျှပ်စစ်မီးကို ချွေချွေတာတာ သုံးစွဲနေကြရသည် ။

ထို့ကြောင့် ည ၁ဝ နာရီ နောက်ပိုင်းတွင် မယ်ဇလီကုန်းမြို့မှာ အမှောင်ထုကသာ နေရာအတော်များများ၌ လွှမ်းမိုးနေလေ့ရှိသည် ။ မယ်ဇလီကုန်း မြို့ကလေး၏ ညများကို ( ပွဲတော်ညများက လွဲလျှင် ) တိတ်ဆိတ် အထီးကျန် ညများဟုပင် အမည်ပေးနိုင်သည် ။

အကာလ ညအချိန်များ၌ မယ်ဇလီကုန်းမြို့လေးသည် ဤကမ္ဘာ လောကမှ အကျဉ်းခံထားရသလို ငြိမ်သက်ဆွံ့အ နေရရှာသည့်နည်းတူ မယ်ဇလီကုန်း၏ နေ့အချိန်နာရီများမှာလည်း လေးလံပျင်းတွဲစွာ ရွေ့လျားနေကြသည်ဟု ထင်ရသည် ။ မြို့ကွက်က ကျယ်ပြန့်သော်လည်း လူနေအိမ်ခြေက နည်းပါးသည့်ပြင် နေအိမ်အဆောက်အအုံများ စုစုစည်းစည်း မရှိဘဲ ပြန့်ကျဲ လွန်းသဖြင့် ပိုမို၍ ခြောက်ကပ်တိတ်ဆိတ်သလို ဖြစ်နေသည် ။ မြို့တွင်း သွားလာရေးအတွက် မြင်းလှည်း တစ်ဒါဇင်ခန့် ရှိသည့်တိုင် ထိုမြင်းလှည်းများကို လမ်းပေါ်မှာ တွေ့ရခဲသည် ။

စီးပွား မဖြစ်နိုင်မှန်း သိလျက်နှင့် ရသမျှနှင့် ရောင့်ရဲတင်းတိမ်စွာ ဆိုက်ကားနင်းစားသူ သုံးဆယ်ခန့်မှာ အခြား အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်နေကြရသည် ။ မယ်ဇလီကုန်းမြို့တွင်း လမ်းပေါ်တွင် အများဆုံး တွေ့ရသည့်ယာဉ်မှာ စက်ဘီးများသာ ဖြစ်ကြသည် ။ တစ်ခါတစ်ရံမှာတော့ စုတ်ပြတ်ယိုင်ရွဲ့လျက် နားညည်းလောက်အောင် အင်ဂျင်သံ ဆူညံလှသော ထော်လာဂျီယာဉ် တစ်စီးတလေကို လမ်းပေါ်မှာ တွေ့နိုင်သည် ။

မယ်ဇလီကုန်း ကဲ့သို့ လူဦးရေ နည်းပါးသော မြို့သိမ်မြို့မွှားကလေးတွင် မြို့သူမြို့သားအားလုံးမှာ မိသားစုကြီး တစ်စုအတွင်းမှ မိသားစုဝင်များနှင့် တူနေကြသည် ။ တစ်ယောက်နှင့်တစ်ယောက် ၊ တစ်မိသားစုနှင့် တစ်မိသားစု မသိကျွမ်းသူ ဟူ၍ မရှိကြ ။ မြို့တောင်ဖျားမှာ နေထိုင်သူ စက်ဘီး ဆိုက်ကားပြင်ဆင်သည့် အသေးစား မက္ကင်းနစ်သည် မြို့မြောက်ဖျားမှာ နေထိုင်သူ သစ် ၊ ဝါး ၊ ဓနိရောင်းသည့် အသေးစားကုန်သည်ကို ကျွမ်းကျွမ်းဝင်ဝင် သိရှိ ခင်မင်လျက်ရှိသည် ။ အလွယ်ဆုံး ပြောရလျှင် မယ်ဇလီကုန်းရှိ တစ်ဦးတည်းသော အရက်ဆိုင်ရှင်သည် တစ်မြို့လုံးမှ အရက်သမား အားလုံးကို သိနေသည် ။ ထို့အတူပင် မယ်ဇလီကုန်းမှ အရက်သမားတိုင်းက မယ်ဇလီကုန်းမှ ဆိုက်ကားသမားတိုင်းကို သိကျွမ်းခင်မင်နေကြသည် ။

အထူးခြားဆုံးမှာ မယ်ဇလီကုန်းရှိ ရဲကင်းမှ ရဲဝန်ထမ်းများ၏ သက်သောင့်သက်သာ ရှိမှုပင် ဖြစ်သည် ။ သူတို့က တာဝန်ကို ကျေပွန်စွာ ထမ်းရွက်လိုပါသော်လည်း ရွပ်ရွပ်ချွန်ချွန် ၊ ဝံ့ဝံ့စားစား တာဝန်ထမ်းဆောင်ရန် အခွင့်အရေး မရကြပေ ။

သူတို့၏ ပျင်းရိငြီးငွေ့မှုကို အတန်ငယ် ဖြေဖျောက်ပေးသူများမှာ တစ်လလျှင် တစ်ကြိမ်လောက် လမ်းပေါ်မှာ အရက်မူးရင်း ရည်ရွယ်ချက် မရှိဘဲ အော်ဟစ်ဆဲဆိုတတ်သူ ယစ်ထုပ်အချို့သာပဲ ဖြစ်ကြသည် ။ ထို့ပြင် သုံးလလျှင် တစ်ကြိမ်လောက် ကြက်ခိုး ၊ ဘဲခိုးမှု တိုင်ကြားလာသူများအတွက် တိုင်ချက်ဖွင့် မှတ်တမ်းတင်ပေးခဲ့ကြရသည် ။ မယ်ဇလီကုန်းတွင် ခိုးမှုဖြင့် အရေးယူ ဖမ်းဆီးခံရသူဟူ၍ မရှိခဲ့ဖူးကြချေ ။

မယ်ဇလီကုန်းတွင် ရာဇဝတ်မှု အဖြစ် နည်းပါးခြင်း ၊ မကောင်းမှု ဒုစရိုက် ရှားတောင့်ရှားပါး မှိန်ပျောက်နေခြင်းတို့မှာ ထိုမြို့ငယ်ရှိ လူထုသည် ဘာသာတရား အဆုံးအမများ၌ ရိုကျိုးနာခံမှု အားကောင်းခြင်းကြောင့် ပေလား ။ ဤသို့ စဉ်းစားရန်မှာလည်း မဆီလျော်လှပေ ။ မယ်ဇလီကုန်း တွင် အကိုးကွယ်ခံဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမျှသာ ရှိ၍ ထိုကျောင်းတွင် သံဃာတော် သုံးပါးမျှသာ လောကီလူမှုနယ်ပယ်နှင့် ကင်းနိုင်သမျှကင်းအောင် နေထိုင်ကျင့်သုံးတော်မူတတ်ကြပြီး အဟောအပြော ၊ အဆုံးအမလည်း များစွာ မပြုတော်မူကြပါချေ ။ သာရေးနာရေး အခမ်းအနားများတွင် လိုအပ်ပါက မြို့လူထုသည် အခြားမြို့ရွာများမှ သံဃာတော် အချို့ကိုပင် ပင့်ဆောင်ကြရသည် ။ အခါကြီး ၊ ရက်ကြီး ဥပုသ်သီတင်းနေ့များ၌ မယ်ဇလီကုန်းရှိ ‘ သာသနာ့အောင်မြေ ’ ကျောင်းတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာပါက သက်ကြီးရွယ်အို ဥပုသ်သည် လေးငါးယောက်မျှသာ တွေ့မြင်ကြရပေလိမ့်မည် ။ ထို့ကြောင့် အကြမ်းဖျင်း သုံးသပ်ပါက မယ်ဇလီကုန်းသားတို့ ဘုရား ၊ တရား ၊ သံဃာ ရတနာသုံးပါး၌ ဝင်စားကျင့်ဆောင်မှု အားနည်းသည်ဟုပင် ဆိုနိုင်သည် ။

သို့တစေ ... မယ်ဇလီကုန်း၌ ရာဇဝတ်မှု အလွန့်အလွန် နည်းပါးပြီး မြို့သားအချို့သေရည်မူးယစ်တတ်ကြခြင်း ၊ ကြက်ခိုးဘဲခိုးစသော အသေးအဖွဲ ဒုစရိုက်မှု ကျူးလွန်တတ်ကြခြင်းတို့လောက်သာ ရှိ၍ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွားထဲက မဟုတ် ဟုတော့ သတ်မှတ်နိုင်သည် ။ ဤသို့သော သန့်စင်သည့် ဂုဏ်အင်္ဂါကို မြန်မာပြည်လွတ်လပ်ရေးခေတ်မှ ယနေ့တိုင်ထိ မယ်ဇလီကုန်းသားတို့ ထိန်းသိမ်းလာခဲ့ကြခြင်းက သေချာလှပါသည် ။

ထိုသို့သော ဂုဏ်အင်္ဂါနှင့် စပ်လျဉ်း၍ မယ်ဇလီကုန်းမြို့ကလေး၏ အနီးဝန်းကျင် မြို့ရွာများတွင် သရော်တော်တော် ငေါ့တော့တော့စကား အသုံးအနှုန်း တစ်ခုရှိသည် ။ “ လူရိုး ရှာချင်ရင် သင်္ချိုင်းကုန်းကို မသွားနဲ့ ၊ မယ်ဇလီကုန်းကိုသွား ” ဟူ၍ ။ မယ်ဇလီကုန်း ဈေးတစ်ဈေးလုံး အလေးတင်းတောင်း ၊ အချိန်အတွယ် မှန်ကန်တိကျခြင်း ဖြစ်သည် ။ ဈေးထဲတွင် သက်ဆိုင်ရာမှ ‘ သမာဓိချိန်ခွင် ’ တစ်ခု ထားရှိခဲ့ရာ ထိုချိန်ခွင်ကြီးနှင့်တိုက်ဆိုင် စစ်ဆေးသူ မရှိဘဲ သမာဓိချိန်ခွင်ကြီးမှာ သံကြေးတက်အမေ့ခံ စွန့်ပစ်ပစ္စည်း ဘဝရောက်သွားခဲ့ရသည် ။ အရပ်စကား တစ်ခုအရ ဆိုလျှင် မယ်ဇလီကုန်း ဈေးထဲ၌ အလေးခိုး၍ ရောင်းချရန် ကြံစည်သော ဈေးသည်သည် တကယ်တမ်း ချိန်တွယ် ရောင်းချသောအခါ အလေးခိုး၍ မရတော့ဘဲ အမှန်အတိုင်း ချိန်တွယ်ရောင်းချမိလျက်သားသာ ဖြစ်တတ်သည်ဟု ဆိုသည် ။ ထို့ကြောင့်လည်း အနီးဝန်းကျင်မှ သဘောထား သေးသိမ်သူအချို့က မယ်ဇလီကုန်း ကို “ ဘုရားဖြစ်မယ့် အုတ်ခဲကျိုးတွေ နေကြတဲ့မြို့ ” ဟု ရိတိတိ သမုတ်ကြခြင်း ဖြစ်သည် ။

မယ်ဇလီကုန်းသည် ချီးကျူးအားကျဖွယ် အမူအကျင့်ကို ဘယ်အခါ ကတည်းက ရရှိခဲ့ပါသနည်း ။

“ တို့ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက မယ်ဇလီကုန်းဟာ လူရိုးလူဖြောင့်တွေရဲ့ ဘူမိနက်သန်လို့ ပြောကြတာပဲကွယ် ”

မယ်ဇလီကုန်း မြို့သူမြို့သားတို့သည် လူရိုးလူဖြောင့်များ ဖြစ်ကြရုံ သာမက လောဘသက္ကာယ နည်းပါးသော လူအေးလူထိုင်းများလည်း ဖြစ်ကြပြန်ပါသေးသည် ။ လူရိုးလူဖြောင့် ၊ လူအေးလူထိုင်းတို့ သက်ရှင် နေထိုင်ကြရာ ရပ်ရွာတစ်ခုသည် ခေတ်ရေစီး အလျဉ်နှင့် အတူတကွ လိုက်ပါခြင်း မပြုဘဲ နောက်နားကနေ မသိမသာ နှေးကွေးစွာ လိုက်ပါ ရွေ့လျားတတ်သဖြင့် ဖွံ့ဖြိုးတိုးတက်မှု မရှိသလို ဖြစ်နေသည် ။ ယခု ၂၁ ရာစုသစ်ဆန်းလာချိန်မှာ မယ်ဇလီကုန်းသည် ၂၀ ရာစု အလယ်ပိုင်းကာလ သာသာကလေးမှာပဲ ရပ်တန့်နေခဲ့သည်ဟု ထင်မြင်ရသည် ။ မယ်ဇလီကုန်း မြို့သားတို့က သူတို့၏ ရပ်ရွာကို “ တောမြို့ ” ကလေး တစ်မြို့ အဖြစ် ကျေနပ်စွာ လက်ခံထားကြသည် ။ သူတို့ကို တောမြို့လေးမှ တောသားတွေဟု ခေါ် ဝေါ်ကြလျှင်လည်း သဘောတူ ခေါင်းညိတ်ရုံသာမက “ ဘုရားအလောင်းတော် မဟောသဓာဟာလည်း တောသားပါပဲ ” ဟူသော အမြင်မျိုးဖြင့် ဆိတ်ဆိတ်နေလိုက်ကြသည် ။

ဤသို့သော မြို့ငယ်ပိစီကွေးကလေးရှိ အညတရ လူ့အဖွဲ့အစည်းငယ် အတွင်း မကြာမီက ရုတ်တရက် ဆိုသလို အလွန်ကြီးမားလှုပ်ခတ်သည့် ဖြစ်ရပ်ကြီး တစ်ခုက ဗုံးတစ်လုံး ထကွဲသလို ဟိန်းဟိန်းညံမြည်ဟည်းပေါ် ထွက်လာသည် ။ မြို့သက်တမ်းတစ်လျှောက် မြေငလျင် တစ်ကြိမ်မျှ မလှုပ်ခဲ့ဖူးသော မယ်ဇလီကုန်းသည် ငလျင်လှုပ်ခံရသလို ဖြိုးဖြိုးဖျစ်ဖျစ်မြည် ၊ ဆတ်ဆတ်ခါ တုန်ယင်သွားသည် ။ ထိုဖြစ်ရပ်ကြောင့် မြို့သားအများစု နှလုံးရောဂါရသွားသည်ဆိုလျှင်သော်မှ များစွာ အံ့သြစရာ ဖြစ်မည်မဟုတ်ချေ ။

နွေနှောင်းကာလ မိုးဦးကျတော့မည့်ဆဲဆဲ ဇွန်လ၏ တစ်ရက်သော အချိန်ကာလမှာ မယ်ဇလီကုန်းမြို့ကလေးမှာ အလွန်တုန်လှုပ်ချောက်ချားဖွယ်လည်း ကောင်းသော ၊ အလွန်ရွံ့ရှာစက်ဆုပ်ဖွယ်လည်း ကောင်းသော ရာဇဝတ်မှုကြီး တစ်ခု ဖြစ်ပွားလာခဲ့၏ ။ မယ်ဇလီကုန်း သမိုင်းတွင် ပထမဦးဆုံးသော ရာဇဝတ်မှုခင်းကြီးဟု ဆိုနိုင်သည် ။ အမျိုးသမီး တစ်ဦးကို အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်၍ ရက်စက်စွာ သ,တ်ဖြတ်ပစ်ခဲ့သော ဧရာမ ပြစ်မှုကြီးပင် ဖြစ်သည် ။ မယ်ဇလီကုန်း၏ သန့်ရှင်းသော သမိုင်းစာမျက်နှာများကို ညစ်ထေးတွန့်ကြေစေရုံမျှမက မယ်ဇလီကုန်းမြို့သားတွေကို လူပုံအလယ်မှာ ရှက်ဖွယ်လိလိ ခံစားမွန်းကျပ်စေခဲ့သော မာရ်နတ် ဖန်တီးသည့် ကြမ္မာဆိုး အနှောင့်အယှက် ပါပဒုစရိုက်မှုကြီးဟုသာ ပြောရလေတော့မည် ။

မည်သို့ဆိုစေ ကျွန်တော်တို့ အတွက်တော့ မယ်ဇလီကုန်းမှ အဖြစ်အပျက်သည် ရတနာပုံဆိုက်ခြင်းနှင့် တူသည် ။ ဂျာနယ်အယ်ဒီတာချုပ်ကြီး နှင့် အယ်ဒီတာအဖွဲ့၏ တာဝန်ပေးချက်အရ ကျွန်တော်နှင့် ဓာတ်ပုံသတင်းထောက် အယ်ဒီတာတစ်ဦးတို့သည် မယ်ဇလီကုန်းသို့ အပြေးအလွှား ရောက်လာခဲ့ကြသည် ။ ကျွန်တော်တို့ ရောက်ရှိချိန်၌ မုဒိမ်းလူသ,တ်တရားခံသည် မယ်ဇလီကုန်းရဲကင်း၌ မရှိတော့ဘဲ ခရိုင်မြို့ကြီးရှိ သီးသန့် ရဲအချုပ်ခန်းသို့ ရောက်ရှိသွားပြီ ဖြစ်သည် ။ ကျွန်တော်တို့သည် တရားခံရှိရာသို့ အပြေးအလွှား လိုက်ခဲ့ကြပြီး ကံအားလျော်စွာ ( ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် ) တရားခံနှင့် တွေ့ ဆုံမေးမြန်းခွင့်ရ ရှိခဲ့ကြသည် ။

( မှတ်ချက် - ကျွန်တော်တို့နှင့်အတူ ရဲအရာရှိ တစ်ဦး ရှိနေခဲ့ပြီး သူက ဤမှတ်တမ်းကို ဆင်ဆာလုပ်ခဲ့ပါသည် ။ )

••••• ••••• •••••

ကျုပ်နာမည် ထွန်းကြိုင် ၊ အသက် ၆၈ နှစ်ထဲမှာ ။ မုဆိုးဖိုပေါ့ ။ မိန်းမ သေတာ အနှစ် ၂ဝ ကျော်ပြီ ။ သားသမီး ၃ ယောက်ရှိတယ် ။ အကြီးဆုံးက မိန်းကလေး ။ မယ်ဇလီကုန်း ကျန်းမာရေးဌာနခွဲက ဝမ်းဆွဲဆရာမပေါ့ ။ သူ့ယောက်ျားက သစ်တောဘက်က အစိုးရဝန်ထမ်း ။

ဟိုး ... ရှမ်းပြည်အရှေ့ပိုင်းဘက်မှာ တာဝန်ကျနေတယ် ။ ခင်နှင်းအေး မှာ ၁ဝ နှစ်အရွယ် သားကလေးတစ်ယောက်ပဲ ရှိရဲ့ ။ သားနှစ်ယောက်ကတော့ ရန်ကုန်မှာ ၊ အိမ်ထောင်သည်တွေပဲ ။ နှစ်ယောက်စလုံး လူလည် လူရှုပ် ၊ အရက်သမားဖဲသမားတွေချည်း ။ အဲဒီ ကောင်တွေနဲ့ ကျုပ် နေလို့ မရဘူး ။ ကျုပ်က တစ်သက်လုံး ဆေးလိပ် မသောက် ၊ အရက် မသောက် ။ ကွမ်း မစား ။ လောင်းကစား မလုပ်ဘဲ အေးအေးနေလာတဲ့သူ ။ ဒီလူ့ဗာလတွေနဲ့ အတူနေလို့ ဘယ်ရပါ့မလဲ ။

ကျုပ်မိန်းမ ဆုံးတော့ ကျုပ်တစ်ယောက်တည်းပဲ နေခဲ့တာ ။ အစိုးရ မြူနီစီပယ်ဝန်ထမ်း ဆိုတော့ လိုင်းခန်းရတယ်လေ ။ ပင်စင် မယူခင်အထိ အစိုးရလိုင်းခန်းမှာပဲ နေတယ် ။ ပင်စင်ယူလိုက်တော့ အိမ်ခန်းကလေး ငှားနေတယ် ။ ခင်နှင်းအေးက အစစအရာရာ ထောက်ပံ့ထားတာပေါ့လေ ။ နောက်တော့ ကျုပ်သမက် နယ်ပြောင်းသွားရတာနဲ့ ခင်နှင်းအေးမှာ အဖော် ရအောင် မယ်ဇလီကုန်းမှာ ကျုပ် လိုက်ပြီး နေခဲ့တယ် ။ မယ်ဇလီကုန်း ရောက်တာ ဘာကြာသေးလို့လဲ ၊ တစ်နှစ်နီးပါးပဲ ရှိသေးတယ် ။ မယ်ဇလီကုန်း ရောက်ခါမှပဲ ကျုပ် စနေဂြိုဟ်ဝင်ခဲ့တာပဲ ။

အမှန်အတိုင်း ပြောရမယ်ဆိုရင် မယ်ဇလီကုန်းက မြေကြီးပေါ်ကို ကျုပ် ပထမဆုံး ခြေချမိတာနဲ့ မယ်ဇလီကုန်းကို ကျုပ် မုန်းသွားခဲ့တာပဲ ။ မြို့လို့သာ ပြောကြတာ ။ အမှန်က မြို့မကျ တောမကျ စကောစက ရွာကြီးကြီး တစ်ရွာ သာသာလောက်ပဲရှိတာ ။ အိမ်တွေကလည်း ပုံမကျ ပန်းမကျတွေက များတယ် ။ လမ်းတွေဖောက်ထားတာကလည်း ဇောက်တိဇောက်ထိုး ကိုးရိုးကားရား ချည်းပဲ ။ တောမြို့သာ ဆိုကြတယ် သစ်ပင်ကြီးကြီးမားမား မှန်သမျှ သစ် ဖြစ်တာက ဖြစ် ၊ ထင်း ဖြစ်တာက ဖြစ် ၊ မီးသွေး ဖြစ်တာက ဖြစ်ကုန်ကြပြီကိုး ။ အောက်ပြည်အောက်ရွာ ဖြစ်ပါလျက် အညာဒေသက လွင်တီးခေါင်ကျနေတာပဲ ။ ဘယ်ကြည့်လိုက် ကြည့်လိုက် စိမ်းစိမ်းစိုစို မရှိဘဲ ခြောက်တီးခြောက်ကပ်နဲ့  ၊ လမ်းတွေကလည်း ဖုန်တထောင်းထောင်း နဲ့ ။ လူတွေကလည်း အသားအရေ မွဲခြောက်ခြောက် စုတ်တီးစုတ်ဖတ်တွေ ချည်းပဲ ။ အဲဒါကြောင့် မယ်ဇလီကုန်းကို ကျုပ် ရောက်ရောက်ချင်း စိတ်ပျက်ပြီး မုန်းသွားမိတာပဲ ။

“ သမီးရယ် နင့်အထက်လူကြီးတွေကလည်း နင့်ကို ဒီနေရာမျိုးမှ ပို့တတ်ပလေတယ် ” လို့ ကျုပ်က သမီးခင်နှင်းအေးကို ပြောတော့ ခင်နှင်းအေး က “ သူ့ဆန်စား ရဲရမှာပေါ့ အဖေရယ် ၊ အစိုးရဝန်ထမ်း ဆိုတာ ထားရာနေ ၊ စေရာသွားရမှာ သဘာဝပဲ ” လို့ ဆင်ခြေပေးတယ် ။ ကျုပ်လည်း အစိုးရဝန်ထမ်းလုပ်ခဲ့တာပါပဲ ။ လေးတန်းတောင် မအောင်ခဲ့ပေမဲ့ ရန်ကုန် နယ်နိမိတ်ကနေ တစ်လက်မတောင် မရွေ့ရအောင် ကျုပ်က ကြံနိုင်ဖန် နိုင်ခဲ့တာကိုး ။

ခုအချိန်မှာတော့ ကျုပ်ဘဝကလည်း သမီး ပြောသလို ( ကံတရားက ထားရာနေ စေရာသွားရမယ့် ) အခြေအနေရောက်နေပြီမို့ ကျုပ် မကြိုက်တဲ့ နေရာမှာ နေရတော့မှာပေါ့ ။ ကျုပ်မှာ မှီခိုစရာဆိုလို့ ဒီသမီး တစ်ယောက်ပဲ ရှိတော့တာ မဟုတ်လား ။ မယ်ဇလီကုန်းကို မုန်းမုန်းတီးတီးနဲ့ပဲ တွယ်ကပ်နေရဦးမှာပဗျာ ။

မယ်ဇလီကုန်းက အိမ်တွေဟာ လူမနေတဲ့ အိမ်တွေလို ခြောက်ကပ်ကပ်ကြီး ငြိမ်နေကြတယ် ။ လူတွေကို တွေ့ရပြန်တော့ အဲဒီ လူတွေဟာ သင်္ချိုင်းကုန်းထဲက မြေပုံတွေ ၊ အုတ်ဂူတွေကြားမှာ တလှုပ်လှုပ်နဲ့ သွားလာနေကြတဲ့ တစ္ဆေတွေလိုပဲ ။ သူတို့ဟာ ရယ်ရယ်မောမော သိပ်မရှိကြဘူးဗျ ။ စကားပြောရင်လည်း လူမမာသံနဲ့ တိုးတိုးကလေးပဲ ပြောတတ်ကြတယ် ။ စကားကျယ်ကျယ် ပြောတဲ့ လူတချို့တော့ ရှိတယ် ။ ညဉ့်ဦးပိုင်းမှာ အရက်ဆိုင်က ပြန်လာကြတဲ့ ငမူးတွေပေါ့ ။ စကားကျယ်ကျယ် ပြောရုံမကဘူး ။ ဒီကောင်တွေက စကားပြောရာကနေ ငါ +++ ဘာညာနဲ့ ထဆဲချင် ဆဲနေကြတာ ။ ( ဟော ... ) ဆဲရာကနေ ပေါက်တတ်ကရ သီချင်းတွေ အော်ဆိုချင်ဆို နေပြန်ရောပဲ ။ မယ်ဇလီကုန်းက စိတ်ပျက်စရာတွေ ထဲမှာ အဲဒီယစ်ထုပ်တွေကတော့ အဆိုးဆုံးပေါ့ ။ ကျုပ်ဘဝမှာ အရက်မူးသမား ပေါင်းစုံကို တွေ့ခဲ့ကြုံခဲ့ဖူးပါရဲ့ ။ မယ်ဇလီကုန်းက ငမူးတွေလောက် ဘယ်သူမှ စိတ်ပျက်စရာ မကောင်းဘူး ၊ တကယ်ပါပဲ ။

တစ်နေ့တော့ ကျုပ် အပျင်းပြေ လမ်းလျှောက်ထွက်ရင်း မြို့မြောက် ဘက်အဖျားက “ သာသနာ့အောင်မြေ ” ဘုန်းတော်ကြီးကျောင်းတိုက်ဘက် ရောက်သွားတယ် ။

ကျောင်းက ရှေးလက်ရာ ၊ သွပ်မိုး ၊ သစ်သားကျောင်းအိုကြီးပဲ ။တောကျောင်းပရိဝုဏ်က အကျယ်ကြီး ။ သစ်ပင်ဝါးပင်တွေကလည်း အုပ်ကြီးလို မှောင်ပိန်းလို့ ။ တရားဘာဝနာ ပွားများချင်တဲ့ သူတွေကတော့ ဒီနေရာကို ကြိုက်ချင် ကြိုက်မယ် ၊ ကျုပ်ကတော့ မကြိုက်ဘူးဗျို့ ။ ရှင်းရှင်း ပြောရရင်တော့ ကျုပ်တစ်သက်မှာ ဘယ်ဘုန်းကြီးကျောင်းကိုမှ သဘောတွေ့ ဘဝင်ကျခဲ့တာမျိုး မရှိဖူးဘူး ။ ဒါကို တိတ္ထိ အမြင်လို့ ပြောချင် ပြောကြလိမ့်မယ် ။ ပြောချင် ပြော ၊ မပြောချင် နေ ။ တိတ္ထိတစ်ယောက်မှာလည်း သူ့အမြင် သူ့အထင်နဲ့ ရှိနေမှာပဲ ။ အရက်သမားက ဘုံဆိုင်ကို သဘောကျမယ် ။ ဖာခေါင်းက ဇိမ်နန်းမှာ ပျော်လိုက်မယ် ။ ဒါ ... သဘာဝပဲ မဟုတ်လား ။

မှန်ပါတယ် ။ ကျုပ်က ဘုရားတရား သံဃာ ရတနာသုံးပါးနဲ့ ဝေးခဲ့တဲ့ ကောင်ပါ ။ ဝေးပေမဲ့ မကိုးကွယ် ၊ မရိုသေတာတော့ မဟုတ်ဘူး ။ ကျုပ်က ဂေါတမမြတ်စွာဘုရားကို ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တစ်ယောက်လေ ။ ကျုပ်ရဲ့ ဘိုးဘွားဘီဘင်အားလုံး ဗုဒ္ဓဘာသာဝင်တွေ ချည်းပဲ ။ ကျုပ်မယားလည်း ဗုဒ္ဓဘာသာဝင်တွေချည်းပဲ ။ ဒါပေမဲ့ ကျုပ်အနေ နဲ့တော့ ဘုရားကျောင်းကန် သွားလေ့ မရှိရုံသာ မကဘူး ။ ယောက်ျားသံဃာတွေနဲ့ ခပ်ကင်းကင်းပဲ နေတတ်တယ် ။ အိမ်မှာ ဘုရားရှိခိုးတာတို့ ၊ ဘာတို့ ကျုပ် ဝါသနာမပါဘူး ။ အဲဒါနဲ့ပဲ ကျုပ်ဟာ တိတ္ထိ ဖြစ်ရရောတဲ့လား ၊ မဖြစ်နိုင်ပါဘူး ။ ကျုပ် စိတ်ထဲမှာ ၊ ကျုပ် အသိထဲမှာ ဘုရား ဆိုတာ ရှိတယ် ။ တရား ဆိုတာ ရှိတယ် ။ သံဃာ ဆိုတာ ရှိတယ် ။ ( ကဲ ... ) ကျုပ် တိတ္ထိ ဖြစ်နိုင်ပါဦးမလား ။

မယ်ဇလီကုန်းဟာ ပျင်းစရာကောင်းတယ်လို့ ပြောရုံနဲ့တင် မပြီးဘူးဗျ ။ ပျင်းစရာကောင်းတဲ့အပြင် ငြီးငွေ့စရာ ၊ မနှစ်မြို့စရာကြီးပါ ဖြစ်နေတယ် ။ ဥပမာ တစ်ခုပြောမယ် ။ မယ်ဇလီကုန်းက ကျီးကန်းတွေ အာတဲ့ အသံဟာ နားကလောစရာ ကောင်းရုံ မကဘူး ၊ ကြောက်စရာ ၊ လန့်စရာ ၊ ကျက်သရေမရှိတဲ့ အသံလို့ ကျုပ်ထင်တယ် ။ ကျုပ်က ကျီးအာသံတွေကို တစ်လလောက် ဂရုတစိုက် နားထောင်ပြီးမှ မယ်ဇလီကုန်း ကျီးကန်းတွေရဲ့အသံဟာ တခြား ကျီးကန်းတွေရဲ့အသံနဲ့ မတူမှန်းသိလာတာ ။ တကယ့် အမင်္ဂလာ အသံဆိုး ၊ အသံကွဲတွေပဲ ။ မယ်ဇလီကုန်းသားတွေကတော့ ကျုပ်လို စဉ်းစားတွေးတောတတ်ကြမှာ မဟုတ်ဘူး ။ ကျီးကန်းသံက ခွေးအူသံနဲ့ တူနေရင်တောင် ဒီတောသားတွေက ဂရုစိုက်ကြမှာ မဟုတ်ဘူး ။

(ကဲ ... ) အချိန် သိပ်မရှိဘူး ။ ခင်ဗျား သိပ်သိချင်လှတဲ့ အကြောင်း ကို ကျုပ် ပြောတော့မယ် ။ အမှန်အတိုင်း ပြောမှာ သစ္စာစကားလို့ မှတ်လိုက်ပါ ။ သစ္စာ မဟုတ်ရင် ကျုပ် လည်ပင်းကို စွပ်လာပြီး မတရား ညှစ်တော့မယ့် ကြိုးကွင်းဟာ ပိုပြီးတင်းပါစေ ။ ကျုပ် လည်ပင်းလည်း ပိုပြီး အစ်ရုံသာမကဘဲ လည်ပင်းကြီးပါ ပြတ်ထွက်သွားပါစေဗျာ ။

ကျုပ် သမီးရဲ့ အိမ်မှာ ကျုပ် မရောက်ခင်ကတည်းက ငှားထားတဲ့ အိမ်စေမ တစ်ယောက် ရှိတယ် ။ နာမည်က မသိမ်းလှ တဲ့ ။ မသိမ်းလှ က တစ်ခုလပ် ၊ အသက် ၄၀ နီးပါး ရှိပြီ ။

အိမ်ထောင်သည် သားသမီး နှစ်ယောက်လည်း ရှိသတဲ့ ။ လူသေကောင်လို အသားဝါဝါ ၊ နှာခေါင်းလန်လန်နဲ့ ပုကွကွ သောက်ရုပ်ဆိုးဆိုးပါ ။ မယ်ဇလီကုန်းမှာ အိမ်ဖော် ရှာရတာ မလွယ်ဘူးလို့ ကျုပ်သမီး ပြောဖူးတယ် ။ မသိမ်းလှ ကတော့ ကျုပ်သမီး ခင်နှင်းအေး ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ အိမ်ဖော် လာလုပ်တာ ။ သူ့သမီး သားဦးကလေး ဖွားတဲ့ နေရာမှာ ကျုပ်သမီးက မိခင်ရော ကလေးကိုပါ အသက်ကယ်ခဲ့လို့တဲ့ ။ ပြီးတော့ ကျုပ်သမီးက ဝမ်းဆွဲခ တစ်ပြားမှ မယူတဲ့အပြင် မသိမ်းလှ သမီးကို ငွေရေးကြေးရေးပါ ထောက်ပံ့ခဲ့သေးသတဲ့ ။ အဲဒါကြောင့် မသိမ်းလှ က လစာ တစ်ပဲခြောက်ပြား ယူပြီး ကျွန်လာ ခံနေတာ ။ တကယ့် ကျွန်ပါပဲ ။ သိပ်အလုပ်လုပ်တဲ့ ကောင်မ ။ စားတော့လည်း ငါးပိရည်နဲ့ တို့စရာ ရှိရင် ပြီးရော ။ သောက်ရုပ်က အကျည်းတန် သလို စကားပြောလည်း သိပ်မတတ်ဘူး ။ ပြောလိုက်ရင် တုံးတိကြီးပဲ ။ တုတ်ထိုးအိုးပေါက်လည်း ပြောတတ်သေး ။ ဒီကောင်မဟာ ဒီသောက်ရုပ် ၊ ဒီသောက်ပြောနဲ့ ဘယ်လိုလုပ် လင်ရခဲ့သလဲ မဆိုနိုင်ဘူး ။

အဲသည်တော့ ကျုပ်နဲ့ ပြဿနာ တက်ခဲ့တာပေါ့ ။ သူက ကျုပ်ခိုင်းတဲ့ အလုပ် တစ်ခုကို မလုပ်ဘဲ ငြင်းတဲ့ အပြင် ကျုပ်ကိုတောင် ဆဲသေးတာဗျ ။ ဆဲရုံလောက်နဲ့ ကျုပ်က မဖြုံသေးဘူး ။

“ သေနာကောင်ကြီး ယုတ်မာတယ် ။ ဆရာမနဲ့ သွားတိုင်မယ် ” ဆိုပြီး သူက ခြေလှမ်း အပြင်မှာ ကျုပ် ချက်ချင်းကြီး မတရား ကြောက်လန့်တုန်လှုပ်သွားတယ် ။ မသိမ်းလှ ဟာ ကျုပ်မျက်စိထဲမှာ တကယ့် ကြောက်စရာ တစ္ဆေသရဲမကြီး ဖြစ်သွားတယ် ။ ဒီတစ္ဆေသရဲမကို လွှတ်ပေးလိုက်လို့ မဖြစ်ချေတော့ဘူးဆိုတဲ့ အတွေး ဝင်လာပြီးတဲ့နောက် ဖြစ်ချင်တာတွေ ဖြစ်ကုန်တော့တာပါပဲဗျာ ။ ကျုပ် ကြောက်ကြောက်နဲ့ ကြောက်ကန်ကန် သလို ဖြစ်သွားတာ ။ ကျုပ် အကြောက်ပြေတော့ မသိမ်းလှက မျက်လုံးပြူး မျက်ဆံပြူး ၊ လျှာတစ်လစ်နဲ့ အသက်ပျောက်နေပြီ ။ သူ့အလောင်းကို ကြည့်ပြီး မကြာခင် ကျုပ်လည်း သူ့လို ရုပ်ပျက်ဆင်းပျက် သေရမယ်ဆိုတာ သိလိုက်ပါပြီ ”

ဦးထွန်းကြိုင်သည် သူ မသေမီ ၆ လလောက်က ကြိုတင်၍ ဟောကိန်း ထုတ်ခဲ့သလို ရုပ်ပျက်ဆင်းပျက် သေပွဲဝင်သွားရပါသည် ။ သူက မသိမ်းလှ ထက်ပင် ပို၍ ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့ပါဦးမည် ။ အမှုစစ်ဆေးနေဆဲတွင် သူသည် လက်ထိပ်ကြီးတန်းလန်းနှင့် ရဲကားပေါ်က တရကြမ်း ခုန်ချပါသည် ။ မသေသေးပါ ။ သူ ခုန်ချသော တံတားပေါ်ကနေ ချောင်းထဲသို့ ထပ် ခုန်ချပြန်ပါသည် ။ ချောင်းက ရေစီးသန်သည် ။ နောက် ၂ ရက်အကြာ သူ့ အလောင်းကို တွေ့ရှိချိန်၌ ဦးထွန်းကြိုင်၏ ခန္ဓာကိုယ်မှ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းတွေ တစ်ခုမျှ ရှိမနေကြတော့ပါ ။

▢  ကြူးနှစ်
📖 ရုပ်ရှင်တေးကဗျာ ရသစုံ မဂ္ဂဇင်း
      ဇွန် ၊ ၂၀၁၃

Saturday, June 27, 2026

သံချေးတက်သော လူများ

❝ သံချေးတက်သော လူများ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

“ ဒါဟာ ဘာရာသီပါလိမ့် ” ဟူ၍ ကိုဆေးရိုး တွေးနေမိလေသည် ။

စပါးနယ်ရာတွင် ရမ်းဘိုကုန်းရွာ၏ တောင်ဘက်၌ ကိုဆေးရိုးတို့ နှစ်စဉ် အသုံးပြုသော သရက်ပင်အုပ်ကြီးနှင့် တလင်း နေရာ ရှိလေသည် ။ တလင်း ပြုလုပ်ရာ သရက်တောအုပ်နှင့် တာလမ်း၏ ကြားတွင် ရိုးပြတ်ဆွေးများ လေမှာ လွင့်၍ ဖုန်မှုန့်တွေ တလူလူ အူထ နေသော လယ်ကွင်းကြီး တစ်ခု ရှိနေပေသည် ။ ကိုဆေး ရိုးမှာ မိမိ၏ လယ်သို့ သွားတိုင်း ဤ လင်းဇင်းသောက် လယ်ကွက်များကို ဖြတ်သန်းသွားရပေမယ့် ယခုလောက် တအံ့တဩ မတွေးတောမိပေ ။

ယခုသော်ကား တွေးမိရလေပြီ ။

“ ဒါ မိုးရာသီမှ ဟုတ်ပါစ ” 

မိုးရာသီတော့ ဟုတ်သည် ၊ မိုးရာသီမို့ မိုးရွာရမည်ဟု ကိုဆေးရိုးက မတောင့်တ ။ ကိုဆေးရိုးတို့ ဒေသ၌ မိုးရွာမှ လယ်ထွန်စတမ်းသာ ဆိုလျှင် ဝါခေါင်လ လောက် ကျမှသာ ထွန်ယက်ရပေမည် ။ မိုးရွာမှသာ ပျိုးကြဲရမည် ဆိုလျှင် မိုးရေကိုသာ မျှော်ကိုးနေရလျှင် တော်သလင်းလ ကျမှ ပျိုးကြဲကောင်း ကြံရပေတော့မည် ။ ထို့ကြောင့်ပင် ဆည်မြောင်းများမှ ရေကို သွယ်ဖောက်လျက် ထွန်ယက်စိုက်ပျိုးကြရ၏ ။ မိုးရွာသည် ဖြစ်စေ ၊ မိုးမရွာသည် ဖြစ်စေ ကိုဆေးရိုးတို့၏ လယ်တွေ ကဆုန်လပြည့် ဆိုလျှင် ထွန်ယက်စမြဲတည်း ။ ဝါဆိုလပြည့် မတိုင်မီ မျိုးစုံ စမြဲတည်း ။

ကိုဆေးရိုး၏ လယ်များမှာ မုန်းဆည်မှ သွယ်ဖောက်ပေးသော မုန်းမြောင်းရေကို မှီခိုသုံးစွဲရသဖြင့် တစ်နှစ်ထက် တစ်နှစ် စပါးထွက် ဆုတ်တာက လွဲလျှင် စိတ်ချမ်းသာ၏ ။ အချိန်တန်လျှင် မြောင်းထဲ၌ ရေ ရောက်လာကာ အေးအေးလူလူ ထွန်ယက်စိုက်ပျိုး ရပေသည် ။ မုန်းမြောင်းနှင့် ပူးကပ်လျက်လည်းကောင်း မုန်းသောက် လယ်များနှင့် ယှဉ်လျက် လည်းကောင်း ရှိနေသော လင်းဇင်းမြောင်းသောက် လယ်ပွဲများမှာ ကား မိုးရွာလည်း တစ်ဒုက္ခ ၊ မိုးမရွာလည်း တစ်ဒုက္ခနှင့် သောက များရသည် ။ ကြောင့်ကြစိတ်သည် အောက်မိုးလို စွေချေ၏ ။

မုန်းမြောင်းသောက် လယ်များ အတွင်း၌ ရေတွေ ဗောင်းလန်နေကာ ကောက်ပင်စိမ်းစိမ်း တယိမ်းယိမ်း နှင့် ဂဒိုးသံ မောင်းသံ ညံနေပြီ ဖြစ်သော သည်ကာလ၌

လင်းဇင်းသောက် လယ်များမှာ ပပ်ကြားကွဲကို ဟ၍ ရေတောင်းနေကြသည် ။ ရိုးပြတ်တို့သည် လေပွေနှင့် ပျံတက်ကာ ရေကို ရှာဖွေကြ၏ ။ ကန်သင်းရိုး၌ လိမ်ပိန်တွယ်ကပ်နေသော မြက်ဖုတ်များက အသက်ငင် နေသော လူမမာသဖွယ် ရေကို တစာစာ တောင်းခံနေ ဟန်ပြကြသည် ။

ယနေ့မှ အကြောင်း တစ်စုံတစ်ခုကြောင့် ကိုဆေးရိုးက လင်းဇင်းသောက် ဒီလယ်ပွဲဘေးသို့ တကူးတကန့် ရောက်ရှိလာသဖြင့် လင်းဇင်းမြောင်းသောက် လယ်မြေများ၏ သရုပ်မှန်ကို စေ့စေ့တွေ့မြင်ရခြင်း ဖြစ်၏ ။

ကိုဆေးရိုး ငေးကြည့်နေသော လယ်ပွဲကြီးမှာ ကိုစံထွား၏ လယ်ပွဲ ဖြစ်သည် ။ ကိုစံထွားမှာ ကိုဆေးရိုး၏ အိမ်နှင့် တစ်အိမ်ကျော်မှ တဲပိုင်ရှင် ဖြစ်ကာ ယမန်နေ့ ညနေကပင် အချုပ်ခန်းအတွင်းသို့ ရောက်သွားလေပြီ ။

“ ဪ .. စံထွား ... စံထွား .. ” 

ကိုဆေးရိုးမှာ လယ်မြေ၏ ကွဲအက်နေသော ပပ်ကြားများကြားမှ သည်လယ်မြေ၏ ခန်းသွေ့ခြင်းနှင့် ဘယ်လိုမှ ခွဲခြားမရသော ကိုစံထွား၏ မွဲသွေ့သော မျက်နှာကြီးကို မြင်ယောင်လာရလေ၏ ။

ယမန်နေ့ ညနေက ကိုဆေးရိုးမှာ လယ်ကန်သင်းများကို လိုက်လံစစ်ဆေးပြီးနောက် မြက်တစ်ထုံးကို ခေါင်းပေါ်ရွက်လျက် အိမ်သို့ ပြန်လာခဲ့သည် ။ ကိုဆေးရိုး ပြန်လာသော လမ်းတစ်လျှောက်၌ အသွင်နှစ်မျိုးကို တွေ့ရ၏ ။

တစ်မျိုးမှာ စိမ်းစိုသော သစ်ပင်ချုံနွယ်များ ခြံရံနေသော မုန်းမြောင်း ဖြစ်၍ ကျန်တစ်မျိုးမှာ ပက်ကောနေသော လင်းဇင်းမြောင်းနှင့် ယင်းဘေး၌ ခြံရံဝန်း ယှက်နေသော ချုံနွယ်သစ်ပင်များ ဖြစ်ပေသည် ။

ရွာခြေသို့ ကပ်မိသောအခါ၌ နေလုံးသည် ရွာ၏ အနောက်ဘက်ရှိ ချောင်းပြင်ထဲသို့ ထိုးဆင်းနေပေပြီ ။

ရွာ၏ သမီးချောများသည် ရေအိုး ကိုယ်စီ ရွက်၍ လမ်းကို ရက်ကန်း ရှယ်နေကြ၏ ။ ကိုဆေးရိုး လယ်ပြင်က ပြန်လာတိုင်း လာတိုင်း လှမ်း၍ နှုတ်ဆက် လေ့ရှိသော ထွန်းအောင်တို့ တဲကလေးသို့ လှမ်းကြည့် လိုက်သော အခါတွင် တစ်အိမ်လုံးမှာ တိတ်ဆိတ်နေ၏ ။

ထွန်းအောင်၏ ဇနီးမှာ ငြိမ်သက်စွာ ထိုင်နေသည်ကို တွေ့ ရ၏ ။

“ လှခင် … ထွန်းအောင်ကော ဟ ”

ရွာပြင် လှည်းလမ်းအတိုင်း လျှောက်လာရင်း ကိုဆေးရိုးက လှမ်းမေးလေသည် ။ ရွာမှာ ရွာပြင်လမ်းဘက်သို့ တစ်အိမ်ချင်း မျက်နှာမူ ဆောက်ထားသော ရွာတန်းရှည်ကြီး ဖြစ်သည့်အပြင် တောင်ဖျားက ရွာစည်းရိုးမှာ ကပျက်ကချော်မျှသာ လုပ်ထားသည့် အတွက် ရွာထဲသို့ လှမ်းမြင်နိုင်၏ ။ လှခင်က ရွာပြင်သို့ လှမ်းကြည့်လိုက်၏ ။

“ ရီးဆေးရိုးတောင် ပြန်လာပေါ့ကိုး ၊ အသေကောင်တော့ အလုပ်ကောင်းသွားလုပ်နေလေရဲ့ ”

“ အင်း ... ”

ရမ်းဘိုကုန်း၌ ထန်းရည်သောက်ခြင်းမှာ မဆန်းတော့သည့်အတွက် သောက်စားမူးယစ်လာသော လင်ယောက်ျားကို မည်သည့် အိမ်သူဇနီးကမျှ အဆန်းလုပ်၍ မငြူစူကြတော့ပေ ။ သို့ဖြစ်လျှင် ထွန်းအောင် သည် ကက်ဝိုင်းသို့ သွားသလား ၊ ဖဲဝိုင်းမှာပင် နေကုန် ချေသလား ။ ယင်းအမျိုးအစားထဲက တစ်ခုခုပဲ ဖြစ်ရမည်ဟု တွေးမိသောကြောင့် ကိုဆေးရိုးက ညည်း တွားသလိုလို ၊ သက်မချသလိုလို လုပ်နေမိခြင်းဖြစ်၏ ။

ဟော … ကြားရပါပြီ ။ ရွာ၏ တောင်တံခါးဘက်သို့ ကိုဆေးရိုး နီးလာလေလေ အသံများက ကျယ်လောင်လာလေလေဖြစ်သည် ။ ကြားရသော အသံများကား ကက်သံ မဟုတ်ပေ ။ လတ်ကွ ၊ ကိုးကွဟု အော်သော အသံလည်း မဟုတ်ပေ ။ တဖြုန်းဖြုန်းနှင့် ကြက်တောင်ပံချင်း ရိုက်သံဖြစ်လေသည် ။

တောင်တံခါးဝရှိ ကုက္ကိုပင်ရိပ်အောက် မြေတလင်း၌ လူစည်ကားသော ကြက်ဝိုင်းကို ဆင်နွှဲနေကြခြင်းဖြစ်၏ ။

ကျောပြောင်ပြောင်နှင့် ရွာသားကြီးတွေ ၊ ဘိုကေမှာ ဆီအရွှဲသားနှင့် ကာလသားတွေ ၊ ချက်သို့ တိုင်အောင် နှပ်တွဲလွဲ ခိုစီးနေသော ကိုယ်တုံးလုံးနှင့် ကလေးတွေ စသည်တို့ ဝန်းရံထားသောအလယ်၌ ကြက်နှစ်ကောင်သည် ထုံ့ပိုင်းထုံ့ပိုင်း ခွပ်နေကြ၏ ။ တိမ်ညင်သွေး တိမ်ညင်ရောင်ဖြင့် နီမြန်းနေသော ကြက်မှာ ထွန်းအောင်၏ ကြက် ဖြစ်ကာ ယခင်က မြသွေးရောင် တစိုစိုဖြင့် ကျက်သရေရှိခဲ့သော်လည်း ယခုမူ အမွေးအတောင်တွေ ထောင်ထကာ အလှပြယ်နေသော ဥဘန်းကြီးမှာ ကိုစံထွား၏ ကြက်ဖြစ်ပေသည် ။ ကြက်နှစ်ကောင်သည် တစ်ကောင်၏ တောင်ပံ

ကြားမှ တစ်ကောင် ခေါင်းလျှိုလျက် ရေသာခိုနေကြ၏ ။

“ ဒီလို လုပ်မနေစမ်းပါနဲ့ သားကြီးရဲ့”

ကိုစံထွားသည် အားမလိုအားမရသံကြီးဖြင့် အော်ကာ စည်းဝိုင်းနှုတ်ခမ်းတွင် လက်ထောက်၍ ဥဘန်းကြီး၏ ဖင်ကို လေဖြင့်မှုတ်ပေးနေ၏ ။ 

“ မှတ်စမ်းပါသားရယ် ၊ ဒီလို ဝင်နေလို့ ခံလိုက်ရပြီ မဟုတ်လား ” ဟူ၍လည်း ပါးစပ်က မှုတ်လိုက် အားပေးလိုက်ဖြင့် အလုပ်များနေသည် ။

“ မင်းတို့ဟာတွေ တော်ကြပါတော့ကွာ ၊ အလျော်မရ အပေါမရနဲ့ ကြက်တွေ နာလှပြီ ”

ကိုဆေးရိုးက မြက်ထုံးကြီးကို ကုက္ကိုပင်ရင်းမှာ ချထားပြီး ဝင်ကြည့်ရာက မှတ်ချက်ချလေလျှင် ‘ ဘာဗျ ’ ဟူသော အသံနှင့်အတူ ကိုကွန်းထွေးက လှည့်ကြည့်၏ ။

“ ဘယ်က အလျော်မရ အပေါမရရမှာလဲ ။ ဒါ ကြေးနဲ့ တိုက်နေတာဗျ ၊ ခွပ်လက်ပြနေတာ အောက်မေ့သလား ”

“ မသိပါဘူးကွာ ”

ကိုဆေးရိုးက လေအေးကလေးဖြင့် ပြန်ပြောလေသည် ။ 

“ ရီးဆေးရိုးက ကျုပ်တို့ ဝိုင်းကို အနုညာတ မှတ်သလား ။ လက်ရင်း သုံးရာ ၊ လက်ဖျား နှစ်ရာ ရှိတယ်ဗျ ၊ ဟား ... ဟား ” 

“ ဟေ ... ဟုတ်လား ... ”

ကိုကွန်းထွေး၏ ဘေးနားမှ ကောင်လေးတစ်ယောက်က ကြွားဝါသောလေသံဖြင့် ပြောလိုက်လျှင် ကိုဆေးရိုးမှာ အံ့အားသင့်သွားလေ၏ ။

“ တို့ရွာက လူတွေ မွဲတယ်မွဲတယ်နဲ့ ငါးရာတောင် ဘယ်က ထွက်လာကြပါလိမ့် ”

မှန်ပေသည် ။ လယ်ပိတ်ခါနီးချိန်တွင် ကျပ်တည်းကြသည်မှာ လယ်သမားထုံးစံဖြစ်၏ ။ သို့ပါလျက်နှင့် လောင်းကြေးငွေများသည် မည်သည့်နေရာက ထွက်လာသနည်း ။

ကိုဆေးရိုး ငေးမောစဉ်းစားနေစဉ် အုန်းလှိုင် ဆိုသော ကာလသားကြီးက ကပ်၍ ရှင်းပြ၏ ။

“ ဟိုဟာရောင်း ၊ ဒီဟာပေါင်နဲ့ လုပ်ကြရတာပဲဗျ ။ ပေါင်စရာ တခြားဟာ မရှိတော့လည်း ရှိတဲ့ နွားပေါ့ ဗျာ ... ဟဲဟဲ ”

“ အင်း ... ” 

နို့ပဲ စားရစားရ ၊ အကောင်တိုးလျှင်လည်း မနည်းဘူး ဟူသော ရည်ရွယ်ချက်ဖြင့် မွေးထားသော နွား မရှိသူများ ၊ နွားကလေးရှိသူများက နွားပေါက်စနှင့် နွားမ စသည်များကို အခြားရွာများသို့ သွားရောက် ပေါင်နှံကြ၏ ။ ရောင်းသူလည်း ရောင်းကြ၏ ။ ဥဘန်း ကြက်ကြီးပိုင်ရှင် ကိုစံထွား မှာကား နွားအပိုကလည်း မရှိ ၊ ကိုယ့်ကြက်ကိုလည်း အထင်ကြီးသဖြင့် ခိုင်းနွား ကြီးတစ်ကောင်ကို နွယ်တမယ်ရွာသို့ သွားရောက် ပေါင်နှံခဲ့၏ ။

ရသော ငွေမှာ တစ်ရာ ဖြစ်သည် ။ သို့ရာတွင် တစ်လအတွင်း ပြန်လည် မရွေးပါက ဆုံးမည် ။ ရွေးနိုင်သည် ထားဦးတော့ တစ်နေ့ကို အတိုး ငါးကျပ် ပေးရမည်မို့ နင့်နေ၏ ။

ကိုစံထွားမှာ ဒါကိုမှ မလုပ်လျှင်လည်း လုပ်စရာ မရှိပေ ။ ရွာ၏ တောင်ဘက်၌ ခြောက်ဆယ်စိုက် လယ်ပွဲကြီး တစ်ပွဲ ရှိပါ၏ ။ ဘာမျှ လုပ်၍ မရပေ ။ နွားလှည်းဖြင့် ကုန်စည်တင်ပို့ရသော လှည်းတိုက်ခလေး မရ တစ်ချက် ရ တစ်ချက်ဖြင့် လည်းကောင်း ၊ ဇနီးသည် အိုးအငှား ပုတ်၍ ရသော အခဖြင့် လည်းကောင်း ဘုရားစူး လွတ်ရုံမျှသာ အငတ်ဘေးနှင့် လွတ်နေရသည် ။

လှည်းတိုက် မလိုက်ရသောနေ့များတွင် အရေးတကြီး အထွန်ငှားသူများ ပေါ်လာလျှင် လိုက်လံ ထွန်ယက်ပေးရသဖြင့် နှစ်ကျပ်ရ၏ ။ ခင်မင်ရင်းနှီးသူများကို အလကား လိုက်လံကူညီရသည် ။ ဒါတွေ မရှိသော နေ့များ၌ ဟိုကန်သင်း လျှောက်လျှောက် ၊ ဒီကန်သင်း လျှောက်လျှောက်ဖြင့် ဟေးလားဝါးလား လုပ်ကာ အချိန်ကုန်ခဲ့ရ၏ ။

လယ် ရှိပါလျက်နှင့် လယ် မလုပ်ရသော လယ်သမားတစ်ယောက်အတွက် ဖဲကစားတာပဲ ဖြစ်ဖြစ် ၊ ကက်ဆွဲတာ ၊ ကြက်တိုက်တာပဲ ဖြစ်ဖြစ် အပျင်းပြေ မဟုတ်တော့ပေ ။ ငွေရရေးအတွက်သာ ဖြစ်လာရ၏ ။ ကြီးလေးသော တာဝန်တစ်ရပ်ကို ခေါင်းမှာ ရွက်မထား ရသောကြောင့်လည်း ကိုစံထွား မှာ သူ အလှမွေးထားသော ဥဘန်းကြီးကို ခွပ်လက်ပြကြည့်မိရာက ရေမှန်မှန်ပေး ၊ အစာဂရုစိုက် ကျွေး စသည်ဖြင့် ဂရုစိုက်ယုယ လာရာက သူလို ဝါစာကမာသမား ထွန်းအောင်နှင့် အတွေ့တွင် ငွေတမ်းကြေးတမ်း တိုက်ရန် အကြောင်း ဆိုက်လာရခြင်းဖြစ်၏ ။

“ ငါ မုချနိုင်ရမယ် ”

ကိုစံထွားက မိမိကြက် မုချနိုင်ရမည်ဟု တွက်ထားသည် ။ သို့ကြောင့်လည်း ငွေတစ်ရာ ပေါ်မှာ တစ်နေ့လျှင် အတိုး ငါးကျပ် ပေးရမည့် သုံးရာထက် မနည်း တန်ဖိုးရှိသော ခိုင်းနွားကြီးကို တစ်လအတွင်း မရွေးနိုင်က အဆုံးဟူသော မတော်လောဘ ငွေရှင်တစ်ယောက်၏ စည်းကမ်းကို သဘောတူခဲ့ခြင်းဖြစ်သည် ။

သို့သော်လည်း ကိုစံထွား၏ ဥဘန်းကြီးမှာ ထွန်းအောင်၏ တိမ်ညင်သွေးကလေး တောင်ပံကြားသို့ ဝင်ခိုရာက အထွက်မှားသဖြင့် မျက်လုံးတစ်ဖက် ရောင်ကိုင်းပြီး ပိတ်နေလေပြီ ။

ကြက်ဝိုင်းဘေးသို့ ကိုဆေးရိုး ရောက်ရှိလာချိန်၌ ကြက်နှစ်ကောင်မှာ ပန်းနေပေသည် ။ အကယ်၍သာ ဥဘန်းကြီး၏ လက်ဝဲဘက်မျက်လုံး စောစော မနာကျင်ခဲ့ပါက ထွန်းအောင်၏ ကြက်မှာ ယခုလောက် ဆိုလျှင် ရှုံးမှာသေချာ၏ ။ ယခုသော်ကား ထွန်းအောင်၏ ကြက်သည် ဥဘန်းကြီးအား လက်ဝဲဘက်မှ ဝင်၍ ဝင်၍ ခွပ်နေသဖြင့် ဥဘန်းကြီး ပါ နာနေရသည် ။ ကိုစံထွားအဖို့ မျှော်လင့်ချက် ဝေးခဲ့ပြီ ။

သရေ ထားကာ ပွဲကို ရပ်လိုက်မလား ။ သို့ဖြစ်ရလျှင် နွားကို ရွေးယူရန် အတိုး ငါးကျပ် လိုသည် ။ ဆက် တိုက်မလား ၊ ဆက်တိုက်လျှင် မတော်တဆ နိုင်နိုင်၏ ။ ကြွေတစ်လက် ကြက်တစ်ခုန် ဆိုသော စကားရှိသည် ။ သို့ရာတွင် မတော်တဆမဖြစ်ဘဲ လမ်းရိုးအတိုင်း သွားပါက တစ်တိ တစ်တိနှင့် ဥဘန်းကြီး ရှုံးလိမ့်မည် ။

ဆက်၍ တိုက်နေခြင်းကား မိုးပေါ်မှာ ရေကြီး၍ မြေကြီးက နေထွက်သလို မတော်တဆ မထင်မှတ်ရာ ။ လာနိုးဖြင့် မျှော်ကိုးနေခြင်းကြောင့်သာ ဖြစ်၏ ။ ဥဘန်းကြီး ငါးခါ ခုန်မှ တစ်ခါလောက်သော ထွန်းအောင်၏ ကြက်ကို ထိသည် ။ ထွန်းအောင်၏ ကြက် ငါးခါ ခုန်လျှင် သုံးခါလောက် ထိရာ ၊ အစွမ်းအစချင်း မတူသည့်တိုင်အောင် ဥဘန်းကြီးက ကန်းထားသဖြင့် အနာချင်း ညီပေပြီ ။

ကြက်နှစ်ကောင်မှာ ယင်နားသည်ကိုပင် မခံနိုင်သော အဆင့်သို့ရောက်နေ၏ ။ အမောက် ၊ ပါး ၊ ရင်အုံ စသည်များတွင် ဒဏ်ရာချင်း ထပ်နေသည် ။ ကိုစံထွား မှာ နိုင်မှ ဖြစ်မည် ဟူသော စိတ်တွေ စောနေသလောက် ဥဘန်းကြီးက သခင်၏ အလိုကို မလိုက်နိုင်ဘဲ မှိုင်တိုင်ငေးတေးလုပ်လျက် ထွန်းအောင်၏ ကြက်ကို ကြည့်နေသည်ကို မြင်ရသောအခါ အားမလို အားမရ နှင့် ကုန်း၍ မှုတ်ရင်း အားပေးနေလေ၏ ။

“ ကြွေတစ်လက် ကြက်တစ်ခုန်ပါ သားရဲ့ ၊ ကြိတ်လိုက်စမ်းပါ သားရယ် ၊ ကြက်နီနီကလေးကို ဟင်းအိုး ထဲကို ပို့လိုက်စမ်းပါဟ ”

ကိုစံထွားက တစ်ဖက်သား မခံချင်အောင် မိမိ ဘက်က လောင်းထားသူများ အားတက်လာအောင် အော်သလို ထွန်းအောင်ကလည်း အားကျမခံ အသံပေးလေသည် ။

“ ကဲ သားကလေး ၊ ဟိုအီးဘောလောကြီးရဲ့ မျက်လုံးတစ်ဖက်ကို ပိတ်ပေးလိုက်စမ်း ”

အော်၍ အပြီးတွင် ကြက်၏ ဖင်ကို လေဖြင့် ဖူးခနဲ မှုတ်လိုက်ရာ ကိုစံထွား၏ ဥဘန်းကြီးမှာ အမောက်မှ ဒဏ်ရာကို လေတိုးသဖြင့် ယိုင်သွားလေ၏ ။ ကိုစံထွားက ထွန်းအောင်ကို မျက်စောင်းတစ်ချက်လှမ်းထိုး လိုက်စဉ်

“ ဟ ... သားရ ၊ ဥဘန်းကြီးကို မျောက်မင်းအူသံ ဆိုင်းကလေးနဲ့ သင်္ချိုင်းပို့လိုက်စမ်းကွာ ”

ထွန်းအောင်က အားရပါးရ အော်ပြီးသည်နှင့် တစ်ပြိုင်နက် မြေကြီးနှင့် ပါးကို ကပ်ကာ မိမိ ကြက်ဖင်ကို မှုတ်သလိုနှင့် ဘေးသို့ မသိမသာ စွေပြီး မှုတ်ပေး လိုက်ပြန်ရာ ဝါးခနဲ ဝါးခနဲ ရယ်သံနှစ်ဆင့် ထွက်လာ၏ ။

ထွန်းအောင်၏ အော်သံကို သဘောကျသဖြင့် ရယ်လိုက်သော ပရိသတ်မှာ အနာကို လေတိုးသဖြင့် ဥဘန်းကြီး ထခုန်သည်ကို မြင်ရ၍ နောက်ထပ်ဆက် ရယ်ကြခြင်းဖြစ်၏ ။

“ ဟေ့ ... ဟေ့ ဒီလို မလုပ်နဲ့ ” 

ကိုစံထွား၏ မျက်နှာကြီးမှာ မည်းနေ၏ ။

“ ဘာလဲဗျ ၊ ခင်ဗျားက ရှုံးခါနီးလို့ သွေးရူးသွေးတန်း မပြောစမ်းနဲ့ ”

“ မင့်အဖေက ရှုံးခါနီးလို့ ပြောတာ မဟုတ်ဘူးဟ ခွေးသားရ ၊ ငါ့ကြက်ကို လေနဲ့ မှုတ်လို့ ပြောတာ ”

“ ခင်ဗျား ခွေးစကား မပြောနဲ့ ”

“ ပြောတယ်ကွာ ”

“ ဟေ့ ဟေ့ စံထွား … စံထွား မလုပ်နဲ့ ”

“ အဲဒါ … ပြောတာပဲကွ ”

“ ဟဲ့ ... ဟဲ့ စံထွား ... ဟဲ ... ဟယ် ”

သောကသည် ဒေါသ မီးပွားကလေးဘဝသို့ ပြောင်းလွှဲခဲ့သည် ။

ဒေါသမီးပွားကလေးသည် ထွန်းအောင် မှုတ်ပေးသော လေကြောင့် ဟုန်းခနဲ ထတောက်ရာ ၊ ဝိုင်းဆွဲကြသည့် ကြားထဲက ထွန်းအောင်မှာ ကိုစံထွား၏ ဓားချက်ဖြင့် လဲကျသွားရုံသာမက ဝိုင်းဆွဲသူ ၃ ၊ ၄ ဦး ကိုပင် ကိုစံထွားက ဓားဖြင့် တွပ်ပစ်လိုက်သေးသည် ။ ထွန်းအောင် ဘက်က လောင်းထားသူများကလည်း ကိုစံထွားကို တွေ့ရာ လက်နက် ၊ ပါရာပစ္စည်း ဖြင့် ဝိုင်းထိုးကြပြန်သည်တွင် ကိုစံထွား ဘက်က လူများ နှင့် ထွန်းအောင် ဘက်က လူတို့ သ,တ်ပွဲကြီး အဖြစ်သို့ ပြောင်းလဲသွားလေ၏ ။

“ လာကြပါဦး လာကြပါဦး ”

“ ထွန်းအောင် ဓားထိုးခံရလို့တဲ့ လှခင်ရဲ့ ”

တစ်ရွာလုံးမှာ မကောင်းဆိုးဝါး ဝင်သလို အော်သံဟစ်သံများဖြင့် ဆူညံနေ၏ ။ ကြက်ပွဲဘေးမှ ကလေးတွေ ကြောက်လန့်တကြား ငိုယိုအော်ဟစ် ပြေးလွှားသံမှာ ကမ္ဘာပျက်သည်နှင့်တူချေသည် ။

ဖုန်လုံးများ ကြား၌ သတ်ပုတ်နေကြပုံ ၊ ပြေးလွှားနေကြပုံမှာ နေဝင်ရီသရော၌ မကောင်းဆိုးဝါးတွေ ပြေးလွှားဝင်ရောက်လာသလို ထင်ရ၏ ။

ကြက်ကြက်ချင်း သ,တ်ပုတ်သောပွဲမှ တိုးတက်လာသော လူလူချင်း သ,တ်ဖြတ်ပွဲကြီးမှာ ရွာလူကြီးများ ၊ အဘိုးကြီးများ ရောက်ရှိ ဖျန်ဖြေတော့မှ ပြီးစီးသွားသည် ။

စစချင်း ထွန်းအောင် သေသလို နောက်ထပ် နှစ် ယောက် သေသေး၏ ။ ဒဏ်ရာရသူကား လူတိုင်းပင် ဖြစ်၏ ။ ထိုအထဲတွင် ရန်ပွဲဝင်ဖြင် ( ဖျန် ) သော သာထွန်း မှာ အချောင်လက်ကျိုးသွားလေသည် ။ အားလုံးသည် ရမ်းဘိုကုန်းရွာသားတွေချည်းပင် ။

ကိုဆေးရိုးမှာလည်း ရန်ပွဲကို ဝင်ရောက် ဖျန်ဖြေမိသည့်အတွက် နားရွက်တစ်ဖက် ကွဲသွားရ၏ ။ ဆူဆူညံညံ ကြားသဖြင့် ပြေးထွက်လာသော ဇနီးနှင့် သမီး ကို မြက်ထုံးကြီး ပေးအပ်ပြီးနောက် သူကြီးအိမ်သို့ လိုက်လာခဲ့ရ၏ ။

တရားခံ စံထွား ၊ စံထွား တရားခံ ။

ထွန်းအောင်ကို ဓားဖြင့် ထိုးသ,တ်လိုက်သောကြောင့် ကိုစံထွား အား တရားခံအဖြစ် ရွာသစ်ရွာရှိ သူကြီးထံမှာ ပို့အပ်တိုင်တန်းကြ၏ ။ သူကြီး ကလည်း ကိုစံထွားကို တရားခံ အဖြစ် လက်ခံ၍ တိုင်ကြားချက်များကို ရေးမှတ်ယူသည် ။ ထို့အတူ ရဲဌာနကလည်း ကိုစံထွားကို တရားခံအဖြစ် မှတ်ယူလက်ခံပေလိမ့်မည် ။ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်၌ သေသူသုံးယောက် အတွက် လက်သည် မပေါ်သော်လည်း ရှင်းရှင်းလင်းလင်းနှင့် ထွန်းအောင်ကို ထိုးသတ်သော ကိုစံထွား မှာကား ရှောင်မလွတ်ပေ ။

သို့ကြောင့်ပင် ကိုစံထွားမှာ တရားရုံးတော်၌လည်း လူသ,တ်မှုတရားခံဘဝမှ တစ်ထစ်မျှ လျော့မည် မဟုတ်ပေ ။

သို့သော် ကိုစံထွားသည် တကယ်ပင် တရားခံ ဟုတ်ပါသလော ။

ကိုစံထွား မဟုတ်လျှင် သည်မီး မလောင်ခင်က မတားမမြစ်သော လူကြီးတွေလား ။

ရွာမိရွာဖ ဖြစ်သော လူကြီးတွေ တရားခံ မဟုတ်လျှင် အချိန်အားရရှိလျှင် တခြားကိစ္စကို မဆောင်ရွက်ဘဲ ဖဲရိုက် ၊ ကြက်တိုက်ဖို့သာ စိတ်ကူးရသော ရွာသားတွေလား ။

သည်ရွာသားတွေမှ တရားခံ မဟုတ်သေးလျှင် စိုက်ချိန်ပျိုးချိန်ကြီးမှာ ဘာအလုပ်မျှ မရှိအောင် လုပ်ထားသော ဆည်မြောင်းဌာနနှင့် နိုင်ငံတော်အစိုးရ သည်ပင် တရားခံ ဖြစ်ချေသလား ၊ မဟုတ်ပေ ။

“ သူငယ်ချင်းတို့ရေ … ငါတော့ မှားပြီကွာ ” 

ကိုစံထွားသည် ခုံတန်းလျားကလေး တစ်ခုပေါ်တွင် ထိုင်နေကာ ဆို့နင့်သံကြီးဖြင့် ပြော၏ ။

“ ခုမှ မှားနေ ၊ ငါအော်နေတဲ့ ကြားထဲက ဇွတ်တိုး လုပ်ပြီးတော့ ”

ကိုပိတ်စက ကရုဏာဒေါသောဖြင့် ဆို၏ ။

“ ဟုတ်ပါတယ် သူငယ်ချင်းရယ် ၊ ငါကိုက မိုက်တာပါကွာ ”

ကိုစံထွားက ခေါင်းကြီး ငိုက်စိုက်ချပစ်လိုက်သည် ။ ကိုဆေးရိုးမှာ သူကြီးမယား ထုတ်ပေးသော သွေးဆေးဖြင့် နားရွက်ကို သုတ်လိမ်းရင်း ကိုစံထွားကို ငေးကြည့်နေစဉ် ကိုစံထွား၏ မှိုင်းမှုန်နွမ်းလျော်နေသော မျက်နှာကြီးနှင့် အကြည့်ချင်း ဆုံသွားလေ၏ ။

“ ဆေးရိုး ၊ သူငယ်ချင်း ”

ကိုဆေးရိုးက ပြူး၍သာ ကြည့်နေ၏ ။

“ ငါ့ကလေးတွေနဲ့ မိန်းမကို စောင့်ရှောက်လိုက် ကြပါကွာ ။ နော် ... ပိတ်စ ၊ ဟုတ်လား ဆေးရိုး ” 

“ အေးပါကွာ ”

ကိုဆေးရိုးက တုန်ယင်သော အသံကြီးဖြင့် ကတိပေးရင်း ငေးမောနေမိလေ၏ ။

ဒုက္ခတွင်းသို့ ရောက်သော်လည်း အားကိုးစရာကို မျှော်မှန်းမရသော အကြည့်ဖြင့် ကြည့်နေသော ကိုစံထွား၏ မျက်နှာကြီးကိုသာ ကိုဆေးရိုးသည် ကြေကွဲစွာ ငေးကြည့်နေမိ၏ ။

ရွာထဲမှ မသာလေးလောင်း ပြိုင်တူချသည့် နေ့ကလည်း ကိုစံထွား၏ အားကိုးမဲ့သော မျက်နှာကြီးကို မြင်နေ၏ ။ ယခုလည်း အရိပ်နှင့် မလွတ်သောနေရာ တစ်နေရာမှ ပပ်ကြားအက်ကြားထဲမှ ကိုစံထွား၏ မျက်နှာကြီး ပေါ်နေပြန်ပေပြီ ။

“ ဟင်း ” ခနဲ သက်ပြင်းချလိုက်စဉ် ကျောဘက်မှ ခြေသံကြားသဖြင့် လှည့်ကြည့်လိုက်သောအခါ ပေါက်ပြားတစ်လက်ကိုထမ်းလျက် လျှောက်လာသော ကိုပိတ်စနှင့် ငန်းပြားကြီး လက်က ကိုင်လာသော ကိုအောင်မြ ကို တွေ့ရ၏ ။

“ ကြွေးထူလို့လည်း မပူ ၊ ဝဲထူလို့လည်း မယား ခဲ့တဲ့ အကောင်တွေ အခုတော့ ပူကြရပြီမဟုတ်လား ”

ပပ်ကြားအက်ထဲသို့ ငန်းပြားကို ထိုးစိုက်လိုက်ရင်း ကိုအောင်မြက ဆိုလေသည် ။

“ ဒါကတော့ ဝတ္တရားရှိလာမှကိုးကွ ”

ကိုပိတ်စ ၊ ကိုအောင်မြနှင့် ကိုဆေးရိုးတို့သည် မသာအားလုံးချပြီးသော နောက်နေ့တွင် ဆင်ရေချိုး မိုးကလေး တစ်ပြိုက် ရွာလာသောကြောင့် ကိုစံထွား၏ ဤလယ်ပွဲကို အခြားအဖော်များပါ ခေါ်၍ ထွန်ယက်ကြကာ ဝါစေ့တွေ ကြဲချခဲ့ကြ၏ ။ အချိန်မှာ လင်းဇင်းမြောင်းရေ မမှန်သဖြင့် ပစ်ထားရသော လယ်များ အတွက် စိုက်ပျိုးရေးဌာနက ဝါများကို စိုက်ပျိုးရန် တိုက်တွန်းပြီး မျိုးစေ့များ ထုတ်ပေးကာ ၊ မုန်းမြောင်းက ရေများကို လိုအပ်သလို သွယ်ယူပေးနိုင်အောင် စီစဉ်ပေးနေသော အချိန်ဖြစ်၏ ။

ကိုစံထွား၏ လယ်မှာကား မုန်းမြောင်းနှင့် ဝေးလည်း ဝေး ၊ မြင့်လည်း မြင့်သဖြင့် မုန်းရေကို မရခဲ့ပေ ။ တစ်ခါတစ်ရံလာတတ်သော လင်းဇင်းရေ ၊ တစ်ခါတလေ ရွာတတ်သော မိုးတို့ကို အားကိုး၍ ရေငတ်ခံသော ဝါကို အားကိုးတကြီး ထလုပ်သော်လည်း အကျိုးမခံစားရပေ ။ သည်နှစ်လည်း မိုးရေနှင့် မြောင်း ရေကို မျှော်ရင်း စီးပွားရှာလိုက်ရာ ကိုစံထွားသာ အချုပ်ခန်းသို့ ရောက်သွားသည် ။ မိုးမရွာ ၊ ရေမလာ ။

ရွာတော့ ရွာပါ၏ ၊ ကိုစံထွား အချုပ်ခန်းထဲသို့ ရောက်ကာမှ ။ လာတော့လာပါ၏ ၊ သတင်းသာ ကြားရ၏ ။ မရောက်လာ ။ လင်းဇင်းမြောင်း အထက်ဘက်တွင် ရေလာနေသည်ဟု မကြာခဏကြားရ၏ ။ ရမ်းဘိုကုန်းရွာသို့ မရောက်လာပေ ။

ကိုဆေးရိုးတို့ သူငယ်ချင်းတစ်စုမှာ ကိုစံထွား၏ သားမယားကို အိတ်ထဲမှ ၊ ပုတ်ထဲမှ ထုတ်၍ စောင့်ရှောက်ရမည့် တာဝန်ကြီးကျလာသောအခါတွင် သက်သာလို သက်သာငြား ၊ ရလိုရငြား သဘောဖြင့် ကိုစံထွား၏ မြေကို ထွန်ယက်ကာ ဝါကြဲထားကြ၏ ။ ဝါ ကြဲပြီးလျှင် မိုးက ပြတ်သွားပေပြီ ။ မြောင်းရေလည်း မလာပေ ။ မှုန်နေသော ထွန်ရေးတွေ လေတိုက်တိုင်း တထောင်းထောင်းထကာ ကြာလျှင် ဝါစေ့တွေ လွင့် ကုန်တော့မည်ကို ပူပန်နေကြရသည် ။

“ နေပါဦး ၊ ဒါက ဘယ်သွားကြမလို့လဲ ”

ကိုဆေးရိုးက ကိုပိတ်စနှင့် ကိုအောင်မြကို ကြည့် မေးလေ၏ ။

“ သရက်ခုံရွာဘက်မှာ ရေတွေ အားကြီးပဲတဲ့ ၊ အဲဒါ ရေလေး ဘာလေး တက်ချရကောင်းမလားလို့ ”

ကိုအောင်မြက ပပ်ကြားအက်ထဲမှ ငန်းပြားကို ဆွဲနုတ်ရင်းဖြေသည်တွင်

“ မကျီးဒန်ကတောင် ပြောလိုက်သေးတယ် ၊ မင်းတို့တော့ ယောက်ျားစင်စစ်က ပူနေကြပြီတဲ့ ဟဲ ဟဲ ”

ကိုပိတ်စက အရွှန်းကလေးဖောက်လာသဖြင့် ကိုဆေးရိုးမှာ ယဲ့ယဲ့ကလေးမျှသာ ပြုံးနိုင်ရာက

“ မင်းတို့ပဲ သွားကြပါကွာ ၊ ငါက ကိစ္စရှိနေသေးလို့ ” ဟု ဆိုလေသည် ။

“ ဟ တို့မလဲ ကိစ္စတွေနဲ့ပဲပေါ့ဟ ၊ လာပါကွာ .. မင်းကို ခေါ်ပြီး ရေသွားချမယ်ဆိုတာ ကျီးဒန် ကိုလည်း ဝင်ပြောခဲ့ပြီးပြီ ”

ကိုပိတ်စက ပြောပြောဆိုဆို ကိုဆေးရိုး၏ ဇက်ပိုးကို လှမ်းဆွဲကာ ကိုအောင်မြက လက်ကို ဆွဲ၍ သရက်ပင်အုပ် အောက်မှ ထွက်လာခဲ့ကြလေ၏ ။

သူတို့သည် လယ်ထိပ်ရှိ ကတွတ်ပေါက်ကို ဦးစွာ ကြည့်ကြသည် ။ ကတွက်ပေါက်၌ သစ်ရွက်များ ဖုံးနေ၏ ။ မြောင်းထဲတွင်ကား ရေမလာသည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့် ပပ်ကြားအက်များ ထပ်ယှက် နေချေသည် ။

“ ဒါကြောင့်လည်း လင်းဇင်းကို လင်ဆင်းလို့ ခေါ်ကြတာပဲ ”

ကိုဆေးရိုးက မြောင်းပေါင်ပေါ်မှ လျှောက်လာရင်း ရေရွတ်မိ၏ ။

“ ဟိုးတုန်းက ‘ လင်ဆင်း ’ လို့ ဆိုပေမဲ့ အခုလောက် မဆိုးပါဘူး ဆေးရိုးရာ ။ ရေမှန်လို့ လင်းဇင်းသောက်တွေ ရကြတဲ့ နှစ်ရယ်လို့ ရှိပါတယ် ။ အခုမှပါ ”

ကိုပိတ်စက နွယ်ပင်များကို ဓားဖြင့် ပေါက်ပြားရိုးဖြင့် ရိုက်ချသလို ကိုအောင်မြကလည်း မြောင်းပေါင်ပေါ်မှ ချုံများကို ငန်းပြားဖြင့် ထိုးဖြတ်ပစ်၏ ။

သူတို့သည် စကားတပြောပြောဖြင့် လျှောက်လာကြရာ သရက်ခုံရွာဘက်သို့ တာလမ်းမှ ဖြတ်ကူးသော လှည်းလမ်းဆုံသို့ ရောက်လာကြ၏ ။ မြောင်းမှာ လှည်းများ ဖြတ်ကူးသဖြင့် ပက်ကောနေလေသည် ။

“ ဟေ့ ... ဒီနေရာဟာ အရင်တုန်းက လှည်းတစ်စင်း မြုပ်တယ်ကွ ။ ဘယ့်နှယ် အခု ပေါင်လယ်လောက်တောင် မနက်တော့ပါပဲလား ”

ကိုဆေးရိုးက အံ့အားသင့်သံဖြင့် ဆို၏ ။ 

“ မြောင်းတာမှ မတူးကြဘဲကိုးကွ ”

ကိုအောင်မြက ဝင်ရောက် မှတ်ချက်ချသည် ။ သရက်ခုံရွာ အနီးသို့ ရောက်သောအခါတွင်ကား တဝေါဝေါနှင့် ရေကျသံများကြားရ၏ ။ ရေမှာ လင်းဇင်းရေပေတည်း ။ လင်းဇင်းမြောင်းထဲက ရေတွေ ဝါခင်း တစ်ခုအထဲသို့ ကျိုးကျကာ လယ်ထဲမှ တစ်ဆင့် စလင်းချောင်းထဲ စီးဆင်းနေသော အသံဖြစ်၏ ။

ကိုဆေးရိုးတို့သည် ကျိုးနေသော မြောင်းပေါင်ကို တိုင်တွေစိုက် ၊ သစ်ခက်တွေ ချကာ ပိတ်ကြ၏ ။ မြေဖြင့် ဖို့ကြ၏ ။ ယင်းသို့လုပ်ခြင်းမှာ မိမိတို့ လိုရာသို့ ရေရောက်စေချင်သောကြောင့်ဖြစ်သည် ။

သို့ရာတွင် လင်းဇင်းရေသည် ကိုစံထွား၏ လယ်ထဲသို့ ရောက်နိုင်မည် မဟုတ်ပေ ။ အဘယ်ကြောင့် ဆိုသော် လင်းဇင်းမြောင်းသည် ပက်ကောနေပေပြီ ။ လင်းဇင်းမြောင်းသည် လွန်ခဲ့သော ၁၅ နှစ်က လူ တစ်ရပ် မြုပ်အောင် နက်သော်လည်း ယနေ့ ရင်ဆို့ ထိအောင် နက်သောနေရာ မရှိပြီ ။ လယ်သမားတိုင်း တစ်နှစ်တစ်ကြိမ် ‘ မြောင်းတာ ’ တူးကြရရာ ဝတ်ကျေ ဝတ်ကုန် တူးကြရာကအစ ၊ ကြာသောအခါ မြောင်း ကောလာရသည် ။

ရေလာတိုင်း ကောသော မြောင်းမှ လျှံကျ၏ ။ လျှံကျရာ တာကျိုးသည် ၊ ကျိုးရာက ပျက်သည် ။ ထို့ကြောင့် လင်းဇင်းမြောင်းရေ မမှန်ရခြင်းဖြစ်၏ ။ 

လင်းဇင်းမြောင်းသည် မြောင်းကောင်းခဲ့စဉ်ကပင် ရေ မမှန်ပေ ။ မြောင်းမကောင်းသော ယနေ့အချိန်တွင်ကား လုံးဝ အသုံးမဝင်သော ဘဝသို့ ရောက်လာရ၏ ။ ရေနည်းနည်းကလေး လာသောအခါ အထက်ပိုင်းတွင်ပင် ရေက ကုန်သွားသည် ။ လူစေ့တက်စေ့ ရကြပါစေတော့ဟု ခပ်များများ လွှတ်ပေးပြန်လျှင်လည်း သက်သာခိုပြီး မြောင်းကို နက်နက် မတူးကြသဖြင့် မြောင်းကျိုးကာ မြောင်းဆုံးအထိ ရေမရောက်တော့ပေ ။

ဆယ်နှစ်ကျော်ကျော် ပျက်စီးလာသော မြောင်းကြီး ၊ လယ်သမား ရာကျော်ပေါင်းများစွာ ဘေးမမြင် ရန်မမြင်နှင့် ရေသာခိုခဲ့သော မြောင်းကြီးသည် ကိုဆေးရိုးတို့ တစ်နေ့တည်း ကြိုးစားရုံနှင့် ကောင်းလာနိုင်မည်လား ။ လိုချင်တုန်းကလေး အားစိုက်ရုံနှင့် ရေရနိုင်ပါမည်လော ။

ကိုစံထွားတို့လို လင်းဇင်းမြောင်းသောက် လယ်သမားတွေ စိုက်ပျိုးချိန်ကြီးမှာ အလုပ်လက်မဲ့ ဖြစ်နေရခြင်း၏ တရားခံကား လင်းဇင်းမြောင်းသောက် လယ်သမားများသာ ဖြစ်ပေ၏ ။ သံကို ဖျက်သော အရာကား သံချေးသာလျှင် ဖြစ်တော့သည် ။

 ▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

အဖြေမဲ့ ပုစ္ဆာ


❝ အဖြေမဲ့ ပုစ္ဆာ ❞
( ကေအမ်တီ - အတွေးအိမ် )

“ လူနာရဲ့ ရောဂါကို ပျောက်အောင် ကုနိုင်ရုံနဲ့ ဆရာဝန်လို့ မသတ်မှတ်ချင်ဘူး ။ လူနာကိုယ်တိုင် ကျန်းမာဖို့ ကြိုတင်ကာကွယ် နိုင်အောင် ပညာပေးနိုင်မှ တကယ့်ဆရာဝန် ”

ပါမောက္ခဆရာကြီး၏ ပြောစကားကို အမြဲ ဦးထိပ်ထားခဲ့သည်မှာ ဆေးခန်းဖွင့်စ ကတည်းကပင် ။ သို့သော် တချို့ကိစ္စများ ကြုံလာသောအခါ သူ့ကိုယ်သူ ဆရာကြီး ပြောသလို တကယ့် ဆရာဝန် ဖြစ်ခဲ့ရဲ့လားလို့ သံသယ ဝင်ချင်မိသည် ။

••••• ••••• •••••

ဆေးတက္ကသိုလ် ဆင်းပြီး ဆေးကုသခွင့် လိုင်စင် ရကတည်းက ဆင်ခြေဖုံး ရပ်ကွက်လေးမှာ ဆေးခန်း ဖွင့်ဖြစ်ခဲ့သည် ။ လူနာ မလာ၍ ဆိုင်ကယ် ဆီဖိုးပင် မရသော ဖွင့်စရက်များ ၊ တစ်ယောက်နှစ်ယောက်သာ လာသော အလယ်ပိုင်းရက်များ လွန်မြောက်ပြီး သကာလ လူနာ များလာသည့် လက်ရှိ အချိန်ထိ ဆေးခန်းနှင့် ရပ်ကွက်ကို ဖက်တွယ်ခဲ့သည် ။ လူနာ ကြည့်လိုက် ၊ စာဖတ်လိုက် ၊ စာရေးလိုက် ၊ ဇာတ်ကား ကြည့်လိုက်နှင့် အချိန်ကုန်လို့ ကုန်မှန်း မသိ ။ ရပ်ကွက်နှင့် သူ အပြန်အလှန် သံယောဇဉ် တွယ်ပြီမို့ သူငယ်ချင်းများ အလုပ်ဝင်ချိန်တွင် ဆေးခန်းလေးမှာပဲ ဆက်နေဖြစ်သည် ။ ဆေးကုမ္ပဏီမှ သူငယ်ချင်း တချို့ ကားဝယ်စီးချိန်တွင် တရုတ်စူပါကပ် ဆိုင်ကယ်စုတ်နှင့် သူ့ခရီးကို သူ နှင်နေဆဲ ။

“ မင်း ... အလုပ် မဝင်ဘူးလား ”

“ မဝင်သေးပါဘူးကွာ ။ အခုလောလောဆယ် ဒီရပ်ကွက်က လူနာတွေကို ငါ ပစ်မထားချင်ဘူး ။ အလုပ်ဝင်လိုက်ရင် သူတို့ ဒုက္ခရောက်မယ်ကွ ”

သူ့အဖြေကြောင့် လူထူးဆန်း တစ်ယောက်လို ဝိုင်းကြည့်ကြသည် ။ သူ ဂရုမစိုက်ပါ ။ ဤသို့ ဆုံးဖြတ်လိုက်သောကြောင့် ချစ်သူ၏ စွန့်ပစ်ခြင်း ကိုတောင် ခံခဲ့ရပြီးပြီ မဟုတ်လား ။

“ ဆရာ ... ဆရာ ”

ဆေးခန်းဝင်းထဲသို့ ဆိုက်ကားကို အမောတကော နင်းချလာသော လင်မယား ။ မိန်းမက ဆိုက်ကား နင်းလာပြီး ယောက်ျားက ဘေးခုံမှာ ခေါင်းငိုက်စိုက်ကျလျက် ။ မိန်းမကို မြင်ကတည်းက လူနာက ကိုအေးမြင့် ဆိုတာကို သိလိုက်ပါပြီ ။

“ ကဲ ဘာဖြစ်လဲ ”

“ ထုံးစံအတိုင်းပေါ့ ဆရာရယ် ”

လူနာကို ခုတင်ပေါ် တွဲတင်ပေးလိုက်သည် ။ အရက်တွေ ဆက်တိုက် သောက်ပြီး မသောက်နိုင် ၊ မစားနိုင်ဖြစ်ကာ အိပ်ရာထဲ ဗုန်းဗုန်းလဲလေမှ ဆေးခန်း ရောက်လာသည် ဆိုတာ သေချာပြီ ။ မေးမြန်း စမ်းသပ်စစ်ဆေး ပြီး ဆေးထိုး ပေးလိုက်သည် ။ အရက်သမား အများစုက ဒီလိုပါပဲ ။ အရက်ကို မဖြတ်နိုင်ဘဲ အကြောင်း အမျိုးမျိုးပြကာ သောက်သည် ။ သောက်ရင်းသောက်ရင်း အရက်စွဲကာ မသောက်ရ မနေနိုင် အဆင့် ရောက်လာပြီး ဆက်သောက်ရင်း မုန့်လုံးစက္ကူကပ်တော့သည် ။ ကိုအေးမြင့်လည်း ထိုနည်းလည်းကောင်း ။ ဆိုက်ကားနင်း စီးပွားရှာပြီး တပြွတ်ပြွတ် မွေးလာသော သားသမီးများနှင့် တရိပ်ရိပ် တက်လာသော ကုန်ဈေးနှုန်းကို အန်တုဖို့ ကြိုးစားရင်း အဆင်မပြေတော့ အရက်ကို အတိုးချ သောက်သည် ။ မူးသည် ။ ဖောက်သည် ။ ပျက်သည် ။ ဆိုက်ကား မနင်းဖြစ်သော်လည်း အရက်ကို အကြွေး သောက်သည် ။ အရက်ကြောင့် ဆေးရုံ တက်ရပေါင်းလည်း မနည်း ။

“ ဆရာရယ် ၊ ပြောပါဦး မသောက်ဖို့ ”

ဆေးခန်း လာတိုင်း ကိုအေးမြင့်မိန်းမက အကူအညီ တောင်းသည် ။ သူက အရက် တရားဟောသည် ။ ကိုအေးမြင့်က ခေါင်းတဆတ်ဆတ် ညိတ်ကာ နားထောင်သည် ။

“ ကိုအေးမြင့်က ခင်ဗျား စကားတောင် နားမထောင်တာ ကျွန်တော့် စကား ဘယ်နားထောင်မလဲဗျ ”

ဤသို့ ပြောပြီးပေမယ့် အရက် မသောက်ရန် မဲဆွယ်စကားက သူ့နှုတ်က ထွက်သည် ။

“ ကိုအေးမြင့် ခင်ဗျား မျက်လုံးတွေ ဝါနေပြီ ။ အသည်း ပြန်ရောင်နေပြီနော် ၊ အရက်ဖြတ်မှ ဖြစ်မယ် ။ အသည်းခြောက်သွားရင် ကုဖို့ မလွယ်ဘူး ဆိုတာ သိတယ်နော် ”

“ ဟုတ် ဆရာ ။ ဒီတစ်ခါ တကယ် ပြတ်ပါပြီ ”

တကယ် ပြတ်ပါပြီလို့ ပြောတာ ဤအကြိမ်နှင့် ဆိုလျှင် ဘယ်နှကြိမ်မြောက်မှန်း သူ မမှတ်မိတော့ ။

“ ကဲ ဆေးမှန်မှန်သောက် ။ အစားလည်း စုံအောင်စား ”

ပြောသာ ပြောရသည် ။ ကိုအေးမြင့်တို့ အစားစုံအောင် မစားရဘူး ဆိုတာ ပိန်လှီလှီ ခန္ဓာကိုယ်က သက်သေပြသည် ။ ဘာကြောင့် မစားနိုင်လဲ မမေးချင်တော့ပါ ။ ယခု ဆေးဖိုးကိုပင် ပေးမသွားနိုင် ။ သူ သက်ပြင်း ချသည် ။ ကိုအေးမြင့်တို့၏ ဆင်းရဲခြင်းကိုလား ၊ သူ့အတွက် မရတော့မည့် ဆေးဖိုး အတွက်လား ဆိုတာကိုတော့ သူ မဝေခွဲတတ်ပေ ။

••••• ••••• •••••

“ အဒေါ်က အိပ်ရေး မဝတာရယ် ၊ သွေးအားနည်း နေတာရယ်ကြောင့် မောသလို ဖြစ်နေတာပါ ။ မစိုးရိမ်ပါနဲ့ ဆေးမှန်မှန်သောက် ၊ အစားကို စုံအောင်စားပါ ”

အသက် ၅ဝ နှစ်အရွယ် လူနာအပျိုကြီးက ဟုတ်ကဲ့ ဟုတ်ကဲ့နှင့် ယခုပဲ လိုက်နာပြီး ထလုပ်တော့မည့် ပုံစံမျိုး ။ အစားကို စုံအောင် မစားတာက အဓိကပြဿနာ ဖြစ်မည် ။

“ အန်တီက ကပ်စီးကုပ် ဆရာ ။ ဟင်း ဆိုရင် တစ်မျိုးပဲ ချက်စားတာ ”

ပါလာသည့် အဖော်က ဝင်ပြောသည် ။

“ အစာကိုတော့ စုံအောင် ချက်စားနော် ။ အခု အဒေါ်က အစာကို စုံအောင် မစားတော့ အာဟာရ မလုံလောက်ဘူး ။ မလုံလောက်တော့ လူက အားမရှိသလို ဖြစ်ပြီး မောနေတာပေါ့ ။ အဲ့တော့ စုံအောင်စား ”

“ စားပါတယ် ဆရာရဲ့ ။ နှစ်ခွက် အနည်းဆုံးတော့ ...”

“ နှစ်ခွက်တည်း မရဘူး ။ ထမင်းတစ်နပ်ကို အရေသောက် တစ်ခွက် ၊ အသီးအရွက် တစ်ခွက် ၊ အသားငါး ဥအမျိုးမျိုး ထဲက တစ်ခွက် ၊ ပဲအမျိုးမျိုး ထဲက တစ်ခွက် ၊ အနည်းဆုံး လေးခွက်တော့ ချက်စားပေါ့ ။ အဲ့လိုမှ မစားရင် အဒေါ် ခဏခဏ ဆေးခန်းလာနေရမယ် ။ ဆေးဖိုး ကုန်နေမှာပဲ ။ မီးဖိုချောင်စရိတ် ချွေရင် ကျန်းမာရေးစရိတ် ပိုကုန်တတ်တယ် ”

ဆင်းရဲသားရပ်ကွက်က လူအများစုတင် မက တစ်မြို့လုံးရှိ လူများက ဟင်းကို စုံအောင် ချက်မစားကြတာ အကျင့် တစ်ခုလို ဖြစ်နေပြီ ။ ဗီတာမင်ဘီဝမ်း နည်းပါးသော ဆန်ဖြူဖြူကို ရေအထပ်ထပ် ဆေးကာ ချက်သည် ။ လျှပ်စစ် မီးအား မပြည့်လေသော မြို့စွန်ရပ်ကွက်အဖို့ ထင်းမီးဖိုနှင့် ထမင်းရည်ငှဲ့ ချက်သည် ။ ထမင်းရည်ကို တိရစ္ဆာန် ကျွေးပြီး အာဟာရ မပြည့်ဝသော ထမင်းကို စားမိနေသည်မှာ ရာစုနှစ် များစွာ ကြာနေခဲ့ပြီ ဆိုတာကို ရပ်ကွက်ရှိ လူများက မသိကြ ။

တချို့ကလေးများဆို ဘီဝမ်းဓာတ် ချို့တဲ့ကာ ပိန်လှီပြီး ဗိုက်ပူနံကားလေးများဖြင့် ဆေးခန်း ရောက်လာကြသည် ။ ထိုလူနာမျိုးကို မေးကြည့်လိုက်လျှင် ထမင်းရည် ငှဲ့ကာ သွန်ပစ်သည်ကို တွေ့ရသည် ။ ဆေးခန်း ဖွင့်စကဆို တော်တော်များများ တွေ့ရသည် ။ နှစ်နှစ်နီးပါး သူ ပညာပေး ကောင်း၍သာ ထမင်းရည်ကို နံနက်ခင်း အဆာပြေ သောက်ကြတော့သည် ။

“ ဆရာ ကလေး ပြချင်လို့ပါ ”

“ လာ ... လာ ၊ ဘာဖြစ်လဲ ”

၃ နှစ်သားတဲ့ ။ ကလေးအမေ ပြော၍သာ ယုံရသည် ။ တစ်နှစ်ခွဲသားအရွယ် ကလေး လောက်ပင် မထွားလှ ။

“ ကျပ်လို့ပါ ဆရာ ”

အသက်ရှူသံက တရွှီးရွှီး မြည်နေသည် ။ နှာခေါင်းက ပွစိပွစိ ။ ပါးစပ်ကို ဟကာ အမောတကော ရှူနေရသည် ။ ချောင်းဆိုးသည် ။ ချွဲကျပ်သည် ။ အာဟာရ ချို့တဲ့ခြင်းကြောင့် ကိုယ်ခံအား နည်းပြီး အဆုတ်အအေးမိသည် ။ အသက်ရှူလမ်းကြောင်း ပိုးဝင်ပြီ ။ အသက်ရှူလိုက်တိုင်း ရင်ညွန့် ချိုင့်ဝင်သွားသည်ကိုက စိုးရိမ်စရာ ။

“ ဖြစ်တာ ဘယ်နှရက် ရှိပြီလဲ ”

“ သုံးရက်ပါ ဆရာ ”

“ ဘာလို့ စောစော လာမပြလဲ ။ ဆေးခန်းတင် မရဘူး ။ ဆေးရုံတက်ရမယ် ။ ဆေးတွေ ထိုးဖို့ ရှူဖို့ လိုတယ် ။ ဆေးရုံလွှဲစာ ရေးပေးမယ်နော် ”

“ ဆရာရယ် ဒီတင် မရဘူးလား ”

မိခင်ဖြစ်သူ ငိုသံစွက်နေပြီ ။ စိတ်ကို မနည်း ထိန်းထားရသည့် ပုံစံမျိုး ။

“ ဘာလို့လဲ အဆင် မပြေဘူးလား ”

သူ့ဆေးခန်းကို လာမပြဖူးလေသော လူနာမို့ ပိုက်ဆံ မရှိလို့လားဟု မေးရမှာ အားနာသည် ။ မိခင်ဖြစ်သူ၏ ချွေးနံ့နှင့်ပင် ငွေကြေး မပြည့်စုံတာ ခန့်မှန်းမိပြီသားပင် ။

“ ဟို ... ဟုတ် ၊ ဆရာ ”

စကားသံက တွန့်ဆုတ်ဆုတ် ။ ဖြေရမှာ မဝံ့မရဲ ဖြစ်နေဟန် ။

“ အခုတောင် ဟိုဘက် ရက်ကွက်က အထူးကုဆေးခန်းမှာ မပြနိုင်လို့ ဆရာ့ဆီ ...”

“ ဟုတ်ပါပြီ ၊ သက်သာအောင် ရှူဆေး ရှူပေးလိုက်မယ် ။ ဆေးရုံ တက်ဖို့လည်း ပိုက်ဆံ ၃ သောင်း ပေးလိုက်မယ် ။ ဟုတ်ပြီနော် ”

ပါးစပ် အဟောင်းသားနှင့် ခေါင်းညိတ်ပြသည်ကို သေချာ မကြည့်တော့ဘဲ ကလေးကို ဆေးရှူဖို့ ပြင်ဆင်ရသည် ။ Nebulizer ထဲကို ဆေးထည့်ကာ ပလပ်ပေါက် တပ်ပြီး အငွေ့ကို ကလေးအား ရှူခိုင်းပြီး ငွေ ၃ သောင်းပေးလှူကာ ဆေးရုံ လွှဲလိုက်သည် ။ နေ့စဉ် ပထမဆုံး လူနာ၏ ဆေးဖိုးငွေ ၊ ဝင်ငွေ၏ ဆယ်ရာခိုင်နှုန်း ထဲကငွေ ၊ ဓာတ်ခွဲခန်းက ပြန်ရောက်လာသော ငွေတချို့နှင့် ဆေးဘူးခွံ ၊ သတင်းစာအဟောင်း ၊ ဂျာနယ်အဟောင်းများ ရောင်းရသောငွေများ စုပြီး မတတ်နိုင်သော လူနာများ အတွက် ဆင်းရဲသား ရန်ပုံငွေထားသည်မှာ ဆေးခန်း စဖွင့်ကတည်းက ဆိုပါတော့ ။ ယခုလို အရေးကြုံလျှင် လှူသည် ။ လိုအပ်လျှင် ပရဟိတ အသင်းနှင့် ဆက်သွယ်ပေးသည် ။ လူနာ အတွက် အိတ်စိုက်ပြီး ကုပေးသည်ဟု ထင်ကြသည် ။ ရန်ပုံငွေအကြောင်း သူ ရှင်းမပြမိပါ ။ သူ တတ်နိုင်သမျှ လုပ်ပေးခြင်းသာ ။

တကယ်တော့ တချို့ ရောဂါများက ဖြစ်သင့်သော ရောဂါများ ၊ တချို့ကတော့ မဖြစ်သင့်သော ရောဂါများပင် ။ အများအားဖြင့် ပြည်သူလူထု၏ ကျန်းမာရေး အသိပညာ နည်းပါးမှုကြောင့် ဖြစ်သည်က များပါသည် ။ ကျန်းမာရေး အသိ နည်းပါးသည့် အတိုင်း ပစ်မထားလို ။ သူ တတ်နိုင်သရွေ့ ပညာပေးသည် ။ နံနက်စောစော အစာ မစားလျှင် ဦးနှောက်ဆဲလ်များ အာဟာရ ငတ်ကာ သေသွားပြီး အသစ် ပြန်မဖြစ်ဘဲ မှတ်ဉာဏ် နည်းသွားတတ်ကြောင်း ၊ ငယ်ငယ်ရွယ်ရွယ် နှင့် သတိမေ့တတ်ပြီး ဦးနှောက်အကြောသေရောဂါ ဖြစ်တတ်ကြောင်း ပြောပြကာ နံနက်စာ စားကြဖို့ စည်းရုံးရသည် ။ အိပ်ရာဝင် တစ်ကြိမ်နှင့် နံနက်စာ စားပြီး နာရီဝက်အကြာမှာ တစ်ကြိမ် တစ်နေ့ နှစ်ကြိမ် သွားတိုက်ခြင်းသည် သွားကျန်းမာရေး အတွက် ကောင်းကြောင်းပါ ပြောပြရသည် ။ အသက် သုံးဆယ် ကျော်လာလျှင် သွေးတိုးဆီးချို ဖြစ်ရန် အခွင့်အရေး များပြီမို့ အငန်နှင့် အချို လျှော့စားကြရန်လည်း မကြာခဏ သတိပေးရသည် ။

ဤကဲ့သို့ သတိပေးခြင်း ၊ ပညာပေးခြင်းများ လုပ်နေမိသည်မှာ ပါမောက္ခဆရာကြီး၏ စကားကို ဦးထိပ်ထားခဲ့မှုကြောင့်ဟု ဆိုရမည် ။ “ ရှင့်ကြောင့် တစ်တိုင်းပြည်လုံး ကျန်းမာရေး တိုးတက် မလာနိုင်ပါဘူး ” ဟု ချစ်သူဟောင်းက ပြောခဲ့ဖူးသည်ကို စောဒက မတက်ခဲ့ပါ ။ သူ့ကြောင့် လူနာ တစ်ယောက် ကျန်းမာအောင် နေထိုင်သွားနိုင်လျှင်ပင် ကြိုးစားရကျိုး နပ်သည်ဟု ယူဆပါသည် ။

••••• ••••• •••••

“ ဆရာ ဆရာ ”

ပြေးလာသည့် ၁၁ နှစ် အရွယ် ကလေးမလေးက ဆေးခန်းဝင်ပေါက်မှာ ခလုတ်တိုက်သည် ။ သူ ထိန်းပေးလိုက်သောကြောင့် လဲကျ မသွား ။

“ ဘာဖြစ်လဲ သမီး ”

မေးတာကို မဖြေနိုင် ။ မောနေသည် ။ ရေခပ် တိုက်လိုက်တော့မှ အမောပြေသွားဟန် တူသည် ။ မျက်လုံးဝိုင်းကလေးဖြင့် သူ့ကို မော့ကြည့်သည် ။ မျက်ရည်စတွေနှင့် ။

“ ဟို ... မမ သတိလစ်သွားလို့ ”

“ ဘယ်မှာလဲ သမီး ”

“ အိမ်မှာ ။ အဲ့ဒါ ဆရာ့ကို လာခေါ်တာ ”

နံနက်ပိုင်း ဆေးခန်း ပိတ်ခါနီးပြီမို့ ဆေးအိတ် ယူပြီး လိုက်သွားရသည် ။ အိမ်ကျဉ်းလေးထဲမှာ လူများ ဝိုင်းအုံကာ တစ်ယောက် တစ်ပေါက် ဆူညံနေသည် ။

“ ဖယ်ကြ ၊ ဖယ်ကြ ”

မျက်နှာ ဖြူဖပ်ဖြူရော်နှင့် သတိလစ်နေသော မိန်းကလေး ။ လေဝင်လေထွက် ကောင်းစေရန် ဝိုင်းအုံနေသော လူများကို ဖယ်ခိုင်းရသေးသည် ။

လက်မနှင့် မျက်ခုံး နှစ်ခုခြားကို နှိပ်လိုက်တော့ တုတ်တုတ်မျှ မလှုပ် ။ ရင်ညွန့်ကို ခပ်နာနာ ဖိလိုက်မှ အင့်ခနဲ အသံထွက်လာသည် ။ သွေးပေါင်ချိန် မှန်သော်လည်း နှလုံးခုန် မြန်နေသည် ။ ခန္ဓာကိုယ်က အေးစက်နေသည် ။ သွေးတွင်း သကြားဓာတ်ကို စစ်ကြည့်ရာ နည်းနေသည် ။

“ အစာ မစားတာ ဘယ်လောက် ကြာပြီလဲ ”

ဆေးပုလင်းကို ဖောက်ပြီး စလင်းဖြင့် စုပ်လိုက်သည် ။

“ မစားတာ ၃ ရက် ရှိပြီ ဆရာ ။ သူ့ကို မေးတော့ နေကောင်းတယ်တဲ့ ”

လူနာနှင့် ရုပ်ချင်း ဆင်သော အန်တီ တစ်ယောက်က ဝင်ဖြေသည် ။ လူနာ၏ အမေ ဖြစ်မည် ။

ထိုးသင့်သော ဆေးများကို သွင်းလိုက်တော့ တအင်းအင်းနှင့် သတိရလာသည် ။ အသက် မေးကြည့်တော့ ၂၃ နှစ် ။ သူ့ထက် ငယ်လှ တစ်နှစ်ကျော်ပေါ့ ။ လူနာ၏ မျက်ဝန်းများက သိပ်ပြီး မတောက်ပ ။ မှိုင်တွေငေးမောကာ တိမ်မျှင်ဖုံးနေသော လဝန်းကို ကြည့်ရသလို ဝိုးတဝါး ။

“ သူ ပျို့အန်သေးလား ”

“ အန်တယ် ၊ အန်တယ် ။ အစားလည်း အစားဘူး ”

မိခင်ဖြစ်ဟန် တူသူက ဖြေသည် ။ လူနာက မျက်လုံး ပြန်မှိတ်ပြီး မှိန်းနေသည် ။

“ ဓမ္မတာရော မှန်လား ”

“ ရှင် ”

မိခင်ဖြစ်ဟန် တူသူက ရှင်ထူးပြီး လူနာ၏ မျက်လုံးက ဖျတ်ခနဲ ပွင့်လာသည် ။

“ ရာသီသွေး မှန်လားလို့ မေးတာ ”

မိခင်ဖြစ်ဟန် တူသူက ဖြေလိုက်လေ သမီး ဟုပြောသည် ။

“ ဟင့်အင်း ”

“ မလာဘူး ပြောတာလား ၊ မဖြေချင်ဘူး ပြောတာလား ”

“ မလာဘူး ဒေါ်လေး ”

ဪ …. အမေ မဟုတ်ဘူးဘဲ ။ ရာသီ မလာတာ နှစ်လရှိပြီတဲ့ ။ ပျို့တယ် ၊ အန်တယ် အစားမစားဘူး ဆိုတော့ ဖွဟဲ့ ။ ဆက် မေးရမည့် မေးခွန်းအတွက် ဘာကြောင့်များ သူ ဆွံ့အ နေသလဲ ။ သူ သိရသလောက် လူနာတွင် အိမ်ထောင် မရှိပါ ။ မေးသင့်လား ၊ မမေးသင့် လား ။ မသိစိတ်က မမေးနှင့်ဟု တားသည် ။ သိစိတ်ကမေးကို မေးရမည်ဟု ဆုံးဖြတ်သည် ။ နောက်ဆုံးတော့ ဘာက အနိုင်ရသွားမသိ ။ နှုတ်က အလိုလို ထွက်သွားသည် ။

“ အိမ်ထောင်တော့ မရှိလောက်ပါဘူးနော် ”

“ ရှင် ”

ဤတစ်ကြိမ်တော့ မှန်မှန်ကန်ကန် မေးလိုက်နိုင်သည်ဟု ထင်သည် ။

“ မရှိပါဘူးရှင့် ”

အဖြေက လူနာဆီက မဟုတ် ။ လူနာက မျက်စိ မှိတ်ထားသော်ငြား မှိတ်ထားသော မျက်ခွံ အောက်ရှိ မျက်လုံးက ဂနာမငြိမ် ။ အမြင် အာရုံထဲတွင် တစ်ခုခု ရှိနေဟန် တူသည် ။

ဆက်မေးရန် မသင့်ဟု ထင်ကာ သောက်ဆေးများ ပေးပြီး မသက်သာလျှင် လာခေါ်ရန်နှင့် သက်သာလျှင် သုံးရက်ကြာမှ ပြန်လာကြည့်မည်ဟု ပြောလိုက်ရသည် ။ သူ့စိတ် လေးလံနေသည် ။ အိမ်ထောင် မရှိ ၊ ရာသီ မမှန် ၊ ပျို့အန် ။ မဟုတ်ပါစေနှင့်ဟု ဆုတောင်းမိသည် ။ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုလျှင် ... ။ ဆု ဆိုတာကလည်း တောင်းရန် မဟုတ် ။ ကြိုးစား ရယူမှသာ ရနိုင် သည့်အရာမျိုး ဆိုသော်လည်း တချို့ ဆုများက ကြိုးစား ရယူ၍လည်း မရနိုင်ပါ ။ ယခုရော ... ။

လူနာမှတ်တမ်း ရေးဖို့ အမည်လေးတောင် မမေးမိခဲ့ရ ။

••••• ••••• •••••

“ ဘယ်လို ဖြစ်တာလဲ အန် အန်တီ ”

အသံမတုန်အောင် ထိန်းထားနိုင်သော်လည်း စကားထစ်သွားသည် ။ လူနာ တစ်ယောက် ဆိုးဝါးသွားတိုင်း ကြေကွဲ ဝမ်းနည်းမိတတ်သော စိတ်ကတော့ ဖျောက်၍ ရမည် မဟုတ် ။ လူဆိုသည်ကား အချိန်တန် အိုနာသေ ဖြစ်ရမည် မုချ ဆိုသော်လည်း သေချိန် မတန်သေးဘဲ ၊ မသေသင့်သေးဘဲ သေကြရသူများ အတွက်တော့ ယူကျုံးမရ ဖြစ်မိပါသည် ။

“ သတိမထားမိလိုက်ဘူး ဆရာရယ် ။ သက်သာ နေရာကနေ ဗိုက်အောင့်တယ် ၊ ဗိုက်အောင့်တယ်နဲ့ သွေးတွေ ဒလဟော ဆင်းလာတာပဲ ။ ရာသီသွေး မပေါ်တာ ကြာလို့ ဆင်းတာပဲလို့ ထင်မိပြီး အေးအေး နေလိုက်တာ ။ မနက်ရောက်တော့ သတိလစ် သွားတာပါပဲ ဆရာရယ် ။ ဟီး ဟီး ကျွန်မ အပြစ်တွေပါ ။ ကိုယ့်ဆီ လာနေတာ ဆိုတော့ စိတ် ချမ်းသာပါစေ ဆိုပြီး ပစ်ထားမိတာ ကျွန်မ အပြစ်တွေပါ ”

မျက်ရည်ကို သုတ် ၊ နှပ်ကို ရှုပ်သည် ။

“ အခု ဆေးရုံမှာ သတိမရသေးဘူးတဲ့ ”

စကားလည်း ပြော ၊ ငိုလည်း ငိုနေသော လူနာရှင် အန်တီကြီးကို ကြည့်ပြီး စိတ်မကောင်းပါ ။

“ ကဲ .. ကဲ မငိုတော့နဲ့ ။ ကျွန်တော် ဆေးရုံ လိုက်သွားလိုက်မယ် ”

ဆိုင်ကယ် မြန်မြန် မောင်းပြီး ဆေးရုံသို့ သွားရသည် ။ သုံးရက် ချိန်းထားသော အိမ်ပင့် လူနာကို ပြန်ကြည့်ရန် အလာ ဆေးရုံတင် လိုက်ရသည်ဟု သိလိုက်ရသည့် ကိစ္စသည် ကုနေကျ ဆရာဝန်အတွက် လျစ်လျူရှုရမည့် ကိစ္စမဟုတ်ဟု ထင်ပါသည် ။ သူနှင့် မဆိုင်တော့သော်လည်း ဆေးရုံကို လိုက်ကြည့်ရန် ဆုံးဖြတ်လိုက်သည် ။ ဆေးရုံမှာ တာဝန်ကျ သူငယ်ချင်းနှင့် တွေ့ရသည် ။

“ မနက်က သတိလစ်ပြီး ရောက်လာတဲ့ လူနာ မင်းသိလား ”

“ ဘယ်သူလဲဟ မင်းဟာက ... လူနာ နာမည် မပြောဘဲနဲ့ ”

ဟုတ်သား ။ လူနာနာမည် မမေးထား မိတာ အားနည်းချက် ဖြစ်တော့သည် ။

“ နာမည်တော့ မသိဘူးဟ ၊ အသက် ၂၃နှစ် ၊ မိန်းကလေး unconsious ( သတိလစ် ) နဲ့ ”

“ အိုင်စီယူ ထဲက တစ်ယောက်ကို ပြောတာ ဖြစ်မယ် ”

“ မသိဘူးကွာ ၊ လူနာမြင်မှ သိမယ် ။ ခုတင်နံပါတ် ဘယ်လောက်လဲ ”

“ ခုတင် နံပါတ် ၁ ”

အထူးကြပ်မတ်ကုသခန်း ( ICU ) ထဲရှိ နှာခေါင်းပိုက် ၊ ဆီးပိုက် ၊ ဆေးနှင့် သွေးပါ သွင်းထားပြီး သတိ မရသေးသော လူနာ ။

“ Diagnosis ( ရောဂါအမည် ) က ဘာလဲ သူငယ်ချင်း ”

“ အင်ဂျူအဘောရှင်း ( Induced abortion ) ”

“ ဘာ ”

အလန့်တကြား ထအော်မိသော သူ့ကို အော်စရာ မဟုတ်ကြောင်း ပြောလိုဟန်ဖြင့် သူငယ်ချင်းက ကြည့်သည် ။

“ သူ့မှာ အိမ်ထောင် မရှိဘူးကွ ”

သူငယ်ချင်းက ထူးဆန်းဟန် မပြ ။ သူ စ ကုချိန် ကတည်းက အလုံးစုံ မေးပြီး ဖျောင်းဖျခဲ့ဖို့ ကောင်းသည် ။ အခုတော့ ဘဝ ဖြစ်မလာတော့သော ဘဝတစ်ခုနှင့် အချိန် မတန်ဘဲ ကြွေလွင့်ရမည့် ဘဝ ။ ဘယ်အတိတ်က ကံကြမ္မာလေလဲ သူ မသိနိုင် ။

“ အိမ်ထောင် မရှိဘဲ ဖြစ်ချင်တိုင်း ဖြစ်ပြီး လွန်မှ ကိုယ်ဝန် ဖျက်ချကြတယ် ။ သွေးလွန်ပြီး အသက်အန္တရာယ် ထိခိုက်တော့မှ ဆေးရုံ ရောက်လာတဲ့ မိန်းကလေးတွေ အများကြီး ... ၊ အများကြီး သူငယ်ချင်း ”

အထူးကြပ်မတ်ဆောင် အနီးမို့ စကား တိုးတိုး ပြောသော်လည်း သူ့ နားထဲတွင် ကျယ်လောင်လွန်းလှသည် ။

“ ပြည်သူ့ဆေးရုံမှာ ဒါတွေက မထူးဆန်းတော့ဘူး ။ ငါတို့လည်း တတ်နိုင်သလောက် ကုတာပဲကွ ။ ဒါမျိုးက မဖြစ်ခင်က ကြိုတင် ကာကွယ်ရမယ့် ကိစ္စ ။ ဖြစ်ပြီးမှ ကုလို့ လွယ်တဲ့ ကိစ္စ မဟုတ်ဘူးကွ ”

မည်သူ့ကို ဒေါသ ထွက်နေသည် မသိ ။ သူငယ်ချင်းက ကရားရေလွှတ် ပြောသည် ။ သူ ဘာမှ ပြန်ပြောချင်စိတ် မရှိတော့ ။ ပြည်သူများ၏ ကျန်းမာရေးကို တိုးတက်အောင် ဆောင်ရွက်မည်ဟု ခဲလေသမျှ သဲရေကျ ဖြစ်ရပြီလား ။ မဖြစ်ခင်က ကြိုတင်ကာကွယ် ပေးမည်ဟု ကြုံးဝါးခဲ့လေသမျှ အလဟဿ ဖြစ်လေပြီကော ။

လက်မထပ်ဘဲ အတူနေ ၊ သမီးရည်းစား ဘဝမှာ နယ်ကျွံ ၊ မဖုံးနိုင် မဖိနိုင် ဖြစ်ကာမှ ရင်သွေး ဖျက်ချကြခြင်းသည် မထူးဆန်းသော ကိစ္စတစ်ခု ဖြစ်နေပြီလား မသိ ။ ဤကိစ္စကို မည်သို့ ပညာပေးပြီး မည်သို့ ကာကွယ်ရမည်ကို သူ မသိသေး ။ ဆေးခန်း လာသမျှ လူနာ တိုင်းကို ကျန်းမာရေး အသိပညာပေးသော ကိစ္စထဲမှာ အိမ်ထောင်ပြု ၊ သားမွေးကိစ္စပါ ထည့်ပြီး ပညာပေးရမလား ။ ရပ်ကွက်ထဲ ဆင်းပြီး ပညာပေးရမလား ။ အလယ်တန်းကျောင်းရှိ ဆရာ ၊ ဆရာမများကို အကူအညီ တောင်းယူပြီး ပညာပေးဖို့ စည်းရုံးရမလား ။ သူ မစဉ်းစားတတ်တော့ ။

ကြိုတင်စဉ်းစား မထားသော ကိစ္စရပ် တစ်ခုက သူ့အတွက် အဖြေ မရှိသော ပုစ္ဆာ တစ်ပုဒ်လို ။ ထို့အတူ မှန်ကာ အခန်းထဲမှာ အောက်ဆီဂျင်ပိုက် တပ်ထားပြီး သေမင်းနှင့် စစ်ခင်းနေသော လူနာလည်း တိုက်ပွဲနိုင် မနိုင်ဆိုတာ သူ့အတွက် အဖြေ မရှိသော ပုစ္ဆာတစ်ပုဒ်လို ။  ။

⎕ ကေအမ်တီ ( အတွေးအိမ် )
📖မဟေသီ ရုပ်စုံ မဂ္ဂဇင်း
     စက်တင်ဘာ  ၊ ၂၀၁၇