❝ မြနန္ဒာ ရေညိုညို ရစ်ကာသန်း ❞
( ဆူးငှက် )
“ နန္ဒာ ရေဝန်းရံခ ၊
ပတ်လည်မှာ ...
ရွှေမန်းတောင်တော်သာ
အို ... ဆန်းပါလှ ၊
မြို့နန်းဝတိသာ ” တဲ့ ။
ပြင်စည်မင်းသားကြီးက ‘ မန်းတောင်လက်ျာ ’ ယိုးဒယားကြီး၌ မန္တလေးကို ဤကဲ့သို့ ဖွဲ့ဆိုခဲ့၏ ။ ‘ နန္ဒာရေဝန်းရံခ ’ တဲ့ ။
ဟုတ်သည် ။ ဧရာ၀တီမြစ်ကြီး၏ အရှေ့ဘက်ကမ်းမှာ တည်ထားသော မန္တလေးမြို့သည် တောင်ဘက်မှာက တောင်သမန်အင်းကြီး ရှိသည် ။ အနောက်ဘက်မှာ တက်သေးအင်း ... ။ အခုတော့ မန္တလေး ကန်တော်ကြီးဟု သုံးစွဲ ခေါ်ဝေါ်နေသည် ။ အရှေ့တောင်မှာက ဇောင်းကလော ကန်ကြီး ရှိသည် ။ အရှေ့ဘက် တစ်ကြောကြီးက မင်းရှင်စော၏ အောင်ပင်လယ်ကန်တော် ... ။ အောင်ပင်လယ်ကန်က တောင်ဘက် ဗိုလ်တက်ကုန်း မှသည် ဟိုး ... မြောက် မန္တလေးတောင် အရှေ့ဘက် အထိ ရှိမှာပေါ့ ... ။ မြောက်ဘက်မှာက နန္ဒာကန် ရှိပါသည် ။
ထိုရောအခါက ... ကောင်းကင်မှ နတ်ကြည့် ကြည့်လျှင် မန္တလေးသည် လေးဘက်လေးတန် ရေဝိုင်းရံခ နေပေလိမ့်မည် ။ နောက်တော့ အင်္ဂလိပ်အစိုးရခေတ်တွင် အောင်ပင်လယ်ကန်မှ ရေများကို ဖောက်ထုတ်ပြီး လယ်များ ဖော်ထုတ် စိုက်ပျိုးစေခဲ့၏ ။ ဒါကြောင့်လည်း နန်းတော်ရှေ့ဆရာတင်က ... ၊
“ .. တကယ်တော့ အစစ်ကဲ့သို့ .. အခုတော့ လယ်တောဖြစ်လို့ ... ကောင်းဖို့ ရွယ်သောခေတ်ကို ... အထူးပင် မျှော်မိတယ် ...” ဟု စပ်ဆိုခဲ့ဖူးပါ၏ ။
ဘာထူးမှာလဲ ၊ မြောက်ဘက် နန္ဒာကန်ကြီးကလည်း လယ်ကွင်းပြင်ကြီး ဖြစ်သွားသည် ။ မြနန္ဒာကွင်းတဲ့ ... ။ ရှေးယခင် ကတည်းက မန္တလေးသည် မိုးနည်းခဲ့၏ ။ နှစ်စဉ် ‘ မိုးဆက်သ ’ နေကျ မုတ်သုန် သည်ပင်လျှင် ဟိုး ... အနောက် ရခိုင်ရိုးမကြီးကို ကျော်ဖြတ်ပြီးသောအခါ ဧရာဝတီမြစ်ဝှမ်း လွင်ပြင်၌ အားအင်ချိနဲ့ သွားပြီး သူ့ မိုးလက်ဆောင် ပေးနိုင်စွမ်းပင် အနိုင်နိုင် ဖြစ်နေ ကျပင် ... ။ ထို့ကြောင့် မန္တလေးမြို့တည် ဗိသုကာကြီးများက ရာသီဥတု သပ္ပာရ ဖြစ်ရေးအတွက် မြို့ပတ်လည် သဘာဝကန် ၊ လက်လုပ်ကန်များဖြင့် ဝေစည်ခဲ့ခြင်းဖြစ်သည် ။
ထိုထိုသော အင်းအိုင်ကန်ချောင်း ဆည်မြောင်းများမှ မြောင်းကြီး မြောင်းငယ် အသွယ်သွယ်များဖြင့် မြို့က တောင်မြောက်ကန့်လန့် ဖြတ်ကာ ရေသွင်းရေထုတ်လည်း ပြုလုပ်ပေးခဲ့၏ ။ ထို့ကြောင့် မည်သို့သော မိုးနည်းရပ်ဝန်း ဖြစ်ခဲ့သော်ငြား မန္တလေးသည် ရေမလပ် ၊ ရေမပြတ်ခဲ့ .. ။
ဟော ... အခုနှစ်လို မိုးအားကောင်းကာ မန္တလေးလို နေရာမျိုးမှာပင် တစ်နေ့တည်း မိုးရေချိန် ၃ လက်မကျော် ရွာသွန်းပြန်သောအခါ ထုံးစံအတိုင်း မန္တလေး ပတ်လည်မှ ကန်ချောင်း အင်းအိုင်ကြီးများက မန္တလေးမြို့လယ်ခေါင်အထိ တစ်မုဟုတ်ချင်း ပြောင်းရွေ့ လာလေတော့၏ ။ စိန်ပန်း မှာလည်း ရေတွေ တဖွေးဖွေး ၊ ပွဲကုန်း မှာလည်း ရေတွေ တဖွေးဖွေး ၊ ဈေးချိုကြီးလည်း ရေပေါ်ဟိုတယ်ဖြစ် ... ။ လမ်း ၃၀ လည်း လှေလမ်းရေလမ်းဖြစ် ... ။ စီဗီလိုင်း လို နေရာပင် ရေပြင်ကျယ်ဖြစ် ... ။ နန်းရှေ့ မှာက အောင်ပင်လယ်ကန်လယ် ရောက်သွားရသလို ... ။
ဟုတ်သားပဲ ... ပြင်စည်မင်းသားကြီး စပ်ဆိုခဲ့တာ ... ။
“ နန္ဒာရေ ဝန်းရံခ ၊ ပတ်လည်မှာ ရွှေမန်းတောင်တော်သာ ” တဲ့
မန္တလေးတောင်ပဲ ရေလွတ်တဲ့ ဟာကို ... ။
▢ ဆူးငှက်
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့်
No comments:
Post a Comment