Showing posts with label အောင်သင်း. Show all posts
Showing posts with label အောင်သင်း. Show all posts

Wednesday, October 14, 2026

အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ( ကျွန်ုပ်နှင့် ရိုဘော့တစ် )


▢ အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို

❝ ကျွန်ုပ်နှင့် ရိုဘော့တစ် ❞

ဝတ္ထုနာမည်ကို မာတိကာတွင် တွေ့လိုက်ရသောအခါ ဘာသာပြန်ဝတ္ထု ထင်ပါရဲ့ဟု အောက်မေ့လိုက်ပါသေး သည်။ သို့သော် သေချာစေရန် စာမျက်နှာ လှန်ကြည့် လိုက်တော့ သရုပ်ဖော်ပန်းချီကို တွေ့ရသည်နှင့် ပင်ကိုယ် ဝတ္ထုဖြစ်ကြောင်း သိလိုက်ရပါသည်။ ခပ်ပေါ့ပေါ့ပင် သဘောထားကာ ဖတ်လိုက်ပါသည်။

စပြီး ဖတ်လိုက်မိတော့လည်း အထင်မကြီးလှသေးပါ။ တစ်မျက်နှာ ကျော်ကျော်လောက် ရှိမှ ဆွဲအားတက် လာပါတော့သည်။ ဝတ္ထုဆုံးတော့မှ စရိုက်ချင်း မတူသော၊ လူနေမှု အဆင့်ချင်း ကွာလှမ်းလှသော သူငယ်ချင်း နှစ်ဦးတို့၏ သံယောဇဉ် ချစ်ကြိုးမျှင်ကို တင်းခနဲနေအောင် ခံစားမိ လိုက်ရသည်။ ယောက်ျားလေး သူငယ်ချင်းနှစ်ဦးတို့၏ စရိုက်မှာလည်း ပီပြင်လှသည်ဟု ဆိုနိုင်ပါသည်။ စရိုက် ပီပြင်ရုံမျှမက ဇာတ်လမ်းကလေးကလည်း နှစ်လိုဖွယ်ရာ ဖြစ်ပါပေသည်။ ဇာတ်ကြောင်းကို ပြန်ပြောင်းတွေးတော မိသည့် ပြကွက်များ သွင်းပုံမှာ သေသပ်လှသောကြောင့် အသျှား (ချောင်းဦး) ကို ချီးကျူးမိပါသည်။ အထူးသဖြင့် ဇာတ်သိမ်းပိုင်း မြှုပ်ကွက်၏ သဲလွန်စလေးများကို တို့ကာ ထိကာ သွင်းသွားပုံမှာ ပိပိရိရိ ရှိလှသည်ဟု ဆိုချင်ပါသည်။

“အသျှား” က သူ့ဝတ္ထုနာမည် အတွက် ရှင်းရန် လိုအပ်ကြောင်း သိသည်။ ထို့ကြောင့် ဝေါဟာရ ရှင်းတမ်းနှင့် စဖွင့်လိုက်သည်။

••••• ••••• •••••

      ရှင်းရှင်း ဝန်ခံလိုက်ရလျှင် “ရိုဘော့တစ်” (Robotics) ဆိုသော စကားလုံးကို ကြားဖူးသည်မှာ ဘာမှ မကြာသေး။

      အီလက်ထရွန်နစ် စနစ်ဖြင့် ထိန်းချုပ်ကာ လူနှင့် တူသော စက်များ ပြုလုပ်သည့် ပညာဟု သုတေသီတို့က ဖွင့်ဆိုထားကြသည်။ ၁၉၃ဝ လောက်ဆီက “ချက်ကိုစလိုဗက်” နိုင်ငံရှိ ပြဇာတ်ရေး ဆရာကြီး “ကရယ်ကပက်” သည် သိပ္ပံပြဇာတ်တစ်ပုဒ် ရေးသားခဲ့၏။ ထို ပြဇာတ်တွင် စက်ရုပ်များ၏ အံ့မခန်း လုပ်ဆောင်ချက်များနှင့် သိပ္ပံပညာစွမ်း ပကားကို ဖော်ပြထားသည် ဟူ၏။ ကျွန်တော် မဖတ်ဖူးပါ။ “ချက်” ဘာသာစကား ဖြစ်သော “ရိုဘော့တ” (Robota) မှ “ရိုဘော့” (Robot) သို့ ပြောင်းလဲ သည်။ အဲ “ရိုဘော့” ဆိုတာ စက်ရုပ် နေမှာပေါ့ဗျာ။ ကျွန်တော် အရမ်းဘာသာ ပြန်ခြင်း ဖြစ်ပါသည်။ ဟုတ်ချင်မှလည်း ဟုတ်မည်။ ကိစ္စ မရှိပါ။ ကျွန်တော်မှ သိပ္ပံသုတေသီ မဟုတ်ပဲ။ ဒါပေမဲ့ ထို “ရိုဘော့တစ်” ဆိုသော စကားက ကျွန်တော့်ရင်ကို စွဲငြိစေသည်မှာတော့ အမှန်ဖြစ်၏။ အဲဒါကလည်း တူးတူးလို့ ခေါ်တဲ့ ကျွန်တော့် သူငယ်ချင်းကြောင့်ပါ။

••••• ••••• •••••

ဤမျှပင် အသျှား၏ ပရိယာယ် ကြွယ်ဝပုံကို သိလောက်ပါပြီ။ ရိုဘော့တစ်ကို “စက်ရုပ်” ဟု အမည်ပေးနိုင်ကြောင်း သူသိပါသည်။ သို့သော် “ကျွန်ုပ်နှင့် စက်ရုပ်” ဟု အမည်ပေးခြင်းနှင့် “ကျွန်ုပ်နှင့် ရိုဘော့တစ်” ဟု အမည်ပေးခြင်း မည်မျှ ကွာခြားကြောင်းကိုလည်း အသျှား သိသည်ဟု ဆိုရပါလိမ့်မည်။ “အဲဒါကလည်း တူးတူး လို့ခေါ်တဲ့ ကျွန်တော့်သူငယ်ချင်းကြောင့်ပါ” ဟူသော စကားဖြင့် တူးတူးကို နှိုးလိုက်သည်ဟု ဆိုသင့်သည်။

••••• ••••• •••••

      “ငါ မစိမ်းကို ချစ်တယ် ငတူးရာ”

      ကျွန်တော့် စကားကြောင့် စာဖတ်နေသော တူးတူး၏ မျက်ခုံးထူပျစ်ပျစ်ကြီး တစ်စုံသည် သိသိသာသာ မြင့်တက်သွား၏။ ကျွန်တော့်ကို လှမ်း ကြည့်လိုက်သော မျက်လုံးထဲတွင် အရိပ် တစ်စုံ ဖျတ်ခနဲ ဖြတ်သန်းသွားသည်ဟု ထင်မိသည်။ ချက်ချင်းပင် အပြုံးတစ်ခု ဖန်တီး၏။

••••• ••••• •••••

ဤနေရာတွင် ငတူး၏ တုံ့ပြန်မှု၌ သဲလွန်စ တစ်ခုကို သွင်းလိုက်သည်။ သတိရှိသော စာဖတ်သူ တစ်ယောက် ဖြစ်လျှင် ထင့်ခနဲ ဖြစ်သွားပါလိမ့်မည်။ အမှုမဲ့ ဖတ်တတ်သူ ဖြစ်လျှင်ကား သတိပြုလိုက်မိမည် မဟုတ်ပါ။

••••• ••••• •••••

      “ဒီကမ္ဘာပေါ်မှာ မင်းမချစ်တဲ့ မိန်းကလေးမျိုး ရှိမှ ရှိပါ့မလား ငအောင်ရယ်”

      “အာကျွတ်”

      သူ့အပြောကြောင့် ကျွန်တော်ပင် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ အဲ သူ့မျက်နှာကြီးက စပ်ဖြီးဖြီး ပြီတီတီ။

      “မအာနဲ့လေ၊ ငါပြောတာ လွန်သလား၊ ခိုင်ဝါ့ တုန်းကလဲ မင်း ချစ်လိုက် တာပဲ၊ အေးငြိမ်းချမ်း တုန်းကလဲ ဒီအပြော၊ မင်း ချစ်ခဲ့တာတွေသာ လိုက်မှတ်နေရရင် လက်ချောင်း ဆယ်ချောင်း မပြောနဲ့၊ ခြေထောက် ဆယ်ချောင်း စစ်ကူတောင်းတာတောင် လောက်မယ် မထင်ဘူး”

      “ဘာလဲ တို့ရုံးက မစိမ်းလား”

      ခေါင်းညိတ်လိုက်မိ၏။ ဪဟု ညည်းတွားရင်း ခန့်ပြုံး တစ်ခု သူ ပြုံးသည်။ ကျွန်တော့် ရင်ကို တန်းထိသည်။ တစ်ကျပ် တန် မင်ချောင်းလေး၏ ဖင်ပိုင်းကို တဇပ်ဇပ် ကိုက်ဝါးရင်း မမြင်နိုင်သော အဝေး တစ်နေရာကို ကြည့်နေသည့် တူးတူးကို ကိုင်ဆောင့်ပစ်ချင်စိတ်ပေါက် သွားမိသည်။

      “တည်တည်တံ့တံ့ ဆိုရင်တော့ ကောင်းတာပေါ့ကွာ၊ မစိမ်း တစ်ယောက် ကောင်းစားဦးမှာပေါ့။ ဘာလဲ ငါက စာရေး ပေးရဦးမှာလားကွယ်”

      “သွားစမ်းပါကွာ၊ ခုမှ ဒီစကား ပြောတာ၊ ရှီးတဲ့မှ”

      “ငါက မင်းစိတ်ကို သိလို့ စမ်းကြည့်တာပါ ငအောင်ရာ။ ခုတော့ မအားသေးဘူးဟ။ ကဗျာတွေ ပြန်ကူးစရာ ရှိသေးတယ်”

      “အေးပါ၊ ငါကလဲ အခု လိုချင်တယ်လို့ မပူဆာပါဘူး၊ အေးအေး ဆေးဆေးပေါ့ကွာ၊ ကဲ၊ ငါသွားမယ်။ လက်ဖက်ရည်ဆိုင် လိုက်ဦးမလား”

      အမြဲတမ်း တစ်စုံတစ်ခုကို တမ်းတ အားငယ်နေတတ်သည့် မျက်လုံးတစ်စုံကို မှိတ်ရင်း ခေါင်းယမ်းပြနေသည့် အတွက် စက်ဘီးကို နင်း၍ ပြန်လာခဲ့သည်။

••••• ••••• •••••

ဤမျှ ဖတ်လိုက်သော အခါတွင် သူတို့နှစ်ဦး၏ ဆက်ဆံမှု၊ သူတို့၏ စရိုက်၊ ဝတ္ထုကြောင်း ပြောသူ ငအောင်၏ လေသံတို့ကို သိလာရပြီ။ တစ်ဦးကို တစ်ဦး “ငတူး” “ငအောင်” ဟု ခေါ်ကြသည်။ ငအောင်က မြာပွေသူ ဖြစ်သည်။ ငတူးက ကဗျာသမား။ စိတ်အားငယ်တတ်သည်။ ငအောင် အတွက် ရည်းစားစာ ရေးရလေ့ရှိသည်။ ငတူးက မစိမ်း အပေါ် သဘောထားပုံ တစ်စွန်း တစ်စတော့ ပေါ်လာသည်။ မည်သည့် အတိုင်းအတာ အထိ သဘော ထားကြောင်းကိုကား မသိရသေး။ “သူ့မျက်နှာကြီးက စပ်ဖြီးဖြီး ပြီတီတီ” ဟူသော စကားလုံးမှာ မြို့မငြိမ်း၏ “မန်ဒါလီ” သီချင်းထဲက စာသားဖြစ်သည်။ ထို့ကြောင့် ပြောဟန် သွက်လက်သော၊ ဝံ့စားသော ငအောင်၏ စရိုက်ဟန်ပန်ကို ပေါ်လာစေသည်။ “တစ်ကျပ်တန် မင်ချောင်းလေး” သည် ငတူး၏ ဘဝ အခြေအနေကို မြင်သာစေသည်။

သို့သော် “ဘာလဲ၊ တို့ရုံးက မစိမ်းလား” ဟူသော မေးခွန်းမှာ အနည်းငယ် နောက်ကျသည်ဟု ထင်သည်။ နေရာမှားသည်ဟု ယူဆမိသည်။ သည်ထက် ခပ်စောစောက မေးမှ ယုတ္တိတန်ပေလိမ့်မည်။

အသျှား နောက်ကြောင်းပြန်ပုံကို ကြည့်ပါ။ အဘယ်မျှ ပြေပြစ်ပါသနည်း။

••••• ••••• •••••

      အကြည်ဓာတ် လွှမ်းနေသောကြောင့် ပေါ့ပါးဖျတ်လတ်နေသည့် စိတ်သည် တိမ်နှယ် လွင့်ချင်လာ၏။ မျက်လုံးပေါ်ကို လာလာ ဖုံးနေသော ဆံနွယ်ရိုင်းများကြောင့် ခေါင်းကို ဆတ်ခနဲ ခါတင်လိုက်သည်။ ဘောလုံးကစားကွင်းထဲသို့ အမှတ်မထင် ကြည့်မိ၏။ ကလေးငယ် တစ်သိုက် ဆော့ကစားနေကြသည်ကိုကြည့်ရင်း ငတူးကို သတိရလိုက်သည်။ ဟို လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ဆီကပေါ့။

      “ဟေ့ကောင်”

      ထိတ်လန့်ခြင်းကြောင့် ထင်၏။ ငတူး၏ မျက်နှာ ရဲတက်သွားသည်။

      “ငတူး ဒီဘောလုံးကွင်းထဲ ဘာလုပ်နေတာလဲ၊ သွားစို့လေ ကျောင်းတက်တော့မယ်”

      “ငါ ဟို ကျောင်းပုန်းမလို့”

      မျက်လွှာကို ချရင်း ညစ်ပတ် စုတ်ပြဲနေသည့် သူ့ဘောင်းဘီတို့ကို ပြန်ကြည့်နေသည်။ သူ မှီထိုင်နေသော အပွင့်ဝါကျဲကျဲလေးများဖြင့် လှနေသည့် ဆယ့်နှစ်ရာသီပင်ခြေတွင် သစ်သားဘောင် မရှိတော့သော ကျောက်သင်ပုန်း၊ စာအုပ် ထောင့်စွန်းများ တွန့်လိပ်နေသည့် ဒုတိယ တန်း မြန်မာဖတ်စာအုပ်၊ သတင်းစာ စက္ကူဖြင့် ဖုံးအုပ်ထားသော စာအုပ် သုံးလေးအုပ်။

      “ဘာလို့ ကျောင်းပုန်းချင်ရတာလဲ ငတူးရာ၊ ဘာလဲ၊ အိမ်စာ မရလို့ ဆရာ ရိုက်မှာ ကြောက်လို့မှုတ်လား”

      ပြောရမည့် စကားကို ချိန်ဆနေ ဟန်တူသည်။ ကြာသင့်သည်ထက် အချိန် ကြာသွား၏။

      “ဟို မဟုတ်ပါဘူး၊ ငါစာရေးဖို့ ကျောက်တံ မရှိဘူး၊ ပြီးတော့ ဒီနေ့ ဆရာက ရေဖိုးဆယ်ပြား ပေးရမှာတဲ့ အဲဒါ”

      “ဘာ မဟုတ်တာ ငတူးရာ၊ လာပါ၊ ငါ့မှာ ကျောက်တံတွေ အများကြီး ပါတယ်၊ ရေဖိုးလဲ ငါ စိုက်ပေးပါ့မယ်။ ကျောင်းမပုန်းစမ်းပါနဲ့ကွာ၊ ကျောင်းပျင်းအိုးလို့ အခေါ်ခံရမှာကို မင်း မရှက်ဘူးလား”

      မာနရိပ်သည် မျက်နှာပေါ်၌ ရှပ်ပြေးသွား၏။ ကျောက်သင်ပုန်းနှင့် စာအုပ်ကို ကောက်ကိုင်သည်။ ကျွန်တော့်ကို စိုက်ကြည့်နေသည့် မျက်လုံးထဲ၌ ကျေးဇူးတင်သော စကားလုံးများ။ ညစ် မည်းမည်း အင်္ကျီအိတ်ကပ်ထဲသို့ လက်နှိုက်၍ ထုတ်လိုက်ရာ ဖြူဖွေးဖွေး အရာလေးများ ပါလာသည်။

      “သွားစို့ ငအောင်၊ ကျောင်း ရောက်လို့ ရှိရင် မင်း ကျောက်သင်ပုန်းကို ငါ ဒီကုက္ကိုခေါက်ကလေးတွေနဲ့ ချေပေးမယ်၊ ရေးကောင်းတယ်ကွ၊ သိလား”

      ထိုစဉ်က ရယ်ချင်စိတ်ကို အတင်း မျိုသိပ်ထားခဲ့ရသည့် အကြောင်း ပြန်တွေး မိတိုင်း ရယ်ချင်လာတတ်သည်။ အဲ ငတူး ကိုတော့ ပြန်ပြောမနေတော့ပါ။

••••• ••••• •••••

ငအောင် ငတူးထံမှ ပေါ့ပါးဖျတ်လက်စွာ ပြန်လာခြင်း၊ ကလေးများကို မြင်၍ ငယ်ဖြစ်ကို သတိရခြင်းတို့မှာ ကျိုးကြောင်းဆီလျော်သည်။

ကျွန်တော်တို့က ကျောင်းပြေးသည်ဟု သုံးကြသည်။ သူတို့က ကျောင်းပုန်းသည်ဟု သုံးသည်။ ဒေသသုံး ဖြစ်ဟန်ရှိသည်။ “ကျောင်းပုန်း” ဟူသော စကားက ပို၍ ထိမိပါသေးသည်။

ငတူး၏ ဆင်းရဲခြင်း၊ ငအောင်၏ ပြည့်စုံခြင်း၊ ငအောင်၏ ရက်ရောပေးကမ်းတတ်ခြင်း၊ ငတူး၏ ကျေးဇူး သိတတ်ခြင်း၊ ပညာလိုလားခြင်းတို့ ပေါ်လွင်သည်။

ကုက္ကိုလ်ခေါက်ကလေးနှင့် သင်ပုန်းချေမည်ဟု ငတူးက သူ တတ်စွမ်းနိုင်ရာနှင့် ကျေးဇူးတုံ့ပြန်မည့် လက္ခဏာကို ပြသောအခါ ငအောင်က ရယ်ချင်မိသည်။ ငအောင့်အဖို့ ဤကိစ္စမှာ ဘာမျှ ဖြစ်လောက်သည့် ကိစ္စ မဟုတ်။ ဤဇာတ်ကွက်ကလေးသည် နောက်ပိုင်း ဇာတ်သိမ်းအတွက် အထောက်အပံ့ ဖြစ်လှပေသည်။

ဤသို့အားဖြင့် ငအောင်သည် ငတူးကို အမျိုးမျိုး စောင့်ရှောက်ခဲ့သည်။ အထက်တန်းကျောင်းရောက်၍ ငတူးမှာ အနွေးထည် မရှိသဖြင့် ဆောင်းတွင်း၌ ချမ်းချမ်းစီးစီး နေရသည်ကို မြင်ရသောအခါ ငအောင်က ဂျင်းဂျက် ကက်ကို ခဏ ထားခဲ့ရာမှ မေ့သယောင်ဆောင်ကာ ပေးခဲ့သည်။

      “အဲ ဟုတ်သားပဲ၊ ငါဖြင့် မေ့တောင်နေတာ၊ နေပါစေကွာ၊ မင်း အိမ်မှာပဲ ထားလိုက်ပါ၊ ငါ့အဖေကြီး မနေ့ က မန္တလေးက အပြန် သားရေဂျာကင် တစ်ထည်ဝယ်လာတာနဲ့ အတော်ပဲ၊ ကဲကွာ မင်းပဲ ဝတ်လိုက်ပါတော့”

      “အာ မဟုတ်တာ”

••••• ••••• •••••

ဤသို့မျှမက၊ ဆယ်တန်းအောင်သောအခါတွင်လည်း ရုံးတစ်ရုံးတွင် စာရေးအလုပ် ရအောင် ငအောင်က ကူညီ ပေးခဲ့သည်။ ငအောင် ကတော့ ကျောင်းဆက် မတက်။ မိဘ၏ ကုန်သည်လုပ်ငန်းကိုပဲ ဆက်လုပ်သည်။ ငတူးက စာပေးစာယူ ဖြေရင်း ဘွဲ့တစ်ခုကို ရသွားသည်။

ကျောင်းသားဘဝ ဆယ်တန်းဖြေ အပြီး နွေရာသီ သင်္ကြန်ရက်တွင် မိုးညှင်းဗောဓိတစ်ထောင်သို့ သွားကြသည်။ ထိုသင်္ကြန်တွင် ငအောင်က မူးမူးရူးရူးနှင့် မိန်းကလေးတစ်ယောက်ကို ထိကပါးရိကပါး လုပ်ရာမှ စ၍ ရန်ဖြစ်သည်။ ငအောင်ကို ကောင်လေး ၅ ယောက်က ဝိုင်းပြီး ထိုးသည်။ ငတူးက မနေသာတော့။ သူငယ်ချင်းကို ထိသောကြောင့် ဝင်ရိုက်သည်။ ငတူးခေါင်းတွင် ဒဏ်ရာ ရသည်။ ငါးချက် ချုပ်ရသည်။ ငတူးသည် အလွန် အနေအေးသူ ဖြစ်သည်။

သို့ပါလျက် “ငါကွာ မင်း အထိုးခံရတာ မြင်တော့ ဘယ်လိုက ဘယ်လို သတ္တိတွေ ဝင်လာမှန်း မသိပါဘူး။ ဒါနဲ့ သေလဲသေဟာ ဆိုပြီး ဝင်နှိပ်ရတာ၊ တွေးကြည့်တော့မှ ကြက်သီးထတယ်”

••••• ••••• •••••

ဤသို့အားဖြင့် ငအောင်က ငတူးတို့ ရုံးက မစိမ်းကို မျက်စိကျသည်။ ငတူးက ရည်းစားစာ ရေးပေးရဦးမည်။ ငတူးထံမှ ရည်းစားစာ ယူရန် သွားသည်။ ငတူးကို မတွေ့ရ။ ထို့ကြောင့် သူ့စားပွဲတွင် တွေ့ရသော နေ့စဉ်မှတ်တမ်းကို အမှတ်မထင် ယူကြည့်မိသည်။ ‘“ချစ်ရတဲ့ မစိမ်း’” ဟု အစချီထားသောကြောင့် သူ့အတွက် ရေးထားသော ရည်းစားစာများ ဖြစ်လေမလားဟု ဆက်ပြီး ဖတ်မိသည်။ မစိမ်းနှင့် ငတူးတို့ ချစ်သူများ ဖြစ်နေကြပြီ။ ငတူးက မစိမ်းအား သူ့ကို မုန်းမေ့လိုက်ရန် ပြောခဲ့ပြီးလေပြီ။ ငအောင့် အတွက် သူ၏ ချစ်သူကို စွန့်လွှတ်တော့မည်။ ငတူးသည် ကဗျာသမား ဖြစ်သည်။ ထို့ကြောင့် သူ ဖြစ်ပျက်သမျှကို နေ့စဉ် မှတ်တမ်းလေးတွင် ပေါ်လွင်အောင် ရေးသားမှတ်တမ်း တင်သည်။

••••• ••••• •••••

      မဖြစ်နိုင်ပါဘူး မစိမ်းရယ်၊ မုန်းမေ့ပစ် လိုက်ပါလို့လဲ ငါက ပြောပြမိလိုက်တယ် မှတ်တယ်။ မစိမ်းက ဘာဆိုင်လို့လဲ အတူးရယ်၊ မစိမ်း သတ္တိရှိသတဲ့လေ။ မျက်တောင်ကို အတင်းပုတ်ခတ်ပြီး ကျလုဆဲဆဲ မျက်ရည်ကို ထိန်းလိုက်ရတယ်၊ အို မဖြစ်ပါဘူး၊ ငါ ခေါင်းရမ်းတော့ မစိမ်း ငါ့ကို စိမ်းစိမ်းကြည့်တယ်၊ အတူး သိပ်ရက်စက်တယ်တဲ့။ ပြောပါစေလေ။ မုန်းပါစေလေ။ ပါးက စပ်ဖျဉ်းဖျဉ်း ဒဏ်ရာကို အခုထိ မမေ့သေးဘူး။ မစိမ်း ပြန်လှည့်အပြေးမှာ ခေါင်းက ပြုတ်ကျ ကျန်ရစ်ခဲ့တဲ့ သနပ်ခါး ပန်းကလေးကို ထုတ်ထုတ် ကြည့်မိပြန်ရော။ မစိမ်းရဲ့ ရှိုက်သံတွေဟာ ညဆို လာလာ ခြောက်လှန့်ကြတယ်။ ချာခနဲ လှည့်ပြေးသွားတဲ့ ဟန်ကိုက ရုပ်ရှင် ပြသလို ပေါ်ပေါက်လာတတ်ကြတယ်ကွယ်။ ကောင်းပါတယ်။ မစိမ်း ငါ့ကို မုန်းပါစေ။ နှလုံးသားသစ် အစားထိုးနိုင်ပါစေ။ မစိမ်း ငါ့အတွက်တော့ ကဗျာတစ်ပုဒ် ရသလိုပါပဲ၊ အဲဒီ ညက ငါ အရက်သောက် ပစ်လိုက်တယ်၊ ဘာရယ် မဟုတ်ပါဘူး၊ စိတ်ညစ်ရင် အရက်သောက်ရတယ် ဆိုထားလို့ပါ၊ အလကားပဲ၊ ဝေဒနာတောင် ပိုရင့်လာသေးတယ်။ ငအောင် ငါ့ဆီဘာလို့ ပေါ်မလာပါလိမ့်၊ သူ့အတွက် ရေးထားတဲ့ ရည်းစားစာ သုံးစောင် လာမယူသေးဘူး၊ ညတောင် ရောက်လာပြီ၊ ငါအရမ်း ကြောက်တယ်၊ ဒီည အိပ်မက် မပေးပါနဲ့ ဘုရား။

••••• ••••• •••••

ဤနေ့စဉ် မှတ်တမ်း ရေးပုံကို ကြည့်လျှင် အသျှား၏ ဝတ္ထုတို ရေးနည်း သုံးစွဲနေပုံကို မှန်းဆနိုင်ပါသည်။ ပါးကို ရိုက်သွားသည်ဟု မရေး။ ပါးက စပ်ဖျဉ်းဖျဉ်း ဒဏ်ရာဟု ရေးသည်။ နောက်ပြန်ပြီး ချာခနဲ လှည့်ပြေးသည်ဟု မရေး။ ချာခနဲ လှည့်အပြေး ကျကျန်ရစ်ခဲ့သော သနပ်ခါး ပန်းကလေးဟု ရေးသည်။ ဒီည အိပ်မက် မပေးပါနဲ့ ဘုရားဟု ရေးလိုက်ခြင်းဖြင့် ညစဉ် အိပ်မက်တွင် ခြောက်လှန့်နေခဲ့ကြောင်း ပေါ်လွင်စေသည်။ ငတူး၏ စွဲလမ်းမှု ကိုလည်း ထင်ရှားလာစေသည်။

ထိုမှတ်တမ်းကို ဖတ်ပြီးနောက် ငအောင်၏ စိတ်တွင် ဖြစ်ပေါ်နေသော အတွေးစဉ်ကို ဖော်ပြပုံမှာ အလွန် လှပသေသပ်သော ရေးကွက်ကလေးဖြစ်သည်ဟု ဆိုချင်ပါသည်။ ထိုမှတ်တမ်းကို ဖတ်ပြီးလျှင် ပြီးချင်း။

••••• ••••• •••••

      ည၏ တိတ်ဆိတ်ခြင်းကြောင့် ထင်သည်။ ကျွန်တော့် တောက်ခေါက်သံသည် ကျယ်လောင်သွား၏။

      “ငတူးရာ”

      သည်းမခံနိုင်သည့် အဆုံး အသံ ထွက်၍ပင် ရေရွတ်မိသည်။ မချိတင်ကဲ စိတ်က နှလုံး၊ ကျောက်ကပ်တိုင် စိမ့်ဝင်၏။

      “ကျောက်သင်ပုန်းကို ဒီကုက္ကိုခေါက်ကလေးတွေနဲ့ ချေပေးမယ်”

      “အဲဒီအင်္ကျီကို မင်းဝတ်လိုက်တော့”

      “ငါကွာ မင်း အထိုးခံရတာ မြင်တော့ ဘယ်လိုက ဘယ်လို သတ္တိတွေ ဝင်လာမှန်း မသိဘူး”

      “တည်တည်တံ့တံ့ ဆိုရင်တော့ မစိမ်း တစ်ယောက် ကောင်းစားဦးမှာပေါ့”

••••• ••••• •••••

ဤစကား အချီအချများး နောက်ဆုံး အခန်းတွင် တစ်လှည့်စီ ပေါ်နေပုံကို ရေးပြလိုက်သည့် ပရိယာယ်မှာ နှစ်လိုဖွယ်လည်း ရှိပါသည်။ ငတူး၏ မေတ္တာ၊ ငအောင်၏ မေတ္တာ၊ နှစ်ဦးစလုံး၏ တွယ်တာမှုကို ပေါ်လွင်စေသည်။ ကျွန်တော် အလွန် ကြိုက်သည့်အကွက်မှာ ငအောင်က သူ့စိတ်ထဲတွင် ကရုဏာဒေါသောဖြင့် ငတူးအား ကြိမ်းမောင်းပြစ်တင်နေပုံ ဖြစ်ပါသည်။

••••• ••••• •••••

      တောက် ဘာဆိုင်လဲဟု ဒေါသဖြင့် ညည်းမိသည်။ မစိမ်းက သူ့ကို မုန်းသွားဦးတော့၊ ငါ့ကို လာပြီး ချစ်လှချည့်ရဲ့လို့ ဆိုမှာလား။ မဆိုင်တာ၊ ငါကကော မစိမ်းကို ဝမ်းသာအယ်လဲ လက်ခံမှာတဲ့လား။ ဒီကောင်ကွာ။ ငါကလည်း ဖျင်းပါ့ဗျာ။ တစ်မြို့တည်း အတူ နေကြတာတောင် ငတူးအကြောင်း မရိပ်စားမိဘူးတဲ့။ ဒါကလည်း ခရီးထွက်နေတာကြောင့်ပါ။

••••• ••••• •••••

အသျှားသည် အကွက်စေ့အောင် ကြိုးစားသည်။ တစ်မြို့တည်း နေပါလျက် မသိရကောင်းလားဟူသော အပြစ်တင်မှုကို ကာကွယ်ရန် ကုန်သည်ဘဝ ခရီးထွက်ရ ခြင်းကို အကာအကွယ် ထည့်သွင်းထားသည်။ “ငါကလည်း ဖျင်းပါ့ဗျာ” ဟူသော အသံမှာ ချစ်စရာကောင်း လှသည့် ငအောင့်စရိုက်ကို ပေါ်စေသည်။ လက်တွေ့ဆန်သော ငအောင်၏ မှတ်ချက်ကို ဆက်ကြည့်ပါဦး။

••••• ••••• •••••

      မှတ်တမ်း စာအုပ်ကလေးကို ပြာကျလု နီးပါး ကြည့်ပစ်လိုက်မိ၏။ အလကားကောင်။ စာတွေ ဖတ်ပြီး ကြောင်နေတာ။ လူတွေများ စက်ရုပ် ကျနေတာပဲ နှလုံးသား မရှိဘူးများ အောက်မေ့နေသလား မပြောတတ်ပါဘူး။ “သွား အခုသွားပြီး မစိမ်းကို တောင်းပန်၊ ကျေနပ်အောင် နှစ်သိမ့်ခဲ့၊ ချော့ခဲ့၊ ပြီးတော့” အမိန့်လို ဖြစ်သွား မလားမသိ။ လှိုက်ခနဲ ပြုံးမိသွားသည်။ မိုးကောင်း ဘုန်းကြီးကျောင်းမှ စည်တီးသံ ကြားရ၏။ မကျေနပ်လိုက်တာကွာ ဟင်း။ သူငယ်ချင်း အတွက် အနစ်နာခံပြီး အသည်းနှလုံးကို စတေးဆိုလား။ သွားစမ်း ပါ။ ခေတ်မမီတော့တဲ့ အတွေးအခေါ်တွေ ဖွတ်ကျားငတူး။

••••• ••••• •••••

ကျွန်တော် အကြိုက်ဆုံးမှာ ဝတ္ထုအဆုံးသတ်ပုံ ဖြစ်ပါသည်။ အသျှား သည် မည်သည့်နေရာတွင် ရပ်ရမည်ကိုလည်း သိသည်။ သေသပ်လှပစွာလည်း ရပ်တတ်ပါသည်။

      အဝေးမှ သီချင်းသံသဲ့သဲ့ ကြားလိုက်မိ၏။ စိုင်းထီးဆိုင်၏ သီချင်းလား မသိ။

      ကောင်းပါလေ့ဗျာ၊ ငါ့ကို ဗီလိန် နေရာက ထားသတဲ့။ မသာကောင် လာမှ တွေ့မယ်၊ စိတ်ထဲက ကြိမ်းမောင်းသံ။ သန်ဘက်ခါမနက် ရန်ကုန် ဆင်းရဦးမည်ကို မဆီမဆိုင် သွားသတိရမိ၏။ ဂျုံ၊ ကုလားပဲ၊ စွန်တာနီ။

      မျက်လုံးကို ပိတ်ပစ်လိုက်သည်။ ဂဏန်းပေါင်းစက်ထဲမှ ဂဏန်းများ တဖျပ်ဖျပ် ရွေ့လျားနေပုံကို မြင်ရ၏။ လေချွန်သံ ကြားရသည်။ ဖိနပ်အမြီးပိုင်းနှင့် ဖနောင့် တဖျပ်ဖျပ် ရိုက်ခတ်သံ၊ အေ့ခနဲ လေချဉ် တက်သံကို ပီပီသသ ကြားလိုက်ရ၏။ ငတူးတစ်ယေက် အိမ်ပြန်လာပြီ ထင်သည်။

••••• ••••• •••••

ဤတွင် အဆုံးသတ်လိုက်သည်။ ကဲ မလှပါလား ခင်ဗျား၊ ကျွန်တော် အလွန် သဘောကျသွားပါသည်။

သဘောမကျတာလေးတွေကိုလည်း ပြောချင်ပါသေးသည်။ ပုဒ်မ၊ မျက်တောင်စသော စာရေးနည်း၊ အရပ်အနား၊ သင်္ကေတများကို နေရာများစွာတွင် ဖြုတ်ချန်ထားခဲ့ခြင်းဖြစ်ပါသည်။ အသျှား (ချောင်းဦး) ကတော့ ဂျိမ်းဂျွိုက်စ်တို့၏ လူတိုင်း နားမလည်သော ဝတ္ထုကြီးများကို အားကျပြီး အဆန်းထွင်ပြီး အတွေးစဉ်ကို ရေးလေ သလား မသိပါ။ ကျွန်တော့် အတွက်တော့ နားလည်အောင် စိတ်ထဲက ရေရွတ်ဖတ်ကြည့်နေရသည်မှာ အမှန်ဖြစ်ပါသည်။ စာစီရာတွင် ချဲပြီး စီထားသည်မှာ မှန်ပါ၏။ သို့သော် မြန်မာစာမှာ အင်္ဂလိပ်စာကဲ့သို့ အက္ခရာစုနှင့် ရေးသည် မဟုတ်သောကြောင့် စာချဲပေးရုံနှင့် လုံလောက်သည်ဟု ကျွန်တော် မထင်ပါ။ ဥပမာ -

သွား  အခုသွားပြီး  မစိမ်းကို တောင်းပန်။   ကျေနပ်အောင်  နှစ်သိမ့်ခဲ့။ ချော့ခဲ့။  ပြီးတော့

နောက်တစ်မျိုး

သွား၊  အခုသွား၊ ပြီး   မစိမ်းကို တောင်းပန်။   ကျေနပ်အောင် နှစ်သိမ့်ခဲ့ ချော့ခဲ့ပြီးတော့

စာဖတ်သူအား မည်သို့ ဖတ်ရ၊ ရပ်ရ၊ နားရမည်ကို ဤသင်္ကေတများက ညွှန်ပြနေသည် မဟုတ်ပါကလား။

ဘာပဲဖြစ်ဖြစ် ယခုလတွင် အသျှား(ချောင်းဦး) ၏ “ကျွန်ုပ်နှင့် ရိုဘော့တစ်” ကို ကျွန်တော် အကြိုက်ဆုံး အဖြစ် ရွေးလိုက်ပါသည်။

▢ အောင်သင်း
📖သဘင် မဂ္ဂဇင်း
     ဖေဖော်ဝါရီ၊ ၁၉၈၅

Saturday, July 4, 2026

အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ( ကျောင်းအဆင်းမှာ )


❝ အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ❞
     ( ကျောင်းအဆင်းမှာ )

ကိုခေး၏ “ ကျောင်းအဆင်းမှာ ” ဝတ္ထုတိုမှာ ဝတ္ထုတို ဆန်လှသော ဝတ္ထုလေးတစ်ပုဒ်ဟု ဆိုသင့်ပါသည် ။ အကြောင်းအရာမှာလည်း ထူးခြားလှသည်ဟု ဆိုသင့်သည် ။ ဤအကြောင်းအရာမျိုးကို စိတ်ကူးပေါက်ရန်ပင် ခဲယဉ်းလှပါသည် ။ ဇာတ်လမ်းကို ပြောစမ်းပါဟုဆိုလျှင် ပြောစရာ မရှိလောက်အောင်ပင် ပါးလျားလှသည် ။ သို့ပါလျက် ရှည်လျားလှစွာသော ဇာတ်လမ်းကြီး တစ်ခုကို ပေါ် လွင်လာစေသည်မှာ ချီးကျူးအပ်သော ထူးခြားချက် ဖြစ်သည်ဟု ဆိုချင်ပါသည် ။

ထို့အတူ အကြောင်းအရာမှာ အသေးအဖွဲကိစ္စလေး ဖြစ်ပါလျက် ၊ ကြီးမားလေးနက်လှသော အကြောင်းကိစ္စကြီးကို ပေါ်လွင်လာစေသည်မှာလည်း အမှန်ဖြစ်သည်ဟု ကျွန်တော် ဆိုချင်ပါသည် ။

ဇာတ်လမ်းမှာ ‘ ကိုထွေး ’ သည် ကျေးရွာမှ မြို့သို့ လာရောက်ပြီး ပင်ပန်းငြိုငြင်စွာ ပညာဆည်းပူးနေရသော ကျောင်းသားငယ် တစ်ဦး ဖြစ်သည် ။ သူ့ ရော်ဘာဖိနပ်ကလေးက သဲကြိုးအသစ်လဲပြီး တပ်ထားသော်လည်းဖိနပ်ခုံမှာ အမြီးတို၍ ပါးနေပြီ ။ ထို့ကြောင့် သူတစ်ပါးလွှင့်ပစ်ထားခဲ့သည့် သဲကြိုးပြတ် ခုံကောင်း ရော်ဘာဖိနပ်ကို အမှတ်မထင် သွားရင်းလာရင်း ရှာဖွေကြည့်ရှုပြီး လူသူ အလစ်တွင် ထိုခုံကောင်း ဖိနပ်ကလေး တစ်ရံကို ကောက်ယူသည် ။ ဇာတ်လမ်းမှာ ဤမျှသာ ဖြစ်သည် ။ ဖိနပ်ဟောင်းကလေး တစ်ရံကို မက်မက်မောမော ဖြစ်နေပုံကို ရင်နင့်ကြင်နာဖွယ်ရာ ဖြစ်အောင် ရေးဖွဲ့ထားသည်မှာ ချီးကျူးလောက်သော အချက်ဖြစ်ပါသည် ။

များစွာသော စာဖတ်သူတို့မှာ ဤသို့သော ဘဝမျိုးကို စိတ်ကူး၌ပင် ကြုံဖူးကြမည် မထင်ပါ ။ ဤမျှ နွမ်းပါးသော ကျောင်းသားငယ်၏ အဖြစ်မျိုးကို မှန်းဆနိုင်မည် မထင်ပါ ။ ဆင်းရဲနွမ်းပါးသော အလုပ်သမား ၊ လယ်သမားတို့၏ ဘဝကို ရေးဖွဲ့ကြသည်ကို တွေ့ဖူး ၊ ဖတ်ဖူးကြပြီး ဖြစ်ပါသည် ။ ယနေ့ ဤဝတ္ထုမှာ နွမ်းပါးသော မိဘအပေါ် တွင် မှီခိုနေရင်း ကျောင်းတက်ရသော လုလင်ငယ်လေး တစ်ယောက်၏ ဘဝဖြစ်၍ ပို၍ပင် ကရုဏာသက်စရာ ဖြစ်ပါသည် ။ ထောက်ထား စာနာသောစိတ်ကို ပေါ်လာစေနိုင်သော ဝတ္ထုမျိုးဖြစ်သည်ဟု ဆိုသင့်ပါသည် ။

ကိုခေး၏ ဝတ္ထုတို အတတ်ပညာ သုံးစွဲမှုတွင် ထူးခြားလှသည့် အချက်မှာ ဇာတ်လမ်းကို သီးသန့်မပြောဘဲ ဟိုနားတစ်ချက် ဒီနားတစ်ကွက် တို့ရုံထိရုံမျှနှင့် ကျောင်းသားလေး ကိုထွေး၏ ဘဝနောက်ခံ ဇာတ်ကြောင်းကြီးကို ပေါ်လွင်လာစေခြင်းပင် ဖြစ်ပါသည် ။

ကျောင်းအဆင်း နောက်ဆုံးချိန်ဖြင့် ဝတ္ထုတိုကို စ၍ ဖွင့်လိုက်သည် ။ ကိုထွေးက ကျောင်းဆင်းချိန်တွင် မိုးရွာမည်ကို စိုးရွံ့နေသည် ။ မိုးသက်လေကလည်း တိုက်နေသည် ။ ထို့ကြောင့် “ မင်္ဂလာပါဆရာမ ” ဟု နှုတ်ဆက် ပြီးသည်နှင့် ကျောင်းခန်းအပြင်သို့ ထွက်လိုက်သည် ခပ်သွက်သွက် လှမ်းလိုက်သည် ။

      “ စောင့်ပါဦး ကိုထွေးရ ”

      ‘ ခေါင်းကြီး ’ အမည်ရ စိုးဝင်းက နောက်မှ အပြေးလိုက်လာသည် ။ ခပ်မြန်မြန် လျှောက်လာသော ခြေလှမ်းကြောင့် မြေကြီးပေါ် ခင်းထားသော တံတားအောက်မှ ရေများ လှုပ်ခတ်သွားသည် ။ ရေအလှုပ်ကြောင့် ဆယ်တန်း ( စီ ) စာသင်ခန်းနှင့် တံတားအကြား အလယ်လောက်တွင် ရှိသော တဖက်ပြတ် ဖိနပ်ကလေးက လှုပ်ခတ်လျက် ။

      ဖိနပ်ကလေးအား စိတ်မကောင်းစွာ ကြည့်မိသည် ။ ဒီနေ့လည်း အကြံ မမြောက် မိုးလွတ်အောင် သွားဖို့လည်း အရေးကြီးသည်လေ ။

      “ မင်းမှာ ထီးပါသားပဲ ၊ ဖြည်းဖြည်း သွားရအောင် ”

      “ ထီးပါပေမဲ့ မိုးမိရင် လုံချည်တော့ စိုမှာပဲကွ ။ မနက် လုံချည် မခြောက်ရင် ကျောင်းတက်ရ ခက်နေဦးမယ် ”

      “ အေး ဟုတ်တော့ဟုတ်တယ် ”

      “ မိုးက သိပ်မှောင်လာပြီ ။ လွတ်ချင်မှ လွတ်မယ် ။ လျှောက်ကြဦးစို့ ”

“ ဖိနပ်ကလေးကို စိတ်မကောင်းစွာ ကြည့်မိသည် ” ဟူသော ဝါကျသည် စာဖတ်သူကို နှိုးလိုက်သော အချက် ဖြစ်သည် ။ ဤဖိနပ်ပြတ်ကလေးတစ်ရံသည် အရေးကြီးသော ဇာတ်ကောင်အဖြစ် မမျှော်လင့်ဘဲ ဝင်လာခြင်းဖြစ်သည် ။ “ မနက် လုံချည် မခြောက်ရင် ကျောင်းတတ် ခက်နေဦးမယ်ကွ ” ဟူသော စကားသည် ကိုထွေး၏ နွမ်းပါးချို့တဲ့ခြင်းကို ဖော်ပြလာပြန်သည် ။ ခေါင်းကြီးစိုးဝင်း က “ အေး ၊ ဟုတ်တော့ ဟုတ်တယ် ” ဟု နားလည်စွာ ထောက်ခံလိုက်ခြင်းသည် ခေါင်းကြီးဘဝမှာလည်း ကိုထွေး နှင့် ထူးမခြားနားပင် ဖြစ်ကြောင်း ပေါ်လွင်လာစေပါသည် ။

ကိုခေးသည် စာဖတ်သူအား ဇာတ်ကြောင်းနောက်ခံတို့ကို  တိုက်ရိုက် ပြောပြခြင်း မပြုသည်သာမက စကားလုံးနည်းနည်းနှင့် အများကြီး ပေါ်လွင်အောင် ရေးပြတတ်သည် ။ ဤသို့သော ရေးဖွဲ့နည်းကို ကျွန်တော် အလွန် သဘောကျမိတတ်ပါသည် ။

      ခြေနင်းမလုံသော ဖနောင့်ပြတ် ဖိနပ်ကလေးထဲသို့ ဗွက်တချို့ ဝင်လာ၍ ထင်၏ ။ ဖိနပ်စီးရသည်မှာ ချော်ချိချိ ။ လမ်းထောင့် အမှိုက်ပုံဘေး အရောက်တွင် ရေအိုင်၌ ရေဆေးရင်း ပြုနေကျ အတိုင်း အမှိုက်ပုံဆီသို့ လှမ်းကြည့်မိ၏ ။

      အပြာရောင်လေး လှမ်းတွေ့ရ၍ အားရဝမ်းသာ ဆက်ကြည့်မိသည် ။ ကလေးစီးဖိနပ်ကလေးပါ ။ စိတ်ပျက်စွာ သုတ်သုတ်လှမ်းသွားရ၏ ။

ကလေးစီးဖိနပ်ကလေး ဖြစ်နေသည်ကို တွေ့ လိုက်ရ၍ ကိုထွေး စိတ်ပျက်သွားပုံကို ဖော်ပြသည်မှာ ပြုံးစရာလေး ဖြစ်လာပြန်သည် ။ သို့သော် ရင်နင့်ရသော အပြုံး ။

      ဖိနပ်ပြတ် ဆိုသည်ကလည်း လွှင့်ချင်ရာ လွှင့်ပစ်ထားခဲ့တတ်စမြဲ ။ သို့သော်လည်း အမှိုက်ပုံတို့ ရထားလမ်းဘေးတို့တွင် အတွေ့ရများတတ်သည် ။ သံလမ်း တစ်လျှောက် ဝဲယာရှာမိ၏ ။

မဖြစ်စလောက်ဟု ထင်ရသော ဤစာပိုဒ်ကလေးမျိုးသည် ဝတ္ထု၏ ယုတ္တိကို ခိုင်မာလာစေနိုင်သည် ။ ဝတ္ထုရေးသူ ကိုယ်တိုင် ဤအဖြစ်မျိုးကို ကြုံခဲ့ဖူးလေရော့ သလား ။ တကယ့် အဖြစ်အပျက်ပဲ ထင်ပါရဲ့ဟု စာဖတ်သူ တွေးနိုင်စေသည်မှာ ဤသို့သော အသေးအဖွဲကလေးများ ဖြစ်သည် ။

      ဖနောင့်နေရာ ပါးလာကတည်းက လမ်းသွားရင်း ဖိနပ်အပြတ်တွေ ရှာနေတတ်သည်မှာ ကြာပြီ ။ အဖေရွာသို့ နောက်ဆုံး မပြန်ခင်က အမ်စီကြိုးအသစ် တစ်စုံ ဝယ်ပေးခဲ့သည် ။ ဖိနပ်အသစ်ဝယ် ပေးရန် ပြောသော်လည်း သဲကြိုးသာ လဲပေးခဲ့သည် ။ ယခုတော့ ဖနောင့်နေရာမှာ ပါး၍ ပြတ်သွားပြီ ။

အဖေ ရွာပြန်သွားပုံကို ဖော်ပြလိုက်ခြင်း ၊ သဲကြိုးလေး တစ်စုံသာ ဝယ်ပေးခဲ့ခြင်းတို့ကို အမှတ်မထင် ဖော်ပြလိုက်သည် ။ သို့သော်လည်း ကိုထွေး ကျေးရွာငယ် တစ်ခုမှ ကျောင်းလာနေရကြောင်း ၊ မိဘလည်း နွမ်းပါးလှကြောင်း ပေါ်လွင်လှပေသည် ။ ထိုထွေး အိမ်ပြန်ရောက်လာပြီ ။

      ထမင်းအိုးတော့ မတည်ချင်သေး ။ ချက်စရာ ဆို၍ ထမင်းတစ်အိုး ၊ ငါးပိရည်ကျို တစ်အိုးပဲဟာ ။ ဖြည်းဖြည်းမှ တည်လည်း မိုးမချုပ်ခင် ကျက်မှာပါပဲ ။

      တံတားတုံးလေးတွေ နံဘေးတွင် ကျေးဇူးရှင် ချဉ်ပေါင်ပင်တို့က ထိုးထိုးထောင်ထောင် ။ ခူးဖန်များထား၍ အနု တက်ပင် သိပ်မရှိတော့ ။

      အဖေတို့ အမေတို့ ညီလေး ညီမလေးတို့လည်း ရွာမှာ သည်လို နေမှာပါပဲ ။ ငါးပိရည်ကျိုနဲ့ ချဉ်ပေါင်ရွက် ရေလုံပြုတ် နေမှာပါပဲ ။ အဝတ်တွေ မလုံမခြုံနှင့် နေမှာပါပဲ ။ လယ်ထဲက ကဏန်း ရလျှင်တော့ ကဏန်း ငရုတ်သီးချက် ကလေး ပါချင်ပါမည် ။

      တောမှာ ဆိုတော့ ထီးလည်း မလို ၊ အသုံးလည်း မဝင် ၊ ခမောက် ရှိနေရင် ပြီးပြီပဲ ။ မိုးတွင်းဆို ဗွက်က ထပြီမို့ ဖိနပ်တော့ လုံးဝမလို ။ ထီးနှင့် ဖိနပ်အတွက် စိတ်ညစ်စရာ မရှိပြီ ။ မြို့မှာသာလေ ။

••••• ••••• •••••

ဤမျှသော အရေးအသားနှင့်ပင် ကိုထွေး၏ ဘဝ ၊ မိသားစုတစ်ခုလုံး၏ ဘဝ ပေါ်လွင်သွားချေသည် ။ ချို့တဲ့ငြိုငြင်စွာ ပညာဆည်းပူးကြရသည့် တောကျေးလက်မှ ကျောင်းသားငယ်များ၏ ဘဝလည်း ပေါ်လွင်လှသည် ။ တောနှင့် မြို့ ခြားနားခြင်း ၊ မြို့ပတ်ဝန်းကျင်တွင် ကျောင်းတက်နေရ သောကြောင့် မြို့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနိုင်အောင် ကြိုးစားရခြင်း ၊ စိတ်ပင်ပန်းရခြင်းတို့လည်း ပေါ်လွင်လှပါသည် ။

ကိုထွေးသည် သဲကြိုးပြတ် ခုံကောင်း ရော်ဘာ ဖိနပ်ကလေးများကို သွားရင်းလာရင်း ရှာနေသည်မှာ ကြာပြီ ။

      တွေ့တော့ တွေ့ပါ၏ ။ အချို့က ပစ်ထားသည်မှာ ကြာပြီဖြစ်၍ အစင်းကြောင်းလိုက်ပြီး ဆွေးနေပြီ ။ တချို့ ကတော့ ဆိုက်ကြီးနေ၍ အရွယ်မတော် ။ တချို့က ကလေးစီးဖိနပ် ။

      အရွယ်တော် ကြိုးတစ်ဖက်ပြတ် ဖိနပ်တစ်ရံတော့ တွေ့ထားပြီ ၊ ဆယ်တန်း ( စီ ) အခန်းနှင့် တံတား အကြားထဲမှာ ။ သုံးရက်ခန့်ပင် ရှိပြီ ။ တွေ့ပေမဲ့ မကောက်ရဲသေး ။ ကောက်နေစဉ် လူမြင်သွားမှာ စိုးသည် ။

မိုးမရွာနေသာ တစ်နေ့ ကျောင်းဆင်းတွင် ကိုထွေး ဖိနပ်ကောက်ရန် ချောင်းနေသည် ။ ကျောင်းဆင်းပြီး ချက်ချင်း မပြန် ။ အေးအေးဆေးဆေး အိမ်စာတွေ လုပ်ပြီးမှ ပြန်မည် ။ ကျောင်းသားတွေ ရှင်းမှ ဖိနပ်ကို ကောက်မည် ။ သို့သော် ခေါင်းကြီးစိုးဝင်းက သူ့ကို စောင့်နေသည် ။ မတတ်နိုင်တော့ ခေါင်းကြီးကို အသိပေးလိုက်ရတော့သည် ။

••••• ••••• •••••

      “ ဖနောင့်နေရာတွေ တိုနေပြီကွာ ။ အဲဒါ အသစ်ဝယ်စီးဖို့ ပိုက်ဆံလဲ မတတ်နိုင်တော့ ခုံဟောင်းရရင် ဒီသဲကြိုးနဲ့ တပ်စီးလို့ရမယ် ”

      “ ဒီတော့ ”

      “ ငါ ဖိနပ်အပြတ်ကလေးတစ်ရံ တွေ့ထားတယ်ကွာ ။ အဲဒါ ဖိနပ်ကောက်ရအောင် လူရှင်းတဲ့ အထိ စောင့်ရတာ ”

      ခေါင်းကြီးက စိတ်မကောင်းစွာ သူ့ ခြေထောက်သူ ငုံ့ကြည့်သည် ။

      “ မင်းနဲ့ စာတော့ ငါ့ဖိနပ်က တော်သေးတာပေါ့ ၊ ဒါလဲ ငါ့ဖိနပ်တော့ မဟုတ်ဘူး ။ အစ်မဖိနပ်ကို စီးနေတာ ။ သူ့ကောက်စိုက်ခနဲ့ ဝယ်ပေးမယ် ပြောတာပဲ ။ ဒါထက် မင်း ဘယ်နားမှာ တွေ့ထားလို့လဲ ”

      “ ဟိုမှာ တွေ့လား ၊ အဖြူရောင်လေးလေ ”

••••• ••••• •••••

ကျောင်းသားငယ်နှစ်ဦး၏ ဘဝ ၊ တစ်ဦး အဖြစ်ကို တစ်ဦး နားလည်နိုင်ကြသောအဖြစ်မှာ ချစ်စရာလည်း ကောင်းပါသည် ။ ရင်နင့်စရာလည်း ကောင်းပါသည် ။ ဘဝ ဝမ်းစာအတွက် လှုပ်ရှားရုန်းကန်ရသော သူတို့၏ ကြမ်းတမ်းလှသော ဘဝအကြောင်း ဝတ္ထုများကို ဖတ်ရဖူးပါသည် ။ ယခု ကိုခေး၏ ကျောင်းသားနှစ်ဦးမှာ ဘဝအတွက် လှုပ်ရှားရုန်းကန်ရခြင်း မဟုတ် ။ ပညာအတွက် ဆင်းရဲခံရခြင်း ဖြစ်သည် ။ ချို့တဲ့ခြင်း ၊ ပတ်ဝန်းကျင် အထင်သေး မည်ကို စိုးထိတ်ရခြင်းတို့သည် သူတို့၏ ဒုက္ခ ဖြစ်သည် ။ မဖြစ်စလောက်ဟု ထင်ရသော်လည်း တကယ့်လက်တွေ့ တွင်မူ အလွန်ကြီးမားလှသော စိတ်ပင်ပန်းမှု ဖြစ်ကြောင်း ပေါ်လွင်လာစေနိုင်သည်မှာ ဝတ္ထုဆရာ၏ အစွမ်းဟု ဆိုသင့်ပါသည် ။

ကိုထွေးနှင့် ခေါင်းကြီးတို့သည် တံတားငယ် ကလေးပေါ်မှ နေ၍ ဝါးကိုင်းကလေးနှင့် ဖိနပ်ကို လှမ်းချိတ် ဆွဲယူရန် ကြိုးစားသည် ။ မရ ၊ သူတို့၏ အဖြစ်ကို ယုတ္တိရှိ အောင် အသေးစိတ် သွင်းလိုက်ပုံကို ကြည့်ပါ ။

      နောက်တစ်ကြိမ် လှမ်းယူကြည့် ပြန်သည် ။ အပေါ် မြောက်လာ၍ ဆွဲယူလာမှ ပြုတ်ကျသွားပြန်သည် ။

      သည်ပုံဖြင့် မလွယ် ။ တစ်ဘက် ထောင့်ချိုးဆီမှ စကားပြောသံများ ကြားရ၏ ။ ကလေးတစ်သိုက် ထွက်လာသည် ။ ဝါးကိုင်းကို ရေထဲတွင် ဟိုဆွဲသည်ဆွဲရမ်းနေလိုက်၏ ။ ကလေးတွေက ငြင်းခုန်ရင်း ဖြတ်သွားသည် ။ လှည့်ပင် ကြည့်မသွား ။ ရှက်စိတ်ဖြင့် ရင်သည် ခုန်လျက် ။

••••• ••••• •••••

ဟန်ဆောင်ပန်ဆောင် ဝါးကိုင်းလေးကို ရေထဲ ဟိုရမ်း သည်ရမ်း လုပ်နေပုံမှာ ယုတ္တိရှိစေသည်သာမက ကြင်နာဖွယ်လည်း ဖြစ်ပါသည် ။ ကလေးများက သူ့ကို ဂရုမစိုက်မိသော်လည်း သူက ရင်ခုန်နေသည် ။ ခိုးယူသော ကိစ္စ မဟုတ်ပါလျက် ရင်ခုန်ရသည့် အဖြစ်မှာ ပေါ်လွင်လှပါသည် ။

နောက်ဆုံးတွင် လူအလစ်ကို ကြည့်ပြီး ကိုယ်တိုင် ဆင်း၍ ကောက်ယူလိုက်သည် ။ ရေစင်အောင် ဆေးလိုက် သည် ။ အမြဲတမ်း လွယ်အိတ်ထဲတွင် ဆောင်ထားသော စက္ကူအိတ်တွင် ထည့်ပြီး လွယ်အိတ်ထဲသို့ ထိုးသွင်းလိုက်သည် ။ ထို့နောက် စိတ်အေးသွား၍ ကိုထွေး စိတ်ကူးနှင့် မြူးသွားပုံကို ကြည့်ပါ ။

••••• ••••• •••••

      ဖိနပ်အတွက် သောကဖြစ်စရာ မလိုတော့ ၊ ရေချိုးရင်း သဲနဲ့ ဖြူအောင် တိုက်ပြီး ကြိုးတပ်လိုက်လျှင် ပြီးပြီ ။ ခုံကလေးကလည်း အတော် သစ်သေးသည် ။ မြေပေါ် လျှောက်လျှင် အစင်းရာလေးများ ထင်နေဦးမည် ။

••••• ••••• •••••

ရထားလမ်းကွေ့တွင် မမျှော်လင့်ဘဲ မိန်းကလေးနှစ်ဦးနှင့် ဆုံသည် ။ သူတို့က ကိုထွေး ထံမှ ရူပဗေဒ လေ့ကျင့်ခန်း စာအုပ်ကို ငှားသည် ။ မငှား၍ မဖြစ်တော့ ။ စာအုပ်ကို ထုတ်သည် ။ သတိထားပြီး ထုတ်သည့်ကြားကပင် ရေစိုနေသည့် စက္ကူအိတ်က စုတ်သွားသည် ။ ကောင်မလေး နှစ်ယောက်က သဲကြိုးပြတ် ဖိနပ်ကို မြင်သွားမှာ သေချာ ပါသည် ။ ခေါင်းကြီးက “ တိုးမှ တိုးတတ်တယ်ကွာ ” ဟု ညည်းသည် ။

ကိုထွေး အိမ်ပြန်ရောက်တော့ ငယ်ပေါင်း သူငယ်ချင်း တစ်ဦးကို တွေ့ရသည် ။ တပ်မတော်ထဲသို့ ဝင်သွားသော သူငယ်ချင်း တင်သောင်း ။ ချိုင်းထောက် တစ်ဖက်နှင့် ရှေ့တန်းမှာ မိုင်းထိ၍ ခြေထောက်တစ်ဖက်ကို ဖြတ်ပစ်လိုက်ရသည် ။ ဒုက္ခိတ တင်သောင်းဘဝ ရှေ့ရေးကို ဘယ်လို ရုန်းကန်ပြီး လုပ်ကိုင်စားသောက်မည်လဲ ။ ကိုထွေးက တင်သောင်း အတွက် အကြင်နာစကားကို ဆို သည် ။ တင်သောင်း ကတော့ ခပ်အေးအေးပင် တပ်ရင်း ပြန်ပြီး အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခု သင်မည်ဟု ပြောသည် ။

••••• ••••• •••••

      သူ့မျက်နှာ၌ အားငယ်မှု တစ်စုံတစ်ရာ မတွေ့ရ ။ ဝမ်းနည်းမှု တစ်စုံတစ်ရာ မရှိ ။ သူ ထိုင်နေသောနေရာတွင် မနေ့ကပင် ဖနောင့်ပြတ်ဖိနပ်ကို ကြည့်ရင်း မျက်ရည် ကျခဲ့သည် ။ ကိုယ့်မှာက စီးစရာ ဖနောင့်ပြတ်ဖိနပ်ကလေး ရှိသေးသည် ။ သူ့မှာတော့ ဖိနပ်ရှိသည် ဆိုတောင်မှ စီးစရာ ခြေထောက် မရှိတော့ပါ ။

••••• ••••• •••••

ဝတ္ထုကို ရုတ်တရက် အလှည့်အပြောင်းနှင့် အဆုံးသတ်လိုက်သည် ။ အားငယ်ခြင်းမှ အားတက်ခြင်းသို့ ပြောင်းလိုက်သည်ဟု ဆိုနိုင်သည် ။

••••• ••••• •••••

      နောင် မည်သို့သော အကြောင်းနှင့်မျှ မျက်ရည်ကျရန် ရှိမည် မထင်တော့ပါ ။ စာကြည့်စားပွဲလေး၏ ရှေ့တွင် စာတန်း ကလေးတစ်ခုရေးထားဦးမည် ။

      “ ငါ့မှာ ဖိနပ်မရှိတော့ ငါ ငိုမိတယ် ။ ခြေထောက် မရှိတဲ့သူ တွေ့တော့ ငါ အငို ရပ်သွားတယ် ”

••••• ••••• •••••

ဤသို့ ဝတ္ထုကို အဆုံးသတ်လိုက်သည် ။

ကိုခေးသည် စာရေးကောင်းသူ တစ်ဦး ဖြစ်သည် ။ သို့သော် ဝတ္ထုနောက်ပိုင်းသည် ရှေ့ပိုင်း၏ ခွန်အားကို မှီအောင် မလိုက်နိုင်ဟု ထင်မိပါသည် ။ ဝတ္ထုဖတ်သူ တစ်ယောက်အဖို့ ဝတ္ထုရှေ့ပိုင်း အကြောင်းအရာများသာလျှင် ရင်ထဲတွင် ကျန်နေခဲ့လျက် နောက်ပိုင်း အကြောင်း အရာကို မေ့လျော့ ပျောက်ပြယ်သွားမည်ဟု ထင်မိသည် ။

စာဖတ်သူ သဘောတူပါသလား ၊ တူပါလျှင် အဘယ်ကြောင့်ဆိုသည်ကို စဉ်းစားလိမ့်မည်ဟု မျှော်လင့်ပါသည် ။ ဝတ္ထုရေးရန် ဝါသနာထုံသူ လူငယ်လက်သင်များက ပို၍ စဉ်းစားကြရန် သင့်ပါသည် ။ ကိုခေးလည်း စဉ်းစားလိမ့်မည် ထင်ပါသည် ။

ကျွန်တော်တို့ အားလုံးသည် မြန်မာဝတ္ထုတို ကိစ္စအတွက် ပူးပေါင်း လုပ်ဆောင်နေကြသည် မဟုတ်ပါလား ။

⎕ အောင်သင်း
📖သဘင် မဂ္ဂဇင်း
     ဇန်နဝါရီ ၊ ၁၉၈၅

Saturday, January 17, 2026

အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ( မေဓာဝီ၏ အကွင်းလိုက်တရား )


 

❝ အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ❞
⎕ မေဓာဝီ၏ အကွင်းလိုက်တရား

စောဦး ဆိုသော ဝတ္ထုဆရာ တစ်ယောက်ကို ယနေ့ လူငယ် တော်တော်များများ ကြားဖူးကြတော့မည် မဟုတ်ပါ ။ “ စောဦး၏ စာ ” ဆိုသော ဝတ္ထုတို ပေါင်းချုပ်ကလေးကို ပင် စာအုပ်ဆိုင်များ၌ မတွေ့ရတော့ပြီ ။ ဂျာနယ်ကျော်နှင့် အတူ ကျော်ကြားလာခဲ့သော စောဦး ကို တက်ကြွလှသော သတင်းစာဆရာ တစ်ဦး ၊ သွက်လက်လှသော ဝတ္ထုဆရာ တစ်ဦး အဖြစ် သိခဲ့ကြရသည် ။ ထို့နောက် စာပေပရိသတ်၏ မြင်ကွင်းမှ ပျောက်ကွယ် သွားလိုက်သည်မှာ “ အကြာမေ့ကြီး ” ဖြစ်သည် ။ ယခု ပြန်လည် နိုးထလာသည်ကို တွေ့ရသည် ။ သူနှင့် အတူ ရသေ့ကြီး မစ္စတာမောင်မှိုင်း၏ လိပ်ပြာကို တွေ့ရသည် ။

“ စောဦး ” အဖြစ် အိပ်ရာဝင်ခဲ့ပြီး ဝတ်ကြောင် ရသေ့ကြီး “ မေဓာဝီ ” အဖြစ် နိုးလာသည် ။

လောကီတွင် မိန်းမူး မေ့မြောရာမှ လောကုတ္တရာတွင် နိုးလာသည် ။

လောကီတွင် တက်ကြွလှသော အဖြစ်မှ လောကုတ္တရာတွင် တက်ကြွလှသော အဖြစ်သို့ လုံးဝပြောင်းသွားသည် ။ ( ယခု ဝတ္ထုတို ထဲက ကိုချစ်စရာ ကမူ သူ့ကို စိတ်ဓာတ်ကျသည်ဟု စွပ်စွဲသည် ။ ကျွန်တော် ကတော့ စိတ်ဓာတ် တက်ကြွနေသည် ။ သို့သော် နယ်ပယ် ကွဲနေခြင်းသာ ဖြစ်သည်ဟု မြင်မိပါသည် ။ )

ဤဝတ္ထုမှာ မေဓာဝီ ဝတ္ထုစဉ် ( ၂ ) ဖြစ်သည်ဟု ဆိုနိုင်သည် ။ စက်တင်ဘာလထုတ် မဟေသီမဂ္ဂဇင်း အမှတ်စဉ် ( ၂ ) တွင် စောဦး၏ ကိုယ်ပွား မေဓာဝီ ထွက်ပေါ် လာခဲ့သည် ။ မဟေသီ က “ မေဓာဝီ၏ ဗြဟ္မစိုရ် ” ကို ဝတ္ထုလတ်ကဏ္ဍတွင် ထည့်သွင်းခဲ့သည် ။ “ မေဓာဝီ၏ ဗြဟ္မစိုရ် ” မှာ မဟေသီ မဂ္ဂဇင်းအား ကြိုဆိုခွန်းဆက်သော ဝတ္ထု ဖြစ်သည်ဟု ဆိုနိုင်ပါသည် ။ ယခု ကျွန်တော် ရွေးချယ်လိုက်သော “ မေဓာဝီ၏ အကွင်းလိုက်တရား ” ကို ထောက်ရှုလိုက်လျှင် မေဓာဝီ ဝတ္ထုစဉ် ၊ ကဗျာစဉ် အဖြစ် ဆက်လက် ရေးဦးမည့် လက္ခဏာ ရှိပါသည် ။

“ မေဓာဝီ၏ အကွင်းလိုက်တရား ” ဝတ္ထုကို သေချာ သုံးသပ်ကြည့်လျှင် အဟောင်းနှင့် အသစ်ကို ထူးဆန်းစွာ သမမျှတအောင် ပေါင်းစပ်ထားသကဲ့သို့ ရှိနေသည် ။ ဝတ္ထုကြောင်း ရေးရာတွင် ခေတ်သစ် ဆန်လှသည် ။ အတွေးစဉ်များ ဖော်ပြရာတွင်ကား ကဗျာဖြစ်သည် ။ သည်ကြားထဲတွင် ဗုဒ္ဓမြတ်ရှင်၏ အဆုံးအမများကို အပိုဒ် လိုက်သီးသန့် ထည့်သွင်းသွားသည် ။

ဤဝတ္ထုကို ဖတ်ပြီးနောက် ပြန်မဖတ်တော့ဘဲ ပစ်ထားလိုက်ပါလျက် ကျွန်တော့် ရင်ထဲတွင် စွဲကျန်နေရစ်သော အချက်မှာ ဗြဟ္မစိုရ် ကင်းနေသော မျက်မှောက် လောကကြီး ဖြစ်ပါသည် ။ ပြန်ပြီး စဉ်းစားလိုက်တိုင်း စက်ဆုပ်ရ မလိုလို ထိတ်လန့်ရ မလိုလို စိုးရိမ်ရ မလိုလို ခံစားမိပါသည် ။

ဝတ္ထုတစ်ပုဒ် အဖြစ် သုံးသပ်လိုက်လျှင် ဗြဟ္မစိုရ် ပွားသူ နှင့် ဗြဟ္မစိုရ် မဲ့သူ တို့၏ အားပြိုင်မှုကြီး ၊ ထိုမှတစ်ဆင့် ဗြဟ္မစိုရ်ပွားသူ၏ အဇ္ဈတ္တအားပြိုင်မှုကြီးမှာ ပဓာနအချက် ဖြစ်သည်ဟု ဆိုနိုင်ပါသည် ။

ဇာတ်လမ်း ဟူ၍ မည်မည်ရရ မရှိပါ ။ ဦးမေဓာဝီ ကြုံရ ကြားရသော ဖြစ်ရပ်ကလေး သုံးလေးခု နှင့် ဦးမေဓာဝီ၏ ခံစားမှု ၊ သံဝေဂယူမှုများသာ ဖြစ်ပါသည် ။

အသစ်နှင့် အဟောင်းကို ထူးဆန်းစွာ ပေါင်းထားသည့် ဝတ္ထု ဖြစ်သည့်အတိုင်း ဖြစ်ရပ်တို့ကို ဖော်ပြရာတွင် ရေးဟန်နှင့် တင်ပြပုံတို့မှာ ခေတ်ဆန် သွက်လက်လှပါသည် ။ ဝတ္ထု ဖွင့်လိုက်သော ပထမဆုံး ဝါကျကို ကြည့်ပါ ။

“ နေဝင်ဖျိုးဖျလောက်၌ သူတို့ ရောက်လာကြ၏ ” တဲ့ ။ ဝတ္ထုတို တစ်ပုဒ် ရေးရာတွင် အလွန် အရေးကြီးလှ ကြောင်း ၊ ကျွန်တော် တင်ပြခဲ့ဖူးပါပြီ ။ အဖြစ်အပျက်ကို အစဉ်အတိုင်း တင်ပြရမည် ဆိုလျှင် ဦးမေဓာဝီ၏ ခြံဝင်း အတွင်း အိမ်ရှေ့ရှိ ဆီးပင်ပေါ်၌ ငြိမ်းချမ်းစွာ အသိုက်လုပ်၍ သားပေါက်နေသော ဗွတ်ကလုံမိခင် ငှက်မကြီးကို အသက် ဆယ်နှစ် ဆယ့်တစ်နှစ် အရွယ် ကလေး တစ်ယောက်က လောက်လေးနှင့် ပစ်သတ်သည် ။ အိမ်ပြတင်းမှန် တစ်ချပ်လည်း ကွဲသွားသည် ။ ထို့ကြောင့် ဦးမေဓာဝီက လောက်လေးကို သိမ်းယူထားလိုက်သည် ။ ထိုကလေးက မကျေနပ်၍ အခြား ကလေးများကိုပါ ခေါ်ပြီး ဟစ်အော် ကြွေးကြော်၍ လောက်လေးကို ပြန်တောင်းသည် ။ ဦးမေဓာဝီ က မေတ္တာ ဆုံးမစကား ဆိုပြီး ပြန်ပေးလိုက်သည် ။ ဤမျှသာ ဖြစ်သည် ။

စောဦး က အခန်း ၁ ၊ ၂ ၊ ၃ ခွဲလိုက်သည် ။ ကလေးများ စုဝေး၍ လောက်လေး ပြန်တောင်းခန်းကို အခန်း ၁ အဖြစ် ထားလိုက်သည် ။ ဗွတ်ကလုံကလေးကို ပစ်သ,တ်ခြင်းကို ပြန်လည် တွေးနေမိဟန်ဖြင့် အခန်း ၂ ပြောင်းပေး လိုက်သည် ။

ဤသို့ ပြောင်းလိုက်ခြင်းဖြင့် ဇာတ်ရှိန် အမြင့်ပိုင်း ၊ အားပြိုင်မှု ကြီးသော အပိုင်းတို့ နောက်သို့ ရောက်သွားစေ သည် ။ အကယ်၍ ကာလစဉ် အတိုင်း အဖြောင့် ရေးလိုက်လျှင် ဇာတ်ရှိန်မှာ ဗြုန်းခနဲ တက်ပြီး ချက်ချင်း ကျသွားမည် ဖြစ်သည် ။ လောက်လေး ပြန်တောင်းခန်းကို ရှေ့သို့ ပို့ပေး လိုက်သောကြောင့် ဇာတ်ရှိန်တက်ပုံလည်း ညင်သာသည် ။ စာဖတ်သူ၏ သိလိုစိတ် ကိုလည်း နှိုးဆွနိုင်သည် ။ ရုတ်တရက် ဖမ်းစားမှုလည်း ကောင်းသွားစေသည် ။

     ခေါင်းဆောင်က ညာလက်ကို မြှောက်လိုက်ပြီး

    “ တစ် ၊ နှစ် ၊ သုံး ၊ လေး ” ဟု အသံတိုင်ပေး လိုက်ရာ အားလုံးက

     “ အဘိုးကြီး လောက်လေး ပြန်ပေး ” ဟု တညီတညာတည်း ကုန်းဟစ်ကြသည် ။

ဤသို့အားဖြင့် အဘိုးကြီး မေဓာဝီ နှင့် ဆယ်နှစ် ဆယ့်တစ်နှစ် အရွယ် ကလေးငယ်တို့၏ ပဋိပက္ခ ပေါ်လွင်စေသည် ။ အဘိုးကြီးက လောက်လေးကို ယူထားလိုက်၍ ကလေးများ မကျေမနပ်ဖြစ်ပြီး လာရောက် ဆန္ဒပြကြကြောင်းကိုကား သိသာနေပြီ ။ ဘာကြောင့် ဤလေးခွ လက်နက်ကို သိမ်းရသနည်း မသိရသေး ။ အခန်း ၂ တွင်မှ အပြည့်အစုံ ဖော်ပြသည် ။ အခန်း၂ ရေးဖွဲ့ထားပုံမှာ စံပြုလောက်ပါပေသည် ။ ကလေးငယ်၏ အမူအရာ ၊ အဘိုးကြီး၏ အမူအရာ ၊ ငှက်ငယ်၏ အမူအရာ အားလုံးတို့ကို ဤမျှ တိုတောင်းလှသော ကာလလေးအတွင်း ပြည့်စုံအောင် ပြောနိုင်ခြင်းကို ကျွန်တော် အလွန် နှစ်သက်မိပါသည် ။ စင်စစ် အမူအရာများ ပေါ်လွင်ရုံသာမက ကလေးငယ်များပင် ဗြဟ္မစိုရ်တရား ၊ ဂါရဝ နိဝါတတရား ကင်းနေကြလေပြီ ဟူသော အသိကို တုန်လှုပ်စွာ ခံစားလိုက်ရမိပါသည် ။

အခန်း၂ ကို ကျွန်တော် အထပ်ထပ် ပြန်ဖတ်မိပါသည် ။ ဖတ်လိုက်ရင်း အရသာ တွေ့နေမိသဖြင့် သေချာ စူးစမ်းကြည့်တော့ သူ့ချည်းပင်လျှင် ဝတ္ထုတိုလေး တစ်ပုဒ် ဖြစ်နေကြောင်းကို အံ့သြစွာ တွေ့လိုက်ရပါသည် ။ ရက်စက်သူနှင့် အရက်စက်ခံရသူ ၊ အားကြီးသူနှင့် အားနည်းသူ ၊ ဗြဟ္မစိုရ်ပွားသူနှင့် ဗြဟ္မစိုရ်မဲ့သူ အားလုံးတို့ကို စုပြုံပြီး တွေ့နေရသည် ။

     ပြတင်းပေါက် မှန်တံခါးကို ခဲတစ်လုံး လာမှန်ပြီး ဖြန်းခနဲ ကွဲသွားခဲ့သည် ။ နောက်တစ်လုံးက သူ့ခေါင်းပေါ် တည့်တည့်ရှိ ဆီးကိုင်းပေါ်မှ တစ်စုံတစ်ခုကို ဖောက်ခနဲ ထိမှန်ပြီး သူ့ရှေ့ တစ်လံ ကွာလောက်၌ ငှက်ကလေးတစ်ကောင် ဖုတ်ခနဲ ကျလာသည် ။ နှုတ်သီးဝါဝါလေးမှ သွေးစိမ်းရှင်ရှင် တပြွတ်ပြွတ် အန်ထွက် နေ၏ ။ အနီးသို့ ကပ်ကြည့်လိုက်သောအခါ အသက် မရှိတော့ပေ ။ သတ္တဝါနှင့် လက်နက်မှာ မမျှ ။ မျက်လုံးတစ်ဖက် အပြင်သို့ ပေါက်ထွက်ပြီး မေးရိုးတစ်ခုလုံး ကြေမွနေ၏ ။

     “ ဖြစ်မှဖြစ်ရလေ ဗွက်ကလုံလေး ရယ် ၊ မင်းကို ဘယ်သူများ ပစ်ချလိုက်ပါလိမ့် ”

     “ ကျွန်တော်ပစ်တာဗျ ၊ ကျွန်တော် ”

     သူ မော့၍ ကြည့်လိုက်ရာ သားရေ လောက်လေးတစ်လက် ကိုင်လျက် လုံကွင်းတိုတိုနှင့် သူ့ရှေ့တွင် ရပ်နေသော သောနုတ္ထိုရ် ပေါက်စနကလေးကို တွေ့ လိုက်ရသည် ။

ဦးမေဓာဝီက ငှက်ကလေးကို ကောက်မည်ပြုသော ကလေးငယ်၏ လက်ကို ဆွဲထားလိုက်သည် ။ ထို့နောက် ကလေးငယ်နှင့် ချီချစကားပြော၍ မေတ္တာတရား ဗြဟ္မစိုရ်တရားကို ဟောသည် ။

     “ အခု မင်း ပစ်ချလိုက်တာက သူတို့ရဲ့ အမေ ၊ အမေမရှိရင် သူတို့ကို ဘယ်သူ အစာရှာကျွေးမလဲ ။ သူတို့မှာ အတောင် မပေါက်သေးဘူး ။ ဘယ်ကိုမှလဲ မပျံနိုင်ကြသေးဘူး ။ ကြားလား သူတို့ အော်နေတဲ့ အသံကလေးတွေ ။ အမေက အစာ ရှာရှာ ယူလာပြီး သူတို့ပါးစပ်ထဲ ခွံ့ပေးမှ စားရတဲ့အရွယ် ”

     “ ဘာတွေ ပြောနေတာလဲ ၊ ကျုပ် နားမလည်ဘူး ၊ ကျုပ်လက်ကို လွှတ် ၊ မလွှတ်ရင် လေးခွနဲ့ မျက်နှာကို တီးထည့် လိုက်မယ် ”

     “ နေဦး မင်း နားလည်အောင် ငါ ပြောပြဦးမယ် ။ သည်မှာ ငါ့မြေး ၊ မင်း ဘယ်အိမ်ကလဲ ။ မင်းမှာ အမေရှိတယ် မဟုတ်လား ”

     “ လူပဲဗျ ။ အမေမရှိဘဲ နေပါ့မလား ”

     “ အေး ၊ တိရစ္ဆာန်တွေ မှာလဲ အမေ ရှိတာပဲ ။ တကယ်လို့ တစ်ယောက် ယောက်က မင်းအမေရဲ့ခေါင်းကို တူနဲ့ ထုသ,တ်လိုက်လို့ အခု ငှက်အမေကလေး လို မျက်လုံးတွေ ပေါက်ထွက်ပြီး ၊ ပါးစပ်က သွေးတွေပန်းထွက်နေတာ မြင်ရရင် မင်း ရယ်နိုင်မလား ၊ နောက်ပြီး မင်းအမေရဲ့ အသားကို မင်း မီးကင်ပြီး စားရက်မလား ”

     “ ခင်ဗျားကြီး လူစကား ပြောနော် ။ ကဲကွာ ပြောဦး ”

     လေးခွနှင့် မျက်နှာကို လှမ်းရိုက် လိုက်သော လက်ကို ကျန် လက်တစ်ဖက်ဖြင့်ဆွဲရင်း သူ့မျက်နှာ ကိုလည်း တိမ်းပစ်လိုက်ရသည် ။ ဪ တော်တော်ကြမ်းတဲ့ လက်မရွံ့ကလေးပါလား ။

••••• ••••• •••••

ဗြဟ္မစိုရ်တရား ဖောက်ထွင်း၍ မရနိုင်သော မိုက်မဲသူတွေကို တွေ့နိုင်ပါပြီ ။ အလင်းနှင့် အမှောင် ၊ ကရုဏာနှင့် ရက်စက်မှုတို့ အားပြိုင်ပွဲကြီး ဖြစ်သည် ။ ဆက်ဖတ်လိုက်သောအခါတွင် အောင့်သက်သက် ရှိလှသော ဟာသကို တွေ့ရပါလိမ့်မည် ။

     “ တို့ခြံထဲမှာ သူတို့ စိတ်ချလက်ချ နေကြတာဟာ ၊ ဒီအိမ်က လူတွေ သူတို့ ကို ဘယ်တော့မှ ရန်မပြုဘူး ဆိုတာ သိလို့ နေကြတာ ။ တို့က အစာလဲ ကျွေးတယ် ။ သူတို့သောက်ဖို့ ၊ ရေချိုးဖို့ ရေကန် ကလေးလဲ လုပ်ပေးတယ် ။ အဲဒါကို မင်းတို့က လာသ,တ်တယ် ။ ခဏခဏ လာပြီး ပစ်ခတ်ကြတယ် ။ အခုလဲ သူ့ကလေးတွေကို အစာရှာကျွေးနေတဲ့ သားသည် မအေလေးကို မင်း သ,တ်လိုက်ပြန်ပြီ ။ ငါ့မှန် တစ်ချပ်လဲ မင်း ပစ်လို့ ကွဲသွားပြီ ။ အခုထိ ငါ့ကို တောင်းပန်ရမှန်း မသိသေးဘူး ၊ မတောင်းပန်တဲ့ အပြင် မင်းအဘိုး အရွယ်လောက် ရှိတဲ့ ငါ့မျက်နှာကိုတောင် ပြန်ရိုက်ဖို့ မင်း ကြိုးစားနေတယ် ။ မင်းကို ငါ ဘာလုပ်ရမလဲ ”

     “ အောင်မာ ၊ လုပ်ရဲရင် လုပ်ကြည့် ပါလား ကျုပ်အဖေက ခံလိမ့်မယ် ထင်သလား ၊ ဖယ်ဗျာ ”

••••• ••••• •••••

ကလေးတို့ ဗြဟ္မစိုရ်တရား ကင်းမဲ့နေမှု ၊ ဂါရဝနိဝါတ တရားကင်းမဲ့နေမှုတွင် လူကြီးမိဘတို့၏ တာဝန် မကင်းပုံကို သိမ်မွေ့စွာ ပြလိုက်ခြင်း ဖြစ်သည်ဟု နားလည်လိုက်မိပါ သည် ။

ဝတ္ထုတစ်ပုဒ်တွင် အားပြိုင်မှု တက်လာပြီးနောက် ၊ ဇာတ်ထွတ်သို့ ရောက်လျှင် ပြန်ဆင်းရသည်မှာ သဘာဝ ဖြစ်ပါသည် ။ ဇာတ်ဆင်းပုံ ဇာတ်ပြေပုံ ပရိသတ် စောင့်ကြည့် ကြစမြဲ ဖြစ်ပါသည် ။ ဇာတ်ထွတ်သို့ တက်သွားပုံ အားကြီး ခွန်ကြီး ကောင်းနေလျှင် ဇာတ်လမ်း မည်သို့ ဖြေမည်ကို မက်မက်မောမော ၊ ထိတ်ထိတ်ဖိုဖို စောင့်စားကြည့်နေမိ တတ်သည် ။ ဖြေပုံ ထွက်ပုံ မကောင်းလျှင် ၊ ယုတ္တိမဲ့လျှင် အရသာ ပျက်သွားတတ်ပါသည် ။

အခန်း ၃ ရောက်မှ အခန်း ၁ ကလေးများ ဆန္ဒပြပွဲကို ပြန်ဆက်သည် ။ အခန်း ၁ ကို အဆုံးသတ်ပုံနှင့် အခန်း ၃ ဖွင့်လိုက်ပုံကို ဤသို့ တွေ့နိုင်သည် ။

     ထိုကလေးများ ရှိရာ ခြံဝသို့ ခပ်ဖြည်းဖြည်း ခပ်မှန်မှန် လျှောက်၍ လာခဲ့သည် ။ ပွဲကောင်း တစ်ခုတော့ တွေ့ရပြန်ပြီ ။

      ဝင်းဝသို့ သူ ရောက်ခါနီးသောအခါ ကလေးများ နောက်သို့ အနည်းငယ် ရှဲသွားသည် ။ သူက ငှက်ခတ်သမားလေး အား လက်ယပ်ပြ၍ ခေါ်လိုက်သည် ။

( ဤနေရာတွင် ကျွန်တော်တို့ ဦးမေဓာ၏ မည်သို့ ပြုမည်ကို သိချင်နေကြပြီ ။ သူက )

     “ ငါ မှားသွားတယ်ကွယ် ”

     “ မင်းလေးခွကို ငါက အတင်းဝင် လုယူထားလိုက်တော့ ငါလဲ လူဆိုး တစ်ယောက် ဖြစ်သွားတယ် ။ မင်း လက်နက်နဲ့ နောက်ထပ် သတ္တဝါတွေ မသေကြရပါစေနဲ့လို့ ၊ ငါ ယူထားလိုက်တာပါ ။ ငါ့ကို မင်းတို့က ခုလိုလာပြီး အပြစ်ဒဏ်ခတ်တာကို ငါ သည်းခံပါတယ် ။ ငါက မှားမိပေသကိုး ။ အေး ၊ ငါ့ခြံထဲ ငှက်ကလေးကို ပစ်သ,တ်သွားတဲ့ မင်းလဲပဲ ကိုယ့်အပြစ်နဲ့ကိုယ် ခံပေါ့ကွာ ဟုတ်လား ၊ ကိုယ်ကြိုက်တာ ကိုယ်လုပ် ။ ကိုယ် လုပ်တာ ကိုယ်ခံကြပေါ့ ။ ငါပြောတဲ့ စကားကို မင်းတို့အားလုံး သဘောပေါက်နိုင်ကြ ပါစေ ။ ကိုင်း ၊ ရော့ ၊ မင့်လေးခွ ”

     လေးခွကို ပိုင်ရှင် လက်ထဲသို့ သူ ပြန်ထည့်ပေးလိုက်သည် ။

     “ သတ္တဝါတွေကို သနားကြပါ ကွယ် ။ မင်းတို့ စိတ်တွေ မရိုင်းစိုင်းချင်ကြပါစေနဲ့ ”

     လူရွယ်တစ်ယောက် မြောက်ဘက်မှ ခပ်သုတ်သုတ်ကလေး လျှောက်လာသည် ။ သူ့ကို ပြုံး၍ နှုတ်ဆက်၏ ။ လေးသည်တော်ဂိုဏ်းသားများ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြသည် ။

••••• ••••• •••••

လေးသည်တော်ဂိုဏ်းသားများ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည် ဟူသော ဟာသနုနုလေးကို ကျွန်တော် အလွန် သဘောကျမိပါသည် ။ ရောက်လာသော လူရွယ်မှာ ကောင်စီမှ ဖြစ်သည် ။ မီးဘေးဒုက္ခသည်များအတွက် ထမင်းထုပ် လည်ကောက်နေသူ ဖြစ်သည် ။ ထိုလူရွယ် ကိုတော့ လေးသည်တော်များ ကြောက်ကြဟန် တူသည် ။ ကျွန်တော် ပြုံးမိပါသည် ။ သို့သော် ထိုလူရွယ် ပြောသော စကားများကို ကြားလိုက်ရသောအခါတွင်ကား စိတ်ညစ်ညူး သွားမိပြန်သည် ။

••••• ••••• •••••

     “ ထမင်းထုပ်တော့ ပေးရလိမ့်မယ် အဘ ရေ ။ နေ့လယ်က သမိုင်းဘက်မှာ လောင်တဲ့မီး မနည်းဘူး အဘ ။ မီးလောင် လို့ ဒုက္ခ အကြီးအကျယ် ရောက်နေတဲ့ အထဲ မကူညီတဲ့အပြင် အလစ်ဝင်သုတ်တဲ့ လူကသုတ် ၊ သိပ်ဆိုးတာပဲ အဘရာ ။ လူစိတ်ဆိုလို့ လုံးလုံး မရှိကြတော့ဘူး ”

     “ လူစိတ်ဆိုလို့ ၊ လုံးလုံး မရှိကြတော့ဘူး ” ဟု သူ လိုက်၍ ဆိုမိသည် ။

••••• ••••• •••••

ဝတ္ထုဆရာက သူ လေးနက်စေချင်သော စကားကို နှစ်ခါ ထပ်ပြီး ထည့်ရာတွင် လိမ္မာလှပုံကို ကျွန်တော် သတိပြုမိပါသည် ။ ထိုအချက်ကို အောက်က မျဉ်းသားပေးလိုက် သကဲ့သို့ စာလုံးမည်း ထည့်ပေးလိုက် သကဲ့သို့ ခရီးရောက်လှကြောင်းကိုလည်း တွေ့လိုက်ရပါသည် ။

ထိုနောက်တွင်ကား ကျွန်တော် သည်ဘက်ခေတ် ဝတ္ထုတိုများတွင် တွေ့ဖို့ရန် လုံးဝ မမျှော်လင့်သော အကွက်များ ဝင်လာတော့သည် ။ ဘုရားဟော တရားတော်များကို တိုက်ရိုက် ထည့်သွင်း ပေးလိုက်သည် ။

ထိုသို့ တွေ့လိုက်ရသောကြောင့် ဘယ်လိုပါလိမ့် မလဲ ။ ခေတ်သစ်ဝတ္ထုနဲ့ လုံးဝ မတူပါလားဟု အောက်မေ့နေစဉ် အခန်း ၅ ကို စာထောင့် လေးချိုးပြီး ပထမပိုဒ်နှင့် စဖွင့်လိုက်သည် ။

ဣမသ္မိံ စက္ကဝါဠေစမှာဖြင့်
ရှိသမျှ သိမ်သိမ်မှိန်မှိန် လက္ခဏာ
အခြေမလှသူ အပေါင်းရယ်နဲ့
အတိဗလ မပိန်မလိန်အထက်လွှာ
“ ကေဝလ ” တို့ကိုလ
သက်တစ်ရာ ရှည်ကြပါစေသောဝ်ရယ်လို့
ဈာန်သမထနဲ့ မလစ်အာရုံ
အိုကွယ် စက်ရာအထ ၊ မျက်နှာ အသ, အသမှာဖြင့်
အဂ္ဂါမနာပရယ်နဲ့ ဗြဟ္မာ့မေတ္တာဘုံ ။

••••• ••••• •••••

ရုတ်တရက် မစ္စတာမောင်မှိုင်း၏ ဋီကာကြီးများကို ဖတ် လိုက်ရသကဲ့သို့ ကဗျာရသကို ခံစားမိပြန်သည် ။ ဗြဟ္မစိုရ် ပျက်နေကြသော လူ့လောကကြီးအကြောင်း ပူလောင်စွာ ခံစားနေရရာမှ ရုတ်တရက် ကဗျာအလှ သန္တရသကို တွေ့ လိုက်ရသလို ပြောင်းသွားပြန်ပါသည် ။

ဦးမေဓာ၏ ငယ်သူငယ်ချင်း တစ်ယောက် ဇာတ်လမ်းက ဝင်လာပြန်သည် ။ နာမည်က “ ချစ်စရာ ” တကယ် ချစ်စရာကောင်းလို့ သည်နာမည်ကို ပေးထားသလား ၊ ခပ်လှောင်လှောင်ပဲ ပေးထားသလား ။

ကိုချစ်စရာက အသက် ၆၆ နှစ် ရှိပြီ ။ ဇနီးဖြစ်သူ အနိစ္စရောက်၍ တစ်လ မပြည့်မီ မြေးအရွယ်လောက် ရှိသော စတီရီယို အဆိုတော်မလေး တစ်ယောက်ကို လက် ထပ်ယူလိုက်သည် ။ ၆၆ နှစ်မြောက် သူ့မွေးနေ့ပါတီ ကြီးကြီးကျယ်ကျယ် လုပ်မည်မို့ ဦးမေဓာကို လာဖိတ်သည် ။ သူက ပျော်ပွဲရွှင်ပွဲတွေကို အဘိုးကြီးဘဝ ရောက်ပြီ ဖြစ်၍ စိတ်မပါတော့ကြောင်း ပြောပြီး ငြင်းသည် ။ ကိုချစ်စရာ က

     “ ဘာကွ ၊ မင်းတစ်ယောက် စိတ်ဓာတ်တွေ ကျလှချည်းလား ။ မင်းစိတ်ကို မင်းခြေချင်းဝတ် အထိ ချချပစ်နေတာကတော့ မဟုတ်ကို မဟုတ်သေးဘူး မေဓာဝီ ”

ဤသို့ ဝေဖန်သည် ။ ဦးမေဓာဝီက သူတို့ အားလုံးကို မေတ္တာပို့သည် ။ မေတ္တာပို့ရင်း သတိရစရာ တစ်ခုပေါ် လာပြန်သည် ။ ထိုအဖြစ်အပျက်နှင့် အခန်း ၅ ကို အဆုံးသတ်လိုက်သည် ။ အဆုံးသတ်ပုံ ၊ ရပ်လိုက်ပုံကို ကြည့်ပါ ။

••••• ••••• •••••

     “ ကျွန်တော် ပြောရရင် ယုံမလားဆရာ ” ဟု လွန်ခဲ့သော သီတင်းကျွတ်လက ကန်တော့ရန် ရောက်လာခဲ့သော အကျဉ်းထောင် အမှုထမ်းတပည့် တစ်ယောက်က သူ့အား ပြောလိုက်ခြင်းဖြစ်၏ ။

     “ အမွေ ကိစ္စအတွက်တဲ့ ဆရာ ၊ ကိုယ့်အဖေရင်း အမေရင်းနဲ့ တစ်အူထုံ့ ဆင်းတွေကို သ,တ်ပစ်ခဲ့တဲ့ အမှုတစ်ခု ၊ အခု ဒီလူ တစ်သက် တစ်ကျွန်းကျနေတယ် ”

     “ ဘုရား ၊ ဘုရား ကျားသားမိုးကြိုးကွယ် တော်တော်မိုက်တဲ့ သူငယ်ပါလားကွယ် ”

     “ သူငယ် မဟုတ်ဘူး ဆရာ ၊ သူငယ်မ ။ ယောက်ျား မဟုတ်ဘူး ၊ မိန်းမ ”

ဆက်ရေးစရာ မလိုတော့ပြီ ။ ဗြဟ္မစိုရ် ကင်းမဲ့ပုံကြီး ဝိုးဝိုးဝင်းဝင်း ပေါ်နေပါပြီ ။ ထို့နောက် အခန်း ၆ ကို လေးချိုးကြီး ဒုတိယအပိုဒ်နှင့် ဖွင့်လိုက်သည် ။ လေးချိုးကြီး တစ်ပုဒ်လုံး ဆုံးပြီးသည့် နောက်တွင်ကား အခန်း ၇ ။ အခန်း ၇ မှာ နိဒါန ဝဂ္ဂသံယုတ် ၊ ဗာလပဏ္ဍိတသုတ် မြန်မာပြန်မှသာ ဖြစ်သည် ။ ဝတ္ထု၏နိဂုံး ကြေးစည်သံ ဟု ဆိုသင့်ပါသည် ။

••••• ••••• •••••

ကျွန်တော် ဤဝတ္ထု ရွေးမည် ကြံလိုက်တိုင်း ဘယ်လို တင်ပြရပါမည်လဲ တွေးကာ ရင်လေးလှသဖြင့် ကောက်ပြီး ကိုင်လိုက် ၊ ပြန်ချထားလိုက် အကြိမ်ကြိမ် ဖြစ်ခဲ့ရပါသည် ။ အဟောင်းဆုံးသော အကြောင်းအရာကို အဟောင်းဆုံးသော ရေးနည်းတွင် အသစ်ဆုံးသော ရေးနည်းကို ပေါင်းစပ်ကာ အဆန်းဆုံးဖြစ်အောင် ရေးဖွဲ့ထားသည့် ဝတ္ထုဟု ဆိုရပါတော့သည် ။

လောကီကို လုံးဝ စွန့်ရန် ကြိုးစားနေရင်းက လောကုတ္တရာ ကိုသာ အားထုတ်ရန် အနုပညာဂူတွင် အောင်းနေမိသည့် ဝတ္ထုဆရာ၏ နှောင်ကြိုးတစ်မျှင်ကိုလည်း နားလည်လိုက်မိ သလိုလို ရှိပါသည် ။ စကားလုံး ကောင်း၍ ပီပြင်လှသော လေးချိုးကြီးသည် ဝတ္ထုဆရာ၏ အနုပညာ သံယောဇဉ်ကို ပြနေသကဲ့သို့ ရှိပါသည် ။ ဝိပဿနာတွင် အထိုင်ကြာသောအခါ ကဗျာ၌ အညောင်းဆန့်ခြင်း သဘောကို တွေ့ရသလိုလို ရှိပါသည် ။

ဤဝတ္ထုတွင် ကျွန်တော် အလေးနက်ဆုံး ခံစားမိသည့် အချက် နှစ်ခု ရှိပါသည် ။ ပထမ အချက်မှာ ကဗျာ အနုပညာ၏ ရသ ဖြစ်ပါသည် ။ ဒုတိယ အချက်မှာ ( ဒုတိယ ဟု ဆိုရသော်လည်း ပထမထက် ပို၍ အရေးကြီးသော အချက်မှာ ) လူ့လောကကြီး မကျန်းမာတော့ပြီ ဟူသော အချက်ပင် ဖြစ်ပါသည် ။

ဝတ္ထုဆရာ စောဦးက ဗြဟ္မစိုရ်ကိစ္စ ၊ စာရိတ္တကိစ္စ ၊ ကလေးငယ်များ၏ ကိုယ်ကျင့်တရားကိစ္စ စသည်စသည် တို့ကို သတိပြုမိကြရန် အရေးတကြီး တင်ပြလိုက်သည် ။ နှိုးဆော်လိုက်သည် ဟု ကျွန်တော် ခံစားမိပါသည် ။ သူ တင်ပြခဲ့သော ဖြစ်ရပ်ကလေးများကို ကျွန်တော် မေ့ပျောက်နိုင်တော့မည် မဟုတ်ပါ ။

သူ့ကဗျာကြီးကို ကျွန်တော် နှစ်သက်နေမိခြင်းမှာ မစ္စတာမောင်မှိုင်း အား ကျွန်တော် နှစ်သက်ခဲ့မိသည့် အစွဲခံ ရှိနေသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည် ။ ထို့ပြင် ကျွန်တော် ကိုယ်တိုင် အသက်အရွယ် ရလာပြီ ဖြစ်၍ တစ်ကြောင်း ၊ ပါဠိဝေါဟာရများ ၊ လောကုတ္တရာ ဝေါဟာရများနှင့် အတန်အသင့် ရင်းနှီးခဲ့၍ လည်းကောင်း ပိုမိုခံစားနိုင်ခြင်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည် ။ ယနေ့ လူငယ်များ အဖို့ကား ၊ ကေဝလ ဆိုသည်မှာ အလုံးစုံကုန်သော ၊ ပပဉ္စ ဆိုသည်မှာ သံသရာကို ချဲ့တတ်သော တဏှာ ၊ မာန ၊ ဒိဋ္ဌိ တရားသုံးပါး ၊ ပက္ခိယ ဆိုသည်မှာ မဂ်ဖိုလ်လမ်းကြောင်း အတောင်အလက်နှင့် တူသော တရား စသည်ဖြင့် သိနိုင်ကြရန် ခဲယဉ်းကြပါလိမ့်မည် ။ ဤသို့ အလုံးစုံကို မသိသော်လည်း ကဗျာကိုတော့ ထိုက်သင့်သမျှ အရသာ ခံနိုင်ကြဖွယ်ရာ ရှိပါသည် ။ ဤဝေါဟာရများ ၊ ဤတရား များမှာ ကျွန်တော်တို့နှင့် လုံးဝ စိမ်းနေသည်ဟုကား မဆိုနိုင်ပါ ။ သိလိုလျှင်လည်း မေးစရာ စမ်းစရာ ပုဂ္ဂိုလ်တွေ တစ်ပုံကြီး ရှိနေပါသည် ။ မေးစရာ စမ်းစရာ လူရှားပါးလှသော ရေနွား ၊ မိုးနေး ၊ ကာ့ဖ်ကာ ၊ ဖြစ်တည်မှုပဓာန စသည် စသည်တို့ကိုပင် ကျွန်တော်တို့ မေးမြန်းစူးစမ်း၍ ကြိုးစား ခံစားနေကြပြီ မဟုတ်ပါလား ။

မည်သို့ပင် ဖြစ်စေ ကျွန်တော် ကြိုက်ပုံကြိုက်နည်းကို ကြိုးစား တင်ပြခဲ့ပြီးပါပြီ ။ ကျေးဇူးတင်ပါသည် ။

⎕ အောင်သင်း
📖သဘင် မဂ္ဂဇင်း
     ဒီဇင်ဘာ ၊ ၁၉၈၄

Saturday, August 16, 2025

အောင်သင်း အကြိုက်ဆုံးဝတ္ထုတို ( ခုန်ခုန် နှင့် မုန်မုန် )


 

☐ အောင်သင်း အကြိုက်ဆုံးဝတ္ထုတို

❝ ခုန်ခုန် နှင့် မုန်မုန် ❞

ယခု ကျွန်တော် ရွေးချယ်လိုက်သော “ ခုန်ခုန် နှင့် မုန်မုန် ” ဝတ္ထုမှာ ကျွန်တော် ရွေးချယ်ခဲ့သော အခြားဝတ္ထုများ၏ သဘာဝနှင့် အတန်အသင့် ကွာခြားသည်ဟု ထင်မိပါသည် ။ ဤဝတ္ထုတွင် ဦးတည်ချက် ၊ ရည်မှန်းချက်များ ပါရှိနိုင်သည် မှန်သော်လည်း ပဓာန လွှမ်းမိုးနေသည်မှာ ရိုးသားအေးချမ်းသော မေတ္တာဖွဲ့ကလေးသာ လွှမ်းနေသည် ဟု ထင်မိပါသည် ။ ထိုမေတ္တာဖွဲ့တွင် အလွမ်းငွေ့ ၊ အဆွေး ငွေ့လေးလည်း လွှမ်းနေသောကြောင့် ပို၍ နှစ်သက်ဖွယ်ရာ ဖြစ်လာရသည်ဟုလည်း ထင်မိပါသည် ။

ကျွန်တော်တို့တစ်တွေ ဝတ္ထုဖတ်ကြရာတွင် မျှော်လင့်တတ်ကြသည်မှာ ( ဝါ ) နှစ်သက်ကြသည်မှာ ရသခံ စားလိုခြင်း ၊ အနုပညာကို ခံစားလိုခြင်းတို့ အပြင် အသိ အမြင် သုတအသစ်တို့ကို ဆည်းပူးလိုခြင်းတို့လည်း ပါဝင်နေသည်ဟု ကျွန်တော် ယူဆမိပါသည် ။

ဤဝတ္ထုတိုကို ကျွန်တော် နှစ်သက်မိခြင်းတွင် ထိုအသိအမြင် သုတအသစ်ကို ရရှိသောကြောင့် ဖြစ်ပါ သည် ။ ရွေးချယ်မိခြင်းမှာကား ထိုအသိအမြင် ဗဟုသုတသစ်တို့ကို သီးခြား မဖြစ်စေဘဲ ဝတ္ထုနှင့်တစ်သားတည်း ဖြစ်နေအောင် ရေးဖွဲ့တတ်သော အနုပညာစွမ်းရည်ကြောင့် ဖြစ်ပါသည် ။

ဤဝတ္ထုမှ တစ်ဆင့် တွေ့သိလိုက်ရသော သုတသစ်တို့မှာ ချင်းအမျိုးသားတို့၏ ဓလေ့ထုံးတမ်းများ ၊ သူတို့၏ ဘဝကိစ္စများနှင့် ဝက်ဝံစသော သားကောင်တို့၏ သဘာဝများ ဖြစ်ပါသည် ။ ရသအားဖြင့် နှစ်သက်မိသည်မှာ ချင်းလုလင်ကလေး အောင်လင်း ( အောင်လိန်း ) က ဆရာမလေး လဲ့လဲ့ခိုင် အပေါ် တွယ်တာ နေမိသည့် မေတ္တာ နှင့် ဝက်ဝံကလေး ခုန်ခုန် နှင့် မုန်မုန် တို့၏ သနားဖွယ်ဘဝ ကလေးပင် ဖြစ်ပါသည် ။

ချင်းလုလင်ကလေး အောင်လင်း ၊ ဆရာမလေး လဲ့လဲ့ခိုင် ၊ ဝက်ဝံကလေး ခုန်ခုန် နှင့် မုန်မုန် တို့ လေးဦးကို ခွဲခြားမရအောင် ဖွဲ့စည်းထားသော ဇာတ်လမ်းကလေး ဖြစ်ပါသည် ။

စားရေးသူ ချင်းတောင်ကင်းမောင်သည် ဝတ္ထုကို ဖွင့်ပုံမှစ၍ သယ်ဆောင်သွားပုံ ၊ အဆုံးသတ်လိုက်ပုံအထိ သပ်သပ်ရပ်ရပ်ရှိအောင် ရေးနိုင်သည်ဟု ဆိုရပါမည် ။ ယနေ့ ဝတ္ထုတိုများ၏ ယေဘုယျပမာဏနှင့် နှိုင်းယှဉ်လျှင် အတော်လေးရှည်သည်ဟု ဆိုရပါမည် ။ အချို့သော မဂ္ဂဇင်း ဝတ္ထုရှည်လောက်နီးနီး ရှိပါသည် ။ သို့သော် ငြီးငွေ့ခြင်းမရှိအောင် ရေးဖွဲ့နိုင်သည်ဟု ဆိုသင့်ပါသည် ။

ရေးဖွဲ့ပုံမှာ ရိုးရိုးလေးပင် ဖြစ်ပါသည် ။

ပြောသူနာမ်စား ရှုထောင့်နှင့် ရေးဖွဲ့ထားရာ ထိုကဲ့သို့သော ရေးဟန်ကြောင့်ပင်လျှင် ချင်းအမျိုးသားလေး၏ ရိုးစင်းသော စရိုက်ကို ပိုမို ပီပြင်လာစေသည်ဟု ထင်မိပါ သည် ။ စရိုက်ကို ပီပြင်လာစေသည် ဟူသော စကားလုံးကို များလွန်းသည်ဟု ဆိုပါလျှင် ပြောသူ၏ စရိုက်နှင့် လေသံ ကိုက်ညီသော ရေးဟန် ဖြစ်သည်ဟုကား မုချဆိုနိုင်ပါသည် ။

ဝတ္ထုတို တစ်ပုဒ်ကို မည်သို့မည်ပုံ ဖွင့်သည် ဟူသော အချက်ကို ပုံသေကားချပ် ပြော၍ မရပါ ။ ကျွန်တော့် အနေဖြင့် အကြမ်းအားဖြင့် ပြောလိုက်ရလျှင် ဝတ္ထုတို၏ အဖွင့်သည် စာဖတ်သူကို ချက်ချင်းဖမ်းစားနိုးကြားစေခြင်း ၊ ထိုအဖွင့်သည် ဝတ္ထုတိုအတွက် အရေးကြီးသော ဇာတ်ဝင်ခန်းဖြစ်နေခြင်း ဟူသော အင်္ဂါနှစ်ရပ် ပြည့်စုံစေသည့် တာဝန်ကို ထမ်းဆောင်နိုင်လျှင် အဖွင့်ကောင်းဖြစ်သည်ဟု ကျွန်တော် ဆိုချင်ပါသည် ။ ချင်းတောင်ကင်းမောင် ဖွင့်ပုံကို ကြည့်ပါ ။

      ကျွန်တော်သည် ထက်ပိုင်းကျိုး နေသော ပြောင်းပင်များကို ကြည့်ပြီး အတော်ပင် မခံမရပ်နိုင် ဖြစ်မိပါသည် ။ အပင်တွင် အဖူးများ မရှိတော့ပါ ။ မြေကြီးပေါ်တွင် ပြောင်းဖူးရိုးနှင့် ပြောင်းဖူးဖပ်များ ပြန့်ကျဲ နေသည် ။ ပြောင်းပင်ငုတ်တိုများ၏ အခက်အလက်များကြားတွင် မည်းနက်သော ဝက်ဝံမွေး တစ်ပင်စ နှစ်ပင်စ ကပ်ကျန်ခဲ့၏ ။ အနီးအနား၌လည်း ဝက်ဝံမစင် အနည်းငယ် တွေ့ရသည် ။ မစင်ထဲတွင် သစ်အယ်စေ့များပါနေ၏ ။

ချင်းဒေသ မောတိုက်နယ် လုံးနူးရွာသားဖြစ်သူ ချင်းလုလင်ကလေး အောင်လင်းသည် ဆယ်တန်းအောင် သော်လည်း အစိုးရအလုပ် မလုပ်ဘဲ မိဘရိုးရာ တောင်ယာ ကိုပင် ဆက်လက် လုပ်ကိုင်ခဲ့သည် ။ တောင်ယာမှ တစ်ဆင့် တက်၍ လက်ဖက် ၊ သနပ်ဖက် ၊ ပိုးစာ ၊ ပန်းသီး ၊ လိမ္မော် သီးစသော နှစ်ရှည်ခြံများထိ စိုက်ပျိုးရန် ကြံရွယ်ထားသည် ။ သို့သော် အခြေအနေအရ တောင်ယာစိုက်ပျိုးနေဆဲ ဝက်ဝံ၏ ဖျက်ဆီးမှုကို ခံရခြင်း ဖြစ်သည် ။

ထို့ကြောင့် ဝက်ဝံကို ဖယ်ရှားရန် နှစ်လုံးပြူးသေနတ်ကို ပြန်လည်တိုက်ချွတ်သည် ။ ပြောင်းဆန် ရောင်းရသော ငွေကလေးနှင့် ဝယ်ယူထားရသော သေနတ် ဖြစ်သည် ။ ယမ်းတောင့်ဟောင်းများကို ပြန်လည်ပြုပြင်၍ ယမ်းသွတ် ၊ ခဲလုံးထည့်ပြီး အသင့်ပြင်သည် ။ ထို့နောက် ဝက်ဝံရှိမည်ဟု ထင်ရသောဘက်သို့ ဘယ်ဘက်မှ သေနတ်ကိုင် ၊ ယာဘက်မှ ဓားတိုတစ်လက် ကိုင်ပြီး ဝက်ဝံရှာရန် ထွက်ခဲ့သည် ။ မထင်မှတ်ဘဲ ထင်းရှူးပင်ကို မှီပြီး အိပ်ပျော်နေသော ဝက်ဝံကြီးကို တွေ့လိုက်ရသည် ။

      ကျွန်တော့်မှာ ဝက်ဝံကို တိုးရုံ တိုးမိခြင်း မဟုတ် ။ သူ့ခြေထောက်ကိုပါ သွားနင်းမိလျက်သား ဖြစ်သွားသည် ။ ဝက်ဝံကြီးမှာ လန့်နိုးကာ ဝုန်းခနဲ ထလာသည် ။ ကျွန်တော်လည်း လန့်လန့် ဖျပ်ဖျပ် ဖြင့် သူ့ခေါင်းကို ခုတ်လိုက်မိပါ၏ ။ ဝက်ဝံ မှာ အိပ်မှုန်စုံမွှားလည်းဖြစ် ၊ ဒဏ်ရာကြောင့်လည်း ထူပူနေရာ သူ့ကို ကျော်၍ တောင်ထိပ်သို့ ပြေးတက်သွားသော ကျွန်တော့် အား မမြင်လိုက်ပါ ။ သားရဲတို့တွင် မဖျောက်နိုင်သော အကျင့် ကိုယ်စီ ရှိကြ၏ ။ ကျားကိုပစ်လျှင် အပေါ်သို့ တစ်တောင်ခန့် မြောက်တက်သွားသည် ။ ဝက်ဝံကို ပစ်လျှင်မူ ရန်သူကို တောင် အောက်သို့ စမ်းသွားတတ်၏ ။ ယခုလည်း ဝက်ဝံကြီးသည် တဝေါင်းဝေါင်း အော်မြည်ရင်း လက်နှစ်ဖက်ကို ဘယ်လွှဲ ညာရမ်း လုပ်ကာ အောက်ဘက်သို့ စမ်းသွားလေသည် ။

      ကျွန်တော် နောက်သို့ လှည့်ကြည့်ရာ ဝက်ဝံမှာ တောင်အောက်သို့ အတော် ဝေးသွားလေပြီ ။ သူ မှီထားသော ထင်းရှူးပင်၏ အခေါင်းထဲမှ မမျှော်လင့်ဘဲ ဝက်ဝံကလေး နှစ်ကောင် ထွက်လာသည်ကို တွေ့ရသည် ။ ကျွန်တော်ကား သားသည်မိခင်ကို ခုတ်မိချေပြီတကား ။

      ကျွန်တော်တို့ ချင်းအမျိုးသားများတွင်“ ကောင်လွှီးငွန် ” ( ဝါ ) “ ကျားသ,တ်သည့်ဂုဏ် ” နှင့် “ ငချန်းအေးငွန် ” ( ဝါ ) “ သစ်အယ်စားသ,တ်သည့်ဂုဏ် ” တို့ကား လွန်စွာ အဆင့်မြင့်၏ ။ ( သစ်အယ်စား ဆိုသည်မှာ သစ်အယ်စေ့ စားသည့် သတ္တဝါ ဖြစ်သည် ။ တောဝက် နှင့် ဝက်ဝံ နှစ်မျိုးသာ သစ်အယ်စေ့ စား၏ ။ ) “ ခူအေးငွန် ” ( ဝါ ) “ မြက်စားသ,တ်သူ ” ( ဥပမာ သမင် ၊ ဒရယ် ၊ ချေငယ် ၊ စိုင် ၊ ဆတ်သ,တ်သူ ) တို့ကား ဂုဏ်မရှိလှချေ ။ လူတိုင်းထဲက လူဟုသာ သတ်မှတ်ခြင်း ခံရသည် ။ တောဝက် ၊ ဝက်ဝံနှင့် ကျားကို သ,တ်သူတို့ ကား လူမှုဆက်ဆံရေး နယ်ပယ်၌ အထက်လွှာတွင် ဂုဏ်တင်ခြင်း ခံကြရ၏ ။ နတ်ပွဲ ၊ အိမ်သစ်တက်ပွဲ စသည်တို့တွင် အိမ်ဦး ခန်း၌ ခုံမြင့်များဖြင့် နေရာပေးခြင်းခံကြရ ၊ ခေါင်ဦးခေါင်ဖျား ၊ စားဦးစားဖျား တည်ခင်းခြင်း ခံကြရသည် ။ ရွာပေါ်တွင် သြဇာညောင်းကာ မည်သူကမျှ သူတို့အား မထီလေးစား မပြောဆိုရဲချေ ။

ချင်းလုလင်ကလေး မောင်အောင်လင်းသည် “ ငချန်းအေးငွန် ” ဂုဏ်ကို လိုချင်သောကြောင့် ဝက်ဝံကလေးနှစ်ကောင်ကို ဖမ်းပြီး စောင်နှင့် ထုပ်၍ ထမ်းယူလာခဲ့သည် ။ ဤနှစ်ကောင်ကို ခြံလှောင်ထားမည် ။ အသားစား ကောင်းသည့် အရွယ်ရောက်မှ သ,တ်ပြီး အောင်သေအောင်သား စားမည် ။

ဤသို့သော ချင်းအမျိုးသားတို့၏ ဓလေ့ထုံးစံများမှာ စာဖတ်သူအား ဆွဲငင်သည့် အကြောင်းတစ်ပါးပင် ဖြစ် ပါသည် ။ ဇာတ်လမ်းတွင် ရှေ့ဆက် ဘာဖြစ်မည်နည်းဆို သည်ကို သိလိုစိတ် ရှိသကဲ့သို့ ထူးဆန်းသော ဒေသန္တရ ဗဟုသုတကို သိလိုသည်မှာ ဓမ္မတာပင် ဖြစ်ပါသည် ။ ထို့ကြောင့် ဤသို့သော ချင်းအမျိုးသားတို့၏ ဓလေ့ထုံးစံ များကို ထည့်သွင်းထားခြင်းမှာလည်း စာဖတ်သူအား နိုးကြားနေစေသော အချက်ဖြစ်သည်ဟုပင် ထင်မိပါသည် ။ ယခုမူကား ဝက်ဝံနှစ်ကောင် ဖြစ်နေသောကြောင့် ဇာတ်လမ်းဇာတ်ကွက် ဘယ်သို့ဆက်မည်ကို သိလိုစိတ်လည်း ပေါ်လာနေရပြန်ပါသည် ။

ထိုအချိန်တွင် ရွာရှိ ကျောင်းအသစ်စက်စက်ကို လာဖွင့်ပေးသည့် ကျောင်းအုပ်ဆရာမလေး ဒေါ်လဲ့လဲ့ခိုင် ဆိုသူ ရောက်လာသည် ။ အသက်က နှစ်ဆယ့်တစ်နှစ် ခန့်မျှသာ ရှိသေးသည် ။ အားလုံးက ဆရာမလေး ဟုပင် လေးစားမြတ်နိုးစွာ ခေါ်ကြသည် ။ သူက ဝက်ဝံလေးနှစ်ကောင်ကိုသ,တ်ပြီး အောင်သေအောင်သားစားကာ ဂုဏ်ဘွဲ့ခံယူမည် ဟူသောအချက်ကို မနှစ်မြို့နိုင် ။

      “ ကျွန်မ တောင်းပန်ပါတယ် ဦးအောင်လင်း ၊ ဒီဝက်ဝံလေးတွေကို မသ,တ်ပါနဲ့ရှင် ၊ သူတို့ကို သ,တ်လို့ရမယ့် ဂုဏ်ထက် သူတို့ကို ချမ်းသာပေးလို့ရမယ့် ဂုဏ်က ပိုပြီး မြင့်မြတ်ပါလိမ့်မယ် ”

ဤသို့အားဖြင့် ဆရာမလေးကို လေးစားတွယ် တာသည့်စိတ်ဖြင့် မောင်အောင်လင်းသည် ဝက်ဝံလေး နှစ်ကောင်ကို ချမ်းသာပေးရန် ဆုံးဖြတ်လိုက်သည် ။ ဝက်ဝံလေး တစ်ကောင်ကို ဆရာမလေးအား လက်ဆောင်ပေး လိုက်သည် ။ ဆရာမလေးက ဝက်ဝံလေးကို လက်ခံမွေးမြူသည် ။ ဆရာမလေးက ဝက်ဝံကလေးကို ခုန်ဆွခုန်ဆွ လုပ်လွန်း၍ ခုန်ခုန် ဟု အမည် ပေးထားသည် ။ ဝက်ဝံလေးကလည်း ဆရာမလေးက ခုန်ခုန် ဟု ဆိုလိုက်လျှင် နားလည် သကဲ့သို့ ခုန်ဆွခုန်ဆွ လုပ်သည် ။ မောင်အောင်လင်း ကလည်း သူ့ ဝက်ဝံလေးကို မုန်မုန် ဟု အမည်ပေးသည် ။

တစ်ဖြည်းဖြည်းနှင့် မောင်အောင်လင်းသည် ဆရာမလေး အပေါ် ချစ်စိတ်ဝင်လာသည် ။ ဆရာမလေး ခိုင်း လိုက်လျှင် ဘာမဆို လုပ်ပေးသည် ။ လုပ်ပေးရသည်ကိုပင် ပျော်နေတတ်သည် ။ ဆရာမလေးက သူ့အပေါ် တွယ်တာစိတ် ရှိမရှိကို စမ်းကြည့်ချင်သည် ။ ဤအခန်းလေးမှ ချစ်စရာ ပျော်စရာ ကောင်းသော အခန်းပင် ဖြစ်ပါသည် ။

      ကျွန်တော်တို့ ဒေသတွင် ယောကျ်ားကလေးများ မိန်းကလေးကို ခင်မင်လျှင် ဆေးတံ ပေးသောက်တတ်သည် ။ အစမှာတော့ မိန်းကလေးက ရှက်စနိုးဖြင့် ငြင်းပေမည် ။ သို့သော် ပြန်၍ ခင်ရိုးမှန်လျှင် တစ်ဖြည်းဖြည်းနှင့် ဆေးတံ ကို လက်ခံလာရမည်သာ ။ ဤသို့ဖြင့် ဆေးတံချင်း လဲသောက်သည့် အဆင့်သို့ပင် ရောက်သွားတတ်ကြ၏ ။ ဆေးတံကို တောက်လျှောက် အငြင်းပယ် ခံရပြီ ဆိုလျှင်တော့ မျှော်လင့်ချက်ဆုံးပြီး မြန်မြန် နောက်ဆုတ်ပေရော့ ။ ကျွန်တော်သည် ကြေးဝါကြိုးကလေးများပတ် ကျွဲချိုရိုး တပ်ထားသော ချင်းဆေးတံလှလှကလေး ကို ပလိုင်းထဲမှ ထုတ်၍ ဆေးထည့်ပြီး ...

      “ ရော့ ဆရာမ ၊ ဆရာမ ချင်းတောင် ရောက်တာကြာပြီ ၊ ချင်းဆေးတံ မသောက်ဖူးသေးဘူးထင်တယ် ၊ သောက်ဖူးတယ် ရှိအောင် သောက်ကြည့်ပါဦး ” ဟု ပြောပြောဆိုဆို မရဲတရဲ ကမ်း လိုက်ပါသည် ။ အမှန်တော့ ဆရာမလေးသည် ဆေးတံမပြောနှင့် ဆေးလိပ်ပင် သောက်သူ မဟုတ်ပါ ။ ကျွန်တော်သည် ဆရာမလေးက ငြင်းများ ငြင်းလေမည်လား ၊ ငြင်းရုံဆို တော်သေး၏ ။ ဆဲများ ဆဲလေမည်လားဟု အမျိုးမျိုး တွေးပူမိပါသည် ။

      ဆရာမလေးသည် ငြင်းလည်း မငြင်း ၊ ဆဲလည်း မဆဲပါ ။ ဆေးတံကို အသာတကြည် ယူလိုက်ပါ၏ ။ သို့သော် ကျွန်တော်က မီးညှိပေးမည်ဟု မီးခြစ် ကိုင်၍ အနား ကပ်သွားသောအခါ၌မူ သူက ပြုံး၍ လက်ကာပြ၏ ။ ဆရာမလေး၏ အပြုအမူ အပေါ် မည်သို့ အဓိပ္ပာယ် ကောက်ရမည်ကို ကျွန်တော် မစဉ်းစားတတ်တော့ပါ ။

      “ ဆေးတံ ၊ ဆေးလိပ်သောက်တာ မကောင်းပါဘူးဟယ် ၊ ရောဂါရတတ်တယ် ”

      ဆရာမလေးက ဤသို့ ပြောလိုက်သော အခါ၌မူ ကျွန်တော့်မှာ ပို၍ပင် နားထွေး သွားမိပါတော့၏ ။

ဤသို့ တစ်နှစ်ခန့် ကြာသည် ။ ခုန်ခုန် နှင့် မုန်မုန်တို့ သည်လည်း ထွားကျိုင်းကြီးပြင်းလာသည် ။ တစ်နေ့တွင် မောင်အောင်လင်း၏ ဝက်ဝံကလေး မုန်မုန်သည် လှောင်ထားသော ခြံကို တိုးထွက်ပြီး အိမ်နီးချင်း ထန်းလိန်း၏ တဲရှေ့တွင် ရှိနေသော ကြောင်လေးတစ်ကောင်ကို သူ၏ လက်သည်းများဖြင့် ဆုတ်ဖဲ့သ,တ်ဖြတ်လိုက်သည် ။ ထန်းလိန်းက လေးမြား အသင့်ဖြစ်နေသည် ။ မောင်အောင်လင်း ကို အားနာ၍သာ မပစ်ခြင်းဖြစ်သည် ။

ထို့အတူ ဆရာမလေး၏ ဝက်ဝံ ခုန်ခုန် ကိုလည်း အိမ်ပေါ်ထား၍ မဖြစ်တော့ပြီ ။ အိမ်နောက်ဖေးခြံထဲတွင် လှောင်ထားရသည် ။ မုန်မုန်က ကြောင်တစ်ကောင်ကို သ,တ်လိုက်သောအခါ ဆရာမလေး စရိတ်ခံ၍ ထင်းရှူးသေတ္တာလုပ်ပြီး ခုန်ခုန် ကိုထည့်ပြီး ရန်ကုန်တိရိစ္ဆာန်ရုံသို့ လှူလိုက်သည် ။ မောင်အောင်လင်း မှာ ငွေကြေးမတတ်နိုင် သောကြောင့် မုန်မုန်ကို ဆက်ပြီး မွေးထားရသည် ။

ဆရာမလေး ရွာသို့ ရောက်လာသည်မှာ နှစ်နှစ်ခန့် ရှိလေပြီ ။ သူလည်း ပြည်မသို့ ပြန်တော့မည် ။ ပြန်သွားလျှင် မုန်မုန်ကို ထင်းရှူးသေတ္တာနှင့် ထည့်ယူသွားမည် ။ တိရိစ္ဆာန်ရုံသို့ ပို့မည် ။ ခုန်ခုန်နှင့် တွေ့ကြလိမ့်မည် ။ ဆရာမလေးနှင့် ရာသက်ပန် ခွဲရလိမ့်မည်ဟု မောင်အောင်လင်း မထင်မိ ။ သူသည် စိုက်ခင်းကလေးမှတစ်ဆင့် ပန်းသီးလိမ္မော်ခြံအထိ တက်လှမ်းဦးမည် ။ တစ်နေ့တွင် ဆရာမလေးနှင့် ... ဤသို့ မျှော်လင့်ထားသည် ။

ထိုအခိုက်တွင်ပင် ဝက်ဝံကလေး မုန်မုန်က ထန်း လိန်း၏ ဝက်ကလေးတစ်ကောင်ကို ကိုက်သ,တ်လိုက် သည် ။ ထို့ကြောင့် ထန်းလိန်းက သည်းမခံနိုင်တော့ဘဲ မြားဖြင့်ပစ်လိုက်သည် ။ မုန်မုန်မှာ တစ်ခါမျှ ဤသို့မခံစားရဖူးသောကြောင့် ခြံကို တစ်ဟုန်ထိုး တိုးဝှေ့ထွက်ပြီး တော ထဲသို့ ဝင်ပြေးလေတော့သည် ။ ဆရာမလေးက ...

      “ မုန်မုန်ကို သနားပါတယ်ဟာ ၊ နင် သူ့ကို ပြန်ဖမ်းပါ ၊ နင်ဖမ်းရင် ရမှာပါ ။ ငါ သူ့ ဒဏ်ရာကို ဆေးထည့်ပေးမယ် ၊ ပြီးတော့ တိရိစ္ဆာန်ရုံ ယူသွားမယ် ၊ သူ့ကို တောထဲ ဒီအတိုင်း ထားရင် မြှားဆိပ် တက်ပြီး သေလိမ့်မယ် ”

ဤသို့အားဖြင့် မောင်အောင်လင်းသည် မုန်မုန်ကို လိုက်ရှာရတော့သည် ။ အခြားရွာသားအချို့ကလည်း မုန်မုန်ကို ရှာနေကြသည် ။ လူတွေကို အန္တရာယ်ပြုမှာစိုးလို့ ဟု အကြောင်းပြသော်လည်း အမှန်မှာ သူတို့သည် သစ်အယ်စေ့စားဂုဏ်ကို ခံလိုကြသည် ။ မုန်မုန် ကို “ ဟာရွှီး ” ဆိုသော ရွာသားတစ်ယောက် တွေ့ခဲ့၏ ။ သို့သော် မုန်မုန်၏ လက်ချက်ကိုသာ ခံခဲ့ရသည် ။ စောင်ကို အပိုင်းပိုင်းအစစ ဆုတ်လွှတ်လိုက်၏ ။ သူ့တစ်ကိုယ်လုံး အဆွဲအဆောင့် ၊ အထူအထောင်း ခံလိုက်ရသဖြင့် ရွာသို့ ယိုင်တိယိုင်တိုင်သာ ပြန်ရောက်လာသည် ။ စင်စစ် ဝက်ဝံနှင့် တွေ့လျှင် လူကို အသားတွေကို ကုတ်ခြစ် ဆုတ်ဖြဲပစ်မြဲဖြစ်ပါလျက် ဟာရွှီးကို သွေးထွက်သံယို ဖြစ်အောင် မလုပ်လိုက်သည်မှာ အံ့ဩစရာ ဖြစ်နေပေသည် ။

      ကျွန်တော် အကြောင်းရှာ၏ ။ အဖြေ တစ်ခုသာ ရသည် ။ ဤကား အခြား မဟုတ် ။ မုန်မုန်သည် ဘဝပေး မကောင်း၍ တောပုန်းကြီး ဘဝသို့ ရောက်ရသော်လည်း ငယ်စဉ်ကတည်းက လူနှင့် ယဉ်ပါးခဲ့သူ ဖြစ်သောကြောင့် လူတွေကို အတတ်နိုင်ဆုံး သက်ညှာလိုက်ဟန် ရှိပေသည် ။

ဆရာမလေး ပြန်မည့် နေ့သို့ ရောက်လာပြီ ။ သို့သော် မုန်မုန်ကို မောင်အောင်လင်း လိုက်ပြီး ဖမ်းနေသည်ကို စောင့်နေသည် ။ မောင်အောင်လင်းကလည်း မုန်မုန်ကို ရှာသည် ။ မတွေ့ ။ ထိုအခိုက် တောတိုးသံ ကြားသော ကြောင့် ကျောက်ဆောင် အကွယ်တစ်ခုမှာ ချောင်းကြည့် လိုက်သည် ။ ပြေးထွက်လာသည်မှာ မုန်မုန်မဟုတ် ။ သစ်စိမ်းခြမ်းဖြူဖြူကြီး ကိုက်ချီထားသလားဟု အောက်မေ့ရအောင် အစွယ်နှစ်ဖက် ဖွေးဖွေးကြီး ပေါ်နေသော တောဝက်ကြီးတစ်ကောင်သာ ဖြစ်ပါ၏ ။ မကြာမီ လူသုံးယောက် နောက်က လိုက်လာကြသည် ။ ထိုချင်းအမျိုးသားများမှာ သျှောင်ထုံးကြီးတွေနှင့် ဖြစ်သည် ။ မောင်အောင်လင်းတို့ ရွာမှ နှစ်ရက်ခန့်ဝေးသော လှက်လှောင်းချောင်းနယ်မှ ဖြစ်မည် ။

စင်စစ် ထိုသူများ ဤဝက်ကြီး နောက်သို့ လိုက်လာခဲ့သည်မှာ သုံးရက်ရှိပြီ ။ လူတစ်ယောက်ကို အသေပက် ထားခဲ့ပြီး လမ်းတွင် တွေ့သော လူနှစ်ယောက်ကိုလည်း ပက်ထားခဲ့သေးသည် ။ ဤလူသုံးယောက်သာမဟုတ် လူအုပ် ကွဲပြီး ကျန်ခဲ့သော အခြား လူတစ်စုလည်း ရှိသေးသည် ။ ထိုပထမလူစု ထွက်သွားပြီး နောက်မှ မုန်မုန်ကို တွေ့ရတော့သည် ။ မောင်အောင်လင်းက ခါတိုင်း ကစားနေကျ အတိုင်း ဆောင့်ကြောင့်ထိုင်ချပြီး ညာလက်ကို ထောင်၍ လက်ဖျစ်တစ်ချက် တီးလိုက်သည် ။

      ထို့နောက် လက်နှစ်ဖက်ကို ခပ်ကားကား ဆန့်တန်းပေးလိုက်၏ ။ မုန်မုန်သည် ခေါင်းကို မော့လိုက်သည် ။ သူ၏ မျက်လုံးများ ဝင်းလက်လာ၏ ။ သူသည် နေရာမှ ထကာ ခေါင်းကို ဆတ်ခနဲ တစ်ချက် ခါလိုက်သည် ။ ဤကား သူဝမ်းသာသည့် အခါပြုနေကျ အမူအရာတည်း ။ ပြီးမှ သူသည် ကျွန်တော့် ထံသို့ လွှားခနဲ ခုန်လာပါသည် ။ ကျွန်တော် ကလည်း သူ့ကို လှမ်းဖက်ရန် အသင့်ပြန် ထား၏ ။

      သို့သော် ..

      “ ဒိုင်း ... ”

      သေနတ်သံတစ်ချက် ကြားရပြီး မုန်မုန် သည် ကျွန်တော်ရှေ့တွင် မြေသို့ ခေါက်ခနဲ ကျသွားပါသည် ။

တောဝက်ကို လိုက်ရင်း အုပ်စုကွဲ ကျန်ရစ်နေခဲ့သော လူတစ်ယောက်က မောင်အောင်လင်းအား ခုန်အုပ်သည် အထင်မှား၍ မုန်မုန်ကို တူးမီးနှင့် လှမ်းပစ်လိုက်ခြင်း ဖြစ်သည် ။

      ကျွန်တော်သည် သွေးအိုင်ထဲတွင် လဲနေသော မုန်မုန်ကို ပြေးထူရန် ပြင်လိုက်သည် ။ သို့သော် မုန်မုန်သည် ကျွန်တော့်ကို အကိုင်မခံပါ ။ ဘေးသို့ ဆတ်ခနဲ လှိမ့်ပစ်လိုက်သည် ။ ပြီးတော့ သူသည် ကျွန်တော့်အား စိန်းစိန်းကြီး ကြည့်နေ၏ ။ မုန်မုန်သည် ကျွန်တော့်အား တစ်ခါမှ ဤသို့ မကြည့်ဖူးပါ ။ သူ ဆိုချင်သည့် အဓိပ္ပာယ်ကို သူ့မျက်လုံး၌ အထင်းသား တွေ့ရသည် ။

“ သခင့်အပေါ် ငါ ယုံသလောက် သခင်က သစ္စာမရှိဘူး ၊ ငါ့ကိုတောင် ပစ်လိုက်ပါပကောလား ”

      ဤသို့ ပြောနေသည့်နှယ် ကျွန်တော် ထင်ရသည် ။ ကျွန်တော် စိတ်ထိခိုက်မိ၏ ။ မဟုတ်ရကြောင်း သူ့ကို ပြောချင်သည် ။ သို့သော် သူ ဘယ်လို နားလည်မည်နည်း ။ ထိုစဉ်မှာပင် သူ ဇီဝိန်ချုပ်သွားပြီ ။

ဆရာမလေးက အကြာကြီး စောင့်နေသေးသည် ။ သို့သော် ရွာသို့ အရင်ရောက်နှင့်သူ အချို့က ပြောသော ကြောင့် မုန်မုန်သေပြီဖြစ်ကြောင်း သိသွားသည် ။ “ အသေကောင်ကို မစောင့်တော့ပါဘူး ၊ မသေစေနဲ့လို့ သေချာမှာရဲ့ သားနဲ့ ” ဟု ပြောပြီး ရွာမှထွက်သွားသည် ။

တစ်လခန့် ကြာသောအခါ မျိုးသန့်ပြောင်းများဝယ်ရန် မောင်အောင်လင်း ရန်ကုန်သို့ ဆင်းလာခဲ့သည် ။ ဆရာမလေးပေးထားသော လိပ်စာအတိုင်း သွားတွေ့ သည် ။ သို့သော် တံခါးကို သော့ခတ်ထားသည် ။ မည်သူ့ကိုမျှ မတွေ့ရ ။ အိမ်နီးချင်းများအား မေးမြန်းကြည့်သော်လည်း မသိရ ။ ထို့ကြောင့် တိရိစ္ဆာန်ရုံ ဘက်သို့ လှည့်ခဲ့သည် ။ ခုန်ခုန်ကို အခြားဝက်ဝံများ ကြားတွင် တွေ့ရသည် ။

ချင်းတောင်ကင်းမောင်သည် သူ၏ ဝတ္ထုကို မည်သို့ အဆုံးသတ်သင့်သည်ကို နားလည်သည် ။ မည်သည့် နေရာတွင် ရပ်ရမည်ကိုလည်း သိသည် ။ အဆုံးသတ်လိုက်ပုံကို ကျွန်တော် ကြိုက်ပါသည် ။ ကြည့်ပါ ။

      သူသည် ကျွန်တော့်ကို မြင်လိုက်သော် မှတ်မိပုံ ရသည် ။ ချက်ချင်း ပြေးလာသည် ။ ကျွန်တော်က “ ခုန်ခုန် ” ဟု ခေါ်သည်နှင့် တစ်ပြိုင်နက် သူသည် မတ်တတ်ရပ်၍ သံတိုင်များကို ဖမ်းကိုင်ကာ ခုန်ဆွခုန်ဆွ လုပ်နေပါတော့သည် ။ ဘေးမှ လူများသည် ကျွန်တော်နှင့် ခုန်ခုန်ကို အထူးအဆန်းလို ကြည့်နေကြ၏ ။

      “ ဆရာမလေး အခု ဘယ်မှာလဲ ”

      ကျွန်တော့် စကားကို သူ နားလည်ဟန် မတူပါ ။ ငူတူတူကြီးသာ လုပ်နေသည် ။ အမှန်တော့လည်း ဆရာမလေး ဘယ်ရောက်နေသည် သူ သိမည်မဟုတ် ။ ထိုမျှမက မုန်မုန့် အဖြစ်ကိုလည်း သူ သိမည် မဟုတ်ပါပေ ။

ဝတ္ထုကို ဤတွင် အဆုံးသတ်လိုက်သည် ။ သပ်ရပ်လှသော အဆုံးသတ်လိုက်ခြင်း ဖြစ်ပါသည် ။

ကျွန်တော့် အနေနှင့်မူကား ပုံသဏ္ဍာန် အရရော ၊ ပမာဏအရရော ဤဝတ္ထုကို ဝတ္ထုရှည်ဟု ဆိုချင်ပါသည် ။ သို့သော် စာတည်းအဖွဲ့က ဝတ္ထုတိုစာရင်းတွင် ထည့်ထား သောကြောင့် ဝတ္ထုတို အဖြစ်ပင် ယူလိုက်ပါသည် ။

ဤဝတ္ထုမှာ ဇာတ်လမ်းဝတ္ထုလေးသက်သက်ဟုသာ ဆိုချင်ပါသည် ။ သို့သော် အပိုအလို မရှိအောင် ရေးဖွဲ့ ထားခြင်း ၊ ရိုးရိုးပြေပြေ လေအေးလေးနှင့် ပြောထားခြင်းတို့မှာ နှစ်လိုဖွယ်ကောင်းသည်ဟု ထင်မိပါသည် ။

မိမိတို့ ခံစားမိသမျှကို ပြန်မပြောတတ်သဖြင့် သနား ကြင်နာဖွယ်ရာ ကောင်းသူ သုံးမျိုးရှိပါသည် ။ ကလေးငယ် ၊ စိတ်ပေါ့သွတ်သူနှင့် တိရစ္ဆာန်များ ဖြစ်ပါသည် ။ ထိုသူများမှာ ပင်ကိုအားဖြင့် ပကတိရိုးသားစင်ကြယ်နေသောကြောင့် ပရိသတ်က သနားကြင်နာရန် အသင့် ဖြစ်နေတတ်ကြပါသည် ။ ထို့ကြောင့် ကလေးငယ် ၊ စိတ္တဇဝေဒနာရှင် ၊ တိရိစ္ဆာန်ကလေးများကို အဓိကဇာတ်ဆောင် ပြုလုပ်၍ ထုံးဖွဲ့ထားသော ဇာတ်လမ်းများကို ပရိသတ်နှစ်သက်ခြင်း ဖြစ်တတ်ပါသည် ။ စာဖတ်သူ ပြန်ပြီး စဉ်းစားလျှင် ဤသို့ သော သနားစရာ သတ္တဝါဇာတ်ဆောင်လေးများကို သတိရမိပါသည် ။

ချင်းတောင်ကင်းမောင်သည် သူ၏ လက်ကို မထိန်းနိုင်သော နေရာလေး တစ်ကွက် ကိုတော့ တွေ့ရပါသည် ။ ဝတ္ထု အပြီးသတ်ခါနီးတွင် နန်းတွင်းမိညို၏ အလှဘွဲ့ကဗျာလေးကို ထည့်သွင်း ရွတ်ဆိုလိုက်ခြင်းပင် ဖြစ်သည် ။ ချင်းကလေးအောင်လင်း၏ အသံမဟုတ်ဘဲ စာရေးသူ၏ အသံသို့ ပြောင်းသွားသည်ဟု ခံစားလိုက်ရမိသည် ။ ချင်းကလေး အောင်လင်းမှာ ဆယ်တန်းအောင်ပြီးသားဟု ထုချေစရာ အကွက် ရှိသော်လည်း ရှေ့ပိုင်း အပြောအဆိုနှင့် ကွာလွန်း နေသည် ။ ထို့ကြောင့် စာဖတ်သူမှာ ဆတ်ခနဲ မျက်ခုံးပင့်ရသည့် အခြေသို့ ရောက်သွားသည် ။ ဤသို့ဖြစ်ခြင်းသည် စာဖတ်သူ၏ ယုံစိတ်ကို တုံ့ခနဲ ဖြစ်သွားစေတတ်သည်ဟု ကျွန်တော် ယူဆမိပါသည် ။ မည်သို့ပင်ဖြစ်စေ နှစ်လိုလွမ်းမောဖွယ်ရာ ဝတ္ထုလေးတစ်ပုဒ်ဖြစ်သည်ဟုကား ကျွန်တော် ယုံကြည်မိပါသည် ။ ချင်းတောင်ကင်းမောင်သည် ပတ်ဝန်းကျင်ကို လေ့လာတတ်သောကြောင့်တစ်ကြောင်း ၊ စာအရေးအသား နိုင်းနင်းသောကြောင့်တစ်ကြောင်း ဝတ္ထုကောင်းလေးများ ထပ်မံ ပေါ်ထွက်လာလိမ့်ဦးမည်ဟု မျှော်လင့်မိပါသည် ။

☐ အောင်သင်း
📖သဘင်မဂ္ဂဇင်း
     နိုဝင်ဘာ ၊ ၁၉၈၄

Wednesday, June 18, 2025

အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ( အကြွင်းမဲ့ ချစ်ခြင်း မချစ်ခြင်း )


 

❝ အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ❞

⎕ အကြွင်းမဲ့ ချစ်ခြင်း မချစ်ခြင်း

“ ကျွန်တော် အကြိုက်ဆုံး ဝတ္ထုတို ” ကို ရွေးချယ်ရာ တွင် တစ်ခါတစ်ရံ နောက်ဆုံး အဆင့်တွင် ဟိုသင်း ရွေးရနိုး ၊ သည်သင်း ရွေးရနိုး ဝေခွဲ မရနိုင်လောက်အောင် အခက် ကြုံရတတ်ကြောင်း ကျွန်တော် တစ်ခါက ရေးခဲ့ဖူးပါသည် ။ ယခု တစ်ကြိမ်တွင် လည်း ထို အခက်အခဲမျိုး ကို ကြုံရပြန်ပါသည် ။

ကြုံရပြန်သည် က လူမျိုးနော် ၏ ကိစ္စ ။

လူမျိုးနော် ကို ကျွန်တော် တစ်ခါ ရွေးခဲ့ဖူးပါပြီ ။ “ မအိုမီ ၊ မနာမီ ၊ မသေမီ ” ။

တစ်နှစ် လောက် သာလျှင် ရေးမည် ဟု ကျွန်တော် ရည်ရွယ်ထားသော ဤကဏ္ဍ တွင် ဝတ္ထုဆရာ တစ်ယောက် ကို နှစ်ခါ ထပ်ပြီး မရွေးချင်ပါ ။ မရွေးချင်ရုံ သာ မဟုတ် မရွေး ဘူး ဟု ကျွန်တော့် စိတ် ထဲတွင် သတ်မှတ် ထားခဲ့ပြီး ဖြစ်ပါသည် ။

ယခုလ တွင် မဂ္ဂဇင်းများ ၌ ဝတ္ထုတိုကောင်းကလေး တွေ ပါကြပါသည် ။ ထို့ကြောင့် အခြား တစ်ယောက် ကိုပဲ ရွေးတော့မည် ဟု အောက်မေ့လိုက်ပါသည် ။ သို့သော် သူ့ ဝတ္ထု က ကျွန်တော့် ကို လွှမ်းမိုးလွန်းလှပါသည် ။ ရွေးတော့မည် ကြံလိုက်တိုင်း သူ့ ဝတ္ထု သာလျှင် ရှေ့ဆုံးက ပေါ်လာ နေတတ်ပါသည် ။ အကြိမ်ကြိမ် မျက်နှာ လွှဲခဲ့ပါသည် ။ မရ ။ သူ က ကျွန်တော့် မျက်နှာရှေ့သို့ ရောက်အောင် လိုက်ပါသည် ချည်း ဖြစ်ပါသည် ။

ထို့နောက် ကျွန်တော့် ကိုယ် ကျွန်တော် သတိပြုမိ လာသည် ။ ကျွန်တော် မရိုးသားခြင်း ကို တွေ့လိုက်ရသည် ။ အကြိုက်ဆုံး ဖြစ်နေပါလျက် ( နှစ်ခါ မထပ်ချင်တာ လေးကြောင့် ) မျက်နှာ လွှဲရန် ကြိုးစားနေခြင်း မှာ မရိုးသား ခြင်း ပင် မဟုတ်ပါလော ။ ဓမ္မဓိဋ္ဌာန် ပျောက်ကွယ်နေခြင်း ပင် မဟုတ်ပါလော ။

ထို့ကြောင့် ရိုးသားစွာပင် ကျွန်တော့် ကိုယ် ကျွန် တော် ဝန်ခံ၍ ရှုမဝ မဂ္ဂဇင်း မှ လူမျိုးနော် ၏ “ အကြွင်းမဲ့ ချစ်ခြင်း မချစ်ခြင်း ” ကို ကျွန်တော် ရွေးလိုက်ပါသည် ။

••••• ••••• •••••

လူမျိုးနော် ၏ “ အကြွင်းမဲ့ ချစ်ခြင်း ၊ မချစ်ခြင်း ” ကို ကျွန်တော် ဘာကြောင့် ကြိုက်ရသနည်း ။ အထပ်ထပ် သုံးသပ် ကြည့်မိပါသည် ။

သူ ၏ ရည်ရွယ်ချက် နှင့် အကြောင်းအရာ မှာ ကောင်းလှကြောင်း အငြင်းပွားဖွယ် မရှိပါ ။ အလွန် ကောင်းသော စေတနာ ၊ အလွန် ကောင်းသော ရည်ရွယ်ချက် ဟု ဆိုရပါမည် ။

သို့သော် စေတနာ ကောင်းတိုင်း ၊ ရည်ရွယ်ချက် ကောင်းတိုင်း ဝတ္ထုကောင်း မဖြစ်ပါ ။ စေတနာ သည် ဝတ္ထု မဟုတ်သေးပါ ။ ရည်ရွယ်ချက် သည် ဝတ္ထု မဟုတ် သေးပါ ။ ထို စေတနာ ၊ ထို ရည်ရွယ်ချက် ကို သုတစာပေ အားဖြင့်လည်း ဖော်ပြနိုင်ပါသည် ။ ရသစာပေ အားဖြင့်လည်း ဖော်ပြနိုင်ပါသည် ။

မိမိ ၏ အသိ ကို အမျှဝေသော အခါ သုတစာပေ ဖြစ်လာပါသည် ။

မိမိ ၏ ဝေဒနာ ကို အမျှဝေသော အခါ ရသစာပေ ဖြစ်လာပါသည် ။

လူမျိုးနော် သည် သူ ၏ ဝေဒနာ ကို အမျှဝေပါသည် ။

အမျှဝေသည် တော့ မှန်ပါပြီ ။ အမျှဝေတတ်ပါရဲ့လား ။

အမျှ မဝေတတ်လျှင် ခြောက်သွေ့သွေ့ သုတ ကို သာ ငြီးငွေ့ငွေ့ ရတတ်ပါသည် ။ ဝေဒနာ ပါ မလာတော့ပါ ။ ဝေဒနာ ပါလာတော့ မှ ဖတ်သူ တွင် လည်း ရေးသူ ၏ ဝေဒနာမျိုး ပေါ်ပေါက် လာတတ်ပါသည် ။

ဝေဒနာ ကို အမျှဝေခြင်းသည် စေတနာ နှင့် ဆိုင်ပါသည် ။

အမျှဝေတတ်ခြင်း သည် အနုပညာ နှင့် ဆိုင်ပါသည် ။

လူမျိုးနော် သည် အမျှလည်း ဝေပါသည် ။ ဝေ လည်း ဝေတတ်ပါသည် ။

••••• ••••• •••••

ဝတ္ထု ကို ခွဲခြမ်းစိတ်ဖြာ၍ ကြည့်လိုက်လျှင် အခန်း ( ၅ ) ခု တွေ့ရပါသည် ။ ထို အခန်း ( ၅ ) ခု ကို ဆက်လိုက်သော အခါ သူ ဖော်ပြလိုသော ဝေဒနာ မှာ အင်ကြီးအားကြီး နှင့် ပေါ်လာပါသည် ။ သို့သော် ဇာတ်လမ်းဇာတ်ကွက် တွေ့ရမည် မဟုတ်ပါ ။

အခန်း တစ်ခု နှင့် တစ်ခု ဇာတ်လမ်းချိတ်ဆက် တစ် ကွက်မျှ မရှိပါ ။ သီးခြားတွေ သာ ဖြစ်ပါသည် ။ ကျွန်တော် တို့သည် အဖြစ်အပျက် တစ်ခု ကို တင်ပြလိုက်လျှင် နောက် အဖြစ်အပျက် နှင့် ဘယ်လို ဆက်မလဲ ၊ ရှေ့ဆက်ပြီး ဘာဖြစ်မလဲ ယောင်ယမ်း မျှော်မိတတ်သည် ချည်း ဖြစ်ပါသည် ။ ထို မျှော်လင့်ချက် ကို လူမျိုးနော် က လုံးဝ လျစ်လျူရှုလိုက်သည် ။ သူ ပေးချင်သည့် ဝေဒနာ ကို စာဖတ်သူ ထံ ပို့ဆောင်နိုင်ရန် သူ အကြိုက်ဆုံး နည်းလမ်း ကို ဝံ့ဝံ့စားစားကြီး ရွေးချလိုက်သည် ။ တစ်နည်းအားဖြင့် အကြောင်းအရာ နှင့် အလိုက်ဖက်ဆုံး ပုံသဏ္ဌာန် ကို အလွတ်လပ်ဆုံး ရွေးလိုက်သည် ဟု ဆိုနိုင်ပါသည် ။

ဤသို့ ဇာတ်လမ်း ချိတ်ဆက် မပါသော ဖြစ်ရပ်တွေ ကို တစ်ခုစီ တင်ပြပြီး ဝတ္ထု ဖန်တီးရခြင်း မှာ လွယ်ကူသည် မဟုတ်ပါ ။ စာဖတ်သူ က တော်ရုံတန်ရုံ နှင့် စိတ်ရှည်ရှည် သည်းခံလိမ့်မည် မဟုတ်ပါ ။ ထို့ကြောင့် စာဖတ်သူ ကို ညှို့ငင် ထိန်းသိမ်းထားနိုင်ရန် စာရေး ကောင်းဖို့ အလွန် လိုပါသည် ။ လူမျိုးနော် က သူ့ လက် ကို သူ ယုံ ဟန် ရှိပါသည် ။ ယုံ လည်း ယုံလောက်ပါသည် ။ ဤအချက် မှာ ရှေ့တွင် ထင်ရှားလာပါလိမ့်မည် ။

••••• ••••• •••••

“ အကြွင်းမဲ့ ချစ်ခြင်း ၊ မချစ်ခြင်း ” ဝတ္ထုတို ၏ အခန်း အသီးသီး ရှိ အကြောင်းအရာ အဖြစ်အပျက်များ ကို စိစစ်ကြည့်လျှင် အောက်ပါအတိုင်း တွေ့နိုင်ပါသည် ။

အခန်း ( ၁ ) - ဇာတ်ဆောင် မင်းဇော် ကျောင်းသွား ရင်း ဘတ်စ်ကား ပေါ်မှ နေပြီး သူတောင်းစာလေး နှစ်ယောက် ကို တွေ့သည် ။ ပိုက်ဆံပေး လိုက်သည် ။ သူတို့ ၏ မိခင် မှာ အနာကြီးရောဂါသည် ဖြစ်နေကြောင်း ကို တွေ့ရ၍ အနာကြီးရောဂါ နှင့် ဝေဒနာသည် တို့ အကြောင်း စဉ်းစားမိ နေရင်း ကျောင်း ရောက်လာသည် ။

အခန်း ( ၂ ) - ငယ်သူငယ်ချင်း တစ်ယောက် တွင် အနာကြီးရောဂါ စွဲစ ပြုနေကြောင်း တွေ့ရသည် ။ ထို သူ မှာ မင်္ဂလာဆောင်ခါနီး ဖြစ်နေ၍ ရင်နာမိသည် ။

အခန်း ( ၃ ) - မိမိ ဘဝ ကို ပရဟိတ လောကအကျိုး အတွက် အပြီးတိုင် မြှုပ်နှံခဲ့သော ဆရာဝန် သူရဲကောင်းများ ၏ လမ်း ကို လိုက်သင့်ကြောင်း နှိုးဆော်သည့် ကဗျာ အတွက် မင်းဇော် ကဗျာ ပထမဆု ရသည် ။ မန္တလေးဆေး တက္ကသိုလ် ၏ ငွေရတုသဘင် အခမ်းအနား တွင် ဆုယူရသည် ။ မင်းဇော် ၏ စိတ် ထဲတွင် ထိုကဲ့သို့သော ဆရာဝန်မျိုး အလွန် ဖြစ်ချင်သည် ။ သမိုင်း တွင် အောင်မြင် ကျော်ကြားချင်သည် ။

အခန်း ( ၄ ) - အနာကြီးရောဂါကုဆေးရုံ သို့ ကျောင်းသားများ သွားရောက် လေ့လာကြရသည် ။ ရောဂါသည် တို့ ကို တွေ့ရသောအခါ လန့်သည် ။ ရွံရှာသည် ။ သက်ဆိုင်ရာ ဆရာဝန် ကိုယ်တိုင် ပင်လျှင် ရောဂါ ရနေကြောင်း တွေ့ရ သောအခါ တုန်လှုပ် ချောက်ချားမိသည် ။

အခန်း ( ၅ ) - မင်းဇော် ထိတ်လန့်နေသည် ။ ထိုကဲ့သို့ ဘဝ ကို မြှုပ်နှံပစ်လိုက်ရန် ( အကြွင်းမဲ့ ချစ်လိုက်ရန် ) ဝန်လေး နေမိသည် ။

ဤမျှသာ ဖြစ်ပါသည် ။ အခန်း ၁ ၊ ၂ ၊ ၃ တို့မှာ တစ်ခု နှင့် တစ်ခု အဆက်အစပ် ဘာမျှ မရှိပါ ။ ဇာတ်လမ်း ဇာတ်ကွက် ဖြစ်အောင် မဖန်တီးပါ ။ သို့သော် သူ ၏ ရည်ရွယ်ချက် အတွက် တော့ အထောက်အကူ ပြုသော အုတ်မြစ်များ ဖြစ်နေပါသည် ။ အခန်း ( ၄ ) ကို ဇာတ်ထွတ် ဟု ခေါ်နိုင်ပါသည် ။ ဇာတ်ရှိန် အမြင့်ဆုံး ဖြစ်ပါသည် ။ စာဖတ်သူ ကိုလည်း တမေ့တမော ဖမ်းစားနိုင်ပါသည် ။ အခန်း ( ၅ ) မှာ နိဂုံး ဟု ဆိုနိုင်ပါသည် ။ ဇာတ်ဆင်း ဇာတ်သိမ်း ဟု လည်း ဆိုနိုင်ပါသည် ။ သာမန်လူ တို့ ၏ အတ္တ ကို ဖော်ပြချက် ဟု ဆိုနိုင်ပါသည် ။ ထို့ကြောင့် ပရဟိတ ပုဂ္ဂိုလ်မွန် တို့၏ ဂုဏ် ကို ပိုမို ထင်ရှားစေသည် ဟုလည်း ဆိုနိုင်ပါသည် ။

••••• ••••• •••••

ဇာတ်ကွက် ကျိုးကြောင်း မဆက်သော အခန်းများ ကို တန်းစီ ပြီး ဖော်ပြရန်မှာ စာရေးကောင်းဖို့ လိုအပ်ကြောင်း ကျွန်တော် အထက်တွင် ပြောခဲ့ပြီးပါပြီ ။ လူမျိုးနော် သူ ၏ အရေးအသား စွမ်းရည်ဖြင့် စာဖတ်သူ အား ထိန်းသွားပုံ ကို တင်ပြပါရစေ ။

••••• ••••• •••••

      အိပဲ့ အိပဲ့ လှုပ်ရှားရွေ့လျား လာသော အမှတ် ၁ ဘတ်စ်ကားပြာ သည် ဘူတာကြီး မှတ်တိုင်သို့ “ ခြေပစ်လက်ပစ် ” ထိုးဆိုက်လိုက်သည် ။

      မင်းဇော် သည် အိတ်ကပ် ထဲမှာ နောက်ဆုံး ကျန်ရှိနေသော ဒူးယားစီးကရက် တစ်လိပ် ကို ထုတ်ယူမီးညှိကာ စိမ်ပြေနပြေ ဖွာရှိုက် လိုက်၏ ။ သူ ဆင်းရမည့် ဆေးကျောင်းမှတ်တိုင် ကို သိပ်မလို တော့သော်လည်း ကား က သည် ဘူတာကြီးမှတ်တိုင် မှာ တအောင့်လောက် ရပ်နားဦးမှာမို့ နည်းနည်းတော့ ကြာဦးမည် ဖြစ်သည် ။

      “ အစ်ကိုလေးရယ် ၊ ထမင်းဖိုးလေး ငါးပြား ၊ ဆယ်ပြားလောက် သနားပါဦး ”

      ကား အောက်က ထွက်ပေါ်လာ သော အသံချွဲချွဲပျစ်ပျစ်ကြောင့် မင်းဇော် သည် ဘာရယ်လို့ မဟုတ်ဘဲ အောက်ကို ငုံ့ကြည့်မိလိုက်သည် ။ ပေရေမည်းသည်း နေသော အရွယ် မရောက်သေးသည့် ကလေးငယ် နှစ်ဦး ၊ ရက်ပေါင်းများစွာ အစာရေစာ ၀၀လင်လင် မစားခဲ့ရခြင်း အဖြစ်သည် ကလေးငယ် နှစ်ယောက် ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း လိုလိုမှာ ထင်ရှား ပေါ်လွင် နေတော့သည် ။

အထက်ပါ စာပိုဒ်များ တွင် စာလုံးမည်းနှင့် ရိုက် ထားသော စာလုံးများ ကို ကြည့်ပါ ။ လူမျိုးနော် အားထုတ်မှု ကို တွေ့နိုင်ပါသည် ။

ကလေးများ ၏ မိခင် ကို တွေ့လိုက်သည် ။ ထို မိခင် ကို သရုပ်ဖော် ထားပုံ ကြည့်ပါဦး ။

       အဝတ်အစား လစ်လပ် နေသော ကိုယ်ခန္ဓာ နေရာတိုင်း က အသားအရေ သည် ကြမ်းတမ်းခြောက်သွေ့ ကာ အမွေးအမျှင် ကျိုးတိုးကျဲတဲ တို့ဖြင့် တကယ့်ကို စိတ်ပျက်စရာ ။ တိမ်စွဲနေဟန် တူသော မျက်စိ နှစ်လုံးစလုံး ကြောင့် တောင်ဝှေး ကို အားပြုရင်း စမ်းတဝါးဝါး ဖြင့် ကလေးငယ် နှစ်ဦး နောက်မှ တကောက်ကောက် လိုက် နေရရှာသည် ။ မြင်းကုန်းနှီး လို ပုံပျက်ပန်းပျက် ဖြစ်နေသော နှာခေါင်း ၊ ငုံးစိစိငုတ်တိုတို ဖြစ်ကာ မလှမပ ၊ မညီမညာ ဖြစ်နေသော ခြေချောင်း လက်ချောင်းများ ။

ဤ အရေးအဖွဲ့များ မှာ ရွံ့ရှာစိတ် နှင့် ကရုဏာစိတ် တို့ကို တစ်ပြိုင်နက် ပေါ်စေပါသည် ။ ကျောင်းသုံးစကား နှင့် ဆိုရလျှင် ဝိဘစ္ဆရသ နှင့် ကရုဏာရသ ကို တစ်ပြိုင်နက် ပေးသော အရေးအဖွဲ့များ ဟု ဆိုနိုင်ပါလိမ့်မည် ။

      မင်းဇော် သည် တစ်ဆက်တည်း မှာပင် အနာကြီးရောဂါ အကြောင်း ကို စဉ်းစား နေမိသည် ။

      အဆိုးရွားဆုံး မှာကား အနာကြီးရောဂါ ကို ကာလသားရောဂါ နှင့် မှားယွင်းမှု ကြီးမားစွာ ရောထွေး နားလည် နေကြခြင်း ပင် ဖြစ်သည် ။ ဟိုးတစ်ခေတ် က အနုပညာ အရ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော “ သည်ဆောင်းဟေမန် ” ဇာတ်ကား ၊ သည်ဘက် ခေတ် မှာ စံရွှေမြင့် ကာတွန်းဇာတ်လမ်းတွေ ထဲ က “ ဝမ်းနည်းရမှာ လား ၊ ဝမ်းသာရမှာလား ၊ မိသိန်းကြည် ” ။   

      အနာကြီးရောဂါ အကြောင်း နှင့် ပတ်သက်၍ တောင်တောင်အီအီများ ကို အတွေးနယ်ချဲ့ကာ စဉ်းစားမိရင်းမှ ...

      “ ဆေးကျောင်း မှတ်တိုင်ပါလား ”

      ဘူတာကြီးမှတ်တိုင် က ကား ဘယ်အချိန် ထွက်လာခဲ့လေသည် မသိ ။ စပယ်ယာ ၏ အသံစာစာ ကို ကြားလေမှ “ ပါတယ် ၊ ပါတယ် ” ဟု ကသောကမျော ပြောကာ ..

လူမျိုးနော် သည် ဘူတာကြီးမှတ်တိုင် တွင် ဘတ်စ်ကား တအောင့် နားခြင်း နှင့် ကျောင်းမှတ်တိုင် ရောက်လာခြင်း ကို မသိလိုက်ပုံ ဆက်စပ်ထားခြင်း ကို ကြည့်ပါ ။ အကွက်စေ့စေ့ အသေးစိတ် သတိပြုတတ်ပုံ တွေ့ရပါ လိမ့်မည် ။

••••• ••••• •••••

အခန်း ( ၂ ) တွင် သူ့ ငယ်သူငယ်ချင်း ၌ ရောဂါ စွဲစ ကပ်စ ပြုနေကြောင်း ဖော်ပြသည် ။ မင်းဇော် က အနာကြီးရောဂါ မှန်နေကြောင်း သိသော်လည်း ထိန်းထိန်းသိမ်းသိမ်း ပြော ကာ အားပေးစကား ဆိုပါသည် ။ ဤနေရာတွင် လူ့ သဘာဝ ကို တစ်ချက် သွင်းလိုက်ပါသေးသည် ။

      ဘယ်လို ဒုက္ခမျိုးပဲ ဖြစ်ဖြစ် ၊ ဘယ်လို ရောဂါမျိုးပဲ ဖြစ်ဖြစ် ကိုယ် ကိုယ်တိုင် နဖူးတွေ့ ၊ ဒူးတွေ့ ကြုံရတာ မဟုတ်သေး သရွေ့တော့ ဘေး ကနေ အားပေးရတာ အပန်းမကြီး ။ “ ငါ့အမေ သင်္ခါရ ” ပုံပြင်ထဲ က ဘုန်းကြီး လို အေးအေးလူလူ အားပေး ဖျောင်းဖျနိုင်သေးသည်သာ ဖြစ်သည် ။

••••• ••••• •••••

အခန်း ( ၃ ) ဖွင့်လိုက်ပုံမှာ အလန့်တကြား မဆီမဆိုင် ရှိလှပါတော့သည် ။ သို့သော် တကယ် ဆီဆိုင် နေကြောင်း ဖတ် ကြည့်ရင် သိသာရပါသည် ။ ဖွင့်ပုံ ကို ကြည့်ပါ ။

      “ ယခု ဆက်လက်ပြီး ချီးမြှင့်မယ့် စာပေဆု ကတော့ ကဗျာဆု ဖြစ်ပါတယ် ။ ကဗျာ ပထမဆု ကို ‘ ဝသုန်ဇော် ’ က အနာဂတ် အတွက် မွေးဖွားကြစို့ ကဗျာ နဲ့ ဆွတ်ခူးသွားပါတယ် ။ နောက်ဆုံးနှစ် အပိုင်း ( က ) အတန်း မှ ကလောင်ရှင် ဝသုန်ဇော် ဆုယူရန် စင်မြင့်ပေါ်သို့ ကြွပါ ”

ဤသို့ မင်းဇော် က ကဗျာ ပထမဆု ကို ရသည် ။ သူ ရေးသားခဲ့သော ကဗျာ ကိုလည်း ပြေးလွှား မြင်ယောင်နေ သည် ။ ကဗျာ မှာ အဲလ်ဘတ်ရွိုက်ဇာ ၊ ချေဂွေဗားရား ၊ ဂျိုဆေရီဇော် ၊ နော်မန်ဗက်သွန် စသော လူသားများ အတွက် နိုင်ငံတော် အတွက် ဘဝ မြှုပ်နှံခဲ့ကြသည့် ဆရာဝန်သမား တော်ကြီးများ အား ဦးညွတ်ခြင်း ၊ အားကျစေလိုခြင်းပင် ဖြစ်သည် ။

ဆောင်းပါး ရှည်လွန်းမည် စိုး၍ မဖော်ပြတော့ပါ ။ ဤကဗျာ ၌ပင် “ ငါ့နောင်တော်မများစွာ ” ဟူသော ဝံ့စားသည့် အသုံးကို တွေ့ရသေးသည် ။

ဤအခန်းတွင် မင်းဇော် ၏ ဆန္ဒ ၊ မင်းဇော် ၏ ဆုံးဖြတ်ချက်တို့ ကို ပြတ်သားစွာ ဖော်ပြသည် ။

      သူ့ ဘဝ တစ်ခုလုံး ကို ပြည်သူတွေ ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များတွင် မြှုပ်နှံပြီး ဦးဆွေးဆံမြည့် လုပ်ကိုင် သွားဖို့ စိတ်ပိုင်းဖြတ် ထားပြီး ဖြစ်၏ ။ အထူးသဖြင့် တော်ရုံတန်ရုံ ဆရာဝန် တစ်ယောက် မလုပ်နိုင်သော အလုပ်မျိုး ၊ မကျင့်ကြံနိုင်သော ကိုယ်ကျိုးစွန့်မှုမျိုး ၊ မထားနိုင်သော စိတ်ထားမြင့်မြတ်မှုမျိုး တို့ဖြင့် ထူးထူးခြားခြား တီထွင်လုပ်ဆောင် သွားမည်ဖြစ်၏ ။ မြန်မာ့သမိုင်း မှာ ရော ၊ ကမ္ဘာ့သမိုင်း မှာ ပါ လူသားတို့ အတွက် စွမ်းစွမ်းတမံ ကောင်းကျိုး ပြုသူ တစ်ဦး အဖြစ် နောင်လာနောက်သားများ က သူ့အား တသသ ဖြစ်ကာ သတိတွေ ရစေချင်သည် ။ ကျေးဇူးတွေ တင်နေစေချင်သည် ။ ဤသည် မှာ မင်းဇော် ၏ အပြင်းပြဆုံးသော ဆန္ဒ ပင် ဖြစ်သည် ။

      လူ့ဘဝ မှာ ကံကောင်းထောက်မစွာဖြင့် လူတစ်ယောက်ရယ် လို့ ဖြစ်လာ ခိုက် သူလို ငါလို မွေးဖွား ကြီးပြင်းပြီး မထင်မရှား လှုပ်ရှား နေထိုင်ရင်း လူ့လောကကြီး အတွက် ဘာ တစ်ခု မှ မည်မည်ရရ လုပ် မပေးနိုင်ခဲ့ဘဲ တိမ်းပါး ကွယ်လွန်ရမည် ကို မင်းဇော် အကြောက်ဆုံး ဖြစ်သည် ။

လူငယ်တို့ ၏ တက်ကြွသော အားမာန် ကို အဘယ် မျှ ပေါ်လွင်စေပါသနည်း ။ စူးစူးရဲရဲ ရှိလှသော စကားများ ဖြစ်ပေသည် ။ အားမာန် နှင့် ပရဟိတစိတ် ကို ဖော်ကျူး သလောက် ပြင်းထန်သော ငါတကား မာန ၊ ကျော်ကြား လိုသော အတ္တသည် လည်း ပေါ်လွင်လှပါသည် ။ ဤ အချက်များသည် အခန်း ( ၄ ) ထဲ က ဆရာဝန် အကြောင်း တင်ပြရာ၌ ကြီးစွာသော အထောက်အပံ့ ကို ဖြစ်စေပါသည် ။

••••• ••••• •••••

အခန်း ( ၄ ) မှာ ဇာတ်ထွတ် လည်း ဖြစ်သည် ။ အရေးအဖွဲ့ တွင် လည်း လူမျိုးနော် စေတနာ ထက်သန်စွာ ကြိုးစားထားကြောင်း တွေ့နိုင်ပါသည် ။ ကျွန်တော် အကြိုက်ဆုံး အခန်း ဖြစ်ပါသည် ။ ရွံ့ရှာခြင်း ၊ ကြင်နာခြင်း ၊ ရိုသေခြင်း ၊ ကြည် ညိုခြင်း ၊ အံ့သြခြင်း စသည့် ရသများ ကို တစ်စုတစ်ဝေးတည်း ခံစားရသောအခန်း ဖြစ်ပါသည် ။

ဆေးကျောင်းသားကျောင်းသူများ အနာကြီးရောဂါ ကုဆေးရုံ သို့ လေ့လာရန် ရောက်လာကြသည် ။ ထိုင်ခုံ များ ပေါ်၌ ထိုင်ရန်ပင် မဝံ့မရဲ ဖြစ်နေကြသည် ။ တာဝန်ခံ ဆရာဝန် ကို တွေ့လိုက်ရသော အခါ ထူးထူးခြားခြား မရှိလှ ။ သူလို ငါလို မျှသာ ။ ထို ဆရာဝန် ကို မင်းဇော် ချီးကျူးဖွဲ့ထားပုံ ကို ကြည့်ပါ ။ အပို တစ်လုံး မပါဘဲ ပေါ်လွင်လှပါသည် ။ အလင်္ကာ မသုံးဘဲ ရသ မြောက်လှပါသည် ။

      တာဝန်ခံဆရာဝန် ၏ ရုပ်လွှာသည် ရိုးရိုးလေး နှင့် အဆန်းကြီး ဆန်းနေတော့ သည် ။ ဆရာဝန် တစ်ယောက် အနေနှင့် ကိုယ် တတ် ထားသည့် ဆေးပညာ ဖြင့် ကုစရာ လူနာတွေ သည်လောက်ပေါများ နေပါလျက် သည်လို လူနာတွေ ရှိသည့် သည်လို ဆေးရုံမျိုး ကို မှ တမင်တကာ ရွေးချယ် ဝင်ရောက်ပြီး ဘာလို့များ အမှု ထမ်းရတာပါလိမ့် ။ စတန့်ထွင်တာတော့ မဟုတ်နိုင် ။ သည်လို သိပ် မွန်မြတ်တဲ့ အလုပ်ပဲ ဟု လူတွေ တဖွဖွပြော ပြောပြီး မသိမသာ ရော သိသိသာသာ ပါ လက် ရှောင် နောက်တွန့် တတ်ကြသည့် အလုပ် မျိုး က စတန့်ထွင်သူတွေ မပြော နှင့် တော်ရုံ တန်ရုံ ပရဟိတစိတ် ရှိသူတွေ ပင် စိတ်ကူး ရဲသော အလုပ် မှ မဟုတ်ပဲ ။ ဝတ္ထု ထဲ က ဇာတ်လိုက် နှင့် ရုပ်ရှင် ထဲ က မင်းသားတွေ လောက်သာ ဆရာဝန် သရုပ်ဆောင် အဖြစ် လှုပ်ရှားလုပ်ဆောင် ပြစဉ် မှာ သဏ္ဌာန် လုပ် သရုပ်ဆောင် နိုင်သည့် အကွက်မျိုး မဟုတ်လော ။

      စကားပြော ကောင်းသည် မဟုတ် ပါပဲလျက် စကားကောင်းများ ကို ခံစား ထိရှစွာ စိတ်ပါ လက်ပါ ပြောဆိုရှင်း လင်းပြနေသည် မှာ ဇာတ်လမ်းကောင်း တစ်ခု ကို နားဆင်နေသည့်နှယ် မင်းဇော် ၏ စိတ်သန္တာန် ဝယ် လက်တွေ့ လောက ထဲ က ဆရာဝန် တစ်ယောက်မျိုး မဟုတ်ဘဲ ရုပ်ရှင် ထဲက ဇာတ်လိုက် ဆရာဝန် တစ်ယောက် လို ထင်မြင်လာမိတော့သည် ။ အနစ်နာခံခြင်း ၊ ကိုယ်ကျိုးစွန့်လွှတ်ခြင်း အစရှိသော အဖြစ်သနစ်များသည် သူ ကျင်လည်နေထိုင်ရာ လူ့ဘောင် လောက ထဲမှာ ရှားပါး သော်လည်း ရှိနေသေးသည် ကို တအံ့တသြ တွေ့နေရသောကြောင့် သူ့ ရင်မှာ ပျော်ရွှင်ခြင်းများ ဖြင့် လှိုက်လှဲလှုပ်ခုန်၍ နေတော့သည် ။ အတ္တဥခွံ ကျဉ်းကျဉ်းလေး ကို အိမ် လုပ်ကာ တံခါးပိတ် နေထိုင် ကြရင်း လူ့ဘဝ ၏ တန်ဖိုး ရှိလှသော ရွှေအချိန် ကာလများ ကို ကုန်ဆုံး ပစ်နေကြသည့် သမာရိုးကျ လူသား မြောက်မြားစွာ တို့ ကြားမှာ -

ဆရာဝန် က လူနာများစွာ ကို ခေါ်၍ လူနာများ ကို ကြင်နာယုယစွာ ပွေ့ဖက်လျက် ခြေလက်များ ကို ကိုင် တွယ်ပြီး လက်တွေ့ ရှင်းပြသည် ။ ထိုဆရာဝန် ပွေ့ဖက် နေသော လူနာများ ကို သရုပ်ဖော်ထားပုံမှာ -

      ပုံပျက်ပန်းပျက် နှာခေါင်း ၊ နီရဲ ထွတ်ပွနေသော မျက်နှာ ၊ ကြမ်းတမ်း ခြောက်သယောင်းသော အသားအရေ ၊ အတိုအရှည် မညီညာသော ခြေချောင်း လက်ချောင်းများ ၊ ကွေးကွေးကောက် ကောက် ခြေလက်များ ၊ မရေတွက်နိုင် လောက်သည့် အဖြူကွက် ဘုစုခရုများ ၊ နှာခေါင်းသံ ပါသည့် စကားပြောသံ ၊ ပျက်နေသည့် မျက်စိများ ၊ ရွဲ့စောင်း နေသည့် မျက်နှာခင်း ။

“ မျက်နှာခင်း ” ဟူသော စကားလုံး ကို ကျွန်တော် အလွန် နှစ်သက်မိပါသည် ။ ဤသို့သော ဝေါဟာရများ သည် စာရေးဆရာ ၏ အားထုတ်မှု ကို ထင်ရှားစေပါသည် ။

ဤသို့ အနိဋ္ဌာရုံတွေ တစ်ပြုံတစ်ခေါင်းကြီး ကို ခပ်ကြာကြာ တွေ့ရသော အခါ မင်းဇော် ကိုယ်တိုင် ပျို့ချင် အန်ချင် ဖြစ်လာသည် ။ ကျောင်းသား အားလုံး မသိမသာ မျက်နှာ လွှဲဖယ်လာသည် ။

ထို့နောက် တာဝန်ခံ ဆရာဝန် က ဆေးကျောင်းသားများ ကို ဖိတ်ခေါ်သည် ။

      “ အခြေအနေလဲ ပေးမယ် ၊ ဝါသနာလဲ ပါမယ် ဆိုရင် ဆရာတို့ ဆေးရုံ မှာ လာပြီး အမှုထမ်းလုပ်ကိုင် ကြဖို့ပါပဲကွာ ၊ အလုပ် က မွန်မြတ်လွန်းအား ကြီးပေမဲ့ တကယ့် တကယ် လက်တွေ့ ဝင်လုပ်ဖို့ ကျတော့ စိတ်ပါတဲ့ လူ မရှိ သလောက်ပဲ ၊ သူတို့တွေ ကိုတော့ ဆရာ အပြစ် မတင်လိုပါဘူးလေ ၊ ဒါပေမဲ့ အဲလို ဝင်လုပ်မယ့် ဆရာဝန်တွေ တစ်နေ့တစ်ခြား နည်းလာတာကြောင့် ခုလို ဆေးရုံတွေ မှာ အလုပ် လုပ်နေကြတဲ့ ဆရာဝန်တွေ အဖို့ လူ နဲ့ အလုပ် က အလွန်အမင်း ကို မမျှမတ ဖြစ်လာတယ် ၊ အဲဒါတွေကြောင့် မင်းတို့ ထဲ က ထွက်ပေါ်လာမယ့် သူရဲကောင်းတွေ ကို ဆရာ မျှော်ပါရစေနော် ”

ထိုကဲ့သို့ ရှင်းလင်း ပြောပြပြီးနောက် မေးချင်တာ မေးခွင့် ပြုလိုက်သည် ။ မင်းဇော် က မေးခွန်း တစ်ခု ကို အထစ်ထစ် အငေါ့ငေါ့ အားနာစွာ မေးလိုက်သည် ။ ထိုမေးခွန်း နှင့် ဆရာဝန် ၏ အဖြေ မှာ ဇာတ်ကွက် ၏ အမြင့်ဆုံး အပိုင်းပင် ဖြစ်သည် ။ စာဖတ်သူ ၏ ရင်နှလုံး ကို လှုပ်ခါ လိုက်သော စကားများ လည်း ဖြစ်သည် ။

လူနာ နှင့် ဆရာဝန် မမျှမတ ဖြစ်နေသည် ဟု ဖော်ပြခဲ့သော အချက်နှင့် ဤစကားများ မှာ အဖုံးအပိတ် အံဝင် လှပါသည် ။

      “ ဟို ... ဟို ... ဒီလိုပါ ဆရာ ၊ စိတ် မရှိနဲ့နော် ဆရာ ၊ ဆရာ ရဲ့ လက်ချောင်းကလေးတွေ တချို့တလေ တိုနေ တာ ကျွန်တော် သတိထား ”

      “ ဪ … ဒါလား ၊ အေးလေ ကွာ ၊ ဆရာ လဲ အနှစ်နှစ်ဆယ်လောက် ဒီလို လူတွေ နဲ့ လက်ပွန်းတတီး နေလာခဲ့ တော့ ဒီရောဂါ ကူးတော့တာပေါ့ အစတုန်း ကတော့ ဆေးတွေ ဘာတွေ သောက် သေးတာပေါ့ကွာ ၊ နောက်တော့လဲ သောက်တဲ့ ဆေးရဲ့ ပမာဏထက် ထိတွေ့ ကိုင်တွယ် နေရတဲ့ လူနာအရေအတွက် နဲ့ ရောဂါပိုး ပမာဏ က သိပ် မမျှမတ ဖြစ်သွားတော့ ဒီလို ဖြစ်လာတော့တာပေါ့ ၊ ကိုယ် ဝါသနာ ပါတဲ့ အလုပ် တစ်ခု ကို လုပ်မှတော့ နစ်နာဆုံးရှုံးမှု ဆိုတာ အထိုက်အလျောက် တော့ ရှိကောင်း ရှိနိုင်တာပေါ့ကွာ ၊ အများအကျိုး အတွက် အသက်အသွေးတွေ ကို တောင် အမှုမထားဘဲ စွန့်လွှတ်ခဲ့ကြတဲ့ သူတွေ နဲ့ နှိုင်းစာလိုက်ရင် ဆရာ့ စွန့်လွှတ်မှု ဟာ အသေးအဖွဲ့ ပါ တပည့်ရာ ”

      မင်းဇော် သည် သူ့ ကိုယ် သူ အရုပ်ကြိုးပြတ် လဲကျ မသွားရလေအောင် အတော်ကြီး ကြိုးစား၍ ထိန်းသိမ်းလိုက်ရ တော့၏ ။

••••• ••••• •••••

သာမန်အားဖြင့် ဆိုလျှင် ဝတ္ထုတို ကို ဤနေရာတွင် အဆုံးသတ် သင့်ပါသည် ။ အကောင်းဆုံး အကွက် မဟုတ်ပါလား ။ လူမျိုးနော် က ဝတ္ထုတို ပုံသဏ္ဌာန် ဇာတ်လမ်း တစ်ကွက် ထက် သူ ပြောချင်သော အချက် ကို သာ ပိုပြီး အလေးထားသည် ။ ထို့ကြောင့် အခန်း ( ၅ ) ကို ဆက်ရေးခြင်း ဖြစ်သည် ။ အခန်း ( ၅ ) မှာ အနာကြီးရောဂါ ဆေးရုံ မှ အပြန်ခရီး တွင် မင်းဇော် စဉ်းစားတွေးတောလာပုံ ဖြစ် သည် ။ ထိုအခန်း ( ၅ ) ကြောင့် ဝတ္ထုဇာတ်လမ်း သဘော အရ ဆိုလျှင် မျောသွားသည် ဟု ဆိုနိုင်သည် ။ ဇာတ်လမ်း က မျောသွား သော်လည်း အာဘော် က ပိုပြီး ထက်မြက်လာသည် ။

အခန်း ( ၃ ) တွင် ဖော်ပြခဲ့သော ပထမဆုရ ကဗျာ သည် အခန်း ( ၅ ) တွင် နှိုင်းယှဉ် ချိန်ထိုးရန် အတွက် ဖြစ်ကြောင်း အကွက်လည် လာပါပြီ ။

      မင်းဇော် ၏ အတွေးကွန်ချာ မှာ တော့ အနာကြီးရောဂါကုဆေးရုံ က ဆရာဝန် က လုံးလုံးလျားလျား နေရာယူ ထားတော့သည် ။ မင်းဇော်သည် သူ ၏ စိတ်ကူး ထဲ မှာပင် စောစောက တွေ့ခဲ့ရသည့် ဆရာဝန် နှင့် သူ ၏ ဆုရကဗျာ ထဲ က အဲလ်ဘတ်ရွိုက်ဇာ ၊ ချေဂွေဗားရား ၊ ဂျိုဆေရီဇော် ၊ နော်မန်ဗက်သွန် အစရှိသော ကမ္ဘာကျော် ဆရာဝန် လူစွမ်းကောင်းများ တို့ကို နှိုင်းယှဉ် ကြည့်မြင်နေမိ၏ ။

      လူသားများ အတွက် အနစ်နာခံ တာချင်း ၊ ကိုယ်ကျိုး စွန့်လွှတ်တာချင်း အတူတူ ဟို ဆရာဝန်တွေ က နာမည်ကျော် လူသိများပြီး လူတကာ က အားကျ ဂုဏ်ယူ ခြင်း ခံနေရပါလျက် သူ့ ဆရာဝန် က မထင်မရှား အညတရ တစ်ယောက် ဖြစ်နေသည့် အတွက် အထူးပင် အားမလိုအားမရ ဖြစ်နေမိတော့သည် ။

သူရဲကောင်းဝတ္ထုများ ကို သာ ဖတ်ကျင့်ရ နေသော သူများကား လူမျိုးနော် ၏ ဝတ္ထု အဆုံးသတ်ပုံ ကို အားမလို အားမရ ဖြစ်ကြပေလိမ့်မည် ။ သို့သော် သရုပ်မှန်ဝတ္ထု ဆို သည် သရုပ်မှန် ရပေလိမ့်မည် ။ လူမျိုးနော် ၏ ဝတ္ထုဆင်ပုံ ၊ စကားဖွဲ့စည်းပုံ မှာ ကဗျာငွေ့ သမ်းသော်လည်း သူ သည် ဘဝသရုပ်မှန် ဝတ္ထုဆရာ စင်စစ် ဖြစ်ချေသည် ။  အဆုံးသတ်ပုံ ကို ကြည့်ပါ ။

      သတ္တိကြောင်သည် ဟု ဆိုဆို ၊ အတ္တတွေ လိမ်းကျံနေဆဲ ရှိသေးသည် ဟု သမုတ်သမုတ် ၊ မင်းဇော် အနေနှင့် ကတော့ ပရဟိတ စိတ်ဓာတ် တော်တော်တန်တန် ရှိသည် ဖြစ်သော်ငြားလည်း သူ့ ဆရာဝန် လို လူမသိ သူမသိ ခုလိုမျိုး ကိုယ်ကျိုး စွန့် နေဖို့ အနစ်နာခံနေဖို့ ၊ အများအကျိုး သယ်ပိုး နေဖို့ မဝံ့မရဲသေးသည် ကတော့ အမှန်ပင် ဖြစ်သည် ။

      သူ့ လိုမျိုး အကြွင်းမဲ့ ပရဟိတ စိတ်ဓာတ် ထားဖို့ ကိုမူ မင်းဇော် တစ်ယောက် အကြောက်ကြီး ကြောက်နေမိတော့သည် ။

      ဪ ... တကယ့် တကယ် ကျတော့လည်း လူ ဆိုသည်မှာ လူ ပီသစွာပင် ကိုယ့် ကိုယ်ကိုယ် အနည်း နှင့် အများ ကုတ်ကတ် ကြံဖန်ကာ ချစ်နေတတ်ကြသည်သာပင် ။

••••• ••••• •••••

သာမန် ဇာတ်ကွက်ဇာတ်လမ်း ၊ အလှည့်အပြောင်း ဝတ္ထုတိုများ နှင့် လူမျိုးနော် ၏ ဝတ္ထုတို မည်မျှ ကွာခြားသည် ကို စာဖတ်သူ တွေ့နိုင်ပါပြီ ။

သူ ၏ ဝတ္ထုသည် လူငယ်တို့ ၏ ကျော်ကြားလိုသော သဘာဝ ကိုလည်း ဖော်ပြသည် ။ လူ့လောက ကို အကြွင်းမဲ့ ချစ်တတ်သော သူတို့ ၏ မြင့်မြတ်မှု ကိုလည်း ဖော်ပြသည် ။ တိတ်တိတ်ပုန်း သူရဲကောင်းများ ကိုလည်း ဖော်ပြသည် ။ ပြည်တွင်း က သူရဲကောင်း ဆရာဝန်များ ကိုလည်း အသိအမှတ် ပြုကြပါဦး ဟု သတိပေးရာ ရောက်သည် ။ အားလုံး ခြုံ လိုက်လျှင် လူ့အကြောင်း နှင့် လူ ထက် မြင့်သော လူတို့ အကြောင်း ကို ဖော်ပြသွားသည် ဟု ဆိုချင်ပါသည် ။

ဖော်ပြရာတွင် လည်း ဝိဘစ္ဆရသ ၊ ကရုဏာရသ ၊ သန္တရသတို့ ပေါ်ပေါက်လာအောင် စွမ်းဆောင်နိုင်သည် ဟု ဆိုချင်ပါသည် ။

⎕ အောင်သင်း
📖သဘင် မဂ္ဂဇင်း    
     အောက်တိုဘာ ၊ ၁၉၈၄

Thursday, May 15, 2025

အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ( တောင်တန်းပြာ ပုံပြင် )


 

◾အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို

❝ တောင်တန်းပြာ ပုံပြင် ❞

မောင်ကျော်သာ ( ပဲခူး ) မှာ ကလောင်သစ် တစ်ချောင်း ဖြစ်ဟန် ရှိပါသည် ။ ကျွန်တော် တော့ဖြင့် သူ ၏ စာ ကို မှတ်မှတ်သားသား မတွေ့ရဖူးသေးပါ ။

မောင်ကျော်သာ ( ပဲခူး ) က ကလောင်သစ် ဖြစ် သကဲ့သို့ “ တောင်တန်းပြာ ပုံပြင် ” ကလည်း ကျွန်တော် တို့ သတိ မပြုမိသော ဂေါ်ရခါးလူမျိုးတို့ ၏ လောကလေး တစ်ပိုင်းတစ်စ ဖြစ်၍ အကြောင်းအရာသစ် ဟု ဆိုရခမန်း ဖြစ်နေပါသည် ။

ဇာတ်လမ်း က ဆန်းပြားလှသည် ဟု မဆိုနိုင်ပါ ။ ဂေါ်ရခါးလုလင်လေး တစ်ယောက် နှင့် ဂေါ်ရခါးလုံမလေး တစ်ယောက် တို့ အိမ်ထောင် ကျသည် ။ ဂေါ်ရခါးလုလင်လေး က အစိုးရကျောက်တွင်း တွင် အလုပ် လုပ်သည် ။ သို့သော် လောဘရမ္မက် ကြောင့် အစိုးရ အလုပ် သို့ မသွား ဘဲ ကျောက်တွင်း ခိုးပြီး တူးကြသည် ။ ဂေါ်ရခါးမလေး က ထိုကဲ့သို့ မလုပ်စေချင် ။ လောဘ မကြီးစေချင် ။ တစ်နေ့ တွင် တော့ တောင်ပြိုပိ၍ ဂေါ်ရခါးလေး သေသွားသည် ။ သူ သေပြီး ကိုယ်ဝန် ကျန်ခဲ့ရာ မကြာမီပင် တတိယ ကလေးငယ် ကို မွေးရပြန်သည် ။ ဂေါ်ရခါးမလေး မှာ ဆွေးမပြေ ဖြစ် ရသည် ။

ဇာတ်လမ်း မှာ ဤမျှသာ ဖြစ်သည် ။ ဝတ္ထု ကို ဂေါ်ရခါးမလေး က သွားလေသူ ခင်ပွန်း အား တမ်းတ ပြောဆို နေဟန် ဖြင့် ရေးထားသည် ။ ထို့ကြောင့် ဝတ္ထုကြောင်း ပြောနေသူ ဂေါ်ရခါးမလေး နှင့် စာဖတ်သူတို့ တစ်စုံတစ်ရာ ဆက်သွယ်မှု မရှိ ။ ကျန်ရစ်သူ ဇနီး က သွားလေသူ ခင်ပွန်း အား လွမ်းဆွတ်စွာ တမ်းတ ပြောဆို နေသည် ကို ဘေး က ကြားနေရ သကဲ့သို့ ရှိသည် ။ ဤသည် မှာ မောင်ကျော်သာ သုံးစွဲသော ရှုထောင့် ဖြစ်သည် ။

ကျွန်တော် တို့ သည် ဝတ္ထု ဖတ်ကြသော အခါ မျှော် လင့်မှန်းထားချက် အကြမ်း အားဖြင့် သုံးမျိုး ရှိပါသည် ။ ထို အချက်များ မှာ -

( ၁ ) သုတအသိ ရလိုစိတ်
( ၂ ) အနုပညာ ခံစားလိုစိတ်
( ၃ ) ရသ ခံစားလိုစိတ် တို့ ဖြစ်ပါသည် ။

( ၁ ) သုတအသိ ရလိုစိတ် မှာ - ဇာတ်လမ်း အရ ရှေ့ ဘာဖြစ်မလဲ ဟူသော သိလိုစိတ်မျိုး နှင့် မတူပါ ။ ဘဝ အကြောင်း ၊ လောကအကြောင်း ၊ သိပ္ပံအကြောင်း ၊ စိတ်ပညာအကြောင်း ၊ ဆေးပညာအကြောင်း ၊ မှောင်ခိုလောက အကြောင်း စသည့်စသည် သုတများ ကို သိလိုစိတ်မျိုး ဖြစ်ပါသည် ။ ယုတ်စွအဆုံး ကျွန်တော် ညွှန်းသည့် ဝတ္ထုတို များကို ရှာဖွေပြီး ဖတ်လျှင် အောင်သင်း ဘာကြောင့် ညွှန်းပါလိမ့်မလဲ ဟူသော သိလိုစိတ် က ဦးဆောင် နေသည် ဟု ဆိုရပါလိမ့်မည် ။

( ၂ ) အနုပညာ ခံစားလိုစိတ်ဆိုသည် မှာ - ပုံသဏ္ဌာန်ဖွဲ့စည်းမှု ၊ ပုံသဏ္ဌာန်သစ် တီထွင်မှု ၊ ဆန်းသစ် သော တင်ပြမှု ၊ ပြောဟန်လေသံ တီထွင်မှု စသည့် အနုပညာပိုင်း ဆိုင်ရာ အလှ ခံစားလိုမှု ဖြစ်ပါသည် ။

( ၃ ) ရသခံစားလိုမှု ဆိုသည် မှာ - ကျွန်တော် တို့ ချစ်သော ၊ မုန်းသော ၊ ဇာတ်ကောင်လူသူတို့ ကို အောင်မြင်စေလိုမှု ၊ အရေးနိမ့်စေလိုမှု ၊ သနားမှု ၊ စက်ဆုပ်မှု ၊ ထိတ်လန့်မှု ၊ အံ့ဩမှု စသည့် ခံစားမှုများ ဖြစ်ပါသည် ။

မောင်ကျော်သာ သည် သုတအသိ ရလိုမှု ကို ကောင်းကောင်းကြီး နှိုးဆော်ကာ ဤ ဝတ္ထု ကို ရေးဖွဲ့ထားသည် ဟု ဆိုသင့်ပါသည် ။

ဇာတ်ကောင်တို့ မည်သည့် လူမျိုးများ ဖြစ်ကြကြောင်း ကို ဝတ္ထု သုံးပုံ နှစ်ပုံ လောက်ရ မှ သိရသည် ။ ဇာတ် ကြောင်း ပြောသူ ဂေါ်ရခါးမလေး ၏ အမည် ကို ဝတ္ထု ဆုံးခါ နီး မှ သိရသည် ။ ဤကဲ့သို့ လူမျိုး အမည် နှင့် လူ အမည် တို့ ကို ဝှက် ထားခြင်း မှာ ဇာတ်လမ်း ရသ နှင့် ဘာမျှမဆိုင်ပါ ။ သုတ ရလိုစိတ် ကို နှိုးဆော်ရန် မချင့်မရဲ ဖြစ်အောင် ဝှက်ထား ခြင်း သက်သက် မျှသာ ဖြစ်ပါသည် ။ ထို့ကြောင့် စာဖတ်သူ မှာ တမက်မောမော သိလိုဇော နှင့် ဖတ်နေမိခြင်း ဖြစ်သည် ။

မောင်ကျော်သာ ဝတ္ထု ဖွင့်ပုံ ကို ကြည့်ပါ ။ 
    
      “ တောင်နေကြာတွေ ပွင့်တော့မယ် ဿာဂျူး ”

ဿာဂျူး ဟူသော နာမည် မှာ ဆန်းသည် ။ ဆန်း သည်ကို ထားဦးတော့ ။ “ ဿာ ” ဟူသော စာလုံးပေါင်း မှာ ပို၍ ဆန်းသည် ။ သာဂျူး ဟု အသံ မထွက်စေဘဲ မောင်ကျော်သာ ထဲ က “ သာ ” လို အသံထွက် စေချင်ဟန် ရှိသည် ။

စင်စစ် နာမည် အသံထွက် မှန်ခြင်း ၊ မှားခြင်း မှာ ဝတ္ထု တစ်ပုဒ် ဖတ်ရန် အတွက် အရေးကြီးလှသည် မဟုတ်ပါ ။ သို့သော် မောင်ကျော်သာ က “ ဿာ ” ဟု ရေးထားသည့် အတွက် ဘာ လူမျိုးပါလိမ့်မလဲ ။ ကချင် ၊ ချင်း ၊ ရှမ်း စသည့် တိုင်းရင်းသား နာမည်မျိုး နဲ့ လည်း မတူပါတကား ဟု သိလို စိတ် ဖြစ်ပေါ်လာသည် ကား အမှန်ပင် ဖြစ်ပါသည် ။

မောင်ကျော်သာ သည် စာဖတ်သူ ကို ဤနည်းဖြင့် ရုတ်တရက် ဖမ်းစား လိုက်သည် ။ ချစ်ဦးညို ၏ ဗျဂ္ဃ ကို သုံးသပ် တင်ပြခဲ့ရာတွင် ရုတ်တရက် ဖမ်းစားမှု အကြောင်း ဖော်ပြခဲ့ပါသေးသည် ။ ချစ်ဦးညို ဖမ်းစားပုံမှာ ဇာတ်လမ်း ဇာတ်ကွက် အရ ရသ သဘောဖြင့် ဖမ်းစားခြင်း ဖြစ်၍ မောင် ကျော်သာ ကမူ သုတ နှင့် ဖမ်းစားခြင်း ဖြစ်သည် ။ ကျွန်တော် ပြောလိုသော အချက် မှာ သုတ ရလိုသော စိတ် ကို အကြောင်းပြု၍ လည်း ရုတ်တရက် ဖမ်းစားမှု ပြုနိုင်သည် ဟူသော အချက်ပင် ဖြစ်ပါသည် ။

မောင်ကျော်သာ ဖွင့်ပုံ ကို ပြည့်စုံအောင် ဖတ်ကြည့်ပါဦး ။

••••• ••••• •••••

          တောင်နေကြာတွေ ပွင့်တော့မယ် ဿာဂျူး ။ မိုးကုတ် ပတ်လည်က တောင် တန်းတွေ မှာ တောင်နေကြာတွေ ပွင့်လာ ကြတော့မယ် ။ ဒီဇင်ဘာ ဆိုရင်တော့ တောင်တန်းတွေ ဟာ လည်း တောင်နေကြာတွေ နှင့် ဝါဝါထိန်ရောပေါ့ ။

          နင် နှင့် ငါ စ တွေ့တာ ကလည်း ဒီဇင်ဘာ မှာ မဟုတ်လား ။ ဒီဇင်ဘာ ရောက်လို့ ခရစ်စမတ်ပွဲတော် ချိန် ကျပြီ ဆိုရင်တော့ တောင်မဲတောင် ကို တက်ကြတာ ကလည်း ငါတို့ လူမျိုးတွေ ရဲ့ အလေ့အထ လို ဖြစ်နေပါပြီ ။ ဒီမှာတင် နင် နှင့် ငါ တွေ့ခဲ့တာပေါ့ ။

••••• ••••• •••••

“ ခရစ်စမတ်ပွဲတော်ချိန် ကျပြီ ဆိုရင်တော့ တောင်မဲတောင် ကို တက်ကြတာ ကလည်း ငါတို့ လူမျိုးတွေ ရဲ့ အလေ့အထ လို ဖြစ်နေပါပြီ ” ဟူသော စကားတွင် ငါတို့ဂေါ်ရခါး ကို မြှုပ်ချန်ထားခဲ့ခြင်း မှာ မောင်ကျော်သာ သုတ မြှုပ်ကွက် ဖြင့် တမင် ဖမ်းစားကြောင်း သိသာ ထင်ရှားစေပါသည် ။

သို့သော် မောင်ကျော်သာ က ဂေါ်ရခါးလူမျိုး တို့ ၏ ဓလေ့စရိုက်ကလေးများ ကို ကား စာဖတ်သူ အကဲခတ် စေရန် သဲလွန်စ အဖြစ် ပြထား တတ်ပါသည် ။

တောင်ပေါ် တွင် ဇာတ်ကြောင်း ပြောသူ ဂေါ်ရခါး မလေးတို့ အဖွဲ့ နှင့် ဿာဂျူးတို့ အဖွဲ့ ဆုံမိကြသည် ။ မိုဟန် ဆိုသော ဂေါ်ရခါးလေး ၏ မိတ်ဆက်ပေးမှုကြောင့် သိကျွမ်းကြသည် ။ ဿာဂျူး က သူ့ ကို ဘော်ဘီဇာတ်ကား ထဲ က သီချင်း နှင့် ကပြပါ ဟု ဆို၍ ကက်ဆက် ဖွင့်ပေးသည် ။ ထို့ကြောင့် ရှက်ရှက်နှင့် ပင် ကရတော့သည် ။

••••• ••••• •••••

          သီချင်း ဆုံးတော့ ငါ လည်း အက ရပ်ပြီး လူအုပ် ထဲ ကို ပြန် ဝင်ပြေးတာပေါ့ ။ နင် ကတော့ “ ငါ အက ကောင်းလို့ ဆုချပါရစေ ” ဆိုပြီး ပေါင်မုန့် တစ်လုံး ၊ မလိုင် နှစ်ခဲ နဲ့ တောင်နေကြာပန်း တစ်ပွင့် ကို လာပေးတယ် ။

••••• ••••• •••••

ပေါင်မုန့် နှင့် မလိုင်ခဲ ဟူသော စကား ကို တွေ့လျှင် ကား ဂေါ်ရခါး ဖြစ်လေမလား ဟု ရိပ်စားမိနိုင်သည် ။ ဂေါ်ရခါးလူမျိုး များ နှင့် ရင်းနှီးသောသူများ အဖို့ကား “ ဿာဂျူး ” ၊ “ မိုဟန် ” စသည်တို့ ကို တွေ့လိုက်ရုံ နှင့် သိပါလိမ့်မည် ။ ကျွန်တော့် အဖို့ကား မလွယ်လှပါ ။ ကျွန်တော်တို့ ရင်းနှီး သော ဂေါ်ရခါး နာမည် မှာ “ ဗဟာဒူး ” လောက် သာ ရှိပါသည် ။ ထို နာမည် ကိုတော့ မောင်ကျော်သာ က နောက်ပိုင်း ဂေါ်ရခါးလူမျိုး ဖြစ်ကြောင်း ဖော်ပြပြီး မှ သုံးစွဲပါတော့သည် ။ ထို့ကြောင့် သုတ ရလိုစိတ် ကို အခြေခံ၍ ဖမ်းစား ဆွဲဆောင် ရန် ကြိုးစား ထားကြောင်း သိသာပါသည် ။ မည်သို့ပင် ဖြစ်စေ မောင်ကျော်သာ အောင်မြင်သည် ဟု ဝန်ခံရပါမည် ။

ထို့နောက် တစ်နှစ်ခန့် ကြာ တောင်နေကြာတွေ ပွင့်ချိန်တွင် သူတို့ နှစ်ယောက် ဘုရားကျောင်း တွင် လက်ထပ်ကြသည် ။

••••• ••••• •••••

          နင် နှင့် ငါ လက်ထပ် တော့ တောင်နေကြာ တွေ နှင့် ဝါထိန် နေတဲ့ တောင်တန်းကြီး ကို နောက်ခံထားပြီး ဓာတ်ပုံ ရိုက်ကြတယ် ။ ငါ က ရှက်ပြီး ခေါင်းငုံ့ နေတော့ “ ဗျိုး - လီတောက် ကိုထရောင် ” ( မော့ပါဦး ၊ သတို့ သမီးရယ် ) လို့ ငါ့ ကို ပြောတယ် မဟုတ်လား ။

မသိဘဲ နားလည်ပြီး နားမလည်ဘဲ ချစ်တတ်သည့် လူ့သဘာဝ ကို ကျွန်တော် အံ့ဩမိပါသည် ။ “ ဗျိုး - လီ တောက်ကိုထရောင် ” ဟူသော စကား ကို ကျွန်တော် မသိပါ ။ သို့သော် မောင်ကျော်သာ ရှင်းပြလိုက်သော ကြောင့် နားလည်သွားပါသည် ။ သို့သော် တကယ် နားလည်သည် ကား မဟုတ် ။ သို့ပါလျက် ထို စကားလေး ကို ချစ်နေမိ သယောင် ဖြစ်လာပြန်သည် ။

အရေးပါသော ဇာတ်ကွက် တွင် ဤသို့ မူလ ဘာသာစကား တစ်ကွက်တလေ ကို သုံးလိုက်ခြင်း မှာ ( နေရာ မှန်လျှင် ) လတ်ဆတ် ဆန်းသစ်သော စွဲမက်မှု ကို ဖြစ်ပေါ် စေပါသည် ။ ဆရာကြီး ရွှေဒုံးဘီအောင် သည် ကရင်အမျိုးသား ဝတ္ထုများ ကိုရေးရာ တွင် ကရင် စကားလေးများ ကို အကွက်ကျကျ ထည့်သွင်း သုံးစွဲတတ်ပါသည် ။ ရှုမဝ မဂ္ဂဇင်း တွင် ရေးခဲ့သော “ သွေးနဲ့ရေးတဲ့စာ ” ၊ “ ဗိုလ်ကန့်လန့် ” ၊ “ သူတို့ လက်ဆောင် ” ဆိုသည့် အခန်းဆက် ဝတ္ထုများ တွင် ချစ်စဖွယ် ကရင် စကားလေးများ ကို အကွက်ကျကျ ထည့်သွင်း သုံးစွဲရာ ဝတ္ထုများ ဖတ်ပြီးသည့် နောက် ကာလ အတော် ကြာသည် အထိ ထို ကရင်စကားများ ကို မှတ်မိနေ ခဲ့ပါသည် ။ နော်ဂီလောက်ဂျိတ် ( ပင်လုံးကျွတ် ပွင့်နေသော အပင် ) ဆိုသည့် ကရင်မလေး နာမည် ကို ကား ယခုတိုင် မှတ်မိ နေပါသည် ။

ထိုကဲ့သို့ ထည့်သွင်း ပေးတတ်ခြင်း သည် နှစ်သက် ခြင်း ကို ဖြစ်စေသည် သာမက ဝတ္ထု အသင့်ယုတ္တိ ရှိစေခြင်း အတွက် လည်း ကောင်းကောင်းကြီး အထောက်အပံ့ ဖြစ်စေသည် ဟု ဆိုနိုင်ပါသည် ။ ရော်ရမ်းဖြန်းသန်း ရေးခြင်း မဟုတ်ကြောင်း ကို လည်း ထင်ရှားစေနိုင်ပါသည် ။

တောင်နေကြာတွေ ပွင့်နေသော ဒီဇင်ဘာလ ခရစ်စမတ်ပွဲတော် အပြီး ၂၉ ရက်နေ့ တွင် သူတို့ လက်ထပ်ကြသည် ။ နောက် တစ်နှစ် တောင်နေကြာတွေ ပွင့်သော အချိန် တွင် သမီးဦးလေး ကို မွေးသည် ။ သမီး နာမည် က “ သီးသေးဖူးလ် ” ( တောင်နေကြာ ) ။

ထို့နောက်တွင် ကား ဝတ္ထု မှာ တစ်စတစ်စ ရသပိုင်း သို့ ဝင်လာစ ပြုပြီ ။ ဂေါ်ရခါးမလေး ဘိန်နီး ၏ စရိုက် နှင့် ဘဝအမြင် ကိုလည်း ဖော်စပြုလာပြီ ။ ဘိန်နီး က ဘဝအမြင် ကို ရိုးရိုးရှင်းရှင်းလေး တင်ပြသွားပုံ ကို ကျွန်တော် နှစ်သက်ပါသည် ။ ကြီးကျယ်ခမ်းနားသော စကားကြီး စကားကျယ် တွေ တစ်လုံးမှ မသုံးဘဲ မိဘမေတ္တာ ၊ တိုင်းချစ်ပြည်ချစ် စိတ် ကို ပေါ်လွင်စေသည် မှာ နှစ်လိုဖွယ်ရာ ရှိလှပါသည် ။

ဤအဖွဲ့မျိုး ကို ရေးဖွဲ့ရာ တွင် အမြင် ကလည်း ရိုးရိုးလေး ဖြစ်သောကြောင့် ရေးပုံ ကလည်း ရိုးရပါသည် ။ ရေးဖွဲ့ ပုံ ကို ကြည့်ပါ ။ ဘိန်နီး ၏ လေသံ ကို နားထောင် ကြည့်ပါ ။

••••• ••••• •••••

       တောင်နေကြာပွင့်တွေ ပွင့်တဲ့ အချိန်မှာပဲ သားငယ် ဂိုဘင် ကို ထပ် မွေးခဲ့တယ် ။ မိုးကုတ်တောင်တန်း တွေ မှာ တစ်နှစ် တစ်ခါ တောင်နေကြာတွေ ပွင့်တယ် ။ သူတို့ ရဲ့ ဝတ္တရား ကို ဘယ်တော့မှ မပျက်ကွက်စေရဘူး ။ ငါ လည်း မိဘဝတ္တရား ကို မပျက်ကွက်စေရဘူး ။ နင် နှင့် ငါ ညားလို့ နှစ်နှစ် မှာပဲ နင့် အတွက် ကလေး နှစ်ယောက် မွေးပေးခဲ့ ပြီလေ ။

          ဒါပေမဲ့ မွေးလာတဲ့ သည် ပါးစပ် ပေါက်တွေ ကို ကျွေးဖို့ကတော့ အတော် ခက်တဲ့ အလုပ် ။ ဘာပဲဖြစ်ဖြစ်ပါလေ ။ တောင်နေကြာ တွေ တစ်နှစ် တစ်ကြိမ်ပွင့် ။ အပွင့်တွေ နွမ်းလို့ မျိုးစေ့တွေ ကြွေ ၊ ကြွေ လာတဲ့ မျိုးစေ့တွေ က တောင်နေကြာပင်ပေါက်တွေ ထပ်ဖြစ် ပြန်ရော ။ နောက်နှစ် မှာ တော့ သူတို့ ဟာ လည်း အပွင့်တွေ ပွင့်ဖို့ အသင့်ဖြစ်နေပြန်ပြီလေ ။ ပြီးတော့ မျိုးဆက် ကို ဆက်လက် ထိန်းသိမ်းဖို့ကော ပေါ့ ။

          ဒီ အတွက်တော့ တောင်တန်း တွေ ဟာ ဘယ်သော အခါမှ လေးတယ် လို့ မညည်းဖူးပါဘူး ။ ငါတို့ ကလည်း မွေးဖွား လို့ ရလာတဲ့ ရင်သွေးတွေ အတွက် တာဝန် ပိုတယ်လို့ ညည်းမနေနိုင်ဘူး ။

          ကျောင်း နေတုန်း ကတော့ သတင်းစာ ဖတ်ဖြစ်တယ် ။ ဒီ ထဲမှာ အခြား နိုင်ငံ တွေ ဆိုရင် ငတ်မွတ်ခေါင်းပါး လို့ သေရတဲ့ လူတွေ အပုံ ။ ဒါပေမဲ့ ငါတို့ မြန်မာပြည်.မှာ ငတ်လို့သေတယ် ဆိုတာကို မကြားဖူးပါဘူး ဟာ ။ ငါတို့ ကုသိုလ်ကံ အများကြီး ကောင်းတယ် ။ မြန်မာပြည် မှာ လူ ဖြစ်ရတာ ငါတို့ အများကြီး ကုသိုလ်ကံ ကောင်းပါတယ် ။

••••• ••••• •••••

အထက်ပါ ကောက်နုတ်ချက်များ ကို သေချာ ဖတ်ကြည့်ပါ ။ အဘယ်မျှ ရိုးစင်းသော အတွေးအမြင် ဖြစ်ပါသနည်း ။ ရိုးစင်းသော အတွေးအမြင် ၊ ရိုးစင်းသော လေသံ တို့သည် တစ်ဖက်သား ကို ဆွဲဆောင်ရာ ၌ အလွန် ကြီးသော ခွန်အား များ ဖြစ်ကြသည် ။ ယုံကြည်စိတ် ၊ ကြင်နာစိတ် ၊ ထောက်ထားစာနာစိတ် တို့ကို ယိုဖိတ် စေနိုင်သည့် ထို အတွေးအမြင် တို့ ကို မှန်ပါပေ၏ ဟု တစ်ထစ်ချ လက်မခံနိုင်စေဦးတော့ သူ့ ဘဝ သူ့ အမြင် လည်း ဟုတ်ပေသားပဲ ဟု ထောက်ထား စာနာစိတ် ပေါ်မိစေနိုင်သည် ။ ကျွန်တော့် ခံစားမှု ကို ပြောရ လျှင် တိုင်းရင်းသား မဟုတ်သော နိုင်ငံသား မျှသာ ဖြစ်သော ဂေါ်ရခါးမလေး ဘိန်နီး ၏ စကား သည် တိုင်းရင်းသား ဖြစ် သော ကျွန်တော် ၏ တိုင်းချစ်ပြည်ချစ်စိတ် ကို ပိုမိုရွှန်းလက် လာစေသည် ဟု ဆိုချင်ပါသည် ။

ထိုကဲ့သို့ ရိုးစင်းသော ဂေါ်ရခါးမလေး ဘိန်နီး ၏ ရိုးစင်းသော ဘဝ အမြင် ထဲ က ခိုင်မာသော သတ္တိ ကိုလည်း တွေ့နိုင်ပါသေးသည် ။ ထို သတ္တိ ကို လည်း အဝင့်အကြွား မရှိ ၊ ရိုးသားစွာပင် ပြောပြပါသည် ။

••••• ••••• •••••

          သားသမီးတွေ ကို ရှာဖွေ ကျွေးမွေးတဲ့ နေရာ မှာ လင် တစ်ယောက်တည်း ကိုပဲ အားကိုး မနေနိုင်ဘူး ။ ပြီးတော့ တာဝန် အားလုံး ကို နင် တစ်ယောက်တည်း အပေါ် လည်း ပုံ မချချင်ဘူး ။

          အလှ ပြင်လိုက် ၊ အပြင် ထွက်လိုက် ၊ ပေါ်တာ ဝယ် ဝတ်လိုက် ဆိုတာမျိုး ငါတို့ တွေ နှင့် ဘယ်လိုမှ မပတ်သက်ပါဘူး ။ စင်စစ် တွေးကြည့်မယ် ဆိုရင် ဒီအလုပ် တစ်ခုတည်း နဲ့ အချိန် ကုန်နေခြင်းဟာ လည်း တကယ်တော့ တာဝန်မဲ့ခြင်း တစ်ခု ပါပဲ ။

••••• ••••• •••••

ဤသို့အားဖြင့် ဘိန်နီး သည် တတိယ ကိုယ်ဝန် ရှိလာ သောအခါ ဿာဂျူး အလုပ် ပြုတ်လာ၏ ။ အစိုးရကျောက်တွင်း လုပ်နေရာ အလုပ် ရက်ပျက်လွန်း ၍ အလုပ်ဖြုတ် ပစ်လိုက်ခြင်း ဖြစ်သည် ။ ငွေရှင်ကြေးရှင် တစ်ယောက် က ငွေကြေး ပေးပြီး ခိုင်းသောကြောင့် ဓာတ်တော် ဘက် တွင် ခိုးတွင်း ချပြီး တူးနေ သဖြင့် အလုပ်ရက်ပျက် များရခြင်းဖြစ် သည် ။

အလုပ် ပြုတ်လာသော အခါ ဘိန်နီး က အာလူး ၊ ကြက်သွန် ၊ မုန်ညင်း ၊ ပဲသီး စသည်တို့ကို စိုက်ပျိုးစေချင် သည် ။ ဿာဂျူး က ကြီးပွားချင်သည် ။ ချမ်းသာချင်သည် ။ ထို့ကြောင့် ကျောက်တွင်း ခိုးတူးသော အလုပ် ကို ပင် လုပ်သည် ။

••••• ••••• •••••

          လုံထိန်းတပ် က လာ ဖမ်းလို့ ပြေးရလွှားရ ၊ တောင်ပြိုလို့ သေရ ၊ ဖမ်းမိသွားလို့ ထောင် ကျရ ဆိုတဲ့ အန္တရာယ် မရှင်းတဲ့ အလုပ်ကို ကျီးလန့်စာစား လုပ်ရမယ့် အစား စိတ်အေး လက်အေး အလုပ် ကို ပဲ လုပ်စေချင်တယ် ။ ဟွန်ဒါ မစီးရတာထက် ထမင်း ဝဝ စားဖို့ က အရေးကြီး ပါတယ် ။ လောက မှာ ဘာဟာ အရေးကြီးဆုံးလဲ ဆိုတဲ့ အချက် ကို လူတွေ သိရင် အဲဒီနေ့ က စပြီး အားလုံးဟာ ငြိမ်းချမ်းသာယာ လာမှာပါ ။

••••• ••••• •••••

ဤ စကားစုများ သည် ဘိန်နီး ၏ စရိုက် ၊ ဿာဂျူး ၏ စရိုက်များ ကို ပေါ်လွင်စေသည်သာ မက ဇာတ်နိမိတ် ကို လည်း ပြသည် ဟု ဆိုနိုင်ပါသည် ။ ဇာတ်နာစေရန် အထောက် အကူပြုသည် ဟု လည်း ဆိုနိုင်ပါသည် ။ ဿာဂျူး သေရခြင်း ၏ အကြောင်းရင်း မတော်လောဘ ၏ ဆိုးကျိုး ကို လည်း ပိုမို ထင်ရှားစေပါသည် ။ ဿာဂျူး သေကြောင်း သတင်း ကြားရသော အခန်းကလေး ကို မောင်ကျော်သာ ရေးဖွဲ့ ထားပုံမှာ ရိုးရိုးလေး နှင့် ကရုဏာရသ မြောက်ပါပေသည် ။

••••• ••••• •••••

          ဓာတ်တော် မှာ တောင်တွန်းတယ် ဆိုတဲ့ သတင်း ကြားတော့ ငါ စိတ်လေးလိုက်တာ ဟာ ၊ ဈေးရောင်းလို့ မဖြောင့်နိုင်ဘူး ။ နင့် အမေ ကလည်း ဈေးစောစော သိမ်းပြီး ပြန်ဖို့ ပြောနေတယ် ။ ဒါပေမဲ့ အိမ်ပြန် ရောက်တော့ ညနေ ငါးနာရီခွဲ နေပါပြီ ။

          အိမ် ရောက်ပြီး မကြာပါဘူး ။ နင်တို့ နှင့် တစ်ဖွဲ့တည်း လုပ်တဲ့ “ မန်းဗဟာဒူး ” ရောက်လာပါရော ။ သူ့ ဆီက ပါလာတဲ့ သတင်း ကတော့ ငါ့ အဖို့ မကောင်းဆိုးရွား သတင်း ပေါ့ ။ ဓာတ်တော် တောင်တွန်း တဲ့ အထဲ မှာ နင် ပါသွားပြီတဲ့လေ ။ ခဏချင်း ပြိုကျလာတဲ့ မြေဆိုင်ခဲကြီးတွေ ရဲ့ ပို့ကျမှု ကို ပေ သုံးဆယ်ကျော် နက်တဲ့ လေးပင် ကျင်း ထဲ က နင် တို့ မရှောင်နိုင်ဘူး ဆိုတာ မဆန်းပါဘူး ။ အရှင်လတ်လတ် မြေမြှုပ် သ,တ် သလို ဖြစ်ရတဲ့ အဖြစ် ။ သား တစ်ယောက်တည်း သာ ရှိတဲ့ နင့် အမေ ဟာ ဒီ သတင်း ကို ကြားကြားချင်းပဲ မေ့မြော သွား ရှာတယ် ။ ကိုယ်ဝန်ကြီး နဲ့ ငါ ကတော့ ဘာလုပ်ရမှန်း မသိအောင် ကို ရင် ထဲမှာ တစ်ဆို့ပြီး အရာရာ ကို မေ့လျော့နေ တယ်လေ ။

          သတင်း လာ ပေးတဲ့ မန်းဗဟာဒူး က တော့ “ သတိထားပါ ဘိန်နီး ၊ သတိ ထားပါ ” နှင့် အတန်တန် ပြောနေတယ် ။ မနက် က အလုပ် မသွားခင်တောင် နင် ဟာ သမီးကြီး “ သီးသေးဖူးလ် ” ကို နမ်းသွား သေးတယ် မဟုတ်လား ။ ပြီးတော့ ငါ ချက် ထားတဲ့ ထမင်း နဲ့ ဟင်း ကို လည်း အဝ စား သွားသေးတယ် ။ နင့် အမေ သောက်ရေ ဆွဲ နေတော့ နင် က ရေအိုး ကို ယူပြီး ရေဆွဲ ပေးခဲ့တယ် ။

          ဩော် ... အခုတော့ လည်း နင် ဟာ ငါတို့ ဆီ ကို ဘယ်တော့မှ ပြန်မ ရောက်လာနိုင်တဲ့ လမ်း ကို ထွက်သွား ပါပြီလား ။

••••• ••••• •••••

ဤ အခန်းလေး မှာ ကြောက်ဖွယ်ရာ ၊ ထိတ်လန့်ဖွယ်ရာ ၊ ကြေကွဲဖွယ်ရာ တို့ဖြင့် ပြည့်နေသော အခန်းကလေး ဖြစ်သည် ဟု ဆိုရပါမည် ၊ ဿာဂျူး အလုပ် မသွားမီ ပြုလုပ် သွားသော လှုပ်ရှားမှု အသေးအဖွဲ့လေးများ ကို ဖော်ပြ လိုက်ခြင်း မှာ သေသူ အား တမ်းတဖွဲ့နွဲ့ ငိုကြွေး နေသော အသံလေးကို ကြားရ သကဲ့သို့ ရှိပါပေသည် ။

••••• ••••• •••••

          ဒီဇင်ဘာလ ဆိုရင်တော့ တောင်တန်း တွေ ဟာလည်း တောင်နေကြာတွေ နှင့် ဝါဝါထိန်ရောပေါ့ ။

          နိုဝင်ဘာလ ( ၂၇ ) ရက်နေ့ ကပဲ နင့် ရဲ့ တတိယမြောက် ရင်သွေးငယ် ကလေး တစ်ယောက် ကို ငါ မွေးခဲ့ရပြန်ပြီလေ ။ အကယ်၍သာ သည် ကလေး ကြီး လာလို့ သူ့ အဖေ အကြောင်း ကို မေးလာ ခဲ့ရင် လှပတဲ့ တောင်တန်းတွေ ရဲ့အောက် က အကျည်းတန် တဲ့ နင့် ရဲ့အဖြစ် ကို ငါ ဘယ်လို ပြောပြရမလဲ ဆိုတာ အသည်းကျွမ်း တစ်မျှ စဉ်းစား နေရတုန်းပါပဲ ။

••••• ••••• •••••

ဝတ္ထု ကို ဤသို့ အဆုံးသတ် လိုက်ပါသည် ။

ဤ ဝတ္ထု တွင် တောင်နေကြာ နှင့် လှပနေသော တောင်တန်း တို့ သည် အရေးပါသော နောက်ခံ ဇာတ်ပို့ကြီး များ ဖြစ်နေသည် ကို တွေ့နိုင်သည် ။ မောင်ကျော်သာ သည် တောင်နေကြာ တို့ ကို ကြည်နူးမှု ၊ လွမ်းမောမှု ၊ ကြေကွဲမှု အားလုံးတို့ အတွက် အသုံးချ ထားသည် ကို တွေ့နိုင်သည် ။

အထူးသဖြင့် ကျွန်တော် နှစ်သက်ရသော အချက်များ မှာ -

( ၁ ) လူအများ သတိပြုမိခြင်းများ မရှိသေးသော လောကစိမ်း တစ်ခု ကို ရှာဖွေတတ်ခြင်း ။

( ၂ ) သုတ သိလိုစိတ် ကို အခြေခံ၍ မက်လုံး ပြုကာ စာဖတ်သူ ကို ဆွဲဆောင် သွားနိုင်ခြင်း ။

( ၃ ) ဇာတ်လမ်း ဇာတ်ဆောင် နှင့် လိုက်ဖက်သော ရေးဟန်လေသံ ကို အသုံးပြုတတ်ခြင်း ။

( ၄ ) ဘဝအမြင် ၊ လောကအမြင် နှင့် တိုင်းချစ်ပြည်ချစ် စိတ် တို့ ကို သိမ်မွေ့စွာ ထည့်သွင်း ပေးတတ်ခြင်း တို့ပင် ဖြစ်ပါသည် ။

ချွတ်ယွင်းချက် တစ်ခု မှာ      “ ပထမနှစ် က ဆို လွတ်ဗဟာဒူး တို့ ကြက်သွန် ပိဿာချိန် တစ်ထောင်ကျော် ရတယ် ။ ကြက်သွန်ဖြူ တစ်ပိဿာ ငွေသုံးဆယ် ဆိုတော့ ကြက်သွန်ဖြူ ပိဿာ တစ်ထောင် ကို ငွေသုံးထောင် ပဲ ” ဟူ သော နေရာမျိုး ဖြစ်ပါသည် ။ တစ်ပိဿာ သုံးဆယ် ဆိုလျှင် ငွေ သုံးသောင်း ။ ငွေသုံးထောင် ဆိုလျှင် လည်း တစ်ပိဿာ သုံးကျပ် ဖြစ်ပါသည် ။ ဤသည်တို့ မှာ မမှားသင့်သော ကိစ္စ ဖြစ်ပါသည် ။ ဤ ကိစ္စမျိုး အတွက် စာဖတ်သူ မျက်ခုံးပင့် အောင် မလုပ်သင့် ဟု ကျွန်တော် ယူဆပါသည် ။

▢ အောင်သင်း
📖သဘင် မဂ္ဂဇင်း
     စက်တင်ဘာ ၊ ၁၉၈၄