Showing posts with label တင်တင်ရီ. Show all posts
Showing posts with label တင်တင်ရီ. Show all posts

Monday, November 24, 2025

အကြံကောင်းသော ဂျင်မူ

 

❝ အကြံကောင်းသော ဂျင်မူ ❞
              ( ပုံပြင် )

ဟိုးရှေးရှေးတုန်းက ဂျပန်ပြည်မှာ အင်မတန်မှ ချမ်းသာတဲ့ သူဌေးကြီး ကီမူရာ ဆိုတာ ရှိတယ်ကွဲ့ ။ သူဌေးကြီးမှာ စိန်တွေ ၊ ရွှေတွေ ၊ အများကြီးပဲ ရှိသတဲ့ကွယ် ။ ဒါပေမယ့် သူသေသွားရင် သူ့ပစ္စည်းတွေကို အမွေဆက်ခံဖို့ သားသမီး တစ်ယောက်မှ မရှိရှာဘူးကွယ့် ။

သူဌေးကြီးဟာ အသက်ကြီးလာတဲ့အခါမှာ ငါသေရင် ငါ့ပစ္စည်းတွေကို ဘယ်သူ့ကို ပေးခဲ့ရပါ့ ၊ ဘယ်လိုလူကို ပေးခဲ့ရပါ့လို့ စဉ်းစားမိသတဲ့ကွယ် ။ သူဌေးကြီးဟာ စဉ်းစားဉာဏ်ရှိတဲ့ သူကို အင်မတန် လေးစားခင်မင်တတ်သူ တစ်ဦး ဆိုပဲကွယ် ။ ဒီတော့ ပစ္စည်းတွေကို ဉာဏ်ရှိတဲ့ သူသာ ရရစေ့မယ် ။ စဉ်းစားဉာဏ် ရှိတဲ့သူသာ ရရစေ့မယ်လို့ ဆုံးဖြတ်လိုက်တယ်တဲ့ကွယ် ။ နေ့တိုင်းနေ့တိုင်း ပစ္စည်းတွေကို ဉာဏ်ရှိတဲ့ သူသာ ရအောင် ဘယ်လို လုပ်ပေးရပါ့မလဲလို့ စဉ်းစား ပြန်တာပေါ့ကွယ် ။

နှစ်တွေလတွေ အတော် ကြာပေမယ့် စဉ်းစားလို့ကို မရနိုင်ဘူးတဲ့ကွယ် ။ ဒါပေမယ့် တစ်နေ့ကျတော့ သူ အကြံတစ်ခု စဉ်းစားမိသတဲ့ကွယ် ။ အဲဒီ အကြံလည်း ရရော သူဌေးကြီးဟာ သိပ်ဝမ်းသာ သွားသတဲ့ကွယ် ။ သူဌေးကြီးကီမူရာ ဟာ အကြံရတာနဲ့ တစ်ပြိုင်နက် သူ့သူငယ်ချင်း ရှေ့နေကြီး တစ်ယောက်ဆီ သွားပြီး သေတမ်းစာမှာ သူသေရင် ဘယ်လိုလူကို သူ့ပစ္စည်းတွေ အမွေပေးလိုက်ပါဆိုတာ ရေးပြီးပေးခဲ့သတဲ့ကွယ် ။

နောက်မကြာမီမှာပဲ သူဌေးကြီး ကီမူရာ ဟာ ဆုံးသွားပါရောကွယ် ။ သူဌေးကြီးရဲ့ ဆွေမျိုးတွေဟာလည်း သူတို့ကိုများ အမွေ ပေးခဲ့လေမလားဆိုပြီး လာကြသတဲ့ကွယ် ။ ငါတို့ကိုတော့ အမွေတွေ ပေးခဲ့မှာပဲ ။ ငါတို့တော့ သူဌေးကြီး ဖြစ်ရဦးမှာပဲဆိုပြီး ပျော်နေကြသတဲ့ကွယ် ။ သူဌေးကြီးရဲ့ သူငယ်ချင်း ရှေ့နေကြီးဟာ သူဌေးကြီးရဲ့ အလောင်းကို မီးသင်္ဂြိုဟ်ပြီးတဲ့ အခါမှာ သေတမ်းစာမှာ ပါတဲ့အတိုင်း အတောင် နှစ်ဆယ်လောက် ရှိတဲ့ ဝါးလုံးတစ်လုံးကို ယူပြီး ဝါးလုံးရဲ့ ထိပ်မှာ သူဌေးကြီးရဲ့ စိန်တွေရွှေတွေကို အားလုံး တွဲလောင်း ချိတ်ဆွဲလိုက်တယ်တဲ့ ကွယ် ။ စိန်တွေရွှေတွေရဲ့ အရောင်ဟာ တဝင်းဝင်း တလက်လက်နဲ့ပေါ့ကွယ် ။ အို ... သူဌေးကြီး ရဲ့ ဆွေမျိုးတွေ ကလည်း စိန်တွေရွှေတွေကို မြင်တဲ့အခါမှာ လိုချင်ကြလွန်းလို့ ဆွေ့ဆွေ့ကို ခုန်နေတာပဲဆိုပဲ ။ ဒါပေမယ့် ရှေ့နေကြီးက ဘယ်သူ့ကိုမှ မပေးတဲ့ အပြင် ဝါးလုံးရဲ့ ထိပ်ဖျားမှာ စိန် တွေရွှေတွေ ကိုလည်း ချိတ်ဆွဲပြီးရော အဲဒီဝါးလုံးကို သူဌေးကြီးရဲ့ အိမ်ရှေ့ မြေကွက်လပ်မှာ စိုက်ထူလိုက်သတဲ့ကွယ် ။ နောက်ပြီးတော့လည်း ဝါးလုံးမှာ စာရွက် တစ်ရွက်ကို ချိတ်ဆွဲ လိုက်သေးတယ် ။ အဲဒီ စာရွက်မှာကတော့ “ ဒီဝါးလုံး ပေါ်ကို တက်လည်း မတက် ၊ လှေကားလည်း မထောင်ဘဲနဲ့ အလွယ်တကူ လှမ်းယူနိုင်သူကို ချိတ်ဆွဲ ထားသော ပစ္စည်းအားလုံး ပေးမည် ” လို့ ရေးထား သတဲ့ကွယ် ။

မောင်လေးတို့ ၊ ညီမလေးတို့ ၊ “ ချောတိုင် ” တက်တာ မြင်ဖူးကြတယ် မဟုတ်လား ။ ဆီသုတ်ထားတဲ့ ဝါးလုံးရဲ့ ထိပ်ဖျားမှာ ရှိတဲ့ ပစ္စည်းကို တက်ပြီး ယူရတယ်လေ ။ ဒါပေမယ့် အခု စိန်တွေရွှေတွေ ကိုတော့ လှေကား မထောင် ၊ ဝါးလုံးကိုလည်း မတက်ဘဲနဲ့ ရအောင် ယူရမယ်တဲ့ကွယ် ။ မောင်လေးတို့ ၊ ညီမလေးတို့ကော လှေကား မထောင် ၊ ဝါးလုံး မတက်ဘဲ စိန်တွေရွှေတွေ ကို ဘယ်လို ယူမလဲကွယ် ။ စဉ်းစားကြစမ်းပါဦး ။

သူဌေးကြီး ကလည်း သိပ်ချမ်းသာတာ ဆိုတော့ ချိတ်ဆွဲထားတဲ့ စိန်တွေရွှေတွေက လည်း အများကြီးပေါ့ကွယ် ။ စပျစ်သီးခိုင်များလို အတွဲလိုက် အပြုံလိုက်ပေါ့ ။ နေရောင်ခြည်မှာ စိန်တွေရွှေတွေဟာ တဖျတ်ဖျတ်နဲ့ အရောင် တောက်နေတာပဲပေါ့ကွယ် ။ တဖြည်းဖြည်း လူတွေ ရောက်လာလိုက်ကြတာ မြေကွက်လပ်ကြီး တစ်ခုလုံး ပြည့်လျှံ လာတာပေါ့ကွယ် ။ စိန်တွေရွှေတွေလည်း လိုချင်ကြရဲ့ကွယ် ။ လှေကား မထောင် ၊ ဝါးလုံးပေါ် မတက်ဘဲနဲ့လည်း ဘယ်လို ယူရမှန်း မသိကြဘူးကွယ် ။ ဒါကြောင့် အမျိုးမျိုး ပြောကြဆိုကြတာနဲ့ ဆူညံနေကြတာပေါ့ကွယ် ။

ဒါနဲ့ပဲ တဖြည်းဖြည်း နေဝင်ခါ နီးလာတော့ စိန်တွေရွှေတွေ ကို “ မြင်ရုံသာမြင်ရ ၊ မကြင်ရမောင့်ကိုယ် ” ဆိုသလို မြင်သာ မြင်ရပြီး မရလေတော့ စိတ်ပျက်ပြီး တချို့လည်း ပြန်ကုန်ကြသတဲ့ကွယ် ။ သူဌေးကြီး ကိုလည်း အမျိုးမျိုး ကျိန်ဆဲကြတယ် ။ လူတစ်ဝက်လောက် ပြန်သွားတဲ့ အခါမှာ ဟောင်းနွမ်း စုတ်ပြတ်နေတဲ့ အဝတ်အစားကို ဝတ်ဆင်ထားတဲ့ ၁၂ - နှစ် အရွယ်လောက် ရှိတဲ့ လူကလေး တစ်ယောက် ၊ လူအုပ်ကြီးထဲကို တိုးဝင်လာတယ် ၊ အဲဒီ လူကလေးက ကီမူရာ သူဌေးကြီး နေတဲ့ မြို့အစွန်မှာ နေထိုင်တဲ့ အင်မတန်မှ ဆင်းရဲရှာတဲ့ မုန့်လုံးကြော်သည် မုဆိုးမကြီးရဲ့သားလေးဆိုပဲ ။ မြို့ကို မုန့်ကြော်လာ အရောင်းမှာ လူတွေ စုအုံနေတာ တွေ့လို့ ဂျင်မူကလေးဟာ ဝင်ကြည့်တာတဲ့ကွယ် ။

သူ့ခမျာ စာမတတ် ရှာတော့ ဝါးလုံးမှာ ချိတ်ဆွဲ ထားတဲ့ ကပ်ပြားကြီးမှာ ဘာတွေ ရေး ထားမှန်းလည်း မသိရှာဘူးတဲ့ ။ ဒါနဲ့ ဂျင်မူလေးဟာ သူ့ဘေးနားမှာ ရှိတဲ့ လူကြီး တစ်ယောက်ကို “ ဦးကြီးခင်ဗျာ ၊ ဒီလူတွေက ဘာလို့ ဒီမှာ လာစုနေကြတာလဲ ၊ ဒီဝါးလုံးကြီး ပေါ်က စိန်တွေရွှေတွေ က ဘာလုပ်ဖို့ပါလဲ ” လို့ မေးရှာသတဲ့ကွယ် ။ ဒါပေမယ့် ဂျင်မူလေး မေးလိုက်တဲ့ လူကြီးကလေ ကောင်းကောင်း ပြောမပြတဲ့ အပြင် “ မင်းက ဘာလာရှုပ်တာလဲ ၊ သိတော့ကော ဘာလုပ်တတ်မှာမို့လဲ ၊ လူကြီးတွေ တောင်မှ ရအောင် မယူနိုင်တာ ” လို့ စိတ်ဆိုးမာန်ဆိုးနဲ့ အော်ပြောလိုက် သတဲ့ကွယ် ။ ဒါနဲ့ ဂျင်မူလေးခမျာ မျက်နှာလေးငယ်ပြီး ပြန်ထွက်သွားမယ် အလုပ်မှာ လူကြီးတစ်ယောက်က “ လူကလေး ၊ လူကလေး ” လို့ လှမ်းခေါ်လိုက်တယ် ။ သူဌေးကြီးကီမူရာက  ရွှေတွေစိန်တွေကို လှေကား မထောင် ၊ ဝါးလုံးပေါ် မတက်ဘဲ လှမ်းယူနိုင်တဲ့ သူကို ပေးမယ်ဆိုတဲ့ အကြောင်းကို ပြောပြရှာသတဲ့ကွယ် ။

အဲဒီအခါမှာ ဂျင်မူလေး ဟာ လှေကား မထောင် ၊ ဝါးလုံးပေါ် မတက်ဘဲ ဒီစိန်တွေရွှေ တွေကို ဘယ်လို ယူရပါ့ ဆိုတာကို စဉ်းစားနေသတဲ့ ။ နောက် တအောင့်လောက် ကြာတော့ ခြံဝင်းကြီးကို လှမ်းကြည့်လိုက်တယ် ။ တစ်စုံတစ်ရာကို မြင်လိုက်တဲ့ အခါ ဂျင်မူလေးဟာ ဒီစိန်တွေရွှေတွေကို ကျွန်တော် ယူပြမယ်လို့ အော်ပြောလိုက်သတဲ့ကွယ် ။

အဲဒီနောက်မှာ ရွှေတွေစိန်တွေ ဆွဲချိတ်ထားတဲ့ ဝါးလုံးဆီကို အပြေးကလေး သွားရှာ သတဲ့ကွယ် ။ လူအုပ်ကြီး ဆိုတာ လှုပ်လှုပ်ရွရွ ဖြစ်သွားတာပေါ့ ။ တချို့ကလည်း လက်ခုပ်လက်ဝါးတီးပြီး ရယ်ကြသတဲ့ကွယ့် ။ တချို့ကလည်း ဒီသူငယ်ကလေး ယူသွားရင် ငါတို့တော့ မရနိုင်တော့ပါဘူး ဆိုပြီး ဂျင်မူလေးကို မနာလိုကြဘူးတဲ့ကွယ် ။

ဂျင်မူလေးဟာ ဝါးလုံးနားလည်း ရောက်ရော ၊ ဝါးလုံးကြီးကို မပြီး ဆွဲချွတ်လိုက်တယ် ။ ဝါးလုံးကြီးလည်း ကျွတ်ပြီး သူ့လက်ထဲ ပါလာတဲ့အခါ ဝါးလုံးကြီးကို မပြီး သယ်ယူသွားသတဲ့ကွယ် ။ လူအုပ်ကြီးဟာ သူ့နောက်က တစ်ပြုံကြီး လိုက်သွားကြတာပေါ့ ။ ဂျင်မူလေးဟာ မလှမ်းမကမ်းမှာ ရှိတဲ့ ရေတွင်းကြီး နားလည်း ရောက်ရော အဲဒီ ဝါးလုံးကြီးကို ချလိုက်ပါရောကွယ် ။ လူ အုပ်ကြီးဟာ ဂျင်မူလေး ဝါးလုံးကြီးကို ရေတွင်းထဲ ချလိုက်တာတောင် ဘာလုပ်မှန်း မသိလို့ ငေး ကြည့်နေကြတယ်တဲ့ကွယ် ။

ဝါးလုံးကြီးကို ရေတွင်းထဲ ချလိုက်တဲ့ အခါမှာ ဝါးလုံး အရင်းပိုင်းဟာ ရေတွင်းထဲ ရောက်သွားပြီး စိန်တွေရွှေတွေ ချိတ်ဆွဲထားတဲ့ ဝါးလုံး အဖျားပိုင်းဟာ ဂျင်မူလေးရဲ့ ရင်ဘတ်လောက် မှာ ရောက်နေသတဲ့ကွယ် ။ အဲဒီအခါကျတော့မှ ဂျင်မူကလေး ဟာ အလွယ်တကူနဲ့ စိန်တွေရွှေ တွေ အစုလိုက်ကို ဖြုတ်ယူလိုက်သတဲ့ကွယ် ။

အဲဒီကျတော့မှ လူအုပ်ကြီးဟာ ဂျင်မူလေးရဲ့ ဉာဏ်ရှိပုံကို သိကြပြီး ကောင်းချီးဩဘာ ပေးကြသတဲ့ကွယ် ။ ဂျင်မူလေးဟာ စဉ်းစားဉာဏ် ရှိတဲ့အတွက် ရွှေတွေစိန်တွေကို အလွယ်တကူ ယူနိုင်တဲ့ အတွက် သူဌေးကြီးဂျင်မူ ဖြစ်သွားတာပေါ့ကွယ် ။ သူဌေးကြီးဂျင်မူလေးဟာ သူ့ မိခင်မုဆိုးမကြီးနဲ့ အတူ တစ်သက်လုံး ချမ်းချမ်းသာသာ နေသွားရသတဲ့ကွယ် ။ ကဲ ... ပုံကလေး ကတော့ ဒါပါပဲ ။ မောင်လေးတို့ ၊ ညီမလေးတို့လည်း ဂျင်မူလေးလို စဉ်းစားဉာဏ် ရှိကြပါစေ ကွယ် ။

( ဘာသာပြန် )

〇 တင်တင်ရီ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၁ ၊ ဒီဇင်ဘာ

Saturday, July 19, 2025

အသပြာငွေ တစ်ကျပ်

 

❝ အသပြာငွေ တစ်ကျပ် ❞
            ( ပုံပြင် )
        
ရှေးအခါက ရွာတစ်ရွာမှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးလုပ်ကိုင်ပြီး မိခင်ကြီးကို လုပ် ကျွေးနေတဲ့ ဖိုးခင် ဆိုတဲ့လူတစ်ယောက် ရှိတယ် ။ ဖိုးခင် ဟာ မွေးချင်းပေါက်ဖော် မရှိဘူးကွယ့် ။ ဖိုးခင် ငယ်ငယ်လေးတည်းက ဖခင် ကွယ်လွန်ခဲ့လို့ မိခင်ကြီးနဲ့ပဲ နေခဲ့ရတယ် ။ ကြီးပြင်းလာတဲ့ အခါမှာ သူ့မိခင်ကြီးကို လုပ်ကိုင် ကျွေးမွေးရင်း မိခင်ကြီး နဲ့ အတူနေတယ် ။

သူ့ ခြံထဲမှာ စိုက်ပျိုးထားတဲ့ ပဲပင် ၊ ဘူးပင် ၊ ခရမ်းပင် ၊ ဖရုံပင် ၊ ချဉ်ပေါင်ပင် အစရှိတဲ့ ဟင်းသီးဟင်းရွက်ပင်တွေကို စိုက်ပျိုးပြီး မနက် အစောကြီး သူ့ခြံထဲက ထွက်တဲ့ ဟင်းသီးဟင်းရွက်တွေ ကို အတော်ဝေးတဲ့ မြို့မှာ သွားရောင်းရတယ် ။

ဖိုးခင် ဟာ မနက်တိုင်းလိုပဲ လေးလံတဲ့ ဟင်းသီးဟင်းရွက် တောင်း နှစ်တောင်း ကို ထမ်းပိုး နဲ့ နှစ်နာရီကျော် ထမ်းပြီး သွားရောင်းရရှာတယ် ။ ဟင်းသီးဟင်းရွက် ဆိုတော့ကွယ် ဈေးပေါတဲ့ ပစ္စည်းမျိုး ဆိုတော့ နှစ်နာရီကျော်ကျော် လေးလေးပင်ပင် ထမ်းပြီး သွားရောင်းရပေမယ့် ငွေများများတော့ မရဘူးပေါ့ကွယ် ။

ဒါပေမယ့် ဖိုးခင် ဟာ စိတ်မပျက်ဘူးကွယ့် ။ ဟင်းသီးဟင်းရွက် ရောင်းလို့ရတဲ့ ငွေကလေးနဲ့ သူ့ မိခင်ကြီး စားသောက်ဖို့ စားစရာလေးတွေ ဝယ်ပြီး ပျော်ပျော်ရွှင်ရွှင် ပြန်သွားလေ့ ရှိတယ်တဲ့ ။

တစ်နေ့တော့ကွယ် ၊ ဈေးရောင်းပြီးလို့ မြို့ပြန်လာတဲ့ အခါမှာ လူဆိုးတစ်စုနဲ့ တွေ့ပါလေရောကွယ် ။ လူဆိုးတွေဟာ ဖိုးခင် ကို တွေ့တဲ့အခါမှာ ဖိုးခင် ဆီက ပါလာတဲ့ ပစ္စည်းတွေ လုယူချင်တာကြောင့် “ ဟေ့လူ ... ရပ်လိုက် ” လို့ အမိန့် ပေးလိုက်တယ် ။

ဒါပေမယ့် ဖိုးခင် က သူ့ကို ပြောတယ်လို့ မထင်မှတ်တာကြောင့် သူ့ခရီးကို ဆက်ပြီးသွားသတဲ့ ။

ဒီအခါမှာ လူဆိုးတွေဟာ ဖိုးခင် အနား ကပ်လာပြီး ...

“ မင်းမှာ ငွေဘယ်လောက် ပါသလဲ ၊ တို့ကို အားလုံး ပေးရမယ် ” လို့ ဓားပြပြီး တောင်း ကြတယ်တဲ့ကွယ် ။

ဒီတော့မှ ဖိုးခင် ဟာ သူ့ကို ပြောမှန်း သိတာကြောင့် ...

“ ငါ ပင်ပင်ပန်းပန်း လုပ်ကိုင် ထားရတဲ့ ငွေကို မင်းတို့ ဘာဖြစ်လို့ ပေးရမှာလဲ ” လို့ ပြန် ပြောလိုက်သတဲ့ ။

ဒီအခါမှာ လူဆိုးဗိုလ် လုပ်တဲ့လူ က “ ဟေ့လူ ... စကားများ မနေနဲ့ ၊ မင်းမှာ ပါတာ ပေးမလား မပေးဘူးလား ၊ ဒါပဲပြော ” လို့ အော်ဟစ်ပြီး မေးလိုက်တယ် ။

ဖိုးခင် ကလည်း “ မပေးဘူး ” လို့ ခပ်ပြတ်ပြတ်ပဲ ဖြေလိုက်တယ် ။

ဖိုးခင် လည်း ဒီလို ပြောလိုက်တဲ့အခါမှာ လူဆိုးဗိုလ်ဟာ စိတ်ဆိုးလွန်းလို့ ဖိုးခင် တစ်ကိုယ်လုံးကို ရှာဖွေဖို့ တပည့်တွေကို အမိန့်ပေးလိုက်တယ် ။

လူဆိုးတွေဟာ ဖိုးခင် ကိုယ်မှာ ရှာဖို့ ဝိုင်းလာကြတာနဲ့ တစ်ပြိုင်နက် ဖိုးခင် ဟာ သူ့မှာ ပါလာတဲ့ ထမ်းပိုးကို မြဲမြဲကိုင်ပြီး သူ့ အနား ပထမဆုံး ကပ်လာတဲ့ လူဆိုးကို ရိုက်ထည့်လိုက် သတဲ့ကွယ် ။

ဒီအခါမှာ ကျန်တဲ့ လူဆိုးသုံးယောက်ဟာ ဖိုးခင် ကို ဖမ်းဖို့အနားကပ် လာကြပြန်တယ် ။ ဖိုးခင် ဟာ သူ့နား ကပ်လာတဲ့လူကိုတော့ အလစ်မပေးဘူးကွယ့် ။ ထမ်းပိုးနဲ့ချည်း လှမ်းရိုက်တာပဲတဲ့ ။ လူဆိုးတွေ ဟာ ဖိုးခင် အနားကိုသာ ကပ်ပြီး ဖမ်းဖို့ စိတ်ကူးတယ် ။ သူတို့မှာ ပါလာတဲ့ ဓားနဲ့ ဖိုးခင် ကို ခုတ်ဖို့ သတိမရကြဘူးတဲ့ကွယ် ။ လူဆိုးဗိုလ် ကိုယ်တိုင်ပဲ ဖိုးခင် လက်ထဲ က ထမ်းပိုးကို ဝင်လုသတဲ့ ။

ဖိုးခင် နဲ့ လူဆိုးငါးယောက် ဟာ အပြန်အလှန် သတ်ပုတ်နေကြတာ ဖိုးခင် ကလည်း အလျှော့ မပေး ၊ လူဆိုးငါးယောက်ကလည်း သဲသဲမဲမဲ ဖိုးခင် ကို အရဖမ်းနဲ့ တစ်နာရီ နီးနီး ကြာသွားကြတယ် ။

တစ်ယောက် နဲ့ ငါးယောက် ဆိုတော့ ဖိုးခင် ဟာ လက်ပန်းကျလာတယ် ။ ဒါပေမယ့် အလျှော့မပေးဘူးကွယ့် ။ သူ့ထမ်းပိုးနဲ့ ရိုက်ပုတ်ရင်း ခုခံနေတာပဲ ။ လူဆိုးငါးယောက်ဟာ ဖိုးခင် လက်ပန်းကျနေမှန်း သိတဲ့ အခါမှာတော့ အတင်းဝင်ပြီး နောက်ဘက်ကနေ ဖမ်းကြတဲ့ အခါမှာ ဖိုးခင် ဟာ အမိခံလိုက်ရတယ် ။

ဖိုးခင် ရဲ့လက်နှစ်ဖက်ကို ချုပ်ကိုင်တဲ့ သူက ကိုင်ပြီး ကျန်တဲ့ သူတွေက ဖိုးခင် ရဲ့ တစ်ကိုယ်လုံး ကို ရှာကြတာပဲတဲ့ ။ သူတို့ စိတ်ထဲ မှာတော့ သူတို့ကို ဖိုးခင် ပြင်းပြင်းထန်ထန် ခုခံတာ ဟာ ဖိုးခင် မှာ ရွှေငွေပစ္စည်းတော်တော်များများ ပါလာလို့ ဖြစ်မှာပဲလို့ ထင်တာကိုးကွယ့် ။ ဖိုးခင် ရဲ့ တစ်ကိုယ်လုံး ရှာလိုက်ကြတာ အသပြာငွေ တစ်ကျပ် ရသတဲ့ ။ လူဆိုးတွေဟာ မကျေနပ်နိုင်တာကြောင့် အင်္ကျီအိတ်တွေထဲ နှိုက်ပြီး ရှာပြန်ပေမယ့် နောက်ထပ် ဘာမှ မတွေ့ဘူးတဲ့ ။

ဒီအခါမှာ လူဆိုးဗိုလ်ဟာ မကျေနပ်ပြန်သေးတာကြောင့် ...

“ မင်းမှာ ဒီအသပြာ ငွေတစ်ကျပ်ပဲ ပါသလား ” လို့ မေးတယ် ။

“ ကျုပ်မှာ ဒီငွေ အသပြာငွေ တစ်ကျပ် ပဲ ပါတယ် ” လို့ ဖိုးခင် ကလည်း ပြန်ဖြေတယ် ။

လူဆိုးဗိုလ် ဟာ တဟားဟားနဲ့ ရယ်ပြီး ...

“ ဒီအသပြာငွေ တစ်ကျပ် နဲ့များ တို့ငါးယောက်ကို မင်း ဒီလောက် ခုခံရသလား ၊ အသပြာ ငါးကျပ်သာ ဆိုရင် တို့ကိုများ မင်း သ,တ်မလား ၊ ဒီလောက်ငွေလေးနဲ့များ ဒီလောက်ဖြစ်ရတာ ရှက်စရာ ကောင်းလိုက်လေ ” လို့ ဖိုးခင် ကို ပြောင်လှောင်ပြီး ပြောလိုက်သတဲ့ ။

ဒီအခါမှာ ဖိုးခင် က “ ကျုပ် ဒီအသပြာငွေ တစ်ကျပ် ရဖို့ ဘယ်လောက် ပင်ပန်းခံပြီး လုပ်ထားရသလဲ ၊ မြေကြီးပေါက် ၊ သစ်စေ့ ကို စိုက် ၊ ရေကို လောင်း ၊ မြက် ကို နှုတ် အစာကျွေးပြီးလို့ ကြီးပြင်း သီးပွင့်လာမှ လေးလေးပင်ပင် ခရီးအဝေးကြီးကို ထမ်းလာပြီး ရောင်းချမှ ဒီငွေ အသပြာ လေး တစ်ကျပ်ရတာ ၊ ကျုပ်နဖူး က ချွေး ခြေမ ကျအောင် ခွန်အား စိုက်ထုတ်ပြီး လုပ်ကိုင်ရှာဖွေ ထားရတဲ့ ငွေတစ်ကျပ်ကို မင်းတို့ မတရား တောင်းတိုင်း ပေးရမှာလား ၊ ကျုပ် ငွေအသပြာ တစ်ကျပ် အတွက် မတရားလက်နက် နဲ့ ခြိမ်းခြောက်ပြီး တောင်းတာ ကို မပေးနိုင်လို့ ခုခံတာ ရှက်စရာ မကောင်းပါဘူး ၊ မင်းတို့ သာ ကိုယ့်အား ကိုယ့်ခွန် နဲ့ လုပ်ကိုင် မစားချင်ဘဲ သူတစ်ပါး ပင်ပင်ပန်းပန်း ရှာဖွေထားတဲ့ ပစ္စည်းကို လက်နက်ပြပြီး ခြိမ်းခြောက် မတရား တောင်းတာသာ ရှက်စရာ ကောင်းပါတယ် ” လို့ သတ္တိရှိရှိပဲ ပြန်ပြောလိုက်သတဲ့ ။

လူဆိုးဗိုလ်ဟာ ဖိုးခင် ရဲ့စကားတွေကို ကြားရတဲ့အခါမှာ အမှန်တရားကို သိမြင်လာပြီး သတိတရား ရတာကြောင့် ဖိုးခင် ဆီက ရှာဖွေယူထားတဲ့ အသပြာငွေ တစ်ကျပ်ကို ဖိုးခင် ပြန် ပေးလိုက်တဲ့အပြင် သူတို့လည်း သူတစ်ပါး ခွန်အား စိုက်ထုတ်ပြီး ရှာဖွေထားတဲ့ ပစ္စည်းကို မတရား တောင်းယူတဲ့ အလုပ်မျိုး စွန့်လွှတ်ပြီး လက်နဲ့ ခြေနဲ့ ခွန်အား စိုက်ပြီး လုပ်ကိုင်စား သောက်တော့မယ့်အကြောင်း ဖိုးခင် ကို ကတိပေးလိုက်သတဲ့ကွယ် ။

မောင် ၊ ညီမလေးတို့ လုပ်အားတန်ဖိုး ချစ်မြတ်နိုးတတ်သူလေးတွေ ဖြစ်ပါစေ ။

⎕ တင်တင်ရီ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၆ ၊ ဇွန်

Thursday, April 10, 2025

ပန်းပွင့်စေသော အဘိုးအို

 

❝ ပန်းပွင့်စေသော အဘိုးအို ❞
        ( ပုံပြင် )
   
ရှေးအခါ က ဂျပန်ပြည်ကြီး ရဲ့ အစွန်အဖျား မှာ ရှိတဲ့ ရွာကလေး မှာ သနားကြင်နာတတ် တဲ့ “ မိုရာ ” ဆိုတဲ့ အဘိုးအို တစ်ယောက် ရှိသတဲ့ ။ အဘိုးအို မိုရာ ဟာ သားသမီး လည်း မရှိတာကြောင့် တစ်ယောက် ထဲ သူ ပိုင်တဲ့ လယ်ကလေး ကို လုပ်ကိုင် စားသောက်ရင်း နေရှာတယ် ။ ဒါပေမယ့် သူ့ တဲ ဘေးမှာ နေထိုင်တဲ့ “ မတ်ဆု ” ဆိုတဲ့ အဘိုးကြီး ကတော့ အဘိုးအို မိုရာ လို တစ်ယောက် ထဲ ဖြစ်ပေမယ့် သနားကြင်နာစိတ် မရှိတဲ့ အပြင် လောဘ လည်း ကြီး ၊ မနာလိုစိတ် လည်း များသတဲ့ ။ အဘိုးအို မတ်ဆု ဟာ “ မိုရာ ” ဆီကို လာရောက် လည်ပတ်တိုင်း အဘိုးအို မိုရာ ထံ က ခမောက်တို့ တောင်းတို့ ကို အတင်း ယူသွားလေ့ ရှိသတဲ့ ။ အဘိုးအို နှစ်ဦး နေထိုင်တဲ့ တဲ နှစ်လုံး ဟာ နီးကပ်သလို သူတို့ လုပ်ကိုင် စားသောက်တဲ့ လယ်ကွက် ၂ - ကွက် ဟာလည်း ကပ်လို့ နေ သတဲ့ ။

တစ်နေ့မှာတော့ သူတို့ လယ်ကွက် ၂ - ကွက် ကြား လယ်ကန်သင်း ပေါ်မှာ ခြေထောက် က သွေးတွေ ယိုစီးကျနေတဲ့ ခွေးကလေး တစ်ကောင် ကို အဘိုးအို မတ်ဆု တွေ့သတဲ့ ။ အဘိုးအို မတ်ဆု ဟာ သနားကြင်နာစိတ် မရှိတဲ့ အတွက် ခွေးကလေး ကို “ မိုရာ ” ရဲ့ လယ်ကွက် ထဲ ကန် ထုတ်လိုက်သတဲ့ ။

သနားကြင်နာစိတ် ရှိတဲ့ “ မိုရာ ” ရဲ့ လယ်ကွက် ထဲ ရောက်လို့ သွေးသံရဲရဲ နဲ့ ညည်းညူ နေတဲ့ ခွေးကလေး ကို တွေ့ရတဲ့ အခါမှာတော့ ခွေးကလေး ကိုချီပြီး သူ့ တဲ ဆီ ကို ပြန်သွားသတဲ့ ။ သူ့ တဲ ကို ရောက်တဲ့ အခါမှာတော့ ခွေးကလေး ရဲ့ ခြေထောက် က သွေးတွေ ကို သုတ်ပြီး ဆေး ထည့် ပေးရှာတယ် ။ သူ့ အင်္ကျီအစုတ် နဲ့ လည်း ခြေထောက် ကို ပတ်ပြီး စည်းပေး လိုက်ရှာတယ် ။

ခွေးကလေး ရဲ့ဒဏ်ရာ ဟာ ၄  - ၅ ရက် ကြာတဲ့အခါပျောက်ကင်း သွားတာကြောင့် ခွေးကလေး ဟာ အဘိုးအို မိုရာ နဲ့ အတူ လယ်တော ကို လိုက်သွားတယ် ။ အဲဒီနောက်တော့ နေ့တိုင်း လို ပဲ လယ်တော ကို  အဘိုးအို နဲ့ လိုက်သွားလေ့ ရှိပြီး တစ်နေ့လုံး လယ်ကန်သင်း ဘေးမှာ ထိုင်ရင်း အဘိုးအို ကို စောင့်လေ့ရှိသတဲ့ ။ နေဝင် လို့ အဘိုးအိုပြန်မှပဲ တဲကို အတူတူ ပြန်လိုက်လာ တယ် ။ မိုရာ ဟာ သားသမီး က လည်း မရှိတာကြောင့် ခွေးကလေး ကိုပဲ သားသမီး လို ခင်မင်နေ ရှာတယ် ။

တစ်နေ့မှာ တော့ ခွေးကလေး ဟာ လယ်ကွက် တစ်နေရာ က ဟောင်နေသံ ကြားရ သတဲ့ ။ အဘိုးအို မိုရာ ဟာ ခွေးကလေး ဘာဖြစ်လို့ ဟောင်ပါလိမ့် ဆိုပြီး သွားကြည့်တယ် ။ ဒါပေမယ့် မြေကြီး ကို ကုတ်ခြစ် နေတာက လွဲလို့ ဘာမှ မတွေ့ရတာကြောင့် ပြန်လာပြီး လယ်ဆက် ထွန်သတဲ့ ။ ခွေးကလေး ကလည်းအဆက်မပြတ် ဟောင်နေပြန်တာကြောင့် နောက်တစ်ကြိမ် သွား ကြည့်ပြန်တဲ့ အခါမှာ ဘာမှ မတွေ့ရပြန်ဘူးတဲ့ ။ ခွေးကလေး က သဲမြေကြီး ကို ကုတ်ခြစ်ပြီး ဟောင်နေပြန်တာကြောင့် အဘိုးအို မိုရာ ဟာ ခွေးကလေး ဆီ ကို လာပြန်တယ် ။ ဒီအကြိမ်မှာ တော့ “ ခွေးကလေး ဘာဖြစ်လို့ ဒီနေရာ ကို ကုတ်ခြစ် နေပါလိမ့် ” လို့ တွေးမိသတဲ့ ။ ဒါကြောင့် ခွေးကလေး ကုတ်ခြစ်တဲ့ နေရာ ကို တူးဆွ ကြည့်တဲ့အခါ မမျှော်လင့်ဘဲ ရွှေအိုးလေး တစ်လုံး ကို တွေ့ရပါလေရောကွယ် ။ အဘိုးအို ဟာ ဝမ်းသာအားရ ရွှေအိုးလေး ကို ယူ ခွေးကလေး ကို ခေါ် ပြီး လယ်တော က ခပ်စောစော ပြန်လာသတဲ့ ။

အဘိုးအို မိုရာ တို့ ပြန်သွားကြတာ ကို မြင်လိုက်တဲ့ မတ်ဆု ဟာ အကြောင်းထူး ရှိလို့ ဖြစ်ရမယ်လို့ တွေးမိပြီး သိချင်လွန်းလှတဲ့ အတွက် လယ်ကွက် တောင် ဆက် မထွန်နိုင်ဘဲ လိုက် မေးသတဲ့ ။ “ ဘာဖြစ်လို့ ... ဒီနေ့ အစောကြီး ပြန်တာလဲ မိုရာ ” လို့ မေးတဲ့ အခါမှာ အဘိုးအို မိုရာ ကလည်း ဝမ်းသာအားရ နဲ့ ခွေးကလေး မြေကြီးကို ကုတ်ခြစ်ပြီး ဟောင် နေတာ ကြောင့် တူး ကြည့်တဲ့ အခါမှာ ရွှေအိုး ကို တွေ့ရတဲ့ အကြောင်း ပြောပြသတဲ့ ။

အဘိုးအို မတ်ဆု ဟာ “ ငါ့ ထက်တော့ ပို ချမ်းသာ သွားတော့မှာပဲ ” ဆိုပြီး ဝမ်း ထဲ က မနာလို ဖြစ်နေသတဲ့ ။ ဒါပေမယ့် နှုတ် ကတော့ “ ခွေးကလေး ဟာ အင်မတန် လိမ္မာတာပဲ ” လို့ ပြောပြီး ပြန်သွားသတဲ့ကွယ် ။

နောက် တစ်နေ့ မနက် မှာတော့ အစောကြီး ထပြီး မိုရာ ရဲ့ ခွေးကလေး ကို တိတ်တိတ် ခိုးပြီး လယ်တော ကို ခေါ် သွားတယ် ။ လယ် ထဲ ရောက်တော့ အခါမှာတော့ ခွေးကလေး ရဲ့ လည်ပင်းကို ညှစ်ပြီး အော်ခိုင်းသတဲ့ ။ ခွေးကလေး ကလည်း လည်ပင်း အစ်တဲ့ အတွက် အော် ဟစ်ရှာတာပေါ့ ။ လောဘကြီး တဲ့ အဘိုးအို မတ်ဆု ဟာ ခွေးကလေး အော်တဲ့ နေရာကို တူးတော့ တာပဲတဲ့ ။ ဒါပေမယ့် ဘာမှ မတွေ့ရဘူးတဲ့ကွယ် ။ ဒါကြောင့် စိတ်ဆိုးဆိုး နဲ့ ခွေးကလေး ကို သ,တ် ပစ်လိုက်ပါရော ။

အဘိုးအို မိုရာ ကတော့ လယ်တော ကို သွားမယ်လို့ သူ့ ခွေးကလေး ကို ခေါ်ရှာတာ ပေါ့ ။ ခွေးကလေး ကို ရှာလို့ မရတဲ့ အခါမှာတော့ တစ်ယောက် ထဲ ပဲ လယ်တော ကို ထွက်ခဲ့ရတော့တယ် ။ လယ်ကန်သင်း ဘေးမှာ သေနေရှာတဲ့ သူ့ခွေးလေး ကို မြင်ရတဲ့ အခါမှာတော့ စိတ် မကောင်းလို့ မျက်ရည်များ တောင် ကျသတဲ့ ။ ဒါပေမယ့် “ မတ်ဆု ” သ,တ်ပစ်လိုက်တယ် ဆိုတာ ကိုတော့ မသိရှာဘူး ။ မိုရာ ဟာ သူ့ ခွေးကလေး ကို တဲပြန် ယူလာပြီး တဲရှေ့ မှာပဲ မြှုပ်လိုက်ရှာတယ် ။

မနက် လင်းတဲ့ အခါ မှာတော့ ခွေးကလေး မြှုပ်တဲ့ နေရာမှာ ထူးဆန်းတဲ့ သစ်ပင်ကြီး တစ်ပင် ပေါက်နေတာ တွေ့ရသတဲ့ ။ တဝင်းဝင်း တောက်ပနေတဲ့ အသီးတွေ ကို လည်း တွေ့ မြင်ရသတဲ့ကွယ် ။ အဘိုးအို ဟာ အံ့ဩတကြီး နဲ့ အသီး ကို ခူးဆွတ် လိုက်တဲ့ အခါမှာတော့ သူ့ လက်တွင်း မှာ ရွှေတွေ ဖြစ်နေတာကို တွေ့ရသတဲ့ ။

“ မိုရာ ” ကို အမြဲမပြတ် အကဲခတ် နေတဲ့ မတ်ဆု ဟာ ရွှင်ပြုံး နေတဲ့ မိုရာ ကို တွေ့လိုက်တဲ့ အခါမှာ အကြောင်းတစ်ခုခု ရှိလို့ ဖြစ်ရမှပဲလို့ တွေးမိပြီး လာရောက် မေးပြန်သတဲ့ ။ အဘိုးအို မိုရာ ကလည်း ခွေးကလေး သေသွားတဲ့ အကြောင်း ၊ ခွေးကလေး မြှုပ်တဲ့ နေရာက သစ်ပင်ကြီး ပေါက်လာတဲ့ အကြောင်း ၊ သစ်သီးတွေ ခူးလိုက်တဲ့အခါ ရွှေတွေ ဖြစ်လာတဲ့ အကြောင်း အရိုးခံ အတိုင်း ပြောပြရှာတယ် ။

“ သစ်သီးတွေ က ရွှေဖြစ်တယ် ” ဆိုတာ ကြားရတဲ့ အခါမှာတော့ မတ်ဆု ဟာ သစ်ပင်ကြီး ကို လှမ်းကြည့်ရင်း ၊ ဒီအပင် က အသီးတွေကို ငါ အကုန် ခူးမယ်လို့ စိတ် ထဲက ကြိမ်းဝါး နေသတဲ့ ။ လယ်တော ကို လည်း ဆက် မသွားဘဲ သူ့ တဲ ဘက် ကို ပြန်သွားတယ်တဲ့ ။ အဘိုးအို မိုရာ လယ်တော ထွက်သွားတာ မြင်လိုက်တဲ့ အခါမှာတော့ အဘိုးအို မတ်ဆု ဟာ ကြီးမားလှတဲ့ တောင်းကြီး တစ်လုံး ကို ယူပြီး ထူးဆန်းတဲ့ သစ်ပင် ဆီ ကို လာတော့တာပဲတဲ့ ။ သူ့ စိတ် ထဲမှာလည်း “ ဒီ အသီးတွေ ငါ အကုန် ခူး ပြီးရင် မိုရာ ထက် ပို ချမ်းသာတော့မှာပဲ ” ဆိုပြီး ဝမ်းသာနေသတဲ့ ။

ဒါပေမယ့်ကွယ် ... တဝင်းဝင်း လက်နေတဲ့ အသီးတွေ ဟာ လောဘကြီးပြီး ယုတ်မာ တဲ့ မတ်ဆု လက်ထဲ ရောက်တဲ့ အခါမှာတော့ အင်မတန် နံစော်ပြီး ကြောက်စရာ ကောင်းတဲ့ အသီးကြီးတွေ ဖြစ်နေပါရောကွယ် ။ မတ်ဆု ဟာ အခဲမကြေနိုင်ဘဲ ထပ် ခူး ပေမယ့်လည်း ခူး လိုက်တိုင်း အော့အန်ချင်လောက်အောင် နံစော်တဲ့ အသီးတွေ ချည်း ဖြစ်နေတာပဲတဲ့ ။ ဒါကြောင့် မတ်ဆု ဟာ စိတ်ဆိုးလွန်းလို့ သစ်ပင်ကြီး ကို အပိုင်းပိုင်း ခုတ်လိုက်ပါလေရောတဲ့ ။

အဘိုးအို မိုရာ လယ်တော က ပြန်လာတဲ့ အခါ မှာတော့ အပိုင်းပိုင်း ပြတ် နေတဲ့ သူ့သစ်ပင်ကို မြင်လိုက်ရတဲ့ အခါမှာ သိပ် စိတ်မကောင်း ဖြစ်သွားရှာတယ် ။ အဘိုးအို ဟာ စိတ် မကောင်းရက်နဲ့ပဲ အပိုင်းပိုင်း ဖြစ်နေတဲ့ သစ်ကိုင်းတုံးတွေ ကို စု မီးရှို့ပစ်ရင်း သူ့ ခွေးကလေး အတွက် ဆုတောင်း နေမိသတဲ့ကွယ် ။

သစ်ကိုင်းသစ်ခက်တွေ မီးလောင်ကျွမ်းပြီး ပြာ ဖြစ်သွားတဲ့ အချိန်မှာ လေတိုက်လိုက်တာကြောင့် ပြာ အချို့ဟာ လွင့်တက်သွားပြီး ခြောက်သွေ့ နေတဲ့ သစ်ပင် ပေါ်ကို ကျရောက် သွားသတဲ့ ။ မကြာမီမှာပဲ ခြောက်သွေ့ နေတဲ့ သစ်ပင် က အင်မတန် လှပတဲ့ ပန်းပွင့်လေးတွေ ပွင့်လာတယ်တဲ့ ။ အဘိုးအို ဟာ တခြား ပန်းတွေနဲ့ မတူဘဲ ထူးထူးကဲကဲ လှပလှတဲ့ ပန်းပွင့်လေး တွေ ကို မြင်ရတဲ့ အခါမှာ လှပတဲ့ ပန်းကလေးတွေ ကို ခူးပြီး ခွေးကလေး အတွက် ဆုတောင်းချင် တဲ့ ဆန္ဒ ဖြစ်ပေါ်လာသတဲ့ ။ ဒါကြောင့် ပန်းကလေးတွေ ကို ခူးပြီး နတ်စင် ရှေ့မှာ သွားရောက် ဆုတောင်း ရှာတယ် ။

အဘိုးအို မိုရာ ဟာ နေ့တိုင်း နေ့တိုင်း ခြောက်သွေ့ နေတဲ့ သစ်ပင် ကို ပြာနဲ့ ပက်လေ့ ရှိ တယ် ။ ပွင့်လာတဲ့ ပန်းလှလှလေးတွေ ကို ခူးပြီး နတ်စင် မှာ သွားရောက် ဆုတောင်းလေ့ ရှိတယ်တဲ့ ။ အဘိုးအို မိုရာ ဟာ လှပတဲ့ ပန်းလေးတွေပွင့်လာအောင် ပြုလုပ်နိုင်တဲ့အတွက် “ ပန်းပွင့်စေ သော အဘိုးအို ” လို့ သူ့ ကို ခေါ်ကြတယ်တဲ့ကွယ် ။

“ မိုရာ ” အပေါ် မှာ အမြဲတမ်း မနာလို နေတဲ့ အဘိုးအို မတ်စု ကတော့ မြို့စားမင်း ရဲ့ ဖမ်းဆီးခြင်း ခံရရှာလေရဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်နေ့ မှာ သစ်ပင်ခြောက် တစ်ခု ကို မိုရာ ပြာ နဲ့ ပက်လိုက်တဲ့ အခိုက် မြို့စားမင်း ကြွလာတာ နဲ့ ဆုံစည်းလို့ ပန်းပွင့်စေတာ ကို မြင်ရတဲ့ အခါ မြို့စား မင်း က သဘောကျပြီး ဆုလာဘ်တွေ ပေးသွားတာကိုးကွဲ့ ၊ အဘိုးအို မတ်ဆု ဟာ မိုရာ ဆုလာဘ် ရတာကို မနာလို ပြန်တဲ့ အတွက် မိုရာ ပက်ပြီး လို့ ကျန်ရစ်တဲ့ ပြာတွေ ကို ကျုံးပြီး မြို့စားမင်း လာမယ့် လမ်း က စောင့်နေသတဲ့ ။

မြို့စားမင်း ကြွလာတာ နဲ့ တစ်ပြိုင်နက် သူ လည်း ပန်းများကို ပွင့်စေနိုင်ပါတယ် လို့ ဆို ပြီး သစ်ပင်ခြောက် တစ်ခု ကို ပြာ နဲ့ အားရပါးရ ပက်လိုက်တာပေါ့ ။ ဒါပေမယ့် မတ်ဆု ပက်လိုက် တဲ့ ပြာတွေဟာ ပန်းပွင့်တွေ ပွင့်မလာတဲ့ အပြင် မြို့စားမင်း ရဲ့ မျက်စိ ထဲ ဝင်သွားတာကိုး ။ ဒါကြောင့် မြို့စားမင်း က စိတ်ဆိုးလို့ မတ်ဆု ကို ဖမ်းဆီး ခေါ်ဆောင် သွားသတဲ့ကွယ် ။

မောင် ညီမလေးတို့ မနာလိုဝန်တိုမှု ကင်းတဲ့ သူလေးတွေ ဖြစ်ကြပါစေ ။

⎕  တင်တင်ရီ
📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၄ ၊ မေ

Sunday, March 2, 2025

သူခိုးပညာရှိ

 ❝ သူခိုးပညာရှိ ❞

       ( ပုံပြင် )

     

ဟိုးရှေးရှေးတုန်း က အောင်ချာပူရ ဆိုတဲ့ တိုင်းပြည်ကြီး မှာ “ ဓမ္မစည်သူ ” မင်းကြီး အုပ်စိုးစဉ် အချိန်မှာ “ တိမ်တောင် ” ဆိုတဲ့ သူခိုးကြီး ဟာ အင်မတန် သောင်းကျန်းနေတယ်တဲ့ ။ ဘုရင့် ဘဏ္ဍာတော် ငွေတွေ ဝင် ခိုးတာလည်း “ တိမ်တောင် ” ပဲ ၊ မြောက်ပြင်သူဌေး အိမ် ဝင် ခိုးတာ လည်း တိမ်တောင် ပဲ ၊ အဲဒီလိုမ ကြာခဏ “ တိမ်တောင် ” သတင်း ကို ကြားနေကြရတယ်တဲ့ ၊ လိုက်လံ ဖမ်းဆီး ပေမယ့်လည်း တစ်ခါမှ မမိနိုင်ဘူးတဲ့ ၊ တချို့ကလည်း သူခိုးကြီး ဟာ ကိုယ်ပျောက် လို့ တောင် ပြောကြတယ် ၊ မျက်စိ အောက်မှာ ပဲ သူခိုးကြီး ဟာ ပျောက်ပျောက် သွားလေ့ ရှိသတဲ့ ။


အမှန်ကတော့ သူခိုးကြီး ဟာ ကိုယ်ပျောက်တာတော့ မဟုတ်ဘူးကွဲ့ ။ ပစ္စည်းဥစ္စာ တွေကို ညဘက် မှ ခိုးယူရတာ ဆိုတော့ ညဘက် ဆိုတာ အမှောင်ထု စိုးမိုးတဲ့ အချိန် မဟုတ်လား ။ သူခိုးကြီး က သူတစ်ပါး ဥစ္စာပစ္စည်းတွေ ခိုးယူလို့သူခိုး လို့ ဆိုရပေမယ့် တွေးခေါ်မြော်မြင်တတ်တဲ့ ဉာဏ် ရှိလေတော့ ညဘက် ခိုးဖို့ ထွက်တဲ့ အခါမှာ အဝတ်နက်ကြီး တစ်ထည် ကို အမြဲတမ်း ယူ သွားလေ့ ရှိတယ် ။


သူခိုးကြီး ဟာ သူ့ ကို လိုက်လံ ဖမ်းဆီးတဲ့ အခါမှာ တော့ မည်းမှောင်တဲ့ သစ်ပင်ရိပ်တို့ ချုံကွယ်တို့ ရောက်တာနဲ့ တစ်ပြိုင်နက် သူ့ အဝတ်နက်ကြီး ကို လွှမ်းခြုံ ပုန်းကွယ်လေ့ ရှိသတဲ့ ။


အဲဒီ အခါမှာ တော့ ည အမှောင် သစ်ပင်ရိပ် ချုံကွယ် က အဝတ်နက် ခြုံထားတဲ့ သူခိုးကြီး ကို မမြင် မိကြတော့ဘူးပေါ့ကွယ် ။


မောင်ညီမလေးတို့ ၊ ညဘက် ကျရင် သတိထား ကြည့်ကြစမ်းပါ ၊ အလင်းရောင် အောက် က လူတစ်ယောက်ဟာ သစ်ပင် မှောင်ရိပ် ထဲ က လူ တစ်ယောက် ကို မြင်ဖို့ မလွယ်တာ တွေ့ရလိမ့်မယ် ၊ အမှန်ကတော့ သူခိုးကြီး ဟာ ကိုယ် မပျောက်ဘဲ သူ့ ရဲ့ အဝတ်နက်ကြီး က သာ သူ့ ကို အကာအကွယ် ပေးတာပဲ ဖြစ်တယ် ၊ အဲဒီလိုနဲ့ သူခိုးကြီး ဟာ နေပြည်တော် မှာ ဆိုးသွမ်း နေတာပေါ့ ။


တစ်နေ့မှာ တော့ သူခိုးကြီး ဟာ ကံ ဆိုးချင်လို့ပဲလား မသိပါဘူးကွယ် ၊ မဟာဘောဂ သူဌေးကြီး အိမ် ကို ခိုးဖို့ အသွား မှာ သူ့ အဝတ်နက်ကြီး ကို ယူ မသွားမိဘူးတဲ့ ၊ အဲဒီ ညမှာပဲ သူခိုးကြီး ဟာ အဖမ်း ခံလိုက်ရတယ် ။


သူခိုးကြီး ကို မြို့ ထဲ လှည့်လည်ပြီး လိုက် ပြလိုက်တဲ့ အခါမှာတော့ ထွက်ကြည့်တဲ့ သတွေဟာ ပြည့်နှက်နေတာပဲတဲ့ ၊ ဒါပေမယ့် သူခိုးကြီး ကတော့ ဘယ်သူ့ကို မှ ဂရုမစိုက်ဘူး ၊ ကြောက်ရွံ့တဲ့ အမူအရာ လည်း မရှိဘူးတဲ့ ၊ “ ငါ လွတ်မြောက်အောင် ဘယ်လို လုပ်ရပါ့မလဲ ” လို့ သာ တွေးတော နေသတဲ့ ။


အစောင့်အကြပ်တွေ ကလည်း အများကြီး ဆိုတော့ ငါ ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး ။ ဒီတော့ ပရိယာယ် နဲ့ လွတ်အောင် ကြံမှပဲ ဆိုပြီး လွတ်မြောက်ဖို့ နည်းလမ်း ကို သာ ရှာကြံနေ သတဲ့ကွယ် ။


ညနေစောင်း လာတဲ့ အခါမှာတော့ ပါးကွက်အာဏာသားတွေ ဟာ ဓားကြီး ထမ်းလို့ ရောက်လာကြတာပေါ့ ။ သူခိုးကြီး ကို သုဿန် ခေါ်မယ် လုပ်တဲ့ အခါမှာတော့ သူခိုးကြီး က ... 


“ နောင်ကြီးတို့ ၊ နေပါဦးခင်ဗျာ ၊ တဆိတ် သည်းခံပါဦး ၊ ဘုရင်ကြီး ကို လျှောက်တင်ခဲ့ ပါရစေဦး ” လို့ ပြောသတဲ့ ။


အာဏာသားတွေ ကလည်း “ တို့ ဝတ္တရားက မင်းကို သုဿန် ထုတ် ဓားခုတ်သ,တ်ဖို့ ပဲ ၊ မင်း ကို သုဿန် ခေါ်သွားရမယ် ” လို့ ပြောပြီးခေါ်ဆောင် သွားကြတယ် ။


ဒါပေမယ့် သူခိုးကြီး ကလည်း “ အင်မတန် အရေးကြီးတဲ့ စကားမို့ မသေခင် လျှောက် တင်ခဲ့ပါရစေ ” လို့ အတန်တန် တောင်းပန်ရှာသတဲ့ ။


အာဏာသားတွေ ဟာ သနား သွားတာကြောင့် သူခိုးကြီး ကို ဘုရင်ကြီး ဆီ ခေါ်သွား ပေးကြတယ် ၊ ဘုရင်ကြီး ဟာ သူခိုးကြီး ကို မြင်တဲ့ အခါမှာတော့ အာဏာသားတွေ ကို ...


“ မောင်မင်းတို့ ဘာကြောင့် သူခိုးကြီး ကို မသ,တ်ဘဲ ငါ့ ဆီ ခေါ်ခဲ့ရတာလဲ ၊ မင်းတို့ ပါ သေချင်ကြလို့လား ” လို့ ကြိမ်းမောင်းတော့တာပါပဲကွယ် ။


အာဏာသားတွေ ဟာ လည်း ကြောက်လွန်းလို့ တုန်နေတာပါပဲ ၊ ဒါပေမယ့် သူခိုးကြီး က “ မှန်လှပါ ၊ အရှင်မင်းကြီး အား ကျွန်တော်မျိုး အဖိုးတန်တဲ့ စကား တစ်ခွန်း လျှောက်တင်ချင် လို့ပါ ” လို့ လျှောက်တင်လိုက် သတဲ့ ။


ဒီတစ်ခါမှာ ဘုရင်ကြီး က “ အံမာ မင်းလိုကောင် က ဘာ အဖိုးတန် စကားများ လျှောက် ထားစရာရှိလို့လဲ ” လို့ အော်ငေါက် မေးလိုက်ပြန်တယ် ။


“ မှန်လှပါ ၊ ကျွန်တော်မျိုးကြီး “ ရွှေသီး ” သီး တဲ့ ရွှေပင်ကြီး စိုက်တတ်ကြောင်းပါ ဘုရား ” လို့ သူခိုးကြီး ကလည်း ရဲရဲဝံ့ဝံ့ လျှောက်တင်လိုက်သတဲ့ ။


ဘုရင်ကြီး က လည်း လောဘကြီး တဲ့ သူ ဆိုတော့ “ ရွှေ ” ဆိုတဲ့ အသံ ကြားလိုက်တဲ့ အခါမှာ ဘာမှ မစဉ်းစားနိုင်ဘဲ... ။


“ ရွှေ .. ရွှေ .. ရွှေသီးတဲ့ ရွှေပင် ” ဟုတ်လားလို့ အလောတကြီး မေးလိုက်သတဲ့ ။


“ မှန်လှပါ ၊ ရွှေသီး သီးတဲ့ “ ရွှေပင် ” စိုက်တတ်ကြောင်းပါ ” လို့ ပြန် လျှောက်လိုက်တဲ့ အခါမှာတော့ ဘုရင်ကြီး ဟာ ငါ့ မှာ ရွှေပင်ကြီး သာ ရှိရင် ကမ္ဘာပေါ် မှာ ငါ ဟာ အချမ်းသာဆုံးသူ ဖြစ်မှာပဲလို့ တွေးမိပြီး...


“ ကောင်းပြီ ၊ မောင်မင်း ငါ့ ဖို့ ရွှေပင် စိုက်ပေးရမယ် ” လို့ ချက်ချင်း အမိန့် ချမှတ်လိုက်သတဲ့ ။ 


သူခိုးကြီး က လည်း “ မှန်လှပါ ၊ ရွှေပင် စိုက်ဖို့ အတွက် ရွှေဒင်္ဂါး တပြား နဲ့ ရေသန့်သန့် တစ်ခွက် လိုကြောင်းပါ ဘုရား လို့ ” လျှောက်တင်လိုက်ပြန်တယ် ။


ဘုရင်ကြီး က လည်း ချက်ချင်းပဲ “ ရွှေဒင်္ဂါး တစ်ပြား နဲ့ ရေသန့်သန့် တစ်ခွက်ကို ယူခဲ့ စေ ” လို့ မင်းချင်းတွေ ကို စေခိုင်းလိုက်တယ် ။


ရွှေဒင်္ဂါးတပြား နဲ့ ရေသန့်သန့် တစ်ခွက် ရတဲ့ အခါမှာ တော့ ဘုရင်ကြီး နဲ့ တကွ မှူးမတ်တွေ ရော ၊ နန်းတွင်းသူ နန်းတွင်းသားတွေ ရော ၊ သူခိုးကြီး ပါ မင်္ဂလာဥယျာဉ်တော် ကို ထွက်လာ ကြတယ် ။


တစ်ဆင့် စကား တစ်ဆင့် နဲ့ “ သူခိုးကြီး က ရွှေပင် စိုက်ပြမယ် ” ဆိုတဲ့ သတင်း ဟာ တစ်မြို့လုံး ပျံ့နှံ့ သွားတာကြောင့် ရွှေပင် စိုက်တာ ကြည့်ဖို့ လာရောက်ကြတဲ့ အတွက် ဥယျာဉ် တစ်ခုလုံး ဟာ ခဏအတွင်း ပြည့်လျှံ သွားတာပဲတဲ့ ။


သူခိုးကြီး ဟာ ဥယျာဉ် ထဲရောက်တဲ့ အခါမှာတော့ မြေကြီး ကို တစ်တောင် လောက် နက်အောင် တူးလိုက်တယ် ။ အဲဒီ နောက်မှာ ရွှေဒင်္ဂါး တစ်ပြား ကို ရေသန့်သန့် နဲ့ ဆေးလိုက် ပြန်တယ် ။ ဒီ နောက်တော့ရွှေဒင်္ဂါးပြား ကို ကိုင်ပြီး ဘုရင်ကြီး ဘက် လှည့်လိုက်ပြီး “ အရှင်မင်းကြီး ၊ ဤ ရွှေဒင်္ဂါးပြား နှင့် ရွှေပင် ကို စိုက်ရပါမည် ။ ရွှေပင် ကို စိုက်သောသူ သည် အပြစ် လုံးဝ ကင်းစင်သူ ဖြစ်ရပါမည် ။ အပြစ် ကင်းစင်သူ စိုက် မှ လည်း ဤ ရွှေဒင်္ဂါးပြား မှ ရွှေပင် ပေါက်၍ ရွှေသီး သီးပါမည် ။ ကျွန်တော်မျိုး မှာ ခိုးသား တစ်ယောက် ဖြစ်တဲ့ အတွက် အပြစ် မကင်းစင်ပါ ။ ထို့ကြောင့် အရှင်မင်းကြီး စိုက်တော်မူပါ ” လို့ လျှောက်ပြီး ရွှေဒင်္ဂါးပြား ကို လှမ်း ပေးလိုက်တယ် ။


ဘုရင်ကြီး မှာ ချက်ချင်းပဲ ရွှေဒင်္ဂါးပြား ကို လှမ်း ယူပြီး တွင်း ထဲ ထည့်မယ် လုပ်ပြီးမှ ... 


“ ငါ စိုက်လို့ မဖြစ်ဘူး ထင်တယ် ၊ ငါ့ မှာ အပြစ် လုံးဝကင်းစင်သူ တစ်ယောက် မဟုတ် ဘူး ” လို့ တွေးမိပြီးရွှေဒင်္ဂါး ကို အိမ်ရှေ့မင်း ထံ လှမ်း ပေးလိုက်သတဲ့ ။


ဒါပေမယ့် အိမ်ရှေ့မင်းသား က လည်း “ အကျွန်ုပ် လည်း မစိုက်ဝံ့ပါ ၊ အကျွန်ုပ် သည် လည်း လုံးဝ အပြစ် ကင်းစင်သူ တစ်ယောက် မဟုတ်ပါ ” လို့ လျှောက်တင်ပြီး အမတ်ကြီး ဆီ လှမ်း ပေးလိုက်ပြန်တယ် ။


အမတ်ကြီး က လည်း “ အကျွန်ုပ် မစိုက်ရဲပါ ၊အကျွန်ုပ် သည် လည်း လုံးဝ အပြစ် ကင်းစင်သူ တစ်ဦး ဖြစ်ချင် မှ ဖြစ်ပါမယ် ၊ ဤ ရွှေဒင်္ဂါးပြား ကို မစိုက်ဝံ့ပါ ” လို့ ပြောပြီး သူဌေးကြီး ကို လှမ်း ပေးလိုက်ပြန်တယ် ။


ဒီလိုနဲ့ ရွှေဒင်္ဂါးပြား ဟာ တစ်ဆင့် လက် က တစ်ဆင့် ကူးပြောင်း သွားလိုက်တာ နန်းတွင်းသူ နန်းတွင်းသား ဆင်းရဲသား ပါ မကျန် ရွှေဒင်္ဂါးပြား ကို စိုက်ခိုင်း ပေမယ့် တစ်ယောက် မှ စိုက်ခိုင်းလို့ မရဘူးတဲ့ကွယ် ၊ “ သူတို့ ဟာလည်း လုံးဝ အပြစ်ကင်းသူ မဟုတ်ပါဘူး ” လို့ ပြောပြီး လက်မခံကြဘူး ။


ဒီအခါမှာ သူခိုးကြီး ဟာ ...


“ အရှင်မင်းကြီး ၊ ရှုစားတော်မူပါ ၊ အကျွန်ုပ်တို့ အားလုံးဟာ အပြစ် ကင်းစင်သူများ မဟုတ်ကြပါ ၊ အကယ်၍ အပြစ် ရှိသူ ကို သေဒဏ် ပေးမယ် ဆိုရင် ကျွန်ုပ်တို့ အားလုံး ကို သေဒဏ် အပြစ် ပေးထိုက်ပါတယ် ” လို့ လျှောက်တင်လိုက် သတဲ့ ။


သူခိုးကြီး လျှောက်တင်ချက် ကို အားလုံး ကြားရတဲ့ အခါမှာ တော့ ဝိုင်းပြီး ရယ်မောကြသတဲ့ ။


ဘုရင်ကြီး ဟာ လည်း သူခိုးကြီး ရဲ့ ပညာဂုဏ် နဲ့ လိမ္မာပါးနပ်မှု ကို နှစ်သက် သဘောကျတဲ့ အတွက် နောင်ကို ခိုးယူခြင်း မပြုဖို့ပြောပြီး အပြစ်ဒဏ် ကလွတ်ငြိမ်းခွင့် ပြုလိုက်သတဲ့ကွယ် ။ 


သူခိုးကြီး ဟာ သူ့ ရဲ့ ပညာစွမ်း ကြောင့် အသက်ဘေး မှ ချမ်းသာရာ ရသွားတယ်ကွယ့် ။ 


မောင် ၊ ညီမလေးတို့ ပညာဗဟုသုတ နဲ့ ပြည့်ဝကြပါစေ ။


▢ တင်တင်ရီ 


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆၄ ၊ ဇန်နဝါရီ

Wednesday, February 12, 2025

ကတိ တည်သော လုလင်ပျို

❝ ကတိ တည်သော လုလင်ပျို ❞

     ( ပုံပြင် )

     

ရှေးအခါ က ရွာကြီး တစ်ရွာ မှာ နေထိုင်တဲ့ အဘိုးအို တစ်ဦး ထံ မှာ ကြီးမားထွားကျိုင်းပြီး ဖြူဖွေး လှပတဲ့ အမွေးတွေ လည်း ရှိတဲ့ မြင်းဖြူကြီး တစ်ကောင် ရှိ သတဲ့ ။ အဘိုးအို ဟာ သူ့ မြင်းဖြူကြီး ကို အရိပ် တကြည့်ကြည့် နဲ့ ပေါ့ ။ မြင်းကြီး ကို စိတ်မချနိုင်လို့ ခရီး ဝေးဝေးတောင် မသွားဘူး တဲ့ ။ သူ့ မြင်းကြီး ကို မြင်တဲ့ သူတွေ တိုင်း ဟာ ငေးမော ကြည့်နေကြပြီလား ဆိုရင် သိပ်သဘော ကျတာပဲတဲ့ ။


ကုန်သည်တွေ ၊ သူဌေးတွေ လာဝယ်တဲ့ အခါမှာတော့ “ ရွှေဒင်္ဂါး ၃၀၀၀ ရ မှ ရောင်း မယ် ” လို့ ပြန် ပြောလေ့ရှိသတဲ့ ။ မြင်းဖြူကြီး ကို သဘောကျ လိုချင်ပေမယ့် အဘိုးအို တောင်းတဲ့ ဈေး ကို မပေးနိုင်တဲ့ အတွက် ပြန်ကြရတာပေါ့ ။ တကယ်တော့ လည်း မြင်း တစ်ကောင် ကို ရွှေဒင်္ဂါး ၃ဝဝဝ ပေးရမယ် ဆိုတာ များလှတာ ပေါ့ကွယ် ။ အဘိုးအို ကတော့ မရောင်းရပေမယ့် စိတ် မပျက်ဘူးကွယ့် ။ လှပတဲ့ သူ့ မြင်းဖြူကြီး ကို ရွှေဒင်္ဂါး ၃ဝဝဝ မှ မရရင်တော့ မရောင်းဘူး လို့ စိတ် ဆုံးဖြတ်ထားတယ် ။


တစ်နေ့မှာ တော့ လုလင်ပျို တစ်ယောက် ရောက်လာပြီး “ ကျွန်တော် မီးပွဲသဘင် သွား ကြည့်ချင်လို့ အဘိုး မြင်း ကို စီးသွားပါရစေ ၊ မြင်းငှားခ အတွက် ပေးဖို့ ပိုက်ဆံ ကတော့ ကျွန်တော့် မှာ အခု မရှိသေးပါဘူး ၊ ဒါပေမယ့် ပြန်ရောက်တဲ့ အခါမှာ နေပြည်တော် က ရလာသမျှ ပစ္စည်း အားလုံး ကို အဘိုး ကို ပေးပါ့မယ်လို့ ကတိပြုပါတယ် ” လို့ အဘိုးအို ကို ပြောရှာတယ် ။ 


လုလင်ပျို ရဲ့ ထူးဆန်းတဲ့ စကားတွေ ကို ကြားရတဲ့ အခါမှာ အဘိုးအို ဟာ အံ့အားသင့် ပြီး လုလင်ပျို ကို ကြည့်နေမိ သတဲ့ ။


လုလင်ပျို ကတော့ တည်ကြည်တဲ့ အမူအရာ နဲ့ “ ကျွန်တော် မီးပွဲသဘင် ကို သွားချင် လွန်းလို့ပါ အဘိုးရယ် ” လို့ တောင်းတောင်းပန်ပန် ထပ် ပြောပြန်တယ် ။ “ မင်း ၊ ငါ့ မြင်း ကို စီးသွား လို့ ရလာတာ မှန်သမျှ ပြန် ရောက်ရင် ငါ့ ကို ပေးနိုင်ပါ့မလား ” မေးလိုက်တဲ့ အခါ “ ဟုတ်ကဲ့ ၊ ပေးပါ့ မယ် အဘိုး ” လို့ အားရဝမ်းသာ ကတိ ပေးရှာတယ် ။ လုလင်ပျို ဆီ က ကတိ စကား ကို ကြားရတဲ့ အခါမှာ အဘိုးအို ဟာ သူ ချစ်တဲ့ မြင်းဖြူကြီး ကို ပေးလိုက်တော့တယ် ။


လုလင်ပျို လည်း အားရဝမ်းသာ မီးပွဲသဘင် ကြည့်ဖို့ နေပြည်တော် ကို ထွက်ခွာ လာတယ် ။ လုလင်ပျို စီးလာတဲ့ မြင်းဖြူကြီး ကို နန်းတော် ပေါ် ကနေ ဘုရင်ကြီး မြင်လိုက်တဲ့ အခါမှာ လိုချင်လှတဲ့ အတွက် လုလင်ပျို ကို လိုက် ခေါ်စေတယ် ။ လုလင်ပျို ရောက်တဲ့ အခါ မှာတော့ “ သင့် ရဲ့ မြင်းဖြူကြီး ကို ရောင်းပါ ” လို့ ပြောတဲ့အခါ လုလင်ပျို ကလည်း “ ရွှေဒင်္ဂါး ၃ဝဝဝ ရရင် ရောင်းပါ မည် ” လို့ ပြန် လျှောက်လိုက် သတဲ့ ။ အဖိုးနှုန်း များတဲ့ အတွက် ဈေးဆစ် ပေမယ့် မရတဲ့ အဆုံးမှာ တော့ “ မနက်ဖြန် လာခဲ့ပါဦး ” လို့ မှာပြီး လုလင်ပျို ကို ပြန် လွှတ်လိုက်တယ်တဲ့ ။


ဘုရင်ကြီး ဟာ မြင်းဖြူကြီး ကို အဖိုး နည်းနည်း နဲ့ ရအောင် “ ဘယ်လို လုပ်ရမလဲ ” လို့ အကြံ တောင်းတဲ့အခါ မှူးမတ်တွေ က အမျိုးမျိုး အကြံ ပေးပေမယ့်သဘော မကျဘူးတဲ့ ။ နောက်ဆုံးမှာ “ အင်မတန် ချောမောလှပတဲ့ မိန်းကလေးတွေ ရဲ့ ရှေ့မှာ အဖိုးနှုန်း ကို မေးရင် လုလင်ပျို ဟာ အချောအလှလေးတွေ ကို သဘောကျ နေတဲ့ အတွက် လျှော့ပြောပါလိမ့်မယ် ” ဆိုတဲ့ အကြံ ကို လက်ခံ လိုက်တယ်တဲ့ ။ ဒါပေမယ့် ...


“ ရွှေဒင်္ဂါး ၃ဝဝဝ ရမှ ရောင်းနိုင်ပါမည် ” ဆိုတဲ့ လုလင်ပျို ရဲ့ အဖြေကို ကြားရတဲ့ အခါမှာ တော့ ဘုရင်ကြီး ဟာ စိတ်ပျက် သွားတယ် ။ ဈေးဆစ်လို့ မရပြန်တဲ့ အခါမှာတော့ “ မနက်ဖြန် လာ ခဲ့ပါဦး ” လို့မှာ လိုက်ပြန်တယ် ။


ဒုတိယနေ့ မှာတော့ မှူးမတ်တွေ အကြံပေးချက် အတိုင်း နန်းတော်သူ အချောအလှ လေးတွေ ရဲ့ ရှေ့မှာ မေးပြန်တယ် ။ ဒါပေမယ့် လုလင်ပျို က “ ရွှေဒင်္ဂါး ၃၀၀၀ ရမှ ရောင်းနိုင်ပါမည် ” လို့ လျှောက်တင်ပြန်တယ် ။ ဘုရင်ကြီး မှာ ဈေးဆစ် လို့ မရပြန်တော့ “ မနက်ဖြန် လာခဲ့ပါ ဦး ” လို့ မှာလိုက်ပြန်တယ် ။


ဘုရင်ကြီး ဟာ သူ မျှော်မှန်းတဲ့ အတိုင်း မဖြစ်ပြန်တဲ့အခါ မှာ တော့ မှူးမတ်တွေ ကို ကြိမ်းမောင်းတာပေါ့ကွယ် ။ ဒီအခါမှာ မှူးမတ်တွေက “ နိုင်ငံတော် မှာ အချောဆုံး အလှဆုံး ဖြစ် တဲ့ ဘုရင့်သမီးတော်လေး ရဲ့ ရှေ့မှာ ဈေး မေးရင် အမှန်တကယ် ဈေးလျှော့ ပြောပါလိမ့်မယ် ” လို့ ရဲရဲဝံ့ဝံ့ တင်လျှောက် ကြတယ် ။


တတိယနေ့ မှာတော့ အရင်နေ့ တွေ က မြင်တွေ့ ခဲ့ရတဲ့ မိန်းကလေးတွေ ထက် အဆ ပေါင်း များစွာ လှပတဲ့ မင်းသမီးလေး ကို မြင်လိုက်ရတဲ့ အခါမှာ လုလင်ပျို ဟာ ငေးမော ကြည့်ရုံ သာ မက ဘဲ မြင်မြင်ချင်း မေတ္တာ သက်ဝင်တဲ့ အတွက် စူးစိုက်ကြည့်နေမိ သတဲ့ ။ မင်းသမီးကလေး လည်း တည်ကြည်ခန့်ငြားတဲ့ လုလင်ပျို ကို မြင်တဲ့ အခါမှာ မေတ္တာသက်ဝင်မိ သတဲ့ ။


ဘုရင်ကြီး က တော့ “ သမီးတော် ရဲ့ အချောအလှ ကြောင့် သတိတွေ လစ်ဟင်းပြီး လုလင်ပျို ဟာ အဖိုးနှုန်း ကို လျှော့ ပြောမှာပဲ ။ ငါ တော့ ဈေးပေါပေါ နဲ့ မြင်းဖြူကြီး ကို ရတော့မယ် ” လို့ ယုံကြည် နေတာပေါ့ကွယ် ။ ဒါပေမယ့် ဒီ တစ်ခါမှာ လည်း “ ရွှေဒင်္ဂါး ၃ဝဝဝ ရလျှင် ရောင်းပါ မည် ” လို့ လျှောက်တင်ပြန်တယ် ။ လုလင်ပျို ကို ဘယ်လိုမှ ဖြားယောင်းသွေးဆောင်လို့ မရတဲ့ အခါမှာ သူ့ အကြံ ကို လက်လျှော့ လိုက်ရတော့တယ် ။ ဒါပေမယ့် လုလင်ပျို နဲ့ ဘုရင့်သမီးတော်လေး တို့ ဟာ မြင်မြင်ချင်းပဲ ချစ်ကြိုက် သွားကြတယ် ။


လုလင်ပျို ဟာ နေရပ် ကို ပြန်ခါနီးတဲ့ အခါမှာ မင်းသမီးလေး ကို သူ နဲ့ အတူ လိုက်ခဲ့ဖို့ ခေါ်တယ်တဲ့ ။ မင်းသမီးလေး ဟာ လုလင်ပျို အပေါ်မှာ မေတ္တာသက်ဝင် နေတဲ့ အတွက် အဖိုးတန် စိန်ရွှေရတနာထုပ် ကို ယူဆောင်ပြီး လိုက်ခဲ့တယ်တဲ့ ။


လုလင်ပျို နဲ့ မင်းသမီးလေး ဟာ သိပ် ပျော်ရွှင် နေကြတာပေါ့ ။ တစ်ညလုံး တောလမ်း ခရီး ကို ဖြတ်ပြီး ခရီးပြင်း နှင်ခဲ့ကြရပေမယ့် မောရမှန်း ပန်းရမှန်း မသိနိုင်ရှာကြဘဲ ပျော် တပြုံးပြုံး ဖြစ် နေကြတာပေါ့ ။


မနက် လင်းတဲ့ အခါ မှာတော့ စိတ်ချတဲ့ နေရာ လည်း ရောက်ပြီမို့ မြင်းပေါ် က ဆင်းပြီး သစ်ပင် တစ်ပင် မှာ အမောဖြေ ကြတယ် ။ မင်းသမီးလေး ဟာ လုလင်ပျို နားမှာ ထိုင်ပြီး စကား ပြောကြရင်းက “ ဒီ မြင်းဖြူကြီး ကို ရွှေဒင်္ဂါး ၃ဝဝဝ ရမှ ရောင်းနိုင်မယ် ဆိုတာ မောင်ကြီး ဘယ်လောက် ပေးဝယ် ထားရလို့လဲ ” လို့ မေးလိုက်မိရှာ သတဲ့ ။


မင်းသမီးလေး ရဲ့စကားကို ကြားလိုက်ရတဲ့ အခါမှာ လုလင်ပျို ဟာ ချက်ချင်း သူ ပေး ထားခဲ့တဲ့ ကတိ ကို သတိရ သွားတဲ့ အတွက် မျက်နှာ မသာမယာ ဖြစ်သွားတယ် ။ မင်းသမီးလေး က “ ဘာဖြစ်လို့လဲ ” လို့ မေးပေမယ့် စိတ်မကောင်း ဖြစ်မှာ စိုးလို့ အဖြစ်မှန်ကို ပြောမပြဘဲ “ သူ ဟာ ကံ အဆိုးဆုံး လူ တစ်ယောက် ပဲ ” လို့ သာ ပြောရှာ သတဲ့ ။


မင်းသမီး က အခါခါ မေးတော့ မှ အဘိုးအို ထံ မှာ ပေးခဲ့တဲ့ ကတိ ကို ပြောပြတယ် ။ လုလင်ပျို ရဲ့ စကား ကို ကြားရတဲ့ အခါမှာ မင်းသမီးလေး ဟာ ထိတ်လန့် သွားရှာတယ် ။ လုလင်ပျို ကို လည်း “ အဘိုးအို ထံ မှာ နှမလေး ကို မထားခဲ့ပါနဲ့ ၊ ပါလာတဲ့ စိန်ရွှေရတနာတွေ ကို နှမလေး အစား ပေးအပ်ပါ ” လို့ လည်း တောင်းပန် ရှာတယ် ။ လုလင်ပျို က လည်း “ နှမလေး ကို မောင်ကြီး အင်မတန် ချစ်ပါတယ် ၊ အဘိုးအို ကို မပေးအပ်ချင်ပါဘူး ၊ ထားခဲ့တဲ့ ကတိကြောင့်သာ ပေးအပ်ရ မှာ ဖြစ်ပါတယ် ၊ လောကကြီး မှာ ကတိ ပျက်တဲ့ သူ ၊ ကတိ ဖျက်တဲ့ သူ တစ်ယောက် အဖြစ်နဲ့ အသက်ရှင် နေခြင်းဟာ ဘာမှ တန်ဖိုး မရှိပါဘူး ၊ ကတိ တည်ပြီး သေရတာ က မှ ကောင်းပါလိမ့် မယ် ” လို့ စိတ်မကောင်းစွာ နဲ့ ပြောရှာတယ် ။


လုလင်ပျို ဟာ သူ ပေးခဲ့တဲ့ ကတိ မပျက်စေလိုတဲ့ အတွက် ကြောင့် သာ အဘိုးအို ဆီ လာခဲ့ရပေမယ့် မင်းသမီးလေး ကို တော့ မပေးချင်ဘူး ၊ မင်းသမီးလေး ကို လည်း သနားတဲ့ အတွက် အများကြီး စိတ်မကောင်း ဖြစ်ရရှာတယ် ။


အဘိုးအို ဟာ လည်း လုလင်ပျို ကို မြင်တာနဲ့ တစ်ပြိုင်နက် “ ဘာတွေများ ရခဲ့သလဲ ” လို့ ဆီး မေးသတဲ့ ။ လုလင်ပျို ဟာ ညှိုးငယ်တဲ့ မျက်နှာ နဲ့ စိန်ရွှေရတနာတွေ ရယ် ၊ ကျွန်တော် ချစ်တဲ့ မင်းသမီးလေး ရယ် ၊ ရခဲ့ပါတယ် ၊ ကျွန်တော် ပေးခဲ့တဲ့ ကတိ အတိုင်း အဘိုး ကို ပေးပါတယ် ” လို့ တုန်တုန်ရီရီ ပြောရှာတယ် ။


“ မင်း ရဲ့ကတိစကား အရ ဒီ ပစ္စည်းတွေ အဘိုး ရထိုက်တာပေါ့ ” လို့ ပြောရင်း ရတနာ ထုပ် ကို လှမ်းယူ လိုက်တယ် ။ လုလင်ပျို ဟာ မင်းသမီးလေး ကို နောက်ဆုံး အနေ နဲ့ လှမ်း ကြည့် လိုက်ပြီး စိတ်မကောင်းစွာ နဲ့ လှည့်ထွက် သွားရှာတယ် ။ မင်းသမီး ဟာ လည်း အဘိုးအို ထံမှာ သနားစဖွယ် ငိုကြွေးရင်း ကျန်ရစ်ခဲ့ရှာတယ် ။ ဒါပေမယ့် မမျှော်လင့်တဲ့ အဘိုးအို ရဲ့ ခေါ်သံကြောင့် လုလင်ပျို ဟာ ပြန်လှည့် ခဲ့ရတယ် ။ အဘိုးအို ဟာ လုလင်ပျို ကို ခင်မင် လေးစားတဲ့ အမူအရာ နဲ့ ကြည့်ရင်း ..


“ မင်း ဟာ ကတိ တည်တဲ့ လုလင် တစ်ဦး ပေပဲ ၊ကတိ တည်ကြည်တဲ့ အတွက် အဘိုး က ဆုလာဘ် အဖြစ် ဒီ ရတနာ တစ်ဝက် အပြင် မင်းသမီးလေး ကို ပါ ပြန် ပေးပါတယ် ” လို့ ပြောတဲ့ အခါ လုလင်ပျို နဲ့ မင်းသမီးလေး တို့ဟာ သိပ် ဝမ်းသာသွားကြတယ်တဲ့ ။ အဘိုးအို ထံ က စိန်ရွှေ ရတနာ တစ်ဝက် ကို ယူပြီးတဲ့ အခါမှာတော့ အဘိုးအို ကို ကျေးဇူး တင်တဲ့ အကြောင်း ပြောဆို နှုတ်ဆက်ပြီး အဘိုးအို ထံ က ပျော်ပျော်ရွှင်ရွှင် ထွက်ခွာ သွားကြတယ်တဲ့ကွယ် ။ 


မောင် ၊ ညီမလေး တို့ လည်း ကတိ တည်ကြည် တဲ့ လူ့ အဖိုးတန်လေးတွေ ဖြစ်ကြပါစေကွယ် ။


⎕ တင်တင်ရီ 


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆၃ ၊ စက်တင်ဘာ


 

Tuesday, December 3, 2024

မြင်းရွှေဝါ

 မြင်းရွှေဝါ 

 ( ပုံပြင် )


ဟို ရှေးရှေးတုန်း က ရဋ္ဌပူရ ဆိုတဲ့ ပြည်ကြီး မှာ ကြွယ်ဝချမ်းသာ တဲ့ သူဌေးကြီး တစ်ဦး ရှိခဲ့တယ် ။ ဒီ သူကြွယ်ကြီး မှာ မြင်း ကို အင်မတန် ချစ်ခင်တတ်တဲ့ ဝါသနာ ရှိသတဲ့ ။ အဲဒါကြောင့် အင်မတန် လှပပြီး အပြေး မြန်လှတဲ့ မြင်းတွေ ကို အဖိုးကြီး ပေးပြီး ဝယ်ယူ မွေးမြူထားလေ့ရှိ တယ်တဲ့ ။


သူကြွယ်ကြီး မှာ အဖြူရောင် ၊ အညိုရောင် ၊ အုန်းခွံရောင် အစရှိတဲ့ မြင်းတွေ လည်း ရှိ တယ် ။ အရပ်ပုပု ရော ၊ မြင့်မြင့် ပါ မကျန် အရွယ် အမျိုးမျိုး လည်း ရှိသတဲ့ ။ သူကြွယ်ကြီး ဟာ မိုး လင်းရင် မျက်နှာ အရင် မသစ်နိုင်ဘဲ သူ့ မြင်းတွေ မှ အစုံအစေ့ ရှိရဲ့လား လို့ မြင်းတင်းကုပ် ကို အပြေးအလွှား သွား ကြည့်လေ့ ရှိတယ် ။ မိုးတွင်း အခါ ဆောင်းတွင်း အခါ များ လည်း သူ့ မြင်းတွေ ချမ်းမှာ စိုးလို့ ဆိုပြီး ကတ္တီပါစောင်တွေ တောင် ခြုံပေးလေ့ ရှိသတဲ့ကွယ် ။


တစ်နေ့ မှာ တော့ သူကြွယ်ကြီး ပြတင်းပေါက် မှာ ရပ်နေခိုက် လူရွယ်ကလေး တစ်ဦး အင်မတန် လှတဲ့ ရွှေဝါရောင် မြင်းကြီး စီးသွားတာ မြင် လိုက်တာကိုး ။ သူကြွယ်ကြီး ဟာ သိပ် သဘောကျ နှစ်ခြိုက်တဲ့ အတွက် လိုချင်စိတ်တွေ တဖွားဖွား ပေါ်လာတယ် ။


သူကြွယ်ကြီး မြင်လိုက်ရတဲ့ ရွှေဝါရောင်မြင်းကြီး က တော့ မြို့စွန် မှာ နေတဲ့ ဆင်းရဲသား မောင်နန္ဒ ရဲ့ မြင်းပဲကွယ့် ။ မောင်နန္ဒ ကိုယ်တိုင် စီးလာတာ ကို သူကြွယ်ကြီး မြင် လိုက်ရတာ ပဲ ။ မောင်နန္ဒ ရဲ့ မြင်းကြီး ဟာ အရောင် တဖိတ်ဖိတ် တောက် နေတဲ့ ရွှေဝါရောင် အမွေးတွေ ကြောင့် အင်မတန် ကြည့်လို့ လှသတဲ့ ။ အဖြူ နဲ့ ရွှေရောင်ကွက်ပြီး နှာကျား နေတာ က လည်း သိပ် ကြည့် လို့ ကောင်းဆိုပဲ ။ ဒါတင် မကသေးဘဲ ခပ်မြန်မြန် စီးသွားတဲ့ အခါ မှာ လည်း အပြေးမြန် လွန်းလို့ ပျံနေတယ် တောင် ထင်ရ သတဲ့ ။ အဲဒါကြောင့် မောင်နန္ဒ ရဲ့ မြင်းကြီး ကို “ ရွှေမြင်းပျံ ” လို့ တောင် အချို့က ခေါ်ကြတယ်တဲ့ ။


အဲဒီလို လှပတဲ့ မြင်းကြီး ကို သူကြွယ်ကြီး မြင်ရတဲ့ အခါမှာ မနေနိုင် မထိုင်နိုင် အောင် လိုချင် စိတ်တွေ ပေါ်လာတော့တာပေါ့ကွယ် ။ ဒါကြောင့် “ ဒီ မြင်းကြီး ကို ငါ ရအောင် ယူမယ် ” လို့ ဆုံးဖြတ်လိုက်တယ် ။


သူကြွယ်ကြီး ဟာ ချက်ချင်းပဲ တပည့် တစ်ယောက် ကိုခေါ်ပြီး မောင်နန္ဒ ရဲ့ “ မြင်းရွှေဝါ ” ကို အဝယ် ခိုင်းလိုက်တယ် ။ သူကြွယ်ကြီး စေလွှတ် လိုက်တဲ့ တပည့် ဟာ မောင်နန္ဒ ထံ သွားပြီး .. 


“ မြင်းရွှေဝါ ကို ရောင်းပါ ” လို့ ဝယ်တဲ့ အခါ ...


“ ကျွန်တော် ငယ်ငယ်ထဲ က အဖိုး အမွေ ပေးခဲ့တဲ့ မြင်း မို့ “ ရွှေဝါ ” ကို ကျွန်တော် မရောင်းပါဘူး ” လို့ မောင်နန္ဒ က ပြန် ပြော လိုက်တယ် ။ 


အဲဒီ အခါမှာ သူကြွယ်ကြီး ရဲ့ တပည့် ဟာ လည်း ပြန် သွားပြီး သူကြွယ်ကြီး ကို အကျိုးအကြောင်း ပြောပြရှာတယ် ။


ဒါပေမယ့် သူကြွယ်ကြီး ဟာ အဖြူရောင်နှာကျား နဲ့ ရွှေဝါရောင် မြင်းကြီး ကို မျက်စိ ထဲ မှာ မြင်ယောင် နေပြီး ...


“ ငါ တော့ ဒီ မြင်းကြီး ကို မရရင် မနေနိုင်ဘူး ၊ အသပြာတစ်ရာ လည်း ပေးမယ် ၊ မြင်း တစ်ကောင် လည်း ပေးဦးမယ် လို့ ပြောပါ ” လို့ ဆိုပြီး ဒုတိယအကြိမ် သူ့ တပည့် ကို စေလွှတ်ပြီး “ မြင်းရွှေဝါ ” ကို အဝယ် ခိုင်းပြန်တယ် ။


“ မောင်နန္ဒ ၊ မင်း ကို အသပြာ တစ်ရာ ပေးတဲ့ အပြင် မြင်း တစ်ကောင် လည်း အလိုက် ပေးပါဦးမယ် ၊ မင်း ရဲ့ မြင်း ကို ရောင်းပါ ” လို့ ပြောပြန်တယ် ။


မောင်နန္ဒ လည်း သူ အင်မတန် ချစ်တဲ့ မြင်းကြီး ဖြစ်လေတော့ ...


“ ကျွန်တော် မြင်းကြီး ကို ရောင်းဖို့ စိတ်မကူးပါဘူး ” လို့ ပြန် ပြောလိုက်ပြန်တယ် ။ 


ဒါပေမယ့် သူကြွယ်ကြီး က တော့ စိတ် မလျှော့သေးဘဲ “ ရွှေဒင်္ဂါး တစ်ထောင် ပေးပါ့ မယ် ” ဆိုပြီး တတိယ အကြိမ် ဝယ်ခိုင်းပြန်တာကို ။


ဒီတော့ မောင်နန္ဒ လည်း ဒီ မြင်းကြီး ကို ညီလေး လို သံယောဇဉ် ဖြစ်နေပါတယ် ၊ ကျွန်တော့် အသံ ၊ ကျွန်တော့် ခြေသံတွေ ကို တောင် သူ ကောင်းကောင်း သိ နေပါတယ် ၊ ဒါကြောင့် ရွှေဒင်္ဂါး တစ်သောင်း ပေးတာတောင် မရောင်းနိုင်ပါဘူး ” လို့ ပြန် ပြောလိုက်ပြန်တယ် ။


ဒီ တစ်ခါ မှာ တော့ သူကြွယ်ကြီး ဟာ အင်မတန် စိတ်ဆိုးသွား သတဲ့ ။ “ ဒီလောက် တောင် မရောင်းချင်လှတဲ့ မြင်းရွှေဝါ တစ်နေ့ ငါ့ လက်ထဲ ရောက်ရမှာပေါ့ကွာ ” လို့ ကြိမ်းဝါးလိုက် သတဲ့ ။


သူကြွယ်ကြီး ဟာ “ မြင်းရွှေဝါ ” ကို လိုချင်တဲ့ ရမ္မက် အားကြီးလွန်းတဲ့ အတွက် “ မြင်း ရွှေဝါ ၊ ဘယ်လိုရအောင် ယူရပါ့မလဲ ” လို့ အကြံထုတ် စိတ်ကူးတော့တာပါပဲကွယ် ။ 


မောင်နန္ဒ မြင်း ယရွှေဝါ စီးပြီး မြို့ကို လာလိမ့်မယ် ဆိုတာ သိရတဲ့ နေ့ မှာ တော့ သူကြွယ်ကြီး ဟာ နှုတ်ခမ်းမွေး အတု ကို တပ် ၊ ခေါင်းပေါင်းကြီး ကို ပေါင်း ၊ ဟောင်းနွမ်းတဲ့ အဝတ် ကို ဝတ်ပြီး တောစပ် ဘက် ကို ထွက်သွားတော့တာပါပဲကွယ် ။ 


မောင်နန္ဒ မြို့ ကို အလာ အမှန်တကယ် ဖြတ်သန်း သွားမယ့် တောလမ်းခရီး ကို ရောက် တဲ့ အခါမှာတော့ ဖျားနာ နေတဲ့ ခရီးသည် အသွင် နဲ့ တောလမ်းဘေး မှာ လှဲအိပ် နေလိုက် သတဲ့ ။ 


မကြာမီမှာ ပဲ မောင်နန္ဒ ဟာ “ မြင်းရွှေဝါ ” ကို စီးပြီး တောလမ်း အတိုင်း လာပါလေရော ကွယ် ။ လမ်းဘေး မှာ လဲ နေတဲ့ ခရီးသည် တစ်ဦး ကို တွေ့တော့တာပေါ့ ။


မောင်နန္ဒ ဟာ ဆင်းရဲနွမ်းပါးတဲ့ ခရီးသည် တစ်ဦး နေမကောင်းလို့ လမ်းဘေး မှာ ခရီး သွား ရင်း လဲနေတယ် ပဲ ထင်မှတ်မိတယ် ။ ဒါကြောင့် အကူအညီ ပေးဦးမှပဲလေ ဆိုပြီး မြင်း ပေါ် က ဆင်း ပြီးတဲ့ နောက် ပါလာတဲ့ ရေ ကို တိုက်ရှာတယ် ။


အဲဒီ နောက်မှာတော့ ခရီးသည် ကို ပွေ့ချီပြီး သူ့ မြင်း ပေါ်ကို တင် လိုက်တယ် ။ ခု ချိန်ထိ သူကြွယ်ကြီး ဟာ စကား တစ်ခွန်း မှ မပြောသေးဘဲ ဖျားနေတဲ့ အသွင် နဲ့ ပဲနေသတဲ့ ။ 


မောင်နန္ဒ ဟာ ဖျား နေတဲ့ ခရီးသည် ကို သူ့ “ မြင်းရွှေဝါ ” ပေါ် မှာ တင်ပြီး လက် တစ်ဖက် က မြင်း ကို ဆွဲ ၊ တစ်ဖက် က ခရီးသည် ကို ထိန်း ကိုင်ပြီး ခရီး ဆက်ခဲ့ သတဲ့ ။ 


အတော် ဝေးဝေး သွားမိတဲ့ အခါမှာတော့ ...


“ မောင်ရင် ကူညီတဲ့ အတွက် ကျေးဇူး တင်ပါတယ် ၊ အခု နေသာ သွားပါပြီ ၊ မောင် ရင် ကျူပ် ကို ထိန်းကိုင် ပေးဖို့ မလိုတော့ပါဘူး ” လို့ ခရီးသည် က ပြောတယ် ။


ဒီတော့ မောင်နန္ဒ က လည်း သဘောရိုး နဲ့ ပြောတယ် ထင်မှတ်ပြီး သူ့ လက် ကို ကိုင်ထား ရာ က လွှတ် လိုက်တယ် ။ ဒါပေမယ့် မမျှော်လင့်တဲ့ အဖြစ်အပျက် တစ်ခု ဟာ ချက်ချင်း ဖြစ်ပေါ် လာတယ် ။


ဒါကတော့ ဘာလဲ ဆိုရင် မောင်နန္ဒ လက် လွှတ်လိုက်တာ နဲ့ တစ်ပြိုင်နက် ခရီးသည် ဟာ မောင်နန္ဒ ရဲ့မျက်နှာ ကို လက်သီး နဲ့ တအားကုန် ထိုးလိုက်တာပဲကွယ့် ။ တစ်ချက်တည်း နဲ့ အားမရနိုင်ဘဲ မောင်နန္ဒ မလဲမချင်း ဆင့်ကဲဆင့်ကဲ လက်သီး နဲ့ ထိုးပြီး မောင်နန္ဒ လဲအကျ မှာ မှ မြင်းရွှေဝါ စီးပြီး ထွက်ပြေး သွား သတဲ့ ။


မောင်နန္ဒ ဟာ နာကျင်ရက် နဲ့လဲရာ က လူးလဲ ထပြီး“ ရွှေဝါရွှေဝါ ” လို့ လှမ်း ခေါ်လိုက် တယ် ။ အင်မတန် လိမ္မာတဲ့ မြင်းကြီး ဟာ မောင်နန္ဒ အသံ ကြားတယ် ဆိုရင်ပဲ ချက်ချင်း ပြန် လှည့် လာသတဲ့ကွယ် ။


ဒါပေမယ့် ခရီးသည် ဟာ မြင်းကြီး ကို မောင်နန္ဒ ဆီ ပြန် မသွားရအောင် အတင်းဆွဲ ထားတယ် ။ မြင်းလိမ္မာကြီး ကတော့ မောင်နန္ဒ ဆီ ကို ပဲ အတင်း ပြန်လာရှာတယ် ။ ဒီတော့မှ “ ခရီး သည် ဟာ သူကြွယ်ကြီး ဖြစ်ရမယ် ” ဆိုတာ မောင်နန္ဒ ရိပ်မိတယ် ။


ဒါကြောင့် “ ခင်ဗျား အကြံ က လည်း ယုတ်မာလှပါလား ” လို့ မေးလိုက်တယ် ။ “ ခင်ဗျား ဟာ ကြွယ်ဝ ချမ်းသာတယ် ၊ တန်ခိုးဩဇာ လည်း ရှိတယ် ၊ ကျွန်တော် ကတော့ ဆင်းရဲသား တစ်ဦး ပါ ၊ ဒါကြောင့် ယှဉ်ပြိုင်လို့တော့ မရပေဘူးပေါ့ ။ အခု တစ်ကြိမ် မှာ ကျွန်တော် အင်မတန် ချစ်တဲ့ မြင်းကြီး ကို ပြန်ခေါ် ထားနိုင်ပေမယ့် နောက် တစ်ကြိမ် ဒီ မြင်းရွှေဝါ ကို ရဖို့ ခင်ဗျား ဒီထက် ဆိုးဝါး ယုတ်မာတဲ့ အကြံ ကို ကြံပြီး ရအောင် ယူဦးမှာပဲ ” လို့ စက်ဆုပ်တဲ့ အမူအရာ နဲ့ မောင်နန္ဒ က ပြော လိုက်တယ် ။


သူကြွယ်ကြီး ဟာ သူ့ အကြံ မအောင်လေတော့ အံကြိတ်ပြီး မောင်နန္ဒ ကို စိုက်ကြည့် နေတယ် ။


မောင်နန္ဒ က ဆက်ပြီး “ ဒီတော့ ခင်ဗျား ကတိ တစ်ခု ပေးမယ် ဆိုရင် ဟောဒီ မြင်းရွှေဝါ ကို ပေးလိုက်မယ် ” လို့ မြင်းရွှေဝါ ကို ယုယုယယ ပွတ်သပ်ရင်း ပြောလိုက်တယ် ။ 


သူကြွယ်ကြီး ဟာ မြင်းရွှေဝါ ရမယ် ဆိုတာလည်း ကြားရော ... 


“ ဘာ ကတိ ပေးရမှာလဲ ” လို့ အားရဝမ်းသာ မေး လိုက်တယ် ။


“ မြင်းရွှေဝါ ကို ခင်ဗျား ဘယ်လို ရအောင် ယူခဲ့ရတယ် ဆိုတာ ဘယ်သူ့ မှ မပြောပါဘူး ဆိုတဲ့ ကတိပဲ ” လို့ မောင်နန္ဒ က လေးလေးနက်နက် ပြောလိုက် သတဲ့ ။


သူကြွယ်ကြီး ဟာ စိတ်ဆိုးလွန်း လို့ မျက်နှာ တစ်ခုလုံး နီရဲသွားပြီး “ အောင်မာ ၊ ဘာ ဖြစ်လို့ ဒီလို မြင်းကြီး ဘယ်လို ရလာတယ် ဆိုတာ ငါ က မပြောရမှာလဲ ” လို့ အော်ပြောလိုက် သတဲ့ ။


“ အို ... ဘယ်သူ့ ကို မှ မပြောရဘူး ” လို့ မောင်နန္ဒ ကလည်း ပြန် အော်ပြီး ပြောလိုက်ပြန်တာပေါ့ ။ 


“ ခင်ဗျား ကို ကျုပ် တွေ့ရတာ တောလမ်းဘေး က ဖျား နေတဲ့ ခရီးသည် အနေနဲ့ တွေ့ခဲ့ ရတာ ၊ ပြီးတော့ ခင်ဗျား ကို ရေ တိုက်ပြီး မြင်း ပေါ် မှာ တင်ပြီး ခေါ်ခဲ့တယ် ။ အဲဒီလို ကူညီခဲ့တဲ့ သူ ကို ခင်ဗျား ထိုးပုတ်ပြီး မြင်း ကို လုယူခဲ့တယ် မဟုတ်လား ၊ အဲဒီ အကြောင်းတွေ ကို သာ လူအများ သိ ကုန်ရင် တောလမ်းဘေး မှာ ဖျားနာ လို့ ဒုက္ခဆင်းရဲ ရောက်နေတဲ့ ခရီးသည်တွေ ကို ကူညီ ရဲ ကြတော့မှာ မဟုတ်ဘူး ၊ ဖျားနာ ပြီး ဒုက္ခ ရောက် နေတဲ့ ခရီးသည်တွေ ကို ခင်ဗျား လိုပဲ လူဆိုး သူဆိုး သူယုတ်မာ လို့ ထင်ကြတော့မှာပေါ့ ။ ဒီတော့ ရိုးရိုးတန်းတန်း အမှန်တကယ် လမ်းခရီး မှာ ဖျားနာ လို့ ဖြစ်စေ ၊ ရေငတ် ၊ အစာပြတ် လို့ ဖြစ်စေ ၊ ဒုက္ခ ရောက်နေတဲ့ ခရီးသည်တွေ ဟာ ကယ်မယ့်သူ မရှိတာကြောင့် သေကုန်ကြရမှာပဲ ” လို့ မောင်နန္ဒ ဟာ သူ ပြောချင် သမျှ ကို အားရပါးရ ပြော ပစ်လိုက်တယ် ။


အဲဒီ အခါမှာ သူကြွယ်ကြီး ရဲ့ မျက်နှာ ဟာ ညှိုးငယ် သွားပြီး တစ်စုံတစ်ခု ကို လေးလေးနက်နက် စဉ်းစားနေမိ သတဲ့ ။


“ ငါ မြင်းရွှေဝါ ကို ယူ သွားရင် မောင်နန္ဒ မှာ ဘာမှ ရှိတော့မှာ မဟုတ်ဘူး ၊ ဒါပေမယ့် မောင်နန္ဒ ဟာ သူ့ အကျိုး အတွက် ကို သူ မစဉ်းစားဘဲ လူအများ အကျိုး အတွက် ကို သာ စဉ်းစား ပြီး ပြောတယ် ။ ဒီ သူငယ် ဟာ တကယ် မြင့်မြတ်တဲ့ စိတ်ထား ရှိတဲ့ လူကောင်းကလေး ပဲ ။ ငါ သာ ယုတ်မာတဲ့ အမှု ကို ပြုခဲ့မိတယ် ” လို့ စဉ်းစားမိတဲ့ အခါ နောင်တ ကြီးစွာ ရပြီး ...


“ မောင်နန္ဒ ၊ မင်း ရဲ့ မြင်းရွှေဝါ ကို မင်း ပဲ ပြန် ယူပါတော့ ၊ မွန်မြတ်တဲ့ စိတ်ထား ရှိတဲ့ မင်း နဲ့ သာ ထိုက်တန်ပါတယ် ၊ ငါ ဟာ ယုတ်မာတဲ့ အမှု ကို ပြုခဲ့မိပါတယ် ၊ ခွင့်လွှတ်ပါ ” လို့ ဝမ်းပန်းတနည်း တောင်းပန်ရှာ သတဲ့ ။


အဲဒီ နောက်ရက်များ မကြာမီ မှာတော့ သူကြွယ်ကြီး ဟာ မောင်နန္ဒ ကို အင်မတန် လှပ လှတဲ့ သမီးလေး မယ်သင်္ဂီ နဲ့ လက်ထပ် ပေးစား လိုက်သတဲ့ကွယ် ။ 


မောင် ၊ ညီမလေးတို့ ကျန်းမာ ရွှင်လန်းကြပါစေ ။


တင်တင်ရီ 

ရှုမဝ မဂ္ဂဇင်း

၁၉၆၃ ၊ မတ်