Friday, August 1, 2025

မာစတာ


 

❝ မာစတာ ❞

ဆရာမ ဒေါ်ခင်စိုးအေးနဲ့ ချိန်းဆိုထားတဲ့ အချိန်ကို ကျော်လွန်သွားပြီ ။ မျှော်လင့်မထားတဲ့ အလုပ်တွေ ပေါ်လာလို့ ကျွန်တော့် ဘက်က နောက်ကျနေပြီ ။ ဆရာမက Master Professional Education Centre ဆိုတဲ့ အမည်နဲ့ အင်္ဂလိပ်ဘာသာစကားသင်ကျောင်း တစ်ခု မန္တလေးမှာ ဖွင့်ထားတယ် ။ ကိန်းဘရစ် တက္ကသိုလ် စာမေးပွဲတွေကို သူ့တပည့်တွေက ထူးထူးချွန်ချွန် အောင်မြင်လို့ ဒေါ်ခင်စိုးအေးက သတင်းမွှေးတယ် ။

သူနဲ့ တွေ့ချင်လို့ ရက်ချိန်း ယူတဲ့အခါ သူ့ဘက်က မအားလပ်ဘူး ။ သူ့အချိန် အနည်းငယ်ကို ဖဲ့ပြီး တွေ့မယ် ဆိုတော့ ကျွန်တော်က နောက်ကျနေပြီ ။ ဒေါ်ခင်စိုးအေး နဲ့ ကျွန်တော် သိကျွမ်းခဲ့တာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ကတည်းကပါ ။ ဆရာ ဦးသူရအောင် က အင်္ဂလိပ်စကား ပြောတဲ့ ဗြိတိန်နိုင်ငံသား ဒေသခံ ဆရာစစ်စစ် လေးယောက်ကို ငှားပြီး မန္တလေးမြို့ မှာ အိုင်အယ်လ်အေ ( International Language Academy ) အင်္ဂလိပ် ဘာသာစကားသင်ကျောင်း ဖွင့်တယ် ။ ဒေါ်ခင်စိုးအေးက အိုင်အယ်လ်အေ မှာ အကူဆရာမ လုပ်တယ် ။ အဲဒီအချိန် ကတည်းက ခင်မင်တာ ။

ဒါပေမဲ့ ချိန်းဆိုတဲ့အချိန်ထက် နောက်ကျနေလို့ ကျွန်တော်က မျက်နှာပူတယ် ။ လူချင်း မျက်နှာချင်းဆိုင် ထိုင်မိချိန်မှာတော့ ဒေါ်ခင်စိုးအေးရဲ့ ဆက်ဆံရေးက နွေးထွေးတာမို့ အဆင်ပြေသွားတယ် ။ ကျွန်တော်တို့ ရောက်တတ်ရာရာ စကားတွေ ပြောဖြစ်ကြတယ် ။

“ မိဘ ဆိုတာ ဘယ် မိဘမဆို ကိုယ့် သားသမီးကို အမြင့်ဆုံးတော့ မျှော်မှန်းကြတာပေါ့ ၊ ကျွန်မကတော့ ကံကောင်းစွာနဲ့ ရှစ်တန်း မှာ ဝိဇ္ဇာ ၊ သိပ္ပံ ခွဲတာ ဝိဇ္ဇာ ဖြစ်သွားတယ် ၊ ကိုးတန်းကို အမှတ် ( ၄ ) အထက်တန်းကျောင်းမှာ တက်တယ် ၊ ကျွန်မက Arts ( ဝိဇ္ဇာ ) ဖြစ်နေတော့ စိတ်ညစ်နေတာ ၊ စာကို ကောင်းကောင်း မလုပ်ဘူး ၊ အဲဒီအချိန်မှာ ကျွန်မ life ( ဘ၀ ) ကို ပြောင်းစရာ စကားတစ်ခု ၊ အတန်းပိုင် ဆရာမက ပြောတယ် ၊ သူက အခုတော့ ပါမောက္ခ ဖြစ်သွားပြီ ”

ဘဝကို ပြောင်းလဲစေနိုင်တဲ့ စကား ဆိုတာကို ကျွန်တော်က စိတ်ဝင်စားလို့ နားစွင့်မိတယ် ။

“ ခင်စိုးအေးတဲ့ တောကြီးကြီး ၊ တောသေးသေး ဘုရင်ဖြစ်ဖို့ အဓိကပဲတဲ့ ၊ နင် ဝိဇ္ဇာ ၊ သိပ္ပံ တက္ကသိုလ် ရောက်သွားတဲ့အခါ အဲဒီမှာ outstanding ( ထူးချွန်မှု ) ဖြစ်အောင် လုပ်ရင် နင် ဘုရင် ဖြစ်မှာပဲလို့ ပြောတယ် ၊ ကျွန်မ အဲဒီ စကားကို မှတ်ထားပြီး ကောင်းကောင်း စာလုပ်တယ် ”

“ ဆရာမနာမည်က ဘယ်သူလဲ ”

“ ဒေါ်ခင်မမတင် ”

ကျွန်တော် သိတဲ့ အင်္ဂလိပ်စာပါမောက္ခ ဆရာမ ပါပဲ ။ ဒေါ်ခင်စိုးအေးက သူ့ စကားကို ဆက်ပြောတယ် ။

“ ဆယ်တန်းအောင်တော့ အမှတ်ကောင်းတယ် ၊ University ( တက္ကသိုလ် ) ကို ရောက်တော့ first year to final honours ( ပထမနှစ်မှ ဂုဏ်ထူးတန်း နောက်ဆုံး နှစ် ) အထိ အစိုးရရဲ့ စကောလားရှစ် ချီးမြှင့်ခံရတယ် ၊ ( ၁၉၉၅ ခု ) မှာ BA ( Honours ) ပြီးတယ် ၊ ရွှေတံဆိပ် ချီးမြှင့်ခံရတယ် ၊ တက္ကသိုလ်တွေ အားလုံးထဲက first year to honours အတွက် ကျွန်မ ရွှေတံဆိပ်ရတာ ”

“ မေဂျာအလိုက်ပေါ့ ”

“ ဟုတ်တယ် ၊ English အတွက် ကျွန်မ ရတာ ၊ အဲဒီမှာ English ကို ဇောက်ချလုပ်ဖို့ ပိုဖြစ်လာတာ ၊ ကျွန်မက sharing ( ဝေမျှပေးခြင်း ) ကို ဝါသနာပါ တော့ teaching ( စာသင်ပြမှု ) အပိုင်းကို လုပ်ဖြစ်သွားတယ် ”

“ ဘယ်မှာ စလုပ်ဖြစ်လဲ ”

“ အမ်အိုင်တီ ( Mandalay Institute of Technology ) မှာ ကျူတာ အနေနဲ့ လုပ်တာ ၊ ကံကောင်းချင်တော့ bond ( စာချုပ် ) မရှိဘူး ၊ ကျောင်းတွေက ပိတ်ထားတော့ စာက မသင်ရဘူး ၊ ကျွန်မ အဲဒီ life ကို မကြိုက်ဘူး ။ ခြောက်လနဲ့ ထွက်ပစ်လိုက်ရော ၊ ကျွန်မ အပေါ် ဖိစီးမှုကို လက်မခံချင်တော့ ဝန်ထမ်းနဲ့ အဆင် မပြေဘူး ”

“ ထွက်ပြီးတော့

“ ဆရာဦးသူရအောင် က အိုင်အယ်လ်အေ လုပ်နေတယ် ၊ native speaker (ဒေသခံ ပင်ရင်းဘာသာစကားပြောသူ ) ဆရာတွေနဲ့ အလုပ် လုပ်ရတာ သဘောကျလို့ ဝင်လုပ်တယ် ၊ ဆရာ ဆုံးသွားတာနဲ့ ရပ်သွားတယ် ”

အောင်မြင်နေတဲ့ သင်တန်းကျောင်း တစ်ခု ရပ်သွားတဲ့ အချိန်ကို ကျွန်တော် ပြန်သတိရတယ် ။

“ ၂၀၀၀ ပြည့်နှစ်မှာ ကျွန်မ Language သင်တန်း ဖွင့်တယ် ။ အဖေက လုံးဝ အားမပေးဘူး ၊ သူက ပါမောက္ခဖြစ်တာတို့ ကျောင်းမှာ လုပ်တာ ဣန္ဒြေရတယ်ပေါ့ ။ ကျွန်မ ဇွတ်ထောင်တယ် ”

“ အရင်းအနှီးက ”

“ သူငယ်ချင်းနဲ့ ပေါင်းလုပ်တာ ၊ သူက အောက်ထပ်မှာ အားကစားခန်းမ လုပ်တယ် ၊ ကျွန်မက အပေါ်ထပ်မှာ ကျောင်းဖွင့်မယ် ဆိုပြီး လုပ်တာ ၊ တကယ်တော့ အလုပ်လုပ်ချင်တာပဲ ရှိတာ ၊ Business ( စီးပွာရေးလုပ်ငန်း ) ကို ဘယ်လို run ( ကိုင်တွယ် ) ရမယ်ဆိုတာ လုံးဝ မသိခဲ့ဘူး ။ ကျွန်မက စာပဲ တစ်ချိန်လုံး လုပ်ခဲ့တာ ၊ စွန့်စားပြီး လုပ်တော့ ဆုံးရှုံးမှုများတယ် ”

“ ရှုံးခဲ့တာက ”

“ နှစ်နှစ်ခွဲလောက် လုံးဝ ရှုံးတယ် ၊ အိမ်က လုံးဝ အားမပေးဘူး ၊ ဒီဟာကြီးကို မရပ်ဘူးလို့ ပေလုပ်တယ် ၊ အဖေက စိတ်ဆိုးတယ် ၊ ဖြစ်ချင်တော့ ကျွန်မတို့ ငှားနေတဲ့အိမ်က ရောင်းလိုက်တယ် ၊ ဘယ်ပြောင်းရလဲ ဆိုတော့ မင်္ဂလာဈေးနားက လမ်းကြားထဲကို ပြောင်းတယ် ”

“ အဆင်ပြေပြီလား ”

“ ကျွန်မ စဉ်းစားတယ် ၊ ငါသတင်းစာထဲက ကြော်ငြာပေမယ့် အလုပ်မဖြစ်ဘူး ၊ ကိုယ်ဖြစ်ချင်တဲ့ ပုံစံရယ် ၊ ကိုယ့်ကျောင်းရဲ့ result ( အောင်ချက် ) ရယ် ရေးပြီး ဖလိုင်ရာလေးတွေ လုပ် ၊ ကျောင်းတွေ လိုက် ဝေတယ် ၊ အမှတ် ၁၆ ကျောင်းက ကျွန်မနဲ့ နီးတယ် ၊ အဲဒီက မိဘတွေက ပညာရေး အားပေးတော့ လာကြတယ် ၊ လာရင်း လာရင်းနဲ့ ကျွန်မလုပ်ငန်း စအောင်မြင်တယ် ”

“ အဲဒီအချိန်က ကိုယ်ဖွင့်တဲ့ ကျောင်းခန်းက ခပ်ကျဉ်းကျဉ်း ဖြစ်မယ် ၊ ကျောင်းသားမိဘတွေရဲ့ အထင်သေး အမြင်သေး ခံရသလား ”

“ အဲဒါမျိုးတွေတော့ အများကြီး ကြုံရတယ် ၊ facility ( ပရိဘောဂ အဆောင်အယောင်ပစ္စည်း ) နဲ့ education ( ပညာရေး ) ကို ဘယ်လို နားလည်သလဲ ၊ အချို့ မိဘတွေက အဲကွန်း ဘယ်နှလုံး ရှိသလဲ ၊ သင်ကြားမှုပစ္စည်း ဘာတွေ သုံးနိုင်လဲ ဒါမေးတယ် ၊ အရေးကြီးတာက တတ်ကျွမ်းတဲ့ ဆရာပဲ ၊ ကျွန်မဆီမှာ အဲကွန်းတော့ မရှိဘူး ။ လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာ ရှိမယ် ၊ ကလေးက ဒီအခန်းထဲမှာ အလွန်ဆုံး တစ်နာရီ တစ်နာရီခွဲပဲ နေရမယ် ၊ ဒီအချိန်လေး အတွင်းမှာ ပန်ကာနဲ့ မနေနိုင်ဘူးလား ၊ ကျွန်မ စည်းရုံးရတာပေါ့ ၊ အချို့ မိဘကျတော့ အဲကွန်း မမေးဘူး ၊ သင်ကြားနည်း ပုံစံမေးတယ် ၊ ကျွန်မ ကံကောင်းသွားတာက အဲဒီမိဘမျိုးက ပိုများသွားတယ် ၊ education ဟာ facility မဟုတ်ဘူး ဆိုတာ မိဘက သဘောပေါက်ပြီး ကျွန်မ လုပ်ငန်း အဆင်ပြေတာ ၊ အချို့ကလည်း အဲကွန်းနဲ့ compound ( ဝင်းခြံ ) နဲ့ ဆုံးဖြတ်တာ ၊ ဒါမျိုးတွေ ရင်ဆိုင်ခဲ့ရတာပေါ့ ”

“ အဆင်ပြေတဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းလာခဲ့ရပုံလည်း ပြောပါဦး ”

“ Business လုပ်လာတာလည်း သုံးလေးနှစ် ရှိလာပြီ ဆိုတော့ အမြင်က ရှိလာပြီ ၊ သဘာဝ မတူတဲ့ သူငယ်ချင်းရဲ့ လုပ်ငန်းနဲ့ တွဲလုပ်ဖို့ မသင့်တော့ဘူး ဆိုပြီး သီးခြားခွဲတယ် ၊ အဆင်ပြေလာတယ် ”

“ အဆင်ပြေတဲ့ အချိန်မှာ ကြုံရတဲ့ ဒုက္ခ ”

“ ကြုံရတဲ့ ဒုက္ခက မိဘတွေ အမြင်မှာ ဆရာမ သင်မှ တတ်တာလို့ မြင်တယ် ၊ ကျွန်မ မလွတ်လပ်ဘူး ၊ ကျွန်မ ကျန်းမာရေးလည်း ဆုတ်ယုတ်လာတယ် ၊ ကျွန်မ ရပ်လိုက်ရင် လုပ်ငန်းကြီးလည်း ရပ်တန့်သွားမယ် ၊ အခက်အခဲ ဖြစ်တယ် ၊ ဆရာ ဂျော်နီကျော်မိုး ကို တိုင်ပင်တယ် ”

ဆရာဂျော်နီ ဘယ်လို အကြံပေးသလဲ ၊ ကျွန်တော် စိတ်ဝင်စားတယ် ။

“ ဆရာမ ၊ လွတ်လပ်ဖို့ ဆိုတာ စနစ်ရှိမှ လွတ်လပ်တာတဲ့ ၊ အဲဒီမှာ တာဝန်ကို distibute ( ခွဲဝေ ) လုပ်ဖို့ ကျွန်မ စဉ်းစားတယ် ။ staff တွေ ချဲ့ထွင်တယ် ၊ rule and regulation ( စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ပုံကိုင်ပုံ ) တွေ ဆွဲတယ် ၊ ကျွန်မ မသိရင် ကျွန်မ မိတ်ဆွေတွေကို မေးတယ် ”

“ ခု အခြေအနေကော ”

“ လုပ်ငန်းပိုပြီး ချဲ့ထွင်နိုင်လာတယ် ၊ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့ result ပိုကောင်းလာတယ် ၊ ကျွန်မ တစ်ယောက်တည်း တုန်းက လေးချိန်ပဲ သင်နိုင်ရင် လုပ်ငန်းကို distibute လုပ်လိုက်တော့ တစ်ချိန်တည်းမှာ တစ်ပြိုင်တည်း လေးငါးတန်းကို တစ်ချိန်တည်း ဖွင့်ပြီး ကျွန်မက တစ်တန်းပြီး တစ်တန်း လိုက်ကြည့်လို့ရတယ် ၊ စီးပွားရေး အရလည်း အဆင်ပြေလာတယ် ”

“ အခု ကိုယ်ပိုင်အချိန် ရပြီလား ”

“ ရတယ် ၊ ရတဲ့အခါ ဘာလုပ်သလဲ ဆိုတော့ ကျွန်မ စာရေးဖြစ်တယ် ၊ ဖတ်ဖြစ်တယ် ၊ ၂၀၀၀ က စပြီး ရုန်းကန် လိုက်တာ ၂၀၀၉ လောက်အထိ လှုပ်ကို မလှုပ်နိုင်ဘူး ၊ ၂ဝ၁ဝ လောက်ကျမှ မန္တလေးနဲ့ ပတ်သက်ပြီး စာရေးဖို့ ဆရာ သိုက်ထွန်းသက် က တိုက်တွန်းလို့ အချက်အလက်တွေ စုပြီး ရွှေမန္တလေး ဂျာနယ်မှာ မန္တလေးသို့ သွားရအောင် Let's go to Mandalay ကို အပတ်စဉ်ရေးတာ ”

“ ကျွန်တော် ဖတ်တယ် ၊ စာအုပ်အဖြစ် ပေါင်းထုတ်တာလည်း တွေ့ရတယ် ၊ အခြား စာအုပ်တွေလည်း ထွက်တယ်နော် ”

“ ပျော်ရွှင်လေ့လာ အင်္ဂလိပ်စာရယ် ၊ Stylistic Transform ရယ် ၊ အားလုံး သုံးအုပ် ထွက်ပြီးပြီ ”

“ အခုတော့ ဆရာမကို အဖေက လက်ခံ ကျေနပ်ပြီလား ”

“ တော်တော် ကျေနပ်သွားပါပြီ ”

ဒေါ်ခင်စိုးအေးက ရယ်တယ် ။

သူ့ သင်တန်းကျောင်းရဲ့ အမည်က Master မို့ ကျွန်တော်က မေးခွန်းတစ်ခု မေးတယ် ။

“ မာစတာဆိုတဲ့ အမည်ကို ပေးတာက ဆရာမ ဒေါ်ခင်မမတင် ပြောခဲ့တဲ့ တောကြီးကြီး ၊ တောသေးသေး ဘုရင် ဖြစ်ရမယ် ဆိုတဲ့စကားနဲ့ ဆိုင်သလား ”

ဒေါ်ခင်စိုးအေး ပြုံးပါတယ် ။

“ ဆိုင်တယ် ၊ နောက်တစ်ခုက မာစတာ ဆိုတဲ့ စကားလုံးကို ဆရာကြီးလို့ များသောအားဖြင့် ထင်တယ် ၊ Dictionary ( အဘိဓာန် ) ထဲမှာက ကျွမ်းကျင်ခြင်း ၊ တတ်မြောက်ခြင်း ၊ ကျွမ်းကျင်စွာ တတ်မြောက်ခြင်း ၊ အဲဒီ အဓိပ္ပာယ်ကို ကြိုက်လို့ ၊ ကျွန်မရဲ့ စင်တာကို လာရင် ကျွမ်းကျင်စွာ တတ်မြောက်ရမယ် ၊ ကိုယ်လည်း ကျွမ်းကျင်တတ်မြောက်ရမယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပေးတာ ”

⎕ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ

No comments:

Post a Comment